Chapter 56
Viewers 6k

🧝Chapter 56



မြောင်ဟယ်တို့မိသားစုက သည်မှာကျန်ခဲ့ပြီး အိမ်တက်ပွဲသို့ မသွားကြောင်းသိလိုက်ရသောအခါ ရန်သာ့လန် မျက်နှာပျက်၊သိက္ခာကျ ရတော့မည်ဖြစ်သောကြောင့် မြောင်ကျွယ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးဆိုသည်။


"တခြားသူတွေရော ဘယ်လို​နေလဲ"


"ဪ အရင်က ပဲပိစပ်မရောင်းတဲ့ မိသားစုတချို့လည်း ရှိတယ်...သူတို့က ရန်သာ့လန်တို့အိမ်ကို သွား​ကြတယ်...ဒါပေမဲ့ အဲဒီမှာခြောက်ကပ်နေမှာပဲ...ကျွန်မတို့ အိမ်ရှေ့လောက်တော့ မစည်မှာ သေချာတယ်" 

အဒေါ်ယင်က ပြုံးကာဆိုသည်။


"ဟုတ်တယ် အဘိုး" 

အ​ဒေါ်ယင်၏သမီး မြောင်ကျင်းအာက ကြားရသည်ကို စိတ်မရှည်တော့ပေ။ 


သူမသည် ရာသီသစ် နွေရာသီ အဝတ်အစားအများနှင့် ပန်းပုတီးစေ့များကိုဝတ်ဆင်ထားခဲ့သည်။၎င်းတို့ကို ကြွားရန် အပြင်ထွက်ရန် စောင့်ဆိုင်းနေသော်လည်း သူမသည်မှာပြောသမျှကို နားထောင်နေရဆဲဖြစ်သည်။သူမက ချွဲကာပြောလိုက်၏။


"ဒီနေ့ ရွာသူရွာသားတွေ အားလုံးက အဘိုးရဲ့ မျက်နှာကြောင့်ဒီကိုလာခဲ့ကြတာအဘိုးရဲ့... စည်စည်ကားကားဖြစ်အောင်လို့လေ... တချို့က စောစောရောက်လာပြီး စောင့်နေကြတာ၊ ​​တခြားသူတွေတော့ ပြောမ​နေနဲ့ အဘိုး... လူတွေကို အကြာကြီး စောင့်ခိုင်းလို့မရဘူးနော်အဘိုး... ဒီနေ့ အဘိုးက အိမ်ရှင်...သူတို့က ဧည့်သည်တွေလေ"


သေချာသည်ပင်၊အနှီမြှောက်ပင့်မှုက မြောင်ကျွယ်ကို ပျော်သွားစေသည်။သည်ကနေ့ကိစ္စ၏နောက်ကွယ်မှာ ရည်ရွယ်ချက်ရှိပေမဲ့ ယခုလိုခမ်းခမ်းနားနားလုပ်နိုင်သည့်အတွက်

မြောင်ကျွယ်အတော်လေးဂုဏ်ယူမိလေသည်။သူက ရယ်မောရင်းဆိုလိုက်၏။


"အေးပါ အေးပါ...ကျင်းဝါကျစ်ပြောတာမှန်တယ်... ငါတို့ လူတွေကို စောင့်နေခိုင်းလို့မရတော့ဘူး...အခုပဲ အပြင်ထွက်ကြရအောင်... အပြင်မှာ ပွဲစဖို့ အချိန်တန်ပြီ"


မြောင်သွမ့်အာက စိတ်ထဲမှာအတွေးတစ်ခုပေါ်လာပြီးမေးလိုက်သည်။

"အဘိုးပြောခဲ့တဲ့ ကျောင်းသားက ဒီကိုရောက်နေပြီလား" 


သူမ ခုနက အပြင်ထွက်ပြီး နားထောင်နေခဲ့သည်။ အပြင်ကလူတွေက ဧည့်သည်၏ ရထားလုံးအကြောင်း ပြောနေ​ကြသည်။ တကယ်ရထားလုံးနဲ့လာတာလား...


မြောင်ကျွယ်က သူ့လက်ကို ဝှေ့ယမ်းပြီးဆိုသည်။

"အစောကတည်းကရောက်​နေပြီ...ယွမ်ဇီ အရှေ့ဘက်ခန်းမှာ အနားယူနေတဲ့ မြောင်စန်းချင်ကို လာဖို့ ဖိတ်ခေါ်လိုက်"


အမ်...မြောင်စန်းချင်လား...


သာ့ဟယ်စားသောက်ဆိုင်က ပုံပြောသူမဟုတ်ဘူးလား...ဘာလို့ ခရိုင်ကလာတာလို့ပြောတာလဲ...


၎င်းကိုကြားသောအခါ မြောင်သွမ့်အာ မထိန်းနိုင်ဘဲ သိသိသာသာ စိတ်ပျက်သွားသည့် မျက်နှာကို ပြလိုက်မိသည်။သူမ ဖုံးပင် မဖုံးနိုင်ခဲ့။မြောင်ကျွယ်က သူမကို အနည်းငယ်အပြစ်တင်သည့်အကြည့်ဖြင့် ကြည့်ပြီးဆုံးမလိုက်သည်။ 


"ကောင်မလေး လူတွေကိုအပေါ်ယံကြည့်ပြီးမဆုံးဖြတ်နဲ့...မြောင်စန်းချင်က ခရိုင်မှာနေတာ နှစ်အတော်ကြာနေပြီ... သူ့ကဗျာတွေ၊ ကျမ်းဂန်တွေ၊ဟာသ​တွေက လူ​တွေကိုဖမ်းစားနိုင်တယ်...နောင်ကျရင် သူ့ကိုကို ပိုလေး​လေးစားစားဆက်ဆံသင့်တယ်...အခုရောပဲ"


မြောင်သွမ့်အာက ဆောလျင်စွာ ခေါင်းငုံ့ပြီး ဟုတ်ကဲ့ဟုပြောလိုက်သည်။


ခေါင်းငုံ့ရင်းမှ ထေ့ငေါ့လိုဟန်နှုတ်ခမ်းတွန့်သွားသော မြောင်​ခွေ့ကိုမူ မည်သူမျှ မတွေ့ခဲ့ကြပေ။


အခန်းထဲတွင် မြင့်မားသောကိုယ်ဟန်အနေအထားကိုထိန်းထားရင်း စောင့်​နေသည့် မြောင်ကျွယ်က ဖြတ်သန်းသွားသော ရထားလုံးများ၏ အသံများက ဧည့်သည်များ၏ မျှော်လင့်ချက်နှင့် စူးစမ်းလိုစိတ်များကို မိုးကုတ်စက်ဝိုင်းအထိ မြှင့်တင်ပေးလိုက်သည်ကို မသိသေးသောကြောင့်သာ အေးဆေးနေနိုင်နေခြင်းပင်...


တွက်ကြည့်ကြပါစို့။


ဆိုင်ရှင်ကျင်း ဦးဆောင်သော ပထမအဖွဲ့က လူများနှင့် စားပွဲများကိုသယ်ဆောင်ကာ စုစုပေါင်း ရထားလုံးလေးစီး။


လျန်ယွမ်ဝေတို့မိသားစုမှစေလွှတ်သောဒုတိယအဖွဲ့က လက်ဆောင်များနှင့်ရထားလုံးနှစ်စီး။


ဆေးဆိုင်ပိုင်ရှင် ဆိုင်ရှင်ဖန့်က သူ့ဇနီးနှင့်သမီးကို သူ့မွေးရပ်မြေမိသားစုဆီ ပြန်ခေါ်သွားချင်​သောကြောင့် သည်ကနေ့ ရထားလုံးကို ဆွဲထုတ်လာခဲ့သည်။


လီမင်တို့အဖွဲ့က လူတွေအကုန်လုံး မလာခဲ့ပေငြားရထားလုံးနှစ်စီးပြည့်နေဆဲဖြစ်လေသည်။


ခပ်လျှိုလျှိုဖြင့် ဇိမ်ကျသည့် ချွီလောင်၏ယာဥ်စုက ရထားလုံးနှစ်စီးသာ ပါပေမဲ့ ရွာသားတော်တော်များများ၏အာရုံကို ဆွဲဆောင်နေဆဲဖြစ်လေသည်။


နောက်ဆုံးမှအမြန်ပြေးလာခဲ့သည့် ကျီမိသားစုဆေးစင်တာက ဘာကြောင့်မှန်းမသိ ရထားလုံးသုံးစီးကို ဆွဲလာခဲ့သည်။ 


ရွာကလူတွေက စူးစူးရဲရဲ ကြည့်နေကြသည်။


သို့​ပေမဲ့ သူတို့ တစ်စီးမှ မြောင်ကျွယ့် ခြံရှေ့မှာမရပ်ကြ​ပေ။ 


ဒါ ဒါ ဒါ ဘာဖြစ်နေတာလဲ...


ထို့ကြောင့် မြောင်ကျွယ် အသစ်စက်စက် စာပေပညာရှင်ဝတ်ရုံကို ၀တ်ဆင်ပြီး သူ့မိသားစုများ ဝိုင်းရံလျက် ခြံပြင်မှ ထွက်လာသောအခါတွင် သိချင်နေပြီဖြစ်သော ရွာသားများ ချက်ခြင်းပင် ဝိုင်းအုံလာလေသည်။


"လူကြီးမင်းမြောင် ခင်ဗျားရဲ့ကျောင်းသားတွေ မရောက်သေးဘူးလား...အဖွဲ့တွေက များနေပြီ...ဘာလို့ တစ်ဖွဲ့မှ မရပ်သေးတာလဲ"


"ဟုတ်တယ်...တပည့်တို့လည်း ဒီမှာ အုပ်လိုက်ကြီး ထိုင်နေတာ...ဒါကိုဘယ်လိုလုပ် လမ်းမှားနိုင်သေးတာလဲ"


"ဟုတ်​တယ်​ ဟုတ်တယ်... ပွဲစဖို့​စောင့်​​နေတာကြာပြီ...တစ်ချက်ကြည့်​ကြည့်​ပါဦး... သူတို့​နောက်ကို တစ်ယောက်ယောက်ကို လိုက်​ခိုင်း​စေချင်​​လား"


"ခဏလေး... ဖြတ်သွားတဲ့ ရထားလုံးတွေက အများကြီးပဲ...လူကြီးမင်းမြောင်က ဘယ်အဖွဲ့လဲဆိုတာ ဘယ်လိုလုပ်ပြောနိုင်မှာလဲ"


"ဪ တန်ဖိုးအကြီးဆုံးရထားလုံးနဲ့အဖွဲ့ပဲ ဖြစ်ရမယ်...အဲဒီ အနေအထားက အရာရှိတွေနဲ့ ယှဉ်လို့​လောက်တယ်"


အရင်တစ်ခေါက်က ပြဿနာတက်ခဲ့ပေမဲ့  ယနေ့အထိ တက်တက်ကြွကြွ ရှိနေသေးသည့် ရွာလူကြီးကလည်း ရောက်လာပြီး စည်းချက်ကိုအမီလိုက်သည်။


"ဟုတ်တယ်...လူကြီးမင်းမြောင် သင်ပေးထားတဲ့ ကျောင်းသားတွေက ရိုးရှင်းတဲ့လူတွေ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ... ခရိုင်မြို့က မြောင်ရွှေမြို့ထက် အများကြီး ပိုကျယ်တယ်...လူကြီးမင်းမြောင်တို့မိသားစုက သည်က​နေ့ ဧည့်သည်တွေကို ဆိုးဆိုးရွားရွား မဆက်ဆံချင်ဘူးထင်တယ်"


ထိုသို့ဖြင့် နောက်ပိုင်းမှာ အားလုံးက ဘာ​​တွေမေးနေကြလဲဆိုသည်ကို မြောင်ကျွယ် နောက်ဆုံးမှာ သဘောပေါက်သွား၏။


"..."


မြောင်ကျွယ် သူ့ဘေးမှာ လျှောက်လာသည့် မြောင်စန်းချင်က ​​ခရိုင်မြို့က သူနှင့် ရင်းနှီးသည့် ကျောင်းသားဖြစ်သည်ဟု ပြောမထွက်နိုင်သလောက်ဖြစ်သွားသည်။


သူ့ဘေးက လျှောက်လာသည့်မြောင်ယွမ်လည်း ထပ်တူထပ်မျှ အရှက်ရသွား၏။


မြောင်စန်းချင်အတွက်မူ ခေါင်းပေါ်မှာ မေးခွန်း အမှတ်အသားတွေပြည့်နေသည်။သူ့ကို မြောင်ကျွယ်က စကားလုံးတွေကို မှတ်မိအောင် သင်ပေးခဲ့ပေမဲ့ သူ့ကို သည်နေ့ သည်ကိုထမင်းစားလာရန်နှင့် ခရိုင်ရုံးကို သွားခဲ့သည် အတွေ့အကြုံကို ပြောပြရန်သာ  အကြောင်းကြားထားခြင်း ဖြစ်​လေသည်။ ဇိမ်ခံရထားလုံးတစ်စီးမှ သူ့မှာ မရှိပေ။


သို့ပေမဲ့ မြောင်ကျင်းအာက ကြွားချင်ခဲ့သည်။ သူမသည် ယနေ့အဝတ်အစားအသစ်များကိုဝတ်ထားပြီး မနာလိုအားကျသောအကြည့်များစွာကိုရရှိထားခဲ့သဖြင့် အတော်လေး ပျော်ရွှင်နေသည်။သူမအဘိုးက ဧည့်သည်တွေ၏ စကားကို ပြန်ဖြေရန်နှေးနေသည်ကို မြင်သောအခါ သူမက စိတ်အားထက်သန်စွာ ပြန်ဖြေလိုက်သည်။


"ဧည့်သည်က အဘိုးဘေးက မြောင်စန်းချင်ပဲ... သူ ခရိုင်​မြို့မှာ နှစ်အတော်ကြာနေခဲ့ပြီး သူ့ကဗျာတွေနဲ့ ကျမ်းဂန်တွေနဲ့ဟာသ​တွေကို လူတွေကိုဖမ်းစားနိုင်တယ်...သူရောက်​နေတာ ကြာပြီ"


ထိုစကားကြောင့် မြင်ကွင်းထဲတွင် ထူးဆန်းစွာ တိတ်ဆိတ်သွားခဲ့သည်။


အဘယ်ကြောင့်ဆိုသော် လူတိုင်းက ခဏလောက် ကြောင်အသွားကြ၍ပင်။


တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မြောင်ကျွယ်၏ နံဘေးရှိ အစိမ်းရောင်ဝတ်ရုံဝတ်ထားသော သာမန်ဝတုတ်တုတ် အသားမည်းမည်းလူကို အာရုံစိုက်လိုက်ကြသည်။


လူတွေက သူ့ကို အပေါ်အောက် စုန်ချည်ဆန်ချည် အကြိမ်ကြိမ် ကြည့်လိုက်ကြသည်။


"...ဒီတစ်ယောက်ကိုရင်းနှီးနေသလားလို့"


"ငါရောပဲ...ငါလည်းမြင်ဖူးသလိုပဲ"


"မြောင်စန်းချင်...မြောင်စန်းချင်... အရင်က မြို့​ပေါ်မှာ နေဖို့  ထွက်ပြေးသွားတဲ့ မြောင်မိုင်တို့ မိသားစုက တူအကြီး ဆုံးမဟုတ်ဘူးလား"


"အာ ငါလည်း မှတ်မိသွားပြီး...သာ့ဝါ်စားသောက်ဆိုင်မှာ ပုံပြောသူ...ငါ တစ်ယောက်ယောက်ကို သွားရှာပြီးတုန်းက သူနဲ့ ဆုံဖုးတယ်"


"ဟင်... ဒါဆို သူ သူက လူကြီးမြောင်ပြောတဲ့ ကျောင်းသားလား"


"ဒါပေမဲ့ ခရိုင်ရုံးကနေ ဆရာ့ကို ကန်တော့ဖို့ ပြန်လာတာဆို"


"သူက ခရိုင်မြို့မှာ အလုပ်လုပ်ဖူးတယ်လို့ပဲ ပြောတာလေ...သေချာနားမထောင်ဘူးလား"


"အော် ဟုတ်ပြီ...ဟုတ်တယ်... ဒီလိုကိုး...ဒါလည်းမှန်တာပဲ....."


"လူကြီးမင်းမြောင် ဒါဆို ဧည့်သည်ရောက်ပြီဆိုတော့ စားပွဲဖွင့်လို့ရ​ပြီးလား"


လူအုပ်ကြီး၏ ဖုံးကွယ်၍မရသော စိတ်ပျက်သွားသည့်အမူအရာများသည် ခုနကမြောင်သွမ့်အာ၏မျက်နှာပေါ်ရှိအမူအရာများနှင့် အတူတူပင်ဖြစ်​လေသည်။


လျှာ​စောင်းထက်သော မြောင်ကျွယ်ပင်လျှင် ခဏတာ အံ့အားသင့်သွားပြီး ကိစ္စတွေကို မှန်​အောင်ဘယ်လိုပြန်​​ပြင်ရမှန်း မသိတော့ပေ။ ဒီလို ဧည့်ခံပွဲအကြီးကြီးက မြောင်စန်းချင်ကို ကြိုဆိုဖို့အတွက်နဲ့လား။ ယခုပြန်​တွေးကြည့်လျှင် သူနှလုံးသားထဲတွင် ဖန်တီးထားသော ဇာတ်လမ်းက မည်သို့ ဤမျှဟာကွက်များပြည့်နေရသနည်း။ရှက်စရာကောင်းသည်...


သို့သော် ရွာသားများ၏ တိုက်ခိုက်မှုများက ဆက်လက်ရှိနေ​သည်။


အရင်က စကား အများဆုံးပြောခဲ့သည့်လူအနည်းငယ်က ခေါင်းစဥ်၏အာရုံစိုက်ရာအဓိကအချက်ကို ချက်ချင်းပြောင်းလိုက်​ကြသည်။


"ဆိုလိုတာက ခုနကရထားလုံးတွေ ဘယ်ကိုမောင်းနေတာလဲ...အကုန်လုံးက ဖြတ်သွားကြတာလား... ဘာလို့ ရုတ်တရက်ကြီး ရထားလုံးတွေ ဒီလောက်များနေတာလဲ"


"ခုနက အတိအကျ မပြောချင်ပေမဲ့ လျန်အိမ်တော်က ရထားလုံးတစ်စီး ပါသလိုပဲ..."


"ဝိုးးး... လျန်အိမ်တော်... ရန်သာ့လန်တို့ အိမ်ကိုသွားနေတာ မဟုတ်ဘူးလား"


"ဟုတ်တယ် ရန်သာ့လန်တို့မိသားစုက... ဒီနေ့ အိမ်တက်ထမင်းပူကျွေးမှာလားလို့" 


နောက်ဆုံးစကားက အတော်လေးတိုးကျသွားသည်။


"ဟေး ငါသိရင် ငါ...ကျစ် သူက လူတွေနဲ့ မရင်းနှီးဘူး၊အဲဒီတော့ ငါ့မှာ ပထမနေရာက​နေ​တောင် စားဖို့ အခေါ်မခံရဘူး"


"​နောက်ဆုံးမှာ ဘယ်​သူ​​တွေသွားလဲမသိဘူးနော်... ငါတကယ်​အားကျတယ်​"


"မြောင်ဖင်းတို့တတွေလေ... အခုနက ဘယ်သူမှာ သူတို့ကို နောက်ကွယ်မှာ မရယ်ကြဘူး... ဟေး ငါကြည့်––" 


"အဲဒါကို အခုမပြောနဲ့ဦး... လမ်းလျှောက်ထွက်ရအောင်...ဒီမှာ ထမင်းစားပြီးရင် မြောင်ဖင်းဆီ သွားပြီး မေးကြည့်ရအောင်"


"ကောင်းပြီ"


ရွာသားများကြားရှိ ဆွေးနွေးမှုအတွင်းတွက် မြောင်ကျွယ်၏ မျက်နှာအိုကြီး နောက်ဆုံးတွင် ပူလာလေသည်။


နောက်ကနေ အနီးကပ်လိုက်လာသောမြောင်ယွမ်တစ်ယောက် မည်မျှပင် ချောမောတင့်တယ်လှသည်ဖြစ်စေ သူ့မျက်နှာပေါ်ရှိ တောင့်တင်းနေမှုနှင့် မလိုက်ဖက်ဘဲရှိနေသည်။


ရှေးကနေပြေးကာ နောက်ဆုံးတိုက်ခိုက်မှုကို ဦးဆောင်ခဲ့သော ရွာလူကြီးက လူများနေချိန်၌ ထွက်​​ပြေးသွားသည်။


ဧည့်ခံပွဲဖွင့်မည်ကို စောင့်နေသော စားပွဲ ၁၂ လုံး အပြည့် ဧည့်သည်များ၏အာရုံက လူကြီးမင်းမြောင်၏ ကျောင်းသားအပေါ်မှာ မရှိတော့ပေ။ သူတို့က အစားအသောက်တည်ခင်းမည်ကိုပဲ စောင့်ဆိုင်းနေပုံရလေသည်။မြောင်ကျွယ်ပင်လျှင် သူ့တပည့်ကို  အဆုံးမှာ လူတိုင်းကို တရားဝင်မိတ်ဆက်မပေးခဲ့ပါ​ချေ။ဤအသေးစိတ်အချက်အလက်တွေကို ဘယ်သူမှ သတိမထားမိကြပေ။


နားမလည်နိုင်သော ဤဖိတ်ကြားချက်အတွက် မြောင်ကျွယ်တို့မိသားစု စုစုပေါင်း ငွေဆယ့်နှစ်​​တေးခန့်ကုန်ကျခဲ့သည်။


အဆုံးတွင် ပဲပိစပ်များ၊ အလုပ်ရုံသို့မဟုတ် အလုပ်ရုံ၏အင်အားကို ဘယ်သူမှသိမသွားကြပေ။


နောက်ပြီး ရွာကလူတွေ  ​သည်ကနေ့ပြီးလျှင် ဤကိစ္စကို ဘယ်လိုရယ်ကြမလဲ သူတို့မသိရသေးပေ။


***


မြောင်ကျွယ်တို့မိသားစု အဆင်မပြေစွာဖြင့် ဧည့်သည်များကိုဧည့်ခံနေချိန်မှာ ရန်သာ့လန် နှင့် မြောင်ဟယ်တို့၏ အိမ်တက်ပွဲက စတင်ခါနီးပြီဖြစ်သည်။


ပွဲမစခင်လေးမှာ ဧည့်သည်တွေကြားက ဆက်ဆံရေးမှာ အံ့ဩစရာလေးတွေ ရှိခဲ့လေသည်။


"...လူကြီးမင်းချွီ..."


"ဒါက သခင်လေးရှုမင် မဟုတ်ဘူးလား ဟားဟား မင်းကို ဒီမှာတွေ့ရဖို့ မမျှော်လင့်ထားဘူး"



"လူကြီးမင်းချွီက ဒီနေ့ အိမ်တက်ထမင်းစားဖို့ လာတာလား"


"ဒါပေါ့...ရန်ရှုန်းတိက လက်ဖက်ရည်ဆိုင်ရဲ့ပိုင်ရှင်တွေထဲက တစ်ယောက်လေ... ဒါနဲ့ သခင်လေးရှုလည်း သူ့ကို သိနေတာလား"


"မဟုတ်ဘူး ကျွန်​တော်က ဒီနေ့သိဖို့လာတာလေ"


"ဟမ် ဘာကိုဆိုလိုတာလဲ"


"ကျုပ်က သခင်လေးရှုကို ဒီကို ခေါ်လာခဲ့တာပါ... ရန်ရှုန်းတိအတွက် တကယ်ကို စိတ်မကောင်းပါဘူး၊ ရုတ်တရက်ကြီး နောက်ထပ် လူနည်းနည်း ပိုခေါ်လာပြီးမင်းကိုအလုပ်ရှုပ်​စေမိတယ်"


သမားတော်အိုကြီးကျီက ခြောက်ကပ်ကပ် ပြုံးကာ ရှင်းပြသည်။ သူ အပြင်မထွက်ခင်မှာ သည်ကောင်လေးက မတော်တဆ မိသွားခဲ့သည်။


ဘေးနားက လျန်ယွမ်ဝေကလည်း တရင်းတနှီးအမူအရာနှင့်စကားဝင်ပြောလာသည်။


"သခင်လေးရှုက ဒီကိုလာဖို့အတွက်နဲ့ သင်္ဘောထွက်မဲ့ အချိန်ဇယားကို ရုတ်တရက် ပြောင်းလိုက်တာ...တကယ်ကို တိုက်ဆိုင်တာပဲ"


"ဟုတ်ကဲ့" 


သည်မှာ လာတက်သည့်သူတွေအားလုံးက စီနီယာတွေချည်းဖြစ်၏။မဖြေမီ ရှုမင် တလေးတနက် ကြည့်လိုက်သည်။အိမ်ရှင်များ တစ်ယောက်ဖြစ်သည့် ကောက လှမ်းကြည့်နေသည်ကို မြင်လျှင် သူ ရိုင်းရာမကျရလေအောင် သူ့ကိုယ်သူ စတင်မိတ်ဆက်ရန် ဆုံးဖြတ်လိုက်ပြီး လက်ဆန့်ပေးလိုက်သည်။


"ရှုမင်ပါ... နှောင်ယှက်မိတဲ့အတွက်အားနာပါတယ်... ခင်များတို့အိမ်က ဇီးသီးတွေက အရမ်းအရသာရှိတယ်...ဒါကြောင့် ကျွန်တော် ရိုးရိုးသားသား လာတောင်းတာပါ... တိုက်တိုက်ဆိုင်ဆိုင်ခင်ဗျားတို့အိမ်အသစ်ပြီးသွားပြီဆိုတာ ​ကြားလိုက်ရတယ်...အဲဒါနဲ့ဂုဏ်ပြုလက်ဆောက်အသေးလေးပေးရင်းလာတာပါ... ခွင့်လွှတ်ဖို့ မျှော်လင့်ပါတယ်"



စားပွဲပေါ်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားသော မြေပဲများ အကုန်မပြောင်ခင်အမီ ကြော်ချက်နေသည့် မြောင်ဟယ်: "..."


​​ပေးရမှာပေါ့...မင်းက ဂျူနီယာအထက်တန်းကျောင်းသားရုပ်လေးနဲ့ အစားကောင်းကြိုက်တဲ့သူပဲ...ဒါကြောင့် ဒီလောက်ကြီး နေရခက်အောင် မပြောပါနဲ့...