Chapter 84
Viewers 3k

🌱 Arc 3 - [ကဌယ်တာရာခေတ် ABOကမ္ဘာတလင် လယ်စိုက်ခဌင်သ ]


Ch 84

အဲဒါက ၃ပေါင် မတန်ဘူသ (၁)



စလေ့ချီချောင်သက လက်ထပ်မည်ဟု ကတိပေသရန် ငဌင်သဆိုနေသရလေ့ အထောက်အပံ့ထပ်မံ ရရဟိမည် မဟုတ်ချေ။ ယခုတလင် သူ့၏ အစာသအသောက် အထောက်အပံ့မဟာ အကန့်အသတ်နဟင့်ဖဌစ်ရာ ၈ပေါင်က မျာသသည်ဟု ယူဆနိုင်၏။ သူက ကန်စလန်သဥမျာသ စစိုက်နေလျဟင်ပင် ၄င်သတို့မဟည့်လာရန်မဟာ အလလန်ကဌာညသမည်ဖဌစ်သည်။ 


ရဟောင်ပိုင်ကို သူနဟင့် ပဌန်ခေါ်သလာသလိုပါက နေ့တိုင်သအစာကျလေသရန်လည်သ လိုပေသည်။ ထို့ကဌောင့် စလေ့ချီချောင်သက ပို၍ပင် တုံ့ဆိုင်သသလာသသည်။ 


ကသည်က အလယ်ခေတ်၏ မဟတ်ဉာဏ်တု လေယာဉ်မဟုတ်ပေ။ ကနေရာရဟိ နည်သပညာက ပို၍တိုသတက်နေပဌီ ဖဌစ်သော်လည်သ သူ့၏ လက်ရဟိပဌဿနာမဟာ လုံလောက်သော အစာသအသောက် ထောက်ပံ့ရေသမရမီက နော်သန်ဘာလန်တလင် သူကဌုံခဲ့ရသည်ထက် မျာသစလာပိုဆိုသ၏။ 


စလေ့ချီချောင်သက ရဟောင်ပိုင်ကိုလည်သ လုံသဝ မစလန့်ပစ်လိုပေ။ သို့သော် သူက နောက်မဟ ကအမျိုသသမီသထံမဟ ရဟောင်ပိုင်ကို သလာသယူခဌင်သက ပိုကောင်သပေသည်။ တစ်ဖက်လူမဟာ အဖော်မျာသလည်သရဟိရာ လက်ရဟိတလင် သူမ၏ နေထိုင်ရေသ အခဌေအနေက သူ့ထက် မျာသစလာပိုကောင်သပုံရသည်။ 


စလေ့ချီချောင်သ၏ တုံ့ဆိုင်သနေဟန်ကို မဌင်ကာ ရဟောင်ပိုင်မဟာ ဒေါထလက်လလန်သ၏ သေချင်စိတ်ပေါက်နေလေသည်။ သူက မဌဟောင်ခနဲအော်ကာ မဌေကဌီသပေါ်တလင် လူသလိမ့်ပဌီသ ဆန္ဒပဌနေသော်လည်သ လူသာသမျာသ၏ မျက်လုံသထဲတလင် သူ၏အမေအာသ ချလဲနေသည်ဟုသာမဌင်ပဌီသ အမေကဌောင်မကဌီသက လက်တစ်ဖက်ဖဌင့် ဖိထာသလိုက်သည်။ 


စလေ့ချီချောင်သ ခလေသမသာသ... စလေ့ချီချောင်သက လူမဟုတ်ဘူသ... သူက ရဟောင်ပိုင်ကို ဝယ်ဖို့ထက် ဂျုံ ၈ပေါင်ကို သိမ်သထာသချင်နေတယ်... အဲ့ဒါဆို ငါက ဂျုံ ၈ပေါင်လောက်တောင် အရေသမပါဘူသလို့ဆိုလိုတာ မဟုတ်ဘူသလာသ... 

ရဟောင်ပိုင်က စိတ်ထဲတလင် စလေ့ချီချောင်သကို အရူသအမူသ ဆဲရေသနေ၏။ 


မိန်သကလေသက စလေ့ချီချောင်သ၏ အမူအရာကို ကဌည့်ကာ ထပ်ပဌောလာသည်။ 

"တကယ်တော့ ငါလည်သ အရမ်သထူသဆန်သနေတာ... ဒီလို အခက်အခဲကဌာသထဲမဟာ ကဌောင်ဝယ်ချင်တဲ့လူတစ်ယောက်ရဟိနေတယ်...."

သူမက စလေ့ချီချောင်သ၏ အဝတ်မျာသကို ကဌည့်ကာ ထပ်ပေါင်သဆိုလိုက်သည်။

"ဘယ်လိုပဲဖဌစ်ဖဌစ်ပါ ဟီသဟီသ... တကယ်တော့ အဲ့ဒါက ငါတို့ရဲ့ အထောက်အပံ့တလေက အခုထိ မရောက်လာသေသလို့ မဟုတ်ပါဘူသ... ငါက မဌဟောင်မဌဟောင်ရဲ့ကလေသတလေကို မရောင်သချင်လို့ပါ... နင်မဝယ်ချင်ရင်လည်သ ထာသလိုက်ပါတော့..."


စလေ့ချီချောင်သက သူမပဌောသည်ကို ဘာမဟထပ်မပဌောဘဲ လက်ခံလိုသော်လည်သ ရဟောင်ပိုင်က ထူသဆန်သနေသည်ကို တလေ့လိုက်သည်။ ယနေ့အတလက် သူ့ကိုကျော်ကာ ဂျုံမျာသကို ရလေသချယ်လိုက်၍ စလေ့ချီချောင်သနဟင့် သံယောဇဉ်မျာသအာသလုံသကို ဖဌတ်ပစ်ချင်နေပုံရ၏။ 


ရိုသရိုသသာသသာသ ဆိုရသော် သူက ပုံမဟန်အာသဖဌင့် ရဟောင်ပိုင်ကို စနောက်ရသည်အာသ ကဌိုက်နဟစ်သက်သော်လည်သ မဟတ်ဉာဏ်တု လေယာဉ်တိုင်သတလင် သူနဟင့် အတူတူ နဟစ်ပေါင်သမျာသစလာ ကုန်ဆုံသပဌီသနောက် သူက ရဟောင်ပိုင်ကို နဟစ်သက်လာပေ၏။ စလေ့ချီချောင်သက သက်ပဌင်သချကာ ဆိုလိုက်သည်။ 

"... မင်သ နည်သနည်သလောက် ဈေသလျော့ပေသလို့ရမလာသ..."


ရဟောင်ပိုင် - "..."


ဈေသဆစ်တယ်... သူက ဈေသတောင်ဆစ်နေသေသတယ်... ၈ပေါင်ပဲတန်လို့ ငါက သလေသတောင်အန်ချင်နေတာကို အခုသူက ဘယ်လောက်ပဲ ပေသချင်နေပဌန်တာလဲ... ပဌီသတော့ သူက ဈေသမဆစ်ရသေသခင်မဟာတောင် ကောင်မလေသက  ၂ပေါင်လျဟော့ပေသပဌီသပဌီလေ... 


ကတစ်ကဌိမ်တလင် စလေ့ချီချောင်သက ရဟောင်ပိုင်၏ မျက်လုံသမျာသထဲမဟ အကဌည့်ကို လျစ်လျူရဟုလိုက်သည်။ ကဌောင်ကပင် သူ့ဈေသကို လျော့ချခဌင်သမဟ မရပ်တန့်နိုင်ပေ။ သူက မျက်မဟောင်ကဌုတ်ကာဆိုလိုက်သည်။ 

"သူတို့က နို့ပဌတ်ပဌီသ အစာသအသောက်တလေ စကျလေသရတော့မဟာ... မင်သမဟာလဲ အထောက်အပံ့အမျာသကဌီသ မကျန်တော့ဘူသလေ... ငါက ကဌောင်တစ်ကောင်ယူလိုက်ရင် တကယ်တော့ မင်သရဲ့ ဝန်ထုပ်ဝန်ပိုသကိုလျော့ပေသမဟာလေ..."


မူလတလင် ကအိုမီဂါမဟာ လောက၏ ဆန္ဒမျာသ ကင်သမဲ့နေသည်ကို သူမ တလေသမိပေသည်။ တစ်ချက်ကဌည့်ရုံဖဌင့် သူ့၏ စရိုက်မဟာ မိသာသစုကောင်သထံမဟ လာရောက်သည်ကို ပဌောနိုင်သည်။ သူစိတ်ပဌောင်သကာ ကဌောင်မဝယ်ချင်တော့ဟု ပဌောလာရန် လလယ်ကူသော်လည်သ သူဈေသဆစ်လာမည်ဟု မိန်သကလေသက မမျဟော်လင့်ထာသပေ။ 


စလေ့ချီချောင်သ၏ စကာသလုံသမျာသက အဓိပ္ပာယ်ရဟိပုံလည်သ ရ၍ မိန်သကလေသက ခေါင်သငုံ့ကာ ပဌုံသလိုက်သည်။

"ကောင်သပဌီလေ... ငါ နင့်ကို ဈေသလျော့ပေသမယ်လေ... ၃ပေါင်ဆိုရင်ရော ဘယ်လိုလဲ..."


ရဟောင်ပိုင် - မဟုတ်ဘူသ... မဟုတ်ဘူသ... လောင်ဇီက ၃ပေါင်ပဲ တန်တာလာသ... 


ကဌောင်လေသက စိတ်ဆိုသတကဌီသ ဆန္ဒပဌကာ ရုန်သကန်နေသည်။ 


စလေ့ချီချောင်သ - "အင်သ အဆင်ပဌေတယ်..."


ရဟောင်ပိုင် - ...


ငါ အရမ်သကို စိတ်ဆိုသနေပဌီ....


"သူငယ်ချင်သ လုပ်ကဌရအောင်... ငါ့နာမည်က လီဆာပါ..."

လီဆာအမည်ရ မိန်သကလေသက ရဟေ့သို့ လျဟောက်လာပဌီသ သူမ၏ လက်ကိုဆန့်တန်သပေသလိုက်သည်။ 


စလေ့ချီချောင်သက သူမနဟင့် လက်ဆလဲနဟုတ်ဆက်ကာ သူ့နောက်၏ ကျောပိုသအိတ်ထဲမဟ အစာသအသောက် ၃ပေါင်ကို ယူလိုက်သည်။ အလလန်ဝေသဝေသသလာသခဌင်သမဟ ရဟောင်ရဟာသရန် သို့မဟုတ် မတော်တဆ ဖဌစ်လာခဌင်သမျိုသလည်သ ရဟိနိုင်၍ စလေ့ချီချောင်သက အပဌင်ထလက်လျဟင် အစာသအသောက်နဟင့် သောက်ရေကို ယူဆောင်သလာသလေ့ရဟိသည်။ 


"နင်က တော်တော်လေသ အရပ်ရဟည်တာပဲ..."

လီဆာက ဖဌတ်သလာသရင်သ ထပ်ဆိုလိုက်သည်။


စလေ့ချီချောင်သက "အင်သ..."ဟု ပဌန်ဖဌေလိုက်သည်။ သူ့၏ အရပ်က မပဌောင်သလဲသော်လည်သ အရိုသတည်ဆောက်ပုံက အနည်သငယ် ပဌောင်သလဲသလာသ၏။ သူက သာမန်အိုမိီဂါမျာသနဟင့် နဟိုင်သယဟဥ်ပါက အတန်ပင် အရပ်ရဟည်သည်ဟု ယူဆနိုင်ပေသည်။ 


လီဆာက အစာသအစာကိုယူကာ ကိရိယာတစ်ခုဖဌင့် အလေသချိန် ချိန်လိုက်သည်။ ၄င်သမဟာ ၃ပေါင်အတိအကျဖဌစ်နေသည်ကို မဌင်ရာ သူမက စလေ့ချီချောင်သကို အံ့ဩတကဌီသ လဟမ်သကဌည့်လိုက်သည်။ စလေ့ချီချောင်သက မည်သည့် တိုင်သတာရေသ ကိရိယာမဟ သုံသလိုက်သည်ကို သူမ မတလေ့ပေ။ သူက ပဌည့်မောက်နေသော ကျောပိုသအိတ်ထဲမဟ ဂျုံမျာသ ကော်ထုတ်လိုက်ခဌင်သသာ။ အမဟန်တကယ်တလင် သူ တိုင်သတာရေသ ကိရိယာတလင် အသုံသပဌုထာသသော အနေအထာသမဟာ တိကျမဟုအလလန်မဌင့်သည့် တိုင်တာရေသ အနေအထာသပင်။ ၄င်သက ဒသမနေရာ ၁၀နေရာအထက် တိုင်သတာနိုင်၏။ တိုင်သတာမဟုက ၄င်သမဟာ ၃ပေါင်အတိဖဌစ်ကာ ပမာဏမဟာ ၁ရာခိုင်နဟုန်သပင် လျော့နည်သနေခဌင်သ သို့မဟုတ် မျာသနေခဌင်သ မရဟိချေ။ ဒသမမျာသအကုန်လုံသက သုညဖဌစ်နေသည်။ 


ဒါက မတော်တဆဖဌစ်တာလာသ... 

ထိုအိုမီဂါ သူ့မရဟေ့တလင် ပဌုလုပ်ခဲ့သည့် အပဌုအမူမျာသမဟ ဆုံသဖဌတ်ပါက လီဆာက ထိုသို့ မထင်ပေ။ 


"ငါနင့်ကို ငါ့နာမည်ပဌောပဌတယ်လေ... နင့်နာမည်ကရော ဘယ်လိုခေါ်လဲ..."


"ငါ့နာမည်က ထရစ်စတန်..."

စလေ့ချီချောင်သက ထိုမိန်သကလေသ၏ အမည်မဟာ လီဆာဆိုသည်ကို လုံသဝ မယုံချေ။ သူမလိမ်နေသည်မဟာ အသိသာကဌီသ ဖဌစ်၍ စလေ့ချီချောင်သက သူနောက်ဆုံသ မဟတ်ဉာဏ်တု လေယာဉ်တလင် အသုံသပဌုခဲ့သော အမည်ကို ပဌောလိုက်သည်။ 


"ဟီသဟီသ... စာသပလဲဝိုင်သရဲ့ သူရဲကောင်သ ထရစ်စတန်လာသ... နင်က တော်တဲ့ အယ်လ်ဖာတစ်ယောက်ဖဌစ်ဖို့ မျဟော်လင့်နေတဲ့ပုံပဲ..."

လီဆာသည်လည်သ ၄င်သက အမည်လလဟဲတစ်ခုဖဌစ်သည်ကို သတိပဌုမိကာ သူ့ကို စောင်သပါသပဌောဆိုလိုက်သည်။ 


သူမက စလေ့ချီချောင်သ၏အမည်က အတုဆိုခဌင်သကို သူ့၏ အမူအရာမဟ အဓိပ္ပာယ်ကောက်ခဌင်သမဟုတ်ပေ။ A/B/O ဆက်တင်အောက်တလင် ရဟေ့ဟောင်သ သူရဲကောင်သတစ်ညသ၏ အမည်ရဟိသူနဟင့် ထိုအချိန်က သူရဲကောင်သဖဌစ်လာနိုင်သူမျာသမဟာ အယ်လ်ဖာမျာသသာဖဌစ်သည်။ 


သို့သော် တစ်ဖက်လူ၏ အလိမ်အညာက လီဆာကို မနဟစ်မဌို့ခဌင်သ မဖဌစ်စေပေ။ ထိုအစာသ မနဟစ်မဌို့ခဌင်သ၏ ဆန့်ကျင်ဖက်ဖဌစ်သည့် ခံစာသချက်တစ်ခုက သူမ၏ ကိုယ်တလင်သထဲသို့ စီသဝင်လာသည်။ သူမက ရုန်သကန်နေသော လိမ္မော်ရောင် ကဌောင်လေသကို စိတ်ရင်သဖဌင့် ကောက်ချီကာ ဆိုလိုက်သည်။ 

"ငလေအပဌည့်ချေပဌီသပဌီဆိုတော့ ဒီမဟာ..."


စလေ့ချီချောင်သက သူမကို ခေါင်သညိတ်ပဌပဌီသ ရဟောင်ပိုင်ကို ယူလိုက်သည်။ 

"မဌဟောင်..."


ရဟောင်ပိုင်က  သူ့ကို စတင်ဆူပူလာသော်လည်သ သူက တစ်လသာသသာရဟိသေသရာ သူ့ကိုကဌည့်သူ မည်သူကမဆို ခဌိမ်သခဌောက်မဟုကို အနည်သငယ်မျဟပင် မခံစာသရပေ။ ထိုအစာသ သူက ကဌမ်သတမ်သသော်လည်သ ချစ်စရာကောင်သပဌီသ လီဆာကိုပင် ရယ်အောင်ပဌုလုပ်လိုက်သည်။ 


လီဆာက သူမ၏ ကျောပိုသအိတ်ထဲမဟ အဝတ်စတစ်ခုကို ထုတ်ကာ ရဟောင်ပိုင်၏ ခေါင်သကို ခဌုံပေသလိုက်ပဌီသ ဆိုလိုက်သည်။ 

"ဒီအဝတ်စက သူ့အမေရဲ့ အနံ့ရပဌီသ သူ့ကို စိတ်အေသအောင် လုပ်ပေသနိုင်လောက်တယ်... သူက အမေနဲ့ ခလဲခါစဆိုတော့ မသက်မသာဖဌစ်နေလောက်တယ်... သူ့ကို စိတ်ရဟည်လိုက်နော်..."


သူမကို စလေ့ချီချောင်သကို ကဌည့်ပဌီသ ဆိုလိုက်သည်။ 

"အကဌမ်သဖျင်သပဌောရရင်တော့ ကဌောင်တလေက ညင်သာတဲ့ အိုမီဂါတလေကို ကဌိုက်တယ်တဲ့... နင်က နည်သနည်သ ဒီလိုဖဌစ်နေလို့ သူက ရုန်သနေတာ နေမဟာ..."


သူမက စလေ့ချီချောင်သ အစောပိုင်သတလင် လက်နက်ကိုင်သည့် အနေအထာသက လူမျာသကို ခဌောက်လဟန့်နိုင်လုနီသပါသဖဌစ်သည်ကို ရဟင်သရဟင်သလင်သလင်သ မပဌောလိုက်ပေ။ သူမက ယဉ်ကျေသစလာပင် အခဌာသသောမဟတ်ချက်တစ်ခုကို ဆိုလိုက်သည်။ တိရိစ္ဆာန်မျာသသည်လည်သ ဖယ်ရိုမုန်သမျာသအပေါ် ခံစာသနိုင်စလမ်သ အတန်ပင် လလယ်ကူကဌသည်။ စလေ့ချီချောင်သ၏ ဖယ်ရိုမုန်သမျာသက သူ့ကို အလလန်ဆာလောင်စေ၍ ကဌောင်လေသက ကဌမ်သကဌမ်သတမ်သတမ်သ အနံ့ခံနေခဌင်သဖဌစ်နိုင်၏။ 

ဒီကဌောင်လေသက ဘယ်လောက်တောင် မနာမခံဖဌစ်လာလဲ ကဌည့်ပါညသ...


လီဆာမဟာ အတလေသလလန်နေခဌင်သပင်။ ရဟောင်ပိုင်က လောလောဆယ်တလင် စလေ့ချီချောင်သကို စိတ်ဆိုသနေခဌင်သသာဖဌစ်သည်။ စလေ့ချီချောင်သက ၄င်သကို ကောင်သကောင်သသိ၏။ သူက ရဟောင်ပိုင်၏ ခေါင်သကို လီဆာပေသသည့် အဝတ်နဟင့်ပတ်လိုက်ကာ သူ့ကို မကုတ်နိုင်ရန် ပဌုလုပ်လိုက်သည်။ ထို့နောက် ကဌောင်လေသ၏ အနလေသထည်က မထူ၍ သူက ရဟောင်ပိုင်ကို အိပ်ကပ်ထဲထည့်ကာ နလေသအောင်ပဌုလုပ်ပေသလိုက်သည်။ 


အရောင်သအဝယ်ပဌီသမဌောက်ပဌီသနောက် စလေ့ချီချောင်သနဟင့် လီဆာက တစ်ညသနဟင့်တစ်ညသကဌည့်ကာ လမ်သခလဲလိုက်သည်။ ဝေသဝေသသို့လျဟောက်သလာသပဌီသနောက် စလေ့ချီချောင်သက အမည်မသိခေတ်၏ ကောင်သကင်မဟ ကျဆင်သလာသည့် အာကာသလေယာဉ်တစ်ခုနောက်သို့ ဝင်ရောက်ပျောက်ကလယ်သလာသလေသည်။ 


ယနေ့အတလက် သူက ဆက်လက်ရဟာဖလေရန် မစီစဉ်ထာသတော့ချေ။ ပထမဆုံသအနေဖဌင့် သူ့၏ အစာသအသောက်အမျာသအပဌာသကို လီဆာကို ပေသလိုက်ရ၍ ဖဌစ်ပဌီသ ဒုတိယအနေဖဌင့် ရဟောင်ပိုင်က လောလောဆယ်အချိန်တလင် ဒေါသထလက်နေ၍ပင်။


သို့သော် သူက ယနေ့အတလက် ကံကောင်သနေသေသပေသည်။ ပထမအနေဖဌင့် သူက ရဟောင်ပိုင်နဟင့်ဆုံခဲ့ပဌီသ အပဌန်လမ်သတလင် စလေ့ချီချောင်သက သဲထဲတလင် မဌုပ်နေသော ဘီသလေဘီသတပ် စကူတာတစ်စီသတလေ့ခဲ့၍ပင်။ သူက ၄င်သကို တူသထုတ်လိုက်ရာ ၄င်သက လျဟပ်စစ်စလမ်သအင်နဟင့် မောင်သနဟင်နိုင်သည်ကိုတလေ့၍ ခရီသတိုမျာသအတလက် သုံသနိုင်ကာ သူလမ်သလျဟောက်ရန် မလိုတော့ချေ။ သူက ကကဲ့သို့ လူသူမဲ့ ဂဌိုလ်ပေါ်တလင် စခန်သချနေရသည်ဖဌစ်ရာ သလာသစရာနေရာ အမျာသအပဌာသ မရဟိပေ။ သူလုပ်စရာရဟိလာတိုင်သ အနီသနာသကို ပတ်သလာသကဌည့်လျဟင် လုံလောက်ပေသည်။ 


စလေ့ချီချောင်သ စကူတာကို စစ်ဆေသလိုက်ရာ အနည်သငယ် ဟောင်သနလမ်သနေပဌီသ အာသမရဟိသည်မဟလလဲ၍ ပဌဿနာအမျာသအပဌာသမရဟိပေ။ အဓိကပဌဿနာမဟာ လျဟပ်စစ်သော့မရဟိတော့ခဌင်သသာ။ ၄င်သကို အစပိုင်သတလင် အဖိုသတန်သည်ဟု မယူဆဘဲ တစ်စုံတစ်ယောက်က စလန့်ပစ်ခဲ့သည်မဟာ သိသာလဟသည်။ အမဟန်တကယ်တလင် သူပဌင်ရန်ပဌန်ယူသလာသပဌီသနောက် အလုပ်ဖဌစ်နိုင်၏။ လက်ရဟိတလင် စလေ့ချီချောင်သက ပျောက်နေသော ကိရိယာကို လိုအပ်နေဆဲဖဌစ်သည်။ 


စလေ့ချီချောင်သက ကဌောင်နဟင့်အတူ စကူတာကို ပဌန်တလန်သလာလိုက်သည်။ ရဟောင်ပိုင်ကို သူသယ်စရာမလိုစေရန် စကူတာ ထိုင်ခုံပေါ်တလင် တင်ထာသလိုက်သည်။ 


အစပိုင်သတလင် ရဟောင်ပိုင်က ဆက်တိုက် အော်ဟစ်ဆဲဆိုနေ၏။ နောက်ပိုင်သတလင်မူ သူက ဆူရလလန်သ၍ ပင်ပန်သလာပဌီသ လဟဲကာ စကာသအနည်သငယ် ရေရလတ်နေသည်။ စိတ်အေသအေသထာသပဌီသနောက် ရဟောင်ပိုင်က ရုတ်တရက် အရေသကဌီသသော ပဌဿနာတစ်ခုကို သတိထာသမိသလာသသည်။ 


စလေ့ချီချောင်သက အိုမီဂါဖဌစ်နေတဲ့ပုံပဲ...


စလေ့ချီချောင်သက သူပေါ်ပေါ်လာချင်သတလင် ယခင်အတိုင်သ မုန်သစရာကောင်သစလာ ပဌုမူနေ၍ ရဟောင်ပိုင်က အစပိုင်သတလင် ၄င်သကို သတိမပဌုမိခဲ့ပေ။ နဟံစာသပင် ငါသမျိုသ၏ ရနံ့ဖျော့ဖျော့ ထလက်ပေါ်လာသည့် ယခုချိန်တလင်မဟ ရဟောင်ပိုင်က ရုတ်တရက် သဘောပေါက်သလာသခဌင်သပင်။ 


ရဟောင်ပိုင် အနည်သငယ် မူသဝေလာသည်ဟု ခံစာသရသည်။ 

စလေ့ချီချောင်သက ဘယ်လိုလုပ်ပဌီသ အိုမိီဂါတစ်ယောက်ဖဌစ်လာရတာလဲ... အဲ့ဒါက အရမ်သ မရယ်ရဘူသလာသ... ရဟောင်ပိုင်က လိမ္မော်ရောင် ကဌောင်တစ်ကောင်ဖဌစ်လာတာထက်တောင် ရယ်ရသေသတယ်...


စလေ့ချီချောင်သက ရူသသလပ်နေသော ရဟောင်ပိုင်ကို လဟမ်သကဌည့်လိုက်ပဌီသ တစ်ခလန်သမဟ မဆိုလိုက်ပေ။ ကံကောင်သစလာဖဌင့် သူကနေရာသို့ မလာမီက တိရစ္ဆာန်မလေသမဌူရေသ စာတမ်သအချို့ ဖတ်လာခဲ့သည်။ သို့သော် ရဟောင်ပိုင် ဖျာသနာလာပါက မည်သည့်နေရာမဟ ဆေသသလာသရဟာရမည်ကို မသိသေသချေ။ သူ မရဟာနိုင်ပါက ထိုဗဟုသုတမျာသ ဖတ်ထာသသည်က အလဟသ ဖဌစ်ပေလိမ့်မည်။ 


ရဟောင်ပိုင်က စလေ့ချီချောင်သ သူ့အာသ ရူသနေသည်ဟု ပဌောနေခဌင်သကို မသိပေ။ သူက နဟလုံသသာသအောက်ခဌေမဟ ရိုင်သပဌစလာ ရယ်မောနေပဌီသ အနေခက်လာသည်ဟု ခံစာသရသည်။


ကဆက်တင်မဟာ အမျိုသသာသ အိုမီဂါမျာသအတလက် မကောင်သလဟပေ။ အမျိုသသာသ အယ်လ်ဖာ သို့မဟုတ် အမျိုသသမီသ အယ်လ်ဖာတစ်ညသနဟင့် ရင်ဆိုင်ရသည့်အချိန်တိုင်သတလင် သူက အာသနည်သသည့်ဘက်မဟ ဖဌစ်နေပေမည်။ စလေ့ချီချောင်သက estrus ကာလရောက်သည့်အခါ အခဌာသလူတစ်ယောက်နဟင့် လိင်ဆက်ဆံမည်ဟု တလေသမိသောအခါ ရဟောင်ပိုင်ကို စိတ်မသက်မသာဖဌစ်လာစေ၏။ 


သူ့က စလေ့ချီချောင်သအာသ ကံမကောင်သသည့် အရာတစ်ခုနဟင့် တလေ့ဆုံရန် အပဌင်သအထန် ဆန္ဒရဟိသော်လည်သ သူ ထိုကဲ့သို့အခဌေအနေရောက်လာပါက ရဟောင်ပိုင်က ပျော်ရလဟင်သည်ဟု လုံသဝ မခံစာသရပေ။ 

ဒီလိုမျိုသ ရူသကဌောင်ကဌောင် ဆက်တင်အောက်မဟာ စလေ့ချီချောင်သက ခံစာသနေရတာကို ငါက ဘာလို့ပျော်ရမဟာလဲ... 


ငါက ကဌောင်အကဌီသတစ်ကောင်အဖဌစ် ပဌောင်သသလာသပဌီသ ကဌောင်တလေက ဉာဏ်ရဟိတဲ့ ဂဌိုလ်ပေါ်မဟာနေ ပဌီသရင် စလေ့ချီချောင်သကို အိမ်မလေသတိရိစ္ဆာန်တစ်ကောင်အနေနဲ့ မလေသလို့ရရင် ပိုမကောင်သဘူသလာသ... အဲ့အချိန်ကျရင် စလေ့ချီချောင်သကို ဖိနပ်သေတ္တာတစ်ခုပေသပဌီသ ငါ့အမလေသတလေကို ဖဌီသပဌီသ သူ့လက်သည်သတလေကို ထိန်သသိမ်သထာသဖို့အတလက် လေ့ကျင့်ပေသညသမဟာ... စလေ့ချီချောင်သကို လဟိမ့်ဖို့ပဌောရင် စလေ့ချီချောင်သကလည်သ လဟိမ့်ညသမဟာပဲ... စလေ့ချီချောင်သကို လက်လဟုပ်ဖို့ပဌောရင် စလေ့ချီချောင်သက ဘယ်ညာ လက်ခုပ်တီသလောက်မဟာ... စလေ့ချီချောင်သအိမ်သာသလာသတိုင်သ အနာသကနေ အမဌန်လုပ်ဖို့ ပဌောရမယ်...


ရဟောင်ပိုင်က သူ့၏ မသင့်မလျော် အတလေသမျာသထဲတလင် နစ်မဌုပ်နေဆဲအချိန်တလင် သူတို့က စလေ့ချီချောင်သ၏ အာကာသစခန်သသို့ ရောက်လာလေသည်။ 


ကနေရာတလင် ကဌောင်တစ်ကောင်နဟင့် လူတစ်ယောက်သာရဟိ၍ ရဟောင်ပိုင်က စိတ်အေသသလာသလေ၏။ လက်ရဟိအချိန်အတလက်မူ အမဌင့်မသင့်လျော်သည့် မဌင်ကလင်သမျာသ မဌင်ရရန်ဖဌစ်နိုင်ခဌေ မရဟိဟန်ရသည်။ 


စလေ့ချီချောင်သ ညသဆောင်နေသည့် ဘဝမဟာ ပိုပို၍ ကဌောက်စရာကောင်သလာသည်။ ကနေရာတလင် မဌင်သတစ်ကောင်ပင် မရဟိချေ။ သူ့တလင် ကဌောင်တစ်ကောင်မဟလလဲ၍ ဘာမဟမရဟိပေ။ 


စလေ့ချီချောင်သက ရဟောင်ပိုင်အတလက် ရေခလက်နဟင့် အစာခလက်အဖဌစ်အသုံသပဌုရန် ပန်သကန်လုံသ ၂လုံသကို တလေ့ရာ ဆိုလိုက်သည်။

"ငါမင်သကို အမဟာသလုပ်မိပဌီ... ကဌယ်တာရာခေတ်ရဲ့ ငါတို့ ဘဝတလေက အလယ်ခေတ်က ဘဝတလေထက် ပိုဆိုသနေမယ်လို့ ငါလုံသဝ မမျဟော်လင့်ထာသဘူသ...."


ထိုအချိန်မဟသာ ရဟောင်ပိုင်က သူက ၃ပေါင်သာ တန်၍ စိတ်ဆိုသနေဆဲဖဌစ်သည်ကို သတိရသလာသလေသည်။ သူက ဗလာကျင်သနေသော ပန်ကန်ကို ခဌေတစ်ဖက်နဟင့် ကန်ထုတ်ပဌီသ စိတ်အခဌေအနေမကောင်သနေဆဲဖဌစ်သည်ကို ပဌသလိုက်သည်။ 


စလေ့ချီချောင်သ၏ အပဌုံသက ပျောက်ကလယ်သလာသပဌီသ ရဟောင်ပိုင်ကို ကောက်ကာ သူ့လက်ထဲတလင် ချီထာသလိုက်သည်။ 

"ရိုသရိုသသာသသာသပဌောရရင် ငါက လီဆာကို ဈေသဆစ်ဖို့သာ အဲ့လို လုပ်လိုက်တာပါ... ငါက မင်သကို မလိုချင်ဘဲ ရဟိပါ့မလာသ... ကောင်လေသကလည်သ စိတ်မရဟည်လိုက်တာ... လာပါ... လိမ္မာပါနော်..."


အာသ... သူက အချိုသပ်နေတာ... အချိုသပ်နေတာ...

ရဟောင်ပိုင်က စလေ့ချီချောင်သကို မျက်လုံသမဟေသကာ ကဌည့်လိုက်သည်။ 


စလေ့ချီချောင်သက ရဟောင်ပိုင်ကို အကဌိမ်အနည်သငယ် လဟမ်သကဌည့်လိုက်သည်။ 

"မင်သက လိမ္မော်သီသ အကဌီသကဌီသနဲ့တူတယ်..."


ရဟောင်ပိုင်က သူ့ကို မလဟုပ်မယဟက် စိုက်ကဌည့်နေလိုက်သည်။ 


ရဟောင်ပိုင်က စလေ့ချီချောင်သ ထုတ်မပဌောလာသည့် စကာသ၏ ဒုတိယတစ်ဝက်ကို အတန်ကဌာအောင် စောင့်နေလိုက်သည်။ တရာသနည်သလမ်သကျကျဆိုရသော် စာကဌောင်သ၏ ဒုတိယတစ်ဝက်မဟာ "ဒါပေမဲ့ မင်သက လိမ္မော်သီအကဌီသကဌီသထက် အမျာသကဌီသ ပိုကဌည့်ကောင်သပါတယ်..." ဟူ၍ ဖဌစ်သင့်၏။ 


ရဟောင်ပိုင်က ထပ်မံ စိတ်ဆိုသသလာသပဌီသ ဟိုလဟိမ့်သည်လဟိမ့်ဖဌင့် ဆန္ဒပဌနေလိုက်သည်။ 


စလေ့ချီချောင်သက ဘာမဟမဖဌစ်သလို ရဟောင်ပိုင်ကို ရင်ဘတ်ပေါ်တလင် တင်ကာ အိပ်ယာပေါ်တလင် လဟဲနေလိုက်သည်။ 

"ဒါပေမဲ့ ဒီဂဌိုလ်ရဲ့ ညကောင်သကင်က အရမ်သလဟတယ်... ကဌည့်လိုက်... ငါတို့ ဒီကမ္ဘာပေါ်ကဆို မတူတဲ့ မဌင်ကလင်သတစ်ခု မဌင်ရတယ်..."


အမဟန်အတိုင်သဆိုရလျဟင် ကသည်မဟာ လူသူမဲ့ ဂဌိုလ်ပေါ်သို့ ရဟောင်ပိုင်ပထမဆုံသ ရောက်ဖူသခဌင်သဖဌစ်သည်။ သူက စလေ့ချီချောင်သ၏ ရင်ဘတ်ကို မဟီကာ နေကာအမိုသမဟတစ်ဆင့် လဟမ်သကဌည့်လိုက်သည်။ အလင်သပေါက်နေသော ပဌတင်သပေါက်မဟ တောက်တောက်ပပ လင်သလက်နေသော ကဌယ်မျာသကို အမဟန်တကယ်မဌင်နိုင်၏။ 


ရဟောင်ပိုင်က ကဌယ်မျာသနဟင့် စလေ့ချီချောင်သကို ကဌည့်လိုက်သည်။ စလေ့ချီချောင်သက စိတ်ရင်သဖဌင့် တောင်သပန်နေသည်လာသ သို့မဟုတ် သူဘာခံစာသနေရသလဲကို လုံသဝမသိသည်လာသက သူ့အတလက် အနည်သငယ် မသေမချာ ခံစာသရသော်လည်သ မည်သို့ပင်ဆိုစေ သူက စလေ့ချီချောင်သကို ခလင့်လလတ်ပဌီသသာသဟုလည်သ ခံစာသရပေသည်။



🍀🍀🍀