Chapter 87
Viewers 3k

🌱 Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]


Ch 87

နွေဦးရောက်ပြီ (၂)



ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သူတို့ ရှာဖွေခဲ့သည့် အစားအသောက်များနှင့် သူတို့စိုက်ထားသော ဆလပ်ရွက်များက သူတို့၏ လက်ရှိအစားအသောက်အထောက်အပံ့ဖြစ်ကာ ထိုကန်စွန်းဥများ မှည့်မလာမီအထိ သေချာပေါက် ခံပေမည်။ ထို့အပြင် စွေ့ချီချောင်းက နွေဦးရောက်သည်နှင့် တိရိစ္ဆာန်များ ပိုထွက်လာသည်ကို သိသည်။ ထိုမျှသာမက စားသောက်ရန် ဘေးကင်းသော အပင်များ ရှိမည်လားကို သူ မသိ၍ စောင့်ဆိုင်းကာ ထပ်မံကြည့်ရှု့ရန် လိုပေသည်။ 


စွေ့ချီချောင်း၏ အာကာသယာဉ်တွင် သူအနားယူရန် နေရာအနည်းငယ်သာ ရှိပေသည်။ သူက ကောက်လာသမျှအရာများတွင် အရေးမကြီးသည်များကို အပြင်တွင်ထားကာ အဝတ်များဖြင့် ဖုံးထားလိုက်သည်။ ကျန်ရစ်သည့် နေရာများက ကန်စွန်းဥများ ဆလပ်ရွက်များနှင့် ပြည့်နေသော အပင်စိုက်ပျိုးရေးသေတ္တာများဖြင့် ပြည့်နေလေသည်။ နေရာလပ်နှင့် အလင်း ဖြုန်းတီးမှုမရှိပေ။ ထိုသီးနှံများမှာ ဤအချိန်ကာလအတွင်း သူ အလုပ်ရှုပ်ခံပြီး လှည့်လည် ရှာဖွေထားသော အလုပ်လုပ်ခြင်း၏ အကျိုးရလဒ်များဖြစ်သည်။ 


စွေ့ချီချောင်းက အပြင်တွင် တွင်းနှစ်တွင်း တူးလိုက်ပြီး တစ်တွင်းကို သိမ်းဆည်းရေးအဖြစ် သုံးလိုက်သည်။ တွင်း၏ အောက်ခြေကို ရေလုံအဝတ်စဖြင့် ကာထားပြီး ထိပ်ပိုင်းကိုလည်း ကာထားသည်။ 


ထိုအခိုက် နောက်တစ်တွင်းမှာ အိမ်သုံး အမှိုက်များ၊ အခွံများ၊ လက်ဖက်အကျန်များ၊ အရိုးများနှင့် တခြားနေရာများတွင်တွေ့ရသော မှိုတက်နေသည့် အစားအသောက်များ၊ ဤဧရိယာပတ်ဝန်းကျင်ရှိ သစ်ရွက်ခြောက်များ စသည်ဖြင့် ပါဝင်ပေသည်။ 


ယခင်က စွေ့ချီချောင်းက မြေဩဇာအသုံးပြုကာ ဆလပ်ရွက်များနှင့် ကန်စွန်းဥများကို မြေဩဇာကျွေးပြီး ၄င်းတို့အားလုံးက အလျင်အမြန် ထုတ်လုပ်ထားသည့် မြေဩဇာများဖြစ်ပေသည်။ သူက အသီးခွံများ၊ အရိုးအကျန်များနှင့် ဆန်ဆေးရည်များကို အသုံးပြုရန်သာလိုပြီး ရက်အနည်းငယ်ထားလိုက်သည်နှင့် မြေဩဇာက အသင့်ဖြစ်လာပေမည်။ အများအပြားထုတ်လုပ်ထားသည့် မြေဩဇာများအတွက်မူ ၄င်းတို့ကို အနာဂတ်တွင် အသုံးပြုရန် ပြုလုပ်ထားခြင်းဖြစ်သည်။ အနံ့က အနည်းငယ်ပြင်းသော်လည်း သူ့၏ အာကာသစခန်းမှာ သေချာပိတ်ထားပြီး ပြတင်းပေါက်ဖွင့်ရန်လည်း မလိုပေရာ အပြင်မထွက်လျှင် အနံ့ရမည် မဟုတ်ချေ။ 


စွေ့ချီချောင်း၏ အာကာသယာဉ် ပတ်ဝန်းကျင်ရှိ မြေပြင်မှာ မည်သည့် အနိမ့်အမြင့်မှမရှိဘဲ အတန်ပင် ပြန့်ပြူးသော်လည်း အချို့သော အာကာသ အမှိုက်များနှင့် သစ်ငုတ်များက မြေပြင်ပေါ်တွင် စုပုံနေသည်။ သိုဖြစ်၍ မြေဆွေးပြုလုပ်ခြင်းအပြင် သူက မြေကြီးကိုလည်း စတင် သန့်ရှင်းလိုက်သည်။ 


စကူတာသည်လည်း ထွန်စက်တာဝန်ကို ယူကာ အမှိုက်များကို ဆွဲထုတ်၍ အပုံဖြစ်အောင်ပုံထားရန် အသုံးပြုနိုင်၏။ သူက ဧရိယာအမြောက်အများကို အသုံးပြုထားပြီးနောက် အလယ်ပိုင်းတွင် ဆွဲထုတ်၍ မရသည့် အစိတ်အပိုင်းအကြီးကြီးတစ်ခု ရှိနေသေးရာ ၄င်းတို့က နေရာတွင်သာ ကျန်နေခဲ့သည်။ စွေ့ချီချောင်းက ၄င်းတို့ကို ကျောက်တုံးများဖြင့် ဝန်းရံကာ အမှတ်အသားပြုလုပ်လိုက်သည်။ 


ထို့နောက် သစ်ငုတ်တိုများ၊ အရွက်ခြောက်များနှင့် ကျောက်တုံးများကိုလည်း ဆွဲထုတ်ကာ တူးထားသော အပင်များကို အတူတကွပုံကာ မီးရှို့လိုက်သည်။ 


ဤနေရာတွင် စက်အကြီးကြီး ရှိပါက ကျန်ရှိနေသော အမြစ်များနှင့် ပေါင်းပင်များကို အတူတကွ ကြိတ်ချေကာ လယ်ကွင်းထဲသို့ တစ်နာရီအတွင်း ပြန်ထည့်ထားနိုင်၏။


စွေ့ချီချောင်းက မီးပုံကို အတန်ကြာအောင် ငေးကြည့်ကာ တွေးနေလိုက်သည်။ 


သူက ဤရက်ပိုင်းများတွင် ပတ်ဝန်းကျင်ရှိ နေရာများစွာကို ရှာဖွေခဲ့ပေသည်။ သူ အချိန်အနည်းငယ် လမ်းလျှောက်ရန်စီစဉ်ထားပြီးနောက် ရပ်တန့်လိုက်သည်။ နောက်ဆုံးတစ်ကြိမ်တွင် မြောက်ဘက်သို့လျှောက်သွားပြီး သူနှင့်အတူယူလာသော ရှာဖွေရေး ကိိရိယာက သူ့ရှေ့ရှိ လေထု စိုထိုင်းမှုက မြင့်တက်နေသည်ကို ညွှန်ပြနေသည်။ သို့သော် ထိုအချိန်က ရှာဖွေရေးကိရိယာမှာ အားမရှိတော့၍ သူက ပြန်လှည့်လာရသည်။ 


အသင့်ပြင်ပြီးနောက် စွေ့ချီချောင်းက အပင်စိုက်ပျိုးရေး ကိရိယာပေါ်ရှိ အလင်းနှင့် ရေလောင်းရေး ကြာချိန်ကို သတ်မှတ်လိုက်ကာ ရှောင်ပိုင်ကို ထုတ်ပြီး အပြင်သို့ ထွက်လာလိုက်သည်။ ထိုအချိန်တွင် သူက မိုင်၁၀၀ခန့်ဝေးကာ သုံးနာရီခန့် မောင်းနှင့်ရသည့် နောက်ဆုံးအကြိမ်ရောက်ခဲ့သော နေရာသို့ ထွက်လာလိုက်သည်။ သူ့ရှေ့တွင် ရှိနေသည်က အေးခဲနေသော ရေကန်တစ်ခုပင်။ 


ရေကန်ကာ ရေခဲပြာရောင်ပေါက်နေပြီး ၄င်း၏ အေးခဲနေသော မျက်နှာပြင်တွင် အပင်၏ အမြစ်များသဖွယ် ဖြာထွက်နေသော အက်ကွဲကြောင်းအချို့ ရှိလေသည်။ 


စွေ့ချီချောင်းက ရေကန်ပတ်လည်သို့လျှောက်ကြည့်ကာ မြေအနေအထားကို လေ့လာလိုက်သည်။ နောက်ပိုင်းတွင် ရေအလုံအလောက် ရှိတော့မည် မဟုတ်ရာ သူက ဤနေရာမှ ရေယူရန်ဖြစ်နိုင်ပေသည်။ သို့သော် ဤသည်က သူ့အိမ်နှင့် ဝေးလှရာ စွေ့ချီချောင်းက အခြားယာဉ်တစ်ခု ရှာ၍ရသည်လားဟု စတင် တွေးတောလိုက်သည်။ ထို့အပြင် သူက ရေပေးဝေရေးစနစ်ကောင်းတစ်ခု တည်ဆောက်လိုက်ပါက ရေစုဆောင်းရေး လုပ်ငန်းစဉ်ကို အပြည့်အဝ အလိုအလျောက် ပြုလုပ်နိုင်ပေမည်။ 


ရှောင်ပိုင်သည်လည်း စွေ့ချီချောင်း၏ လက်မောင်းများထဲမှ ခေါင်းထောင်လာသည်။ 

"မြှောင်..."


သူက အရှေ့ရှိ လှပသော ရှုခင်းကို နှစ်ခြိုက်ခံစားလိုက်သည်။


ထို့နောက် သူ့အသံက ရုတ်တရက် မြင့်တက်လာသည်။ 


စွေ့ချီချောင်းက ရေကန်၏ တစ်ဖက်မှ ယာဉ်တစ်စင်းလာနေသည်ကို တွေ့လိုက်သည်။ ခေတ္တမျှ မျက်လုံးများ မှေးကျဉ်းသွားပြီး သူက ချက်ချင်းပင် စကူတာဆီသို့ ပြန်သွားကာ ပိုမြင့်သောနေရာသို့ ရွေ့လိုက်သော်လည်း ထွက်မသွားချေ။ ထိုယာဉ်က သူ့အရှိန်ထက် များစွာမြန်မြန် သွားနေပေသည်။ 


အတန်ကြာပြီးနောက် တစ်ဖက်မှာ အတန်ပင် နီးကပ်လာလေပြီ။ လူနှစ်ဦးက ဤပတ်ဝန်းကျင်သို့ ရောက်ရှိလာကာ စွေ့ချီချောင်း၏ ပထမဆုံး အတွေးမှာ သူတို့က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်သည်ဟုပင်။ အမျိုးသမီးမှာ စွေ့ချီချောင်း ကြောင်ဝယ်ခဲ့သည့် လီဆာအမည်လွှဲနှင့်တစ်ယောက်ဖြစ်သည်။ 


သူမက အသိအကျွမ်းတစ်ဦးဖြစ်သော်လည်း စွေ့ချီချောင်းက စိတ်မအေးဘဲ နိုးနိုးကြားကြား နေနေလိုက်သည်။ သူက ရှောင်ပိုင်၏ ခေါင်းကို ထပ်မံဖိချကာ သူ့လက်ထဲမှ ရောင်ခြည်သေနတ်ကို အခြား အမူအရာနှင့် ထားထားလိုက်သည်။ 


လီဆာသည်လည်း စွေ့ချီချောင်းကိုမြင်ရာ သူမက အနီးနားမှ လူကို စကားအနည်းငယ်ပြောကာ လက်ပြပြီး သူ့နား တိုးကပ်လာသည်။ 

"မစ္စတာ ထရစ်စတန်..."


စွေ့ချီချောင်းက သူတို့ကို ခြေစခေါင်းဆုံး ကြည့်လိုက်ပြီးနောက် စကူတာကိုချကာ လမ်းဆင်းလျှောက်လိုက်သည်။ သူ့ယာဉ်မှာ လမ်းလျှောက်ခြင်းအတွက် အစားထိုးသာဖြစ်သည်။ ဤယာဉ်တွင် ဘေးအကာမဆိုထားနှင့် အမိုးပင် မရှိပေ။ 


"တိုက်ဆိုင်လိုက်တာ... ငါတို့ ထပ်တွေ့ပြန်ပြီ..."

လီဆာပြောသည်က မှန်ပေ၏။ ဤကဲ့သို့ ဂြိုလ်တစ်ခုပေါ်တွင် သူမကို အခြားတစ်နေရာတွင် ထပ်တွေ့ရသည်က အမှန်ပင် တိုက်ဆိုင်ပေသည်။ သူမက မိတ်ဆက်ပေးလိုက်သည်။ 

"ဒါက ငါ့အစ်ကို အဲလ်ဘတ်တဲ့..."


အဲလ်ဘတ်၏ ဆံပင်နှင့် မျက်ဆံများ၏ အရောင်မှာ သူမနှင့် အတူတူဖြစ်ကာ သူတို့က ရုပ်အတန်ပင် ဆင်ကြသည်။ သူမက ထိုအကြောင်းကို လိမ်မပြောခဲ့ချေ။ ထိုအခိုက်အတန့်တွင် အဲလ်ဘတ်သည်လည်း စွေ့ချီချောင်းကိုလေ့လာနေသည်။ ထိုအချိန်၌ သူက ကြင်နာစွာ လက်ဆန့်ပေးလိုက်သည်။ 

"အဲ့ဒါဆို မင်းက ကြောင်တစ်ကောင်အတွက် ဂျုံ၃ပေါင်ပေးလိုက်တဲ့ သခင်လေးပေါ့..."


ရှောင်ပိုင်က ၄င်းကိုကြားရာ ခေါင်းထောင်လာသည်။ 


လီဆာက ချက်ချင်းပင် သူ့ကို ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ကောင်ငယ်လေး... ဘွားဘွားကို မှတ်မိလား..."


ရှောင်ပိုင် "..."


သူက ချက်ချင်းပင် ခေါင်းပြန်ဝပ်သွားလေသည်။ လီဆာမှာ ကြောင်အမေကြီးအား သူ့သမီးဟုမှတ်ယူကာ သူ့ကိုယ်သူ ဘွားဘွားဟု ခေါ်လိုက်သည်မှာ သိသာလှသည်။ 


စွေ့ချီချောင်းက အဲလ်ဘတ်နှင့် လက်ဆွဲနှုတ်ဆက်ကာ စကားတစ်ကြောင်းဖြင့်သာ ပြန်ဖြေလိုက်သည်။ 

"တိုက်ဆိုင်လိုက်တာနော်..."


"ငါတို့ ဒီကို ရေခဲတူးဖို့ ရောက်လာတာ... နင်ကရော    အကူအညီလိုသေးလား..."

လီဆာက တွေးတွေးဆဆ မေးလိုက်ပြီး ထပ်ဆိုလိုက်သည်။ 

"ငါ့တို့ အထောက်အပံ့တွေက ရောက်လာပြီ... ငါတို့ နင့်ကို စိတ်ရင်းနဲ့ ကူညီပေးချင်ပါတယ်..."


"နေပါစေ... ကျေးဇူးပါ..."

၄င်းက မလိုအပ်၍ စွေ့ချီချောင်းက မစဉ်းစားဘဲ ငြင်းဆိုလိုက်သည်။ သူက ဤဒေသတွင် ရေအရင်းအမြစ် ရရှိနိုင်သည်လားကို သေချာစေရန် ရောက်ရှိလာခြင်းဖြစ်သည်။ သူ့အတွက် ရေခဲဖောက်သည့် ကိရိယာမရှိသော်လည်း နွေရာသီတွင် ရေခဲများ အရည်ပျော်သွားပြီးနောက် ရေအနည်းငယ် ပြန်ယူသွားရန် စဉ်းစားနေ၏။ ထို့အပြင် ဤလူများက သူ့တို့၏ ယာဉ်ကို စွေ့ချီချောင်းကို မပေးပါက သူ့အား ရေစုဆောင်းရေးစနစ်အတွက် ကူညီနိုင်မည် မဟုတ်ပေ။ 


လီဆာက ထပ်မံပြောဆိုလိုက်သည်။ 

"ငါက ဒီလို အကူအညီမျိုး ပြောတာပါ..."


သူမက အနည်းငယ် စိုးရိမ်နေဟန် ရ၏။ 

"မစ္စတာ ထရစ်စတန် ငါဒီလိုပြောတာ မယဉ်ကျေးဘူးဆိုပေမဲ့ နင့်ရဲ့ ဖယ်ရိုမုန်းတွေက သိပ်ပြီး မတည်ငြိမ်ဘူးနော်... နင့်ရဲ့ အထူးကာလ ရောက်တော့မှာမလား... ဒါပေမဲ့ ငါထင်တာ နင့်လက်ထဲမှာ တားဆေး မရှိသေးဘူးမလား..."


အဲ့တော့ ဒါက သွယ်ဝိုက်ပြောနေတာပေါ့... 

ပင်ကိုယ်မဟုတ်သည့် စွေ့ချီချောင်းက နောက်ဆုံးတွင် သဘောပေါက်သွားလေသည်။ 


သူ့တွင် ဖယ်ရိုမုန်းဖုံးကွယ်ရေး ပစ္စည်းတစ်ခုပင် မရှိပေ။ သူအသုံးပြုခဲ့သော ကိရိယာ၏ အစိတ်အပိုင်းများက အလွန်ကြမ်းတမ်း၏။ ၄င်းမှာ သူ့တွင် တားမြစ်ဆေးမရှိဟု လီဆာထင်ရသည့် အဓိက အကြောင်းအရာဖြစ်နိုင်သည်။ ထို့အပြင် သူ့၏ တိုးမြှင့်လာသည့် ချိုမွှေးမွှေး စားချင်စဖွယ် အနံ့ကြောင့် ဤအိုမီဂါက သူ့၏ estrusကာလကို မကြာမီရောက်တော့မည်ဟု ဆုံးဖြတ်လိုက်ပုံရပေသည်။ 


အဲလ်ဘတ်က လီဆာကို တားမြစ်ကာဆိုလိုက်သည်။

"မင်း တားမြစ်ဆေးတချို့အတွက် ငါတို့ဆီမှာ အစားအသောက်နဲ့ လဲလှယ်နိုင်တယ်..."

သူက စွေ့ချီချောင်းကို စိတ်အေး ယအေးထာကာ သူတို့၏ စိတ်ရင်းကောင်းကို လက်ခံရန် ပြုလုပ်နိုင်သည်ဟု ခံစားရပေသည်။ 


စွေ့ချီချောင်းက မေးလိုက်သည်။

"ဘယ်လောက်လဲ..."


လီဆာနှင့် အဲလ်ဘတ်က အချင်းချင်းကြည့်ကာ ဆိုလိုက်သည်။ 

"....၈ပေါင်..."


ဤဈေးနှင့် ကမ်းလှမ်းလာခြင်းမှာ သူ့အား အိုမီဂါ တားမြစ်ဆေးများကို အလကားပေးခြင်းနှင့် မခြားနားပေ။ ဤနေရာတွင် တားမြစ်ဆေးများ မည်မျှ ရှားပါးသည်က သိသာလှ၏။ အမှန်တကယ်တွင် သူတို့ ထိုစကားများပြောခြင်းက သူတို့၏ သရုပ်မှန်ကို ဖော်ပြလိုက်ခြင်း ဖြစ်နိုင်သည်။


"ဈေးကြီးလွန်းတယ်... ငါမလိုချင်ဘူး..."

စွေ့ချီချောင်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ 

"နောက်ကျနေပြီ... ငါအရင်ပြန်နှင့်မယ် ကျေးဇူးပါပဲ... နှုတ်ဆက်ပါတယ်..."


သူက ခပ်ပြတ်ပြတ်ဆိုလိုက်ရာ လီဆာနှင့် အဲလ်ဘတ်က စကူတာပေါ်သို့ရောက်သည်အထိ မတုံ့ပြန်နိုင်ချေ။ ထိုအချိန်မှသာ သူတို့က အသိစိတ်ပြန်ဝင်လာသည်။ 


လီဆာက လှမ်းအော်လိုက်သည်။ 

"မစ္စတာ ထရစ်တန်... နင် ပြန်ပြီး မစဉ်းစားတော့ဘူးလား..."


စွေ့ချီချောင်းက ခေါင်းခါကာ စကူတာကို စက်နိုးပြီး ထွက်သွားလေသည်။ 


လီဆာနှင့် အဲလ်ဘတ်က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့က မည်မျှ ထူးထူးဆန်းဆန်း ခံစားရသည်ကိုပင် ဖော်မပြတတ်ချေ။ 

ဂျုံ၈ပေါင်ကို တားမြစ်ဆေးတစ်ခုနဲ့ လဲရတာ ဈေးကောင်း မဟုတ်ဘူးလား...


ဤအိုမီဂါက သူတို့စိတ်များကို မွှေနှောက်သွားသည်။ 

သူက ကြောင်တစ်ကောင်အတွက် ၃ပေါင်ပေးနိုင်ပေမဲ့ တားမြစ်ဆေးတစ်ခုအတွက်ကျ ၈ပေါင်တောင် မပေးနိုင်ဘူးပေါ့....


.....


ရှောင်ပိုင်က စွေ့ချီချောင်း၏ ရင်ဘတ်ထဲတွင် ခေါင်းမြုပ်ထားပြီး အလွန်အမင်း တွယ်ကပ်နေလေသည်။ မမျှော်လင့်ထားစွာ စွေ့ချီချောင်းက တားမြစ်ဆေးတစ်ခုအတွက် ဂျုံ၈ပေါင် မပေးလိုချေ။ ရှောင်ပိုင် အလွန်ကျေနပ်သည်ဟု ခံစားရသော်လည်း စိတ်ပူနေ၏။ 

တာမြစ်ဆေးမရှိရင် စွေ့ချီချောင်းက မတော်တဆ ဖြစ်လာနိုင်တယ်မလား...


စွေ့ချီချောင်းမှာ သူ့၏ estrusအကြောင်း သူတို့၏ သတိပေးခြင်းခံခဲ့ရ၍ လိုလိုမယ်မယ် အချိန်မီပြန်ရန် ဆုံးဖြတ်လိုက်သည်။ သူ့၏ ဖယ်ရိုမုန်း မတည်ငြိမ်မှုက  estrusကာလသို့ ဝင်ရောက်ခါနီးဖြစ်သည်ဟူသော အချက်ပြခြင်းတစ်ခုဖြစ်နေပေ၏။ estrusအကြောင်း သူသိသည့် တစ်ခုတည်းသောအချက်မှာ ၄င်းမှာ ၃လတစ်ကြိမ်ဖြစ်သည်ဆိုခြင်းပင်။ အစပိုင်းတွင် သူက ဤမှတ်ဉာဏ်တုလေယာဉ်ပေါ်သို့ရောက်သည့်အချိန်မှ စတွက်သည်ဟု ထင်ထားခြင်းပေ။ သူက estrusမတိုင်မီအချိန်ရှိသေးသည်ဟု ထင်နေခြင်းဖြစ်သည်။ 


ပြန်ရောက်လာပြီးနောက် စွေ့ချီချောင်းက သကြားဖြူနှင့် ဆား အများအပြားကို ပြင်ဆင်ထားလိုက်သည်။ အချိန်ကျပါက ရေနွေးနှင့် သောက်နိုင်ပေသည်။ သူက ဗီတာမင်များနှင့် စွမ်းအင် ဖြည့်စွက်ပစ္စည်းများလည်း လိုအပ်သည်ဟု တွက်ဆမိသည်။ 


ထို့နောက် စွေ့ချီချောင်းက စွန့်ပစ်နယ်မြေကို စတင်ထွန်ယက်ကာ နေ့ခင်းအချိန်တိုများတွင်သာ ထွန်ယက်ပေသည်။ ဆောင်းရာသီက မကြာမီတွင် ကုန်ဆုံးတော့မည်ဖြစ်ကာ အပူချိန်က အနည်းငယ် မြင့်တက်လာပြီး နေ့တာက တိုလာ၏။ နွေဦးရောက်လာသည့်တိုင် နေ့အလင်းအချိန်များက ထိုမျှမကြာသော်လည်း ဆောင်းရာသီထက်တော့ ကြာပေသည်။ 


စွေ့ချီချောင်း၏ စကူတာနှင့် ပေါင်းထားသည့် ကိုယ်တိုင်လုပ် ထွန်စက်မှာ တစ်နာရီတွင် နှစ်မူမျှသာ ထွန်ယက်နိုင်ပေသည်။ သူက အကြိမ်များထွန်ယက်လိုက်ပြီး မြေများကို တတ်နိုင်သမျှ လှန်ကာ ထွန်ယက်ပြီးနောက် အဆင့်ခွဲလိုက်သည်။ စွမ်းဆောင်ရည်က မမြင့်မားသော်လည်း သူ့၏ လက်ရှိအခြေအနေမှာ စွမ်းဆောင်ရည် မြင့်သည်ဟု ယူဆနိုင်ပေသည်။ 

(မူဆိုတာက တရုတ်မှာ မြေကွက်တွေကို တိုင်းတဲ့ အတိုင်းအတာတစ်ခုပါ... ၁မူမှာ ၀.၁၆၅ ဧက ရှိပါတယ်...)


သူက ထွန်ယက်နေစဉ်တွင် အမှတ်အသားပေးထားသော အပိုင်းများကို ရှောင်လိုက်သည်။ အနည်းဆုံးတွင် ထွန်ယက်မြေအမြောက်အများက အာကာသ အမှိုက်များဖြင့် ပြည့်နှက်နေလေသည်။ ထိုအမှိုက်များက မြေကြီးထဲမှ ထွက်လာသကဲ့သို့ပင်။ မြင်ကွင်းမှာ အနည်းငယ် ရယ်ရသော်လည်း မည်သို့ပင်ဆိုစေ ဤသည်က စွေ့ချီချောင်း တွေးထားသည့်အတိုင်းသာဖြစ်သည်။ 


စွေ့ချီချောင်းက အတွေးထဲ နစ်မြုပ်နေစဉ်တွင် သူ့မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မရှိဘဲ ရေခွက်အကြီးကြီးတစ်ခွက် သောက်လိုက်သည်။ 


ရှောင်ပိုင်က ခက်ခက်ခဲခဲ ရုန်းကန်ကာ နောက်ဆုံးတွင် စွေ့ချီချောင်း၏ လက်မောင်းပေါ်သို့တက်လာလေသည်။ သူက အလွန့် အလွန်ဆာလောင်နေသည်ဟု ခံစားရ၏။ 


ရှောင်ပိုင်သည်လည်း စိတ်လွတ်လုနီးပါး ဆာလောင်နေလေသည်။ စွေ့ချီချောင်းထံမှ ပြင်းထန်လှသော နှံစားပင် ငါးမျိုး၏ ရနံက ထုတ်လွှတ်နေလေသည်။ နောက်ဆုံးတစ်ခေါက်တွင် သူက ဂျုံစေ့များ၏ ထင်ထင်ရှားရှားရနံ့ကို ရလိုက်ပေသည်။ နေရောင်အောက်တွင် ရနံ့များ မွှေးပျံ့နေသော နှံစားပင် အမျိုးမျိုး၏ စိုက်ခင်းကဲ့သို့ပင်။ သို့သော် ယခုတွင် ဤသည်က ချက်ပြုတ်ထားသော နှံစားပင်များကဲ့သို့ဖြစ်သည်။ ၄င်းတို့ကို အိုးထဲတွင် ပေါင်းထားသော ရနံ့မှာ သွားရည်ကျစေပေသည်။ 


အခြားသူများ အနံ့ခံမိပါက မည်သို့တွေးသည်ကို မသိသော်လည်း ရှောင်ပိုင်အတွက်မူ ဗိုက်ဆာသည်သာဖြစ်၏။ 


စွေ့ချီချောင်းက ရှောင်ပိုင်၏ ထူးထူးဆန်းဆန်း မူးဝေးနေသည့်အခြေအနေကိုကြည့်ကာ ရေအနည်းငယ် တိုက်လိုက်သည်။ 

"မင်းက ဘာအလုပ်မှတောင် သိပ်မလုပ်ရသေးဘူး... ဘာလို့ ပင်ပန်းနေတာလဲ..."


ရှောင်ပိုင်က ကြမ်းပြင်ပေါ်တွင် ခြေကားယား လက်ကားယား လှဲနေပြီး အကြိမ်များစွာ တွေးတောပြီးနောက် နားမလည်နိုင်ဘဲ ဖြစ်နေ၏။ 


သူတို့ ရေကန်မှ ပြန်လာသည်မှာ တစ်ပတ်ခန့်ကြာပြီဖြစ်သည်။ စွေ့ချီချောင်းမှာ estrusကာလသို့ ဝင်ရောက်သင့်ပြီဟု ပြောရသည်က ကျိုးကြောင်းဆီလျော်ပေသည်။ သို့သော် သူ့၏ ဖယ်ရိုမုန်းများကို ပိုပို၍ သန်မာလာချိန်တွင် စွေ့ချီချောင်က အဘယ့်ကြောင့် လယ်ထွန်နေဆဲ ဖြစ်သည်ကို မသိတော့ပေ။


သူ့ကိုယ်ထဲတွင် ပြောင်းလဲမှုများရှိသည်က သိသာလှ၏။ သူရေသောက်သည့် ပမာဏကတိုးလာပြီး သကြားနှင့် ဆားလည်း ထပ်ပေါင်းထည့်လာသည်။ သူ့ခန္ဓာကိုယ်အပူချိန်က အနည်းငယ် မြင့်တက်လာပုံရပြီး အလုပ်လုပ်ချိန်က အနည်းငယ် လျော့ကျသွား၏။ 


သို့သော် အရေးအကြီးဆုံး လက္ခဏာဖြစ်သည့် စိတ်ကြွလာခြင်းမှာ လုံးဝပင် မသိသာချေ။ 


ဆန့်ကျင်ဘက်အနေဖြင့် ရှောင်ပိုင်က ထိုနှံစားပင် ငါးမျိုး၏ ရနံ့ကြောင့် အလွန်ဆာလောင်သည်ဟု ခံစားလာရသည်။ သူက စွေ့ချီချောင်း၏ လည်ပင်းကို ခါယမ်းကာ သူ့အတွက် နှံစားပင်ငါးမျိုး အမြန်စိုက်ပေးရန် ပြောချင်လာ၏။ 

အဲ့ဒါက အနေရမခက်ဘူးလား... 


စွေ့ချီချောင်းက စကူတာကို မှီပြီး တောင်ကြားတွင် ပျင်းရိစွာ ထိုင်နေလိုက်သည်။ သူက သူ့ စိတ်အခြေအနေကို သက်ရောက်မှုရှိကာ သူ့ခြေလက်များကို သာမန်ထက် အားနည်းအောင် ပြုလုပ်နေသည့် သူ့ခန္ဓာကိုယ်တွင်းရှိ ဖယ်ရိုမုန်းများ ပေါက်ထွက်လာသည်ကို သိသိသာသာ ခံစားနိုင်သည်။ သူ့တွင် မကျေနပ်နိုင်သော ဆန္ဒများ အနည်းငယ်ရှိသည်ကိုလည်း သေချာပေါက် ခံစားရပေ၏။ 


သို့သော် စွေ့ချီချောင်းက အိုမီဂါ၏ heatကို အလွန် မျှော်မှန်းထားပြီး ဖြစ်သည်။ သူက estrusကာလရောက်သည့်အခါ ရက်အနည်းငယ် အနားယူရမည်လားဟု တွေးမိသေး၏။ သို့သော် နောက်ပိုင်းတွင် သူ့၏ အံ့ဖွယ် ဇီဝကမ္မ လိုအပ်ချက်များက ယခင်အတိုင်း ရှိနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်...


အစပိုင်းတွင် သူက သူ့အိမ်ထဲတွင် နေနေသောအခါ သူ့အိမ်ထဲရှိ နေရာလပ်များအားလုံးကို အပင်စိုက်လိုက်သည်။ သို့သော် သူ၏ စိုက်ပျိုးရေးဆန္ဒများကို ဖွင့်ထုတ်ရန် နေရာအလုံအလောက်မရှိပေ။ ဇွဲနပဲကြီးလှသော စိတ်နှင့်ဆိုလျှင်ပင် သူက ရူးသွပ်လုနီးပါးဖြစ်ကာ မကြာခဏ အိပ်ရေးပျက်နေဆဲပင်။


နွေဦးရောက်လာခါနီးဖြစ်ကာ မြေပြင်က အဆင်သင့်မဖြစ်သေးဘူးဟု တွေးလိုက်ရုံဖြင့် သူ၏ အားနည်းနေသော ခြေလက်များက ပြန်လည်သန်စွမ်းလာပြီး အရှေ့လေက အနောက်လေကို လုံးဝလွှမ်းမိုးသွားသည်။


ဒီလိုပဲ ပြောကြတာပေါ့...

စွေ့ချီချောင်းရဲ့ သွေးသားထဲက အပင်စိုက်ချင်စိတ်က အိုမီဂါတစ်ယောက်ရဲ့ အချစ်စိတ်ထက်ပိုပြီး ပေါက်ကွဲထွက်လာနေတာပါပဲ…  အဲဒီစိတ်က ဘယ်ရောက်သွားတယ်ဆိုတာတော့ မပြောတတ်တော့ပါဘူး…



🍀🍀🍀