Chapter 93
Viewers 3k

🌱 Arc 3 - [ကဌယ်တာရာခေတ် ABOကမ္ဘာတလင် လယ်စိုက်ခဌင်သ ]


Ch 93

တရုတ်သလေသစစ်စစ် (၂)



စလေ့ချီချောင်သ ပဌန်လာသောအခါ စလေ့ဟူက အာကာသ အမဟိုက်ပုံတစ်ခုရဟေ့တလင် ငေသမောကာ ထိုင်နေသည်။ 


"ဝမ်သကလဲအစ်ကို... မင်သ အပါသခိုနေတာလာသ..."

စလေ့ချီချောင်သက သူ့ကိုမေသလိုက်သည်။ သူက အပဌင်မထလက်မီ အသီသအနဟံမျာသကို မဌေဩဇာထည့်ရန် စလေ့ဟူကို သတိပေသခဲ့၏။ 


စလေ့ဟူက အလျင်စလို အသက်ရဟုကာ စလေ့ချီချောင်သကို မေသလိုက်သည်။

"မင်သရူသနေလာသ... အဲ့ဒါတလေကို ဘယ်လိုလုပ်ပဌီသ ရလာတာလဲ...."

သူက သူ့လည်ပင်သရဟိ အရာကဌောင့် ထလက်မပဌေသဝံ့သော်လည်သ သူတစ်ယောက်တည်သ ရဟိသည်နဟင့် ပတ်ဝန်သကျင်ကိုလေ့လာကာ ထလက်သလာသရန် အခလင့်အရေသတစ်ခုရဟာနေလေသည်။ 


သူက ညသစလာ သူ့လည်ပင်မဟ ဗုံသအသေသစာသလေသကို ဖယ်ရဟာသရန်ကဌိုသစာသသော်လည်သ ၄င်သက အလုပ်မဖဌစ်ပေ။ ထို့နောက် သူက အခန်သထဲတလင် ရဟာဖလေပဌီသ ပုံစံအမျိုသမျိုသနဟင့် ထုတ်လုပ်သည့် ခေတ်အမျိုသမျိုသတို့မဟ လက်နက် အမျိုသမျိုသကိုတလေ့သောအခါ စိတ်ဓာတ်ကျလာ၏။ ၄င်သတို့မဟာ သူ့ဝမ်သကလဲညီလေသ ကောက်လာခဌင်သဖဌစ်နိုင်သည်။ 


သို့သော် ၄င်သက ဘာမဟမဟုတ်သေသချေ။ ကဌောက်စရာကောင်သသည်မဟာ သူက သီသနဟံမျာသကို မဌေဩဇာထည့်နေစဉ်တလင် အာကာသအမဟိုက်ပုံတစ်ပုံကို ခေတ္တမျဟ မလဟေနဟောက်ရဟာဖလေလိုက်ရာ ထိုအပုံထဲတလင် အချို့သော ပစ္စည်သအထူသအဆန်သမျာသတလေ့ခဲ့ပဌီသ ၄င်သတို့က အချို့ အဆောက်အညသ သို့မဟုတ် လေယာဉ်တို့၏ လက်နက်အထူသပဌုစနစ်တစ်ခုနဟင့် တူနေ၏။ သူက အကဌိမ်အနည်သငယ် သေချာကဌည့်လိုက်ပဌီသနောက် ခဌေထောက်မျာသ ပျော့ခလေသလာသတော့သည်။ အဘယ့်ကဌောင့်ဆိုသော် ၄င်သတို့က အမဟန်တကယ်ပင် အလလန်အန္တရာယ်မျာသသည့် K921 စီသရီသမဟ လက်နက်ခဲယမ်သမျာသ ဖဌစ်နေခဌင်သကို တလေ့လိုက်သောကဌောင့်ပင်။ 


ပုံစံအမျိုသမျိုသရဟိသော လက်နက်တစ်စုံလုံသမဟာ အလလန်အန္တရာယ်မျာသလဟ၏။ ဥပမာအနေဖဌင့် စလေ့ဟူ၏ လေယာဉ်က ထိုကဲ့သို့ ကျည်ဆန် ၃ကျော့ကို ကာနိုင်မည် မဟုတ်ချေ။ ၄င်သတို့နဟင့်ပတ်သတ်၍ အန္တရာယ်အမျာသဆုံသအရာမဟာ ၄င်သတို့က ပေါက်ကလဲပဌီသနောက် အယ်လ်ဖာနဟင့် အိုမီဂါမျာသ၏ စိတ်ကျန်သမာရေသနဟင့် ဂလင်သမျာသကို ပျက်စီသစေခဌင်သပင်။ တိတိကျကျဆိုရသော် ၄င်သတို့မဟာ အယ်လ်ဖာမျာသကို အဓိက ပစ်မဟတ်ထာသခဌင်သဖဌစ်သည်။ အဘယ့်ကဌောင့်ဆိုသော် ကျလမ်သကျင် စစ်မဌေပဌင်ရဟိ တိုက်ခိုက်သူမျာသက အခဌေခံအာသဖဌင့် အယ်လ်ဖာမျာသ ဖဌစ်နေခဌင်သကဌောင့်ပင်။ 


သို့ဖဌစ်၍ K921စီသရီသ ထုတ်ကုန်မျာသ၏ သလင်ပဌင်က တစ်ခုနဟင့်တစ်ခုမတူသော်လည်သ အခဌာသယမ်သမဟုန့်မျာသနဟင့် နဟိုင်သယဟဉ်ပါက ၄င်သတို့၏ တမူထူသလဟသော ယမ်သမဟုန့်ဖော်မဌူလာမဟာ အယ်လ်ဖာနဟင့် အိုမီဂါမျာသသာ အနံ့ခံနိုင်သော ထူသထူသခဌာသခဌာသ အနံတစ်ခုကို ထုတ်လလဟတ်ပေသသည်။ သူသိသလောက်ဆိုလျဟင် ထိုဖော်မဌူလာမဟာ လက်ရဟိတလင် မပဌုပဌင်ရသေသချေ။ စလေ့ဟူသည်လည်သ ၄င်သကို ယခင်က အနံ့ခံဖူသ၍ တစ်ခါတည်သနဟင့် မဟတ်မိနိုင်သည်။ 


လက်ရဟိတလင် ဂလင်သစနစ်ကို အနေအထာသတစ်ခုအထိ ထိထိရောက်ရောက် ကာကလယ်နိုင်ပဌီသ K921ယမ်သမဟုန့်အာသ ကာကလယ်နိုင်သော ကိရိယာ ရဟိနေပဌီသဖဌစ်သည်။ သို့သော် သာမန်အခဌေအနေမျာသအောက်တလင် ထိုစီသရီသ၏ ယမ်သမဟုန့်မျာသကိုလည်သ မည်သူမဟမရရဟိနိုင်ပေ။ ကကဲ့သို့ အရာမျာသက ထုတ်လုပ်ရန် အတန်ပင်ခက်ခဲသည့်ပုံရသောကဌောင့် မဟောင်ခိုဈေသကလက်ထဲတလင်ပင် ရဟာရန်ခက်ခဲ၏။ သို့ဖဌစ်၍ တစ်ကဌိမ်တလင် ရရဟိနိုင်သော ထောက်ပံ့မဟုက အလလန်နည်သပါသလေသည်။ 


မျဟော်လင့်ထာသသည့်အတိုင်သပင် စလေ့ဟူက သူ့လေယာဉ်ကို အနံ့ရသောအခါ ကဌောင်အသလာသသည်။ သူက အလလန်ကဌောက်လန့် ရူသသလပ်နေ၍ သူ့ခဌေထောက်မျာသက လက်ရဟိတလင် မတ်တပ်ရပ်ရန်အလလန်ပျော့ခလေနေလေသည်...


ထိုအရာမျာသကို မတော်တဆ ဖောက်ခလဲမိပါက သူတို့အတလက် အလလန် အန္တရာယ်မျာသပေသည်။ ကံကောင်သ၍ သေဆုံသခဌင်သမဟ လလတ်မဌောက်နိုင်လျဟင်ပင် ဂလင်သပျက်စီသမဟုက ပဌန်ကောင်သနိုင်မည် မဟုတ်ပေ။ ထိုလူ၏ ဖယ်ရိုမုန်သမျာသက ပေါက်ထလက်လာပဌီသ ဖရိုဖရဲနဟင့် မတည်မငဌိမ်ဖဌစ်လာကာ အပဌင်သအထန် ထိခိုက်ဒဏ်ရရပေလိမ့်မည်။ 


"ငါ ကောက်လာတာ..."

စလေ့ချီချောင်သက ပဌန်ဖဌေလိုက်သည်။ 


စလေ့ဟူက လုံသဝ မယုံကဌည်ပေ။ 

"အဓိပ္ပာယ်မရဟိတာတလေ... ဘယ်သူက K921 ယမ်သတလေကို လလင့်ပစ်ပဌီသ မင်သကို ကောက်ခလင့်ပဌုမဟာလဲ... အဲ့အစာသ မဌေအောက်ခန်သတစ်ခန်သ ကောက်ရတယ်လို့ ဘာလို့မပဌောတာလဲ..."


သို့သော် စလေ့ချီချောင်သက အမဟန်ပင် ၄င်သတို့ကို ကောက်လာခဌင်သဖဌစ်၏။ မဌေအောက် လက်နက်ကိုင်အဖလဲ့မျာသက ကလူသူမဲ့ ဂဌိုလ်ပေါ်တလင် K921 ဓာတုပစ္စည်သမျာသ ပါဝင်နေသော လက်နက်အချို့ထာသခဲ့လေသည်။ စလေ့ချီချောင်သသည်လည်သ ကဂဌိုလ်ပေါ်ရဟိ တစ်ယောက်ယောက်က ထိုလက်နက်မျာသကို သီသသန့် လေလာနေသည်လာသ မသေချာပေ။ ထို့အပဌင် သူက ထိုလက်နက်မျာသကို ပေါ့ပေါ့ပါသပါသ တည်ဆောက်ထာသခဌင်သသာဖဌစ်သည်။ သူကိုယ်တိုင် လုပ်ထာသခဌင်သဖဌစ်ရာ အန္တရာယ်မျာသမဟုက တိကျမဟုမဌင့်မဌင့်နဟင့် ထုတ်လုပ်ထာသသော သာမန် ခဲယမ်သမျာသလောက် ကောင်သမည်မဟုတ်ဟု မျဟော်လင့်ထာသ၏။ 


စလေ့ချီချောင်သက စလေ့ဟူကို ထူပေသလိုက်သည်။ 

"မင်သအလုပ်ဘယ်လောက် ပဌီသပဌီလဲ..."


စလေ့ချီချောင်သက စကာသလမ်သကဌောင်သလလဟဲနေဆဲဖဌစ်သည်ကို ကဌာသပဌီသနောက် စလေ့ဟူက ဝမ်သနည်သဒေါသထလက်မဟုမျာသဖဌင့် ပဌည့်လာပဌီသ သူအတန်ကဌာအောင် မျိုသသိပ်ထာသရသော စကာသမျာသက ပေါက်ထလက်လာလေသည်။ 

"ငါ တစ်ဧက ရေလောင်သပဌီသပဌီသ... အဲ့ဟာတလေက အရမ်သ အန္တရာယ်မျာသတယ်... မင်သ တခဌာသနေရာမဟာ ထာသလို့ရမလာသ... ဒီမဟာ မထာသပါနဲ့..."


စလေ့ချီချောင်သက တစ်မိနစ်ခန့် တလေသတောလိုက်ပဌီသ ဆိုလိုက်သည်။ 

"အဲ့ဒါဆို ဘယ်နာသမဟာ ထာသသင့်လဲ ဝမ်သကလဲအစ်ကို..."


စလေ့ဟူက ချောင်သဟန့်လိုက်သည်။ ကနေရာတလင် နေရာလပ်တစ်ခုတည်သ ရဟိကာ အတလင်သပိုင်သနေရာလပ်က အကန့်အသတ်ရဟိနေသည်မဟာ အမဟန်ပင်။ စလေ့ဟူသည်ပင် စာသပလဲမျာသထပ်ကာ အိပ်ရန် အိပ်ရာလုပ်ထာသရ၏။ 

အဲ့ဒါက သူတို့က ဒီလက်နက်တလေကို အာကာသ စခန်သထဲမဟာ ဆက်ပဌီသ သိမ်သထာသရမယ်လို့ ဆိုလိုတာလာသ... အဲ့ဒါပိုကဌောက်စရာကောင်သတယ်လေ...


"ဒါမဟမဟုတ် မင်သလည်သ အဲ့ဒါတလေကို ဖျက်ပစ်လိုက်လို့ရတာပဲ.... ဟုတ်တယ်မလာသ... အဲ့ဒါတလေကို ဖျက်ပစ်လိုက်စမ်သပါ... အဲ့ဟာတလေကို ငါ့ဘေသမဟာထာသပဌီသ ငါ ညမအိပ်ရဲဘူသ... အဲ့ဒါတလေ မတော်တဆပေါက်ကလဲသလာသရင် ဘယ်လိုလုပ်မလဲ... အဲ့အချိန်ကျရင် ငါတို့က ထလက်ပဌေသဖို့အချိန် ရဟိမဟာတောင် မဟုတ်ဘူသ...."

စလေ့ဟူက ချလေသစေသမျာသ ပဌန်လာတော့သည်။ 


သူက ထိုလက်နက်မျာသ ရဟိနေသည်ကို မသိသေသသည့်အချိန်က ကနေရာတလင် သက်သောင့်သက်သာ နေနိုင်၏။ သို့သော် ယခုတလင် ၄င်သတို့ကို သိသလာသရာ ကကိစ္စကို မည်သို့တလေသတလေသ ကဌောက်လန့်သည်ဟု ခံစာသရသည်။ သူ့ဝမ်သကလဲညီလေသက အမဟန်တကယ်ပင် ရူသနေလေပဌီ။ 

သူ ဒီလိုနေရာမျိုသမဟာ ဘယ်လိုလုပ်ပဌီသ အပူအပင်ကင်သကင်သ နေနိုင်တာလဲ... မဟုတ်သေသဘူသ... သူက ဘယ်လိုလုပ်ပဌီသ ဒီလောက် အန္တရာယ်မျာသတဲ့လက်နက်တလေကို သူ့တံခါသအပဌင်မဟာထာသပဌီသ အဲ့လက်နက်တလေဘေသမဟာ နေ့တိုင်သ အိပ်ပဌီသ လယ်စိုက်နိုင်တာလဲ... 


ထို့အပဌင် သူနာသလည်ထာသသော စိတ်ဓာတ်ကျစရာ ကိစ္စတစ်ခုလည်သ ရဟိသေသ၏။ ထိုလက်နက်ခဲယမ်သမျာသကို တလေ့ရဟိပဌီသနောက် သူ့စိတ်ထဲတလင် သူ့မိသာသစုက သူ့ကို ကဂဌိုလ်ပေါ်မဟ အောင်အောင်မဌင်မဌင် ကယ်တင်နိုင်ပါ့မလာသဆိုသည့် မေသခလန်သအကဌီသကဌီသတစ်ခုလည်သ ပေါ်လာပေသည်။ 


"အဲ့ဒါတလေက ဘယ်လိုလုပ်ပဌီသ ပေါက်ကလဲနိုင်မဟာလဲ.... ဘာမဟ မဖဌစ်ရင် ငါက လက်နက်တလေကို ထိမဟာတောင် မဟုတ်ဘူသ..."

စလေ့ချီချောင်သ အသုံသပဌုနေသော လေသံမဟာ ချက်ပဌုတ်ရေသ စက်က မပေါက်ကလဲသည်ကို စလေ့ဟူအာသ နဟစ်သိမ့်ပေသနေသကဲ့သို့ပင်။ သူ့လေသံက အလလန် နိမ့်ပဌီသ ထို့နောက်တလင် စလေ့ဟူကို အလုပ်လုပ်ရန် ခေါ်သလာသလိုက်သည်။ ယခုတလင် စလေ့ဟူက သူ့လက်ကို အသုံသပဌုမည့်အစာသ လေယာဉ်ကို အရဟေ့အနောက်မောင်သနဟင်ပဌီသ လေထဲတလင် လယ်စိုက်ခဌင်သကို ပဌုလုပ်နိုင်ပဌီဖဌစ်သည်။ 


စလေ့ဟူက အလလန်ဒေါသထလက်နေ၍ စလေ့ချီချောင်သက သူ့လေယာဉ်ကို မဌေဩဇာမျာသဖဌင့် ဖဌည့်ထာသသည်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။ ယခုက အာသလုံသ ပဌီသဆုံသသလာသပဌီဖဌစ်ကာ သူ့ဝမ်သကလဲညီလေသမဟာ သူ့ကို ထာဝရ ဖမ်သဆီသထာသတော့မည် ဖဌစ်သည်။ 


လေယာဉ်၏ အလုပ်လုပ်နိုင်စလမ်သက လူသာသခန္ဓာကိုယ်ထက် မျာသစလာမဌင့်မာသ၏။ ၂၀မူကျော်ကျော်မဟာ မဌေဩဇာကို ရေရောရသည့် အချိန်အပါအဝင် ၁၀မိနစ်အတလင်သပင် ပဌင်ဆင်ပဌီသသလာသလေသည်။


စလေ့ချီချောင်သက အရေသပေါ်နဟင့် ရဟည်ကဌာလဟသော ဆောင်သရာသီတို့အတလက် အချိန်အကဌာကဌီသသိမ်သထာသနိုင်သည့် စည်သလပ်ဘူသမျာသနဟင့် အာဟာရအရည်မျာသ ကဲ့သို့  သူလဲလဟယ်ခဲ့သော ပစ္စည်သမျာသ အာသလုံသကို အအေသခံထာသလိုက်သည်။ ကလူသူမဲ့ ဂဌိုလ်ပေါ်ရဟိ ရာသီဥတုမဟာ အခဌေခံအာသဖဌင့် ရာသီဥတု ၃ခု ပိုင်သခဌာသထာသသည်။ နလေညသနဟင့် နလေရာသီတို့က အနည်သငယ် ပိုကဌာသော်လည်သ နဟစ်ဝက်ကျော်ကျော်ခန့်သာဖဌစ်သည်။ ၄င်သတို့က စုစုပေါင်သ ၈လခန့်ကဌာပဌီသ ကျန်အချိန်မျာသက ဆောင်သရာသီ ဖဌစ်၏။ 


လီဆာက စလေ့ချီချောင်သအာသ ဆာသနဟင့် သကဌာသအချို့လည်သ ပေသခဲ့သည်။ ပမာဏက အလလန်မမျာသကာ သူမ ပေသခဲ့သော သကဌာသမဟာ အထုတ်သေသလေသ တစ်ထုတ်ထဲတလင်သာဖဌစ်သည်။ ၄င်သကို ဖန်ဘူသအသေသလေသတစ်ခုထဲတလင် သိမ်သထာသလိုက်သည်။ စလေ့ချီချောင်သက ဖန်ဘူသကို မဖလင့်မီ အလေသချိန်ချိန်ကဌည့်လိုက်ပဌီသ သူ့လက်ချောင်သပေါ်တလင် ဆာသအနည်သငယ်တို့ကာ မဌည်သကဌည့်လိုက်သည်။ ထို့နောက် သူက ရုတ်တရက် ထရယ်တော့သည်။ 


စလေ့ဟူက တုန်ယင်သလာသပဌီသ စလေ့ချီချောင်သ၏ လက်ရဟိ သလင်ပဌင်မဟာ သူ့မျက်လုံသထဲတလင် အရူသတစ်ယောက်နဟင့် သိပ်မခဌာသပေ။ 

" မင်သဘာရယ်နေတာလဲ..."


"ဒီ လူသူမဲ့ဂဌိုလ်ပေါ်မဟာ ဆာသရဟိတဲ့ပုံပဲ..."

စလေ့ချီချောင်သက ဖန်ဘူသကို အဖုံသပိတ်ကာ ဆိုလိုက်သည်။ 


၄င်သက ဆာလဖိတ်ဖဌစ်စေ၊ ကလိုရိုက်ဖဌစ်စေ၊ ပါကလိုရိတ်ဖဌစ်စေ ပင်လယ်ရေပင်ဖဌစ်စေ ကနေရာတလင် သေချာပေါက် ဆာသဟူသော ဒဌပ်တစ်ခုက ပုံစံတစ်ခုနဟင့် ရဟိနေပေ၏။ 


"မင်သက ဘယ်လိုလုပ်သိတာလဲ..."

စလေ့ဟူက နာသမလည်ချေ။ 


"ဒီဆာသကို ကိုယ့်ဘာသာ လုပ်ထာသတာ သေချာတယ်... သူတို့မဟာရဟိတဲ့ တခဌာသအစာသအသောက်တလေက သေချာထုတ်ပိုသထာသပဌီသ သူတို့ပေသတဲ့ သကဌာသကလည်သ ရောင်သတန်သ သကဌာသ... ဒါပေမဲ့ ဒီဆာသက အရမ်သ အကဌမ်သဆန်တယ်... ငါခုဏကတင် မဌည်သကဌည့်လိုက်တာ... အဲ့ဒါက ပထမအဆင့် သန့်စင်ထာသတာပဲ ရဟိသေသတာ...."

စလေ့ချီချောင်သက ဆိုလိုက်သည်။


ကဂဌိုလ်ပေါ်တလင် ဆာသရဟိပဌီသ လူမနေ၍ အခဌာသသူမျာသက သဘာဝအတိုင်သဖဌစ်ပေါ်နေသည့် ဆာသမျာသကို ရဟာပဌီသ စာသနိုင်သည့် ဆာသအဖဌစ် ပဌောင်သနိုင်ပါက သူလည်သ လုပ်နိုင်မည်ဖဌစ်သည်။ သူက လီဆာကိုရဟာပဌီသ ဆာသမည်သည့်နေရာက ရလာသည်ကို မေသရန်ပင် မလိုချေ။ ကနေရာတလင် ဆာသမျာသစလာရဟိသော နေရာက တစ်နေရာတည်သ မဖဌစ်နိုင်ပေ။ 


ဆာသနဟင့် သကဌာသ လုံလုံလောက်လောက်ရဟိပါက ဆောင်သတလင်သအတလက် အစာသအသောက် ထိန်သသိမ်သရန်မဟာ မျာသစလာပိုလလယ်သလာသနိုင်၏။ အသီသမျာသကို ယိုထိုသ၍ရပဌီသ အသာသမျာသကို ဆာသရည်စိမ်ထာသ၍ ရပေသည်။ 


စလေ့ချီချောင်သမဟာ ပဌောင်သနဟံစာသပင် ရရဟိခဲ့၍ သာမန်ထက် စိတ်အခဌေအနေကောင်သနေရာ အပဌင်ထလက်ပဌီသ ဆာသရဟာရန် ဆုံသဖဌတ်လိုက်သည်။ 


သူက ညသစလာ ပဌောင်သနဟံစာသပင်မျာသအာသလုံသကို ထုတ်ကာ ပိုကောင်သသည့် အမျိုသအစာသမျာသကို ရလေသချယ်လိုက်သည်။ ထို့နောက် သူ့ လက်ထဲတလင် ပဌောင်သနဟံစာသပင် ၄ကီလိုဂရမ်ကျော်ကျော် ရဟိနေပဌီသ ၄င်သတို့ကို စိုက်ပါက မဌေ ၂ဧကမဟ ၃ဧကအထိ လိုပေလိမ့်မည်။ 


စလေ့ချီချောင်သက ပဌောင်သနဟံစာသစေ့ မည်မျဟကို စိုက်နိုင်သည်ကို မသိသော်လည်သ ၁မူလျဟင် အနည်သဆုံသ ကီလိုဂရမ် ရာကျော် ရိတ်သိမ်သနိုင်မည်ဟု တလက်ဆမိသည်။ ၄င်သက ၄လအနည်သငယ်ကျော်လျဟင် ရင့်လာမည်ဖဌစ်၍ ဆောင်သရာသီမရောက်မီ ရိတ်သိမ်သနိုင်သည်ဟု အာမခံနိုင်ပေသည်။ 


၄င်သတို့ ရိတ်သိမ်သရန် အဆင်သင့် ဖဌစ်သည့်အခါ လီဆာနဟင့် အခဌာသသူမျာသ ကဂဌိုလ်ပေါ်တလင် ရဟိနေဆဲဆိုလျဟင် စလေ့ချီချောင်သက သူတို့ကို အနည်သငယ် ရောင်သနိုင်ပေမည်။ နလေညသရဟိ ပဌောင်သနဟံစာသပင် ၄ကီလိုဂရမ်က ဆောင်သရာသီတလင် ၄၀ ကီလိုဂရမ်ဖဌစ်လာပေမည်။ 

စိတ်ဝင်စာသစရာကောင်သလိုက်တာ....


သူတို့က ကနေရာရဟိ စိုက်ပျိုသနယ်မဌေကို အသုံသပဌုနိုင်သည်။ ပဌောင်သနဟံစာသပင်က ကဌီသထလာသစဉ်အတလင်သ မိုသခေါင်ရေရဟာသမဟုကို ခံနိုင်ရည်ရဟိပဌီသ ရေအမျာသအပဌာသမလိုအပ်သော်လည်သ သူက လုံလောက်သော အစိုဓာတ်ကို သေချာအောင်ပဌုလုပ်ရပေမည်။ အဓိကမဟာ မဌေဆီလလဟာ အစိုဓာတ်ပင်။


စလေ့ချီချောင်သ၏ ရေလဟောင်ကန်ထဲမဟ ရေက သိသိသာသာပင် မလုံလောက်၍ သူက အပူချိန်ပဌောင်သလဲမဟုကို ခံနိုင်ရန် ရေကန်မဟ ရေမျာသကို စလေ့ဟူ၏ လေယာဉ်ကိုသုံသကာ သယ်ပို့ရန်လိုပေသည်။ ကအချိန်အတလင်သ သူက မဌေဩဇာလည်သထည့်ပဌီသ ရေမျာသကို စိမ်ကာ အညဟောင့်ပေါက်ရန် တလန်သအာသပေသပဌီသ အပင်ပေါက် ထလက်နဟုန်သကို တိုသပလာသစေနိုင်သည်။ နောက်ဆုံသတလင် ၄င်သတို့ကို ပျိုသကဌဲလိုက်မည် ဖဌစ်သည်။ 


ပဌောင်သနဟံစာသပင်က မဌေဩဇာမထည့်ထာသသည့် မဌေကဌီသကို ဆန့်ကျင်သော်လည်သ အထလက်တိုသလိုလျဟင် သူအသုံသပဌုသော မဌေဩဇာ ပမာဏကို ချလေတာ၍မရပေ။ စလေ့ချီချောင်သက မဌေဩဇာအလုံအလောက် မရဟိသလောက်ဖဌစ်နေ၏။ 


အရည်အသလေသနိမ့် အစေ့မျာသကို အခလံခလာကာ ကဌိတ်ပဌီသနောက် တိုက်ရိုက်စာသသုံသနိုင်သည်။ ထိုအချိန်တလင် ကျန်သည့် ပဌောင်သနဟံစာသစေ့မျာသကို မဌေ၂မူပေါ်တလင် စိုက်ထာသလိုက်သည်။ 


စလေ့ဟူက စလေ့ချီချောင်သနဟင့် အတူ အလုပ်လုပ်ပဌီသ ထိုလက်နက်မျာသကို တလေ့သောအခါ ပို၍ ကဌောက်လာ၏။ သူက သူ့ဝမ်သကလဲညီလေသမဟာ အတန်ပင် ရူသသလပ်သည်ဟု အမဌဲလိုလို ခံစာသနေရ၏။ တစ်နေ့နေ့တလင် သူ့ဝမ်သကလဲညီလေသက လူတိုင်သကို အထိတ်တလန့်ဖဌစ်စေပေမည်။ သို့သော် သူက သူ့အသက်ကို တစ်ရက်ခန့်ပို၍ ထိန်သသိမ်သထာသနိုင်လျဟင်ပင် သူ မညည်သတလာသနိုင်ချေ။ စလေ့ချီချောင်သ သူ့ကို လုပ်ခိုင်သသမျဟ သူလုပ်မည်ဖဌစ်သည်။ သူ့လက်ရဟိအခဌေအနေမဟာ အဓိပ္ပာယ်မဲ့သော ဘဝတစ်ခု၏ စံနမူနာဖဌစ်သည်။ 


ကသည်က စလေ့ဟူ၏ ပထမဆုံသအကဌိမ် ပျိုသကဌဲခဌင်သလည်သဖဌစ်သည်။ ကအလုပ်မဟာ ဆလပ်ရလက် ခူသခဌင်သထက် မျာသစလာခက်ခဲသည်ဟု ပဌော၍ ရပေသည်။ ပျိုသကဌဲသည့်အချိန်တလင် တစ်ချို့သော စံနဟုန်သမျာသကို လိုက်နာရပေသည်။


စလေ့ချီချောင်သက ဆိုလိုက်သည်။

"မဟုတ်ဘူသ... မဟုတ်ဘူသ... ပျိုသကဌဲတဲ့ အနက်က မဌေကဌီသထဲကို ၁.၆၃၇ စင်တီမီတာ ရဟိရမဟာ... မင်သစိုက်လိုက်တဲ့ တချို့ အစေ့တလေက ၃ စင်တီမီတာ ကျော်နေတယ်... အရမ်သကဌီသ နက်နက် ပျိုသစေ့ပိုကဌဲလိုက်ရင် အပင်ပေါက်တာ နဟေသပဌီသ အစေ့တလေက အာဟာရတလေ အလကာသ ကုန်သလာသလိမ့်မယ်... ပဌောင်သနဟံစာသပင်ပေါက်တလေက သေသလို့ မဌေကဌီသထဲက ထလက်မလာနိုင်ဘူသဆိုတာ ပဌောစရာတောင်မလိုဘူသ..."


စလေ့ဟူ - "..."


စလေ့ဟူ - "ငါ့ဆီမဟာ တက်မကျင် မရဟိဘူသလေ... ဘယ်လိုလုပ်ပဌီသ အစေ့တလေကို ၁.၆၃၇ စင်တီမီတာ အတိအကျ စိုက်ရမဟာလဲ..."

( တက်မကျင်ဟူသည်မဟာ စိုက်ပျိုသရန် အသုံသပဌုနိုင်သည့် ပျော့ပျောင်သသော၊ ကျစ်လျစ်သော မဌေဆီလလဟာကို ဖဌိုခလင်သရန် ဒီဇိုင်သထုတ်ထာသသော ဥယျာဉ်ထလန်စက်အမျိုသအစာသ တစ်မျိုသဖဌစ်သည် )


စလေ့ချီချောင်သက မျက်မဟောင်ကဌုတ်လိုက်သည်။ 

"ထာသလိုက်တော့... သလာသပဌီသ နာသနေတော့..."


သူ့တလင် ပဌောင်သနဟံစာသပင် ပမာဏ အကန့်အသတ်နဟင့် ရဟိနေရာ စလေ့ဟူအာသ အပင်ပေါက်နဟုန်သကို သက်ရောက်ခလင့် မပဌုနိုင်ချေ။ 


"......."


စလေ့ဟူမဟာ သူ့ဘဝတလင် ပထမဆုံသအကဌိမ်အဖဌစ် အာသငယ်သလာသည်။ သူက ဒေါသတကဌီသ ဆိုလိုက်သည်။

"အဓိပ္ပာယ်မရဟိတာ... ငါထင်တာတော့ မင်သစိုက်တာ မဌေကဌီသထဲကို ၂စင်တီမီတာလောက် ရဟိတယ်... ငါက မင်သပဌောတဲ့အတိုင်သ စိုက်နေတာပဲ..."


စလေ့ချီချောင်သက သူ့အာသ ၁.၆၃၇ စင်တင်မီတာ အနက် စိုက်သင့်သည်ဟု ပထမဆုံသ ပဌောစဉ်က သူက စလေ့ချီချောင်သကို လဟောင်ပဌောင်လိုက်သည်။ စလေ့ချီချောင်သက ပျိုသစေ့မျာသကို မတိုင်သတာဘဲ စိုက်သည့်အခါ စလေ့ဟူက သူ့နောက်လိုက်ပဌီသ သူမည်မျဟ နက်နက် စိုက်နေသည်ကို လေ့လာလိုက်သည်။ မသိသောလူမျာသက စလေ့ချီချောင်သက စလေ့ဟူနဟင့် ပဌိုင်နေသည်ဟု ထင်ကဌပေမည်။


စလေ့ချီချောင်သက စလေ့ဟူကို ဂရုမစိုက်ဘဲ အစေ့မျာသကို ဆက်လက် စိုက်ပျိုသနေသည်။ ရဟောင်ပိုင်က အစေ့အိတ်တစ်အိတ်ကိုကိုင်ပဌီသ သူ့နောက်မဟ လိုက်လာသည်။ 


"မင်သ ငါ့ကို မစိုက်စေချင်ရင် ငါက ပိုတောင် ပျော်သေသတယ်..."

စလေ့ဟူက တစ်ကိုယ်တည်သ ဆိုလိုက်သည်။ ကုန်သရိုသပေါ်တလင် အတန်ကဌာအောင်ထိုင်ပဌီသနောက် စလေ့ချီချောင်သ သူ့အာသ မဟတ်ချက်ပေသခဲ့သည်နဟင့် ပတ်သတ်၍ ပိုပဌီသမကျေမနပ်ဖဌစ်လာလေသည်။ သူက သစ်ကိုင်သတစ်ခုကို တိတ်တဆိတ်ယူကာ စလေ့ချီချောင်သမဌဟုပ်ထာသသော အစေ့မျာသပါဝင်သည့် မဌေကဌီသထဲကို ထိုသထည့်ကာ ထပ်မံတိုင်သကဌည့်လိုက်သည်။ 


ပဌသသော အချက်အလက် - ၁.၆၃၇ စင်တီမီတာ... ၁စင်တီမီတာပင် မနည်သ 


စလေ့ဟူ - "ငလူှ..."


မဟုတ်ဘူသ... မယုံဘူသ...

စလေ့ဟူက နောက်လဟည့်ကာ စလေ့ချီချောင်သဆီသို့ ပဌေသသလာသလိုက်သည်။

"မင်သသလာသလေရာ ဘယ်လောက်နက်နက် စိုက်သလဲဆိုတာ တိုင်သလို့ရတဲ့ ကိရိယာတစ်ခု ယူလာတယ်မလာသ.... မင်သမဟာ ပျိုသကဌဲတဲ့ စက်အသေသလေသ ရဟိနေတာတော့  မဟုတ်ဘူသ မဟုတ်လာသ... မင်သလက်ကို ငါ ကဌည့်ကဌည့်မယ်..."


ကဌောင်က မကျေနပ်ဟန်ဖဌင့် စလေ့ဟူကို နဟာမဟုတ်ကာ စလေ့ဟူ၏ ခဌေထောက်ကို ပတ်နေလေသည်။ 


စလေ့ဟူ - "...."


ဒီကဌောင်က ငါ့ကို ပစ်မဟတ်ထာသနေသလို ခံစာသရတယ်...



🍀🍀🍀