Chapter 94
Viewers 3k

🌱 Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]

Ch 94

သေလမ်း လာရှာခြင်း (၁)



သူမေးလိုက်သည့်အချိန်တိုင်း ထပ်တူညီသော အဖြေကို ရရှိပြီးနောက် စွေ့ဟူက နောက်ဆုံးတွင် သူ့ဝမ်းကွဲညီလေးက မည်သည့် သိပ္ပံနှင့်နည်းပညာ၏ အကူအညီမှ မပါပဲ လက်ဖြင့် ပျိုးကြဲနေသည်ကို အင်တင်တင်ဖြင့် လက်ခံလိုက်ရသည်။ 

အတန်ကြာအောင် စဉ်းစားလိုက်ပြီးနောက် သူ့စိတ်ထဲ အဖြေတစ်ခု ရလာသည်။


သူ့ဝမ်းကွဲညီလေးက K921ကို ငှက်တောင်မပျံနိုင်တဲ့ နေရာကို ပြောင်းလာနိုင်ရင် ဒါက ဘာလို့မဖြစ်နိုင်ရမှာလဲ... 

သူက သူ့ဝမ်းကွဲညီလေးမှာ ပျိုးကြဲခြင်းတွင် ပို၍ပင် တိကျနိုင်သေးသည်ဟု ခံစားရသည်။ 


ကြောက်စရာအကောင်းဆုံးအရာမှာ သူ့ဝမ်းကွဲညီလေးက စိုက်ပျိုးရေးတွင် အဓိက အာရုံစိုက်ထားသည်ပင်။ သူက လက်နက်များအပေါ် ပို၍ အာရုံစိုက်ပါက ဤနေရာရှိ အမှိုက်များကိုပင် ကြောက်စရာ စစ်တပ်တစ်ခုအဖြစ် တည်ဆောက်နိုင်ပေလိမ့်မည်။ 


စွေ့ဟူက သူ့ကြောင်ကိုလည်း သံသယဝင်နေ၏။ 

ကြောင်တစ်ကောင်က ဘယ်လိုလုပ်ပြီး လူတစ်ယောက်လိုမျိုး ပြုမူနေနိုင်တာလဲ... ဒီကြောင်က သူလုပ်ထားတဲ့ စက်ရုပ်ကြောင်တော့ မဟုတ်ဘူးမလား... 


သူက ၄င်းကို ထိကြည့်လိုသော်လည်း ကြောင်မှာ မျောက်တစ်ကောင် ပူးနေသည့်အလား သူ့နားမှ ပြေးထွက်သွားလေသည်။


စွေ့ချီချောင်းမှာ ပြောင်းနှံစားပင်အတွက် စီစဉ်မှုများ ပြုလုပ်ပြီးကာ ဆားရှာရန် စတွေးလိုက်သည်။ သူက ဆားရှာရန်မည်မျှဝေးဝေး မောင်းသွားရမည်ကို မသေချာရာ သူ့စကူတာကို မောင်းသွားရန် တွေးသည်က သဘာဝ မကျပေ။ သူက စွေ့ဟူ၏ လေယာဉ်ကို သုံးရန်လို၏။ 


စွေ့ဟူ၏ လေယာဉ်မှာ အဏုမြူလောင်စာအမျိုးအစားတစ်ခုကို အသုံးပြုထား၍ ခရီးရှည်မောင်းနှင်မှုကို ထောက်ပံ့ပေးနိုင်သည်။ သူက ဤလူသူမဲ့ ဂြိုလ်ပေါ်သို့ ပထမဆုံး ရောက်လာသည့်အချိန်က တစ်ဝက်ကျော်ခန့်ကုန်သွားပြီ ဖြစ်သည်။ လေယာဉ်အား စိုက်ပျိုးရေးတစ်ခုတည်းသာ အသုံးပြုပါက နှစ်ပေါင်းများစွာ ခံသင့်သည်ပြောရန် ကျိုးကြောင်းဆီလျော်ပေသည်။ 


သို့သော် သူက ဤကျယ်ဝန်းသည့် ဒေသတွင် ဆားဒြပ်ထုကို အကြိမ်ကြိမ် ရှာလိုပါက လေယာဉ်ပေါ်တွင်  ရှာဖွေရေး ကိရိယာများကို အသုံးပြုရန် လိုအပ်ပြီး လောင်စာသုံးစွဲမှုက ပိုမြင့်လာပေမည်။ 


စွေ့ချီချောင်းက မြေပြင်ပေါ်တွင်ထိုင်ပြီး လေယာဉ်ကို မှီကာ အမည်မမှတ်မိသည့် ကြယ်များကို စိုက်ကြည့်နေလိုက်သည်။ 


စွေ့ဟူက တဖြည်းဖြည််း အနားကပ်လာသည်။

"ဝမ်းကွဲညီလေး... မင်း ထွက်ပြေးဖို့ တွေးနေတုန်းလား... ဒီရက်ပိုင်း ပျိုးကြဲရတာ အရမ်းခက်တယ်... ငါမင်းကို သီးသန့်နေဖို့ ဂြိုလ်အသေးလေးတစ်ခုရှာဖို့ အကြံပေးချင်တယ်... မင်းသာငါ့ကို လွတ်ပေးမယ်ဆိုရင် ငါမင်းအတွက် အလုပ်အကျွေးပြုမဲ့ လူတစ်ယောက်ရှာပေးပြီး လေယာဉ်လည်း ပေးလိုက်မယ်လေ...."


"ဝမ်းကွဲအစ်ကို... ငါဒီက ထွက်သွားမှာ မဟုတ်ဘူး..."

စွေ့ချီချောင်းက ခိုင်မာစွာ ဆိုလိုက်သည်။ 

ဒီကထွက်သွားရင် လယ်စိုက်ဖို့ ဒီလောက် မြေအကျယ်ကြီးကို ဘယ်က သွားရှာရမှာလဲ... စွေ့ဟူက လာနောက်နေတာလား...


သူ ထရပ်ကာ နောက်တစ်နေ့အတွက် အမှိုက်များ ကောက်လိုက်သည်။ 


စွေ့ဟူက မျက်ရည် ကျလုနီးပါးဖြစ်လာသည်။ စွေ့ချီချောင်း လှည့်လည်ရှာဖွေသည်ကို သူတွေ့သည်နှင့်ငိုချင်လာပေသည်။ 

ဝမ်းကွဲညီလေးက စိုက်ပျိုးရေး ပစ္စည်းတွေ ထပ်လုပ်ဖို့ ကြိုးစားနေတာတော့ မဟုတ်လောက်ဘူးမလား... ဒီလောက်ဆိုရင် သမ်းကွဲညီလေးက အသက်ရှင်ဖို့ လယ်စိုက်နေတာ မဟုတ်မှန်း သူသိလာပြီ... 


အမှန်တွင် စွေ့ချီချောင်းက မြေဩဇာအတွက် ပစ္စည်းအကြမ်းများနှင့် အမှိုက်များကို အဓိက ကောက်နေခြင်းသာဖြစ်သည်။ သို့သော် သူ့၏ ဒုတိယ ရည်ရွယ်ချက်မှာ Achette စုဆောင်းပစ္စည်းတစ်ခုကို စွေ့ဟူ၏ လေယာဉ်တွင် တပ်ဆင်ပြီး လေယာဉ်ကို အာကာသထဲသို့ မ'တင်ကာ ထိုနေရာတွင် ဆန့်ကျင်ဒြပ်များကို စုဆောင်း၊ ဆွဲထုတ်၊ ပြောင်းလဲကာ ဓာတုဒြပ်ပြုမှုတစ်ခုဖြစ်စေပြီး လေယာဉ်အတွက် စွမ်းအင်ပမာဏ အမြောက်အများကို ထုတ်လုပ်ပေမည့် အလိုအလျောက် စနစ်တစ်ခုကို ဒီဇိုင်းဆွဲရန် ဖြစ်သည်။ 


စွေ့ချီချောင်းပြောသည်ကို နားထောင်ပြီးနောက် စွေ့ဟူက ပါးစပ်မပိတ်နိုင်တော့ချေ။ 

"HJJကုမ္ပဏီက မင်းကို သူတို့ ကုမ္ပဏီကိုလာကြီးကြပ်ဖို့ ဘာလို့ မဖိတ်တာလဲ... မဟုတ်သေးဘူး... ဝမ်းကွဲညီလေး မင်းဘာလို့ စီးပွားတစ်ခု စမလုပ်တာလဲ... ငါမင်းကို ကူညီပေးမယ်လေ..."


သို့သော် စွေ့ချီချောင်းက သူ့ကို လျစ်လျူရှုကာ ဆက်ပြောလိုက်သည်။ 

"ဒီနည်းနဲ့ဆိုရင် ဆားဒြပ်ထုရှာနေတုန်း ငါတို့နားလို့ရတယ်... ပြီးတော့ တစ်ချိန်တည်းမှာ အပင်တွေကို အစောင့်မရှိပဲ ထားခဲ့ဖို့ စိတ်ပူစရာမလိုတော့ဘူး..."


စွေ့ဟူ၏ မျက်ရည်များက အမှန်တကယ်ပင် ကျဆင်းလာသည်။ 

မဟုတ်ဘူး... ငါ့ဝမ်းကွဲညီလေးက ဟင်းသီးဟင်းရွက်စိုက်ချင်တာပဲ ရှိတာ...


၄င်းက အလွန် စဉ်းစားရကြပ်စေ၏။ သူက သူ့ညီလေး ဤနေရာမှ အဘယ့်ကြောင့် မလွတ်မြောက်နိုင်သည်ကို အကြောင်းပြချက် တစ်ရာခန့်တွေ့ရှိခဲ့ပြီး နောက်ဆုံးတွင် အကုန်လုံးက မှားယွင်းနေလေသည်။ သူ့ညီလေးက အပိုပြောနေခြင်းမဟုတ်ဘဲ သူ့အပြုအမူများအရ ဤလူသူမဲ့ ဂြိုလ်ပေါ်တွင် စိုက်ပျိုးရေး လုပ်လိုခြင်းသာဖြစ်သည်ကို သက်သေပြနေပေသည်။


"ဟေး... ခဏလေး... မင်းရဲ့ စုဆောင်းပစ္စည်းက အချက်ပြရေးကို မဖုံးကွယ်နိုင်ဘူးလို့ ပြောတယ်မလား..."

စွေ့ဟူက ရုတ်တရက် တစ်ခုခုကိုတွေးမိကာ မေးလိုက်သည်။

"ဒီလောက်ပမာဏ ဆန့်ကျင်ဒြပ် စုဆောင်းရေးအတွက် သိသာတဲ့ အချက်ပြ သွေဖယ်မှု ရှိလောက်တယ်... အဲ့တော့ မင်းကို အလွယ်တကူ ရှာတွေ့သွားလောက်တယ်... မင်း မကြောက်ဘူးလား..."


စွေ့ဟူက ရပ်တန့်ပြီး ကြောင်တောင်တောင်ဖြင့် ဆိုလိုက်သည်။

"အိုး... မင်းက မကြောက်ဘူးပဲ..."


.....


စွေ့ချီချောင်းက ဆားရှာရန် ကြောင်ကို အပြင်ခေါ်သွားပြီး စွေ့ဟူကို သီးနှံများအား ဂရုစိုက်ရန် အာကာသစခန်းတွင် ဆက်ပြီးချန်ထားလိုက်သည်။ ဤတစ်ကြိမ်တွင် သူက အပြင်ကို ကြာမြင့်စွာထွက်ရန် ပြင်ဆင်ထားပြီး စွေ့ဟူကို လူလုပ်အလင်းအတွက် အချိန်မီ မီးဖွင့်ရန်၊ ငါးစာကျွေးရန်၊ ရေသွယ်ရန်၊ မြေဩဇာရောရန်၊ စသည်တို့ကို အကြိမ်ကြိမ်မှာခဲ့လိုက်သည်။ 


သူလုပ်ရန် လိုအပ်သည့် ပထမဆုံး အလုပ်အနည်းငယ်အတွက် ၄င်းက လွယ်ကူပေလိမ့်မည်။

စွေ့ဟူက ဒီလောက်အသက်ကြီးနေပြီကို မြေဩဇာတစ်ခါမှ မမွှေဖူးဘူး... မဟုတ်သေးဘူး... သူက မြေဩဇာကို မမြင်ဖူးသေးဘူး...


အတန်ကြာအောင် မြေဩဇာပုံပြီးနောက် အနံ့က နဂါးငွေ့တန်းတစ်ခုလုံးကိုပင် စိမ့်ဝင်နိုင်လောက်၏။ စွေ့ဟူက ထိုအနံ့ကြောင့် သေချင်နေပြီဖြစ်ရာ မွှေရမည်ဆိုလျှင် ပြောစရာကိုမလိုချေ။ 


စွေ့ချီချောင်းက စွေ့ဟူကို "မြေဩဇာတောင်မရောနိုင်ရင် မင်ဘာလုပ်ချင်လို့လဲ..."ဟူသော မျက်လုံးဖြင့် လှမ်းကြည့်လိုက်သည်။ 


စွေ့ဟူက စွေ့ချီချောင်း၏ အကြည့်နောက်မှ အဓိပ္ပာယ်မှာ သူကိုယ်တိုင် စိတ်ကူးထားသော်လည်း ၄င်းက သူ့ကို ရူးသွပ်စေပြီး သူ့ဝမ်းကွဲညီလေးက အဘယ့်ကြောင့် ထိုနည်းဖြင့် ကြည့်နေသည်ကို နားမလည်နိုင်ချေ။ 


A/B/O အသိုင်းအဝိုင်းတွင် အယ်လ်ဖာများက သဘာဝ ခေါင်းဆောင်များဖြစ်ပြီး ဘီတာများနှင့် အိုမီဂါများထဲမှ အထူးသဖြင့် အိုမီဂါများမှာ အယ်လ်ဖာများကို အလွယ်တကူ ရှုံးနိမ့်မည်ဖြစ်သည်။ ဝံပုလွေများက သူတို့၏ ခေါင်းဆောင်ဝံပုလွေကို လက်နက်ချရသည့် သဘာဝအတိုင်းပင်။ 


သို့သော် သူ့ဝမ်းကွဲညီလေးက သူ့ကို စူးစိုက်ကြည့်လာရာ သူက မနာခံဘဲ မနေနိုင်ချေ။ သူ့မျက်လုံးများထဲမှ အကြည့်က သူ့၏ အားနည်းခြင်းကို ရောင်ပြန်ဟပ်နေ၏။ သူ သတိပြန်ဝင်လာပြီးနောက် ခါးမတ်သွားသော်လည်း လွန်ခဲ့သည့် အချိန်ပိုင်းက ခံစားလိုက်ရသည့် အကြောက်တရားမှာ သူ့စိတ်ထဲတွင် ရှင်းလင်းနေပြီး အတုအယောင် မဖြစ်နိုင်ပေ။ 


ဒီဝမ်းကွဲညီလေးရဲ့နောက်ကွယ်က အရမ်း သန်မာနေရတဲ့ အကြောင်းပြချက်က ဘာလဲ...  ဝမ်းကွဲညီလေးက အယ်လ်ဖာနဲ့ အိုမီဂါလိင်အမျိုးအစား နှစ်ခုလုံးပါတဲ့ ဒွိလိင်တော့ မဟုတ်လောက်ဘူး မဟုတ်လား...


စွေ့ဟူက ၄င်းကို တွေးတောလိုက်သည်။ မည်သို့ပင်ဆိုစေ သူ့ဘဝတွင် စွေ့ချီချောင်းကဲ့သို့ အိုမီဂါတစ်ဦးနှင့် တစ်ခါမှ မတွေ့ခဲ့ဖူးချေ။ 

စက်တွေ လုပ်တဲ့နေရာမှာ သူ့စွမ်းဆောင်ရည်ကလည်း ရှားပါး ပါရမီတစ်ခုလို့ ပြောလို့ရပေမဲ့ သူ့ရဲ့ ခေါင်းဆောင် စိတ်ဓာတ်ကြီးက ဘာကြီးလဲ....


ချုံပြောရသော် စွေ့ဟူက စွေ့ချီချောင်း သူ့အား စိုက်ကြည့်သည့်အခါ ပြန်ပင် မတုံ့ပြန်ဝံ့ချေ။ သူက အာကာသ စခန်းတွင် ရိုးရိုးသားသား နေခဲ့ပြီး လေယာဉ်ဆီသို့ သူ့အခြေအနေကို အချိန်တိုင်း စာပို့နေလိုက်သည်။ 


စွေ့ချီချောင်းက အာကသစခန်းကို ဗဟိုဟု ယူကာ ပတ်ပတ်လည်ကို ရှာဖွေလိုက်သည်။ လေယာဉ်ပေါ်ရှိ ရှာဖွေရေး ကိရိယာများကို အသုံးပြုကာ ငါးရက်ခန့်ကြာပြီးနောက် သူက ဆားတည်ရှိမှုကို အောင်အောင်မြင်မြင် ခြေရာခံနိုင်ခဲ့၏။ သူက ဆားပါဝင်မှု ၅ရာခိုင်နှုန်းထက်ပိုသော အရည်တွင်းထွက်တစ်ခုကို တွေ့ရှိခဲ့သည်။ ၄င်းမှာ ဆားရည်နှင့် ဆားကန်ဖြစ်သည်။ 


ဤနေရာတွင် ယခုက မိုးရာသီဖြစ်နေရာ ရေကန်က သတ္ထုများ ကြွယ်ဝနေပြီး အတန်ပင် ပြာလဲ့နေသည်။ ၄င်းကို အဖြူရောင် ဆားတန်းကြီးတစ်ခုကို ဝန်းရံထားပြီး ရွံ့များသည်ပင် ဆားများအပြည့်နှင့်ဖြစ်နေ၏။ 


စွေ့ချီချောင်းက လေယာဉ်ကို ရေကန်ဘေးတွင် ဆင်းသက်လိုက်သည်။ သူလေယာဉ်ထဲမှ ထွက်လိုက်သည်နှင့် လေထဲတွင် သိပ်သည်းလှသော ဆားကို အနံ့ရ၏။ ရှောင်ပိုင်၏ နှာခေါင်းက ရှုံ့တွသွားပြီး နှာချေလိုက်သည်။

"ဟက်ချိုး..."


စွေ့ချီချောင်းက ရေအနည်းငယ်ခပ်ကာ လေယာဉ်ပေါ်သို့တင်ပြီး ပါဝင်မှုကို အသေးစိတ် လေ့လာလိုက်သည်။ ကန်ရေက ခြောက်သွားပြီးနောက် ဆားခဲများစွာ ဖြစ်ပေါ်လာသည်။ ဤကဲ့သို့ ဆားမျိုးမှာ ဆားကြမ်းဖြစ်ပြီး စွေ့ချီချောင်းက ၄င်းကို ပြန်ယူသွားကာ စားသုံးနိုင်သည့် ဆားရအောင် သန့်စင်၍ရသည်။ 


စစ်ဆေးချက် ရလဒ်များမှာ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် စွေ့ချီချောင်းက ထိုဆားခဲများကို စတင်ယူဆောင်လိုက်သည်။ 


ဤဆားကန်ထဲတွင် ယခင်က သတ္ထုထူးဖော်ခြင်း ပြုလုပ်ခဲ့ဟန် မရှိချေ။ သူက များစွာယူကာ ရေကန်ကို မြေဧရိယာအကျယ်ကြီး ပေးနိုင်၏။ သူ ဆားကြမ်းများ စုဆောင်းပြီးနောက် ဆားများ ယူလာခဲ့သည့် ကုန်းမြေ၏ ပထမအပိုင်းမှာ ဆားခဲများ ထပ်မံ ပေါ်လာမည်ဟု တွက်ဆမိသည်။ 


ဆားကြမ်းက တိုက်စားတတ်၍ စွေ့ချီချောင်းက သူ့အရေပြားကို ထိတွေ့မှုမှ ကာကွယ်ရန် အဝတ်စတစ်ခုဖြင့် ပတ်ကာ ၄င်းတို့ကို စုဆောင်းလိုက်သည်။ သူက လေယာဉ် နေရာလပ်တစ်ခုလုံး ပြည့်သွားသည်အထိ မရပ်ပေ။ သူ ၂ရက်တိုင်တိုင် အပင်ပန်းမရှိ အလုပ်လုပ်ခဲ့ရာ ကောင်းကောင်း စုဆောင်းနိုင်လိုက်သည်။


အပြန်လမ်းတွင် စွေ့ချီချောင်းက ဆက်သွယ်ရေး အချက်ပြမီးလင်းနေသည်ကို တွေ့လိုက်သည်။ ၄င်းမှာ တစ်စုံတစ်ယောက်က စွေ့ဟူကို ဆက်သွယ်ရန် ကြိုးစားနေခြင်း ဖြစ်ပေမည်။

သူက သေချာပေါက် လစ်လျူရှုလိုက်တာပေါ့...


တခြား တစ်ဖက်တွင် စွေ့ဟူက အလုပ်ကြိုးစားပြီး သူ့မိသားစုထံမှ စာတစ်စောင် လက်ခံရလာသည်။ ကြည့်ရသည်မှာ သူ့မိသားစုက သူ့ကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ပြန်စာမရခဲ့ပုံပင်။ သူတို့က နောက်ဆုံးတွင် သံသယဝင်လာ၍ စွေ့ချီချောင်းထံ စာတစ်စောင်ပို့ကာ သူနှင့်ဆိုင်လားကို အတည်ပြုပြီး နောက်ထပ်လူ၂ယောက်ထပ်လွှတ်လိုက်မည်ဟု ပြောထားသည်။ 


စွေ့မိသားစုမှာ စွေ့ဟူပြန်ပေးဆွဲခံရသည်ဟု လုံးဝ သံသယမဝင်ခဲ့ပေ။ သူတို့ အတွေးထဲတွင် စွေ့ဟူက တစ်ယောက်တည်း အန္တရာယ် ကြုံနေခြင်း သို့မဟုတ် စွေ့ဟူက စွေ့ချီချောင်းနှင့်အတူ အန္တရာယ်နှင့် ကြုံတွေ့နေခြင်းသာ....


မဟုတ်ဘူး... အန္တရာယ်က ငါ့ဝမ်းကွဲညီလေးဆီကပဲ... ဘာလို့ လူ၂ယောက်တည်းလဲ... လူ၂၀၀ ပို့လိုက်တာ ပိုကောင်းတယ်...


စွေ့ဟူက ပြသနေသည့် ဖန်သားပြင်ကို ဆွဲကာ ၄င်းကို ခါယမ်းပစ်လိုပြီး စိတ်ထဲတွင်အကြီးအကျယ် လဲပြိုနေသည်။ အာကာသစခန်းမှာ လူများကို အကျဉ်းချရန် တည်ဆောက်ထားခြင်းဖြစ်သည်။ သာမန်အခြေအနေများအောက်တွင် ၄င်းက အိမ်မှ သတင်းများကိုသာ လက်ခံနိုင်ပြီး တစ်စုံတစ်ယောက်က သူတို့ အိမ်သို့ စာပို့လိုပါက သတင်းအတိအကျကိုသာ ပို့နိုင်၏။ ဥပမာအနေဖြင့် "ငါအရှုံးပေးပါပြီ... ငါအိမ်ပြန်ပြီး လက်ထပ်ချင်တယ်" ဟူ၍သာဖြစ်သည်။ သို့သော် ၄င်းမှာ စွေ့ချီချောင်းသာသိသော စကားဝှက်လို၏။ 


စွေ့ဟူက အလွန်စိတ်မအေးဖြစ်နေပြီး သူ့နားရွက်များနှင့် ပါးများကို ကုတ်ခြစ်နေသည်။ နောက်ဆုံးတွင် သူက ဖန်သားပြင်ကို ကိုင်ထားပြီး ငြိမ်းချမ်းသော အပြုံးတစ်ခုသာ ပြသလိုက်သည်။ 

ထားလိုက်ပါတော့... အဆိုးဆုံးကတော့ လူ၂ယောက် ထပ်ရောက်လာပြီး သူလုပ်နေရတဲ့ လယ်ကွင်းအလုပ်တွေကို ကူပေးတာပဲ ရှိမှာပါ...


......


စွေ့ချီချောင်းပြန်လာပြီးနောက် သူက လေယာဉ်ကိုရပ်ကာ မြေဆီလွှာနှင့် မြေဩဇာ အစိုဓာတ်ကို စစ်ဆေးလိုက်ပြီး အာကာသစခန်းထဲ ဝင်လာလိုက်သည်။ 

"ဝမ်းကွဲအစ်ကို... ကြမ်းပေါ်မှာ ထိုင်ပြီး ဘာလုပ်နေတာလဲ..."


"ငါ ငါတို့မိသားစုဆီက စာတစ်ဆောင်ရတယ်... သူတို့က ငါတို့ အန္တရာယ်ဖြစ်နေမှာ ကြောက်လို့ တစ်ယောက်ယောက်ကို ထပ်ပို့ပေးမယ်တဲ့..."

စွေ့ဟူမှာ သူတို့ မိသားစုက ၂ဦးစလုံးကို ဆက်သွယ်ပြီး ဖြစ်ရာ သူ့ဝမ်းကွဲညီလေးက ထိုသတင်းကို လက်ခံပြီးဖြစ်သည်ဟု တွေးလိုက်သည်။ သူ့ ၄င်းကို ဖုံးကွယ်ထားရန် မလိုပေ။ 


စွေ့ချီချောင်းက အသေအချာ ဆိုလိုက်သည်။

"အိုး... ငါလည်း အပြန်လမ်းမှာ အဲ့စာရတယ်..."

သူ့စာက သူတို့ အခြားတစ်ယောက်ကို ပို့လိုက်မည်ဟု မပြောခြင်းသာ ရှိ၏။ 


ထို့နောက် စွေ့ဟူက သူ့ ဝမ်းကွဲညီလေး မည်သို့ တုံ့ပြန်မည်ကို တွေးလိုက်သည်။ စွေ့ချီချောင်းက လုံးဝ ဂရုမစိုက်သော်လည်း ဆိုလိုက်သည်။

"ဝမ်းကွဲ အစ်ကို၊ စတုရန်း၊ စက်ဝိုင်းနဲ့ ပိုက်သာဂိုးရပ်... ဆားတွေ ရွေ့ဖို့ ငါ့ကို ကူပေးဦး... ငါ ဆားကြမ်း နည်းနည်း ပြန်သယ်လာတယ်..."


စွေ့ဟူက သူက ယခုတွင် စတုရန်း၊ စက်ဝိုင်းနှင့် ပိုက်သာဂိုးရပ်တို့နှင့် လူမှုအဆင့်အတန်း ထပ်တူဖြစ်သွားသည်ကို တွေးမိကာ ဝမ်းနည်းစွာ ပြုံးလိုက်သည်။ 


ရှောင်ပိုင် - "မြှောင်...."


စွေ့ချီချောင်းက ၄င်းကို နားလည်ပုံရပြီး ဆိုလိုက်သည်။

"မင်းက တစ်နေ့လုံး အလုပ်ရှုပ်နေတာ... ဒီမှာနေပြီး နားနေနော်..."


စွေ့ဟူက ထပ်မံတွေးကာ သူရရှိသော ဆက်ဆံမှုက ကြောင်တစ်ကောင်ထက်ပင် ဆိုးဝါးနေသည်ဟု ထပ်မံ ခံစားလိုက်ရသည်။ 


ရှောင်ပိုင်က စတုရန်း၏ ခေါင်းပေါ်သို့ ခုန်တက်လိုက်သည်။ ၄င်းက အရူးကောင် စွေ့ဟူထက် များစွာ ပိုတော်သည်ဟု ခံစားရ၍ လိုက်သွားရန် ခေါင်းမာနေ၏။ စွေ့ဟူက အလုပ်အနည်းငယ်လုပ်ရသည့်အခါ အမြဲတမ်း ညည်းညူနေသည်။ 

ဒီနှစ်တွေထဲမှာ ရှောင်ပိုင်က ဝက်တွေ၊ ဘဲတွေကို ကျောင်းနေခဲ့တာလေ...  တစ်ခုခုများ ပြောလို့လား...


—— ပျင်းရိမှုအရာတွင် သူ့၌ ယခုအချိန်တွင် ပြိုင်ဘက်တစ်ဦးရှိနေပြီဖြစ်ရာ ရှောင်ပိုင်က သူ့အရည်အချင်းများကို ပို၍ ပြသလို၏။ 


စိတ်ထဲတွင် အော်ဟစ်နေကြသော စက်ရုပ်၃ရုပ် - ငါတို့က မင်းကို အလုပ်ကူလုပ်ပေးပြီး ဆားတွေ သယ်ပေးလို့မရဘူး....


သန့်စင်ခြင်းလုပ်ငန်းမှာ လက်မဝင်ချေ။ လျှပ်စစ် မီးဖိုတစ်ခုပြုလုပ်ကာ အပူကို ဆားကြမ်းခဲများ ပျော်ကျအောင် သုံးပြီး အအေးခံ၍ ပြန်ပြီး အခဲပြန်ခံကာ အညစ်အကြေးများကို ခွဲထုတ်ပြီး စားနိုင်သော ဆားအဖြစ် ပြန်လည်သန့်စင်ရသည်။ နောက်ဆုံးတွင် ရရှိသော ပမာဏက အတန်ပင်များကာ သန့်စင်ပြီးဆား ၆၀ ကီလိုဂရမ်နီးပါးကို ပြင်ဆင်ပြီး ဖြစ်သွားသည်။ 


စွေ့ဟူက K921လက်နက်များကို မည်သို့ ပြုပြင်ရမည်ကို မသိသော်လည်း ဆားသန့်စင်ခြင်း နည်းလမ်းများကို သိပေ၏။ သူ ဆားများကို အိတ်ထဲထည့်နေစဉ်တွင် စိတ်ထဲ၌ တွေးတောလိုက်သည်မှာ သူဤနေရာတွင် အချိန်ကြာကြာနေပါက သူ့အသက်ရှင်နိုင်နှုန်းမှာ ကြမ်းတမ်းလာပြီး သေချာပေါက် တိုးတက်လာမည်ဟုပင်။ 


စွေ့ချီချောင်းက အနည်းငယ် ကျေနပ်နေ၏။

"ဝမ်းကွဲအစ်ကိုက ပျိုးမကြဲနိုင်ပေမဲ့ ဒီအလုပ်လုပ်တဲ့နေရာမှာတော့ တိကျသားပဲ..."


"ဝမ်းသာပါတယ်..."

စွေ့ဟူက သူချီးကျူးခံရပြီးနောက် တုံ့ပြန်လိုက်သည်။


ဘာများဂုဏ်ယူစရာ ရှိလို့လဲ...



🍀🍀🍀