Chapter 101
အိမ်တော်၏ တံခါးအတွင်းထဲသို့ရောက်သောအခါ၊ ပန်းမိသားစု၏အစေခံက အမျိုးသမီးနှစ်ဦးအား ခေါ်လာသည်ကိုတွေ့လိုက်ရသည်။ ဤအမျိုးသမီးနှစ်ဦးသည် ပန်းမိသားစု၏ ကျေးကျွန်များနှင့်မတူသလို တခြားမိသားစု၏ သခင်မလေးများနှင့်လည်း မတူကြပေ။
"မင်္ဂလာပါ သခင်ကြီး"
ပုံပြင်ပြောသူ အမျိုးသမီး နှစ်ယောက်က ပန်းဟွိုက်၏နောက်တွင် အခြားလူတစ်ယောက်ရှိနေသည်ကို တွေ့သောအခါ ဦးညွှတ်ကာ အရိုအသေပေး၍ ထွက်သွားကြသည်။
"ဒါတွေက ငါတို့မိသားစုက မွေးမြူထားတဲ့ ပုံပြင်ပြောသူတွေပဲ၊ ပုံမှန်အားဖြင့်တော့ ငါတို့က သူတို့ကို အပျော်သဘောနဲ့ ခေါ်ထားတတ်တာ" ပန်းဟွိုက်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြော၏။
ပန်းဟွာက ဇာတ်လမ်းများ နားထောင်ရသည်ကို သဘောကျသည့်အကြောင်း ပြောဖူးသည်ကို သတိရပြီး ရုံရှား ပြုံးရင်းဆိုလိုက်သည်။
"ကောင်းပါတယ်"
ပန်းမိသားစုသည် ပုံပြင်ပြောသူများအား ခန့်အပ်ထားကြောင်း သူ,သိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူတို့နှင့် ရင်းနှီးပြီးမှသာ ပန်းမိသားစုသည် ပေါ့ပေါ့ပါးပါး ဘဝဖြင့်သာ နေထိုင်ကြောင်း သိရသည်။ထို့အပြင် လူတော်တော်များများ မနာလိုဖြစ်လောက်အောင် ကောင်းမွန်သာလွန်သောဘဝမျိုးမှာ နေထိုင်ကြရတာပင်။
"အဖေ၊ မြို့စားမင်းရုံ....."
ပန်းဟမ်က သူတို့ကို နှုတ်ဆက်ဖို့ ထွက်လာသည်။ ပန်းဟွိုက် နေကောင်းနေသောကြောင့် သူ သက်ပြင်းတစ်ချက်ချလိုက်မိ၏။ မနက်စောစောကတည်းက သူ့အဖေကို နန်းတော်ထဲက တစ်ယောက်ယောက်မှ လာခေါ်သွားပြီး ဘာသတင်းမှ မကြားရချေ။
ခြံဝင်းအပြင်ဘက်တွင် လက်ဖက်ရည်နှင့် အဆာပြေမုန့်များ စားရာ ထိုင်ခုံ၊စားပွဲများရှိသည်။ ယင်းရှစ်နှင့် ပန်းဟွာ တို့သည် စားပွဲတွင် ထိုင်ကြသည်။ ရုံရှားက ယင်းရှစ်ကို နှုတ်ဆက်ဖို့ ထွက်လာပြီး လမ်းမှာ သူဝယ်လာသည့် လက်ဆောင်များကို ပေးလိုက်သည်။
ယင်းရှစ်က ပြုံးပြီး ရုံရှားအား ထိုင်ခိုင်းလိုက်ကာ...
"ငါတို့မိသားစုက လက်ဆောင်တွေ ဘာတွေကို ဂရုမစိုက်တတ်ပါဘူး၊နောက်တစ်ခါ ဘာမှမယူလာပါနဲ့နော်"
"ရပါတယ်၊သိပ်လည်း အဖိုးတန်တဲ့အရာလည်း မဟုတ်ပါဘူး" ရုံရှားက ပန်းဟွာ ကို ရံဖန်ရံခါ မျက်လုံးထောင့်ကနေ စိုက်ကြည့်ရင်း "စိတ်ဝင်စားဖို့ကောင်းလို့ဝယ်လာပါပဲ၊အားလုံး စမ်းသုံးကြည့်လို့ ရလို့ပါ"
ပန်းဟမ် သက်မတစ်ချက်ရှိုက်လိုက်သည်။ရုံရှားပြောတဲ့ အားလုံးဆိုတဲ့အထဲမှာ သူ့အစ်မပဲ ပါနေတာမဟုတ်လား။ ဒီလို ပစ္စည်းကို သူ့အစ်မလို မိန်းကလေးမျိုးကိုပဲ ပေးရတာလေ၊...သူလည်း ယောက်ျားပဲ၊ ဒါတွေကို မရိပ်မိဘဲနေမလား...
ယင်းရှစ်သည် ရုံရှား၏ အတွေးများကို ခန့်မှန်းမိသလိုမျိုး ရုံရှားကို ထိုင်ခိုင်းသည်။ " ကျေးဇူးတင်ပါတယ်ကွယ်"
ရုံရှားက ခေါင်းခါလိုက်သည်။ "အန်တီက ကျွန်တော့်ကို အပြင်လူလိုမျိုး ဆက်ဆံနေတာလား"
ပန်းဟမ်ကတော့ ခေါင်းငုံ့ပြီး လက်ထဲမှ လက်ဖက်ရည်ခွက်နှင့် ကစားနေတော့သည်။ထိုစဉ် ပန်းဟွိုက်က သူ့ဗိုက်ကို ပွတ်သပ်လိုက်ရင်း
"အခုက နေ့လည်စာစားချိန်မဟုတ်လား၊မနက်စောစော အိပ်ရာက ထသွားရလို့ ငါ အဆာပြေတောင် မစားခဲ့ရဘူး"
"ရပါတယ်၊ နေ့လည်စာ အဆင်သင့်ဖြစ်နေပါပြီ"
ယင်းရှစ်က ပြောရင်းဆိုရင်း အစေခံများအား လက်ဆေးဖို့ ပြင်ဆင်ခိုင်းလိုက်၏။
"မြို့စားမင်းရုံ ၊ ဒီနေ့ ရာသီဥတု သာယာတယ်၊ပန်းခြံထဲမှာ နေ့လည်စာ စားရင် ဘယ်လိုလဲ"
သူမက လက်ကိုဆေးကြောသန့်စင်ပြီး ရုံရှားကို မေးလိုက်သည်။
ရုံရှားက ကမန်းကတန်း ခေါင်းညိတ်လိုက်ပြီး "အိမ်ခြံဝင်းက အရမ်းလှတာပဲ၊ဒီမှာစားရမယ်ဆို စိတ်အေးလက်အေးလည်းရှိမယ်နော်၊ အရီးတော်ကိုပဲ ပြင်ဆင်ဖို့ ပြောရတော့မှာပဲ၊ ဒုက္ခများစေမိလို့ တောင်းပန်ပါတယ်"
"ရပါတယ်၊ ကိစ္စမရှိပါဘူး"
မကြာမီ ဟင်းလျာများ ရောက်လာသည်။ဟင်းလျာတိုင်းက ပေါ့ပေါ့ပါးပါးနှင့် အစပ်၊အငံ၊အချို စသည်ဖြင့် အမည်စုံလင်လှ၏။ ပန်းမိသားစုက အများကြီးမစားသော်လည်း အရသာကိုအတော်အလေးထားကြောင်း ရုံရှား တွေ့ရှိခဲ့၏။
ထို့အပြင် ပန်းမိသားစုသည် စားသောက်နေစဉ်အတွင်း အစေခံများအားခေါ်ထား၍ ခိုင်းသည်ဟူ၍မရှိ။ အစာစားနေစဉ် စကားမပြောရဆိုသည့် စည်းကမ်းကိုလည်း သိပ်ဂရုမစိုက်ကြပေ။ ဘာမှ ပြောစရာမရှိလျှင် အိမ်နီးနားချင်းများကိုတောင် အတင်းအဖျင်းပြောကြသည်။ယခင်တစ်ခါ သူ ထမင်းစားစဥ်က ပန်းမိသားစု၏ ပုံစံက တခမ်းတနားနိုင်လှသည်။ယခုမှသာ သူတို့၏ ဇာတိရုပ်ကို ထုတ်ဖော်လိုက်ခြင်းပင်။
သူတို့စကားကို နားထောင်ရင်း၊ ဘယ်မိသားစု၏ ယောက္ခမက ချွေးမကို ညှဉ်းပန်းနှိပ်စက်ကြပြီး၊ ဘယ်မိသားစု၏ သားက အိမ်ထောင်ရေးဖောက်ပြန်နေမှန်း စသည်ဖြင့် အစုံအလင် သိလိုက်ရသည်။ယခု သူတို့ပြောသည့်အကြောင်းအရာများသည် သူ နောက်ဆုံးတစ်ခါ ရောက်လာသည့်အချိန်ထက် ပို၍ပင် တုန်လှုပ်စရာ ကောင်းအောင် သတင်းစုံနေ၏။ပန်းမိသားစုသည် ပျင်းသောအခါတိုင်း ထို အကြောင်းအရာများကိုသာ မကြာခဏ နားထောင်စူးစမ်းလေ့ရှိသည်ကို တွေ့နိုင်သည်။
"တူတော်...."
စားသောက်ပြီးသောအခါတွင် ပန်းဟွိုက်သည် ရုံရှားအား အစာခြေလက်ဖက်ရည်တစ်ခွက် ပေးသည်။
"ငါတို့ မိသားစုဝင်တွေက ဒီလိုမျိုး ပြောရတာတွေကြိုက်ကြတာ၊မင်းရှေ့မှာ ငါတို့ စည်းမစောင့်သလိုဖြစ်သွားတယ်"
ရုံရှား မျက်ခုံးများကို ဖြေလျှော့လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များသည် အပြုံးတစ်ခုအဖြစ်သို့ ကွေးညွတ်သွားသည်။
"မဟုတ်ပါဘူး၊ရပါတယ်"
ပန်းမိသားစုသည် လူစိမ်းများအား ရင်းနှီးလက်ခံလာသည့်အခါ သူတို့၏ဇာတိရုပ်ကို မဖုံးကွယ်တော့။ဆိုလိုသည်က ပန်းမိသားစုက သူ့ကို မိသားစုဝင်အဖြစ် တန်ဖိုးထားလိုက်ခြင်းပင်။ပန်းဟွိုက် လက်ဖက်ရည်တစ်ငုံသောက်ပြီး ရုံရှားကို ပြုံးကြည့်နေကာ ဘာမှ မပြောချေ။
"ကျွန်တော့်မှာ မိသားစုဝင်ရယ်လို့မရှိဘူး၊ သက်ကြီးရွယ်အိုလည်း မရှိ၊သားသမီးလည်း မရှိ၊ တူသားမောင်မယ်တောင် မရှိပါဘူး၊အခုလို ဦးရီးတော်တို့ မိသားစုနဲ့ အတူတူ စားပွဲတစ်ခုတည်းမှာစားရတာက ကျွန်တော့်အတွက် သိပ်ပျော်စရာကောင်းနေပါပြီ"
ပြောရင်း ရုံရှားက ပန်းဟွာကို လှည့်ကြည့်လိုက်ပြီး "နောင်ကျရင် ကျွန်တော်တို့လက်ထပ်တဲ့အခါ ဦးရီးတော် စိတ်မဆိုးရင် ထမင်းစားဖို့ ကျွင်းကျူးကိုညဒီအိမ်တော်ဆီ ပြန်ခေါ်လာပါ့မယ်"
"ပြန်လာခဲ့ပါကွယ်၊ရပါတယ်"
ပန်းဟွိုက်က ကြည်နူးစွာပြုံး၍ ပြောလာတာကြောင့် သူသည် ရုံရှား၏ အိမ်ထောင်ရေးနှင့်ပတ်သက်၍ ငြင်းဆိုမည့်ပုံမပေါ်ပေ။
"မင်းတို့ လက်ထပ်ပြီးရင် မင်းတို့နှစ်ယောက်တည်းဆိုတော့အိမ်ကြီးထဲမှာ အေးစက်နေမှာပဲ၊ ဒီက အိမ်ဝင်းကို မင်းတို့အတွက် အမြဲသီးသန့်ထားပေးမယ်၊ မင်းတို့ကြိုက်တဲ့ အချိန်တိုင်း ပြန်လာနိုင်တယ်"
"သခင်ကြီး...."
ပန်းဟွိုက်သည် စကားအနည်းငယ်ပြောရုံမျှဖြင့် သမီးဖြစ်သူအား ရုံရှားလက်ထဲသို့ ထည့်ပေးမည်ဟု ယင်းရှစ် မထင်ထားပေ။ သူမ လက်ထဲက လက်ဖက်ရည်ခွက်အဖုံးကို ကုတ်ခြစ်လိုက်သည်။
"ဟွာဟွာ နဲ့ မြို့စားမင်းရုံတို့ရဲ့ အိမ်ထောင်ရေးကိုသေသေချာချာ မသတ်မှတ်ရသေးပါဘူး၊ဒီကိစ္စကို ပြောဖို့ စောလွန်းပါတယ်"
"ဟုတ်တာပေါ့၊ ဟုတ်တယ်နော်"
ပန်းဟွိုက်သည် စောစောက သူ့စကားကိုပင် မေ့သွားသလိုမျိုး အကြိမ်ကြိမ် ခေါင်းညိတ်ရင်း ပြန် ဖြေသည်။ယင်းရှစ်ရှေမှာဆိုလျှင် သူက ဘာမှတတ်နိုင်သည်မဟုတ်ချေ။
ရုံရှား သူတို့နှစ်ယောက်ကို မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်သည်။
"ဒီလိုပြောရတာ နည်းနည်း ရိုင်းစိုင်းတယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမယ့် ကျွန်တော် ပြောရမှာပါ၊ဧကရာဇ်ရဲ့ ကျန်းမာရေးက တနေ့တခြား ယိုယွင်းလာပါတယ်၊အိမ်ရှေ့စံရဲ့ အကျင့်စရိုက်က သိပ်အားနည်း ပျော့ညံ့တယ်၊ ဒုတိယ မင်းသားကလည်း ရည်မှန်းချက်သိပ်ကြီးသူ ဖြစ်လို့ မြို့တော်မှာ မငြိမ်မသက်ဖြစ်မှာကို ကျွန်တော် စိုးရိမ်မိပါတယ်"
ပန်းမိသားစု- 'ဟုတ်တယ်၊ ပရမ်းပတာဖြစ်ရုံသာမကဘူး၊ မင်းဆက်အပြောင်းအလဲလည်း ရှိလာမယ်'
ယခုလိုပြောလိုက်ပါက၊ပန်းမိသားစုသည် ပြူးပြာသွားကာ ထိတ်လန့်နေလိမ့်မည်ဟု ရုံရှား ထင်ခဲ့သည်။ သို့သော် သူ့စကား ဆုံးသောအခါ ပန်းမိသားစုဝင်များ၏ 'ဒီတော့ဘာဖြစ်လဲ' ဆိုသည့် အမူအရာမျိုးသာ ဖြစ်နေသည်ကို တွေ့ရ၏။
"ဦးရီးတော်ရဲ့ အဆင့်အတန်းက မြင့်မားပါတယ်၊ကျွန်တော့်အထင် ဦးရီးတော်တို့မိသားစုကို တစ်ယောက်ယောက် လာရှုပ်မှာလို့ ထင်နေမိပါတယ်၊ ဦးရီးတော်တို့ အမြဲ သတိထားပါ"
ပန်းဟွိုက် ခေါင်းညိတ်လိုက်သည်။
"သတိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"
“နောက်နှစ် နွေဦးရာသီစပြီးနောက်မှာ ထူးထူးခြားခြား နေ့ထူးနေ့မြတ်တစ်ခု ရောက်လာမှာပါ၊အဲ့ဒီရက်မြတ်ကျရင် ကျွင်းကျူးကိုလက်ထပ်ဖို့ ကျွန်တော် တကယ်ကို ဆန္ဒရှိပါတယ်၊အမြန်ဆုံး မင်္ဂလာရက်သတ်မှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ တကယ်လို့ ဧကရာဇ်ကသာ...မဟုတ်ပါဘူး၊ နောက်ဆို ပြဿနာတွေ အကျယ်အကျယ်ဖြစ်လာမှာကို စိုးရိမ်မိတာကြောင့်ပါ"
ပန်းဟွိုက် မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး ရုံရှားကို ကြည့်လိုက်သည်။ ဟင်း...မင်း ပြောချင်တဲ့ တကယ့် အကြောင်းရင်းက နောက်ဆုံးတော့ ဒီမှာဘဲလား...။
ပန်းဟွိုက် နှင့် ယင်းရှစ်တို့သည် ထိုစကားကိုကြားသောအခါ ချက်ချင်းငြင်းဆိုခြင်းမရှိပေ။ အထူးသဖြင့် ယင်းရှစ်၏ မျက်နှာက တွေးတောနေဟန် ရှိသည်။ ခဏအကြာတွင် သူမက ပန်းဟွာကိုကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။
"မြို့စားမင်းရုံ မသိတာတစ်ခုရှိတယ်၊ငါတို့မိသားစုက တစ်ခါမှ ကျင့်ဝတ်တွေကို ဂရုမစိုက်ဖူးဘူး၊ မင်းနဲ့ ငါ့သမီး လက်ထပ်မယ့်ကိစ္စက တကယ့်ကိစ္စကြီးပဲ၊ဒါပေမဲ့ ဒီကိစ္စကို ငါတို့တစ်ယောက်တည်း ဆုံးဖြတ်ရတာမဟုတ်ပါဘူး"
သူမ၏ အထင်အရ ပန်းဟွာသည် ရုံရှားကိုလက်ထပ်သည့်အတွက် အကျိုးကျေးဇူးများစွာရှိသည်။ ပထမအချက်က ရိုးရှင်းလှသည်။ပန်းဟွာ အိမ်ထောင်ပြုပြီးနောက်မှာ ယောက္ခမနှင့် ချွေးမကြား ဖြစ်တတ်သော အသေးအဖွဲကိစ္စများအတွက် သူမ စိတ်ပူနေစရာ မလိုချေ။ရုံရှားတွင် အုပ်ထိန်းသူမိဘ မရှိသောကြောင့် စည်းကမ်းများကို သိပ်ဂရုမစိုက်၍လည်းဖြစ်သည်။ ထို့ကြောင့် ပန်းဟွာသည် ယောက္ခမကို နှုတ်ဆက်၍ ထမင်းပွဲပြင်ဆင်ရန် မနက်စောစောထရန် မလိုအပ်ချေ။သူမ ပိုးလိုတယုတယမွေးခဲ့ရသော သမီးဖြစ်သူသည် အိမ်မှုကိစ္စမကျွမ်းကျင်တာကြောင့် တခြားမိသားစုနှင့်သာ အိမ်ထောင်ကျလျှင် ဒုက္ခရောက်နိုင်မည်။ သူမ ဘယ်လိုလုပ် သက်တောင့်သက်သာ နေနိုင်မလဲ။
ထို့အပြင် သူမသည် ရုံရှားကို ယခုမှပင် သတိပြုမိလာသည်။ သူသည် စိတ်ထားကောင်းပြီး စိတ်သဘောထား ကျယ်ပြန့်သူပင်။သူမ၏ သမီးဖြစ်သူပင် အနည်းငယ်ဆိုးချင်သေးသည်။ စိတ်ထားကောင်းသူနှင့် အိမ်ထောင်ပြုလျှင် ပန်းဟွာ၏ ဘဝက ပိုအဆင်ပြေပြီး ပျော်စရာကောင်းမှာဖြစ်၏။ အိမ်ထောင်ကျပြီးတဲ့အခါ လင်မယားတွေ နေ့တိုင်း ဒေါသထွက်နေကြရင် အိမ်ထောင်ပြုပြီးရင် ဘဝမှာ ဘယ်လို ပျော်ရွှင်မှုတွေ ရှိမှာလဲ။
အရေးအကြီးဆုံးက ရုံရှားသည် ပန်းဟွာ၏စိတ်နေစိတ်ထားနှင့် ဝါသနာများကို ရှင်းရှင်းလင်းလင်း နားလည်နေခြင်းပင်။ တစ်ခါတစ်ရံတွင် သူ ဟွာဟွာကို ကြည့်သောအကြည့်က ပြောမပြနိုင်အောင်ပင် နူးညံ့လှပေ၏။
မိခင်တစ်ယောက်အနေဖြင့် ယင်းရှစ် အရာများစွာကို လိုချင်မိသည်။သို့သော်လည်း မိဘများ လိုချင်သည့် တစ်ခုတည်းသောဆန္ဒက သားသမီးများ ကောင်းမွန်သည့် ဘဝမှာ နေထိုင်ရဖို့ပင်။
"ကျွန်တော် နားလည်ပါတယ်"
ရုံရှား ပြုံးပြီး ပန်းဟွာကို ကြည့်လိုက်သည်။
ပန်းဟွာကလည်း သူ့မျက်လုံးများကို ရှက်ရွံ့ခြင်းမရှိဘဲ၊ သူ့အကြည့်ကို ရှောင်မနေဘဲ လှပသောမျက်လုံးများကိုသာ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး
"ဘယ်ရက်က ကောင်းမယ်ထင်လဲ"
ရုံရှားက ကျေနပ်စွာ ပြုံးပြီး
"နောက်နှစ် နွေဦးပေါက်ပြီးရင်ပေါ့၊အဲ့ဒီအချိန်က ပန်းတွေအားလုံး ပွင့်နေလိမ့်မယ်၊ကျွင်းကျူးသာ အနီရောင် ၀တ်စုံ ဝတ်လိုက်မယ်ဆို ကမ္ဘာပေါ်မှာ အလှဆုံး သတို့သမီး ဖြစ်လာမှာ သေချာတယ်"
ပန်းဟွာ၏မျက်လုံးများသည် လခြမ်းများအဖြစ်သို့ ကွေးသွားကာ အားရဝမ်းသာစွာ ပြုံးပြလိုက်သည်။သူမ အကြည့်ကြောင့် ရုံရှားသည် အဆင်ပြေပြီဟု တွေးမိသော်လည်း သူမက ဆက်ပြောလာပြန်၏။
"ဒါကို ပြန်စဉ်းစားပါရစေဦး၊ အနည်းဆုံးတော့ ဒီအကြောင်းတွေ မပြောခင် မွေးသက္ကရာဇ်နဲ့ မင်္ဂလာရက်စွဲကို တွက်ချက်ရမယ်မဟုတ်လား"
"ကိုယ် တော်ဝင်နက္ခတ္တဗေဒပညာရှင်ကို မွေးသက္ကရာဇ်ကို တွက်ချက်ခိုင်းပြီးပြီ၊ နောက်နှစ် ဖေဖော်ဝါရီ ၂၆ ရက်ဟာ သိပ်ကောင်းတဲ့နေ့ဖြစ်မယ်တဲ့"
“အိုး…”
ရုံရှားဘက်က ယခုလို မြန်ဆန်စွာစီစဥ်ဖားမည်ဟု ပန်းဟွာ မမျှော်လင့်ထားပေ။
"ဒါဆို ရှင် အောင်သွယ်တော်ကို ခေါ်ပြီး စည်းကမ်းတွေ အားလုံးကို ပြောပြရမယ်လေ၊ကျွန်မတို့ ဒီလို မင်္ဂလာရက်ကို ဒီလိုမျိုး သတ်မှတ်လို့မရဘူး"
ရုံရှား ဟက်ကနဲ သဘောကျဟန်ဖြင့် ရယ်လိုက်သည်။ သူ၏ အသံသည် နွေဦးလေညင်းကဲ့သို့ နူးညံ့ညင်သာပြီး ပန်းဟွာ၏ နားရွက်ထိပ်များကိုပါ နီရဲစေသည်အထိ ချစ်ဖွယ်ကောင်းလှ၏။
" စိတ်မပူပါနဲ့၊ ကိုယ်တို့ ဘယ်စည်းကမ်းကိုမှ မဖောက်ဖျက်ပါဘူး"
ရုံရှားက ဂျီကျသော သူမကြောင့် ဒေါသမထွက်သည့်အပြင် စိတ်ရှည်လက်ရှည်ပင် ရှင်းပြနေလေတော့၏။
"ကိုယ် စိတ်မရှည်တော့ဘူးလေ၊ ကျွင်းကျူးက ကိုယ့်အတွက် အရမ်းအရေးကြီးလို့ပါ"
ပန်းဟွိုက် နားထောင်နေရင်း မေးစေ့ကို ပွတ်လျက် စဉ်းစားနေသည်။ ရုံရှားသည် သူ၏အနာဂတ်သမက်ဖြစ်သော်လည်း သူ့ပုံစံမှာ ငယ်စဉ်က သူ့ပုံစံနှင့် အတော်လေးဆင်တူသည်။
ယင်းရှစ်က လက်ဖက်ရည်သောက်ရင်း ဘာတစ်ခွန်းမှဝင်မပြောချေ။အတန်ကြာမှ သူမ မတ်တပ်ရပ်ပြီး အတွင်းခန်းထဲမှာ အနားယူမည်ဟု ပြောလိုက်၏။ထို့ကြောင့် သူမ သဘောထားက လာမည့်နှစ် ဖေဖော်ဝါရီလမှာ လက်ထပ်ရက်ကို မကန့်ကွက်သလိုပင်။
"ကိုယ် မင်းနဲ့လိုက်ခဲ့မယ်"
ပန်းဟွိုက်သည် ယင်းရှစ်ကို အော်ခေါ်ရင်း နောက်မှ လိုက်သွားလေသည်။
"အရီးတော်... ဂရုစိုက်ပါဦး"
ရုံရှား ဦးညွှတ်ရင်း နှုတ်ဆက်စကားဆိုလိုက်သည်။
ပန်းဟမ်သည် ထွက်သွားသော သူ့မိဘများကို ကြည့်ကာ အစ်မဖြစ်သူနှင့် အနာဂါတ် ယောက်ဖတို့ကို ကြည့်လိုက်သည်။ ထို့နောက် ခပ်တည်တည်ဖြင့် လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သည်။ သူကတော့ မထွက်သွားဖို့ ဆုံးဖြတ်ထား၏။ အစ်မဖြစ်သူကို ယောက်ျားတစ်ယောက်နှင့် ထား၍ သူ ထွက်သွားလိုစိတ်မရှိချေ။
ကံကောင်းထောက်မစွာ၊ရုံရှားသည် ဤသည်က ပန်းမိသားစု၏ ပိုင်နက်မှန်း သိသောကြောင့် ဘာမှမလုပ်ခဲ့ချေ။ ပန်းဟမ်၏ ညစ်ကျယ်ကျယ် ဟန်ပန်ကို တစ်ချက်ကြည့်ကာ ပန်းဟွာအား ကူကယ်ရာမဲ့ ပြုံးပြလိုက်ပြီး
" နောက်ရက်အနည်းငယ်ကျရင် ကိုယ်နဲ့ အနောက်ဘက် ဆင်ခြေဖုံးကို စွန်လွှတ်သွားချင်လား"
"စွန်...." ပန်းဟွာက ချက်ချင်းဆိုသလို "အင်း၊သွားချင်လိုက်တာ!"
လက်ဖက်ရည်သောက်ပြီးသွားသော ပန်းဟမ်က ခြောက်ကပ်စွာ ချောင်းဆိုးလိုက်ပြီး
"ကျွန်တော်လည်း လိုက်ခဲ့မယ်"
သူ့မိဘများ ရှိနေစဉ် အစ်မဖြစ်သူကို ရုံရှားက ကျွင်းကျူးဟု ယဉ်ယဉ်ကျေးကျေး ခေါ်သေးသည်။ယခုမူ သူက ဟွာဟွာဟု ခေါ်နေတော့သည်။ တကယ် မျက်နှာပြောင်တဲ့လူ...
ရုံရှား ပြုံးပြီး ပန်းဟမ်ကို ကြည့်လိုက်သည်။
"လူများရင် ပိုပျော်စရာကောင်းတာပေါ့"
ဟက်ဟက်...
ရုံရှားသည် ပန်းမိသားစု၏ အိမ်တော်တွင် သုံးနာရီနီးပါး အချန်ကုန်ပြီးမှ ပြန်သွားသည်။ သူ ပန်းမိသားစု၏ တံခါးဝမှ ထွက်သွားပြီးနောက် အပြင်တွင် စောင့်ဆိုင်းနေသော အစောင့်တစ်ဦးက နှုတ်ဆက်သည်။
"မြို့စားမင်း၊တော်ဝင် နက္ခတ္တဗေဒပညာရှင်က တွေ့ခွင့်တောင်းနေပါတယ်"
xxxxx