အပိုင်း၁၀၂
Viewers 4k


Chapter 102


တော်ဝင် နက္ခတ္တဗေဒပညာရှင်၏ အဓိကအလုပ်မှာ နက္ခတ္တဗေဒနှင့် ပထဝီဝင်ကို လေ့လာရန်ဖြစ်သည်။  ကြယ်များနှင့် တိမ်တိုက်များမှတစ်ဆင့် ရာသီဥတုပြောင်းလဲမှုများကို မှန်းဆနိုင်သည်။  ကြီးကြီးမားမား သဘာဝဘေးအန္တရာယ် ကြုံလာပါက ကောင်းကင်ဘုံသို့လည်း ဆုတောင်းနိုင်သည်။ ထိုပညာရှင်များက အသုံးဝင်သလားဆိုသည်ကို ဘယ်သူမှ မသိကြသော်လည်း၊ယခင်က ကပ်ဘေးတစ်ခုကြုံရ၍ ခေါင်းဖြတ်ခံခဲ့ရသည့်  နက္ခတ္တဗေဒပညာရှင်တစ်ဦး ရှိခဲ့ဖူးသည်။


တော်ဝင် နက္ခတ္တဗေဒပညာရှင် အမျိုးမျိုးရှိပေသည်။ တစ်ချို့က ကြယ်တာရာများကို စူးစမ်းကြပြီး တချို့က ငလျင်ဖြစ်မည့်နှုန်းတို့အား တိုင်းတာရသည်ကို နှစ်သက်ကြ၏။  တော်ဝင်နက္ခတ္တဗေဒပညာရှင်၏ ဂုဏ်သတင်းမှာ မမြင့်မားသလို၊ အင်ပါယာနန်းတွင်း၌ရှိသော သူတို့၏ အဆင့်အတန်းသည်လည်း အလွန်ရိုးရှင်းသည်။ မှူးမတ်များ၏ မွေးသက္ကရာဇ် နှင့် ဇာတာ အမျိုးမျိုးတို့ကို ဂဏန်းပညာသုံး၍ တွက်ဆနိုင်မှသာ မျက်နှာပွင့်လန်းမည်ဖြစ်၏။


တော်ဝင် နက္ခတ္တဗေဒပညာရှင်များသည် နက္ခတ္တဗေဒနှင့် မိုးလေဝသကို သိသော်လည်း ဗေဒင်ပညာကို သိပ်မတတ်ကျွမ်းကြချေ။


သို့သော် အင်ပါယာတရားရုံးတွင် နေဂရာဝင်ဆံ့လိုပါက၊ထိုပညာရပ်ရှိမှသာ အသက်ရှင်ရပ်တည်နိုင်မည် ဖြစ်သည်။ထို့ကြောင့် တော်ဝင် နက္ခတ္တဗေဒပညာရှင်တို့သည် ကျွမ်းကျင်မှုအသစ်တစ်ခုကို တဖြည်းဖြည်းသင်ယူခဲ့၏။ ၎င်းမှာ မွေးဖွားရက်နှင့် ဇာတာများကို တွက်ချက်ရန်ဖြစ်သည်။ မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ အရေးမကြီး၊ အရေးကြီးသည်က မှူးမတ်များကို လှည့်စားဖို့ပင်။


တော်ဝင် နက္ခတ္တဗေဒပညာရှင် အကြီးအကဲသည် မူလက ကိုးတန်းအဆင့် ပညာတော်သင်တစ်ဦးမျှသာ ဖြစ်သည်။ သို့သော် သူသည် ငယ်စဉ်အခါက တရားစီရင်ခြင်းဆိုင်ရာ ပညာရပ်ကို အတန်ကြာလိုက်စားခဲ့၍ မှူးမတ်များက သူ့ကို ယုံကြည်သည်။  ဆယ်နှစ်တာအတွင်း သူသည် တော်ဝင်နက္ခတ္တဗေဒပညာရှင်များတွင် အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။လူတော်တော်များများက သူ့ကို အကြီးအကဲဟူ ဟု ခေါ်ကြသည်။


 အစပိုင်းတွင်၊မြို့စားမင်းရုံက သူ့အား မွေးရက်နှင့် ဇာတာများကို တွက်ခိုင်းသောအခါ အလွန်စိတ်အားထက်သန်ခဲ့သည်။ သို့သော် မြို့စားမင်းရုံနှင့် ပန်းဟွာတို့၏ မွေးဖွားရက်နှင့် ဇာတာများကို တွက်ချက်ရန် ကြိုးစားသောအခါ၊ သူ့မျက်လုံးများကပဲ ချို့ယွင်းနေသလား သို့မဟုတ် ရက်စွဲကပင် တစ်ခုခုလွဲမှားနေပြီဟု သူထင်မှတ်မိတော့၏။


၎င်းကို မည်ကဲ့သို့ ကောက်ချက်ချရန် ကြိုးစားနေပါစေ၊ပန်းဟွာ၏ မွေးရက်များက စောစီးစွာ သေဆုံးတတ်သည့် ကံကြမ္မာတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ထိုမွေးရက်သည် အလွန်တန်ဖိုးရှိသော ဖီးနစ်ငှက်တစ်ကောင်၏ လက္ခဏာ ရှိသော်လည်း အသက်တိုတောင်းသော လက္ခဏာများလည်း ရှိသည်။ အသက်တိုတောင်းသော  လက္ခဏာများသည် အထူးသဖြင့် သိသာထင်ရှားသော်လည်း ပျံသန်းနေသော ဖီးနစ်၏ လက္ခဏာများမှာ ထင်ယောင်ထင်မှား မသဲမကွဲဖြစ်နေသည်။


ဒါဆို သူမက အသက်ပျောက်ရက်နဲ့ ဘယ်လိုပျံသန်းနိုင်မှာလဲ။


အိမ်ရှေ့စံမှာ အိမ်ရှေ့စံမင်းသမီး ရှိသည်။ အိမ်ရှေ့စံ နန်းတက်ခဲ့လျှင် ဧကရီသည် အိမ်ရှေ့စံမင်းသမီးသာ ဖြစ်လိမ့်မည်။ပန်းဟွာကျွင်းကျူးနှင့် မသက်ဆိုင်ချေ။ ဒုတိယမင်းသား နန်းတက်ခဲ့လျှင်တောင်၊သူသည် ပန်းဟွာကျွင်းကျူးကို မုန်းတီးသူဖြစ်၍ သူမအား ဧကရီဖြစ်ခွင့်မပေးနိုင်ချေ။


 ဒါဆို ပန်းဟွာကျွင်းကျူးက နောက်ဆုံးမှာ ကံကောင်းလာနိုင်တယ် ဆိုတာမျိုးလား...


သူ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ ထိုအကြောင်းကို စဉ်းစားပြီးနောက် မြို့စားမင်းရုံနှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည်။ ဘာပဲဖြစ်ဖြစ်၊ သူ့ကို မြို့စားမင်းရုံ၏လက်အောက်ငယ်သားများထဲက တစ်ယောက်ဟု ယူဆနိုင်သည်မို့ ဤအရာများကို ဖုံးကွယ်ထားလို့မရချေ။


ရုံရှားသည် အကြီးအကဲဟူကို အထဲခေါ်လိုက်သည်။ 


 "အကြီးအကဲဟူ မွေးရက်တွေ တွက်ပြီးပြီလား"


 "မြို့စားမင်းရုံ ကျွန်တော့်စွမ်းရည်က မလုံလောက်ဘူး ထင်ပါတယ်"


 "အကြီးအကဲဟူရဲ့ အရည်အချင်းကို ကျွန်တော် ဘယ်တုန်းကမှ သံသယ မရှိပါဘူး၊ ပြောစရာရှိရင် ပြောပါ၊ကျွန်တော် ခင်ဗျားကိုသတ်မှတ်ခိုင်းတဲ့ရက်စွဲက ပြဿနာရှိလို့လား"


 "အဲဒီနေ့ဟာ အိမ်ထောင်ရေး အတွက် တကယ်ကောင်းတဲ့နေ့ပါပဲ၊ ဒါပေမယ့်..." အကြီးအကဲဟူသည် ရုံရှားကို မဝံ့မရဲ ကြည့်နေသည်။  "ပြဿနာက ပန်းဟွာကျွင်းကျူးရဲ့ မွေးသက္ကရာဇ်ပါ"


ရုံရှား မျက်မှောင်ကြုတ်သွားမိပြီး  "သူမ မွေးနေ့က ဘာဖြစ်နေတာလဲ"


 "ပန်းဟွာကျွင်းကျူးရဲ့ မွေးနေ့ရက်စွဲက  ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးခြင်းရဲ့ လက္ခဏာကိုပြသနေပါတယ်...သူမက… ချွန်ထက်တဲ့ ဓားတစ်ချောင်းနဲ့ အထိုးခံရပါလိမ့်မယ်" 


ရုံရှား မျက်ခုံးပင့်လိုက်ပြီး သူ့မျက်လုံးများကလည်း ရုတ်တရက် စူးရှလာသည်။  "အကြီးအကဲဟူ အဲ့ဒီကံကြမ္မာကို ငါမယုံဘူး"


အကြီးအကဲဟူသည် ရုံရှား၏ မျက်လုံးများကိုကြည့်ပြီး သူ့နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားသည်။ သူ ချက်ချင်း ထိုင်ရာမှ ကပျာကယာ ထရပ်လိုက်ပြီး "တကယ်တော့ ပန်းဟွာကျွင်းကျူးရဲ့ မွေးနေ့ရက်တွေကို ပြောင်းလဲနိုင်ပါသေးတယ်၊အဲ့ဒီအရာတွေကို မြို့စားမင်း မယုံဘူးဆိုတာ ကျွန်တော် သိပေမယ့် ... "


 "ပြောပါ ကံကြမ္မာကို ပြောင်းလဲဖို့ တခြားအခွင့်အရေးတွေရှိသေးလား"  

ရုံရှားက အကြီးအကဲဟူ၏ စကားကို နှောင့်ယှက်ကာ ဖြတ်ပြောလိုက်သည်။


 "ဖီးနစ်ငှက် ဖွားမြင်တယ်ဆိုတာက ကံကောင်းပါတယ်၊ ကျွင်းကျူးဟာ ဖီးနစ်ငှက်လို သဘာဝအတိုင်း ပြန်လည်မွေးဖွားလာမှာပါ၊သူမဟာ ချွန်ထက်တဲ့ ဓားသွားကိုလည်း မကြောက်နိုင်ပါဘူး၊ ဒါပေမယ့် ဒီလို ကံကြမ္မာကိုပြောင်းပြန်လှန်ဖို့က ဖြစ်နိုင်မယ်မထင်ဘူး၊မြို့စားမင်း ကျေးဇူးပြုပြီး ပြန်စဉ်းစားပါ"


 "မင်းပြောနေတာက ပန်းဟွာကျွင်းကျူးလား၊ ဒါမှမဟုတ် ငါလား"


ရုံရှား မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူ့လက်ချောင်းဖြူဖြူများက စားပွဲကို ထိလိုက်သည်။စားပွဲက ပကတိ အေးခဲလျက်ရှိ၏။


"ကံကြမ္မာ ပြောင်းတာက မင်းအပေါ်မှာပဲ မူတည်တယ်၊ကျွင်းကျူးမှာ ဖီးနစ်ငှက် ပါ၊ မပါ ဆိုတာ အရေးမကြီးပါဘူး၊ ငါနဲ့အတူသာရှိရင် ဒီဘဝမှာ ဘယ်သူကမှ သူမကို သစ္စာဖောက်မှာ မဟုတ်ဘူး"


 "မြို့စားမင်း၊ကျွန်တော် နားမလည်ဘူး၊မြို့စားမင်းက ကြီးကျယ်ခမ်းနားတဲ့ အရာတွေနဲ့ပဲ ထိုက်တန်တာပါ၊ဘာလို့ ဒီလိုမိန်းကလေးမျိုးကို လက်ထပ်ရမှာလဲ"


"အကြီးအကဲဟူ" 


ရုံရှားသည် အကြီးအကဲဟူအား ကြည့်ရန် အေးစက်စက်ကြည့်လိုက်၏။ 


"မင်းက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဝင်စွက်ဖက်ဖို့ ကြိုးစားနေတာလား"


အကြီးအကဲဟူ၏ မျက်နှာသည် စက္ကူဖတ်လို ဖျော့တော့သွားသည်။ 


 "အဲဒီလို မဆိုလိုပါဘူး၊ အခုလောလောဆယ် ဒုတိယမင်းသားနဲ့ အိမ်ရှေ့စံရဲ့ အဖွဲ့ခွဲတွေက တိတ်တဆိတ် လှုပ်ရှားနေကြပြီး သိပ်မသင်္ကာရတဲ့ မင်းသားချန်ချင်ဝမ်လည်း ရှိပါသေးတယ်၊ ကျွန်တော်က မြို့စားမင်းကို စိုးရိမ်လို့ပါ…"


ရုံရှားက လှောင်ပြောင်သလို ရယ်မောလိုက်သည်။


 "ချန်ချင်ဝမ်က ခြံစည်းရိုးစောင့်တစ်ယောက်ပါ၊ သူ့မှာ ရည်မှန်းချက်ရှိပေမယ့် သတ္တိမရှိဘူး၊ ကောင်းကောင်း ဝှက်ထားမယ်လို့ ထင်ရတဲ့ သူ့အတွေးတွေကလည်း တစ်နေ့ထက်တစ်နေ့ ရှင်းလင်းအောင် မြင်သာလာတယ်"


 "ဒီလိုကြီးကျယ်တဲ့ ကိစ္စဆိုတာက ကြီအောင်မြင်ရင် နာမည်ကြီးလာနိုင်ပေမယ့် ကျရှုံးရင် အနှစ်တစ်သောင်းလောက် နာမည်ဆိုးရလိမ့်မယ်၊ ကျေးဇူးပြုပြီး မြို့စားမင်း ပြန်စဉ်းစားပါ" 


နောက်ဆုံးအထိ အကြီးအကဲဟူက ရုံရှားကို လမ်းမှားမလိုက်စေချင်ပေ။


"အကြီးအကဲဟူ၊ မကြာသေးခင်က ဆရာတော်တစ်ပါးက မင်းလိုပဲ ပြောခဲ့ဖူးတယ်"


အကြီးအကဲဟူ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။ ထိုဆရာတော်က ဘယ်သူလဲဆိုသည်ကို သူလည်း သိနေ၏။


"မင်း ငါ့နောက်ကို လိုက်ဖို့ ဆန္ဒရှိတဲ့အတွက် ငါ အရမ်းကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် သခင်ဟူ နားလည်နိုင်မယ် ထင်တယ်....." သူက လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး အေးစက်စွာဖြင့် ပြောသည်။  "ငါ အမုန်းဆုံးက သူများတွေ ငါ့ကို ဘာလုပ်ပါ၊ညာလုပ်ပါလို့ ပြောနေတာကိုပဲ"


အကြီးအကဲဟူ၏ လက်ဖဝါးများသည် အနည်းငယ် ချွေးစေးများထွက်နေရသည်။  


"တောင်းပန်ပါတယ်၊ ကျွန်တော် စည်းကျော်သွားမိပြီ"


ရုံရှား ခေါင်းညိတ်လိုက်သည်။  "ပန်းမိသားစုက မေးရင် နောက်နှစ် ဖေဖော်ဝါရီ ၂၆ ရက်ဟာ ကောင်းတဲ့နေ့လို့ပဲ ပြောရမယ်၊ ကျန်တာ မပြောနဲ့"


 "ဟုတ်ကဲ့"  


အကြီးအကဲဟူသည် မြို့စားမင်း၏ မျက်နှာထားက အနည်းငယ် ပိုကောင်းလာသည်ကို မြင်မှသာလျှင် " ဟုတ်ပါတယ်၊ပန်းဟွာ တကယ်သင့်တော်တာကလည်း မြို့စားမင်းပဲ ဖြစ်မှာပါ" 


ရုံရှား ၏ မျက်နှာအမူအရာက အနည်းငယ် ပိုကောင်းလာသည်။ သူသည် လက်ချောင်းများဖြင့် လက်ဖက်ရည်ခွက်ကို ညင်သာစွာ ပွတ်တိုက်သည်။ 


 " 'ဖြစ်ကောင်းဖြစ်နိုင်တယ်' မဟုတ်ဘူး၊ ငါ တစ်ယောက်တည်းပဲ သူမနဲ့ သင့်တော်တာ"


 "ဟုတ်ကဲ့"  


အကြီးအကဲဟူ သူ၏ ခြေထောက်များ တုန်လှုပ်နေမှန်း သိလိုက်ရသည်။


အကြီးအကဲဟူ ထွက်သွားပြီးနောက် ရုံရှား သည် အနီရောင်စက္ကူပေါ်ရှိ စာလုံးရှစ်လုံးကို ကောက်ယူပြီး အချိန်အတော်ကြာ ကြည့်နေခဲ့သည်။ နောက်ဆုံးတော့ သူက အနီရောင် စာရွက်ကို တင်းတင်းကျပ်ကျပ် ကိုင်လိုက်သည်။သူသည် ငယ်ငယ်ကတည်းက သရဲ၊ နတ်များကို မယုံသလို ကံတရားကိုလည်း မယုံပေ။ သူ့ကိုယ်သူသာ ယုံကြည်သည်။


 "လာခဲ့...."


တုကျိူး ဝင်လာသည်။


 "မြို့စားမင်း"


 "မင်းသွားပြီးတော့ ဒုတိယမင်းသားကို ကူညီရမယ်" 


 အနီရောင်စက္ကူပေါ်ရှိ အနီရောင်ဆေးများသည် ရုံရှား၏လက်တစ်ခုလုံးကို စွန်းထင်းစေခဲ့သည်။ သူ့လက်ဖဝါးထဲမှ အနီရောင်တောက်တောက် ဆေးသားများကို ကြည့်လိုက်ရင်း ဖြည်းညှင်းစွာပြောသည်။  


"ဒုတိယမင်းသားက ငါ့လက်ဆောင်ကို ကြိုက်လိမ့်မယ်ထင်တယ်" 


"ဟုတ်ကဲ့"


ဒုတိယမင်းသားသည် နန်းတော်အနောက်ဘက်တွင် နေထိုင်သည်။  နန်းတော်နှင့်ယှဉ်လျှင် နေရာက ကျဉ်းကျဉ်းလေးဖြစ်ကာ သူ၏ စကားလုံးများနှင့် လုပ်ဆောင်ချက်တိုင်းကို မရေမတွက်နိုင်သော မျက်လုံးတစ်စုံဖြင့် စောင့်ကြည့်ခံနေခဲ့ရသည်။ ဘုရင့်ကြိာ်လြပ်တော်မှ မွေးသော ညီငယ်နှစ်ယောက်လည်း ဤနေရာတွင် နေထိုင်ခဲ့သည်။ သို့သော် ထိုညီငယ်နှစ်ယောက်ကို သူ ဘယ်တော့မှ ဂရုမစိုက်ခဲ့ပေ။သူတို့ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ကျန်းလော အနေနှင့် ဘာမှမထူးခြားချေ။


 နန်းတော်အနောက်ဘက်ခြမ်းကို အစောင့်အကြပ် ထူထပ်စွာချထားပြီးကတည်းက သူ့အခန်းထဲမှာ ဝုန်းဒိုင်းကြဲနေခဲ့တာ ကြာပြီဖြစ်သည်။ သူ့ခမည်းတော် နာမကျန်းဖြစ်ပြီး အိမ်ရှေ့မင်းသားက တိုင်းပြည်ကို အုပ်စိုးသည့် အချိန်မှာပင် သူ အခြေအနေကို လေးလေးနက်နက် သဘောပေါက်ခဲ့၏။


 ခမည်းတော်နှင့် အိမ်ရှေ့စံ နှစ်ဦးထဲက တစ်ဦး နန်းတက်လျှင် သူ့အနာဂတ်နေ့ရက်များလည်း ခက်ခဲလိမ့်မည်ဖြစ်သည်။အိမ်ရှေ့စံသည် ကြင်နာတတ်ကာ၊ မိန်းမများကို မကြိုက်သလို နှိမ့်ချပြီး ယဉ်ကျေးသူဟုဆိုသည်။ သို့သော် သူ့အမြင်အရ အိမ်ရှေ့စံသည် ကြင်နာတတ်သူမဟုတ်ပေ။ထို့အပြင် အိမ်ရှေ့စံသည် အပေါ်ယံတွင် မိန်းကလေးများကို မကြိုက်သော်လည်း စိတ်ထဲမှာတော့ တပ်မက်စိတ်ရှိနေမှာပင်။ပန်းဟွာလို ဦးနှောက်မရှိသော သူကသာ၊သူမကို အိမ်ရှေ့စံက နှမတော်တစ်ယောက်လို ဆက်ဆံသည်ဟု ထင်မြင်နေခြင်းပင်။   


 "အရှင်မင်းကြီး" ထိုစဉ် အိမ်တော်ထိန်းက ဆောလျင်စွာ ဝင်လာပြီး ဒုတိယမင်းသားကို ပြောသည်။


 "ယန်မိသားစုက သတင်းစကားပို့လာပါတယ်"


“ငါ့ကို ပေး” 


ဒုတိယမင်းသားက စက္ကူအပိုင်းအစကို ချိန်ဘာလိန်၏လက်မှ အမြန်ယူလိုက်သည်။ စာရွက်သည် အလွန်သေးငယ်ပြီး စာလုံးတစ်ဒါဇင်ခန့်သာ ပါရှိသည်။ သို့သော်လည်း ဤအချိန်အတွင်း ခြံဝင်းထဲတွင် အစောင့်အကြပ်များဖြင့် နေခဲ့ရသော ဒုတိယမင်းသားအတွက် ဤအချက်အလက်များသည် အလွန်တန်ဖိုးရှိနေပြီဖြစ်သည်။


' အိမ်ရှေ့စံက တိုင်းပြည်ကို အုပ်ချုပ်နေပါတယ်၊တရားရုံးဟာ မတည်မငြိမ်ဖြစ်ပြီး အိမ်ရှေ့စံမှာလည်း ထိန်းချုပ်ဖို့ အာဏာမရှိဘူး'


စာရွက်ကို ဖတ်ပြီးနောက် ဒုတိယမင်းသားက ဆုတ်ဖြဲပြီး လက်ဖက်ရည်ထဲမှာ စိမ်လိုက်သည်။ ထို့နောက် ထိုလက်ဖက်ရည်ကို ပန်းအိုးထဲသို့ လောင်းထည့်လိုက်သည်။  


"စိတ်ဝင်စားဖို့ကောင်းလိုက်တာ"


 ဒုတိယမင်းသားသည် နေရာတွင်ထိုင်၍ ရယ်နေသည်ကို အိမ်တော်ထိန်းမြင်ပြီး ကြောက်လန့်လွန်း၍ ခေါင်းမထောင်ရဲတော့ပေ။ ဒုတိယမင်းသားသည် ဒေါသထွက်လွန်းတာကြောင့် ရူးသွားပြီဟု သူထင်ခဲ့သည်။


 "အရှင့်သား"


 ဒုတိယမင်းသားက ခေါင်းကိုမော့ပြီး  ကြည့်ကာ 


"ဘာလဲ"


အိမ်တော်ထိန်း ခေါင်းခါလိုက်ပြီး "အဲ့ဒီအရာရှိလေးယောက်ကို တကယ် တစ်ခုခု လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်"


 "မင်းပြောချင်တာက ရုံရှားနဲ့ တခြားဝန်ကြီး သုံးယောက်ကို ဆိုလိုတာလား၊အဲဒါကို မစဉ်းစားနဲ့၊ သူတို့က ခမည်းတော်ရဲ့ သစ္စာစောင့်သိတဲ့ ခွေးတွေပဲ၊ ဒီလိုမှမဟုတ်ရင် ခမည်းတော်က နေမကောင်းဖြစ်တာကို ဘာကိစ္စ သူတို့လေးယောက်ကိုသာ ဆင့်ခေါ်ပါ့မလဲ" 


 "သူတို့က ဧကရာဇ်ကို သစ္စာစောင့်သိသူတွေပဲ၊ အိမ်ရှေ့စံကို သစ္စာစောင့်သိတယ်လို့ မဆိုလိုပါဘူး၊ အိမ်ရှေ့စံကသာ သူတို့ကို စိတ်ပျက်စေမယ့် တစ်ခုခုလုပ်ရင် ဒီအရာရှိလေးယောက်ရဲ့ သဘောထားအတိုင်းဆို သူတို့လည်း အိမ်ရှေ့စံကို နောင်ဧကရာဇ် ဖြစ်စေချင်ကြမယ် မထင်ဘူး"


 "စိတ်ပျက်စရာတွေ…"


 ဒုတိယမင်းသား မျက်မှောင်ကြုတ်လိုက်သည်။အိမ်ရှေ့စံက အတော်သရုပ်ဆောင်ကောင်းသည်။အိမ်ရှေ့စံမင်းသမီးကလွဲလျှင် သူ့မှာ ကိုယ်လုပ်တော်တစ်ယောက်သာ ရှိ၏။သူ့တွင် သားတော်မရှိဘဲ၊ သမီးလေးတစ်ယောက်သာရှိသော်လည်း စိတ်သဘောက တည်ငြိမ်နေပြီး သူလုံးဝစိတ်မပူပေ။ သို့သော် အရာရှိ၊အရာခံ မှူးကြီးမတ်ရာများက သူ၏ စိတ်နေစိတ်ထားကို နှစ်သက်ကြပြီး ဆက်လက် ချီးမွမ်းကြဆဲဖြစ်သည်။


 ဟုတ်တယ်၊ အဲ့ဒီလူတွေက အိမ်ရှေ့စံကို ချီးမွမ်းတာကို သဘောကျတဲ့အတွက် သူ့ကို ချီးမွမ်းကြစမ်း၊ သူ့ကို တတ်နိုင်သလောက် ချီးမွမ်းကြ...ခမည်းတော်ဧကရာဇ်တောင် သူနဲ့ မနှိုင်းယှဉ်နိုင်ဘူးဆိုပြီး ပြောကြတော့...ခမည်းတော်ဧကရာဇ်ကလည်း သူ့ထက် “သာလွန်”နေတဲ့ အိမ်ရှေ့စံကို သည်းခံနိုင်၊မနိုင် ဆိုတာ စောင့်ကြည့်ရသေးတာပေါ့... 


 "အရှင့်သား၊ ကျွန်တော်ဟာ ယောက်ျားအစစ်မဟုတ်ပေမယ့် အရမ်း လှတဲ့ နန်းတော် အစေခံတွေကိုမြင်ရင်လေ စေ့စေ့တောင်မကြည့်ရဲပါဘူး၊ အိမ်ရှေ့စံက  ယောက်ျားစစ်ရက်နဲ့ မိန်းမလှလေးတွေကို ဘယ်လိုလုပ် လျစ်လျူရှုနိုင်ရတာပါလဲ"


 ဒုတိယမင်းသား ရုတ်တရက် ပျော်ရွှင်လာကာ "ဟုတ်တယ်၊ မိန်းမလှလေးတွေကိုတောင် သူက ဂရုမစိုက်ဘူးဆိုတော့ သူ ဟန်ဆောင်တာမဟုတ်ဘူး၊ သူလည်း ယောက်ျားမစစ်တာပဲ ဖြစ်ရမယ် ဟားဟားဟား"


အိမ်တော်ထိန်းက ဦးညွှတ်ပြီး ယဉ်ကျေးစွာပြောသည်။ "အရှင့်သားရဲ့ စိုးရိမ်ပူပန်မှုတွေကို ဝေမျှဖို့က ကျွန်တော့်တာဝန်ပါပဲ"


နန်းတော်တွင်းရှိ ဇာတ်လမ်းများက ရေစီးကြောင်းများသဖွယ် တဟုန်ထိုး တက်လာသည်။ ပန်းမိသားစုသာလျှင် တုံ့ပြန်မှုမရှိသော ဖန်လုံအိမ်ဖြစ်နေတော့သည်။ သူတို့မိသားစုဝင် လေးယောက်စလုံး အပြင်သိပ်မထွက်သည့်အပြင်၊ သူတို့၏နေ့ရက်များကလည်း ပုံမှန်အတိုင်းပင်။နွေရာသီရောက်လာပြီဖြစ်သည်။ ပန်းမိသားစုသည် အမျိုးမျိုးသော အဝတ်အစားများ ၀တ်ဆင်ရန်သာ ပြင်ဆင်နေလျက်ရှိသည်။


 နွေရာသီမှာ ချွေးထွက်လွယ်တာကြောင့် သတ္တုအမျိုးအစား ငွေလက်ဝတ်ရတနာများသည် မသင့်လျော်ပေ။ယခင်က သူတို့ဝတ်ဆင်ခဲ့သော လက်ဝတ်ရတနာများကလည်း အရောင်တောက်ပလွန်း၍ သူတို့အတွက် မသင့်တော်ချေ။


 သူတို့ ဘာလုပ်သင့်သလဲ။ ဝယ်၊ အကုန်ပြန်ဝယ်ပစ်...


 ဖန်အမျိုးအစား လက်ဝတ်ရတနာများ၊ သိုးအဆီရောင်ကျောက်နှင့် ရိုးရိုးရောင်စုံ ခရစ်စတယ်များကိုသာ အသုံးပြုရမည်ဖြစ်သည်။


ငွေသည် လောကကြီး ပိုင်သည့်ပစ္စည်းဖြစ်သည်။ မွေးတုန်းကလည်း မပါလာသလို၊သေလျှင်လည်း ယူသွား၍မရချေ။စောစောသုံးနိုင်လျှင် စောစောသုံးရမည်။ 


ပန်းမိသားစုကတော့ အသုံးဟုသာ အမြဲတွက်သည်၊သုံးနိုင်လျှင် အဖြုန်းဟူ၍ မသတ်မှတ်ချေ။ အိမ်ထဲမှာသာ အလှထားပြီး ဖုန်တက်နေစေခြင်းက သူတို့စတိုင်လ် မဟုတ်ပေ။ကုလားကာများ၊ ပြတင်းပေါက် ခန်းဆီးများကို အကောင်းဆုံး ရိုးရိုးပိတ်ကျဲစများအဖြစ် ပြောင်းလဲအသုံးပြုထားသည်။  လေဝင်လေထွက်ကောင်းပြီး ကြည့်ရသည်မှာလည်း သက်တောင့်သက်သာရှိလှသည်။


 မိသားစုစာကြည့်တိုက်မှ စာအုပ်များကိုလည်း ဖုန်ခါရန် ထုတ်ထားစဉ် ပန်းဟွာသည် ခုံပေါ်တွင် အိပ်ကာ စာအုပ်များကိုကြည့်ရင် ငိုက်မျဉ်းနေရသည်။


ပန်းဟမ်ကလည်း သူမလိုပင် ပျင်းရိငြီးငွေ့ကာ သမ်းဝေပြီး ပြောသည်။ "အစ်မ၊ ဒီစာအုပ်တွေကို သိမ်းထားရတာ တော်တော်ကို ဒုက္ခရောက်တယ်၊စားလည်း မစားရဘူး၊ဖတ်တာလည်းမဟုတ်ဘဲနဲ့၊ မြို့စားမင်းရုံကိုခေါ်ပြီး လာရွေးခိုင်းပါလား၊ သူကြိုက်ရင် အစ်မတို့ရဲ့ ခန်းဝင်ပစ္စည်းအဖြစ် ကျွန်တော်ပေးမယ်"


"ဒါတွေကို ဘယ်သူက ခန်းဝင်ပစ္စည်းအဖြစ် လိုချင်မှာလဲ" ပန်းဟွာက တော်တော်ကို မထီမဲ့မြင်ပြုပြီး "နင့်ရဲ့ အပိုင်စားရွာတွေနဲ့ ဈေးဆိုင်တချို့ ပေးလို့ရမလား"


"ကောင်းပြီလေ၊ ရွာတွေ ဈေးဆိုင်တွေလည်း ပေးမယ်၊ပြီးတော့ စာအုပ်တွေလည်း လိုအပ်တယ်၊ ကျွန်တော့်တူလေးက စာဖတ်ရတာ ကြိုက်တယ်ဆိုရင် ကျွန်တော်တို့မိသားစုမှာ အရည်အချင်းရှိတဲ့သူ တစ်ယောက် ထပ်တိုးလာမှာ မဟုတ်ဘူးလား"


 "ဘယ်က တူလေးလဲ၊ အချိန်မတန်သေးပါဘူး၊နင်က လျှောက်စိတ်ကူးယဉ်ပြီး အနာဂတ်တူလေးက အရည်အချင်းရှိတဲ့သူတစ်ယောက် ဖြစ်လိမ့်မယ်လို့ တွေးနေတာ...အခု ငါကတော့ ရာသီဥတုပူတာကိုပဲ ဂရုစိုက်တယ်၊ ပူတော့ အိပ်ပဲ အိပ်ချင်နေတယ်"


"ဟုတ်တယ်၊ကျွန်တော်လည်း ရာသီဥတု ပူလာတဲ့အခါ ဘယ်မှ မသွားချင်ဘူး၊ နေရောင်ကို ကြည့်လိုက်ရင်လည်း တအား ခေါင်းမူးတယ်” 


"ရှစ်ကျစ်...ကျွင်းကျူး" 


ထိုစဉ်အစေခံက ကမန်းကတန်း ပြေးလာသည်။ ပြေးလာသည်က မြန်လွန်းတာကြောင့် နေလှန်းထားများ စာအုပ်များက စာရွက်များ လန်ကုန်သည်။


"တစ်ခုခုတော့ ဖြစ်သွားပြီ"


 "ဘာဖြစ်တာလဲ"  


ပန်းဟွာနှင့် ပန်းဟမ်တို့ ငုတ်တုတ် ထထိုင်လိုက်ကြသည်။ အစေခံက အလွန်တုန်လှုပ်သွားသည်ကို မြင်လိုက်ရသဖြင့် သူတို့၏ မျက်နှာ အမူအရာမှာလည်း လေးနက်လာသည်။


 "အခု အပြင်မှာ သတင်းတွေထွက်လာတယ်၊ မြို့စားမင်းရုံနဲ့ သခင်ယောင်က ဧကရာဇ်ကို တစ်နည်းနည်းနဲ့ အမျက်ထွက်စေခဲ့တယ်တဲ့၊ဧကရာဇ်က သူတို့ကို မောင်းထုတ်ဖို့ ဧကရာဇ်ကိုယ်ရံတော်တွေကိုတောင် အမိန့်ပေးခဲ့တယ်တဲ့"


 "ဘာ…" ပန်းဟွာ မျက်မှောင်ကြုတ်ကာ "အခုအခြေအနေက ဘယ်လိုလဲ"


 "မြို့စားမင်းရုံကို  အိမ်တော်ကို ပြန်ပို့ထားတယ်၊ သူ့အခြေအနေက သိပ်မကောင်းဘူးလို့ ပြောလို့ရတယ်၊မြို့စားမင်းရုံရဲ့ အစေခံတွေကလည်း သမားတော်ကို နေရာအနှံ့ သွားရှာနေကြပြီ"


 ဂုဏ်သိက္ခာရှိသော မြို့စားမင်းတစ်ဦးသည် ကုသဖို့သမားတော်ရှာရန် အစေခံများကို စေလွှတ်ခဲ့ရသည်။မြို့စားမင်းရုံရဲ့ သမားတော်တွေက အသုံးမဝင်တာလား ဒါမှမဟုတ် တော်ဝင်သမားတော်တွေကပဲ မြို့စားမင်းရုံကို ကုသဖို့ မဝံ့ရဲတာလား။ ဒီလို ကြီးမားတဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ရအောင် အခြေအနေက ဘယ်လောက် ပြင်းထန်သလဲ။


ပန်းဟမ် မဆိုင်းမတွ ချက်ချင်းပြောလာသည်။


 "ငါတို့ အိမ်တော်ထဲမှာရှိတဲ့ သမားတော်တွေကိုလွှတ်ပြီး မြို့စားမင်းရုံဆီ အရင်သွားကြည့်ဖို့ စီစဉ်ပေးပါ၊မြန်မြန်"


 "ဟုတ်ကဲ့ ကျွန်မ အခုချက်​ချင်းသွားလိုက်ပါ့မယ်​"  အစေခံက ချက်ချင်းပြန်ဖြေပြီး လှည့်ထွက်သွားသည။


 "အစ်မ…"


 "မြို့စားမင်းရုံဆီကိုသွားမယ်..."


ပန်းဟွာ၏ မျက်နှာအမူအရာသည် လေးနက်လာကာ ထိုင်ရာမှ ထထွက်သွားဆော့သည်။ပန်းဟမ်ကလည်း မဆိုင်းမတွဆိုသလို သူမ နောက်ကလိုက်သွားသည်။



xxxxxx