အပိုင်း၁၀၃
Viewers 4k


Chapter 103



ထိုအချိန်တွင် ချမ်အမ်မြို့စားမင်း၏အိမ်တော်သည် ဆူညံနေသော်လည်း ကံကောင်းထောက်မစွာပင် ဖရိုဖရဲသိပ်မဖြစ်သေးချေ။အိမ်‌ရှိ သမားတော်များသည် တိုက်ဖွိုက်အဖျားနှင့် ခေါင်းကိုက်ခြင်းကို ကုသနိုင်သော်လည်း ဒဏ်ရာကို ကုသရာတွင် အလွန်တော်ခြင်းမရှိပေ။ဘဏ္ဍာစိုးသည် လူလွှတ်၍ တော်ဝင်ဆေးကုသဆောင်မှ တော်ဝင်သမားတော်များအား ဆင့်ခေါ်စေသော်လည်း၊ အချိန်အတော်ကြာသည်အထိ မည်သူမျှ မလာခဲ့ကြပေ။သူဒေါသထွက်လွန်း၍ ကျိန်ဆဲမိသည်အထိပင်။ ထို့ကြောင့် လူတစ်ယောက်ကိုစေလွှတ်၍ အပြင်မှ သမားတော်အား အခေါ်ခိုင်းလိုက်သည်။


 ယနေ့ မြို့စားမင်းကို အိမ်တော်သို့ ပြန်သယ်လာသောအခါ၊ အိမ်တော်ရှိလူများ ထိတ်လန့်သွားကြသည်။ မြို့စားမင်း၏ ကျောပြင်သည် သွေးများဖြင့်အကုန် ဖုံးလွှမ်းထားလျက်ရှိသည်။ မြို့စားမင်းကို အိမ်တော်သို့ ခေါ်လာပေးသည့် တော်ဝင် မိန်းမစိုးက ဘာမှ မပြောပေ။ ရေသောက်ဖို့တောင် အချိန်မရဘဲ ဦးညွှတ်ပြီး၊ အလျင်လိုစွာ လှည့်ထွက်သွားတော့သည်။


ဘဏ္ဍာစိုးသည် စိတ်တို၊ ဒေါသထွက်ကာ စိုးရိမ်နေသော်လည်း မြို့စားမင်းရုံ မှလွဲ၍ အိမ်တော်ရှိ အခြားမည်သူမျှ ဆုံးဖြတ်ချက်တစ်စုံတစ်ရာမချနိုင်ပေ။ သူလည်း အိမ်တော်ရှိကိစ္စများကို စီစဉ်သူအနည်းငယ်နှင့်သာ အပြင်သို့သမားတော်ရှာရန် ထွက်လာနိုင်သည်။


 သာမာန်အားဖြင့် လူတစ်ယောက် ကြီးပွားချမ်းသာလာသောအခါတွင် မိတ်ဆွေအပေါင်းအသင်း ပေါများတတ်သော်လည်း ၊ ဒုက္ခရောက်နေသည့်အချိန်မှာတော့ ဘယ်သူမှ မလာချင်ကြပေ။အခြားသူသာဆိုလျှင် ဘဏ္ဍာစိုး နားလည်ပေးနိုင်သော်လည်း ယခု ခံစားနေရသူမှာ သူ၏ ကျေးဇူးရှင်သခင် မြို့စားမင်းရုံဖြစ်သည်။  


"ဘဏ္ဍာစိုး” 


ထိုစဉ် အစေခံတစ်ယောက်က အော်ပြောသည်။ 


“သမားတော် ဒီမှာရောက်လာပါပြီ"


 "ဖင်းဟယ်ခန်းမက သမားတော်လား"


 အစေခံက အမောတကော ခေါင်းယမ်းပြသည်။


 "မင်းကို ဖင်းဟယ်ခန်းမက သမားတော်ခေါ်ဖို့ ငါပြောထားတာမဟုတ်လား"


"ကျွန်တော် လမ်းတစ်ဝက်မှာ ကောကုန်းကျင့်ထင်အိမ်တော်က လူတွေနဲ့ တွေ့ခဲ့လို့ပါ၊ ကောကုန်းကျင့်ထင်ရဲ့မိသားစုဝင်တွေက သတင်းကြားကြားချင်း သမားတော် စေလွှတ်လိုက်ကြတာပါ"


ဘဏ္ဍာစိုးသည် အလွန်ဝမ်းသာစွာဖြင့် မြို့စားမင်းရှိရာ အိမ်ဝင်းထဲသို့ သမားတော်ကို ဖိတ်ခေါ်ခိုင်းသည်။ သူ ကောကုန်းကျင့်ထင် အိမ်တော်မှလူများကို အလွန်ကျေးဇူးတင်မိသည်။ ဤအရေးကြီးသောအခိုက်အတန့်တွင် မြို့စားမင်း၏ အနာဂါတ် ‌ယောက္ခမမိသားစုကိုသာ အားကိုးနိုင်မည်ဖြစ်သည်။


ဤမျှအရေးကြီးသောအခိုက်အတန့်တွင်၊ ကောကုန်းကျင့်ထင် အိမ်တော်သည် သမားတော်ကို စေလွှတ်ဝံ့သည်။ဤကြင်နာမှုသည် အခြားသူများနှင့် မနှိုင်းယှဉ်နိုင်သော အရာဖြစ်သည်။


သူ လှည့်ပြီးထွက်သွားစဉ် ပန်းဟွာကျွင်းကျူးနှင့် ကောကုန်းကျင့်ထင်တို့ အလည်အပတ် ရောက်ရှိလာကြောင်း အစေခံတစ်ဦးထံမှ သတင်းကြားလိုက်ရ၏။ 


 "သူမကို မြန်မြန်ခေါ်လိုက်ပါ!"  


ပန်းဟွာကျွင်းကျူးသည် မြို့စားမင်း၏ နေအိမ်သို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်သည်ဟု အိမ်စောင့် ထင်လိုက်၍ သူ့နောက်က ဘဏ္ဍာစိုးကို လှည့်ကြည့်ပြီး "သူတို့ကို သေချာဧည့်ခံလိုက်ပါ၊ ကျွင်းကျူးနဲ့ ရှစ်ကျစ်အတွက် ဘာမှ အမှားအယွင်းမဖြစ်စေနဲ့"


 "ဟုတ်ကဲ့"


ချမ်အမ်မြို့စားမင်း၏ နေအိမ်ရှိ ကျေးကျွန်များ ထိတ်လန့်သွားကြသည်။ယနေ့ ဖြစ်ပျက်ခဲ့သည်များက ကြီးကြီးမားမားတော့ မဟုတ်သလိုပင်။ မြို့စားမင်းရုံ၏ ဇနီးလောင်းသည် ဧကရာဇ်ထံမှ မျက်နှာသာပေးခြင်း ခံရသည်။ သို့ဖြစ်၍ မြို့စားမင်းရုံက ဧကရာဇ်ကို စော်ကားခဲ့လျှင်တောင် ဧကရာဇ်က မြို့စားမင်းရုံကို ထင်သလောက် ဒုက္ခပေးမှာမဟုတ်ပေ။


ပန်းဟွာနှင့် ပန်းဟမ် ဝင်လာသည်နှင့် တပြိုင်နက် ချမ်အမ်မြို့စားမင်း၏ နေအိမ်ရှိ လူတိုင်းက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။သူမ မြင်းပေါ်ကနေ ဆင်းလိုက်တာမို့ ဆံပင်များက ဝဲကနဲ လှုပ်ခါသွားသည်။ သို့ရာတွင် သူမ ဂရုမစိုက်နိုင်ခဲ့ချေ။ သူမ၏ အကြည့်များက အစေခံများဆီ ရောက်သွားပြီး နောက်ဆုံးမှာ ဘရိုကိတ်ပိတ်သားဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို မေးလိုက်သည်။


"ချမ်အမ်မြို့စားမင်း ဘယ်လိုနေသလဲ"


 "ကျွင်းကျူးကို သတင်းပို့ပါတယ်၊ သမားတော်က မြို့စားမင်းရဲ့ ဒဏ်ရာတွေကို ကုသပေးနေပါတယ်"


 "ကျွန်မကို ခေါ်သွားပါ"  


ပန်းဟွာ ပြောရင်း ရှေ့တည့်တည့်ကို လျှောက်သွားလိုက်၏။ ရုံရှား မည်သည့်နေရာတွင် ရှိနေမှန်း သူမ မသိသော်လည်း ရာထူးကြီး မိသားစုများ၏ အိမ်တော်၏ အဓိကဖွဲ့စည်းပုံတွင် အခြေခံစည်းမျဉ်းများရှိသည်။ သို့ဖြစ်၍ သူမသည် အိမ်၏ယေဘုယျဖွဲ့စည်းပုံကို သိသည်။


 "ကျွင်းကျူး ဒီလမ်းက လာခဲ့ပါ"  


ပန်းဟွာ၏ ခြေလှမ်းတို့က မြန်ဆန်လွန်းတာကြောင့် ဘဏ္ဍာစိုး ခဏတာ အံ့အားသင့်သွားသည်။ ထို့နောက် သူသည် ပန်းဟွာကို အမီလိုက်ပြီး သူမအား မြို့စားမင်းရုံ၏ အိပ်ဆောင်ဆီသို့ ပို့ပေးမည်ဟု အာမခံလိုက်သည်။


အိပ်ဆောင်အတွင်း၌ ရုံရှားသည် ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ထို့နောက် သူက အခန်းထောင့်တွင် တလေးတစား ရပ်နေသည့် သမားတော်နှစ်ယောက်ကို ခေါင်းစောင်း၍ကြည့်လိုက်သည်။


ကုတင်ဘေးမှာ ရပ်နေသည့် တုကျိူးက "မြို့စားမင်း သမားတော်နှစ်ယောက်ကို ကြည့်ခွင့်ပေးသင့်ပါတယ်"


ရုံရှား မျက်လွှာချလိုက်သည်။ ဧကရာဇ်ထံမှ အပြစ်ပေးခံရသည့် တရားရုံးအရာရှိတစ်ဦး၏ အထိတ်တလန့်ဖြစ်သည့်အမူအရာမျိုး၊ နောင်တရှိသည့်အမူအရာမျိုးလည်း မရှိပေ။ သူ့မျက်နှာသည် ရေပြင်ကဲ့သို့ ငြိမ်သက်နေပြီး မည်သည့်ခံစားချက်မျိုးကိုမျှ မမြင်နိုင်ပေ။ ခဏကြာမှ သူက


 “ ရောက်လာပေးတဲ့အတွက် သမားတော်တွေကို ကျေးဇူးတင်ပါတယ်"


သမားတော်တစ်ယောက်က ကပျာကယာဦးညွှတ်ပြီးပြောသည်။


 "ကျွန်တော်တို့ မခံယူရဲပါဘူး၊ကျွန်တော်တို့က ဧကရာဇ်နဲ့ ရှစ်ကျစ်တို့ရဲ့ အမိန့်ကို လိုက်နာနေတာပါ"


"ကဲ...အခုလို စိုးရိမ်ပူပန်တဲ့အတွက် ရှစ်ကျစ်နဲ့ ကျွင်းကျူးကိုလည်း ကျွန်တော်က ကျေးဇူးအများကြီးတင်ပါတယ်၊ကျေးဇူးပြုပြီး သမားတော်တို့ ရှေ့ကို လာခဲ့ပါ"


သမားတော်များ အနီးရောက်လာသည့်အခါ ရုံရှား၏ ကျောပေါ်က သွေးများမှာ ခဲနေသည်ကို တွေ့လိုက်ရသည်။သူတို့ တစ်ယောက်ကိုတစ်ယောက် လေးလေးနက်နက်ကြည့်လိုက်ကြပြီး ဆေးသေတ္တာထဲက ငွေရောင်ကတ်ကြေးတစ်လက်ကို ထုတ်ယူလိုက်၏။


"မြို့စားမင်းရဲ့အဝတ်နဲ့ ဒဏ်ရာက တွဲနေတာမို့ အဝတ်တွေကို ဖြတ်ဖို့ ကတ်ကြေးသုံးရမယ်၊နည်းနည်းတော့ နာကျင်နိုင်ပါတယ်၊ အကိုက်အခဲပျောက်‌ဆေး သုံးချင်ပါသလား"


 " ဘေးထွက်ဆိုးကျိုးက ဘာလဲ"

  

ရုံရှား သဘောပေါက်သွားသည်။  ဘေးထွက်ဆိုးကျိုးမရှိလျှင် သမားတော်က ယခုလို သူ့အား မေးမြန်းနေမှာမဟုတ်ပေ။ 


"တစ်ခါတစ်လေမှ သုံးရင် ဘေးထွက်ဆိုးကျိုး သက်ရောက်မှုက သိပ်မရှိပါဘူး၊ဒါပေမယ့် ခန္ဓာကိုယ်က နေမကောင်း ဖြစ်နေရင် လူ့ရဲ့စိတ်ကို အလွယ်တကူ ထိခိုက်စေနိုင်ပါတယ်၊ ပြင်းထန်တဲ့အခြေအနေမျိုးမှာ ခဏခဏ သုံးမယ်ဆိုရင် ကြာလာရင် စွဲလာနိုင်......."


 "ဆေးမလိုပါဘူး၊ဒီတိုင်း ဖြတ်ပစ်လိုက်ပါ...မြန်မြန်လုပ်ပါ"


သမားတော်နှစ်ဦးသည် အသက်ပြင်းပြင်းရှူကာ အံတစ်ချက်ကြိတ်ရင်း အဝတ်ကို ဖြည်းညှင်းစွာဖြတ်ရန် ကတ်ကြေးယူလိုက်ကြသည်။


ရုံရှား၏ အဝတ်အစားများသည် ပါးလွှာသောကြောင့် ညှပ်ရလွယ်ကူသည်။ ဒဏ်ရာ အတိုင်းအတာကို မြင်ပြီးနောက် နှစ်ယောက်စလုံး သက်ပြင်းချကြသည်။ ဒဏ်ရာက ကြောက်စရာကောင်းသော်လည်း အရိုးနှင့် ဝမ်းဗိုက်ကို မထိခိုက်သွားချေ။ သူတို့သည်လည်း သမားတော်များဖြစ်၍ ဒဏ်ရာရသူများစွာကို တွေ့ဖူးခဲ့သည်။  လူနာတစ်ချို့၏ ဒဏ်ရာများသည် အပြင်ပန်းကပင် ကောင်းကောင်းမြင်နိုင်သော်လည်း ရက်အနည်းငယ်အကြာမှာပင် ထူးထူးခြားခြား အကြောင်းအရင်းမရှိစွာ သေဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် ရဲအရာရှများ စစ်ဆေးခဲ့ရာမှ အတွင်းအင်္ဂါများ၌ ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရှိခဲ့သည်။


 "မြို့စားမင်းရဲ့ ပြင်ပဒဏ်ရာက အရမ်းပြင်းထန်ပါတယ်၊ ကျွန်တော်တို့ အဝတ်ကို ဖြဲပြီး ဖြည်းဖြည်းချင်း သန့်ရှင်းရေးလုပ်ရပမယ်"


အဝတ်ကို ဖြဲလိုက်သည့်အခါတိုင်း သွေးများထွက်လာသည်။သွေးထွက်ရပ်ဖို့ သမားတော်များက ဂွမ်းစကို သုံးကြရ၍  ချွေးများပင် တဒီးဒီးကျလာရ၏။ခဏအကြာတွင် ကြမ်းပြင်ပေါ်၌ သွေးစွန်းနေသော ပိတ်စများ အပုံလိုက်ဖြစ်သွားသော်လည်း ဒဏ်ရာမှာ တစ်ဝက်သာ သန့်ရှင်းရသေးသည်။


 "မြို့စားမင်း.....ကျွင်းကျူး ခဏစောင့်ပေးပါ....."


 တံခါးကို တွန်းဖွင့်လိုက်သည်နှင့် အခန်းထဲသို့ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ကန့်လန့်ကာသည် လေထဲတွင် လွင့်သွားသည်။ ရုံရှား မျက်လုံးဖွင့်ကြည့်လိုက်ရာ တံခါးဝမှာ ရပ်နေသည့် အမျိုးသမီးကို တွေ့လိုက်ရ၏။


သူမသည် ရိုးရိုး ဗြောင်ထည် အဝတ်အစားကိုသာဝတ်ထားပြီး ဆံပင်ကိုသာမာန်သာ ထုံးထားကာ ပါးပြင်များက အနည်းငယ်နီမြန်းနေသည်။ နေရောင်ခြည်သည် ရွှေရောင်များ ဖြာကျသကဲ့သို့ သူမအပေါ်မှာ တောက်ပနေသည်။မျက်စိတစ်မှိတ်အတွင်းမှာပင်  အမျိုးသမီးက ကန့်လန့်ကာကို ရုတ်လိုက်ပြီး သူ၏ ကုတင်ဆီ လျှောက်လာတော့သည်။ 


 "အဆင်ပြေရဲ့လားဟင်..."


 သူမသည် ကုတင်စွန်းတွင် ရပ်ကာ သူ့ကိုကြည့်နေသည်။ သူမ၏ မျက်နှာထက်ဝယ် စိုးရိမ်မှုအပြည့်ရှိပြီး တခြား သူ နားမလည်နိုင်သော ခံစားချက်များ ရှိနေပုံရသည်။ သူ့စိတ်အစဉ်သည် ယခုလိုမျိုး တစ်ခါမှ ‌ဗလာကျင်းသွားသလိုမျိုး ကွက်လပ်မဖြစ်ဖူးပေ။သူလုပ်နိုင်သည်က သူ့ရှေ့ကမိန်းကလေးက အစစ်လား အတုလားဆိုသည်ကို အတည်ပြုနိုင်ဖို့ ငေးကြောင်ပြီးသာ ကြည့်နေမိတော့၏။ 


 "ပန်းဟွာကျွင်းကျူး"  တုကျိူးက ပန်းဟွာကို ဦးညွှတ်လိုက်သည်။



ပန်းဟွာသည် ရုံရှား၏ ကျောပြင်ကို ကြည့်ရင်း မျက်ခွံများ တုန်ခါသွားပြီး တုကျိူး ဘက်လှည့်ကာ "ဘာဖြစ်တာလဲ"


 "ကိုယ်……" ရုံရှား ပါးစပ်ကို ဖွင့်လိုက်သည်။


 "ရှင် အခုလုပ်သင့်တာက ကုတင်ပေါ်မှာ လှဲပြီး ငြိမ်ငြိမ်လေး ပြန်လှဲနေလိုက်တာပဲ" ပန်းဟွာက မျက်နှာကြီး မှောင်မဲသွားကာ ရုံရှားကို စိုက်ကြည့်ရင်း "ကျွန်မ မေးခွန်းကို မဖြေဖို့ ရှင့်ရဲ့ သက်တော်စောင့်ကို မပြောပါနဲ့၊ရှင် ပါးစပ်ပိတ်ထား"


ရုံရှား သူ့ပါးစပ်ကို ဖွင့်ဟ,လိုက်သော်လည်း နှုတ်ဆိတ်နေဖို့သာ ရွေးချယ်လိုက်သည်။


တုကျိူးသည် မျက်လုံးပြန်မှိတ်ထားသော မြို့စားမင်းကိုကြည့်ကာ အံသြသွားသည်။သူ အမှန်အတိုင်းပြောရမှာလား.... ထို့အပြင် မြို့စားမင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းသည် ဆိုးရွားစွာ ဒဏ်ရာရနေ၍ သေချာ မမြင်နိုင်သော်လည်း သူ၏အပေါ်ပိုင်းတစ်ပိုင်းလုံးက ဗလာကျင်းနေသေးသည်။ကျွင်းကျူးက အခန်းထဲဝင်လာပြီး မြို့စားကိုကြည့်နေတာဆိုတော့ ဘယ်သူက မသင့်တော်တာကိုလုပ်တာလဲ...


မြို့စားမင်းကလည်း ကျွင်းကျူး၏ စကားကိုနားထောင်ပြိး တိတ်တိတ်ဆိတ်ဆိတ်နေလိုက်သည်ကိုမြင်လျှင် တုကျိူးလည်း မလွန်ဆန်နိုင်ဘဲ ပန်းဟွာအား ပြောပြရတော့သည်။


"ကျွင်းကျူး၊ ဒီနေ့ မြို့စားမင်းနဲ့ သခင်ယောင်တို့က ဧကရာဇ်ကို တွေ့ဆုံဖို့ နန်းတော်ထဲကို ဝင်ကြတာပါ၊ ဟိုရောက်တော့ ဧကရာဇ်က  ဒေါသတကြီးဖြစ်နေတာ၊မြို့စားမင်းနဲ့ သခင်ယောင်က  အိမ်ရှေ့စံကို ကောင်းကောင်းမသွန်သင်ဘဲ လမ်းလွဲရောက်စေခဲ့တယ်လို့ ပြောပြီး မြို့စားမင်းနဲ့ သခင်ယောင်ကို အရိုက်ခိုင်းခဲ့တာပါ"


ပန်းဟွာက မျက်မှောင်ကြုတ်ထားကာ


 "ဘာ...အိမ်ရှေ့စံကို ကောင်းကောင်းမသင်ပေးလို့ ဟုတ်လား၊အိမ်ရှေ့စံက ဧကရာဇ်ရဲ့အကြီးဆုံးသား...သူက ရုံရှားထက်လည်း အသက်ကြီးတယ်၊ သူ အမှားလုပ်မိရင်တောင် ရုံရှားက သူ့ကို ဘယ်လိုလုပ် အပြစ်တင်စကားသွားပြောလို့ ရမှာလဲ"


တုကျိူး နှုတ်ဆိတ်နေသည်။ 


 "အိမ်ရှေ့စံက ဘာဖြစ်သွားလို့လဲ"  


 ဧကရာဇ်သည် အကြောင်းပြချက်မရှိဘဲ ဒေါသမထွက်နိုင်မှန်း သူမ ရိပ်မိသည်။ဤသည်မှာ ဧကရာဇ်၏ ကိုယ်ကျင့်စရိုက်နှင့် မတူပေ။လူတစ်ယောက်က ဖျားနာလိုက်တာနဲ့ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကလည်း ပြောင်းလဲသွားတာလား...


 “ဒါက…” 


တုကျိူး တုံ့ဆိုင်းသွားပြီး ရုံရှားကို လှည့်ကြည့်လိုက်သည်။


ပန်းဟွာက လေသံမာမာဖြင့် 


 "ရှင့်ကို ကျွန်မ ပြောတာလေ၊ ဘာလို့ သူ့ကိုကြည့်နေတာလဲ၊ ရှင် ပြောနိုင်ရင် ပြောပါ” 


ရုံရှားကလည်း မျက်လုံးများကိုပြန်ဖွင့်ကာ တုကျိူးကို စိမ်းဝါးဝါးကြည့်လိုက်သည်။ထိုအခါ တုကျိုး မျက်လွှာချ၍ ပြောဖို့မဝံ့မရဲဖြစ်သွားတော့သည်။


 "မနေ့ညက အိမ်ရှေ့စံက ဧကရာဇ်ရဲ့ ကိုယ်လုပ်တော်တွေထဲက တစ်ယောက်နဲ့ အတူပေါင်းသင်းနေမှန်း သိလိုက်ရပါတယ်၊အဲ့ဒါလည်းပြီးရော အဲ့ဒီ မိန်းကလေးက ကြိုးဆွဲချ သတ်သေသွားခဲ့တာပါ"


 "ဘယ်ကိုယ်လုပ်တော်လဲ"


 "ကိုယ်လုပ်တော်လင်း"


ကိုယ်လုပ်တော်လင်းသည် နန်းတော်ထဲသို့ ဝင်ရောက်ပြီးနောက် ရက်အနည်းငယ်ကြာသည်အထိ ဧကရာဇ်၏ မျက်နှာသာပေးမှု ခံခဲ့ရ၏။ သို့သော်လည်း သူမ၏မိသားစု နောက်ခံကြောင့် ရာထူးအဆင့်အတန်း မြင့်မားလာခြင်းမရှိပေ။


ယခင်ဧကရာဇ် သက်ရှိထင်ရှားရှိစဉ်အခါက၊ စုန်းအတတ် တတ်သည်ဆိုသောကြောင့် သေမိန့်ချခံရသော ကိုယ်လုပ်တော် တစ်ဦးရှိခဲ့သည်။ ကိုယ်လုပ်တော်လင်းကလည်း ယခင်ဧကရာဇ်၏ ကိုယ်လုပ်တော်လင်းနှင့် မျိုးနွယ်စုတူညီသည်။ ပိုစိတ်ဝင်စားစရာကောင်းသည်က ထိုလင်းမျိုးနွယ်နှစ်ယောက်၏ မျိုးနွယ်စုက ရုံရှား၏ မိခင်မျိုးရိုးပင်။ 


ရုံရှား၏ အဖွားသည် လင်းမိသားစုနှင့် လက်ထပ်သောအခါ၊ သူမသည် တော်ဝင်မိသားစု၏ ပလ္လင်လုပွဲများတွင် ပါဝင်ခဲ့သောကြောင့် သာမန်လူတန်းစားအဖြစ် ရာထူးမှ လျှော့ချခံခဲ့ရသည်။ လင်းမိသားစုလည်း ထိခိုက်ခံရ၏။


ယခင်ဧကရာဇ် လက်ထက်က သေဒဏ်ချမှတ်ခံရသော ကိုယ်လုပ်တော်လင်းသည် စုန်းအတတ်ကို အမှန်တကယ် အသုံးပြုခဲ့သလား၊ သို့မဟုတ် လင်းမိသားစုက သူမအား  ဖိအားပေးခဲ့သလား ဆိုသည်ကို ပန်းဟွာ သံသယရှိခဲ့ဖူးသည်။ ယခင်ဧကရာဇ်မှလွဲ၍ ဤကိစ္စနှင့်ပတ်သက်ပြီး အမှန်တရားကို သိရှိသူ တစ်ယောက်မျှ မရှိနိုင်ပေ။


 "ဒါဆို သူမပဲ"  


ဤကိစ္စ၏ အကြောင်းတရားနှင့် အကျိုးဆက်ကို နားလည်ပြီး ပန်းဟွာ သက်ပြင်းချလိုက်သည်။ရုံရှား၏ ကံဆိုးမှုသည် မထိုက်တန်ဟု ယူဆနိုင်သည်။ဤနှစ်များအတွင်း သူသည် တစ်ယောက်တည်း သီးသန့်နေထိုင်ခဲ့ပြီး လင်းမိသားစုမှ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ အရောမဝင်ပေ။ယခု လင်းမိသားစု၏ မိန်းမများသည် ကိုယ်လုပ်တော်များဖြစ်ကြပြီး အိမ်ရှေ့စံနှင့် မရှင်းလင်းသော ဆက်ဆံရေးရှိသဖြင့် ဧကရာဇ်က ရုံရှားအပေါ် ဒေါသကိုဖြေဖျောက်လိုက်တာပင်။


 ကုတင်ပေါ်ရှိ ရုံရှား၏ ဖြူဖျော့ဖျော့ပုံသဏ္ဍာန်ကို ကြည့်ပြီး ပန်းဟွာ မျက်မှောင်ကြုတ်ကာ သူ့ဘေးရှိ ခွေးခြေခုံပေါ်တွင် ထိုင်ချလိုက်သည်။


"ဒဏ်ရာက ဘယ်လိုလဲ"


"မြို့စားမင်းရုံရဲ့ ဒဏ်ရာက နည်းနည်းလေး ပြင်းထန်တယ်၊ ကံကောင်းတာက သူ့အဆုတ်ကို မထိခိုက်မိဘူး၊ မဟုတ်ရင် အမြဲတမ်း ဖျားနာနေပါလိမ့်မယ်"  


ခေါင်းမှာ ချွေးများ စီးကျနေသော သမားတော်တစ်ယောက်က ရုံရှား၏ ဒဏ်ရာကို ဖုံးထားသည့် အဝတ်အားလုံးကို ဖယ်လိုက်သည်။သို့သော်လည်း ရုံရှား အသံတစ်ချက် မထွက်ပေ။


ရုံရှား၏ နှုတ်ခမ်းဖြူဖျော့ဖျော့နှုတ်ခမ်းများကို မြင်လိုက်ရသည်နှင့် ပန်းဟွာ မျက်မှောင်ကြုတ်မိသည်။


"ရှင်က ဂုဏ်သိက္ခာရှိတဲ့ မြို့စားမင်းပဲ၊ အစောင့်တွေကို ညင်သာအောင် ရိုက်ဖို့မပြောခဲ့ဘူးလား"


ရုံရှားက ပြုံးပြီး


 "ဧကရာဇ်က အရမ်း ဒေါသထွက်နေတော့ အစောင့်အကြပ်တွေကလည်း မညှာရဲဘူးထင်ပါတယ်၊ဧကရာဇ် ဒေါသဖြစ်ရင် အကျိုးဆက်က ပိုပြင်းထန်လာမယ်မလား,မင်း စိတ်မပူနဲ့နော်၊ ကိုယ် အဆင်ပြေပါတယ်"


"ရှင့်ကို ဘယ်သူက စိတ်ပူနေလို့လဲ၊ကျွန်မရဲ့ခင်ပွန်းလောင်း တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်တာ၊အဲဒီအချိန်ကျရင် ကျွန်မလည်း အန္တရာယ်ရှိလာနိုင်တာမဟုတ်လား" 


 "ဟွာဟွာ၊ စိတ်မပူပါနဲ့၊ မင်းကို မနစ်နာ စေရပါဘူး"  


ပြောရင်းနှင့် ရုံရှားက ပန်းဟွာထံသို့ လက်လှမ်းလိုက်သည်။ သို့သော်လည်း ပန်းဟွာသည် သူနှင့်ဝေးကွာလွန်းသဖြင့် သူမ လက်ကို မဆုပ်ကိုင်ထားနိုင်ဘဲ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာမှာ ဆစ်ကနဲ နာကျင်သွားရ၍ မျက်နှာပျက်သွားရသည်။


"ကုတင်ပေါ် လှဲပြီး အေးအေးဆေးဆေးနေလေ၊ဘာလို့ လှည့်လာတာလဲ"

 

ပန်းဟွာ သူ့ကို မျက်စောင့်ထိုးလိုက်သော်လည်း သူမ၏ မျက်ဝန်းထဲတွင် ချစ်ခင်ကြင်နာရိပ်တို့ ရှိနေသေးသည်။ပြီးမှ သူမက သူ့လက်ကို ပွတ်သပ်ပေးရင်း "ရပြီလား၊ရှင့်လက်ကို ပြန်ရုတ်လိုက်"


ရုံရှားက ညင်ညင်သာသာ ရယ်မောပြီး သူ့လက်ကို ပြန်ရုတ်လိုက်သည်။


"မြို့စားမင်းရုံ၊ကျွန်တော်တို့ ဒဏ်ရာကို ပိုးသတ်ရပါမယ်၊ သည်းခံပါ"


သမားတော်များအတွက် ဝိုင်သည် အကောင်းဆုံး ပိုးသတ်ဆေးဖြစ်သည်။  သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးစွန်းသောအစွန်းအထင်းများနှင့် ဒဏ်ရာထဲတွင်ရှိနေနိုင်သော သေးငယ်သည့် အဝတ်စများကို သန့်စင်ရန် ဝိုင်ကိုအသုံးပြုကြသည်။သို့သော်၊ ဝိုင်သည် ဒဏ်ရာအတွက် ကြီးမားသော လှုံ့ဆော်မှုတစ်ခုဖြစ်သည်။ရုံရှားက ခံနိုင်ရည်ကောင်းသော်လည်း ဝိုင်က ဒဏ်ရာကို ထိလိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှာရှိသော ကြွက်သားများအားလုံးက တင်းမာ တောင့်တင်းကာ အကြောဆွဲသလိုကုပ်ကျစ်လာသည်။မကြာမီ သူ့နဖူးမှ ချွေးများ စီးကျလာသည်။  အချို့က ခေါင်းအုံးထဲသို့ စိမ့်ဝင်သွားကြပြီး အချို့က သူ့မျက်လုံးထဲသို့ ကျသွားသည်။ ချွေးများကြောင့် မျက်လုံးများ စပ်ရသည်အထိပင်။


 ညစ်ပတ်သည့် သွေးများနှင့် ဝိုင်အရည်များ ရောသွားတာကြောင့် သွေးနံ့နှင့် ဝိုင်တို့ ရောထွေးနေသည်။ အနံ့က အတော်ပင် ပြင်းထန်လှပေ၏။


ရုံရှားသည် ချွေးများထွက်နေလျက်က ပန်းဟွာကို တစ်ချက်ကြည့်ကာ "ဟွာဟွာ၊ အခန်းထဲမှာ မွန်းကြပ်နေတယ်၊ အပြင်ထွက်ပြီး လေကောင်းလေသန့်သွားရှူပါလား"


 "ကျွန်မက နေ့တိုင်း အပြင်မှာနေတာ၊ လေကောင်းလေသန့် မရှူရင်လည်း ကိစ္စမရှိပါဘူး၊ စိတ်မပူနဲ့...ရှင် နည်းနည်း ရုပ်ဆိုးပေမယ့် ကျွန်မက မမုန်းသွားပါဘူး"


"ကျေးဇူးတင်ပါတယ်" 


 "ရပါတယ်"  


ပန်းဟွာသည် ကုလားထိုင်ပေါ်တွင် ငြိမ်၍သာထိုင်နေ၏။


 မကြာခင်မှာပင် ရုံရှားတစ်ကိုယ်လုံး ချွေးများရွှဲနစ်လာသည်။သမားတော်က သူ့ဒဏ်ရာကို အစိမ်းရောင်ဆေးရည် လိမ်းပေးသည်။ 


 "မြို့စားမင်း၊ နေထိုင်တဲ့အခန်းက တံခါးနဲ့ ပြတင်းပေါက်တွေကို လေဝင်အောင်ထားပါ၊ မပူအိုက်စေပါနဲ့၊ နောက်ပြီး ဆေးစာလည်း ရေးပေးမယ်၊ဆေးရဲ့ အဓိကအကျိုးသက်ရောက်မှုက သွေးထွက်တာကို ရပ်ဖို့ပါပဲ၊ ပြီးလျှင် ပြည်မတည်အောင်လို့ပါ၊ အနာ လုံးဝပျောက်ကင်းသွားရင် သွေးအား ပြန်ဖြည့်တင်းဖို့ တစ်ခုခုကို အသုံးပြုနိုင်ပါတယ်၊အခု အလွန်အကျွံ ထပ်ဖြည့်လိုက်ရင် ဒဏ်ရာကို ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေပါတယ်"


 "အပင်ပန်းခံလုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"  


ဆေးကို သူ့နောက်ကျောမှာ လိမ်းလိုက်သည့်အခါ ရုံရှား တစ်ကိုယ်လုံး အေးမြသည့်ခံစားမှုကို ခံစားလိုက်ရသည်။  နာကျင်မှုများတောင် တစ်ဝက်ကျော်လောက် လျော့သွားရ၏။အသက်နည်းနည်းကြီးသည့် သမားတော်က


 "မြို့စားမင်းရုံ အနာကိုပိုးသတ်တဲ့အခါ အခံရခက်ဆုံးပဲ၊ ဒါပေမယ့် မြို့စားမင်း မညည်းညူတာကို ကျွန်တော်တို့လေးစားပါတယ်"


ရုံရှားက ပြုံးကာပြောသည်။


 "နာနာ၊မနာနာ မိန်မလှလေးရှေ့မှာဆိုတော့ ရုပ်မဆိုးအောင်နေရ‌တာပေါ့၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့နှစ်ယောက်က ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တယ်"


 တံခါးဆီသို့ လျှောက်သွားသော ပန်းဟွာသည် ထိုစကားများကို ကြားပြီး နှုတ်ခမ်းမဲ့လိုက်သည်။သူ့မှာ ယခုလို ဒဏ်ရာရခဲ့သော်လည်း ပြန်ကောင်းလာဖို့ အိပ်ယာပေါ်မှာပင် မအိပ်ဘဲ သူမ ရှေ့မှာပင် အိန္ဒြေဆည်နိုင်သေးသည်။ ဒါဟာ လူကြီးလူကောင်းတစ်ယောက်ရဲ့ အပြုအမူပဲလား။


သမားတော်က ကမန်းကတန်း ဦးညွှတ်ကာ


"ကျွန်ုပ်တို့ မြို့စားမင်းရုံရဲ့ကျေးဇူးကို လက်မခံဝံ့ပါဘူး၊ မြို့စားမင်းရုံ အစားအသောက်ကို ဂရုစိုက်ပါ၊ ပေါ့ပေါ့ပါးပါး အစားအစာကို စားရမယ်၊ ဆေးကိုလည်း သေချာလိမ်းပေးဖို့ အိမ်တော်ဆီကို ကျွန်တော်တို့ နေ့တိုင်းလာပါမယ်"



xxxxxx