Chapter 104
ပြောပြီးသည်နှင့် သမားတော်က ပန်းဟွာကို ဦးညွှတ်ပြီး ပြောသည်။
"ကျွင်းကျူး၊ ကျွန်တော် သွားပါတော့မယ်"
"ဟုတ်ကဲ့၊ သွားလို့ရပါပြီီ....."
ပန်းဟွာက သမားတော်ကို ခေါင်းညိတ်ပြပြီး ရုံရှားဘက်လှည့်ကာ ပြောလိုက်၏။
"ရာသီဥတုက ပူလာပြီ၊ ရှင့်ရဲ့အိပ်ယာက သွေးတွေစွန်းနေတော့ အိပ်လို့မရနိုင်ဘူး၊ရှင် အခန်းပြောင်းခိုင်းလိုက်ပါ"
ရုံရှားက "ဒီလိုဖြစ်သင့်ပါတယ်၊ ကျေးဇူးတင်ပါတယ် ဟွာဟွာ"
"ကျွန်မက ပါးစပ် လှုပ်လိုက်ရုံပါပဲထ သမားတော်ကမှ အလုပ်လုပ်တဲ့သူပါ၊ကျွန်မက ကိစ္စမရှိပါဘူး"
ပန်းဟွာ သက်ပြင်းချရင်းဆိုလိုက်မိသည်။ဧကရာဇ်၏ အပြစ်ပေးခံရခြင်းသည် အရာရှိတစ်ဦးအတွက် ကောင်းမွန်သောအရာမဟုတ်။ သမိုင်းစာအုပ်များတွင်ပင် မှတ်တမ်းတင်ထားနိုင်ဖွယ်ရှိသည်။ရုံရှားက ပြုံးသာပြုံးပြီး သူမကို ဆက်ပြီး ငြင်းခုံမနေတော့။သူ ခဏလောက် တိတ်ဆိတ်သွားပြီး မျက်လုံးကိုမှိတ်လိုက်ရင်း
"မင်း ဒီနေ့ ဒီကို မလာသင့်ဘူး"
ဧကရာဇ်၏ စိတ်နေစိတ်ထားက မတည်မငြိမ်ဖြစ်နေသည်ကို လူတိုင်းသိသည်။ ရာထူးရှိသူ တစ်ယောက်ယောက်ကို အပြစ်ပေးလျှင်၊ထိုသူအား အရေးကြီးသည့် ရာထူးမျိုးမှာ ဆက်ထားတော့မှာ မဟုတ်ပေ။ ဧကရာဇ်၏ကျေးဇူးကို မှီခိုအားထားနေရသော ပန်းမိသားစုသည် ဤအချိန်မျိုးတွင် သူ့အိမ်သို့ အမှန်တကယ် မလာရောက်သင့်ပေ။
အကယ်၍ ဤကိစ္စသည် ဧကရာဇ်၏နားထဲသို့ ရောက်သွားပါက၊ ပန်းမိသားစုသည် ဧကရာဇ်၏ ဆန္ဒကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်သည်ဟု ဆိုနိုင်သည်။ဧကရာဇ် နေကောင်းစဥ်အခါ၌ ဤကဲ့သို့ တွေးထင်မည်မဟုတ်သော်လည်း ယခု အခြေအနေအရမူ ပြောရခက်သည်။ကောကုန်းကျင့်ထင် ကဲ့သို့သော မိသားစုအတွက်၊ ဧကရာဇ်၏အလိုတော်အတိုင်း ဆန့်ကျင့်ဖို့မှာ အထူးခက်ခဲသည်။
ပန်းဟွာက ရုံရှားကို အေးအေးဆေးဆေး ကြည့်လိုက်ပြီး
"ဖြစ်သင့်ဖြစ်ထိုက်တယ် ဆိုတာမျိုးတော့ မရှိပါဘူး၊ ကျွန်မအတွက် ကိစ္စတစ်ခုကို ကျွန်မ လုပ်ချင်သလား၊ မလုပ်ချင်ဘူးလား ဆိုတာပဲ ရှိတယ်"
ရုံရှားသည် ပန်းဟွာ၏ မျက်လုံးမှတစ်ဆင့် သူမ၏ စိတ်ဝိညာဉ်ထဲကို စိုက်ကြည့်နေလေသည်။
"ဘဝမှာ မသေချာမရေရာမှုတွေ အများကြီးရှိတယ်၊ ဒီနေ့ ရှင့်ကို မတွေ့ရင်တောင် ပန်းမိသားစုက ထာဝရချမ်းသာမြဲ ချမ်းသာနေမယ်လို့ မဆိုလိုပါဘူး၊ ဒါ့အပြင် ပန်းမိသားစုက ကိုယ့်ဘက်သားလူတွေကို ဘယ်တော့မှ ပစ်မထားဘူးလို့ ကျွန်မ ပြောခဲ့တယ် မဟုတ်လား၊ ကျွန်မ မလာရင် ကျွန်မတို့က ရှင့်ကို မိသားစုဝင် တစ်ယောက်လို့ မသတ်မှတ်တာပဲပေါ့"
ရုံရှား၏ မျက်တောင်များ လှုပ်သွားသည်။ သူ၏ ရှည်လျား ကော့ညွှတ်သော မျက်တောင်များသည် စုတ်တံကဲ့သို့ ခပ်စိတ်စိတ်ဖြစ်ပြီး မည်းနက်သော သူ့မျက်လုံးများရှေ့တွင် ခန်းဆီးသဖွယ် ကာဆီးနေလေသည်။
"ဟွာဟွာ"
"အင်း...."
"ကျေးဇူးတင်ပါတယ်"
"ကျွန်မကို ဒီစကားတွေ မပြောဖို့ ပြောခဲ့တယ် မဟုတ်လား" သူမ ခွေးခြေပေါ်မှ မတ်တပ်ထရပ်ပြီး "ရှင် အရမ်း တက်ကြွနေသေးတာကို တွေ့ရတော့ ကျွန်မလည်း စိတ်သက်သာရာ ရသွားတယ်"
"မင်း သွားတော့မလို့လား"
ရုံရှားက သူမကို သနားစရာကောင်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ကျွန်မ ထွက်သွားပြီး အစေခံတွေကို မှာချင်သေးတယ် ....."
သူမ ပြန်တော့မည်ဖြစ်ကာ သူ့အား ကောင်းကောင်းအနားယူပါဟု ပြောချင်သော်လည်း သူ၏ စိတ်ပျက်နေသည့်အကြည့်ကိုမြင်လျှင် စိတ်ပြောင်းသွားပြီး ပြန်ထိုင်လိုက်၏။
"ကဲပါ၊ ရှင်နဲ့ခဏနေပါဦးမယ်"
ရုံရှား ရုတ်တရက် ပြုံးလိုက်သည်။ဖြူဖပ်ဖြူရော်မျက်နှာနှင့် ချိနဲ့နဲ့ အပြုံးကြောင့် အနိုင်ကျင့်ခံနေရသော၊ သနားစရာကောင်းသည့် ခွေးကလေးတစ်ကောင်လို သနားချင့်စဖွယ် ဖြစ်နေသည်။ သူမလည်း တုကျိူးဘက်လှည့်ပြီး
"သန့်ရှင်းတဲ့ အခန်းတစ်ခန်းကို ပြင်ထားဖို့ အစေခံတွေကို သွားပြောပါ၊ အခန်းထဲမှာ ပန်းတွေ၊ အပင်တွေ မထည့်ပါနဲ့၊ အမွှေးတိုင်တွေလည်း မသုံးပါနဲ့၊ လေဝင်လေထွက်ကောင်းနေဖို့ပဲ လုပ်ပါ"
"ဟုတ်ကဲ့"
တုကျိူးသည် အမိန့်ကို နားထောင်ကာ ထွက်ခွာသွားခဲ့သည်။
"ဟွာဟွာက သိပ်သိတာပဲ" ရုံရှားက ပြုံးပြီး သူမလက်ကို ဆုပ်ကိုင်လိုက်သည်။
"အရည်အချင်းရှိပြီး အရမ်းလည်းလှတယ်"
" ကျွန်မ လှတာကိုတော့ ဝန်ခံပါတယ်၊ ဒါပေမယ့်…" ပန်းဟွာက ခပ်ရှက်ရှက်ဖြင့် သူမ လက်ကို သူ့လက်ဖဝါးထဲမှ ဆွဲထုတ်လိုက်ပြီး "လှတယ်လို့ မချီးမွမ်းပါနဲ့လား၊ အဲဒီစကားကြားရရင် ကျွန်မ ရှက်တယ်"
"အရည်အချင်းက အရည်အချင်းပါပဲ၊ ကဗျာ၊ လက်ရေးလှ၊ ပန်းချီပညာ အဲ့ဒါတွေ တတ်ရုံနဲ့ အရည်အချင်းရှိတယ်လို့လည်း မဆိုလိုပါဘူး၊ အဲ့ဒါတွေကမှ အရည်အချင်းအစစ်လို့ ဘယ်သူကမှ မသတ်မှတ်ထားဘူးလေ"
ပန်းဟွာသည် သူမကိုယ်သူမ အရည်အချင်း ရှိ၊ မရှိ မသိသော်လည်း ရုံရှားစကားကြောင့် အားတက်လာမိသည်။
" မြို့စားမင်းရုံ ၊ အစ်မ "
တံခါးဝမှာ အကြာကြီးရပ်နေသည့် ပန်းဟမ် နောက်ဆုံး သည်းမခံနိုင်တော့ဘဲ အထဲကို ဝင်လာခဲ့သည်။ရုံရှား၏ ကျောကို ဆီများ လိမ်းထားသော်လည်း ပတ်တီးမစည်းထား၍ ဒဏ်ရာကိုမှန်းဆကြည့်မိကာ သူ ချက်ချင်း စိတ်ပူသွားမိသည်။သူ့နောက်ကျောမှာ ဒဏ်ရာတွေက အပြည့်ပါလား၊ဧကရာဇ်က သူ့ကို ဘယ်လိုများ ရိုက်နှက်ခိုင်းခဲ့တာလဲ။
ပန်းဟမ်သည် ရုံရှား၏ကျောပေါ်ရှိ ဆီမွှေးများကို ကြည့်ပြီး ရေရွတ်လိုက်၏။
"ဒီလောက်ဆိုးတဲ့ ဒဏ်ရာကို ဘာလို့ မပတ်တီးမစည်းထားရတာလဲ၊ဒါက ဒဏ်ရာကို ကုသတာလား၊ဒဏ်ရာကိုကြည့်ရုံနဲ့ ကျွန်တော့်ကျောတွေပါ နာလာသလိုပဲ၊ စိတ်မရှိပါနဲ့၊ မြို့စားမင်းရုံ၊ ကျွန်တော် အပြင်မှာပဲ စောင့်နေမယ်"
ပန်းဟမ်သည် သူရဲဘောကြောင်သူဖြစ်သည်။ယခုလည်း သူ့ အိန္ဒြေပင်မဆည်ဘဲ ကြက်သီးများထကာ လှည့်ထွက်သွားမိသည်။ပန်းဟွာက ခြောက်ကပ်စွာ ချောင်းဆိုးလိုက်ရင်း
"ကျွန်မ မောင်လေးက နည်းနည်းတော့ အရှက်မရှိဘူးနော်"
ရုံရှားက ခပ်တိုးတိုးသာရယ်ပြီး "သိပါတယ်"
ပန်းဟွာက နားရွက်ဖျားကိုတစ်ချက်ပွတ်ကာ စကားလမ်းကြောင်းပြောင်းလိုက်၏။
"အိမ်ရှေ့စံကို တစ်ယောက်ယောက်က တမင်ကြံစည်ပြီး ထောင်ချောက်ဆင်ထားတယ်လို့ ရှင်ထင်လား"
"ဟုတ်ရင်လည်းဟုတ်နိုင်တယ်၊ မဟုတ်ရင်လည်း မဟုတ်နိုင်ဘူး"
“ဒါဆို အခု အိမ်ရှေ့စံ ဘယ်လိုဖြစ်နေလဲ၊သူက တိုင်းပြည်ကို ဧကရာဇ်ကိုယ်စား ယာယီ အုပ်ချုပ်နေတာ၊ ဒါပေမယ့် အခုလိုတွေ ဖြစ်သွားပြီ၊ ဧကရာဇ်ရဲ့ ကျန်းမာရေးကလည်း မကောင်းဘူး၊ နန်းတွင်းရဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖို့ ဘယ်သူ့ကို တာဝန်ပေးလို့ရနိုင်မလဲ”
"ဧကရာဇ်နဲ့ ဧကရီမှာ သားတစ်ယောက်တည်း မွေးထားတာ မဟုတ်ဘူးလေ၊ အိမ်ရှေ့စံမရှိရင်လည်း ဒုတိယမင်းသား ရှိသေးတယ်မလား"
"ဒုတိယမင်းသား....အို သူက စိတ်မြန်ပြီး စကားပြောလည်းအဆင်မပြေတတ်တယ်၊ တိုင်းပြည်ကို ဘယ်လိုလုပ် အုပ်ချုပ်နိုင်မှာလဲ"
ရုံရှားက ကူကယ်ရာမဲ့ ပြုံးပြီး "အင်း ဒါပေမယ့် အခု ဧကရာဇ်က အိမ်ရှေ့စံကို မယုံကြည်တော့ဘူးလေ"
တိုင်းပြည်တစ်ပြည်၏ ဧကရာဇ်သည် လေဖြတ်ပြီး အိပ်ရာထဲမှာ လဲနေသည်။ဤသည်မှာ ကြီးမားသော ထိုးနှက်ချက်ဖြစ်၏။နန်းတော်အပြင်ဘက်မှဆိုလျှင် အိမ်ရှေ့စံက စေတနာကောင်းပြီး ကိုယ်ကျင့်သီလနှင့်ပြည့်စုံကြောင်း သတင်းမွှေးနေ၏။ဧကရာဇ်ကပင် သူ့လောက် မထက်မြက်ဘူးဟု ပြောဆိုနေကြသည်။ထိုကောလဟာလများ ဧကရာဇ်၏ နားထဲသို့ ရောက်သွားသောအခါ၊ ဧကရာဇ်၏ နှလုံးသားထဲတွင် ဆူးတစ်ချောင်းဖြစ်လာနိုင်သည်။ထိုဆူးကို မဖယ်ရှားရသေးမီ အိမ်ရှေ့စံသည် ဧကရာဇ်၏ ကိုယ်လုပ်တော်နှင့် သီးသန့်တွေ့ဆုံကာ ပေါင်းသင်းခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။
ဒါကို ဧကရာဇ် ဘယ်သည်းခံနိုင်မှာလဲ ယောက်ျားတစ်ယောက်ရဲ့ အဆင့်အတန်း၊ ဂုဏ်သတင်းနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှု အားလုံးကို သူ့သားတော်က ယူသွားတာလေ၊ဒါကို ဝေဒနာခံစားနေရတဲ့ ဒဏ်ရာရ ကျားအိုကြီး ဧကရာဇ်ယွင်ချင် ဘယ်လိုလုပ် စိတ်ဖြေနိုင်မှာလဲ...
ဧကရာဇ်ယွင်ချင်သည် အိမ်ရှေ့စံကို တိုက်ခိုက်ရန် တခြားတစ်ယောက်ယောက်က ကြံစည်ခြင်း ရှိ၊ မရှိ ဆိုသည်ကိုပင် မစဉ်းစားခဲ့ပေ။ ဧကရာဇ်တစ်ယောက်အနေဖြင့် သူ၏ဂုဏ်သိက္ခာကို စိန်ခေါ်ခဲ့သည့် သားဖြစ်သူကိုသာ အငြိုးထားလိုက်သည်။
ရုံရှားနှင့် ယောင်ဖေးကျီတို့သည် ဧကရာဇ်၏ အမျက်ဒေါသနှင့် အရှက်ကို ဖြေဖျောက်ရန် အကြောင်းပြချက်တစ်ခုမျှသာဖြစ်သည်။ သူတို့နှစ်ဦးနှင့်မှ တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်ရခြင်းပင်။ အိမ်ရှေ့စံနှင့် ကိုယ်လုပ်တော်လင်းတို့ လျှို့ဝှက်တွေ့ဆုံခြင်းသည် နန်းတော်အပြင်ကို ပျံ့နှံ့မသွားသော်လည်း၊ ဘုရင်ခံရာထူးမှာတော့ သေချာပေါက် ပြောင်းလဲသွားပါလိမ့်မည်။
"ဒုတိယမင်းသားက အုပ်ချုပ်ရင် ရှင့်ကို ထိခိုက်မှာလား" ဒုတိယမင်းသားနှင့်ရုံရှားသည် သိပ်မတည့်ကြောင်း ပန်းဟွာသိ၍ မေးလိုက်ခြင်းပင်။
ဒုတိယမင်းသားက ရှစ်ဖေးရှန့်ကို သဘောကျပြီး ရှစ်ဖေးရှန့်က ရုံရှားကို သဘောကျသည်။သူမသည် ရှစ်ဖေးရှန့်၏ စေ့စပ်ထားသူဖြစ်သောကြောင့် အဆုံးတွင် သူမကသာ အောင်နိုင်သူဖြစ်ပေသည်။
ရှစ်ဖေးရှန့်က ခပ်ဖျော့ဖျော့ပြုံးရင်း ပြန်ဖြေသည်။
"ဒုတိယမင်းသားက တရား၀င် အုပ်ချုပ်ရတယ်ဆိုရင်တောင် ကိုယ့်ရဲ့လက်ရှိအခြေအနေအရ တရားရုံးကို မတက်နိုင်သေးဘူး၊အိမ်တော်မှာပဲ အနားယူရုံပဲလေ၊ တရားရုံးတက်ချင်ရင်တောင် ကိုယ့်မှာ တက်ခွင့်မရှိဘူး"
“ဒါတွေကို စိတ်ထဲမထားပါနဲ့၊ မြို့တော်က လူတွေပြောလာမှာကိုလည်း ရှင် စိတ်ထဲမထားပါနဲ့၊ ကိုယ့်ကျန်းမာရေးထက် ဘယ်အရာမှ ပိုအရေးကြီးတာ မဟုတ်ဘူး၊ရှင့်အတွက် အရေးကြီးဆုံးက ကောင်းကောင်းအနားယူဖို့ပါပဲ"
ရုံရှား၏ အပြုံးသည် ပျောက်ကွယ်မသွားသေးချေ။
"ကိုယ် စိတ်မကောင်းပါဘူး၊စည်းစိမ်ဥစ္စာတွေဆိုတာ မီးခိုးလိုပဲ၊ဆုပ်ကိုင်လို့လည်းမရသလို၊ထိကိုင်လို့လည်းမရဘူး၊ ဒါကြောင့် ကိုယ် လက်ရှိပစ္စုပ္ပန် အခြေအနေကို သိပ်ပြီးဂရုမစိုက်ပါဘူး"
"ရှင် ဒီလိုတွေးတာ ကောင်းပါတယ်"
ပန်းဟွာ သက်ပြင်းချလိုက်မိသည်။ရုံရှားကတော့ ယခုအချိန်အထိ လူကြီးလူကောင်းပီသနေဆဲပင်။စည်းစိမ်ဥစ္စာဂုဏ်ကိုပင် မက်မောမနေ၊သင်္ခါရအဖြစ် ရှုမြင်နိုင်သည်။သူမနှင့် လုံးဝမတူ။သူမကတော့ နောက်လေးနှစ်အတွင်း သူမ၏ ရာထူးများ ဆုံးရှုံးရမည်ကို တွေးလိုက်တိုင်း ဝမ်းနည်းလွန်း၍ အသက်ရှူမဝသလိုအထိ ခံစားရသည်။ လူတစ်ယောက်နှင်တစ်ယောက် စိတ်နေစိတ်ထားချင်း မတူဘူးဆိုသည်ကို သူမ ဝန်ခံရမည်။
ထိုစဉ် ရုံရှားက တံခါးအပြင်ဘက်မှဝင်လာသော နေရောင်ခြည်ကို လှမ်းကြည့်ရင်း
"အားလပ်ချိန်မှာ မင်းနဲ့အတူ စွန်တွေလွှတ်ဖို့ စီစဉ်ထားတာနော်၊ကိုယ် ပြန်ကောင်းလာတဲ့အခါ မြို့တော်ရဲ့ ရာသီဥတုက သည်းမခံနိုင်လောက်အောင် ပူလာလိမ့်မယ်၊ ဒါဆိုရင် စွန်တွေလွှတ်လို့ အဆင်မပြေနိုင်တော့ဘူး"
"ကောင်းပါတယ်၊ ဆောင်းဦးအထိ စောင့်ရင်လည်း ရတယ်လေ၊ ဒီလိုပါပဲ၊နှစ်တိုင်း စွန်တွေ လွှတ်ကြတာပဲကို.. ဒါက ကိစ္စသေးသေးလေးပါ၊စိတ်ထဲမထားပါနဲ့"
ရုံရှား၏ ပါးစပ်ထောင့်များသည် နွေဦးရာသီ၏ နေရောင်ကဲ့သို့ နွေးထွေးစွာ ကွေးညွတ်သွားသည်။
ပန်းဟွာ၏ နှစ်သိမ့်စကားများသည် မမှားချေ။ ရုံရှား အရိုက်ခံရပြီး နောက်တစ်နေ့တွင် အိမ်ရှေ့စံ နာမကျန်းဖြစ်ခဲ့သည်။ သို့ဖြစ်၍ အင်ပါယာတရားရုံးကို ဒုတိယမင်းသားက စီမံခန့်ခွဲသည်။ ဒုတိယမင်းသားသည် ရုံရှား နှင့် ယောင်ဖေးကျီအား ပြန်လည်ကျန်းမာလာစေပြီးမှ ရာထူးပြန်ရယူရန်ပင် တစ်ခွန်းမှ မဟ,လာပေ။
တရားရုံး၏ အခြေအနေကို အရာရှိများ မြင်သောအခါ၊ ရုံရှားကို ဧကရာဇ်က မျက်နှာသာမပေးတော့မှန်း သူတို့သိလိုက်ကြသည်။မဟုတ်ရင် ဒုတိယမင်းသားက ရုံရှားကို ရာထူးမှာ ဆက်ခန့်ထားဖို့မကြိုးစားဘဲ အိမ်မှာပဲ နားနေဖို့ ဘာလို့ တိုက်ရိုက်ခွင့်ပြုမှာလဲ။ထို့မျှမကသေး၊ သူသည် ရုံရှားနှင့် ယောင်ဖေးကျီ၏ ရာထူးများကို ယာယီအစားထိုးရန်အတွက် ဝန်ထမ်းရေးရာဝန်ကြီးဌာနနှင့် အခွန်ဝန်ကြီးဌာနရှိ အစားထိုးဝန်ကြီးအချို့ကိုလည်း ခန့်အပ်ခဲ့သည်။
ပို၍အရေးကြီးသည်မှာ၊ ၎င်းသည် ယာယီအစားထိုးမှုဖြစ်သည်။အချိန်ခဏကြာပြီးနောက်၊ ၎င်းသည် ယာယီအစားထိုးခြင်းလား သို့မဟုတ် အမှန်တကယ်အစားထိုးခြင်းလား ဆိုသည်ကို ဒုတိယမင်းသားမှလွဲ၍ မပြောနိုင်ချေ။
သို့ဖြင့် ရုံရှားနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် လူအချို့သည် သူနှင့် တဖြည်းဖြည်း ဝေးကွာလာကြသည်။ရုံရှား ဒဏ်ရာရပြီးကတည်းက ထိုသူများသည် လူနာသတင်းမေးရန်ပင် မလာကြတော့။
ဤအဖြစ်အပျက်ပြီးနောက်တွင် ပန်းမိသားစုသည် မြို့တော်၏ရယ်မောစရာဖြစ်လာပြန်သည်။ အပြင်မှာလည်း ကောလဟာလတွေ မျိုးစုံထွက်နေသည်။ သားမက်ကောင်းရှာတွေ့ပြီဟု ထင်ထားသော ပန်းမိသားစုခမျာ၊ ထိုသားမက်ခမျာ အာဏာဆုံးရှုံးပြီး ဝန်ကြီးရာထူးပင် ဆုံးရှုံးမလိုဖြစ်နေသည်။ အင်ပါယာ တရားရုံးမှာ ရာထူးကြီးသူများစွာရှိသည်။ထိုအထဲကမှ ပန်းမိသားစုသည် အလုပ်မရှိသော မျိုးနွယ်မြင့်မိသားစုတစ်ခုမျှသာ။ဤမြို့တော်မှာ သူတို့၏ရာထူးက အရေးမကြီးချေ။ ပန်းမိသားစု ဆက်လက်၍ မောက်မာနေသေးလားဆိုသည်ကို စောင့်ကြည့်ရပေမည်။
တစ်ချိန်က ရုံရှားကို အရူးအမူးကြိုက်သည်ဟု ပြောခဲ့ဖူးသည့် အမျိုးသမီးတချို့တောင် ရုံရှားကို လှည့်မကြည့်တော့ပေ။ ရုပ်ရည်ချောမောခြင်းထက် အဆင့်အတန်းသည် ပို၍ပင် အရေးကြီးသည်။မည်သူမဆို၊ရာထူးစည်းစိမ်းနှင့်ငွေကြေးချမ်းသာမှုကိုသာလိုချင်ကြသည်ချည်းပင်။ရုံရှား မရှိလျှင်လည်း လီရှား၊ကျန်းရှားနှင့် ဝမ်ရှားတို့ ရှိနေသေးသည်။ချမ်းသာနေသရွေ့ ရုပ်ရည်ကို စိတ်ပူစရာ မလိုတော့။
အားလုံးက ဧကရာဇ်၏ သဘောထားကို စောင့်မျှော်နေကြ၍ ရုံရှားကို ယခင်ကလို အရူးအမူး မချဉ်းကပ်ဝံ့ကြပေ။ထိုအချိန်တွင် ပန်းမိသားစုကသာ အကြောက်အရွံ့မရှိသူများပင်။ယခုထိ ချမ်အမ်မြို့စားမင်း၏ နေအိမ်ကို လက်ဆောင်များ မကြာခဏ ပို့ပေးနေဆဲပင်။
ပန်းမိသားစုသည် အချစ်အတွက် စုံလုံးကန်းနေသည်ဟု လူတိုင်းက ထင်ခဲ့ကြသည်။ တစ်လခွဲခန့်ကြာပြီးနောက် နန်းတော်ထဲကနေ၍ ပန်းမိသားစုအား ဆင့်ခေါ်ရန် အမိန့်တစ်စောင် ပေးပို့လာသည်။ထို့အပြင်၊ ပန်းဟွာကျွင်းကျူး၏ အမည်ကို အမိန့်တော်တွင် အဓိကထား ဖော်ပြခဲ့သည်။
xxxxx