အပိုင်း၁၀၅
Viewers 4k

Chapter 105



ပန်းဟမ်က စိုးရိမ်တကြီး ပန်းဟွာရှေ့ကိုလာပြီး ပြောသည်။


"ကျွန်တော်လည်း လိုက်ခဲ့မယ်"


ပန်းဟွာသည် မှန်ရှေ့တွင်ထိုင်ကာ မျက်ခုံးမွှေးဆွဲခြစ်နေလျက်ရှိသည်။


 "ဧကရာဇ်က နင့်ကို မခေါ်ဘူးလေ၊သွားပြီးတော့ ဘာလုပ်မှာလဲ၊အခု နန်းတော်ရဲ့အခြေအနေက မရှင်းမလင်းဖြစ်နေတော့ နန်းတော်အပြင်မှာနေတာက နင့်အတွက် ပိုအဆင်ပြေမှာပါ"


 "ဒါပေမယ့် ကျွန်တော် အဆင်မပြေဘူး၊ ဒုတိယမင်းသားနဲ့ အစ်မ အမြဲတမ်း သဘောထားကွဲလွဲနေတာ၊ သူက အစ်မကို ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ"


 "အခုချိန်မှာ သူက မင်းသားပဲ၊သူ ငါ့ကို အပြစ်ပေးချင်ရင် နန်းတက်မယ့်နေ့အထိ စောင့်ရမှာပဲ"


ပန်းဟမ် လက်မလျှော့သေး။


"ဒုတိယမင်းသားက မိုက်ရူးရဲဆန်တယ်လို့ အစ်မ ပြောဖူးတယ်မဟုတ်ဘူးလား၊ အဲ့ဒီလိုစိတ်မျိုးရှိတဲ့သူက အကျိုးဆက်ကို မတွေးဘဲ အကုန်လျှောက်လုပ်တတ်တယ်"


"သူ့မှာ ဦးနှောက်မရှိဘူး၊ ဒါပေမယ့် ငါ့မှာ ဦးနှောက်ရှိတယ်"


ပန်းဟွာက ပါးနီနှင့် နှုတ်ခမ်းနီကို ဆိုးကာ မျက်ခုံးနှစ်ခုကြားမှာလည်း ပန်းတစ်ပွင့် ဆေးဆွဲလိုက်သည်။ယခုလို ဝမ်းနည်းနေဆဲကာလမှာ ယခုလိုမျိုး မခြယ်သသင့်ချေ။ သို့သော် ဧကရာဇ်၏ သဘောကို သူမ ကောင်းကောင်းနားလည်သည်။ တောက်ပြောင်လှပစွာ ၀တ်ဆင်ထားမှသာလျှင် မျက်နှာသာ ပေးမည်ဖြစ်သည်။


 "နန်းတော်က ဒုတိယမင်းသားရဲ့ နယ်မြေပါ၊ အစ်မ ဒုက္ခရောက်မှာကို ကျွန်တော် စိုးရိမ်တယ်"


 "ဟယ် မမိုက်စမ်းပါနဲ့၊ငါ အခုမသွားရင် ငါတို့မိသားစုကို ဒုတိယမင်းသားက အနိုင်ကျင့်လိမ့်မယ်၊ ပြီးတော့ ဧကရာဇ်ကပါ ငါတို့မိသားစုကို အနိုင်ကျင့်လိမ့်မယ်"


ပန်းဟမ် ငြိမ်သက်သွားသည်။ အစ်မဖြစ်သူ ပြောတာကလည်း မမှားပေ၊  သို့သော် နန်းတော်၏ လက်ရှိအခြေအနေကို တွေးကြည့်သောအခါတွင်မူ သူ ဘယ်လိုမှ စိတ်မချမ်းမြေ့နိုင်ပေ။


အဆုံးတွင် ပန်းဟွာနှင့် ပန်းဟွိုက်တို့သည် နန်းတော်ထဲသို့ ဝင်သွားကြသည်။ အမျိုးသမီးအမှုထမ်းများနှင့် မိန်းမစိုးတို့က သားအဖနှစ်ယောက်အား လူစုခွဲချင်သလိုမျိုး ဦးဆောင်လမ်းပြခဲ့သည်။  


ထိုအခါ ပန်းဟွာက အမျိုးသမီးအမှုထမ်းကို ပြုံးပြပြီး


 "ဧကရာဇ်က ကျွန်မကို ခေါ်တာမဟုတ်ဘူးလား"


ထိုအမျိုးသမီးအမှုထမ်းကလည်း ယဉ်ကျေးပျူငှာစွာ ဖြေသည်။


 "ကျွင်းကျူး၊ စိတ်မပူပါနဲ့၊ ဧကရီက ကျွင်းကျူးကို အရင် ပြောစရာတွေရှိနေပါတယ်၊ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပါ"


ပန်းဟွာက ပန်းဟွိုက်ဘက်သို့ လှည့်ကာ 


 "အဖေ၊ သမီး အခုထွက်သွားတော့မယ်"


ပန်းဟွိုက်ကလည်း ပြုံးရင်း "သမီးကို အဖေ ဧကရီဆီမှာ လာခေါ်မယ်နော်...ဧကရီရှေ့မှာ စကားပြောဆင်ခြင်၊ယဉ်ကျေးတဲ့အသုံးအနှုန်းပဲ ပြောပါ"


"အဖေ စိတ်မပူပါနဲ့....အမြန်ဆုံးပြန်လာခဲ့မယ်" 


ပန်းဟွာက နန်းတော်တံတိုင်းကြီးကို လှမ်းကြည့်ကာ ပြောလိုက်၏။


အမျိုးသမီးအမှုထမ်းက သူမကို နန်းတော်အနောက်ဘက်သို့ ပို့ဆောင်ခဲ့သည်။အမှန်ပင် သူတို့သည် ဧကရီနန်းတော်သို့ ခေါ်သွားကြခြင်းပင်ဖြစ်သည်။ သို့ရာတွင် လမ်းတစ်ဝက်မှာတင် အမျိုးသမီးအမှုထမ်းက ရုတ်တရက် ရပ်ပြီး 


"ကျွင်းကျူး ခဏစောင့်ပါ၊ ကျွင်းကျူးကို တွေ့ချင်တဲ့သူရှိပါသေးတယ်"  


ထိုသို့ ပြောနေစဉ်မှာပင် ပန်းဟွာ၏ မျက်နှာအမူအရာက လုံးဝ မတုန်လှုပ်ဘဲ ငြိမ်သက်နေတာကြောင့်  အမျိုးသမီးအမှုထမ်း အံ့အားသင့်သွားတော့သည်။သူမလည်း ပန်းဟွာကို ဆက်မကြည့်ရဲတော့၍ ဘေးဘက်သို့သာ ဆုတ်သွားလိုက်သည်။


 "ပန်းဟွာကျွင်းကျူး" 


ထိုစဉ် ရှဲ့ဝမ်ယွီသည် ကျောက်တုံးကြီးနောက်မှ ထွက်လာပြီး ပန်းဟွာရှေ့သို့ ရောက်ရှိလာသည်။ 


 "ကျွင်းကျူး နေကောင်းရဲ့လား"


 "ကြင်ယာတော်မင်းသမီးရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မ နေကောင်းပါတယ်" 


ပန်းဟွာသည် သစ်သီးများနှင့် မုန့်များပါသည့် ကျောက်စားပွဲတစ်ခုကို တွေ့လိုက်ရ၍ စားပွဲဆီသို့ လျှောက်သွားကာ ထိုင်လိုက်သည်။  


"ဒုတိယကြင်ယာတော်မင်းသမီးက အဆင်သင့် လုပ်ထားတာပဲ"


 "ကျွင်းကျူးကို မတွေ့ဖြစ်တာကြာလို့ နည်းနည်းတော့ လွမ်းမိတယ်လေ၊ဒါကြောင့် စကားပြောချင်လို့ ပြင်ဆင်ထားတာပါ"  


ရှဲ့ဝမ်ယွီလည်း သူမအနားမှာ  ထိုင်လိုက်သည်။ 


 "ကျွင်းကျူး နဲ့ ဆွေးနွေးစရာရှိတယ်၊ ကျွင်းကျူး၊ကျွန်မစကားကို နားထောင်ဖို့ ဆန္ဒရှိလား"


 "နားမထောင်ချင်ပါဘူး"


 "……"


 "ကျွင်းကျူးက အရင်အတိုင်း သိပ်ရိုးသားတာပဲ"  


ရှဲ့ဝမ်ယွီသည် နန်းတော် အစေခံ ပေးလာသော လက်ဖက်ရည်ကို သောက်လိုက်သည်။  


"ကိုယ့်အတွက်ကို မတွေးဘဲ ပန်းမိသားစုနဲ့ ချမ်အမ်မြို့စားမင်းအတွက်​ပဲ စဉ်းစားသင့်​တယ်​"


 “ကြင်ယာတော်မင်းသမီး နောက်နေတာလား” ပန်းဟွာက စားပွဲပေါ်မှ လတ်ဆတ်သော သစ်သီးတစ်ခြမ်းကို ကောက်ယူပြီး စားလိုက်သည်။  


"ကျွန်မသိချင်တာက ဒီလိုမျိုး အမိန့်အတုလုပ်ပြီး ကျွန်မကို ခေါ်တာကို ဧကရီသိလားဆိုတာပဲ..."


"ကျွင်းကျူးက ကျွန်မကို အပြင်လူလို ဆက်ဆံနေတာပဲ၊ ကျွန်မတို့က မိသားစုတွေပဲ၊ ကျွန်မတို့ စကားပြောဖို့ လာတွေ့ကြတာ၊ဘာလို့ ဒီလောက် အလေးအနက်ထားရမှာလဲ"  


ရှဲ့ဝမ်ယွီ ပြုံးပြီး ပန်းဟွာ၏ ခြိမ်းခြောက်စကားကို စိတ်ထဲနှလုံးမသွင်းခဲ့ပေ။ယခုအချိန်တွင် သူမသည် အလွန်တည်ငြိမ်နေသည်။ အိမ်ထောင်မကျခင် လွန်ခဲ့သည့်တစ်နှစ်လောက်ကလိုမျိုး သူငယ်နှပ်စားမဟုတ်တော့။ ပန်းဟွာဘက်မှ အထွန့်တက်လာတာကြောင့် သူမ စိတ်လည်းမထိန်းနိုင်ဖြစ်သွားမိသည်။


သူမ၏ ရှေ့မှာထိုင်နေသည့် အမျိုးသမီးက ရှဲ့ဝမ်ယွီ ဖြစ်နေသေးသော်လည်း ထူထဲသည့် ချပ်ဝတ်တန်ဆာကို ၀တ်ထားသူလိုမျိုး ပန်းဟွာ ခံစားရသည်။ သူမသည် အချိန်မရွေး ရန်သူများအား လှည့်ကွက်များနှင့် အစီအမံများကို အသုံးပြု၍ တိုက်ခိုက်နိုင်သည်။ နန်းတော်သည် လူကို အမှန်တကယ် ပြောင်းလဲစေနိုင်ပေ၏။ လူတစ်ဦးကို မမှတ်မိနိုင်သည်အထိ ပြောင်းလဲနိုင်လှသည်။ စိတ်ဝိညာဉ်များတောင် ပြောင်းလဲသွားသည့်နှယ်။


ပန်းဟွာက ဘာမှပြန်မပြောသည်ကို ရှဲ့ဝမ်ယွီ ဒေါသမထွက်သွားပေ။ သူမသည် အချိုမုန့်တစ်ဖဲ့ကို ကောက်ယူပြီး ပန်းဟွာ ရှေ့မှ ပန်းကန်ပြားပေါ်တွင် ချထားလိုက်သည်။


"ကျွင်းကျူးက ဒီအချိုပွဲစားရတာ ကြိုက်တယ်လို့ ကြားတယ်၊ နန်းတော်က ထမင်းချက်တွေရဲ့ လက်ရာကို သိရအောင် ကျွင်းကျူး မြည်းကြည့်ပါဦး"


ပန်းဟွာကမူ အချိုပွဲကို မထိဘဲ


 "ဒုတိယကြင်ယာတော်မင်းသမီး၊ ကျွန်မတို့ကြားမှာ ဟန်ဆောင်နေစရာ မလိုပါဘူး၊ပြောစရာရှိရင် ပြောပါ၊ တစ်ယောက်နဲ့တစ်ယောက် အချိန်ဖြုန်းနေစရာ မလိုဘူး"


 "ပန်းဟွာကျွင်းကျူးရဲ့ ပင်ကိုယ်စရိုက်က အရမ်းရိုးစင်းတယ်၊ ဒါကြောင့် ကျွင်းကျူး ကျွန်မတို့နဲ့ ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"


 "ဘာာပြောလိုက်တာလဲ"


ပန်းဟွာ နားကြားမိသလားဟု တွေးလိုက်ရင်း ရှဲ့ဝမ်ယွီကို အံ့သြစွာကြည့်ကာ "ကျွန်မကို နောက်နေတာလား"


 "အတည်ပြောနေတာပါ"


 "ဒုတိယ ကြင်ယာတော်မင်းသမီးက ကျွန်မကို မနှစ်သက်ဘူးဆိုတာ ဒီမြို့တော်ကလူတိုင်း သိကြပါတယ်၊ကြင်ယာတော်မင်းသမီးကို ကူညီရင် ကျွန်မအတွက် ဘာတွေ ရနိုင်မှာလဲ၊ကျွန်မကို ငတုံးများမှတ်နေတာလား" 


ရှဲ့ဝမ်ယွီက လက်ဖက်ရည်ခွက်ကိုချကာ "အတိတ်က နားလည်မှုလွဲခဲ့ရင်တောင် ရန်ပွဲသေးသေးလေးပဲ ဖြစ်ခဲ့တာ၊ကျွင်းကျူးရယ်၊ အိမ်ရှေ့စံနဲ့ ကျွန်မနဲ့က ငယ်သူငယ်ချင်းတွေပဲ၊ အတိတ်က ကိစ္စတွေက ကလေးချင်း ရန်ဖြစ်သလိုပဲလေ မဟုတ်ဘူးလား"


 "ဒါဆို ကြင်ယာတော်မင်းသမီးတို့မိသားစုမှာ အသက်နှစ်ဆယ်ကျော် ကလေးရှိသလား၊ကြင်ယာတော်မင်းသမီး ကျွန်မတို့ မိသားစုကို အထင်လွဲနေတာပဲ....ကျွန်မတို့ မိသားစုမှာ အာဏာမရှိဘူး၊ဒီတော့ မင်းသားတွေကြားက ရန်ပွဲကို ဝင်ပါချင်စိတ်မရှိဘူး၊ပြီးတော့ ဒီကမ္ဘာကြီးကို ဧကရာဇ်ပိုင်တာ၊ဧကရာဇ်က ပလ္လင်ကို သူကြိုက်တဲ့သူဆီ ပေးမှာပဲ၊ ဒါကို သားတော်တွေက နာခံရမှာ"


"ကျွင်းကျူး ပြောဖို့ကတော့ လွယ်တယ်၊ အောင်နိုင်သူက ဧကရာဇ်ဖြစ်ပြီး အရှုံးသမားက အမှိုက်ဖြစ်သွားတာပဲ၊  ဒါက ဧကရာဇ်မိသားစုပဲ၊ ကမ္ဘာပေါ်က မိဘတွေအားလုံးက ကောကုန်းကျင့်ထင်တို့ ဇနီးမောင်နှံလိုမျိုး သားသမီးတွေအပေါ်ကောင်းလိမ့်မယ်လို့ ထင်နေသလား"


ပန်းဟွာက ခေါင်းခါကာ "ကြင်ယာတော်မင်းသမီး ဘာပဲပြောပြော ကျွန်မ သဘောမတူဘူး၊ ဒီကမ္ဘာကြီးကို ဧကရာဇ်ပိုင်တယ်၊ ကျွန်မတို့ ပန်းမိသားစုရဲ့ ရာထူးစည်းစိမ်ကိုလည်း ဧကရာဇ်က ပေးထားတာ၊ ကြင်ယာတော်မင်းသမီးကိုမှ မဟုတ်ဘူး…  အိမ်ရှေ့စံမင်းသမီး ကြွလာလည်း ကျွန်မ  ဒီလိုပဲ ပြောမယ်"


ပန်းဟွာသည် အမြဲတမ်း သရုပ်ဆောင်နေသည်ဟု ရှဲ့ဝမ်ယွီ ခံစားရသည်။ ဧကရာဇ်မိသားစု၏ အရေးကိစ္စမှာ ဝင်ရောက်မစွက်ဖက်သလိုမျိုး ဟန်ဆောင်နေခြင်းပင်။


အရင်ဧကရာဇ်ဆီကနေ အခုဧကရာဇ်က ထီးနန်းဘယ်လိုရယူခဲ့တာလဲ၊ တော်ဝင်မင်းသမီးနဲ့ ကျင့်ထင်နယ်စားမင်းတို့လည်း အခုဧကရာဇ် ထီးနန်းရဖို့ မကောင်းတာတစ်ခုခုလုပ်ချင် လုပ်ခဲ့မှာပဲလေ၊အခုမှ ပန်းဟွာက ဖြူစင်ပြီး အပြစ်ကင်းဟန်ဆောင်နေတာ၊သူမ ဟန်ဆောင်နေတယ်ဆိုတာ သိသာလိုက်တာ...  


 သူမ၏အမြင်တွင်၊ ဤအရာများသည် ပန်းဟွာအတွက် အကြောင်းပြချက်များသာဖြစ်သည်။ ပန်းမိသားစု ထောက်ခံလိုသော သူသည် အိမ်ရှေ့စံဖြစ်ပြီး ဒုတိယမင်းသားမဟုတ်ချေ။


 "ငှက်တစ်ကောင်က အသိုက်လုပ်ဖို့ သစ်ပင်တစ်ပင်ကို ရွေးချယ်တတ်တယ်၊ အိမ်ရှေ့စံက အခု အကိုင်းအခက် ကျိုးနေတဲ့ သစ်ပင်ကြီးပဲ၊ ပန်းမိသားစုက ဘာလို့ အသုံးမဝင်တော့တဲ့ သစ်ပင်တစ်ပင်တည်းမှာ တွယ်ကပ်နေသေးတာလဲ"


 "ပန်းမိသားစုဟာ ဘာ်သစ်ပင်ကိုမှ မမှီခိုတဲ့ လွတ်လပ်တဲ့ငှက်တစ်ကောင်ပါ၊သူတို့ ကံကြမ္မာကို ကောင်းကင်ဘုံဆီကိုပဲ အားကိုးထားတယ်၊ ဘယ်သစ်ပင်က ဘယ်လိုပိုကောင်းလာမလဲဆိုတာ သူတို့ ဂရုမစိုက်ပါဘူး" ပန်းဟွာ မတ်တပ်ထရပ်ပြီး "ဒုတိယကြင်ယာတော်မင်းသမီး နောက်ကျနေပြီ၊ ကျွန်မ ဧကရီဆီကို သွားသင့်ပြီ"


"ပန်းဟွာ.... ရုံရှားကို တရားဝင်အရာရှိအဖြစ် ပြန်မသတ်မှတ်ချင်ဘူးလား"


ပန်းဟွာက နောက်လှည့်ကြည့်ရင်း ပြုံးလိုက်သည်။


 "သူကး အရာရှိမဟုတ်တာ ပိုကောင်းပါသေးတယ်၊ ဒါမှ နောက်ဆို သူ ကျွန်မနဲ့ အတူနေဖို့ အချိန်ပိုရမှာ"


 "တကယ်လို့ ကျွင်းကျူးက သူ့ကိုကူညီနိုင်ပေမယ့် မကူညီတာကိုသာ ရုံရှား သိရင် ကျွင်းကျူးကို မုန်းသွားမှာလား..." ရှဲ့ဝမ်ယွီကလည်း မတ်တပ်ထရပ်ပြီး ပန်းဟွာ ရှေ့ကို လျှောက်လာရင်း "မိန်းမတစ်ယောက်အနေနဲ့ တစ်ကိုယ်ကောင်းဆန်လွန်းမနေသင့်ဘူး၊ တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမတွေကို ယောက်ျားတွေက မကြိုက်ဘူး"


"ဒါဆိုလည်း ဘယ်တတ်နိုင်မလဲ၊ ကျွန်မက မွေးကတည်းက တစ်ကိုယ်ကောင်းဆန်တယ်၊ ယောက်ျားတွေကို ကျွန်မက အရေးမလုပ်ဘူး၊ သူတို့ကပဲ လာလာပြီး ကျွန်မကို ကြိုက်ကြတာ...ဟင်းဟင်း ဒုတိယကြင်ယာတော် မင်းသမီးက သိပ်ရယ်ရတာပဲ"


ရှဲ့ဝမ်ယွီသည် နန်းတော်ထဲသို့ ဝင်လာပြီးနောက် ယခင်ကထက် စိတ်ကိုပို၍ချြပ်တည်းနြိက်သွားသည်။ သို့သော် ပန်းဟွာကို မြင်လိုက်ရကတည်းက သူမ လက်တွေ ယားနေခဲ့၏။သူမ၏ စိတ်ထဲတွင် ဒေါသမီးများ တောက်လောင်လာပြန်သည်။  လောကမှာ ဒီလောက် စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ မိန်းမမျိုး ရှိနေသေးတာလား... 


 "ကျွင်းကျူးက ယုံကြည်မှုအပြည့်ရှိတယ်နော်..."


 "အင်း၊ ဘာဖြစ်လို့လဲဆိုတော့ ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေက ပိုလှတယ်လေ"


 "ပန်းဟွာ....ဒီလောက်ပြောနေတာကို နင် ဆက်မငြင်းသင့်တော့ဘူး"


ရှဲ့ဝမ်ယွီ၏ ချုပ်တည်းနိုင်စွမ်းတို့လုံးဝပျက်သွားခဲ့သည်။ သူမသည် ပန်းဟွာကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောလိုက်၏။


ပန်းဟွာကတော့ ရှဲ့ဝမ်ယွီကိုကြည့်ရင်း သူမကိုယ်သူမ မှန်သည်ဟု တွေးလိုက်သည်။ ရှဲ့ဝမ်ယွီသည် ရှဲ့မိသားစု၏ ဒုတိယမြောက် သခင်မလေးဆိုသည့် လောင်းရိပ်ထဲတွင် ရှိနေဆဲဖြစ်သည်။သူမကတော့ ယခုထိ အေးဆေးစွာ ခေါင်းခါလိုက်ပြီး


"ကြင်ယာတော်မင်းသမီး ကျွန်မကို ဘာမှ ပြောစရာ မလိုဘူး၊ကျွန်မအတွက် အသုံးမဝင်ပါဘူး၊ပန်းမိသားစုမှာ ဒီလိုလုပ်ရိုးထုံးစံမရှိဘူး၊ကျွန်မ လုပ်ရပ်ကြောင့် မိသားစု အရှက်မရစေချင်ဘူး"


 "မိန်းမတစ်ယောက်အနေနဲ့ အနာဂတ်ခင်ပွန်းကို မကာကွယ်ဘဲ မိသားစုကိုပဲ ဂရုစိုက်နေတယ်၊မိသားစုက ကျွင်းကျူးကို တစ်သက်လုံး ကာကွယ်ပေးနိုင်မယ်လို့ ထင်လား"  


ရှဲ့ဝမ်ယွီသည် ပန်းဟွာ ၏ လုပ်ရပ်ကို နားမလည်ချေ။ပန်းမိသားစုသည် သူမတို့နှင့် ပူးပေါင်းဆောင်ရွက်လိုပါက၊ဒုတိယမင်းသား ထီးနန်းတက်ပြီးနောက်ပန်းမိသားစုအတွက်လည်း ကောင်းကျိုးများရှိနိုင်သည်။ရုံရှားကိုပင် ပြန်လည် ရာထူးခန့်အပ်နိုင်သည်။ဒါကို ပန်းဟွာက ဘာ့ကြောင့် မလိုလားတာလဲ။


 "ကြင်ယာတော်မင်းသမီးရဲ့ မိသားစုက ရှင့်ကို တစ်သက်လုံး ကာကွယ်ပေးနိုင်မလားဆိုတာတော့ ကျွန်မ မသိဘူး၊ ဒါပေမယ့် ကျွန်မ မိသားစုက ကျွန်မကို တစ်သက်လုံး ကာကွယ်ပေးနိုင်မယ်ဆိုတာ သေချာပါတယ်၊ ကျန်တာမပြောပါနဲ့၊ ဒုတိယကြင်ယာတော်မင်းသမီး ကျေးဇူးပြုပြီး ထွက်သွားပါတော့"


ထိုသို့ပြောပြီး သူမ လှည့်ထွက်သွားလိုက်သည်။


 "သူမကို တားထားလိုက်!"  


ရှဲ့ဝမ်ယွီ ဒေါသထွက်သွားပြီး ပန်းဟွာကို သင်ခန်းစာပေးချင်စိတ်ဖြစ်သွားသည်။


"ဒုတိယကြင်ယာတော်မင်းသမီးကို နှုတ်ခွန်းဆက်သပါတယ်၊ ပန်းဟွာကျွင်းကျူးကိုလည်း နှုတ်ခွန်းဆက်သပါတယ်"  


ငွေရောင်ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသည့် ရှစ်ကျင်းသည် ဧကရာဇ်အစောင့်တပ်များနှင့်အတူ ကျောက်တုံး၏ တစ်ဖက်ခြမ်းတွင် ပေါ်လာသည်။အနားကို တိုးဖို့ကြိုးစားနေသည့် မိန်းမစိုးများကို ရှစ်ကျင်းက မမြင်ချင်ဟန်ဆောင်ထားရင်း ရှဲ့ဝမ်ယွီ အား ဦးညွှတ်လိုက်သည်။


"ဒီနားက ဆူညံသံတချို့ကြားတယ်၊ဘာဖြစ်တာလဲ"


ရှဲ့ဝမ်ယွီ မျက်နှာက မည်းမှောင်သွားရသည်။သူမရဲ့ လူတွေကို တားဖို့ သူ အမိန့်ပေးနေတာလား။ဧကရာဇ်အစောင့်တပ်တွေက ဘာကြောင့်ရောက်လာတာလဲ။


 "ကြင်ယာတော်မင်းသမီး၊ကျွန်တော်တို့က ဧကရာဇ်ရဲ့ အမိန့်အတိုင်း နန်းတော်မှာကင်းလှည့်နေတာပါ၊ ကြင်ယာတော်မင်းသမီး တစ်ခုခုလိုအပ်ရင် ဧကရာဇ်အစောင့်တွေကိုသာ ခေါ်လိုက်ပါ"


ရှဲ့ဝမ်ယွီ နေရာတင် အေးခဲသွားသလို ခံစားလိုက်ရသည်။ ဧကရာဇ်သည် သူ၏သားသမီးများကိုပင် အတိုင်းအတာတစ်ခုအထိ စောင့်ကြပ်နေပြီး အတွင်းနန်းတော်အတွင်း၌ ကင်းလှည့်ရန် ဧကရာဇ်အစောင့်များကိုပင် အမိန့်ပေးခဲ့သည်။ ဓားပြတွေနဲ့ လုပ်ကြံသတ်ဖြတ်သူတွေကို အကာအကွယ်ပေးဖို့လား၊ နန်းတော်ထဲမှာ နေထိုင်တဲ့လူတွေရဲ့ ရန်က ကာကွယ်ဖို့လား။


ပန်းဟွာကို သူမ တစ်ချက်ကြည့်ရင်း သင်ခန်းစာမပေးလိုက်ရ၍ ခံပြင်းသွားမိလေသည်။


ပန်းဟွာက ရှဲ့ဝမ်ယွီကို အပြုံးမပျက် ကြည့်နေပြီး ယပ်တောင်ကိုဖြတ်ကနဲထုတ်ကာ လှည့်ထွက်သွားလေသည်။ထို့နောက် သူမက အနောက်က်ုလှည့်ကြည့်ရာ ရှဲ့ဝမ်ယွီ၏မျက်နှာသည် ကြောက်မက်ဖွယ်နက်မှောင်နေသည်ကို တွေ့ရလေ၏။


 "ဒုတိယ ကြင်ယာတော်မင်းသမီးကျွန်တော်တို့ သွားလိုက်ပါဦးမယ်"  ရှစ်ကျင်းကလည်း ဦးညွှတ်ပြီး လှည့်ထွက်သွားသည်။


တော်ဝင်အစောင့်များ ထွက်ခွာသွားပြီးနောက် ရှဲ့ဝမ်ယွီသည် ဒေါသအလွန်ထွက်ကာ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ရိုက်ခွဲလိုက်သည်။သူမ တစ်ဖက်ကို လှည့်ကြည့်လိုက်လျှင် မိန်းမစိုးတစ်ယောက် စကားပြောဖို့ လာနေသည်ကို တွေ့လိုက်ရ၍ သူမ အသက်ပြင်းပြင်းရှူပြီး “ဒီနေ့ ဒုတိယမင်းသား ဘယ်သွားလဲ” 


 "ကြင်ယာတော်မင်းသမီး၊အရှင့်သား ဒီနေ့ နန်းတော်မှာ ရှိနေပါတယ်"


ကျန်းလော အကြောင်းကိုတွေးရင်း ရှဲ့ဝမ်ယွီ ဒေါသဖြစ်သွားရ၏။ ကျန်းလောသည် အသုံးမဝင်သော လူတစ်ယောက်ဖြစ်သည်။ သူသည် ဘုရင်ခံတစ်ဦးဖြစ်နေပြီဖြစ်သော်လည်း ယခုထိ အပျော်အပါးမက်နေသေးသည်။ ကောင်းမွန်သော အရာအားလုံးကို ထိတွေ့မြည်းစမ်းချင်သည်။ သူတကယ်သာ နန်းတက်ခဲ့မယ်ဆိုရင် မိန်းကလေးတွေ ဘယ်နှယောက်များ ပျက်ဆီးသွားနိုင််မလဲ။


 ပန်းဟွာကြောင့် ဒေါသထွက်နေမိ၍ သူမ ကျန်းလောကိုပါ စိတ်တိုလာကာ ရိုက်ချင်စိတ်ပေါက်လာတော့သည်။သို့သော် သူမအဖြစ်က စိတ်ဆန္ဒသာ ရှိသည်။ သူမသည် ဒုတိယမင်းသမီး ကြင်ယာတော်ဖြစ်သောကြောင့်၊ ကျန်းလောနှင့် တစ်လှေတည်းစီးနေရသည်။ သူ အောင်မြင်လျှင် သူမလည်း ဂုဏ်တက်မည်။သူ ကျရှုံးလျှင် သူမလည်း ဒုက္ခရောက်လိမ့်မည်ဖြစ်၏။



xxxx