Chapter 106
ပန်းဟွာသည် ဧကရီနန်းတော်သို့ တိုက်ရိုက်သွားခဲ့သည်။ ဧကရီက စိတ်အခြေအနေမကောင်းပုံပေါ်သည့်အတွက် သူမ ခဏလောက်သာ စကားပြောပြီး ဧကရာဇ်ကို တွေ့ဖို့ ထွက်သွားခဲ့သည်။ဧကရီကလည်း သူမကို ဆက်နေဖို့ မတိုက်တွန်းချေ။သို့သော် ဧကရီသည် မတ်တပ်ထရပ်ပြီး စကားပြောချင်နေဟန်ရှိသော်လည်း တွန့်ဆုတ်နေသလိုရှိသည်။
"ဧကရီ"
ပန်းဟွာသည် ဧကရီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
ဧကရီက သက်ပြင်းချပြီး
" မြို့စားမင်းရုံ ကိစ္စအတွက် စိတ်မပူပါနဲ့၊ ဧကရာဇ်က အခုတလော စိတ်အခြေအနေမကောင်းဘူးဖြစ်နေတာပါ၊သူအရာရာကို သေချာနားလည်သွားတဲ့အခါ ဒီကိစ္စကို ကိုင်တွယ်သွားပါလိမ့်မယ်"
ပန်းဟွာက ပြုံးပြီး "ကျွန်မ ဒီကိစ္စကို ဂရုမစိုက်ပါဘူး"
ဧကရီက ပန်းဟွာ၏ တောက်ပသော အပြုံးကို မြင်လိုက်ရပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ မည်သို့ပင်ဆိုစေ၊ သူမ ဤကလေးမနှင့် ရန်ငြိုးဖွဲ့ရသည်မျိုး မဖြစ်ချင်ပေ။ ဧကရာဇ်၏ လုပ်ရပ်သည် ပို၍ပို၍ အဓိပ္ပါယ်မဲ့လာကာ ယခုဆို သူမ စကားကိုပင် နားမထောင်တော့ပေ။
"သွားတော့၊ ဧကရာဇ်ရဲ့ ဒေါသက မသေးဘူး၊ ဂရုစိုက်ပါ"
"ဟုတ်ကဲ့"
ပန်းဟွာ ဦးညွှတ်ပြီး ထွက်သွားလိုက်သည်။
"ဧကရီ" ထိုစဉ် ဧကရီအနားက အရာရှိက
"အစေခံတွေက သတင်းပို့ပါတယ်၊ဒုတိယ ကြင်ယာတော်မင်းသမီးက လမ်းမှာ ပန်းဟွာကျွင်းကျူးကို တားပြီး စကားပြောခဲ့ပါတယ်၊ ကြည့်ရတာ သူမတို့နှစ်ယောက် ရန်ဖြစ်ခဲ့ပုံရပါတယ်"
ဒုတိယ ကြင်ယာတော်မင်းသမီးသည် အသက်ငယ်လွန်းသေးသည်။ နန်းတော်၌ လျှို့ဝှက်ချက်ဆိုသည်မှာ မရှိတာကြောင့် ထိုသတင်းသည် တစ်နေ့တွင် ဧကရီဆီသို့ ရောက်သွားမည်ကို သူမ သိထားသင့်သည်။
ဧကရီက မောပန်းနွမ်းနယ်စွာဖြင့် မျက်လုံးကိုမှိတ်ထားရင်း
"အားလုံး ဒုက္ခကို ပေးတယ်၊နေပါစေ၊ သိပ်ဘာမှ ဆိုးကျိုးမဖြစ်သရွေ့ ငါလည်း ဂရုမစိုက်ချင်ဘူး"
အမျိုးသမီးအမှုထမ်းတစ်ဦးက ရှေ့သို့ထွက်လာပြီး ဧကရီ၏ ပုခုံးများကို ညင်သာစွာနှိပ်နယ်ပေးသည်။
"ဧကရီ အခုတလော အလုပ်တွေအရမ်းများနေတာပဲ၊ရက်အနည်းငယ်လောက် အနားယူသင့်ပါတယ်"
"အခုအချိန်မှာ၊ နန်းတော်က ပွက်လောရိုက်နေတာ၊ ကောလဟလတွေကလည်း အဆုံးမရှိတော့ဘူး၊ငါ ငြိမ်ငြိမ်လေး ဘယ်လိုလုပ် နေနိုင်မှာလဲ၊ ဧကရာဇ်ကလည်း လွန်ခဲ့တဲ့ ရက်က ယောင်ဖေးကျီ နဲ့ ရုံရှားကို အပြစ်ပေးခဲ့တယ်၊ ဒီနေ့လည်း ဝန်ကြီးတွေကို အမိန့် တစ်စောင်ပို့ပြီး ပြစ်တင်ရှုတ်ချစကားဆိုလိုက်တယ်၊ဒါက နန်းတွင်းအမှုထမ်းတွေကို နှောင့်ယှက်နေတာ မဟုတ်လား"
"ဧကရီ၊ သိပ်လည်း မတွေးပါနဲ့ဦး၊ဒီအမှုထမ်းတွေအားလုံးက သစ္စာရှိကြတာပါ၊သူတို့ ဧကရာဇ်ရဲ့ လုပ်ရပ်ကြောင့် မကျေနပ်ဖြစ်ကြမှာ မဟုတ်ပါဘူး"
"ဟုတ်တယ်၊ ဝန်ကြီးတွေက သစ္စာရှိလို့ပဲ ဧကရာဇ်က ဒီလို မလုပ်သင့်တာလေ"
ဧကရီ သက်ပြင်းချလိုက်ရင်း ဧကရာဇ် လေဖြတ်သွားသည့်ညကို တွေးမိသည်။ ဧကရာဇ်သည် အလန့်တကြား ကျင့်ထင်နယ်စားမင်းဟောင်း နှင့် ရုံရှား၏ဖခင်တို့၏ အမည်ကို အော်ဟစ်နေခဲ့သည်။ သူမတို့ လက်ထပ်ခဲ့သည်မှာ နှစ်အတော်ကြာသော်လည်း ဧကရာဇ်ကို အပြည့်အဝနားမလည်သေးချေ။
မဟာရွှေလမင်းနန်းတော်တွင်၊ ဧကရာဇ် ယွင်ချင်သည် ဒေါသအမျက်ထွက်ပြီး ဆေးပန်းကန်လုံးကို လွှင့်ပစ်လိုက်ရာ ဆေးများက နန်းတော် အစေခံ၏ ခေါင်းနှင့် မျက်နှာတပြင်လုံးသို့ စင်သွားရလေသည်။ ထိုအစေခံခမျာ ကြမ်းခင်ကြွေပြားပေါ်တွင် ဒူးထောက်ကာ နာကျင်ဟန် မပြဝံ့ဘဲ ခွင့်လွှတ်ရန်သာ တောင်းပန်ခဲ့သည်။
"မင်း ထွက်သွား!"
ဝမ်ကုန်းကုန်းသည်လည်း နန်းတော်အစေခံအား တစ်ချက်ဖွဖွ ကန်လိုက်၏။ထိုအခါ အစေခံသည် မြေပြင်ပေါ်မှ လူးလဲထကာ ကမန်းကတန်း ပြန်ဆုတ်သွားခဲ့သည်။
မိန်းမစိုး နှစ်ယောက် ရှေ့သို့ ထွက်လာပြီး ကွဲကျနေသော ကြွေထည်များကို အသာအယာ ဖယ်ထုတ်လိုက်ကြသည်။ နောက်ထပ် မိန်းမစိုးနှစ်ယောက်က ကြမ်းပြင်ပါ်ဖိတတ်သွားသော ဆေးကို သုတ်လိုက်ကြ၏။ခဏကြာလျှင် ဆေးနံ့က ခန်းမတစ်ခုလုံးကို လွှမ်းသွားလေတော့သည်။
ဝမ်ကုန်းကုန်းသည် ဧကရာဇ် ယွင်ချင်အား ရိုသေစွာ ဦးညွှတ်လိုက်သည်။
"အရှင်မင်းကြီး ပန်းဟွာကျွင်းကျူး ရောက်လာပါပြီ"
ဧကရာဇ်ယွင်ချင် ခဏတာ အံ့အားသင့်သွားရင်း
“သူမကို ဝင်ခွင့်ပြုလိုက်ပါ”
ဝမ်ကုန်းကုန်း နောက်ပြန်ဆုတ်ကာ ခန်းမတံခါးဆီသို့ လျှောက်သွားသည်။ထို့နောက် သူက ပန်းဟွာကို တောက်ပစွာ ပြုံးပြပြီး ပြောလိုက်၏။
"ကျွင်းကျူး၊ ကျေးဇူးပြုပြီး"
" ကျေးဇူးတင်ပါတယ် ဝမ်ကုန်းကုန်း"
ဝမ်ကုန်းကုန်းသည် ထူထဲသော ကန့်လန့်ကာကို ရုတ်သိမ်းကာ ပန်းဟွာ ဝင်လာစေဖို့ လမ်းဖွင့်ပေးလိုက်၏။ပန်းဟွာ ခန်းမထဲသို့ လျှောက်သွားလိုက်ရာ သူမ နှာခေါင်းထဲသို့ ဆေးနံ့များ စိမ့်ဝင်လာသည်။ကုတင်ပေါ်တွင်ထိုင်နေသော ဧကရာဇ်ယွင်ချင်သည် သူမမျက်လုံးများကို စိုက်ကြည့်နေသည်။
တစ်လခွဲအတွင်းမှာပင် ဧကရာဇ်ယွင်ချင်သည် အသက်တော်တော်ကြီးသွားပုံရပြီး လူအိုကြီးလို ဖြစ်သွားသည်။သူ့မျက်နှာက နီရဲနေပြီး မျက်လုံးများကလည်း မှုန်ကုပ်နေသည်။မျက်နှာကလည်း အရင်တုန်းကလို နူးညံ့သိမ်မွေ့ပြီး ဂုဏ်သိက္ခာမရှိတော့ဘဲ အရူးတစ်ယောက်လို ပုံပျက်နေတော့သည်။
သို့ရာတွင် ဧကရာဇ်ကိုကြည့်နေသော ပန်းဟွာ၏ မျက်လုံးများသည် မြတ်နိုးမှုအပြည့်ရှိနေဆဲပင်။သူမသည် ကုတင်ဘေးသို့ အမြန်လျှောက်လာပြီး ဒူးထောက်ထိုင်ကာ
"အရှင်မင်းကြီး၊ နောက်ဆုံးတော့ ကျွန်မကို တွေ့ဖော်ရပြီပဲ"
ပန်းဟွာ၏ ရင်းနှီးသော အပြုအမူကို မြင်လိုက်ရလျှင် ဧကရာဇ် ယွင်ချင်၏ အမူအရာမှာ အနည်းငယ်ပျော့ပျောင်းသွားသည်။
"မင်းကမှ ငါ့ကို မတွေ့ချင်တာပါ၊ ငါကိုယ်တော်က မင်းကို မတွေ့ချင်တာမဟုတ်ပါဘူး"
"ကျွန်မ အခုထိ ဝမ်းနည်းပူဆွေးတဲ့ကာလမှာပဲ ရှိနေသေးတယ်ဆိုတာ အရှင်မင်းကြီး သိတယ်မဟုတ်ပါလား၊အရှင်မင်းကြီးကို ကျွန်မ လာတွေ့ရင် စည်းမျဥ်းတွေချိုးဖောက်တယ်ဆိုပြီး တခြားသူတွေက ပြောလိမ့်မယ်၊အရှင်မင်းကြီး ခေါ်မှ ကျွန်မက နန်းတော်ထဲကို ဝင်လို့ရမယ်မဟုတ်လား"
"ဒီအချိန်မှာ မင်း စည်းကမ်းမလိုက်နာနိုင်လည်း ရတယ် မဟုတ်လား"
"စည်းကမ်းတွေဆိုတာ လူတွေကြောင့် သေသွားတတ်ပါတယ်၊ ဒါပေမယ့် လူတွေကပဲ စည်းကမ်းကို စောင့်ထိန်းရပါဦးမယ်"
ဧကရာဇ် ယွင်ချင်က ပြုံးပြီး "မင်းက အမှားကိုတောင် အမှန်ဖြစ်အောင် ပြောတတ်တာပဲ၊ ငါ မင်းကို ငယ်ငယ်က အလိုလိုက်ခဲ့မိတာ မှားပြီထင်တယ်"
ပန်းဟွာက ဂုဏ်ယူစွာနှင့်
"အရှင်မင်းကြီး၊ ကျွန်မက စကားကို လိမ်ညာပြီး ပြောတာ မဟုတ်ရပါဘူး၊ဒါပေမယ့်လည်း "မျက်နှာသာပေး၊ရွှေရေးပန်းကန်တက်" ဆိုတာလို အရှင်မင်းကြီးက ကျွန်မကို အလိုသိပ်လိုက်ခဲ့တာမဟုတ်လား၊ဒါနဲ့ ကျွန်မ ပြောတဲ့ စကားပုံက မှန်ပါတယ်နော် အရှင်မင်းကြီး"
ပန်းဟွာ၏ ဂုဏ်ယူဝင့်ကြွားသော အမူအရာကို မြင်သောအခါ ဧကရာဇ်သည် လွန်ခဲ့သော နှစ်အနည်းငယ်သို့ ပြန်ပြောင်း သတိရသွားသည်။ထိုအချိန်က ဟွာဟွာသည် စာဖတ်ခြင်းကို မကြိုက်နှစ်သက်တာကြောင့် မှားယွင်းသော စကားပုံများကိုသာ ပြောဆိုတတ်သည်။သူကလည်း သူမ အမှားတစ်ခုခုပြောတိုင်း အမြဲရယ်နေခဲ့၏။ နောက်ပိုင်းတွင် သူမက စကားပုံကို မှန်မှန်ကန်ကန်သုံးသည့် အခါတိုင်း သူမကို ချီးမွမ်းစကားဆိုခဲ့သည်။နောက်ပိုင်းတွင်၊ သူ့ရှေ့တွင် သူမက စကားပုံတစ်ခု ပြောလိုက်တိုင်း သူက မဖြစ်မနေချီးမွမ်းပေးရသည်။
ဖက်ထုပ်ဖြူဖြူလေးလို ချစ်စရာကောင်းသည့် ကလေးမလေးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးပြင်းလာကာ သူလည်း ဇရာထောင်းလာခဲ့လေပြီ။
ဧကရာဇ် ယွင်ချင်၏ မျက်နှာသည် နူးညံ့သိမ်မွေ့သော အပြုံးများထင်ဟပ်နေသည်။
"မဆိုးပါဘူး။ မင်း တိုးတက်လာပါပြီ"
ပန်းဟွာ၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ဂုဏ်ယူဟန်ပန်များ ဖြစ်လာသည်။အခန်းထဲဝင်လာကတည်းက သူမသည် ဧကရာဇ်၏ ကျန်းမာရေးကို တစ်ခါမှ မပြောသေးပေ။ ဧကရာဇ်သည်လည်း သူ့ခန္ဓာကိုယ်၏ အခြေအနေကို မေ့သွားပုံရသည်။ပန်းဟွာနှင့် စကားပြောခြင်းသည် နှစ်အနည်းငယ် ငယ်သွားသလိုမျိုး သူ ခံစားရသည်။
သူတောင် မသိလိုက်ဘဲ တစ်နာရီကြာသွားသည်။ နန်းတော်အပြင်ဘက် ခန်းမစောင့်အမှုထမ်းများသည် အတွင်းခန်းထဲမှ ဧကရာဇ်၏ ရယ်မောသံကို ရံဖန်ရံခါ ကြားရတိုင်း အားလုံး သက်ပြင်းချမိကြ၏။ တစ်ချိန်တည်းမှာပင် ပန်းဟွာကျွင်းကျူးကိုလည်း သဘောကျကြသည်။တခြားမင်းသား၊ မင်းသမီးများတောင် မလုပ်နိုင်သည့် ကိစ္စကို သူမ လုပ်နိုင်ခဲ့၏။ဧကရာဇ်သည် သူမအပေါ် အလွန်အမင်း ချစ်ခင်တွယ်တာနေသည်မှာ အံ့သြစရာမဟုတ်ပေ။
ဧကရာဇ်ယွင်ချင်က ရုတ်တရက် ပြောလိုက်သည်။
"ဟွာဟွာ၊ငါ မြို့စားမင်းရုံကို ရိုက်ခိုင်းမိခဲ့တယ်၊ မင်း ငါ့ကို စိတ်ဆိုးသလား"
"ဘာလို့စိတ်ဆိုးရမှာလဲ"
ပန်းဟွာသည် ဧကရာဇ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေ၏။ပြီးမှ သူမလက်ကို ဝှေ့ယမ်းပြပြီး
"စိတ်မပူပါနဲ့၊ ဒီရက်ပိုင်းကျွန်မ မြို့စားမင်းရုံရဲ့ နေအိမ်ကို သွားလည်လေ့ရှိပါတယ်၊ သူ့ရဲ့ ဒဏ်ရာက သိပ်မပြင်းထန်ပါဘူး"
"သူ့ဒဏ်ရာအတွက် ငါစိတ်မပူပါဘူး၊ ဒီအခြေအနေကြောင့် မင်းစိတ်မကောင်းဖြစ်မှာကိုပဲ ငါစိုးရိမ်တယ်"
ပန်းဟွာက ခဏလောက်စဉ်းစားပြီး
"ကျွန်မ အဆင်ပြေပါတယ်၊သူ အခုဆို ဝန်ကြီးဌာနမှာ အလုပ်လုပ်စရာ မလိုတော့ဘူး၊ ဒါကြောင့် သူ့မှာ အချိန်ပိုရနေတယ်၊ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ မြို့စားမင်းရာထူးလည်း ရှိနေသေးတယ်၊ စားစရာလည်း ပူစရာမလိုပါဘူး"
ဧကရာဇ်ယွင်ချင် သူမစကားကို ကြားပြီး ရယ်နေတော့သည်။ဤကလေးမသည် ငယ်စဉ်ကတည်းက ရွှေဇွန်းကိုက်၍ မွေးလာခြင်းပင်။သူမတို့မိသားစုထဲမှာ ဘယ်သူကမှ စစ်မှန်သည့် အခွင့်အာဏာမရှိဘူးဆိုလျှင်တောင်၊သူမအနေနှင့် မက်မောနေမည့်သူမဟုတ်။သူမအတွက် သူ၏ သားတော်နှစ်ယောက် လိုချင်သော ရာဇပလ္လင် အကြောင်း နားလည်မှာမဟုတ်ပေ။သူမ မြင်နေတွေနေပြီး ကျင်လည်နေရသော ကမ္ဘာကြီးကိုသာ သိသူဖြစ်သည်။ထို့ကြောင့် သူမသည် အမှန်အတိုင်းပြောနေခြင်းဖြစ်သည်။
"သူ့မှာ ရာထူးတစ်ခုမှ မရှိရင် ဘယ်လိုလုပ်မလဲ"
ပန်းဟွာ မျက်လုံးများ ပြူးကျယ်သွားကာ
"အရှင်မင်းကြီး ဒီလိုမလုပ်ဘူး မလား၊ ဒါဆို ကျွန်မ သူ့ကို လက်ထပ်ပြီးရင် ဘာနဲ့စားရမှာလဲ၊ နေ့တိုင်း ထမင်းစားဖို့သောက်ဖို့ မိဘတွေအိမ်ကို မပြန်နိုင်ပါဘူး၊ ဘယ်လောက်ရှက်ဖို့ကောင်းလိုက်မလဲ"
ဧကရာဇ်သည် သူမ၏ မျက်နှာသွင်ပြင်ကို မြင်လိုက်ရပြီး သည်းမခံနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်မိ၏။အတန်ကြာမှ သူမ မျက်နှာက တကယ်ဒေါသထွက်လာပုံပေါက်တာကြောင့်
"စိတ်မပူပါနဲ့၊ သူ့ရာထူးကို တကယ်ပြန်မယူပါဘူး၊သူပြန်ကောင်းလာတဲ့အခါ တရားရုံးကို ပြန်တက်ခွင့်ပြုလိုက်ပါ့မယ် "
ပန်းဟွာက ခေါင်းခါကာ
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒီ့ထက် သွေးထွက်သံယိုဖြစ်တဲ့အထိ သူ့ကိုရိုက်ခိုင်းလိုက်ပါ၊ လအနည်းငယ်ကြာမှ ပြန်ကောင်းလာအောင်အထိ ရိုက်ခိုင်းလိုက်"
ဧကရာဇ် ခေါင်းကိုသာယမ်းလိုက်မိသည်။ရုံရှား မကြားလိုက်၍တော်သေးသည်။ သို့မဟုတ်လျှင် လက်မထပ်ရသေးဘဲ သူတို့နှစ်ယောက် ရန်ဖြစ်ကြပေဦးမည်။
"သူ နေကောင်းတယ်လို့ ပြောတယ်မဟုတ်ဘူးလား၊ဘာလို့ ပြင်းထန်ပုံ ပေါက်နေတာလဲ"
“အိုး…ဘာပဲဖြစ်ဖြစ် ဖြည်းဖြည်းချင်း ပြန်ကောင်းလာမှာပါ၊အရှင်မင်းကြီး စိတ်မပူပါနဲ့”
ဧကရာဇ် ယွင်ချင်သည် ကူကယ်ရာမဲ့ ပြုံးပြီး ပန်းဟွာ၏ စကားကို ပြန်မပြောချေ။
ပန်းဟွာ၏ပခုံးများ ရုတ်တရက် ကျသွားကာ
"အရှင်မင်းကြီး၊ မြန်မြန်နေကောင်းလာရမယ်နော်"
ဧကရာဇ် ယွင်ချင်သည် စိုးရိမ်ပူပန်မှုနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မိန်းကလေးငယ်၏ မျက်လုံးများကို ကြည့်လိုက်သည်။
" မကြာခင် ပြန်ကောင်းလာမှာပါ"
ပန်းဟွာက တောက်ပသော အပြုံးဖြင့် "ကျွန်မ စိတ်ချမယ်နော်"
ဧကရာဇ်ယွင်ချင် သူ့ကိုယ်သူ တွေးကြည့်မိသည်။ဤမိန်းကလေးသည် ဖြူစင်သော ကိုယ်ရည်ကိုယ်သွေးဖြင့် ကြီးပြင်းလာခဲ့သည်။သူ့မျက်စိ ရှေ့တွင်ပက် သူမ ကြီးပြင်းလာခြင်းဖြစ်၏။ "ဟုတ်ပါပြီ"
သူမသည် ဖြူစင်ရိုးသားသလောက် စိတ်အရင်းခံလေးကလည်း ကောင်းမွန်လှပေ၏။
ရုံရှားသည် ဆေးသောက်ပြီးနောက် ကုတင်ပေါ်တွင် အိပ်ကာ စာအုပ်ဖတ်နေလိုက်သည်။ တစ်နာရီကျော်သွားသော်လည်း သူ့လက်ထဲမှ စာအုပ်မှာ စာမျက်နှာအနည်းငယ်သာ လှန်ရသေးပြီး တံခါးအပြင်ကိုလည်း အကြိမ်ကြိမ် လှမ်းကြည့်နေမိတော့သည်။ဤသည်ကိုမြင်သော တုကျိုးက
"မြို့စားမင်း၊ပန်းဟွာကျွင်းကျူးကို ဒီနေ့ ဧကရာဇ်က နန်းတော်ဆီ ဆင့်ခေါ်လိုက်ပါတယ်"
ရုံရှားက စာမျက်နှာတစ်ခုကို လှန်လိုက်ပြီး တိုးတိုးလေးပြောသည်။
"သိပါတယ်"
တုကျိုး တစ်ခုခုလုပ်ရန်ထွက်သွားပြီး နာရီဝက်လောက်ကြာ၍ သူပြန်လာသောအခါ ရုံရှားသည် ဖတ်လက်စ စာအုပ်သည် စာမျက်နှာတစ်ခုတည်းမှာသာ ရှိနေသေးသည်ကို သူ တွေ့လိုက်ရ၏။
"မြို့စားမင်း"
"ဘာလဲ"
ရုံရှားသည် စာအုပ်ကို ချလိုက်ပြီး တုကျိုးကို လှည့်ကြည့်လိုက်သည်။
"မြို့စားမင်း စိတ်ထဲမှာ တစ်ခုခုရှိနေလား"
တုကျိုးသည် လွန်ခဲ့သော ရက်အနည်းငယ်က အဖြစ်အပျက်များကို သေသေချာချာ စဉ်းစားကြည့်သည်။ ဘာမှလည်း ဖြစ်ခဲ့ပုံမပေါ်ပါဘူး....ဒါနဲ့များ မြို့စားမင်း ဘာ့ကြောင့် စိတ်မချမ်းသာရတာလဲ။
"ဘာမှမဟုတ်ပါဘူး၊ပန်းမိသားစု နန်းတော်ကို နောက်တစ်ကြိမ်သွားတဲ့အခါ ငါ့ကိုပြောဖို့မမေ့နဲ့"
"ဟုတ်ကဲ့၊ ဒါပေမယ့် ဧကရာဇ်နဲ့ ဧကရီက ပန်းဟွာကျွင်းကျူးကို အရမ်းသဘောကျပါတယ်၊ ဘာပြဿနာမှ မဖြစ်နိုင်ပါဘူး"
"ဘာပြဿနာမှရှိမှာမဟုတ်ဘူးဆိုတာ သိပါတယ်၊ငါက ဒီတိုင်း တောင်းဆိုတာပါ"
ထိုစဉ် အိမ်တော်ထိန်း ဝင်လာပြီး "မြို့စားမင်း၊ ပန်းဟွာကျွင်းကျူးက ဒီနေ့ အလုပ်များနေလို့ နေ့လည်မှပဲ ဒီကို လာလည်မယ်လို့ ကောကုန်းကျင့်ထင် အိမ်တော်ရဲ့ အစေခံက လာပြောပါတယ်"
"သူမ အလုပ်များနေတယ်ဆိုလည်း ဒီကနေ သွားလိုက်၊လညလိုက် လုပ်ရတာ ပင်ပန်းနေပါ့မယ်၊သူမ အိမ်ပြန်ပြီး ကောင်းကောင်း အနားယူပါစေ"
"ဒါပေမယ့် ကောကုန်းကျင့်ထင်ရဲ့ အစေခံက ပြန်ထွက်သွားပါပြီ၊ ကျွန်တော် ကောကုန်းကျင့်ထင် အိမ်တော်ဆီ ဒီကလူလွှတ်ပြီး ပြောခိုင်းလိုက်ရပါမလား"
သူတို့ကို သတင်းပေးဖို့ အခန်းသည် တခဏတာ ထူးထူးခြားခြား တိတ်ဆိတ်သွားသည်။
"မလိုပါဘူး၊သူတို့ကို နှောင့်ယှက်စရာ မလိုဘူး"
အိမ်တော်ထိန်းနှင့် တုကျိုးတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နားမလည်နိုင်လောက်အောင်ဖြစ်သွားရ၏။ မွန်းတည့်ချိန်ရောက်သည်နှင့် ပန်းဟွာကျွင်းကျူး ရောက်လာကြောင်း အစေခံက သတင်းပို့လေသည်။
မြို့စားမင်း၏ လက်ထဲက စာအုပ်မှာ ရှုံ့တွနေသည်ကို တုကျိုး မြင်လိုက်သော်လည်း၊ သူ့လေသံက အရင်အတိုင်းပဲ ငြိမ်သက်နေဆဲပင်။
"သူမကို ခေါ်လာခဲ့ပါ"
xxxx