Chapter 107
ပန်းဟွာ ထင်ယောင်ထင်မှားဖြစ်နေတာလား မသိ။ရုံရှား၏ အိမ်ထဲသို့ ဝင်ရောက်ပြီးနောက် အိမ်တော်ထိန်း၏ အပြုံးသည် ပုံမှန်ထက် ပိုမိုတောက်ပနေသည်ကို သူမ တွေ့ရှိခဲ့သည်။
"ကျွင်းကျူး ကျေးဇူးပြုပြီး ဒီကနေ သွားပါ"
"ကျေးဇူးတင်ပါတယ်"
ဝရန်ဒါကိုဖြတ်သွားပြီးနောက် ပန်းဟွာသည် အပြာရောင်ဝတ်စုံဝတ်ဆင်ထားသည့် လူလတ်ပိုင်းအမျိုးသားတစ်ဦး ထောင့်စွန်းတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ ဘာမှ မမေးမိ။ သို့သော် အိမ်တော်ထိန်းက သူမ၏ မျက်နှာအမူအရာကို သတိပြုမိပြီး "သူက မြို့စားမင်းရဲ့ ဧည့်သည်ပါ" ဟု တိုးတိုးလေးပြောသည်။
သူမ နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။စာပေပညာရှင်များသည် ကဗျာများ၊ သီချင်းများ၊ ပန်းချီများနှင့် လက်ရေးလှရေးနည်းကို ဆွေးနွေးရန် ဧည့်သည်အချို့ အိမ်တွင် မပြတ်လာလေ့ရှိသည်။ ပညာရှင်၏ အဆင့်အတန်း မြင့်မားလေ၊ ဧည့်သည် များများလာလေလေဖြစ်သည်။ သရုပ်ဆောင်များ၊တူရိယာ အဖွဲ့များ၊ အဆိုတော်များ၊ အကသမားများနှင့် ပုံပြင်ပြောသူများကိုသာအိမ်ကို ဖိတ်ကြားတတ်သော သူမတို့မိသားစုနှင့် မတူပေ။ ရုံမိသားစုနှင့် နှိုင်းယှဉ်ပါက ပန်းမိသားစုသည် များစွာ အဆင့်နိမ့်ကျသည်။
"ဟုတ်ပါပြီ"
ပန်းဟွာ ခေါင်းညိတ်ရင်း တစ်ဖက်လှည့်လိုက်ရာ ဧည့်သည်က သူမအား ကြည့်နေသည်ကို တွေ့လိုက်ရသည်။သူမလည်း အနည်းငယ် မျက်မှောင်ကြုတ်ကာ
"ရှင်တို့ အိမ်တော်ရဲ့ ဧည့်သည်တွေ အားလုံး ရိုင်းစိုင်းတတ်တာလား"
အိမ်တော်ထိန်းလည်း ဧည့်သည်က ပန်းဟွာကို ကြည့်နေဆဲဆိုသည်ကို သတိထားမိပြီး သူ့မျက်နှာက မည်းမှောင်သွားရသည်။သူ ပေါက်ကွဲခါနီးတွင် ဧည့်သည်က ခြေတစ်လှမ်းဆုတ်ကာ ပန်းဟွာအား အလေးပြုကာ ထွက်သွားခဲ့သည်။
ပန်းဟွာသည် ဧည့်သည်၏ အပြုအမူ ကြောင့် စိတ်ရှုပ်သွားသည်။ သို့သော် ဧည့်သည်သည် တရားဝင်ရာထူးမရှိသော သာမာန် ဧည့်သည်တစ်ဦးသာဟု ထင်မိသောကြောင့် ၎င်းကို စိတ်ထဲမထားမိပေ။ထို့နောက် သူမ လှည့်ကာ ခြံဝင်းဆီသို့ လျှောက်သွားလိုက်သည်။
ချမ်အမ်မြို့စားမင်း၏ နေအိမ်တွင် ကျေးကျွန်များစွာမရှိသော်လည်း အစေခံများနှင့် အိမ်အကူများ အားလုံးသည် အလွန်လိမ္မာရေးခြားရှိကြသည်။ သူမ ဝင်လာသည်ကို မြင်သောအခါ အားလုံးက သူမကို အလေးပြုကြပြီး ရိုကျိုးနေကြတော့၏။သူမ အတွင်းခန်းထဲသို့ဝင်ပြီးနောက် အတွင်းခန်းမှထွက်လာသော တုကျိုးနှင့်တွေ့ဆုံမိသည်။ သူမ ခြေလှမ်းကို ရပ်လိုက်သည်။တုကျိုးသည်လည်း ရှေ့သို့ ခြေနှစ်လှမ်းလှမ်းလာပြီး သူမကို အလေးပြုသည်။ကောကုန်းကျင့်ထင်လုပ်ကြံခံရလုနီးပါး ဖြစ်ကတည်းက တုကျိုးသည် ပန်းဟွာကို ပို၍လေးစားလာခဲ့သည်။
"မင်္ဂလာပါ "
"ဒီနေ့ မြို့စားမင်း ဆေးထည့်ပြီးပြီလား၊မွန်းတည့်နေပြီ"
"ဟုတ်ကဲ့ ကျွင်းကျူး၊ ဆေးထည့်ပြီးပါပြီ"
တုကျိုးက ခေါင်းငုံ့ပြီး ပြန်ဖြေသည်။
"နေ့လည်စာစားပြီးပြီလား"
"သူ မစားရသေးပါဘူး"
"နားလည်ပါပြီ"
ပန်းဟွာ ခေါင်းညိတ်လိုက်ရင်း ဂါဝန်ကိုမပြီး အခန်းထဲသို့ ၀င်သွားသည်။သူ့နောက်မှ အစေခံနှစ်ယောက်သည် တံခါးအပြင်ဘက်တွင် ရပ်ကာ သူမနောက်သို့ လိုက်မသွားခဲ့ချေ။
ရုံရှား နှင့် ဧကရာဇ် ယွင်ချင်တို့ နှစ်ယောက်လုံးသည် ဆေးသောက်ကြသော်လည်း ရုံရှား၏အခန်းရှိ ဆေးနံ့သည် အလွန်ပေါ့ပါးပြီး မအီမသာမဖြစ်ေပ။သူ့အခန်းကလည်း အိုက်စပ်နံစော်သော မဟာ ရွှေလမင်းနန်းတော်နှင့် မတူ။
ပန်းဟွာ အခန်းထဲသို့ ဝင်ပြီးနောက် ရုံရှားသည် စာအုပ်ဖတ်နေရင်း ကုတင်ပေါ်တွင် လဲလျောင်းနေသေးသည်ကို တွေ့လိုက်ရသည်။သူမ သူ့ရှေ့သို့သွားကာ စာအုပ်ကို ဆွဲယူလိုက်၏။
"ဘာလို့ စာအုပ်ဖတ်နေတာလဲ၊မျက်လုံးကို မညှာတော့ဘူးလား"
"မင်းဒီမှာမရှိရင် ပျင်းတယ်၊ အိပ်ယာပေါ်မှာပဲ လဲလျောင်းနေမိတယ်၊ အချိန်ကုန်အောင် စာဖတ်တာကလွဲလို့ ကိုယ် တခြားဘာလုပ်ရမှာလဲ"
ရုံရှားသည် သူမအား ရွှန်းစားစားကြည့်ရင်းနေခဲ့သည်။ပန်းဟွာက သူ့ကို ခဏလောက်ကြည့်ပြီးနောက် သူမနှလုံးသားကလည်း ပျော့ပျောင်းသွားရတော့သည်။
ပန်းဟွာ ကုတင်ဘေးမှာ ဝင်ထိုင်လိုက်သည်။
"ရှင် စာပေတတ်မြောက်တာက ကောင်းပါတယ်၊ဒါပေမယ့် အခု ရှင် ဒဏ်ရာ ရနေတာဆိုတော့ ကဗျာတွေ ရေးဖို့၊ ပန်းချီဆွဲဖို့ ခဏနားထားတာကောင်းမယ်၊ကျွန်မတို့မိသားစုမှာ ဆက်ကပ်ကျွမ်းဘာအားကစားသမားတွေ ရှိတယ်၊မနက်ဖြန် ရှင့်အိမ်ကို ကျွန်မ ခေါ်လာခဲ့မယ်၊ ရှင့်မှာ ဘာမှလုပ်စရာမရှိရင် ရှင် ပျော်အောင် သူတို့ကို ခေါ်ထားပေးမယ်လေ"
"မင်း ပျင်းနေပါ့မယ်"
"ရပါတယ်၊သူတို့ရဲ့ ကာယလှည့်ကွက်တွေအားလုံးကို ကျွန်မ မြင်ဖူးတယ်၊ကျွန်မလည်း ဒီမှာ ရက်အနည်းငယ်လောက်နေမယ်ဆိုရင် အစားအသောက်အတွက် ပိုက်ဆံနည်းနည်းလောက် သက်သာနိုင်တယ်"
ရုံရှားက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ဂုဏ်သိက္ခာရှိတဲ့ ကျင့်ထင်အိမ်တော် မှာ ပိုက်ဆံမရှိဘူးဆိုတာ ကိုယ်က ဘယ်လိုလုပ်ယုံရမှာလဲ"
"ပိုက်ဆံအများကြီးရှိတဲ့သူကလည်း ပိုက်ဆံလိုချင်တာပါပဲ၊ဒါဆို လက်ခံလိုက်ပါ"
"ကောင်းပါပြီ"
ရုံရှား၏ မျက်လုံးများသည် နွေးထွေးသော အပြုံးများဖြင့် ပြည့်နှက်နေသည်။သူ့အပြုံးကလည်း သကြားမုန့်လို ချိုမြိန်လွန်းလှသည်။နောက်ထပ် အနည်းငယ် ကြည့်နေပါက၊ ချိုမြိန်လွန်း၍ ရင်ကျပ်သွားနိုင်သည်။
"မလှုပ်နဲ့၊ ရှင့်နောက်ကျောက ဒဏ်ရာက ဘယ်လိုနေလဲ ကြည့်ရအောင်"
ပန်းဟွာ ရှေ့ကို လျှောက်သွားလိုက်သည်။ ရုံရှား မတုံ့ပြန်ခင်မှာ သူမက ချောမွတ်သည့် ဖဲသားဝတ်စုံကို ရုတ်လိုက်ပြီး သူ၏ ကိုယ်လုံးတီး ဖြစ်နေသော အပေါ်ပိုင်းကို ဖော်လိုက်၏။
ရုံရှား ၏ အသားအရေသည် အလွန်ဖြူစင်သည်။သူ့နောက်ကျောက ဒဏ်ရာက မည်းမှောင်နေပြီး ရှုံ့တွနေသည်။အလှတရားဆိုတာ ဘာမှမသိရလောက်သည်အထိ ကြောက်စရာကောင်းနေတော့သည်။ပန်းဟွာက ဒဏ်ရာကို မြင်လိုက်ရလျှင် သူ့အပေါ် အချစ်လျော့သွားမည်ကို သူ စိုးရိမ်နေမိသည်။သူ စောင်ကို ဆွဲခြုံချင်သော်လည်း ပန်းဟွာက သူ့ကို တားလိုက်သည်။
"မလှုပ်နဲ့၊ ဒဏ်ရာက ပြန်ကောင်းလာပြီ၊ဒီရက်ပိုင်း အနာက ယားနေသလား"
"ဟုတ်တယ်"
"ဒါဆို ဆက်မပွားအောင် သတိထားရမယ်၊အမာရွတ် ဖြစ်သွားရင် ကြီးကြီးမားမား ပြဿနာ မဖြစ်နိုင်ဘူး၊ ဒါပေမယ့် သွေးထွက်တာနဲ့ ပြည်တွေထွက်ရင်တော့ ကြီးသွားပြီ"
ပန်းဟွာ၏ အကြည့်က အနည်းငယ် အောက်လျှောသွားကာ ရုံရှား၏ တင်းကြပ်ပြီး ဆွဲဆောင်မှုရှိသော ခါးကို ကြည့်လိုက်သည်။ထို့နောက် သူမသည် စောင်ကို ဆွဲထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ် အပေါ်ပိုင်းကို ပြန်ဖုံးထားလိုက်သည်။
"စားပြီးပြီလား"
"မစားရသေးဘူး"
ရုံရှားသည် အိပ်ရာပေါ်တွင်သာ လှဲလျောင်းပြီး နေချင်သူမဟုတ်ပေ။ထို့ကြောင့် နာကျင်လျှင်တောင် အိပ်ရာကထဖို့ မရရအောင် ကြိုးစားသည်။
"ရှင့်ခန္ဓာကိုယ်က အရမ်းဖြစ်နေတာကို အခုထိ မစားရသေးဘူးလား"
ပန်းဟွာ သက်ပြင်းချလိုက်ရင်း လှည့်၍ တံခါးဆီသို့ လျှောက်သွားသည်။ ထို့နောက် သူမသည် တံခါးကို စောင့်နေသော ရုံမိသားစု၏ ကျွန်များကို လက်ဝှေ့ယမ်းပြလိုက်သည်။
"နေ့လည်စာကို အခန်းထဲယူလာခဲ့ပါ"
"ဟုတ်ကဲ့"
အစေခံများလည်း ဦးညွှတ်ပြီး ထွက်သွားသည်။ပန်းဟွာ၏ အမိန့်ကို တစ်ခွန်းမှပင် ပြန်မမေးပေ။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပန်းဟွာသည် မြို့စားမင်းအား ကြိမ်းမောင်းနေသည်ကို မြင်ခဲ့ရပြီး မြို့စားမင်းသည်လည်း သူမစကားကိုခြွင်းချက်မရှိ နာခံခဲ့သည်။နန်းတွင်းရှိ ဘဏ္ဍာစိုးများပင်လျှင် သူမ၏ အမိန့်ကို နားထောင်ရသည်။ သူတို့လို အစေခံတွေက သူမကို ဘယ်လို စော်ကားဝံ့ကြမလဲ။ များမကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူမသည် မြို့စားမင်း၏ ဇနီးသည်ဖြစ်လာလိမ့်မည်။ သူတို့လည်း သူမ အမိန့်ကို အေးအေးဆေးဆေး လက်ခံကြရမည်ဖြစ်သည်။
ပန်းဟွာက သူ့အတွက် အလုပ်ရှုပ်နေသည်ကို မြင်လိုက်ရသဖြင့် ရုံရှား မျက်လုံးများက နွေးထွေးမှုများ ပြည့်နှက်သွားလေသည်။
ခဏအကြာတွင် ထမင်းစားကြသည်။ဟင်းလျာများအားလုံးက ပေါ့ပါးသည့် အစားအစာမျိုးပင်။ တုကျိုးနှင့် အစေခံတစ်ယောက်က ရုံရှား ကို အိပ်ယာပေါ်ကနေ ထဖို့ ကူညီပေးခဲ့သည်။ ထို့နောက် သူ့အား ပိုးပျော့အင်္ကျီတစ်ထည်ကို ဝတ်ကာ စားပွဲ၌ ထိုင်ခိုင်းသည်။
ပျော့ပျောင်းသော ပိုးသားအကျီသည် အရေပြားကို မထိခိုက်စေသော်လည်း လည်ပင်းဝ ကျယ်လွန်းသောကြောင့် ညှပ်ရိုးနှင့် ရင်ဘတ်များမှာ မလွှဲမရှောင်သာပေါ်လွင်စေသည်။လူတစ်ယောက်၏ စွဲမက်စရာအကောင်းဆုံးအခိုက်အတန့်မှာ အဝတ်တစ်ထည်ကို မ ပေါ့်တပေါ်ဝတ်ထားချိန်ဟု ဆိုနိုင်၏။
ပန်းဟွာ၏ မျက်လုံးများကတော့ သူမစိတ်အလိုကို မလိုက်ပေ။သူမသည် ရုံရှား၏ လည်ပင်းကို အကြိမ်ကြိမ် ခိုးခိုးကြည့်နေမိသည်။
သို့သော် ရုံရှားက အင်္ကျီလည်ပင်းဝကို ဂရုမစိုက်။သူ တူကိုကောက်ကိုင်သောအခါ၊တူတစ်ချောင်းက သူ့အင်္ကျီ ကော်လာကို မတော်တဆ ပွတ်ဆွဲမိသွားပြီး သူ့ရင်ဘတ်ကလည်း ပိုပိုပြီး မြင်ရသွားသည်။
ဖြူဖွေးချောမွေ့သော အသားအရေ၊ အချိုးအစားကျသော ရင်ဘတ်ကြွက်သားများသည် လျှို့ဝှက်ဆန်းကြယ်သော ဆွဲဆောင်မှုအပြည့်ရှိပုံရသည်။ပန်းဟွာ မစားရသေးသော်လည်း တစ်ဝက်လောက် ဗိုက်ပြည့်နေရသည်။ခဏကြာမှ သူမ ပါးပြင်များကို ကိုင်ကြည့်လိုက်သည်။ တော်သေးတယ်၊ သူမ ပါးတွေ မရဲနေသေးလို့....
အလှတရားက လူကို ဆွဲဆောင်နိုင်သည်ဟု ဆိုသော စကားသည် အလွန်ကျိုးကြောင်းဆီလျော်သည်။
"ဟွာဟွာ၊ဒီဟင်းတွေကို မစားဖူးဘူးလား"
ရုံရှားက သူမကို ပြုံးပြရင်း ပြောလိုက်သည်။သူ့အပြုံးက လှလွန်း၍ သူမ နှလုံးသားလေးလည်း အရည်ပျော်သွားရ၏။
"အရမ်းကောင်းပါတယ်"
သူမ မျှစ်တစ်ပိုင်းကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ဘာကိုမှ မမြည်းစမ်းဘဲ မျိုချလိုက်သည်။
ရုံရှား ပြုံးနေမိရင်း သူမသည် မျှစ်စိမ်းကို မကြိုက်ကြောင်း သူသတိရမိသည်။
"အား...."
မနီးမဝေးက မျှစ်ဟင်းပန်းကန်ကို ဆွဲယူဖို့ သူ လက်လှမ်းသော်လည်း လက်ကိုဆန့်ထုတ်မိတာကြောင့် အလွန်နာကျင်သွားပြီး အသံထွက်ညီးညူမိသွားရသည်။
"မလှုပ်နဲ့လေ" ပန်းဟွာက သူ့ရှေ့က ပန်းကန်ကို အမြန်ရွှေ့လိုက်သည်။ "ရှင် ဘာစားချင်လဲပြော၊ ဒဏ်ရာကို သွားမထိနဲ့"
"ကောင်းပါပြီ" ရုံရှား ခေါင်းညိတ်လိုက်ပြီး သူ့အနီးက ပန်းကန်သေးသေးလေးကို ယူလိုက်၏။
ပန်းဟွာလည်း ကျေနပ်စွာ ခေါင်းညိတ်မိသည်။စကားနားထောင်သူက ချစ်စဖွယ်အကောင်းဆုံးဖြစ်သည်။
အစားအသောက် စားချိန်က တစ်နာရီနီးပါးကြာသွားသည်။ ရုံရှား ကုတင်ပေါ်ပြန်အိပ်သည့်အခါ ပန်းဟွာက
"ကောင်းကောင်းအနားယူပါ၊ကျွန်မပြန်ရမယ်"
"ကောင်းပါပြီ" သို့သော် သူ့မျက်လုံးထဲမှာ တားဆီးချင်ဟန်များ ပြည့်နှက်နေသည်။
"စကားမစပ်......" ပန်းဟွာက ဆေးပုလင်းသေးသေးလေးနှစ်လုံးကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။
"ဒါတွေကို ဧကရာဇ်ဆီက ရခဲ့တာ၊ ယားယံတာနဲ့ ဒဏ်ရာတွေကို သက်သာပျောက်ကင်းစေနိုင်တယ်၊ ဧကရာဇ်မှာလည်း ဆေးပုလင်းက အများကြီးမရှိဘူး၊ ဒါကြောင့် ရှင့်အတွက် နှစ်လုံးပဲ တောင်းလာတယ်"
"ဧကရာဇ်က မင်းကို သိပ်ချစ်တာပဲနော်"
ရုံရှားသည် ကလေးလက်သီးထက်ငယ်သည့် ပုလင်းနှစ်လုံးကို ကြည့်လိုက်သည်။ အထဲမှာ ဘာရှိမှန်း သူ သိသည်။
"ဟုတ်တယ်၊ဒါဆို ကျွန်မသွားလိုက်ဦးမယ်၊ရှင့်ဒဏ်ရာကို လိမ်းခိုင်းဖို့ မမေ့နဲ့"
ရုံရှား ပြုံးပြီး သဘောတူလိုက်သည်။ ပန်းဟွာ ထွက်သွားပြီးနောက် တုကျိုး ဝင်လာသည်။ ဆေးပုလင်းနှစ်ပုလင်းကို မြင်သောအခါ သူ့မျက်နှာမှာ အံ့သြမှုတစ်ခုပေါ်လာသည်။
"မြို့စားမင်း ဒါက နန်းတော်ရဲ့ လျှို့ဝှက်ဆေးမဟုတ်ဘူးလား၊ ပန်းဟွာကျွင်းကျူး ယူလာတာလား"
ယခုလေးတင် ထွက်သွားသူမှာ ပန်းဟွာကျွင်းကျူး ဖြစ်နေ၍ ဆေးပုလင်းနှစ်ပုလင်းကို ကျွင်းကျူးသာ ယူလာပေးခြင်းဖြစ်မည်။
"ဟုတ်တယ်"
ရုံရှားသည် ပုလင်းတစ်လုံးကို ယူလိုက်ပြီး အဖုံးကိုဖွင့်လိုက်သောအခါတွင် ဆေးရနံ့က သင်းပျံ့လာ၏။ထို့နောက်အဖုံးကိုပြန်ပိတ်ပြီး ပုလင်းအားဆော့ကစားနေကာ
"တုကျိုး ဒီကိစ္စကို ဖြေရှင်းပြီးရင် သူမ ငါ့ကို စိတ်ဆိုးမယ်လို့ မင်းထင်လား"
တုကျိုး အံ့သြသွားကာ ခဏလောက် ငြိမ်သွား၏။
"ကျွန်တော်လည်း မသိဘူး"
ရုံရှားက ပုလင်းကို နှာခေါင်းဝပေါ်မှာထားပြီး ရှူလိုက်သည်။
"ဟုတ်တယ်၊ မင်းလည်း မသိဘူးဆိုတာ သဘာဝကျတယ်"
သူနှင့် ပန်းဟွာသည် အနာဂတ်တွင် ကျင်းမိသားစုကြောင့် ပဋိပက္ခဖြစ်မည်ကိုပင် သူမ မသိသေးပေ။
"မြို့စားမင်း ပန်းဟွာကျွင်းကျူးကို ဘာလို့ မပြောသေးတာလဲ၊ ေကာကုန်းကျင့်ထင် လုပ်ကြံခံရမှုနောက်ကွယ်က တကယ့်တရားခံက ရှဲ့မိသားစုပဲ၊ ဒါပေမယ့် ဧကရာဇ်က ရှဲ့မိသားစုအတွက် ဖုံးအုပ်ပေးခဲ့တယ်၊ပန်းဟွာကျွင်းကျူး သိရင် သူမ ငြိမ်မနေလောက်ပါဘူး"
ရုံရှားက တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။
ဟွာဟွာသည် ပေါ့ပေါ့ပါးပါး ဘဝကို ဖြတ်သန်းရသည်။သူမသည် အလှပဆုံးဝတ်စုံများကို ၀တ်ဆင်ကာ အကောင်းဆုံး အစားအစာများကို စားနေရသူပင်။မည်သူမဆိုလိုချင်တပ်မက်သောဘဝမျိုးမှာ နေနေရသူပင်။ငယ်ငယ်က သူ အိပ်မက်မက်ခဲ့သော ဘဝတွင် သူမ နေထိုင်ခွင့်ရသည်။သူမကို ကြည့်နေမိတိုင်း သူ့ငယ်ဘဝ စိတ်ကူးယဉ်အိမ်မက်တစ်ခုလုံး ပြည့်စုံသွားသလို ခံစားမိသည်။
"ဒါကို ထပ်မပြောနဲ့၊ငါ သိပါတယ်" ရုံရှားသည် ပုလင်းကို သူ့လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
"ဒါပေမယ့် ဧကရာဇ်က ပန်းဟွာကျွင်းကျူးကို သိပ်ချစ်ပါတယ်၊ သူမကတော့ နားလည်ပေးနိုင်မယ်မထင်ပါဘူး"
ရုံရှားက ပုလင်းကို ခေါင်းအုံးဘေးမှာ ထားလိုက်ပြီး
"ဒါပေမယ့် မကြာခင်မှာ ဒီကမ္ဘာကြီးဟာ ဧကရာဇ်နဲ့ သက်ဆိုင်တော့မှာ မဟုတ်ဘူး၊ သူ့ရဲ့ သစ္စာမဲ့တဲ့သားကိုယ်တိုင် သစ္စာဖောက်လာလိမ့်မယ်၊ အစောင့်အကြပ်တွေက သူ့ကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားပေမယ့် အမှားတွေ ရှိလာမှာပဲ"
တုကျိုး အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ ပြောလေသည်။
" နားလည်ပါတယ်"
xxxx