အပိုင်း၁၀၈
Viewers 4k

Chapter 108


ပန်းဟွာ အိမ်ပြန်ရောက်သောအခါ  ပန်းမိသားစုဝင်များအားလုံး သူမအနီးသို့ စုရုံးလာကြသည်။သူမ ဘာမှမဖြစ်ကြောင်း သေချာမှသာ မိသားစုဝင်များ စိတ်အေးလက်အေးဖြစ်သွားခဲ့သည်။


 "ဟွာဟွာ၊ နန်းတော်သွားတုန်းက ဧကရာဇ်က ဘာပြောလိုက်သလဲ"


ယင်းရှစ်က ပန်းဟွာကို ထိုင်ခိုင်းပြီး နန်းတော်ထဲဝင်ပြီးနောက် ဘာဖြစ်ခဲ့သည်ကို အသေးစိတ်မေးမြန်းသည်။ ပန်းဟွာကလည်း နန်းတော်ထဲဝင်ပြီးနောက် သူမ ဖြစ်ပျက်သမျှကို ပြောပြသည်။ 


 "ဧကရာဇ်က ပုံပျက်ပန်းပျက် ဖြစ်နေတယ်၊နန်းတော်အမှုထမ်းတွေကလည်း ဧကရာဇ် အမျက်ထွက်ပြီး အပြစ်ပေးမှာကို စိုးရိမ်ကြောက်ရွံ့နေကြတယ်" 


ဤမဟာ ရွှေလမင်းနန်းတော်သို့ ခရီးစဉ်သည် သူမအား ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရစေပြီး စိတ်ဓာတ်ကျစေခဲ့၏။ ယခင်ကလို စိတ်အေးလက်အေး အငွေ့အသက် လုံးဝမရပေ။


ယင်းရှစ် စိတ်ထဲမှာ လှောင်ရယ်နေမိတော့သည်။ အမှားအများကြီးလုပ်မိသူများသည် အပြစ်ပေးခံရမှာပင်။  


"ဧကရာဇ်ရဲ့ စိတ်ခံစားချက်တွေက မတည်မငြိမ်ဖြစ်နေတာ၊နောက်ဆို သမီး နန်းတော်ကို လျှော့သွားသင့်တယ်၊နဲ့ ဒုတိယမင်းသားတို့ရဲ့ ကိစ္စမှာ အမေတို့မိသားစုက လုံးဝ ဝင်ပါမှာမဟုတ်ဘူး၊ ဒုတိယကြင်ယာတော်မင်းသမီးက သိပ်လည်တယ်၊ အားလုံးဆီက အကျိုးအမြတ် ရချင်နေတာ"


 "သမီးကလည်း သူမနဲ့ ခပ်တန်းတန်းပါပဲ၊ အမေ စိတ်မပူပါနဲ့"


 "သမီးတို့ပတ်ဝန်းကျင်မှာ အားလုံးက ရှုပ်ထွေးနေတာ အမေ စိတ်ပူမိတယ်၊ ကောင်းပြီ၊ သမီး နေ့ခင်းဆို တစ်ရေးတစ်မော အိပ်တတ်တဲ့ အကျင့်ရှိတယ်မလား၊အိပ်ဆောင်ပြန်ပြီးနားတော့လေ"


ပန်းဟွာလည်း မတ်တပ်ရပ်ကာ ထွက်ခွာရန် ပြင်ဆင်သည်။


"ခဏ…" ထိုစဉ် ယင်းရှစ်က သူမကို တားလိုက်သည်။


 " မြို့စားမင်း ဒဏ်ရာက ဘယ်လိုလဲ"


 "ပိုကောင်းလာပါတယ်၊ အသားက ဒဏ်ရာပဲ၊ မြန်မြန်ပြန်ကောင်းလာပါလိမ့်မယ်၊ အမေ စိတ်မပူပါနဲ့"


ဒီကလေးမိုက်။ ရုံရှားအတွက် သူမ စိတ်မပူပါဘူး... သမီးဖြစ်သူအတွက်သာ စိတ်ပူမိတာ... ရုံရှား၏ ခန္ဓာကိုယ်မှာ တစ်ခုခုဖြစ်ခဲ့လျှင် သူ့လို မသန်စွမ်းသူတစ်ယောက်နှင့် သမီးဖြစ်သူအား အိမ်ထောင်မပြုစေချင်ပေ။  မိသားစုနာမည်ကောင်းရဖို့ သားသမီးကို အသုံးချခြင်းက တခြားမိသာစစုများ၏ ထုံးစံပင်။သူမကတော့ သမီးဖြစ်သူ ဒုက္ခရောက်မှာ မဟုတ်ဘူးဟုသာ မျှော်လင့်မိ၏။


 "သခင်မလေး၊ ဝန်ကြီးယောင်ရဲ့သမီးက တွေ့ခွင့်တောင်းနေပါတယ်"


 "ဝန်ကြီးယောင်....." ယင်းရှစ်က ပန်းဟွိုက်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်။သူတို့မိသားစုက ယောင်ဖေးကျီတို့ မိသားစုနဲ့ ဘယ်တုန်းက ဆက်ဆံခဲ့လို့လဲ။


ပန်းဟွိုက် ခေါင်းယမ်းလိုက်သည်။သူသည်လည်း ပန်းချီဆွဲသူ ယောင်ဖေးကျီ နှင့် ဆက်ဆံရေး သိပ်မရှိပေ။


 "တတိယသခင်မလေးယောင်လား" ပန်းဟွာက ဘဏ္ဍာစိုးကို ကြည့်ကာ မေးသည်။


 "ဟုတ်ကဲ့"  ဘဏ္ဍာစိုးက ပြန်ဖြေ၏။


 "ဒီတတိယသခင်မလေးယောင်က သမီးနဲ့ ခင်တယ်၊သူမကို ဝင်ခွင့်ပြုပါ"  ထိုသိုပြောပြီးနောက် ပန်းဟွာက ယင်းရှစ်ဘက်လှည့်ပြီး "အမေ၊သူမက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ သူမကို အရင်ဝင်ခွင့်ပြုပြီးမှ ဘာလို့ လာတာလဲဆိုတာ မေးပါ" 


ယင်းရှစ်က ခေါင်းညိတ်ပြီး ဘာမှပြန်မပြော။


ပန်းဟမ်ကလည်း ပန်းဟွာကို သံသယဖြင့် ကြည့်လိုက်သည်။  "အစ်မက ဘာလဲ... မိန်းကလေးတွေနဲ့လည်း ခင်သွားပြန်ပြီလား...." 


သူ၏ အစ်မဖြစ်သူသာ ယောက်ျားဖြစ်လျှင် မြို့တော်တွင် နာမည်ကြီး playboy တစ်ယောက်ဖြစ်မည်ဟု သူ ယုံကြည်မိ၏။


 "အင်း သူတို့ကပဲ ငါ့ကို အတင်းခင်ချင်ကြတာပါ....ဒါနဲ့ ငါလည်း သူတို့နဲ့ ရင်းနှီးသွားတာ"


ယောင်လင်းသည် အပြင်ဧည့်ခန်းတွင် မသက်မသာ ထိုင်နေသည်။ သူမလက်ထဲက လက်ကိုင်ပုဝါမှာလည်း လိမ်ကျစ်ထား၍ တွန့်ကျေနေသည်။သူမ၏ဖခင်သည် ဧကရာဇ်ထံမှ အပြစ်ပေးခံရပြီး သူ၏ ဝန်ကြီးရာထူးကိုလည်း အစားထိုးပြီးကတည်းက မြို့တော်ရှိ ယောင်မိသားစု၏ အဆင့်အတန်းသည် ကျဆင်းသွားခဲ့သည်။ တော်ဝင်သမားတော်များကို အကြိမ်ကြိမ် ပင့်ဖိတ်ခဲ့‌သော်လည်း မလာရောက်ကြချေ။အပြင်မှ သမားတော်များကိုလည်း ခေါ်၍မရဖြစ်နေတော့သည်။ယခုဆို သူမ၏ ဖခင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအချို့သည် ပြည်တည်စ,ပြုနေပြီဖြစ်သည်။


သူမ အဖေရာထူးကျပြီးနောက် ရှစ်မိသားစုကလည်း ဂရုမစိုက်တော့။ အခြားမိသားစုများကလည်း အကျင့်ပျက်လာကြသည်။သူမတို့သည်  အရည်အချင်းရှိသည့် သမားတော် နှစ်ယောက်ကို ပင့်ဖိတ်ချင်သော်လည်း ဘယ်သူ့ကို အကူအညီတောင်းရမှန်း မသိပေ။ပန်းမိသားစု ခန့်အပ်ထားသော  သမားတော်များသည် အတော် ကျွမ်းကျင်ကြောင်း သူမ ကြားသိခဲ့ရသည်။ထိုသမားတော်များ၏ ဘိုးဘေးများသည် ပန်းမိသားစု၏ ဘိုးဘေးများနှင့်အတူ စစ်မြေပြင်သို့ လိုက်ပါခဲ့ကြသောကြောင့် ဒဏ်ရာများကို ကုသရာတွင် အလွန်အရည်အချင်းရှိကြသည်။ ချမ်အမ်မြို့စားမင်း၏ ဒဏ်ရာများကိုပင် ပန်းမိသားစု၏ သမားတော်များက ကုသပေးခဲ့ခြင်းဖြစ်သည်။


သူမသည် ပန်းမိသားစုထံ လာချင်နေသည်မှာ ကြာလှပြီဖြစ်သော်လည်း ငြင်းပယ်ခံရမည်ကို ကြောက်ရွံ့သောကြောင့် မသွားရဲခဲ့ပေ။သို့ရာတွင် မနေ့ညက သူမ၏ အဖေ၏ ဒဏ်ရာများသည် ပိုဆိုးလာခဲ့ပြီး ယနေ့မနက်မှာလည်း ဖျားနေခဲ့သည်။ထို့ကြောင့် ပန်းမိသားစုထံ အရှက်မဲ့စွာ လာရန်မှတပါး သူမတွင် အခြားရွေးချယ်စရာမရှိပေ။


အစေခံတစ်ယောက်က သူမအား ပင်မဧည့်ခန်းမထဲကို ခေါ်သွားသည်။မိသားစုဝင်များ ရှိနေသည်ကိုမြင်သော် သူမ အမြန်လျှောက်သွား၍ ဦးညွှတ်လိုက်၏။


"သခင်ကြီး၊ သခင်မကြီး၊ ကျွင်းကျူး နဲ့ ရှစ်ကျစ်တို့ကို နှုတ်ခွန်းဆက်သပါတယ်၊ သခင်ကြီးနဲ့ သခင်မကြီးတို့ကိုလည်း ကျွန်မကို လည်ပတ်ခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"


ယင်းရှစ်က နွေးထွေးစွာ ပြုံးသည်။


"မိန်းကလေးယောင် ကျေးဇူးပြုပြီး ထိုင်ပါ၊ မိန်းကလေးယောင် ဘာလို့ ရုတ်တရက်လာလည်တာလဲ"  


ယောင်လင်း၏ မျက်လုံးများသည် နီရဲနေပြီး မျက်တောင်ရှည်များတွင်လည်း မျက်ရည်ဥများ ရှိနေသည်ကို မြင်လိုက်ရသောကြောင့် သူမ၏လေသံမှာ အနည်းငယ်ပျော့သွားသည်။


"သခင်မလေး၊ ကျွန်မ မေတ္တာရပ်ခံဖို့ လာတာပါ" ယောင်လင်းက မတ်တပ်ထရပ်ပြီး လေးလေးနက်နက် ဦးညွှတ်လိုက်သည်။ 


 "အဖေရဲ့ဒဏ်ရာက သိပ်ပြင်းထန်ပါတယ်၊အဖေ့ရဲ့ ဒဏ်ရာကိုကြည့်ဖို့ ပန်းမိသားစုရဲ့ဆရာဝန်တွေကို လွှတ်ပေးပါလို့ သခင်ကြီးနဲ့ သခင်မကြီးကို တောင်းပန်ပါတယ်"


ယင်းရှစ်သည် သခင်မလေးယောင် အလေးအနက် ဦးညွတ်နေပုံကိုမြင်ပြီး ကိစ္စက လေးနက်သည်ဟု တွေးလိုက်မိသည်။ယခုလို သမားတော်နှစ်ယောက်အား ခေါ်မည်ဟု သူမ မမျှော်လင့်ထားပေ။   


"သမီး အဖေရဲ့ဒဏ်ရာက မသက်သာသေးဘူးလား"


ယောင်လင်း ခေါင်းခါလိုက်သည်။  မသက်သာသေး‌သည့်အပြင် ဒဏ်ရာက ပိုဆိုးလာသည်။ယခုဆို သူမ ဘယ်သူ့ဆီက အကူအညီတောင်းရမှန်းတောင် မသိတော့။ သူမသည် ယခင်က ရွှယ်ကျိုးတွင် နေထိုင်ခဲ့၍ အာဏာ၏ အကျိုးကျေးဇူးများကို မခံစားခဲ့ရပေ။  သူမ မြို့တော်တွင် နှစ်ဝက်ကြာနေထိုင်ပြီးနောက်မှသာ မြို့တော်ရှိလူများသည် အဘယ်ကြောင့် ရာထူးတက်ပြီး အသိုင်းအဝိုင်းချဲ့ထွင်ကြသည်ကို  နားလည်ခဲ့သည်။မြို့တော်က လက်တွေ့ကျသည် နေရာတစ်ခုပင်။သြဇာအာဏာရှိသူများကို လေးစားမှု ရှိသည်။ ထိုသူတို့ အာဏာဆုံးရှုံးလျှင် ပစ်ခွာသွားကြပြီး ဖေးမဖို့ ဆန္ဒရှိသူ လူနည်းပါးလှ၏။


မြို့တော်နှင့် နှိုင်းယှဉ်လျှင် ရွှယ်ကျိုး သည် ပို၍ရိုးရှင်းသည်။ ထို့ကြောင့် သူမသည်  ရွှယ်ကျိုးတွင် နေထိုင်ရသော နေ့ရက်များကို ရုတ်တရက် လွမ်းဆွတ်သွားမိသည်။ ရွှယ်ကျိုးသည် မြို့တော်လောက် မချမ်းသာသလို၊ လူနေမှုအဆင့်အတန်းနှင့် စားနပ်ရိက္ခာများက မြို့တော်နှင့် မယှဉ်နိုင်သော်လည်း၊ဒေသခံများသည် ရိုးရှင်းစွာနေထိုင်စားသောက်ကြပြီး လူသားဆန်စိတ်ရှိကြသည်။


ယခုလို အခြေအနေမျိုးတွင် သူမသည် ပန်းမိသားစုထံမှ သမားတော်တစ်ယောက်အား မျှော်လင့်နေမိသည်။သူမမှာ မျှော်လင့်ချက်တစ်ခုတည်းသာရှိ၍ ပန်းမိသားစုက ငြင်းပယ်လိုက်လျှင်တောင် သူမ နာကျည်းမည်မဟုတ်ပေ။   သူမ၏ ဖခင်သည် ဧကရာဇ်ကို စိတ်မချမ်းသာအောင် လုပ်ထားတာကြောင့် တခြားသူများလည်း မင်းပြစ်သင့်မည်ကို ကြောက်ရွံ့ကြပေမည်။ 


 "ကောင်းပြီ၊ သခင်ယောင်ကိုကြည့်ခိုင်းလိုက်မယ်"


ယောင်လင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။လွယ်လွယ်နဲ့ သဘောတူခဲ့ကြတာလား။သူမဘက်က တောင်းလည်းမတောင်းပန်ရသေးသလို၊မည်သို့ပြန်ဆပ်မည်ဆိုသည်ကိုလည်း မပြောရသေးပေ။ မကောင်းတဲ့ ကောလဟာလတွေ ကြီးစိုးနေတဲ့ ပန်းမိသားစုက ဒီလိုပဲလား။


"သခင်...သခင်မကြီး...."  


ယောင်လင်းသည် ယင်းရှစ်ကို စိုက်ကြည့်နေပြီး ခဏကြာသည်အထိ သူမ ဘာပြောရမှန်းမသိသေး။


ပန်းဟွာက ဝင်ပြောသည်။


 "တခြားဘာများ တောင်းဆိုချင်သေးသလဲ၊ ခက်ခဲနေတာမျိုး ရှိလား"


"ဟင့်အင်း တခြားဘာမှ မရှိပါဘူး"  ယောင်လင်း ပျာပျာသလဲ ခေါင်းယမ်းလိုက်သည်။ထို့နောက် ရုတ်တရက် သူမသည် ပန်းမိသားစုရှေ့တွင် ဒူးထောက်ကာ


 "ကျေးဇူးတင်ပါတယ်၊နောင်တစ်ချိန်ကျရင် ကျွန်မ ဒီကျေးဇူးကို သေချာပေါက် ပြန်ဆပ်မှာပါ"  


သူမသည် တခြားမိသားစုများကို တွေ့စဉ်က ဒူး‌မထောက်ချင်ဘဲ ထောက်ခဲ့ရသည်။ယခုမူ သူမသည် ပန်းမိသားစုအား လိုလိုလားလား ဒူးထောက်နေမိလေသည်။


 သူမသည် ယောင်မိသားစုနှင့် ဆက်ဆံရေးကောင်းမွန်သော မိသားစုများစွာကို တောင်းပန်ခဲ့သော်လည်း ထိုလူများအားလုံးသည် အမှန်တကယ် မကူညီချင်ကြပေ။ အဆုံးတွင်၊ ကူညီလိုသောသူများသည် ယောင်မိသားစုနှင့် အဆက်အသွယ်များစွာမရှိသော ပန်းမိသားစုဖြစ်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။


 "ကိစ္စမရှိပါဘူး...ညီမလေးယောင် အားနာနေစရာမလိုဘူး" ပန်းဟွာက ယောင်လင်းကို ငုံ့ကြည့်လိုက်ရင်း လက်ကိုင်ပုဝါကို ထုတ်ကာ သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်များကို သုတ်ပေးလိုက်သည်။


"ညီမ အဖေ့ရဲ့ ကျန်းမာရေးက ပိုအရေးကြီးတယ်၊ သမားတော်ကို အမြန်ခေါ်သွားပါ"


 "အစ်မပန်း"  


ယောင်လင်း ခမျာ ရှိုက်ငိုနေရင်း ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်သည်။ နောက်မှသာ သူမ၏ မျက်ရည်များကို လက်ဖမိုးဖြင့် သုတ်ကာ အမြန်ထွက်ခွာသွားခဲ့သည်။


ယောင်ဖေးကျီသည် ယောင်မိသားစု၏ မဏ္ဍိုင်ဖြစ်သည်။ သူလဲကျသွားရင် ယောင်မိသားစုတစ်ခုလုံး ပြန်ထနိုင်မှာ မဟုတ်တော့။ထို့ကြောင့် သူ့အဖျားမသက်သာသေးသဖြင့် ယောင်မိသားစုဝင်အားလုံးက စိုးရိမ်နေကြသည်။  သခင်မယောင်နှင့် သူမ၏ကလေးများသည် အိပ်ရာအနီးတွင် ရှိနေကြသည်။ သခင်ယောင်အား ဆေးတိုက်ထားသော်လည်း ချက်ချင်း ပြန်ထွက်ကျလာသည်။သခင်မယောင်က စိုးရိမ်တကြီးဖြင့် မျက်ရည်များကို သုတ်လိုက်သည်။


"သခင်မကြီး၊ တတိယသခင်မလေးက ဆရာဝန်ကို ခေါ်လာပါတယ်”


သခင်မယောင်သည် သူမမျက်နှာမှ မျက်ရည်များကို အမြန်သုတ်လိုက်ပြီး ဝမ်းသာအားရ မေးလိုက်သည်။


 "ဘယ်မိသားစုရဲ့ သမားတော်လဲ" 


"ကျွန်မ သေချာမသိပေမယ့် သမားတော်နှစ်ယောက်က ဖဲသားဝတ်ထားတာတွေ့တော့ အပြင်က သမားတော်တွေ မဖြစ်နိုင်ပါဘူး"


ပုံမှန်အားဖြင့် သမားတော်များသည် ပိုးဖဲအဝတ်အစားများကို ဝတ်ဆင်လေ့မရှိပေ။ ဖဲသားများဝတ်ထားလျှင် ချမ်းသာသည့်မိသားစုက ကြီးပြင်းလာသူများဖြစ်ဖို့ ရှစ်ဆယ်ကနေ ကိုးဆယ်ရာခိုင်နှုန်းအထိ ဖြစ်နိုင်ခြေအခွင့်အလမ်းရှိသည်။


 "သမားတော်က ဘယ်ကလာလာပါ၊ သူ့ကို အရင်သွား ခေါ်ကြရအောင်"  


သခင်မယောင် တစ်ယောက် ရင်ဘတ်ထဲတွင် ပူလောင်နေ၏။သမားတော်နှစ်ယောက် ကုတင်ရှေ့မှာ ချက်ချင်းပေါ်လာသည်ကို သူမ မစောင့်နိုင်တော့။


ယောင်လင်း ဝင်လာသောအခါ၊ ယောင်မိသားစုသည် အကျိုးအကြောင်း မေးမြန်းရန် အချိန်မရှိဘဲ ရောဂါရှာဖွေရန် သမားတော်များကို အမြန်အကူအညီတောင်းခဲ့သည်။ ပြောရလျှင်တော့ အလွန်ထူးဆန်းသည်။သမားတော် နှစ်ယောက်သည် အတော်လေးကျွမ်းကျင်လှ၏။သူတို့ ဆေးနှစ်လုံးသောက်ပြီးသည့်အခါ ယောင်ဖေးကျီ၏ခန္ဓာကိုယ်က တုန်ခါမှုရပ်တန့်သွားသည်။ သူသည် ဆေးကို နောက်ဆုံး မြိုချနိုင်ခဲ့ပြီး သူ့ကိုယ်အပူချိန်လည်း ကျဆင်းသွားသည်။


သမားတော်နှစ်ယောက်က သောက်ရမည့် ဆေးစာရင်းကို ရေးပေးသည်။ ယောင်မိသားစုက ပိုက်ဆံများကို သူတို့လက်ထဲ အတင်းအကျပ် ထည့်ပေးပြီးမှသာ သူတို့ အားနာနာနှင့် လက်ခံခဲ့ကြ၏။


သမားတော်များကို ပြန်လွှတ်ပြီးနောက် သခင်မယောင်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ယောင်ဖေးကျီကို ကြည့်ကာ ပူပန်သောကရောက်နေရာမှ စိတ်ချမ်းသာသွားသည်။


"သမီး ဒီသမားတော်နှစ်ယောက်ကို ဘယ်မိသားစုက ခန့်အပ်ထားတာလဲ"


ယောင်လင်းက ယောင်ဖေးကျီ ကို စောင်ခြုံပေးရင်း 


"သူတို့က ကျင့်ထင်အိမ်တော်က ဆရာဝန်တွေပါ၊ချမ်အမ်မြို့စားမင်း ရဲ့ ဒဏ်ရာတွေကို ကုသဖို့လည်း သူတို့ပဲ တာဝန်ယူထားပါတယ်"


 "တကယ်ပဲ... ကျင့်ထင်အိမ်တော်ကလား"  


ယခင်က ပန်းမိသားစုအကြောင်း တစ်စုံတစ်ယောက်မှ အတင်းအဖျင်းပြောလာလျှင် သခင်မကြီးယောင်လည်း အနည်းအကျဉ်းပြန်ပြောမိတတ်သည်။ယခုမူ သူမ မျက်နှာပူလာသလို ခံစားလိုက်ရ၏။သူမတို့ မိသားစု၏ လက်ရှိအခြေအနေမှာ ဆိုးရွားလွန်းသဖြင့် ဆွေမျိုးများတောင် ရှောင်ရှားနေကြသည်။ သို့သော် ကျင့်ထင်အိမ်တော်က ကူညီပေးလိုစိတ်ရှိခဲ့သည်။အသက်ကယ်ပေးသည့် ကျေးဇူးတော်ကြောင့် ယောင်မိသားစုက သူတို့ကို ကျေးဇူးတင်မိသည်မှာ ဆိုဖွယ်ရာမရှိတော့။


အခြား ‌ေယာင်မိသားစုဝင်များလည်း အံ့အားသင့်သွားကြသည်။ သူတို့သည် ပညာတတ်မိသားစုတစ်ခုဖြစ်၍ ပန်းမိသားစု၏ လုပ်ပုံကိုင်ပုံနည်းလမ်းကို အမြဲရှုတ်ချခဲ့သည်။သူတို့သည် ယဉ်ကျေးသိမ်မွေ့သော အပြုအမူအတိုင်း ပန်းမိသားစုနှင့် ပတ်သက်၍ ဆိုးဆိုးရွားရွား တစ်စုံတစ်ရာ မပြောခဲ့ကြသော်လည်း ထိုမိသားစုကို စိတ်ထဲမှ နှိမ့်ချခဲ့မိသည်။


 သို့သော်၊ ဤအချိန်တွင်၊ အခြားမည်သူမျှ မကူညီဝံ့ရဲချိန်မှာ သူတို့ကိုကူညီခဲ့သော မိသားစုမှာ နှိမ့်ချခဲ့သောမိသားစုဖြစ်သည်။


အကြီးဆုံး သခင်လေးယောင်က 


"အမေ၊မနက်ဖြန်၊ ကျေးဇူးတင်စကား ပြောဖို့ ပန်းမိသားစုဆီ သွားမယ်"


သခင်မယောင်က ကမန်းကတန်း ခေါင်းခါပြီး 


" ဒီလောက်အလျင်လိုမနေပါနဲ့၊ဧကရာဇ်က စိတ်ဆိုးနေတုန်းပဲ၊ သူတို့ဆီ သွားလည်လိုက်လို့ ပန်းမိသာစစုကိုပါ အမျက်ထွက်သွားရင် ဘယ်လိုလုပ်မလဲ"


အကြီးဆုံး သခင်လေးယောင်သည် ဤကိစ္စကို ယခင်က မစဉ်းစားခဲ့ပေ။ ယခုမှ သခင်မယောင်၏စကားကိုကြားသော် ခဏလောက် ထိတ်လန့်သွားပြီး 


“ကျွန်တော် နားလည်ပါပြီ” 


 "မင်းအဖေပြန်ကောင်းလာပြီးမှ ဒီအကြောင်းပြောရအောင်၊တခြားသူတွေ ငါတို့ကို ကူညီခဲ့တာ ကောင်းပါတယ်၊ ဒါပေမယ့် ငါတို့က သူတို့ကို ဒုက္ခမပေးနိုင်ဘူး"


မဟာရွှေလမင်း နန်းတော်တွင် ဧကရာဇ် ယွင်ချင်သည် ဆေးကို တိတ်တဆိတ် သောက်နေသည်။ ပန်းဟွာ ထွက်သွားကတည်းက သူ စိတ်ချမ်းသာနေခဲ့သည်။ ထမင်းတစ်ပန်းကန်စားရုံသာမက ဆေးလည်း ကောင်းမွန်စွာသောက်သည်။


" အရှင်မင်းကြီး.." ထိုစဉ် ဧကရာဇ်အစောင့်တပ်မှူးက ခေါင်းငုံ့ကာ နဂါးကုတင်ရှေ့တွင် ရပ်လျက် 


"ပန်းဟွာကျွင်းကျူးက နန်းတော်က ထွက်သွားပြီးကတည်းက မြို့စားမင်း အိမ်ကို မပြန်ခဲ့ပါဘူး၊ သူမက ချမ်အမ်မြို့စားမင်းရဲ့ အိမ်ကို သွားတာပါ"


 "ဟမ်၊ သူမက ရုံရှားကို ဆေးပေးခဲ့တယ်ထင်တယ်" 


ဧကရာဇ် ယွင်ချင် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ရှင်းရှင်းပြောရလျှင် ဤကိစ္စကို သူ ဒေါသမထွက်ခဲ့ချေ။


 "ဟုတ်ပါတယ်၊ ပန်းဟွာကျွင်းကျူးက ချမ်အမ်မြို့စားမင်းနဲ့ နေ့လည်စာစားပြီးနောက် ကျင့်ထင်အိမ်တော်ကို ပြန်သွားခဲ့တယ်"


 "ဒီတော့ ဘာဖြစ်လဲ"  ဧကရာဇ် ယွင်ချင်သည် မှိုင်းညို့နေသော မျက်လုံးတစ်စုံဖြင့် သူ့ရှေ့မှလူကို စိုက်ကြည့်နေသည်။


" ယောင်မိသားစုရဲ့ တတိယမြောက် သခင်မလေးက ကျင့်ထင်အိမ်တော် ကို သွားတာပါ၊ပြီးတော့ ကျင့်ထင်အိမ်တော်က ဆေးသမားနှစ်ယောက်ကို သခင်ယောင်ရဲ့အိမ်တော်ဆီ ပို့လိုက်ပါတယ်"


ဧကရာဇ် ယွင်ချင်သည် ထိုစကားကိုကြားသောအခါ ရုတ်တရက် ရယ်လိုက်သည်။ခဏအကြာတွင် သူက 


"မြို့တော်တစ်ခုလုံးမှာ လူတွေက အခြေအနေတွေကိုကြည့်ပြီး အန္တရာယ်ကို ရှောင်နေကြတာ၊ ပန်းမိသားစုကသာ စိတ်ထားမှန်တဲ့လူတွေပါ၊က အသုံးဝင်တဲ့လူပါ၊ဘာမှမဖြစ်သင့်ပါဘူး၊ သူ နေကောင်းပါစေ၊ ဒီအသေးအဖွဲကိစ္စတွေကို မင်းငါ့ကို သတင်းပို့စရာ မလိုဘူး၊ မင်းသားနှစ်ပါး ဘယ်လိုလဲ"


 "အိမ်ရှေ့စံက နန်းတော်ထဲမှာ စာဖတ်နေပါတယ်၊ ဧကရာဇ်က သူ့ကို သော့ခတ်ပိတ်ထားလို့ မကျေနပ်ဘူး ဖြစ်နေပါတယ်၊ အိမ်ရှေ့စံနဲ့ အိမ်ရှေ့စဲမင်းသမီးတို့ကလည်း ရန်ငြိုးဖွဲ့နေပုံရပါတယ်"


"ဒုတိယမင်းသားကကော....."


 “ဒုတိယမင်းသား…” ဧကရာဇ်အစောင့်တပ်မှူး တစ်ချက် တုံ့ဆိုင်းသွားကာ “ဒုတိယမင်းသားက အိမ်ရှေ့မင်းသားထက် ပိုတက်ကြွနေပါတယ်"


 ဧကရာဇ်၏အမူအရာမှာ ဘာမှမထူးခြားဘဲ " ဒီနေ့ တခြားဘာတွေ ဖြစ်သေးလဲ"


"ဒုတိယကြင်ယာတော်မင်းသမီးက ပန်းဟွာကျွင်းကျူး ကို လိမ်ညာခေါ်ပြီး ဒုတိယမင်းသားနဲ့ ပူးပေါင်းဖို့ ပန်းမိသားစုကို စည်းရုံးနေပါတယ်"


ဧကရာဇ် ယွင်ချင်က လှောင်ပြောင်ရယ်လိုက်သည်။ "ဘာရယ်၊ ငါ အခုထိ အသက်ရှင်နေသေးတယ်၊ သူတို့က ငါ့ကို ဘာလို့ လုပ်ကြံချင်နေတာလဲ"


အစောင့် တပ်မှူး စကားမပြောရဲတော့။


 "ပန်းဟွာကျွင်းကျူးကရော ဘာပြန်ပြောသလဲ"


 " ကမ္ဘာကြီးကို အရှင်မင်းကြီးက ပိုင်တယ်လို့ သူမ ပြောခဲ့ပါတယ်၊ အရှင်မင်းကြီး သဘောကျတဲ့သူကို ထီးနန်းအပ်နိုင်ပါတယ်တဲ့၊ ဒုတိယမင်းသားအနေနဲ့လည်း သူ့အဖေရဲ့ အစီအစဉ်တွေကို နားထောင်ဖို့ပဲလိုတယ်လို့ ပြန်ပြောပါတယ်"



xxxxx