Chapter 109
"သူမက တကယ် အဲ့ဒီလိုပြောတာလား"
"ဟုတ်ကဲ့" ဧကရာဇ်အစောင့်တပ်မှူးက ဧကရာဇ် မယုံကြည်နိုင်မှန်းသိ၍ ဆက်ပြောပြသည်။
"ဒါ့အပြင်၊ ဒုတိယကြင်ယာတော်မင်းသမီးနဲ့ ပန်းဟွာကျွင်းကျူးတို့ဟာ ရန်ငြိုးထားပုံပေါ်တာကို ကျွန်တော့်လက်အောက်ငယ်သားတွေက တွေ့ရှိခဲ့ပါတယ်"
" ရှဲ့မိသားစုရဲ့ ဒုတိယသားက ပန်းဟွာကျွင်းကျူး နဲ့ တစ်ချိန်က စေ့စပ်ခဲ့တာကို အရှင်မင်းကြီးလည်း သိပါတယ်၊ နောက်ပိုင်းမှာ ရှဲ့မိသားစုရဲ့ ဒုတိယသားက တခြား မိန်းကလေးတစ်ယောက်နဲ့ ခိုးပြေးသွားခဲ့တယ်၊ ရှဲ့မိသားစုနဲ့ ပန်းမိသားစုတို့ရဲ့ စေ့စပ်မှုကို ပျက်ပြယ်သွားခဲ့ပြီး မိသားစုနှစ်စုကလည်း ရန်သူတွေ ဖြစ်လာခဲ့ပါတယ်"
အစပိုင်းတွင်၊ ဧကရာဇ်သည် မိသားစုနှစ်စုကြား ရန်ငြိုးထားမှု၌ တစ်ဖက်သတ် သဘောထား ကွဲလွဲခဲ့သည်။ သူသည် ပန်းမိသားစုကို လျှို့ဝှက်စွာ ကာကွယ်ပေးခဲ့သည်။ ဤအဖြစ်အပျက်မှစ၍ မြို့တော်ရှိ ရှဲ့မိသားစု၏ ဂုဏ်သိက္ခာသည် အလွန်ကျဆင်းသွားခဲ့သည်။
ဧကရာဇ် ယွင်ချင် လက်ကိုနောက်ပစ်ရင်း
"ရှဲ့မိသားစုက သတ္တိသိပ်မရှိပေမယ့် သူတို့မှာ စိတ်ကူးစိတ်သန်းအသစ်တွေ အများကြီးရှိတယ်၊ တကယ်လို့သာ ဒုတိယမင်းသားက ငတုံးတစ်ယောက်သာ မဟုတ်ရင်၊ ငါ သူ့ကို ဒီလိုမိသားစုနဲ့ ပေးစားမှာ မဟုတ်ဘူး"
သူသည် ရှဲ့မိသားစုကို နှိမ့်ချခဲ့သော်လည်း တစ်ချိန်တည်းမှာပင် ရှဲ့မိသားစုမှ မိန်းကလေးနှင့် သူ့သားကို လက်ဆက်ပေးခဲ့သည်။မသိလျှင် ဒုတိယမင်းသားက နန်းတော်အပြင်မှ ကောက်ရထားသည့်သားတစ်ယောက်ပမာပင်။
အိမ်ရှေ့စံကို ဧကရာဇ် ပို၍နှစ်သက်သည်ဟု ဆိုကြသော်လည်း အိမ်ရှေ့စံကို အခွင့်အလမ်းသိပ်မပေးပေ။ ယခုလည်း အိမ်ရှေ့စံကို အရှေ့နန်းတော်တွင် ထိန်းသိမ်းထားသောကြောင့် ဘက်ပေါင်းစုံမှ ဝေဖန်တိုက်ခိုက်ခံခဲ့ရသည်။
ဧကရာဇ်သည် စကားများသည့် လက်အောက်ငယ်သားများကို မလိုလားကြောင်း သိသောကြောင့် ဧကရာဇ်အစောင့်တပ်မှူးက ဘာမှ မပြောပေ။ဧကရာဇ်အစောင့်တပ်မှူးဖြစ်သည့် သူ့တွင်လည်း အခြားရာထူးတစ်ခုရှိသေးသည်။၎င်းမှာ သူသည် ဧကရာဇ်၏ လျှို့ဝှက်စုံစမ်းရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ဧကရာဇ် ပွင့်ပွင့်လင်းလင်း မလုပ်နိုင်သည့်အရာအကုန်လုံးက သူ လုပ်ခဲ့ခြင်းပင်။
အပြင်လူများက ဤလျှို့ဝှက်အေးဂျင့်များကို အနက်ရောင်ဝတ်တပ်ဖွဲ့ဟု နာမည်ပေးကြသည်။အကြောင်းမှာ အမှောင်ထဲမှာသာ လှုပ်ရှားတာကြောင့်ပင်။ သူတို့သည် အနက်ရောင်အဝတ်အစားနှင့် မျက်နှာဖုံးအမည်းများ ၀တ်ထားမည်ဖြစ်ကာ မည်သူမှ သိနိုင်မှာမဟုတ်ပေ။
ရှဲ့မိသားစု၏ အကြီးဆုံးသား ရှဲ့ကျုံးကျင်းသည် ပန်းဟွိုက်ကို လုပ်ကြံရန် လူများကိုစေလွှတ်ခဲ့သည်။ ထိုကိစ္စကြောင့် သူ အတော်စိတ်ရှုပ်ခဲ့ရ၏။မှူးမတ်တွေကြားမှာ ဘယ်တုန်းက ဒီလောက် အငြိုးထားလာကြတာလဲ...
ဧကရာဇ်သည် ရှဲ့ကျုံးကျင်းကို သံသယမဝင်စေရန် အဘယ်ကြောင့် ကူညီပေးခဲ့သည်ကို အစောင့်တပ်မှူး ပို၍ပင် နားမလည်ခဲ့ပေ။ဧကရာဇ် တစ်ပါးအနေဖြင့် နာခံမှုမရှိသောအရာရှိများကို ကိုင်တွယ်ဖြေရှင်းရန် သူ့မှာလည်း နည်းလမ်းများစွာရှိနိုင်သည်။ဒီနည်းလမ်းကိုမှ သူ ဘာကြောင့်ရွေးချယ်ခဲ့တာလဲ။ဤနည်းဖြင့် သူသည် ပန်းမိသားစုနှင့် ရှစ်မိသားစုကို အကျိုးယုတ်စေရုံသာမက တရားခံအစစ်အမှန်ကိုလည်း အပြစ်မဲ့စွာ လွှတ်ပေးခဲ့သည်။
ဧကရာဇ်က ပန်းမိသားစုကို စွဲလန်းနေတာ မဟုတ်ဘူးလား.... ရှစ်မိသားစုကို အောက်သို့ဆွဲချရန်ပန်းမိသားစုကို အသုံးပြုခြင်းပင် ဖြစ်သည်။
"မျိုးဆက်သစ်လူငယ်တွေ အများကြီးရှိပေမယ့် ပန်းဟွာကျွင်းကျူးပဲ ငါ့ဘက်က ရှိနေမှာပါ"
ပြောရင်းဆိုရင်း ဧကရာဇ် ယွင်ချင် ရုတ်တရက် သက်ပြင်းချလိုက်သည်။ သူ့မျက်နှာထက်မှာလည်း ပင်ပန်းနွမ်းနယ်မှုများ ပြည့်နေ၏။
"သူမက ငါ့သား အဖြစ်မမွေးလာတာ နှမြောစရာဘဲ၊ မဟုတ်ရင် ငါ့မှာ နောက်ထပ် အားကိုးစရာ စစ်သူကြီးတစ်ယောက်ရှိလာမှာ၊ကဲပါ....အခုတော့ အသုံးမကျတဲ့ ငါ့သားငယ်ကို သင်ခန်းစာ သင်ပေးရမယ့်အချိန်ရောက်ပြီ"
စစ်သူကြီးက စကားတစ်ခွန်းမျှ ပြန်မပြောသဖြင့် သူကလည်း ဆက်မပြောဖြစ်တော့ချေ။
တစ်ရက်အကြာတွင် ဧကရာဇ် ယွင်ချင် သည် အမိန့်စာနှစ်စောင်ကို ရေးခဲ့ပြီး ထုံးတမ်းစဉ်လာဝန်ကြီးဌာနမှ တာဝန်ရှိသူများအား တရားရုံးတွင် ဖတ်ကြားစေခဲ့သည်။ဒုတိယမင်းသားကို နင်းဝမ်ဘွဲ့၊ ရုံရှားကိုလည်း ချမ်အမ်မြို့စားမင်း ဘွဲ့ပေးခဲ့သည်။
ဒုတိယမင်းသား နန်းတက်ပြီးနောက်တွင် ယခုလို နင်းဝမ်ဘွဲ့ပေးမည်ဟု လူတိုင်း မျှော်လင့်ခဲ့ကြသည်။ ယခုမှ ဖြစ်လာခြင်းပင်။ ချမ်အမ်မြို့စားမင်းနဲ့ ပက်သက်ပြီး ပြောရရင်… သူဘယ်လို အရိုက်ခံရပြီး ချမ်အမ်မြို့စားမင်း ဖြစ်လာတာလဲ...လောကကြီးမှာ ဒီလိုကောင်းတဲ့အရာတွေ ဖြစ်လာမယ်ဆိုရင်လည်း ဘယ်သူမဆို အရိုက်ခံချင်မှာပဲ။
သို့သော် ရာထူးတစ်ခုသည် လိုချင်ရုံမျှဖြင့် ရရှိနိုင်သောအရာမဟုတ်ပေ။ယခုဆို ဧကရာဇ် ဘာလုပ်နေမှန်း ဘယ်သူမှ နားမလည်တော့။ လွန်ခဲ့သည့် ဆယ်ရက်က ရုံရှားသည် အိပ်ယာမှ မထနိုင်သည်အထိ အရိုက်ခံခဲ့ရသည်။ ယခုမူ သူသည် ရာထူးကြီးကြီးရသွားပေပြီ။ဒါဆို ဧကရာဇ်က နောင်တရပြီး ရုံရှား ကို လျော်ကြေးပေးလိုက်တာလား...
ထိုအတွေးကလည်း မမှန်နိုင်ပေ။ ယောင်ဖေးကျီ နှင့် ရုံရှားတို့ နှစ်ယောက်လုံး အရိုက်ခံရသော်လည်း ရုံရှား တစ်ယောက်တည်းသာ ရာထူးခန့်အပ်၍ လျော်ကြေးပေးခံရခြင်းဖြစ်သည်။ရုံရှားသည် ရုပ်ရည်ချောမောသောကြောင့် ဧကရာဇ်က ဘက်လိုက်ခြင်းပင်ဖြစ်မည်။
"မင်းတို့အားလုံး ဘာမှ တွေးမနေကြနဲ့..." ချန်ချင်ဝမ် သည် ယပ်တောင်ကို ဖျပ်ကနဲပိတ်လိုက်ရင်း "ငါ တစ်ခုခု ကြားထားတယ်"
"အဲဒါဘာများပါလဲ"
အရာရှိများ အားလုံးက စိတ်ဝင်တစား လှည့်ကြည့်ကြသည်။စကားပြောသူသည် ချန်ချင်ဝမ် ဖြစ်သည်ကို မြင်သောအခါ ပို၍ပင် စူးစမ်းလိုစိတ်ဖြစ်လာသည်။
မည်သို့ဆိုစေ၊ ချန်ချင်ဝမ်သည် ဧကရာဇ်မိသားစု၏ ဆွေမျိုးဖြစ်သည်။သူသည် အခြားသူများမသိသော ဧကရာဇ်၏ လျှို့ဝှက်ချက်အချို့ကို သေချာပေါက်သိသည်။
တာဝန်ရှိသူများ၏မျက်နှာပေါ်ရှိ စူးစမ်းလိုစိတ်ရှိသောအမူအရာများကိုမြင်လိုက်ရသောအခါ၊ ချန်ချင်ဝမ် သည် ယပ်တောင်ကိုကျော့မော့စွာ ကာထားလိုက်ပြီး
"ကောလဟာလတွေအရ၊ ဧကရာဇ်က မနေ့တုန်းက ပန်းဟွာကျွင်းကျူးကို ခေါ်ခဲ့တယ်"
ပန်းဟွာကျွင်းကျူး ကိုခေါ်တာက၊ ချမ်အမ်မြို့စားမင်း ... ချမ်အမ်မြို့စားမင်း နဲ့ ဘာဆိုင်လဲ
ပထမတော့ ဘယ်သူမှ ပြန်မဖြေကြ။သို့သော်လည်း၊ ချန်ချင်ဝမ်၏ မျက်နှာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးကို တွေ့လိုက်သောအခါ၊ ချမ်အမ်မြို့စားမင်းသည် ပန်းဟွာကျွင်းကျူး ၏ စေ့စပ်ထားသူဖြစ်သည်ကို ရုတ်တရက် သတိရသွားကြသည်။ သေသေချာချာ တွေးကြည့်လျှင် သူသည် ပန်းမိသားစုဝင်တစ်ဝက်ဟု ယူဆနိုင်၏။
မြို့တော်တစ်ခုလုံးတွင် ပန်းဟွာကျွင်းကျူးသည် ဧကရာဇ် အနှစ်သက်ဆုံးသော မျိုးဆက်သစ် တစ်ဦးဖြစ်ကြောင်း သေချာပေါက် မသိသူမရှိကြ။ဧကရာဇ်၏ သွေးသား မင်းသမီးလေးများတောင် သူမလောက် အချစ်မခံရပေ။သူမသည် ဧကရာဇ်၏ အချစ်ဆုံးသမီးတော် မင်းသမီးအန်လဲ့ နှင့် တူညီသောဘွဲ့ကိုပင် ရရှိခဲ့သည်။ ဧကရာဇ်မိသားစု၏ သာမာန်ဆွေမျိုးတစ်ဦးသာ ရရှိထိုက်သော ရာထူးမျိုးက ဤသို့မဟုတ်ပေ။
ပန်းမိသားစု၏ လက်ရှိအခြေနေမှာ ပြိုင်ဘက်ကင်းနေပြီဖြစ်သည်။ဧကရာဇ်သည် ပန်းမိသားစု၏ ကျွင်းကျူးကို အလွန်နှစ်သက်သည်။သူမအတွက်ဆို ဘာမဆို လုပ်ပေးမည်ပင်။ရုံရှားသည်လည်း ပန်းဟွာကျွင်းကျူး ၏ စေ့စပ်ထားသူဖြစ်သည်။ထို့ကြောင့် ရုံရှား ကို ရာထူးချီးမြှင့်ခြင်းဖြစ်သည်။မည်သို့ပင်ဆိုစေကာမူ ခင်ပွန်းသည်၏ ရာထူးကြီးမြင့်မှ ဇနီးသည်လည်း ဂုဏ်တက်မည်ဖြစ်၏။ ရုံရှား ရာထူးက ပိုမြင့်လေလေ၊ ပန်းဟွာ အတွက် ပိုကောင်းလေလေပင်။ရုံရှား အရိုက်ခံရပြီး ရာထူးကျဆင်းသွားပါက၊ပန်းဟွာလည်း မျက်နှာမဖော်နိုင်မှာသေချာသည်။
ဤသဘောတရားကို အရာရှိများ နားလည်သွားသည်အခါ ရုံရှားကို ငြူစူပြီး မနာလိုဖြစ်ကြသည်။ယောက်ျားတစ်ယောက်သည် ရာထူး ကြီးမြတ်သော မိန်းမတစ်ယောက်နှင့် လက်ထပ်ပါက၊ သူသည်လည်း ဂုဏ်တက်ရမည်ဖြစ်၏။
ရုံရှား ရရှိသော အကျိုးကျေးဇူးများကို တွေ့မြင်ရပြီး ပန်းမိသားစုနှင့် လက်ထပ်လုနီးပါးဖြစ်ခဲ့သော ရှဲ့မိသားစုအကြောင်းကို တွေးတောကြည့်ရာ သူတို့အားလုံး စိတ်ထဲမှလှောင်ပြောင်မိကြသည်။ယခု ရှဲ့မိသားစုမှ ထွက်လာနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ ဒုတိယမင်းသား၏ ကြင်ယာတော်ဖြစ်သည်။ကျန်သူများမှာ အသက်ကြီးသူ၊ မသန်စွမ်းသူများသာ ဖြစ်သည်။ဒုတိယမင်းသားသာ နန်းတက်ပြီး နန်းတွင်းကို ချုပ်ကိုင်ထားခြင်းမရှိပါက ရှဲ့မိသားစုလည်း တစ်သက်လုံး ဤကဲ့သို့ပင် ဖြစ်နိုင်သည်။
မူလက ရှဲ့မိသားစု၏သားနှစ်ယောက်လုံး အရည်အချင်းသိပ်မဆိုးကြဟု သူတို့ထင်ခဲ့သည်။ သို့သော် သားအကြီးဆုံးသည် မြို့တော်ကို ပြန်ရောက်သည်နှင့် တရားဝင်ရာထူးက ဖယ်ရှားခံခဲ့ရ၏။ဒုတိယသားကမူ ပို၍ပင် အသုံးမကျသေးသည်။ သူသည် ပြည့်တန်ဆာကို ခိုးပြေးပြီး ပန်းမိသားစုအား စော်ကားကာ ဧကရာဇ်ကိုပင် အမျက်ထွက်စေသည်။ထိုအချိန်မှ စ၍ သူ၏ ဂုဏ်သိက္ခာလည်း ကျဆင်းလာပြီး သူ့ကို လက်ထပ်လိုသူ မိန်းကလေးမရှိတော့။
ဒုတိယမင်းသား နန်းတက်ပြီး နန်းတွင်းကို ခိုင်မြဲစွာ ချုပ်ကိုင်နိုင်ခြင်း ရှိ၊ မရှိ ဆိုသည့်ကိစ္စနှင့် ပတ်သက်၍မူ ခက်ယဥ်းပေလိမ့်မည်။
ချမ်အမ်မြို့စားမင်း အိမ်တော်တွင်၊
ရုံရှားသည် သူ့ကို ဆေးထည့်ပေးနေသော သမားတော်မှာ လူပြောင်းသွားကြောင်း တွေ့ရှိခဲ့သည်။ ဤသမားတော်ကို သူ တစ်ခါမှ မတွေ့ဖူး။ပန်းမိသားစု၏ အစောင့်များက သမားတော်အား ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်လာခြင်းကြောင့် မဟုတ်ပါက၊ ဤလူသည် ပန်းမိသားစု ခန့်အပ်ထားသော သမားတော်ဖြစ်ကြောင်း သူ ယုံမည်မထင်ပေ။
"အရင်သမားတော်နှစ်ဦးက ဒဏ်ရာတွေကို ကုသဖို့ သခင်ယောင်ရဲ့အိမ်တော်ဆီကို သွားခဲ့တယ်၊ မြို့စားမင်းရဲ့ ဒဏ်ရာတွေ ပြန်ကောင်းလာလို့ ဆေးထည့်ဖို့ ကျွန်တော့်ကို စိတ်ချလက်ချ လွှတ်လိုက်တာပါ"
ဆေးထည့်နေရင်း သမားတော်က ပြောသည်။
"မြို့စားမင်းရဲ့ဒဏ်ရာတွေ သက်သာလုနီးပါး ဖြစ်နေပြီ၊ မြို့စားမင်းရဲ့ ချီနဲ့ သွေးကို ဖြည့်ဖို့ ကျွန်တော် ပေးတဲ့ ဆေးစာအတိုင်း စားပေးလို့ရပါတယ်"
" ကျေးဇူးတင်ပါတယ်" ရုံရှား သူ့ကို ကျေးဇူးတင်စကားဆိုလိုက်သည်။
"ကျွန်တော် မခံယူဝံ့ပါဘူး"
သမားတော်က အမြန်ပြန်ဦးညွတ်ကာ ဆေးသေတ္တာထဲသို့ ဆေးများ ပြန်ထည့်ရန် တစ်ဖက်သို့လှည့်လိုက်သည်။သူ နှုတ်မဆက်မီတွင် မှူးမတ်တစ်ဦးသည် အမိန့်ပြန်တမ်း ကြေညာရန် နန်းတော်မှ ကြွချီလာသည်ဟု ရုံမိသားစုမှ ကျွန်တစ်ဦး ပြောသံကြားရသည်။
ရုံရှားသည် အပေါ်အင်္ကျီကို ၀တ်လိုက်ပြီး အစေခံတစ်ဦးမှ သူ့ကို ပင်မခန်းမထဲသို့ သွားရန်ကူညီပေးခဲ့သည်။ အမိန့်ပြန်တမ်းကြေညာသူမှာ သာသနာရေးဝန်ကြီးဌာနမှ ဝန်ကြီးဖြစ်သည်။သူက ရုံရှား ထွက်လာသည်ကိုမြင်လျှင် ဦးစွာနှုတ်ဆက်ပြီး "သခင်ရုံကို အရင်ဂုဏ်ပြုပါရစေ"
"မဟုတ်သေးပါဘူး......ဝန်ကြီးက ဘာကြောင့်လာတာပါလဲ"
ရုံရှားသည် ထိုသူ့လက်ထဲမှ အမိန့်စာကို မြင်သောအခါ ဒူးထောက်လုတော့မည်ဖြစ်သော်လည်း တာဝန်ရှိသူက တားလိုက်သည်။
"ဧကရာဇ်က မြို့စားမင်းရဲ့ဒဏ်ရာတွေကြောင့် မြို့စားမင်းကို မတ်တပ်ရပ်ပြီး အမိန့်ကို နားထောင်ခွင့်ပေးမှာပါ"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ရုံရှားက ဒူးထောက်မည့် အနေအထားကို ဟန်ပြင်လိုက်ပြန်သည်။ထိုအခါ အရာရှိက သူ့ကိုတွဲထားပြီး
“ဒါက ဧကရာဇ်ရဲ့ နှုတ်အမိန့်တော်ပါပဲ၊မြို့စားမင်း ဒူးထောက်ရင် ဧကရာဇ်ရဲ့ စေတနာကို ဖြုန်းတီးပစ်တာပဲ မဟုတ်ဘူးလား"
ရုံရှားသည် နန်းတော်ဆီသို့ လက်ဆီးဆုပ်၍ အရိုအသေပြုကာ "အာ....ဧကရာဇ်ရဲ့ စာနာမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်"
သာသနာရေးဝန်ကြီးက ပြုံးပြပြီး အမိန့်ပြန်တမ်းကို လက်ထဲတွင် လှန်ကာ စည်းချက်ညီညီ ရွတ်ဖတ်သည်။အမိန့်ပြန်တမ်း၏ ပထမတစ်ဝက်တွင် ရုံရှာ ၏ အကျင့် သီလနှင့် စွမ်းရည်ကို စကားလုံးများဖြင့် ချီးကျူးခဲ့သည်။အဆုံးတွင်၊ ဧကရာဇ်သည် ရုံရှားကို ကောကုန်းအဖြစ်သို့ ရာထူးတိုးမည် ဖြစ်ကြောင်း ပါရှိ၏။
ရုံရှားသည် ထိုကဲ့သို့ အမိန့်ပေးစာကို လက်ခံရရှိမည်ဟု အမှန်တကယ် မမျှော်လင့်ခဲ့ပေ။သူ ခဏတာ လန့်သွားပြီး အရာရှိကို ဦးညွှတ်ပြီး ကျေးဇူးတင်စကားဆိုလိုက်၏။
"ဂုဏ်ယူပါတယ် မြို့စားမင်း" အရာရှိက ရုံရှားကို ဦးညွှတ်ပြီး အလွန်နွေးထွေးသည့်အပြုံးနှင့် နှုတ်ဆက်သည်။
"အခုလို လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ရုံရှားကလည်း ဦးပြန်ညွတ်လိုက်သည်။တုကျိုးက အရာရှိနှင့် ပါလာသည့် အမှုထမ်းများကို လက်ဖက်ရည်ဖိုးအဖြစ် ငွေဒင်္ဂါးအိတ်တစ်လုံးပေးလိုက်သည်။ ယေဘူယျအားဖြင့်၊ ဤကဲ့သို့ ငွေမျိုးကို မည်သူမျှ ငြင်းဆန်မည်မဟုတ်ပါ၊ ၎င်းကို ဝမ်းသာစရာကိစ္စကြောင့် ချီးမြှောက်ခြင်းဟု ယူဆနိုင်သည်။
အမိန့်ပြန်တမ်းကြေညာသော အရာရှိသည် ဝမ်းသာအားရ ထွက်သွားကာ ရုံ အိမ်တော်၏ အစေခံများကလည်း ဂိတ်ပေါက်ဝအထိ လိုက်ပို့ခဲ့သည်။ သူက မြင်းစီးထွက်သွားရင်း သူနှင့်အတူ လိုက်ပါလာသည့် အဆင့်မြင့် မိန်းမစိုးကို ပြောလိုက်၏။
"မြို့စားမင်းရဲ့ စေတနာကတော့ ဒဏ်ရာရထားရက်နဲ့တောင် ရက်ရောတုန်းပဲ"
"ဟုတ်တယ်နော်"
မိန်းမစိုးသည် အသက်နှစ်ဆယ်ကျော်လောက်ရှိပုံရပြီး ရုပ်ရည်ချောမောသည်။သူ့ကို နန်းတော်တွင် မည်သူမျှ နှုတ်လှန်မထိုးဝံ့ကြပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဆရာမှာ ဧကရာဇ်၏ လူယုံ ဝမ်ကုန်းကုန်း ဖြစ်နေတာကြောင့်ပင်။သူ့ကို ဝမ်ရှီကျစ်ဟုခေါ်ကြပြီး ဤနာမည်ကိုလည်း ဧကရီ ကိုယ်တိုင်ပေးထားခြင်းပင်။
"မြို့စားမင်း ရဲ့စရိုက်က လေးစားစရာကောင်းတယ်လို့ ကျွန်တော်လည်း ခံစားရတယ်"
သူတို့နှစ်ဦးသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးပရင်း ရုံရှား ကို ချီးကျူးနေကြတော့သည်။
"အိုက်ယား...."
ထိုစဉ် ဝမ်ရှီကျစ်သည် ရုတ်တရက် အော်လိုက်ပြီး သူ့မြင်းကို ပုတ်ကာ ဘေးသို့ ဆုတ်သွားသည်။ သူ့နောက်ကွယ်က မိန်းမစိုးများလည်း ထိတ်လန့်သွားကာ မြင်းများအား ကိုယ်ရှိန်သပ်လိုက်ကြ၏။
အမိန့်ပြန်တမ်းကြေညာသူ အရာရှိသည် အံ့သြစွာကြည့်လိုက်ရာ၊ ဝမ်ကုန်းကုန်း အဘယ်ကြောင့် အလျင်အမြန်ပြန်ဆုတ်သွားသည်ကို သူသိသွားခဲ့သည်။ အကြောင်းမှာ ပန်းဟွာကျွင်းကျူး သည် သူ့ရှေ့တွင် မြင်းစီးသွားနေခြင်းဖြစ်သည်။
အမိန့်ပြန်တမ်း ကြေညာသူမှာ ဝန်ကြီးဌာန၏ ပဉ္စမအဆင့် အရာရှိတစ်ဦးသာဖြစ်ပြီး ပန်းဟွာကျွင်းကျူး ကို တွေ့ခွင့်သိပ်မရှိပေ။ သို့သော် ပန်းဟွာကျွင်းကျူး စီးနေသည့် မြင်းဖြူကို မြင်သောအခါ၊ သူမ၏ အဆင့်အတန်းမှာ မနိမ့်ကျကြောင်း သူသိလိုက်သည်။ အကြောင်းမှာ ဤမြင်းအမျိုးအစားသည် ဂုဏ်ပြု လက်ဆောင်ရထားသည့် မြင်းဖြစ်ပြီး ရာထူးကြီးမြင့်၍ မျက်နှာသာမပေးသော မှူးမတ်များသည် ၎င်းကို တောင်းယူလျှင်ပင် မရနိုင်ပေ။ တောင်းယူထားလျှင်တောင် လမ်းမပေါ်မှာ မစီးရဲကြ။
" ပန်းဟွာကျွင်းကျူးကို နှုတ်ဆက်ပါတယ်"
ဝမ်ကုန်းကုန်းသည် မြင်းပေါ်မှ ခုန်ဆင်းပြီး ပန်းဟွာ ကြားနိုင်သည်ဖြစ်စေ မကြားနိုင်သည်ဖြစ်စေ ယဉ်ကျေးစွာ ဦးညွှတ်လိုက်သည်။
"ရပ်လိုက်ပါ..."
xxxxx