အပိုင်း၁၁၀
Viewers 4k

Chapter 110


ပန်းဟွာ၏မြင်းသည် ရပ်သွားကာ နက်ပြာရောင် ၀တ်စုံဝတ်ထားသော မိန်းမစိုးကို သူမ ကြည့်လိုက်သည်။  


 "မင်းက ဧကရီရဲ့ အမှုတော်ဆောင် ဝမ်ရှီကျစ်ကုန်းကုန်းမလား" 


 "ကျွင်းကျူး ကျွန်တော့်ကို မှတ်မိနေသေးတယ်၊ဟုတ်လား...ကျွန်တော် တကယ်ကံကောင်းတာပဲ"  


ဝမ်ရှီကျစ်၏ မျက်နှာသည် အံ့သြမှုအပြည့်နှင့် ပန်းဟွာကိုကြည့်ရင်း သူ့မျက်လုံးများကလည်း တောက်ပနေသည်။ 


"ကျွန်တော် ကုန်းကုန်းဆိုတဲ့ စကားလုံးကို မသုံးဝံ့ပါဘူး၊ကျွင်းကျူးက ကျွန်တော့်ကို ရှောင်ရှီကျစ်လို့ပဲ ခေါ်လို့ရပါတယ်"  


ပန်းဟွာကျွင်းကျူးက သူ့နာမည်ကို မှတ်မိနေခြင်းကပင် သူ့အတွက် ဂုဏ်ယူစရာဖြစ်နေပေပြီ။


 နန်းတော်ရှိလူတိုင်းသည် သတိရှိကြသည်။ ဘယ်ကိုယ်လုပ်တော်က မျက်နှာသာအပေးမခံရကြောင်း၊  ဧကရာဇ် မကြိုက်သောအချက်များ၊ ဧကရာဇ် မိသားစု၏ ဆွေမျိုးက ဧကရာဇ်နှင့် ဧကရီ၏ ရှေ့မှောက်တွင် မျက်နှာသအရဆုံး ဖြစ်သည်ကို သူတို့ နားလည်ကြ၏။ဗဟုသုတနည်းနည်း ပါးပါးရှိသည့် မိန်းမစိုး သို့မဟုတ် နန်းတွင်းရှိ အစေအပါးမှန်သမျှ ဤအချက်အလက်အားလုံးကို ရှင်းရှင်းလင်းလင်း သိကြသည်။


 ဥပမာအားဖြင့်၊ ဤပန်းဟွာကျွင်းကျူး သည် ဧကရာဇ် အချစ်ဆုံး တူမတော် ဖြစ်သည်။ ကိုယ်လုပ်တော်တစ်ဦး မွေးသော မင်းသမီးတစ်ပါးထက် ပန်းဟွာကျွင်းကျူးက ပို၍ အရေးကြီးသည်။  လွန်ခဲ့သည့် နှစ်နှစ်ခန့်က ပန်းဟွာကျွင်းကျူး၏ အိမ်ထောင်ရေးကို မျက်စိမှိတ်ဝေဖန်သည့် နန်းတော် အစေခံတစ်ဦး ရှိခဲ့သည်။ပန်းဟွာကျွင်းကျူးက သိသွားသော် ထိုအစေခံကို ဘာမှ မပြောခဲ့ပေ။  သို့သော် ထိုအချိန်မှစ၍ အစေခံသည် ကြမ်းတမ်းသောအလုပ်များကိုသာ လုပ်ရသော အစေခံဖြစ်လာခဲ့သည်။ထိုအစေခံအား လွန်ခဲ့သည့် ရက်အနည်းငယ်က သူတွေ့ခဲ့သည်။ သူမသည် အသက်ကြီးလာပုံရ၍ ရုပ်လည်းဆိုးလာသည်။လွန်ခဲ့သော နှစ်နှစ်ခန့်က သူမသည် သိမ်သိမ်မွေ့မွေ့နှင့် နူးညံ့သူဖြစ်ခဲ့သည်။


ပန်းဟွာကျွင်းကျူးသည် ထို အစေခံကို တမင်တကာ အပြစ်ပေးခြင်းမဟုတ်။သို့သော် ပန်းဟွာကျွင်းကျူးသည် စိတ်မချမ်းမသာဖြစ်နေ၍ ဧကရီကိုယ်တိုင် ထိုကိစ္စအား ဧကရာဇ်ထံ တိုင်တန်းခဲ့သည်ကို သိကြသည်။နန်းတွင်းက အစေခံတစ်ယောက်အနေဖြင့် ပါးစပ်မထိန်းနိုင်၍ ယခုလို ဖြစ်သွားသည်မှာ မထူးဆန်းပေ။


 အဝတ်အစားနှင့် လက်ဝတ်ရတနာများအကြောင်း ပြောလိုက်၊အတင်းအဖျင်းပြောလိုက် လုပ်နေခြင်းသည် အဆင့်အတန်း မြင့်မြတ်သော အမျိုးသမီးများ၏ဘဝဖြစ်သည်။ နန်းတွင်းအစေခံတစ်ယောက်ကသာ ထိုအတိုင်း သွားနေလျှင် စိတ်ကြီးဝင်နေခြင်းသာ။ 


သူ၏ဆရာ ဝမ်ကုန်းကုန်းသည်ပင် မြင့်မြတ်သော သခင်မလေး၊ သခင်လေးအချို့ကို စော်ကား၍မရကြောင်း အထူးမှာခဲ့ဖူးသည်။ယခုလည်း ပန်းဟွာကျွင်းကျူးသည် သေချာပေါက် သူ မစော်ကားနိုင်သော သူတစ်ယောက်ဖြစ်သည်။ မကြာသေးမီက သူ၏ဆရာက ပန်းဟွာကျွင်းကျူးကိုတွေ့သောအခါ၊ ပို၍ သတိထားသင့်သည်ဟု ပြောခဲ့ဖူးသည်။


 အကြောင်းပြချက်ကို သူနားမလည်သော်လည်း သူ့ဆရာ၏စကားများသည် သူ့အား  ထိခိုက်မည်မဟုတ်ပေ။ သူ့ဆရာ၏ ညွှန်ကြားချက်ကို လိုက်နာဖို့ပဲလိုသည်။


 " နောက်ထပ်နှစ်အနည်းငယ်ကြာရင် မင်းက ဒါရှီကျစ်တောင် ဖြစ်တော့မှာလေ...အခု မင်းတို့ ဘယ်ကပြမါလာတာလဲ"


ဝမ်ရှီကျစ်က ပန်းဟွာကို လေးလေးနက်နက် ဦးညွှတ်ပြီး ပြောလိုက်၏။


 "ကျွန်တော်က မကြာသေးမီက မဟာရွှေလမင်းနန်းတော်မှာ အမှုထမ်းခဲ့ပြီး ကောကုန်းချမ်အမ်ရဲ့ အမိန့်ပြန်တမ်းကို ကြေညာဖို့အတွက် သာသနာရေးဝန်ကြီးနဲ့အတူ ဂုဏ်ပြုစကားဆိုခဲ့တာပါ၊ ဂုဏ်ယူပါတယ် ကျွင်းကျူး"


ပန်းဟွာသည် အစတွင် အံ့အားသင့်သွားပြီး၊ခဏကြာမှ ဘာကိုဆိုလိုသည်ကို သဘောပေါက်လိုက်သည်။ 


"ကောကုန်းချမ်အမ်...ဟုတ်လား...ဘာလဲ သူ ရာထူးတိုးခံရတာလား...."


 "ကျွင်းကျူး၊ ဟုတ်ပါတယ်"


ပန်းဟွာက ငွေဒင်္ဂါးအိတ်ကိုထုတ်ပြီး ဝမ်ရှီကျစ်ထံ ပေးလိုက်၏။ 


"ဒါက ရှင်တို့ လက်ဖက်ရည်သောက်ဖို့ပါ"


 "ဆုချတဲ့အတွက် ကျေးဇူးတင်ပါတယ် ကျွင်းကျူး"  


ဝမ်ရှီကျစ်သည် အိတ်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ မော့ကြည့်လိုက်သည်။ ပန်းဟွာကျွင်းကျူးသည် သူမ၏မြင်းဖြင့် အဝေးသို့ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ သူမ၏ အနောက်မှာ ကိုယ်ရံတော်များက သပ်သပ်ရပ်ရပ် မြင်းစီး၍ လိုက်သွား၏။အလွန်သတ္တိရှိသော မိန်းကလေးပင်။မျိုးရိုးမြင့်မြတ်သောမိသားစု၏ သမီးဖြစ်သော သူမသည် အပေးအကမ်းလည်း ရက်ရောလှသည်။


 နန်းတော်သို့ပြန်ရောက်ပြီးနောက် ဝမ်ရှီကျစ်သည် ဝမ်ကုန်းကုန်းကိုတွေ့ပြီး ယနေ့မြင်ရကြားသိရသည့်အရာများကို ပြောပြသည်။ သူက ပြောပြီးသည်နှင့် ကောကုန်းချမ်အမ် နှင့် ပန်းဟွာကျွင်းကျူး တို့ ဆုပေးထားသည့် အိတ်ကို ထုတ်ကာ ဝမ်ဒီအား ပေးလိုက်သည်။


ဝမ်ကုန်းကုန်းက သူ့လက်ဆောင်ကို လက်မခံဘဲ ပြုံးရုံသာပြုံးပြီး


 "သူတို့က မင်းကို ပေးခဲ့တဲ့အတွက် မင်းပဲ သေချာဂရုစိုက်သင့်တယ်၊ ပန်းဟွာကျွင်းကျူး ဆီက အသိအမှတ်ပြုခံရတာ မင်း ကံကောင်းတာပဲ"


"သူမက တော်ဝင်မျိုးနွယ်လည်းဖြစ်သလို၊ကောကုန်းချမ်အမ်ရဲ့ ဇနီးလောင်းပါ၊သူမကို မလေးမစားမလုပ်ဝံ့ပါဘူး" 


ပန်းဟွာသည် ကောကုန်းချမ်အမ်၏ နေအိမ်သို့ လျှောက်သွားသည်။  အိမ်ရှိကျေးကျွန်များသည် ပျော်ရွှင်နေပုံရသော်လည်း သူမကို ရိုသေစွာဆက်ဆံနေကြသည်။ သူမ စိတ်ထဲမှာ ခေါင်းညိတ်လိုက်မိ၏။သူတို့သည် ပညာတတ်မိသားစု၏ ကျေးကျွန်များဖြစ်ခဲ့သည်မှာ အံ့သြစရာမဟုတ်။သူတို့၏အရည်အချင်းက တခြားသူများနှင့် မတူပေ။


"ကျွင်းကျူး" အိမ်တော်ထိန်းက နှုတ်ဆက်ပြီးနောက် ပန်းဟွာသည် ဆီစိမ်စက္ကူအိတ်အား ကိုင်ထားသည်ကို တွေ့လိုက်ရသည်။အိတ်ထဲမှာ သကြားရည်စိမ်သစ်သီးများ ပါနေပုံပင်။


ပန်းဟွာက အိမ်‌ေတာ်ထိန်းကို ခေါင်းညိတ်ပြပြီး ရုံရှား၏ ခြံဝင်းဆီ လျှောက်သွားသည်။ ရုံရှားသည် ယခုအခါ စာရေးတတ်ဖတ်နိုင်နေသော်လည်း သူ့ဒဏ်ရာကို ထိခိုက်စေမှာကြောက်သောကြောင့် အလွန်မလှုပ်ရှားနိုင်သေးပေ။ ပန်းဟွာ ဝင်လာသောအခါတွင် သူသည် ထိုင်ခုံပေါ်မှာထိုင်ကာ စာအုပ်ဖတ်နေသည်။ဘာကိုမှ မှီမထားတာကြောင့် သူမ သူ့ကိုကြည့်ကာ စိုးရိမ်သွားမိ၏။ 


 "ဒီနေ့ ကြည်နူးစရာ ကိစ္စတစ်ခု ရှိ‌တာကို ဘာလို့ စာဖတ်နေမှာလဲ..."

  

ပန်းဟွာ အခန်းထဲသို့ ဝင်လာပြီး ပိတ်ထားသော ပြတင်းပေါက်ကို ဖွင့်လိုက်သည်။  


"ဒီလမ်းမှာ ဝမ်ရှီကျစ်ကိုတွေ့ခဲ့တယ်၊ ရှင် ရာထူးတိုးတာကို ကျွန်မသိလိုက်ရတာ၊လက်ဆောင်လည်း မပါလာဘူးလေ၊ ဒါနဲ့ လမ်းဘေးမှာ သကြားရည်စိမ်သစ်သီးတွေကို တွေ့ခဲ့လို့ ရှင့်အတွက် ဝယ်လာပေးတာ" 


ရုံရှား စာအုပ်ကို ချလိုက်ပြီး ပန်းဟွာကို ပြုံးပြုံးလေး ကြည့်လိုက်သည်။


ပန်းဟွာသည် စက္ကူအိတ်ကို စားပွဲပေါ်တင်ကာ ရုံရှား နောက်သို့ လျှောက်သွားသည်။ ထို့နောက် သူ့အင်္ကျီကော်လာကို ဖွင့်ပြီး အတွင်းထဲကို ကြည့်လိုက်၏။


 "အသက်ငယ်တာ ကောင်းတာပဲ၊သခင်ယောင် ခမျာတော့ တော်တော်ဒုက္ခခံပြီး အသက်ဆုံးရှုံးလုနီးပါးဖြစ်နေတယ်လို့ ကြားတယ်"


ရုံရှားသည် ပန်းဟွာကို ကြည့်လိုက်ရင်း  "ဟွာဟွာက သခင်ယောင်ကို ဘာလို့ ကူညီတာလဲ"


 "ကျွန်မတို့မိသားစုက လိုက်ပြီး ကုညီနေတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် မိန်းကလေးယောင်က အရမ်းငိုပြီး စိတ်မကောင်းဖြစ်နေရှာတယ်၊နောက်ပြီး ရှင်နဲ့ သခင်ယောင် အတူတူ အပြစ်ပေးခံရတာ၊ရှင်က နေကောင်းပြီး သခင်ယောင်က နေမကောင်းရင် သူများတွေက မကောင်းပြောကြမယ်"


ရုံရှား အံ့ဩသွားသည်။ပန်းမိသားစု ပြဿနာတက်ရသည့် အကြောင်းရင်းတစ်ဝက်လောက်က သူ ဖြစ်နေမည်ဟု မထင်ထားချေ။


 "ထားလိုက်ပါ၊ ကျွန်မတို့နဲ့ မဆိုင်တဲ့လူတွေအကြောင်း မပြောပါရစေနဲ့"  


ပန်းဟွာသည် စက္ကူအိတ်ထဲမှ သကြားရည်စိမ်သစ်သီးတစ်ချောင်းကို ထုတ်ယူလိုက်သည်။ တကယ်တမ်းတွင် ရာသီအလိုက်ပေါ်သည့် အသီးအနှံများကို သကြားရည်လောင်းထားတာပင်။အချို့သော အသီးအနှံများသည် အလွန်ချဉ်သော်လည်း သကြားရည်က ချိုသည်။ထို့ကြောင့် စားလိုက်သော သစ်သီး အရသာရှိမရှိက ကံတရားအပေါ်မှာ မူတည်ပေ၏။


ပန်းဟွာ ဤသည်ကို လက်ဆောင်အဖြစ်သာ ဝယ်တတ်သည်။အပြင်က ပြန်လာတိုင်း အမေဖြစ်သူအတွက် ပါလာစမြဲပင်။ရုံရှားသည် သကြားရည်စိမ်သစ်သီးတစ်ချောင်းကို ယူလိုက်သော်လည်း ခဏလောက်ကြာသည်အထိ မစားနိုင်သေး။


 "ဘာဖြစ်လို့လဲ" 


ပန်းဟွာသည် သကြားရည်စိမ်သစ်သီးများကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေသည်။ထို့နောက် သူမသည် စက္ကူအိတ်ထဲက သကြားရည်စိမ်သစ်သီးတစ်ချောင်းကို ထုတ်ပြီး ကိုက်လိုက်ရာ ချဉ်လွန်း၍ သွားပင် ကျင်တက်သွားသည်။


"ဟာ...အာလားလား"


ရုံရှားသည် လက်ထဲက သကြားရည်စိမ်သစ်သီးကို ချလိုက်ပြီး သူမအတွက် လက်ဖက်ရည်တစ်ခွက် လောင်းထည့်လိုက်သည်။ လက်ဖက်ရည် အနည်းငယ်သောက်ပြီးနောက် ပန်းဟွာသည် သကြားလုံးသီးများကို စက္ကူအိတ်ထဲသို့ ပစ်ထည့်လိုက်သည်။  


"ရှင် မစားတာပဲ ကောင်းတယ်၊အရသာမကောင်းဘူး၊မနက်ဖြန်ကျမှ လက်ဆောင်အသစ် ပေးမယ်"


 "မဟုတ်ဘူး၊ ဒါကကောင်းပါတယ်"


ရုံရှားသည် သူမလက်ထဲက သစ်သီးကို ကိုက်လိုက်သည်။အသီးက တကယ်ချဉ်စူးနေသည်။ သို့သော် အကြိမ်အနည်းငယ် ဝါးပြီးနောက်မှာတော့ အသီးအနှံများနှင့် ရောထားသည့် အချိုအရသာက သိပ်မဆိုးပေ။ 


"မစားနဲ့လေ၊ ရှင်က ငတုံးပဲ၊ ကျွန်မက ချဉ်တယ်လို့ပြောပြီးပြီကို ဘာာလို့စားသေးတာလဲ"


 "မချဉ်ဘူး၊အရမ်းချိုပါတယ်" 


ရုံရှားသည် သူ့ပါးစပ်ထဲမှ သစ်သီးကို မျိုချလိုက်ပြီး နှုတ်ခမ်းတစ်ဝိုက်ရှိ သကြားအကျန်များကို လျှာဖြင့်သပ်ထုတ်လိုက်သည်။ 


 "အရမ်းကြိုက်တယ်"


 "အဟမ်း....."  


ပန်းဟွာ မျက်လုံးများက ရုံရှား၏ နှုတ်ခမ်းထောင့်ကို ကျရောက်သွားသည်။ သူတို့နှစ်ယောက်ကြားက တိတ်ဆိတ်သည့်အခိုက်အတန့်က ကြာကြာမခံလိုက်၊ အစေခံများက အနှောင့်အယှက်ပေးလာသည်။


 "မြို့စားမင်း ဝန်ကြီးချုပ်ယန်က ဂုဏ်ပြုလက်ဆောင် ပေးလိုက်ပါတယ်"


 "မြို့စားမင်း ကျုံးဖျင်နယ်စားမင်းက ဂုဏ်ပြုလက်ဆောင် ပေးလိုက်ပါတယ်"


 "မြို့စားမင်း ချန်ချင်ဝမ်က ဂုဏ်ပြုလက်ဆောင်တစ်ခု ပေးလိုက်ပါတယ်"


လက်ဆောင်များ တဖွဲဖွဲ ရောက်လာပြီးလက်ဆောင်စာရင်းတစ်ခုပြီးတစ်ခု ရုံရှား ရှေ့တွင်တင်ပြခဲ့သည်။  မြို့တော်ရှိ သြဇာကြီးသူအားလုံးနီးပါး လက်ဆောင်များ ပေးပို့ကြသည်။


 "ကျောက်စိမ်းတုတ်ကောက်" ပန်းဟွာက လက်ဆောင်စာရင်းကို ကြည့်ရင်း


 "တုတ်ကောက်က စည်းစိမ်ဥစ္စာကို ယူဆောင်လာပေးတယ်၊ဒါက နိမိတ်ကောင်းဖို့ ကောင်းချီးတစ်ခုပဲ"


 "ဟင်....ဒါက အရင်မင်းဆက်က လက်ရေးလှရေးဆရာရဲ့ တကယ့်လက်ရာလား၊ဒီလက်ရာက ကျွန်မအိမ်က လက်ရာနဲ့တောင် တူသလိုပဲ၊ဒီလက်ရာက ဘယ်ကလာတာလဲ"


ရုံရှားက ပြုံးပြီး


 "ကြည့်ရတာညအတုတစ်ခုကို ဝယ်ပြီး အစားထိုး‌ပြီး ပေးတာ ဖြစ်နိုင်တယ်" 


ပန်းဟွာက လက်ဆောင်စာရင်းကို ချလိုက်ပြီး သမ်းဝေလိုက်သည်။


"ဒါက သေချာပေါက်လည်း ပြောလို့မရဘူး၊ကျွန်မ အိမ်ကဟာကမှ အတုဖြစ်နိုင်တယ်၊လွန်ခဲ့တဲ့ တစ်လခွဲလောက်က ရှင် မကြာခဏ သွားလည်တဲ့လူတွေက ပေးတာကိုး.. အခု ဒီလူတွေက...သူတို့အားလုံးက ဘယ်သူ့ကိုမဆို မလွှဲသာမရှောင်သာအလိုက်သင့်ပေါင်းနေကြတာပဲ၊ ရှင် ဒုက္ခရောက်တုန်းက ကူညီမယ်မရှိဘူး...ခြံစည်းရိုးကို ခွထိုင်နေကြတာ”


"ကိုယ် သူတို့ကို အပြစ်မတင်ပါဘူး၊ဧကရာဇ်ရဲ့စိတ်က ခန့်မှန်းလို့မရပါဘူး၊ သူတို့လည်း ခက်ခဲတဲ့အနေအထားမှာ ရှိနေကြတာလေ၊ ရှေးခေတ်ကတည်းက ဒီလိုမျိုး ဖြစ်ခဲ့ကြတာ၊ စိတ်မကောင်းဖြစ်စရာ မလိုဘူး"


ပန်းဟွာက မတ်တပ်ထရပ်ရင်း


 "ရှင်က ပွင့်လင်းတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်မက အမြင်နည်းနည်းကျဉ်းတယ်၊ကဲ ဒီနေ့ ဧည့်သည်တွေ များတယ်၊ကျွန်မ ရှင့်ကို မနှောင့်ယှက်တော့ဘူး"


ရုံရှားက ပန်းဟွာ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။ ပန်းဟွာသည် နွေရာသီ အစောပိုင်းဖြစ်၍ ချည်ထည်အပါးစကိုသာ ဝတ်ဆင်ထားသည်။ ထို့ကြောင့်  ပိတ်ပါးအောက်ရှိ သူမ၏ အပူချိန်ကို သူ ခံစားနိုင်သည်။  


"မင်းက ဘာလို့ထွက်သွားတာလဲ၊ကိုယ် ဒဏ်ရာရထားတယ်၊ မင်းသာ မကူညီရင် ဒီအရာတွေကို ကိုယ် တစ်ယောက်တည်းကြည့်ရလိမ့်မယ်"


ပန်းဟွာက သူ့လက်ကို ဆွဲယူသော်လည်း မခွာချပစ်သေးဘဲ


"မဟုတ်ဘူး၊ ရှင့်မှာ အိမ်တော်ထိန်းတစ်ယောက်ရှိတယ်မလား၊ကျွန်မ မကြည့်ဘူး"


 "ကောင်းပြီ မကြည့်လည်း ခဏလောက်ထိုင်လို့ရမလား၊ ဒီလက်ဆောင်စာရင်းတွေဟာ ပျော့ညံ့တဲ့သူတွေက ပေးပို့တဲ့ သာမာန်အရာတွေချည်းပါပဲ၊ ကြည့်ကြည့် မကြည့်ကြည့် အရေးမကြီးပါဘူး၊ဒီဟာလေးတွေကြောင့် ဟွာဟွာ ပင်ပန်းတာကို ကိုယ်လည်း မကြည့်ရက်ပါဘူး" 


သူမက ခွေးခြေခုံပေါ် ပြန်ထိုင်ကာ


 “သူတို့က သိပ်အမြင်ကတ်စရာကောင်းပေမယ့် ပစ္စည်းတွေကိုတော့ မမုန်းရက်ဘူး"


ပန်းဟွာကိုယ်တိုင်က ရုပ်ဝတ္ထုပစ္စည်းများကို ကြိုက်သူမို့ ကျောက်စိမ်းနှင့်ပုလဲများကို နှစ်သက်သည်။


ရုံရှား၏ မျက်လုံးများ တောက်ပလာသည်။  "ဒါဆို ကိုယ့်အိမ်က သိုလှောင်ခန်းထဲမှာ လက်ဝတ်ရတနာတွေ အများကြီးရှိတယ်၊မင်း ကြိုက်တယ်ဆိုရင်တော့ ရွေးလို့ရတယ်၊မင်းသာ ဝတ်ထားရင် ဒီရတနာတွေက ပိုလှလာလိမ့်မယ်"


ပန်းဟွာ အနည်းငယ် လိုချင်စိတ်ဖြစ်သွားသော်လည်း သူမသည် ယခုထိ အဖွားဖြစ်သူ၏နာရေးအတွက် ဝမ်းနည်းပူဆွေးနေဆဲကာလမှာ ရှိနေသေးသည်ကို သတိရသောအခါတွင် သူမ၏ ဆန္ဒများ ပျောက်ကွယ်သွားခဲ့သည်။ 


"ဒါဆို ကျွန်မအတွက် အားလုံးကို သိမ်းထားလိုက်ပါ"


"ကောင်းပြီ" ရုံရှားက ထပ်ခါတလဲလဲ ခေါင်းညိတ်သည်။ထိုစဥ်  လမ်းလျှောက်လာနေသော လူလတ်ပိုင်းအိမ်တော်ထိန်းတစ်ဦးသည် တံခါးဝမှာ ရပ်တန့်ကာ ဦးညွှတ်လိုက်သည်။ 


"မြို့စားမင်း" 


"ဝမ်ချွီ"


ရုံရှားသည် ပန်းဟွာကိုကြည့်ကာ တံခါးအပြင်ဘက်ရှိ လူလတ်ပိုင်းအရွယ်လူကို ပြန်လှည့်ကြည့်လိုက်သည်။


 "ဘာလိုချင်သလဲ" 


"အပြင်မှာ တစ်ခုခုဖြစ်သွားပါတယ်" 


"ဘာဖြစ်တာလဲ" 


"ကျုံးဖျင်နယ်စားမင်းရဲ့ အကြီးဆုံးသားက အရက်မူးပြီး ဒေသခံလူ တစ်ယောက်နဲ့ စကားများရန်ဖြစ်ခဲ့ပါတယ်"


ပန်းဟွာ အံ့သြသွားသည်။ ကျုံးဖျင်နယ်စားမင်း အိမ်တော်က လွန်ခဲ့သောတစ်နာရီက ရုံရှားကိုလက်ဆောင်တစ်ခု ပေးထားတာ မဟုတ်ပါလား။ ဒီလောက်အချိန်တိုလေးမှာ သူတို့ မိသားစု ဘယ်လိုဖြစ်သွားတာလဲ။ 


သူမ၏ အိပ်မက်သည် ဝိုးတဝါး ဖြစ်နေပြီး ဤကိစ္စကို သူမ လုံးဝ မမှတ်မိချေ။ သူမသည် အကြီးဆုံးသခင်လေးရှဲ့ကိုလုံးဝဂရုမစိုက်သောကြောင့်ဖြစ်နိုင်သည်။


 "တစ်ဖက်လူကို ဖမ်းပြီးပြီလား" 


“အခင်းဖြစ်ပွားတဲ့ နေရာက မြို့လယ်မှာပါ၊ ရန်ပွဲကို လူတော်တော်များများ လာကြည့်တယ်ဆိုတော့ တရားခံ ပျောက်သွားတယ်"


"အကြီးဆုံးသခင်လေးရှဲ့ အဆင်ပြေရဲ့လား"


 "အကြီးဆုံးသခင်လေးရှဲ့ ရဲ့ပေါင်က သိပ်ပြင်ထန်ပါတယ်....." ပြောနေရင်း ဝမ်ချွီ တုံ့ဆိုင်းသွားသည်။ ပန်းဟွာကျွင်းကျူး ရှိနေသဖြင့် ယဉ်ကျေးသောအသုံးအနှုန်းကိုသာ သုံးလိုက်၏။


 "ဒဏ်ရာက ပြင်းထန်ပါတယ်၊ သူ့မှာ ကလေးမရနိုင်တော့ပါဘူး"


 "ငါသိပြီ၊ မင်းထွက်သွားလို့ရတယ်" ရုံရှား ခဏမျှ တိတ်ဆိတ်သွားသည်။


 "ဟုတ်ကဲ့" ဝမ်ချွီက တိုးတိုးလေးပြောပြီး ပြန်ဆုတ်သွားသည်။ 


"အဲဒါဆို....." ပန်းဟွာက ရုံရှားဘက်ကို တိုးကပ်ပြီး တီးတိုးဆိုလိုက်သည်။


" ဒါဆို ရှဲ့ကျုံးကျင်းက မိန်းမစိုးလိုမျိုး ဖြစ်လာမှာလား"


 "..."



ရုံရှား ခက်ခက်ခဲခဲ ခေါင်းညိတ်လိုက်သည်။ သူသည် ပန်းဟွာ နှင့် ယောက်ျားတစ်ယောက်၏ ယုံကြည်မှုအကြောင်းကို မပြောလိုပေ။


 "ရှဲ့မိသားစု... သူတို့ သိပ်ကံဆိုးတာပဲ"


ရုံရှားက ပန်းဟွာ၏ လက်ချောင်းထိပ်များကို ဖိလိုက်ပြီး


 "သူတို့က အကျင့်ပျက်မှု တစ်ခုခုလုပ်ခဲ့လို့ တစ်ဖက်က လက်စားချေတာ ဖြစ်နိုင်တယ်၊မင်း တခြားယောက်ျားတွေရဲ့ ကိစ္စတွေကို ဂရုစိုက်ရင် ကိုယ် မနာလိုဖြစ်လာလိမ့်မယ်နော်"


ပန်းဟွာက သူ့နောက်ကျောကို နှစ်သိမ့်စွာ ပုတ်လိုက်သည်။


 "သင်းကွပ်ခံရတဲ့ ယောက်ျားကို ရှင်က မနာလိုသေးတာလား၊ စိတ်မပူပါနဲ့ မြို့တော်တစ်ခုလုံးမှာ ရှင့်ထက် ပိုကြည့်ကောင်းတဲ့လူ မရှိဘူး၊ရှင့်ကိုတွေ့ရတာကြာလာတော့ ကျွန်မလည်း ယောက်ျားတွေကိုကြည့်တဲ့ စံနှုန်းတွေ ပိုမြင့်လာပြီ"


ရုံရှား ရယ်ရမလား ငိုရမှန်းမသိတော့။သူမစကားက ချီးကျူးခြင်းလား သို့မဟုတ် တခြား ရည်ရွယ်ချက်လားဆိုသည်ကို သူ မသိတော့။မွန်းတည့်ချိန်တွင် ရုံရှားသည် ပန်းဟွာကို နေ့လည်စာစားရန် တောင်းဆိုခဲ့သည်။ ထိုမှသာလျှင် သူမကို တွန့်ဆုတ်စွာ လွှတ်လိုက်လေသည်။ ပန်းဟွာထွက်သွားပြီးနောက် ရုံရှားက သူ့လက်အောက်ငယ်သားများကို ပြောသည်။


"ဧကရာဇ်က ဘာလို့ ငါ့ကို ရာထူးတိုးခဲ့တာလဲ သိလား" 


သူ့ရှေ့မှာ ရပ်နေသည့် သက်တော်စောင့်က တရိုတသေပြန်ဖြေ၏။


 "ကျွန်တော်က အရည်အချင်းမပြည့်မီပါဘူး၊ဒါကြောင့် အကြောင်းပြချက်အတိအကျမတွေ့ပါဘူး၊ဒါပေမယ့် ... နန်းတွင်းထဲမှာ ကောလဟာလတစ်ခုရှိပါတယ်"


 "ဘာကောလဟာလလဲ" 


"မနေ့က ဧကရာဇ်က ပန်းဟွာကျွင်းကျူးကို ဆင့်ခေါ်တယ်၊ ပန်းဟွာကျွင်းကျူးကြောင့် မြို့စားမင်းကနေ ကောကုန်း ရာထူးတိုးခဲ့တာတဲ့"


 ယမန်နေ့က ဧကရာဇ်ကိုတွေ့ရန် ဟွာဟွာ နန်းတော်သို့သွားကြောင်း ရုတ်တရက် ရုံရှား သတိရမိသည်။ မွန်းတည့်ချိန်အထိ သူ့အိမ်တော်ကို သူမ ရောက်မလာခဲ့။ ဘွဲ့တံဆိပ်များ ချီးမြှင့်ရာတွင် တွန့်တိုတတ်သော ဧကရာဇ်သည် ရုတ်တရက် သူ့ကို ရာထူးတိုးပေးချင်အောင် ဟွာဟွာ ဘာလုပ်ခဲ့သနည်း။ ရုံရှားသည် တိတ်ဆိတ်နေပြီး အပြင်မှ ကောလာဟလကြောင့် စိတ်မချမ်းသာဖြစ်နေသည်ကို သက်တော်စောင့်က မြင်၍ 


"ဒါက အတင်းအဖျင်းစကားတွေချည်းပါပဲ၊ အဲဒါကို အလေးအနက်မထားပါနဲ့၊သူတို့တွေက ကောကုန်းကို မနာလိုဖြစ်နေတာပါ"


ရုံရှားက ခေါင်းယမ်းကာ လေးနက်သောအမူအရာဖြင့်ပြောသည်။


 "တခြားသူဆိုရင် လုပ်နိုင်မှာမဟုတ်ဘူး၊ ဟွာဟွာသာဆိုရင်တော့ လုပ်နိုင်မယ်၊ဘာလို့လည်းဆိုတော့ သူမမှာ ချစ်ဖို့ကောင်း‌တဲ့ အချက်လေးတွေရှိတယ်"


 သက်တော်စောင့် "??"


အပြင်ကလူတွေ ပြောချင်တာက၊မြို့စားမင်းဟာ ဇနီးမယားကိုချစ်လို့ လက်ထပ်တာမဟုတ်ဘဲ သူမရဲ့ မိသားစုကို အားကိုးချင်လို့ လက်ထပ်တာဆိုပြီး သူ့ကို လှောင်ပြောင်နေတယ်ဆိုတာ သိရဲ့လား....


မဟုတ်သေး၊ ရုံရှားနှင့် ပန်းဟွာကျွင်းကျူးတို့၏ စေ့စပ်ကြောင်းလမ်းမှု သတင်းက ပျံ့နှံ့သွားသည့်အတွက် ကောလာဟလများ ဆက်တိုက်ထွက်ပေါ်လာခြင်းပင်။ယခုနောက်ပိုင်းမှာ ကောလဟာလများက ပိုဆိုးလာသည်။


အခြားသူများ လက်ထပ်သည့်အခါ ခင်ပွန်းသည်အား ဦးစွာ ဂုဏ်ပြုမည်ဖြစ်ပြီး နောက်မှသာ ဇနီးသည်အား ဂုဏ်ပြုမည်ဖြစ်ကြောင်း ထိုသူတို့က ဆိုသည်။ ယခု ရုံရှား အလှည့်တွင်မူ ဇနီးသည်အား ဂုဏ်ပြုပြီးမှ ခင်ပွန်းသည်အား ဂုဏ်ပြုမည်ဟု ဆိုနေကြသည်။ ဒီစကားကြားပြီးရင် ဘယ်သူက ဒေါသမထွက်ဘဲ နေမှာလဲ။



xxxxxx