အပိုင်း၁၁၁
Viewers 9k

Chapter 111


ရုံရှားသည် မူလက ထက်မြက်ပြီး အရည်အချင်းရှိပြီး ချောမောသော မြို့စားမင်း တစ်ဦးဖြစ်သော်လည်း ပြင်ပရှိ ကောလဟာလအချို့ကြောင့် ရာထူးတိုးရန် ဇနီးလောင်းကိုသာ အားကိုးရသူ ဖြစ်လာခဲ့သည်။


တခြားလူများအတွက်၊ ဤစကားများသည် ထမင်းစား ရေသောက်သလို ပေါပေါပဲ‌ပဲ ဟာသများသာဖြစ်သည်။သို့သော်လည်း ပါဝင်ပတ်သက်သူများအနေဖြင့် အဆိုပါ ကောလဟာလများကို လက်ခံနိုင်မည်မဟုတ်ပေ။ ပထမတော့ တုကျိုး ဤစကားများကို ရုံရှားရှေ့မှာ မပြောဝံ့ချေ။သို့သော် ရုံရှားက ဤစကားများကို ဂရုမစိုက်တာကြောင့် သူ အံ့အားသင့်မိသည်။


 "အပြင်က ကောလဟာလတွေကို သိပ်စိတ်မပူပါနဲ့၊ ခဏနေတော့ ကျေးဇူးတင်လွှာတစ်စောင် ငါ ရေးလိုက်မယ်၊မင်း ကျင့်ထင်အိမ်တော်ဆီကို ပို့လိုက်ပါ၊ ကောကုန်းကျင့်ထင်ကတစ်ဆင့် ဧကရာဇ်ဆီ ပို့ပေးဖို့ အကူအညီတောင်းပါ"


 "ကောကုန်း၊ ကောကုန်းကျင့်ထင်ကို ဘာလို့ ပို့ခိုင်းတာလဲ၊ တခြားသူကို ခိုင်းတာ ပိုသင့်လျော်တယ် မဟုတ်လား" 


တုကျိုးသည် ပန်းဟွိုက်က စိတ်မချရဟုထင်နေသည်။လွန်ခဲ့သော အနှစ် (၂၀) ​​ကျော်က ယခင်ဧကရာဇ်က ပန်းဟွိုက်ကို တော်ဝင်အမိန့်စာ ကြေညာရန် တောင်းဆိုခဲ့သော်လည်း၊သူက ဧကရာဇ်အမိန့်ကို ဥယျာဉ်ရှိ ကြာကန်ထဲသို့ စွန့်ပစ်လိုက်လေ၏။ ယခင်ဧကရာဇ်သည် ဒေါသအလွန်ထွက်ပြီး ထိုအမိန့်စာကို ပန်းဟွိုက်အား  ဆယ်ကြိမ်တိုင်တိုင် ကူးယူခိုင်းခဲ့သည်။


 "သူများတွေကို ထည့်သွင်းစဉ်းစားဖို့ မလိုပါဘူး၊ ကောကုန်းကျင့်ထင်က အကောင်းဆုံးပဲ၊ စာရွက်ကို သွားကြိတ်လိုက်၊ ကျေးဇူးတင်လွှာကို ရေးလိုက်မယ်” 


 "ဟုတ်ကဲ့"  


တုကျိုး ထပ်မပြောဝံ့ဘဲ စာရွက်ကိုကြိတ်ရန် လှည့်ထွက်သွားလိုက်သည်။


 ဧကရာဇ်အား ကျေးဇူးတင်လွှာကို တစ်ကြိမ်တည်းဖြင့် ရေးသားနိုင်ခဲ့သည်။ ရုံရှားသည် စုတ်တံကိုချလိုက်ပြီး မှင်ခြောက်သွားသည်ကို စောင့်ကာ တုကျိုးအားပြော၏။


 "သွားပေတော့...."


 "ဟုတ်ကဲ့"  


တုကျိုးလည်း ကျေးဇူးတင်လွှာကို ယူကာ ထွက်ခွာသွားသည်။


ရုံရှားသည် ကောကုန်း အဖြစ်သို့ ရာထူးတိုးခြင်းကြောင့် ပန်းဟွာ၏ ဂုဏ်သတင်းသည် ပို၍ပင် ကျော်ကြားလာခဲ့သည်။အချို့က သူမ ကံကောင်းသည်ဟု ဆိုကြပြီး အချို့က ရုံရှား ကံကောင်းသည်ဟု ဆိုကြသည်။  လွန်ခဲ့သည့်တစ်နှစ်က ထွက်ခဲ့သော သူမ၏ ခင်ပွန်းဖြစ်သူထံ ကံဆိုးခြင်းများ ပေးသည့်ဆိုသော ကောလာဟလများသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ပန်းဟွာသည် သူမ၏ခင်ပွန်းလောင်းအား အကျိုးရှိစေကြောင်းကို လူတိုင်း တပ်အပ်မြင်ခဲ့ကြသောကြောင့်၊အပေါ်ယံတွင် ဂရုမစိုက်ဟန်ပြကြသော်လည်း စိတ်ထဲမှာတော့ အလွန်မနာလိုဖြစ်ခဲ့ကြသည်။


 အပြင်မှာ ကောလဟာလများက တောမီးလို ပျံ့နှံ့နေသည်။သို့သော်လည်း ရုံရှားကို ထောက်ခံသူ အများအပြားရှိသောကြောင့်၊ရုံရှားသည် အမျိုးသမီးတစ်ဦးကိုမှီတည်၍ အသက်မွေးဝမ်းကြောင်းပြုသည်ဟု တစ်စုံတစ်ယောက်က ပြောလာသောအခါ ရုံရှားသည် နဟိုကတည်းက အရည်အချင်းရှိသူဖြစ်ကြောင်း ကာကွယ်ပြောဆိုသူများရှိစမြဲပင်။ပန်းဟွာကျွင်းကျူး မရှိလျှင်တောင် သူ ကောကုန်း ဖြစ်လာဖို့ အချိန်တစ်ခုသာလိုသည်ဟု ဆိုကြ၏။


ကောကုန်း ရာထူးကို မြှင့်တင်လိုက်ရုံဖြင့် မြို့တော်ရှိ ရုံရှား၏ အခြေအနေအား သက်သေပြရန် လုံလောက်သော ဆွေးနွေးမှုများစွာကို ဖြစ်ပေါ်စေနိုင်သည်။ရုံရှားကို စိတ်ပူသော်လည်း ခပ်ခွာခွာနေခဲ့ကြသော မိန်းကလေးအချို့သည် သတင်းကြားပြီးနောက် စိတ်ရှုပ်ထွေးသွားကြသည်။  


ရုံရှား အဆင်ပြေလို့ သူတို့ ပျော်ရမှာလား ဒါမှမဟုတ် ပန်းဟွာရဲ့ သာလွန်တဲ့ နည်းဗျူဟာနဲ့ ဧကရာဇ်ရဲ့ မျက်နှာသာပေးခံရတာကို မနာလိုဖြစ်သင့်သလား...


 "သူမကို ဘယ်လောက်ကြာကြာ သဘောကျနိုင်မှာလဲ" 


ဒုတိယကြင်ယာတော်မင်းသမီးက ဟက်ကနဲရယ်မောကာ ကုတင်ပေါ်တွင် ထိုင်နေသော ကျန်းလောကို လှည့်ကြည့်လိုက်သည်။  


"သူမက သာမာန်ကောကုန်းတစ်ယောက်ရဲ့ သမီးပဲ၊ ရှင်က မင်းသားတစ်ယောက်ပါ၊သူမကို မထိန်းချုပ်နိုင်ဘူးလို့ မပြောနဲ့"


ကျန်းလောက ဒေါသထွက်နေမည့်အစား ရယ်မောလိုက်သည်။ထို့နောက် သူက ကုတင်ပေါ်ကနေ စိတ်မရှည်စွာ ထရပ်လိုက်ပြီး


 "မင်းက အခု ဒုတိယကြင်ယာတော်မင်းသမီး ဖြစ်နေပြီလေ၊မင်းလက်မထပ်ခင်တုန်းက သူမကို ဘာမှလုပ်မနိုင်ဘူး၊ အခု မင်း ဒုတိယကြင်ယာတော်မင်းသမီး တစ်ယောက်ဖြစ်နေပြီ၊ မင်းမှာ လှည့်ကွက်လေးတွေ သုံးဖို့ အခွင့်အရေးလည်းရှိတယ်၊ ဒီတော့ မင်း အခန်းထဲမှာပဲ ကောင်းကောင်းနေ၊ ပြီးတော့ ငါ့အတွက် သားလေးတစ်ယောက်သာ မွေးပေးလိုက်ပါ"


ရှဲ့ဝမ်ယွီသည် ထိုစကားကိုကြားသောအခါ လက်ထဲမှ ကျောက်စိမ်း ဆံထိုးနှင့် ကျန်းလောအား ပစ်ပေါက်ချင်စိတ်ဖြစ်သွားရ၏။ သားတစ်ယောက်၊ သားတစ်ယောက် မွေးရမတဲ့လား....သူသည် သူ့အချိန်အားလုံးကို အခြားကိုယ်လုပ်တော်များနှင့်သာ ကုန်ဆုံးနေသည်။ သူမက ဘယ်လိုလုပ် သားတစ်ယောက် ရနိုင်ပါ့မလဲ။


ကျန်းလောသည် ရှဲ့ဝမ်ယွီ စိုက်ကြည့်နေသည်ကို စိတ်မသက်မသာခံစားရသဖြင့် မလုံမလဲမေးလိုက်သည်။


 "မင်း ငါ့ကိုဘာတွေစိုက်ကြည့်နေတာလဲ၊ ငါက အခု ဘုရင်ခံဖြစ်နေပါပြီ၊မင်း စိတ်ဆိုးတာကို ချော့ဖို့ အချိန်မရှိဘူး"


"ဟုတ်ပါတယ်၊ အရှင့်သားနဲ့ အတူနေဖို့ အချိန်မရှိတာတော့ အမှန်ပဲ" 


ရှဲ့ဝမ်ယွီ လှောင်ပြောင်ပြောဆိုလိုက်ပြီး ကျောက်စိမ်း ဆံထိုးကို စားပွဲပေါ်ပစ်ချလိုက်၏။


 "ဒါပေမယ့် ရှင် တခြားမိန်းကလေးတွေနဲ့တော့ာအချိန်သိပ်ရနေတယ် မလား"


ဤကျောက်စိမ်း ဆံထိုးသည် သူမ  အိမ်ထောင်မပြုမီက အစ်ကိုကြီးဖြစ်သူပေးခဲ့သော ပစ္စည်းပင်။အစ်ကိုကြီးအား သူမ သဘောမတွေ့သောကြောင့် ဤကျောက်စိမ်းဆံထိုးကိုလည်း သူမ မကြိုက်ပေ။


 "ဘာဖြစ်နေတာလဲ၊တစ်နေကုန် စကားကောင်းပြောလို့မရအောင် မင်း ဘာဖြစ်နေတာလဲ"


ကျန်းလော အမှန်တကယ် ဒေါသထွက်နေ၍ ဆက်ပြီးမရွဲ့သင့်တော့ပေ။ထို့ကြောင့် ရှဲ့ဝမ်ယွီသည် မျက်ခုံးမွေးခဲတံကို ယူလိုက်ပြီး ကျန်းလောကို လျစ်လျူရှုကာ မျက်ခုံးမွှေးကိုသာ ဆက်ဆွဲလိုက်သည်။


 "အစီရင်ခံစာ"  


ထိုစဉ် အပြာနုရောင် ဝတ်စုံဝတ်ထားသော ဘဏ္ဍာစိုးတစ်ယောက် ပြေးဝင်လာသည်။


"အရှင့်သား၊ ကြင်ယာတော်မင်းသမီး၊ကျုံးဖျင်နယ်စားမင်း အိမ်တော်မှာ ကိစ္စကြီး ဖြစ်သွားပါတယ်" 


ရှဲ့ဝမ်ယွီ လက်ထဲက မျက်ခုံးမွေးခဲတံမှာ မှန်တင်ခုံပေါ်ကျပြီး တစ်ဝက်ကျိုးသွားသည်။ သူမ၏ မျက်ခုံးတစ်ဖက်သမှာ လခြမ်းကဲ့သို့ မည်းမှောင်နေပြီး ကျန်တစ်ဖက်မှာ ဖြူနေလျက်။


 "ကျုံးဖျင်နယ်စားမင်း အိမ်တော်မှာာ ဘာဖြစ်တာလဲ"


 "ဒုတိယကြင်ယာတော်မင်းသမီး၊ အကြီးဆုံးသခင်လေးရှဲ့က မြို့လယ်မှာ လူမိုက်တွေနဲ့ စကားများပြီး ဒဏ်ရာရသွားပါတယ်"


 "နင် ဘာပြောလိုက်တာလဲ၊ အကြီးဆုံးသခင်လေးရှဲ့ ဒဏ်ရာက ဘယ်လိုလဲ"  


ရှဲ့ဝမ်ယွီသည် လည်ချောင်းထဲတွင် ဆို့တက်လာသလို ခံစားလိုက်ရသည်။


"ကျွန်တော် မသိပါဘူး၊ ဒါပေမယ့် တော်ဝင်ဆေးကုသဆောင်ရဲ့ သမားတော်ကတော့ ကျုံးဖျင်နယ်စားမင်း အိမ်တော်ကို ရောက်နေပါပြီ" 


အမှုထမ်းလေးသည် ရှဲ့ကျုံးကျင်း မည်မျှ ထိခိုက်ဒဏ်ရာရသွားသည်ဟု မပြောဝံ့၍ မရေရာသည့် အဖြေကိုသာ ပေးလိုက်၏။


 "မြင်းရထားကို ချက်ခြင်းပြင်ပါ၊ငါ ကျုံးဖျင်နယ်စားမင်းအိမ်တော်ကို သွားမယ်" 


ရှဲ့ဝမ်ယွီသည် နန်းတော်အစေခံ၏ အကူအညီဖြင့် မတ်တပ်ထရပ်လိုက်သည်။ သူမမျက်နှာက အိုးထဲကထွက်လာသည့် ဂျုံမှုန့်လို ကြောက်စရာကောင်းလောက်အောင် ဖြူလျော်နေတော့သည်။


ကျန်းလောသည် မောင်းမမိဿံများ၏ အခန်းတွင် အိပ်ရန် မူလက စီစဉ်ထားသည်။ ကျုံးဖျင်နယ်စားမင်း အိမ်တော်တွင် ထိုသို့သော ကြီးကြီးမားမား ဖြစ်ပျက်ခဲ့သည်ကို ကြားသိရ၍ ထိုအတွေးကို စွန့်လွှတ်လိုက်သည်။ ထို့နောက် ရှဲ့ဝမ်ယွီအား ကျုံးဖျင်နယ်စားမင်း အိမ်တော်သို့ အတူသွားကြည့်ရန် ပြောလိုက်၏။


ရှဲ့ဝမ်ယွီက သူ့ကို အာရုံစိုက်ဖို့ စိတ်မ၀င်စားဘဲ အတင်းလှည့်ထွက်သွားသည်။ သို့သော် သူမ၏ အထိန်းတော်က အတင်းပြန်ဆွဲခေါ်ပြီးမျက်ခုံးမွှေးတစ်ဖက်အား ပြင်ဆွဲပေး၏။ မဟုတ်လျှင် ဤမျက်နှာနှင့် နန်းတော်က ထွက်သွားခဲ့မိမည်။


ပန်းမိသားစု။


ပန်းဟွိုက်သည် တုကျိုး ပေးအပ်သည့် ကျေးဇူးတင်လွှာကို ယူဆောင်သွားခဲ့သည်။ စာပါအကြောင်းအရာများကို ဖွင့်မဖတ်ဘဲ ရုံရှား၏ဒဏ်ရာအကြောင်းသာ မေးသည်။


တုကျိုး ဖြေပြီးနောက် ပန်းဟွိုက်က ခေါင်းညိတ်ပြီး "သူ နေကောင်းနေလို့ စိတ်သက်သာရာရသွားပါပြီ၊နောက်ထပ်ကိစ္စတွေအတွက်၊ မင်းရဲ့ မြို့စားမင်းကို စိတ်ထဲမထားဖို့ ပြောလိုက်ပါ၊အပြင်လူတွေ ပြောတာကိုပဲ ဂရုစိုက်မနေနဲ့၊ ငါတို့က သူများကိုအနိုင်ကျင့်ပြီး မောက်မာတတ်သူတွေ မဟုတ်တော့ ဒီတိုင်း သူတို့ကို လျစ်လျူရှုထားလိုက်တာ၊သူတို့ကို နားလည်လိုက်ပါတယ်"


တုကျိုးလည်း ကောကုန်းကျင့်ထင်ပြောနေသည်ကို နားလည်သွားသည်။ ကောကုန်းကျင့်ထင်သည် ရုံရှားက မျက်နှာရလို၍ ပန်းဟွာနှင့် လက်ထပ်သည်၊ မိန်းမတစ်ယောက်အပေါ် မှီခိုနေသည်ဆိုသော ကောလဟာလများကို ကြားခဲ့ရပုံရသည်။  


 "ကျေးဇူးပြုပြီး စိတ်မပူပါနဲ့ ကောကုန်း၊ ကျွန်တော်တို့ မြို့စားမင်းကလည်း အပြင်က အတင်းစကားကို မယုံပါဘူး၊အဲဒီလူတွေက အလကား မနာလိုဖြစ်နေကြတာပါ" 


 "မှန်ပါတယ်၊သူများအတွက်နဲ့ ကိုယ် စိတ်မချမ်းသာဖို့  မထိုက်တန်ဘူး၊အဲဒါက လူမိုက်တွေ လုပ်ရမယ့်အရာပဲ" 


ပန်းဟွိုက်သည် ရုံရှားကို ပိုပို၍ သဘောကျလာသည်။  


"မင်းတို့ မြို့စားမင်းက ဉာဏ်ကောင်းတဲ့သူတစ်ယောက်ပါ၊ဒီကမ္ဘာမှာ ဉာဏ်ရှိတဲ့သူတွေကသာ ပိုကောင်းအောင်နေနိုင်တယ်၊သူလည်း သိပ်ကို အနေအထိုင်တတ်တဲ့သူပါပဲ"


 "အဖေက ထူးထူးခြားခြား အခြေခံမူတွေအကြောင်း ပြောနေပါလား...." 


ထိုစဉ် ပန်းဟမ် ထွက်လာပြီး တုကျိုး၏ ပခုံးကို ပုတ်လိုက်သည်။  သူက ထိုင်ခုံမှာ ထိုင်လိုက်ပြီး "မင်းက တုကျိုးလို့ခေါ်တယ်မလား"


 "ဟုတ်ပါတယ်၊ ရှစ်ကျစ် ကျွန်တော့်ကို ဘာများ အမိန့်ပေးလ်ိုပါသလဲ"  


 "ငါ့မှာ ပေးစရာအမိန့်မရှိပါဘူး၊အသုံးမဝင်တဲ့မေးခွန်းပဲ"


ပန်းဟမ် လက်ဖက်ရည်သောက်ကြည့်ပြီးနောက် လက်ဖက်ရည်က နည်းနည်းပူနေသည်ကို တွေ့လိုက်ရ၍ လက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်သည်။တုကျိုးသည် ရုံရှား၏နောက်သို့ အမြဲတစေ လိုက်လေ့ရှိသည်။ရုံရှား ဘယ်နေရာပဲရောက်‌နေပါစေ၊ တုကျိုး၏အရိပ်ကို မြင်နိုင်သည်။ဒါဆို သူက ရုံမိသားစုမှ ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားခဲ့တဲ့ သေမင်းတမန် စစ်သည်ရဲမက်များလား...


တုကျိုး ဟိုသည်လှည့်ကြည့်လိုက်ရာ ပန်းဟွာကျွင်းကျူးကို မတွေ့ရပေ။ ညနေစောင်းခါနီးပြီ ဖြစ်သော်လည်း သူမ အိမ်တော်တွင် ရှိမနေပေ။ နေ့လယ်စာစားပြီး သိပ်မကြာခင်မှာပဲ သူမ ရုံအိမ်တော်မှ ပြန်သွားခြင်းပင်။ 


 "ရှစ်ကျစ်၊ကျွင်းကျူး မပြန်လာသေးဘူးလား"


ပန်းဟမ် လက်ကိုယမ်းပြပြီး "အဲ့ဒီသူမရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့ပြီး အချိန်မေ့သွားတဲ့ထိ စကားပြောနေကြတာ ဖြစ်နိုင်တယ်၊ မိန်းကလေးတွေက အမြဲပဲ ဘာလုပ်လုပ် သိပ်ကြာတယ်နော်၊မင်းလည်း နောက်ဆို သိလာမှာပါ"


ပန်းဟွာ မရှိတုန်း သူ ပြောရခြင်းပင်။ ပန်းဟွာရှေ့မှာတော့ ပြောဝံ့မည်မဟုတ်။


တုကျိုး: ……


ပန်းဟမ်၏ မှန်းဆချက်က မှန်နေသည်။ ပန်းဟွာသည် အိမ်အပြန်လမ်းတွင် သခင်မလေးကျိုး နှင့် တွေ့ဆုံခဲ့သည်။ နှစ်ယောက်သား လက်ဖက်ရည်ဆိုင်တွင် ခဏထိုင်ကြသည်။


 သူတို့ နှစ်ယောက် လက်ဖက်ရည်ဆိုင်မှ ထွက်လာသောအခါ ဇိမ်ခံမြင်းရထားကြီးသည် သူတို့ဘက်ဆီသို့ အမြန် မောင်းလာသည်ကို တွေ့လိုက်ရသည်။


သခင်မလေးကျိုးက နောက်ဆုတ်၍ ရှောင်ပေးရင်း


 "ဒါက ဒုတိယမင်းသားရဲ့ မြင်းရထား မဟုတ်ဘူးလား၊ အရမ်းနောက်ကျနေပြီဟာကို နန်းတော်ကနေ ဘာလို့ ထွက်လာတာလဲ"


ကျန်းလောသည် ဘုရင်ခံဘွဲ့ ရခဲ့သော်လည်း သူ့တွင် ဘုရင်ခံ မြင်းရထား အဆင်သင့်မဖြစ်သေးပေ။  ထို့ကြောင့် သူသည် မင်းသားသုံး မြင်းရထားကိုသာ အသုံးပြုနေဆဲဖြစ်သည်။


ပန်းဟွာသည် သခင်မလေးကျိုး၏ မျက်နှာထက်တွင် အထင်အမြင်သေးသည့်အမူအရာကို မြင်လိုက်ရပြီးမေးလိုက်၏။


 "ကိစ္စကြီးကြီး တစ်ခုခုဖြစ်နိုင်သလား"


ကျန်းလော ရဲ့ နာမည်က ဘယ်လောက်ဆိုးသလဲ။ ကိုယ်လုပ်တော်ဆောင်မှာရှိသည့် အမျိုးသမီးများတောင် သူ့နာမည်ပြောင်ကို သိကြပြီး သူ့ကိုမြင်လျှင် ကောင်းတာတစ်ခု ဖြစ်လာမည်မှန်း သိကြ၏။


 "တစ်ခုခုဖြစ်ခဲ့ရင်တောင် သူ ကူညီနိုင်ပါ့မလား" 


သခင်မလေးကျိုး၏ လေသံမှာ နှောင်ပြောင်လိုဟန် အရိပ်အမြွက်သာ ရှိပြီး လေးစားမှု မရှိချေ။ဒုတိယမင်းသားသည် ဘုရင်ခံဖြစ်လာပြီးနောက်တွင် ကောင်းမှုများစွာကို မလုပ်ခဲ့ပေ။  သခင်မလေးကျိုး၏ ဖခင်သည် ဒုတိယမင်းသား၏ ပြစ်တင်ရှုတ်ချခြင်းကိုပင် ခံခဲ့ရသည်။


ကျန်းလောသည် နန်းတွင်းသူများနှင့် အမြဲ ဇီဇာကြောင်သည်။ ယခုအချိန်တွင် သူသည် ဧကရာဇ်မဟုတ်၊  သူအရမ်းစိတ်ညစ်နေပြီ။ အကယ်၍ သူသည် နောက်ဧကရာဇ်ဖြစ်လာပါက၊ ထိုမင်းမှုထမ်းဟောင်းများ အသက်ရှင်ရန် အခွင့်အရေး ရှိနိုင်မည်မထင်ပေ။


ခဏကြာသော် သခင်မလေးကျိုး ရုတ်တရက် သဘောပေါက်သွားပြီး 


 "သူတို့က ကျုံးဖျင်နယ်စားမင်း အိမ်တော်ရဲ့ လမ်းကြောင်းကို သွားကြမယ်ထင်တယ်၊ ကျုံးဖျင်နယ်စားမင်းရဲ့ နေအိမ်မှာ တစ်ခုခု ဖြစ်နေတာများလား"


ပန်းဟွာသည် ကျုံးဖျင်နယ်စားမင်း၏ နေအိမ်ဆီသို့ လှမ်းကြည့်ကာ ပြန်မပြောလိုက်ပေ။


သခင်မလေးကျိုးက ပန်းဟွာ၏ လက်ကိုဆွဲကာ "သူတို့နောက်လိုက်ပြီး ဘာဖြစ်နေကြတာလဲ ကြည့်ရအောင်"


ပန်းဟွာက ကောင်းကင်ကို လက်ညှိုးထိုးပြပြီးပြောလေသည်။


 "အချိန်ကိုလည်းကြည့်ဦး နောက်ကျနေပြီ၊တကယ် သိချင်ရင် သူတို့နောက်ကို လိုက်ကြည့်ဖို့ အစေခံနှစ်ယောက် လွှတ်ပေးလို့ ရပါတယ်၊သူတို့နောက်ကို ငါတို့ လိုက်မယ်ဆိုရင် ကျုံးဖျင်နယ်စားမင်းက ငါတို့ကို ဒေါသထွက်မှာ မဟုတ်ဘူးလား"


"ကျွင်းကျူး ပြောနေပုံက မသိရင် ရှဲ့မိသားစုကို အရင်က မမုန်းခဲ့ဖူးတဲ့ အတိုင်းပဲ"


 "သူတို့ ဒုက္ခ‌ရောက်နေတာကို ရယ်မောနေလိုက်တာနဲ့ အောင်မြင်တယ်ဆိုတာမျိုးက အဓိပ္ပါယ်မရှိပါဘူး၊သူတို့မိသားစုမှာ ထူးထူးဆန်းဆန်းကိစ္စတွေ ကြုံလာတိုင်း ငါ ဝမ်းမသာမိဘူး၊ ဝမ်းသာစရာမှ မဟုတ်တာ"


"ကျွင်းကျူး မှန်ပါတယ်၊ သူတို့ကို စောင့်ကြည့်ဖို့ အစေခံနှစ်ယောက် စေလွှတ်လိုက်မယ်"


သခင်မလေးကျိုးသည် ဒုတိယမင်းသားနှင့် ကျုံးဖျင်နယ်စားမင်းကိုမုန်းတီးသော်လည်း ပန်းဟွာ ပြောသည့်စကားသည် ကျိုးကြောင်းဆီလျော်ကာ အဓိပ္ပာယ်ရှိကြောင်း ဝန်ခံခမိသည်။အကာ်၍ သူမတို့ကိုယ်တိုင်လိုက်သွားကြည့်၍ ရှဲ့မိသားစု တစ်ခုခု တကယ်ဖြစ်ခဲ့လျှင် မီးထဲကို လောင်စာထည့်သလိုသာ ပိုဆိုးလိမ့်မည်။


မကြာမီ သခင်မလေးကျိုးက ပန်းဟွာမြင်းကို လှမ်းရိုက်လိုက်သည်။


 "ဒါဆို ကျွင်းကျူး စောစောပြန်ရမယ်နော်၊ နောက်ကျရင် ဦးရီးတော်တို့ စိတ်ပူလိမ့်မယ်၊ နောက်ရက်အနည်းငယ်ကြာရင် ငါတို့ကြာပန်းတွေ အတူတူသွားကြည့်ကြမယ်"


ပန်းဟွာက မြင်းပေါ်မှနေ၍


 "ကောင်းပြီလေ.... နှုတ်ဆက်ပါတယ်"


"ကောင်းပါပြီ” 


သခင်မလေးကျိုးက ခေါင်းညိတ်ပြပြီး ပန်းဟွာ ထွက်သွားသည်ကို စောင့်ကြည့်ပြီးနောက် သူမ၏ မြင်းရထားပေါ်တွင် ဝင်ထိုင်လိုက်သည်။


ကျုံးဖျင်နယ်စားမင်း၏ နေအိမ်မှာ ပွက်လောရိုက်နေကြသည်။ရှဲ့ကျုံးကျင်း နှင့်အတူ ထွက်သွားသော ကျေးကျွန်များသည် ငိုယိုကာ ချမ်းသာပေးရန် တောင်းဆိုကြသည်။ သို့သော်လည်း ကျုံးဖျင်နယ်စားမင်းက သူတို့တောင်းဆိုသည်ကို နားမထောင်ဘဲ အစေခံများအား ဆွဲ​ထုတ်​ပြီး ရိုက်နှက်​ခခိုင်း၏။ထို့နောက် ကျွန်ကုန်သည်များလက်သို့ အပ်လိုက်သည်။အစေခံများအသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ သူ ဂရုမစိုက်တော့ပေ။



xxxxxx