Chapter 112
ရှဲ့ဝမ်ယွီ ရောက်လာသောအခါ ရှဲ့မိသားစု၏ အစေခံများသည် ငိုယိုအော်ဟစ်နေကြသည်။ သူမသည် ဤအရာများကို ဂရုစိုက်ရန် အချိန်မရှိသဖြင့် အစ်ကိုအကြီးဆုံး၏ အိပ်ဆောင်ဆီ အမြန်သွားခဲ့သည်။သူမ ဝင်လိုက်သည်နှင့် အစ်ကိုကြီး၏ ငယ်သံပါအောင် အော်ဟစ်သံကို ကြားလိုက်ရသည်။ခြံဝင်းထဲမှာလည်း ဆရာဝန်များ ရှိနေသည်။သူတို့ ဘယ်ကလာမှန်း မသိသော်ည်း၊ယခု မေးချိန်မရှိ။အားလုံးကသူမနှင့် မျက်လုံးချင်းမဆုံအောင် ရှောင်ခဲ့ကြသည်။သူမသည် ကျုံးဖျင်နယ်စားမင်းနှင့် အမေဖြစ်သူကို အလျင်စလိုမေးလိုက်၏။
"အဖေ၊အစ်ကိုကြီး အဆင်ပြေရဲ့လား"
သခင်မရှဲ့က ငိုပြီး ခေါင်းယမ်းပြသည်။ ကျုံးဖျင်နယ်စားမင်း သည်လည်း စကားမပြောနိုင်ဖြစ်နေသည်။ ရှဲ့ဝမ်ယွီ နောက်မှ လိုက်လာသည့် ကျန်းလောက အခြေအနေကိုမြင်ပြီး ကုတင်ပေါ်မှာ ငိုယိုနေသည့် ရှဲ့ကျုံးကျင်းကို ကြည့်လိုက်၏။သူ့လက်တစ်ဖက် ဒါမှမဟုတ် ခြေထောက် ဆုံးရှုံးသွားတာလား...
ယခင်က သူ၏ ယောက္ခထီးဖြစ်သူသည် အတော်တည်ငြိမ်သော အကျင့်စရိုက်ရှိသည်။ ရာထူးမချမီက သူသည် နဂါးတစ်ကောင်လို အရှိန်အဝါကြီးသူဖြစ်ကာ မြို့တော်တွင် အအောင်မြင်ဆုံး အရာရှိတစ်ဦးဖြစ်သည်။ယခုမူကား သူသည် ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ ခြံဝန်းတစ်ခုလုံး ကြားနိုင်လောက်အောင် ကျယ်လောင်စွာ ငိုကြွေးနေလေသည်။ သူ အတော်လေးစိတ်မကောင်းဖြစ်နေမှန်း သိသာသည်။
"နယ်စားမင်း အကြီးဆုံးသခင်လေးရှဲ့အတွက် သွေးထွက်တာကို အရင်ဆုံး ရပ်တန့်ထားရမယ်၊ မဟုတ်ရင် သူ့အသက်ကိုတောင် ကယ်နိုင်မှာ မဟုတ်ဘူး" ပြောရင်း သမားတော်က လှည့်ကြည့်ကာ အခန်းထဲရှိ အမျိုးသမီးကို ကြည့်လိုက်ရင်း
"သခင်မလေးနဲ့ သခင်မကြီးတို့ ကျေးဇူးပြုပြီး ထွက်သွားပေးပါ"
သခင်မရှဲ့ တုန်တုန်ယင်ယင် ရှဲ့ဝမ်ယွီ ၏လက်ကိုဆွဲကာ အခန်းအပြင်ဘက်သို့လှည့်သွားခဲ့သည်။ ရှဲ့ဝမ်ယွီ စိတ်မကောင်းဖြစ်သွားမိသည်။ ဆေးမထည့်ခင် မိန်းမတွေ ထွက်သွားခိုင်းရတဲ့အထိ အစ်ကိုအကြီးဆုံး ဘယ်လိုဒဏ်ရာမျိုး ရခဲ့တာပါလဲ။
ကျန်းလော သည် အခန်းထဲတွင် ဆက်နေခဲ့သည်။သို့သော် သမားတော်က စောင်ကိုလှပ်ပြစောအခါ၊ရှဲ့ကျုံးကျင်း၏ ခန္ဓာကိုယ်အောက်ပိုင်းမှာ ဆိုးရွာစွာဒဏ်ရာရထားသည်ကို မြင်လိုက်ရသည်။စူးရှသော သွေးနံ့ကြောင့် သူ အန်လုမတတ် ဖြစ်သွားရသည်။ရှဲ့ကျုံးကျင်း ဒဏ်ရာရသွားသည့် နေရာကို သူ ကြည့်လိုက်လျှင် ကျောရိုးတစ်လျှောက် ကြက်သီးများပင်ထသွားရလေ၏။သူ မနေနိုင်ဘဲ အခန်းထဲမှ အမြန်ထွက်လာခဲ့သည်။
"အစ်ကိုကြီး ဘာဖြစ်သွားတာလဲ"
ရှဲ့ဝမ်ယွီသည် ကျန်းလော ပြေးထွက်လာသည်ကိုမြင်ပြီး သူ့လက်ကိုဆွဲကိုင်ကာ မေးလိုက်သည်။
"နောက်ထပ် ဘာဆက်ဖြစ်နိုင်မလဲ"
ကျန်းလော စိတ်မသက်မသာသးဖြစ်နေလျက်က ရှဲ့ဝမ်ယွီ၏မေးခွန်းကို ကြားလိုက်သောအခါတွင်၊ သူမြင်လိုက်ရသည့် မြင်ကွင်းက စိတ်ထဲမှာ ပေါ်လာပြန်သည်။
"သူ့ရဲ့တတိယခြေထောက်က ဒဏ်ရာရသွားတယ်၊အရမ်းပြင်းထန်တယ်"
"တတိယခြေထောက်"
ရှဲ့ဝမ်ယွီ ခဏတာမျှ မတုံ့ပြန်နိုင်ခဲ့ပေ။အတန်ကြာမှသာ ကျန်းလော ရည်ညွှန်းသည့်အရာကို နားလည်လိုက်ရပြီး ကမ္ဘာကြီးတစ်ခုလုံး သွက်သွက်ခါသွားသလို ခံစားလိုက်ရ၏။
သိပ်မကြာခင်မှာပင် ရှဲ့ကျုံးကျင်း၏ ငိုသံ ရပ်သွားသည်။ ရှဲ့ဝမ်ယွီသည် အခန်းထဲသို့ အမြန်ပြန်သွားရာ လှုပ်မရဘဲ ကုတင်ပေါ်တွင် လဲလျောင်းနေသော ရှဲ့ကျုံးကျင်းကို တွေ့လိုက်ရသည်။
“အဖေ၊ အစ်ကိုကြီး ဘယ်လိုနေလဲ”
"သမားတော်က သူ့ကို မေ့ဆေးပေးလိုက်တာ၊ အခု အိပ်ပျော်နေပြီ"
ကျုံးဖျင်နယ်စားမင်း၏ မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေကာ သူ့အသံကလည်း တုန်ယင်နေတော့သည်။
"သမားတော် ငါ့သားကို ကယ်တင်ဖို့ နည်းလမ်းရှိမရှိဆိုတာ မေးလို့ရမလား"
"နယ်စားမင်း ဖြတ်ထားတဲ့ ကိုယ်လက်အင်္ဂါတွေက ပြန်ပြီး အသစ်ဖြစ်လာတယ်ဆိုတာ ဒဏ္ဍာရီတွေမှာသာ ရှိတဲ့အရာပါ၊ကျွန်တော့်ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ မလုံလောက်ပါဘူး၊ကျွန်တော် ဘာမှမလုပ်ပေးနိုင်ပါဘူး"
သမားတော်သည် ဤကိစ္စက အတော်လေးမလွယ်သည့်ကိစ္စဟု ခံစားရ၏။ ရှဲ့ကျုံးကျင်းသည် ထိုနေရာတွင် ဒဏ်ရာရခဲ့ပြီး သူ၏ ယောက်ျားပီသမှုလည်း ဆုံးရှုံးသွားခဲ့သည်။သူ အသက်ရှင်နေသေးသည်က တော်သေးပေ၏။ဘယ်လိုလုပ် ပြန်ဆက်လို့ရမလဲ...
နှစ်စဉ်နှစ်တိုင်း မိန်းမစိုးများအဖြစ် နန်းတော်သို့ အမျိုးသားအစေခံများစွာကို စေလွှတ်လေ့ရှိသည်။ ၎င်းတို့ကို သင်းကွပ်ပေးသူများသည် အတွေ့အကြုံရှိသော မိန်းမစိုးများဖြစ်သည်။ အနည်းဆုံး နှစ်ဦး သို့မဟုတ် သုံးဦးသည် အသက်မရှင်နိုင်ပေ။ ရှဲ့ကျုံးကျင်းက အသက်ကြီးနေပြီဖြစ်၏။ ဘုရားသခင် ကောင်းချီးပေး၍သာာအသက်ဘေးမှလွတ်ခြင်းပင်။
"နယ်စားမင်း ဒီလိုဒဏ်ရာမျိုးကို ကုသရာမှာ ဒီသမားတော်က မတော်ဘူးတဲ့၊ ဒါဆို ဒဏ်ရာတွေကို ကုသရာမှာ ဘယ်သမားတော်က ကောင်းလဲဆိုတာ စုံစမ်းကြရအောင်"
သခင်မရှဲ့က တုန်တုန်ယင်ယင်အသံနှင့် "ကျင့်ထင်အိမ်တော်၊ ကျင့်ထင်အိမ်တော် မှာ ဒဏ်ရာတွေကို ကုသနိုင်တဲ့ သမားတော်တစ်ယောက်ရှိတယ်"
"မင်း ဘာမှ မသိနားမလည်ပါလား၊ဘာတွေပြောနေတာလဲ"
ရှဲ့မိသားစုနှင့် ပန်းမိသားစုတို့သည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်တွေ့ရန် မဖြစ်နိုင်တော့။ကျုံးဖျင်နယ်စားမင်း သူ့လက်ကို ဝှေ့ယမ်းကာ
"သူများစကားကိုပဲ နားမထောင်နဲ့"
သခင်မရှဲ့က "ကျွန်မ အမှန်ပြောနေတာ၊လွန်ခဲ့တဲ့ ရက်အနည်းငယ်က သခင်ယောင်ရဲ့ ဒဏ်ရာက ပိုဆိုးလာတယ်၊ သမားတော်လည်းရှာမရတော့ သူ သေမလိုတောင်ဖြစ်သွားတာ၊ ကျင့်ထင်အိမ်တော်က သမားတော်လွှတ်ပေးလိုက်တော့ နှစ်ရက်တောင်မကုလိုက်ရဘူး၊သူ့အသက်ဘေးက လွတ်သွားခဲ့ပြီလေ၊ ယောင်မိသားစုက ကျင့်ထင်အိမ်တော်ကို လက်ဆောင်တွေတောင် ပို့ပေးသေးတယ်"
"ပန်းဟွိုက် လိုလူက ဘယ်လိုလုပ် သိပ်တော်တဲ့ သမားတော်တွေ ခန့်ထားမှာလဲ"
ကျုံးဖျင်နယ်စားမင်း၏လေသံက သိပ်မကောင်းသော်လည်း စောစောကထက် တည်ငြိမ်သွားသည်။
တော်ဝင်သမားတော်တစ်ဦးက ဝင်ပြောလာ၏။
"နယ်စားမင်း၊ကျင့်ထင်အိမ်တော်မှာ စစ်မြေပြင်က ဒဏ်ရာတွေကိုတောင် ကုသနိုင်တဲ့ သမားတော်တွေ ရှိပါတယ်၊ ကောကုန်းကျင့်ထင်က စစ်မြေပြင်ကို မသွားပေမယ့် ဒီသမားတော်တွေကို ပန်းမိသားစုက မွေးထားတာပါ"
ပန်းမိသားစုမှ တင်ပြသော နန်းတော်တွင် ကုသမှုစာရင်း အနည်းငယ်ပင် ရှိသေးသည်။ပန်းမိသားစုသည် မျိုးဆက်အသစ်တစ်ခုစီတိုင်း ပိုမိုဆိုးရွားလာသည်ဟု ဆိုကြသော်လည်း ပန်းမိသားစုးစု၏ ကျေးကျွန်များပင်လျှင် အတော်အဆင့်အတန်းမြင့်မားသည်။ဆင်ပိန် ကျွဲလောက် ဆိုသည့်စကားအတိုင်းပင်။ ပန်းမိသားစုမှ သမားတော်များသည်လည်း အရည်အချင်းရှိသည်ဟု ယုံကြည်၍ရသည်။
တော်ဝင်သမားတော်အနေဖြင့် ဤအခြေအနေအရ ပန်းမိသားစု၏ သမားတော်ကိုသာ လွှဲချဖို့ရှိတော့သည်။ သို့မဟုတ်လျှင် အကြီးဆုံးသခင်လေးရှဲ့၏ ဝေဒနာက သူတို့ခေါင်းပေါ် ရောက်လာနိုင်သည်။
"ပန်းမိသားစု..."
ကျုံးဖျင်နယ်စားမင်း ကုလားထိုင်ပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေသည်။ မိသားစုနှစ်စုကြားမှ မကျေနပ်ချက်များကို တွေးပြီး ကုတင်ပေါ်မှာ လဲလျောင်းနေသည့် သူ့သားအကြီးဆုံးကို ကြည့်လိုက်သည်။အဆုံးမှာတော့ သူက သက်ပြင်းတစ်ချက် ခပ်လေးလေးချပြီး
"လာ၊ လက်ဆောင်တွေ ပြင်ဆင်လိုက်၊ငါ ကျင့်ထင်အိမ်တော်ကို ကိုယ်တိုင်သွားမယ်"
ထိုအခိုက် ရှဲ့ချီလင်းသည် ကျုံးဖျင်နယ်စားမင်းရှေ့သို့ လျှောက်လာပြီး
" အဖေ၊မကြာသေးခင်ကမှ အဖေ နေမကောင်းဖြစ်ထားတာ၊အခုလည်း အစ်ကိုကြီးအတွက် စိတ်ပူနေရတယ်၊ကျွန်တော် ပန်းမိသားစုဆီသွားပြီး အကူအညီတောင်းတာ ပိုကောင်းပါတယ်"
အရာအားလုံးက သူ့ကြောင့်ဖြစ်တာပင်။ အကယ်၍ သူသည် ပြည့်တန်ဆာတစ်ယောက်နှင့် ခိုးပြေးခြင်းမပြုဘဲ ပန်းမိသားစုကိုလည်း မျက်နှာမပျက်စေခဲ့ပါက၊မိသားစုနှစ်စုသည် ဤအဆင့်အထိ ရောက်မည်မဟုတ်ပေ။ နောက်ပိုင်းမှာ သူ့မျက်လုံးတစ်ဖက် ဒဏ်ရာရပြီး တရားရုံးမှာလည်း ရာထူးမရှိတော့။သို့ဖြစ်၍ သူ့အစ်ကိုအကြီးဆုံးကို မြို့တော်ကို ပြန်ခေါ်ဖို့ကလွဲလို့ ရွေးစရာမရှိတော့။ယခုမူ အစ်ကိုအကြီးဆုံးသည် တရားဝင်ရာထူး ဆုံးရှုံးရပြီး ယခုလို သနားစရာကောင်းလောက်အောင် နေထိုင်ရလေသည်။
ပြဿနာ၏အရင်းအမြစ်မှာ သူဖြစ်သည်။ ခေါင်းငုံ့ပြီး အကူအညီတောင်းလျှင်တောင်မှ သူပဲဖြစ်သင့်သည်။
"မင်း..."
ကျုံးဖျင်နယ်စားမင်း ခေါင်းယမ်းလိုက်သည်။ ပန်းမိသားစုက သူ့ဒုတိယသားအား ဘယ်လောက်မုန်းတီးလဲဆိုသည်ကို သူ ကောင်းကောင်းသိသည်။ယခုအချိန်တွင် ရှဲ့ချီလင်းသည် ပန်းမိသားစုထံသွားပြီး အကူအညီတောင်းပါက၊ ပန်းမိသားစုထံမှ အဆုံးမဲ့အရှက်ရမှုကိုသာ တောင်းခံနေရသလိုဖြစ်မည်။
"အဖေ၊ ဘာတွေ စိတ်ပူနေလဲဆိုတာ ကျွန်တော်သိပါတယ်၊ဒါပေမယ့် ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံပေးပါ၊ကျွန်တော် သေချာပေါက် ဆရာဝန်ကို ဖိတ်လာပါ့မယ်" ရှဲ့ချီလင်းက ကျုံးဖျင်နယ်စားမင်းကို ဦးညွှတ်ပြီး ပြောလိုက်သည်။
ရှဲ့ဝမ်ယွီသည် ထောင့်တွင်ရပ်ကာ သူမ၏ ဒုတိယမြောက်အစ်ကို အမြန်ထွက်သွားသည်ကို စောင့်ကြည့်နေသည်။သူမ ပါးစပ်ကို ဖွင့်လိုက်သော်လည်း နောက်ဆုံးတွင် စကားတစ်ခွန်းမှ မပြောဖြစ်ပေ။
ထိုစဉ် ကျန်းလောက တံခါးနားတွင်ရပ်ပြီး ကုတင်ပေါ်မှ ရှဲ့ကျုံးကျင်းကိုပင် မကြည့်ဘဲ ပြောလာ၏။
"နန်းတော်တံခါးတွေ ပိတ်တော့မယ်.....ပြန်သင့်ပြီ"
"အရှင့်သား..." ရှဲ့ဝမ်ယွီက ကျန်းလောကို မျက်ရည်စက်လက်နှင့်ကြည့်ရင်း "အိမ်မှာ ကျွန်မ တစ်ညလောက်နေပါရစေ၊ အဆင်ပြေပါရဲ့လား"
"မင်းအိမ်က နန်းတော်ထဲမှာပဲ၊မင်းရဲ့အဆင့်အတန်းကို မမေ့နဲ့"
"ဒါပေမယ့်…"
"သမီး..."
သခင်မရှဲ့သည် သမီးဖြစ်သူအတွက် စိတ်ဆင်းရဲသွားသည်။ကျန်းလော၏ အေးစက်စက် သဘောထားကို သူမ မျက်စိနှင့် မြင်ပြီးနောက် နန်းတော်ထဲမှာ သမီးဖြစ်သူ နေ၍အဆင်မပြေမှန်း အတပ်သိလိုက်သည်။သူမလည်း ကျန်းလောထပ်ပြီး ဒေါသဖြစ်မှာကို စိုးရွံ့မိသဖြင်ပ ဝင်၍ဖျန်ဖြေရတော့သည်။
"အမေတို့ ဒီမှာ ရှိပါတယ်၊ စိတ်မပူပါနဲ့ နန်းတော်ကိုသာ ပြန်သွားပါ"
"နှုတ်ဆက်လိုက်ပါတယ်"
ကျန်းလောသည် ရှဲ့မိသားစု၏ လိမ္မာပါးနပ်သော သဘောထားကို အလွန်ကျေနပ်နေမိသည်။ သူသည် ကျုံးဖျင်နယ်စားမင်း နှင့် ဇနီးအား ဝတ်ကျေတန်းကျေ ဦးညွတ်ပြီးနောက် နောက်ပြန်မလှည့်ကြည့်ဘဲ ထွက်သွားလေသည်။
ရှဲ့ဝမ်ယွီသည် ကျန်းလော၏ကျောပြင်ကို ကြည့်လိုက်ပြီးနောက် သခင်မရှဲ့ကိုတစ်ချက်ကြည့်သည်။
သခင်မရှဲ့က မျက်ရည်များကို သုတ်လိုက်ပြီး ပုခုံးများ တုန်နေသည့်ကြားကပင် နှင်လွှတ်တော့သည်။
"သွားတော့...ပြန်တော့"
ရှဲ့ဝမ်ယွီလည်း မျက်ရည်သုတ်ကာ အခန်းထဲက ထွက်လိုက်၏။ သူမ ခြံဝင်းအတွင်းမှ ထွက်သွားပြီးနောက် အိမ်ရှေ့တွင် လမ်းလျှောက်နေသော ကျန်းလော က မကျေမနပ် မျက်မှောင်ကြုတ်ကာ သူမကို ကြည့်နေသည်။
"ငိုစမ်းပါလေ၊ ငိုတော့.... မင်းငိုလို့ ပျော်စရာတွေ ပျက်သွားရတာ"
မူလက သူသည် နင်းဝမ်အဖြစ်သို့ ရာထူးတိုးခံရပြီး ပျော်ရွှင်စရာကောင်းသော အချိန်အခါ ကျရောက်လာသည်။ယခုမူ ရှဲ့မိသားစုသည် ထိုသို့သော အနှောက်အယှက်ဖြစ်လာခဲ့သည်။သူ မယားအရွေးမှားခဲ့ပြီထင်သည်။သူမက ကံအတော်ဆိုးသူပင်။
"ဘယ်နားက ပျော်စရာကောင်းသလဲ၊ကျွန်မ အစ်ကိုရဲ့ ဒဏ်ရာက အရှင့်သားရဲ့မျက်လုံးထဲမှာ ပျော်စရာလို့များ ထင်နေတာလားဟင်.."
ရှဲ့ဝမ်ယွီသည် ငယ်စဉ်ကတည်းက စိတ်ကြီးသူဖြစ်သည်။ နန်းတော်ထဲဝင်ပြီးနောက် အများကြီးပြောင်းလဲသွားသော်လည်း သူမ၏ စရိုက်သဘာဝကို လုံးဝပြောင်းလဲရန် ခဲယဉ်းလှသည်။ ကျန်းလော၏ စကားကိုကြားလိုက်ရသည့်အလိုက် သူမ သည်းမခံနိုင်တော့။
"ဒါ ကျွန်မ အစ်ကို၊ အရှင့်သားရဲ့ယောက်ဖပါ!"
ကျန်းလောက လှောင်ပြောင်ပြီးပြောသည်။
"ငါ့ရဲ့ ယောက်ဖဖြစ်ချင်တဲ့သူတွေ အများကြီးရှိတယ်။ ငါ မင်းကို မလိုအပ်ဘူး၊ငါက မင်းနဲ့ မင်းမိသားစုကို ဒီလောက် ဆိုးဆိုးရွားရွား ကပ်ဆိုးကြီး ဖြစ်အောင် ရာထူးတိုးခံရသလိုမျိုးပဲ၊ မသိတဲ့သူတွေကဆို မင်းတို့မိသားစုက ငါ ခက်ခဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ ထင်ကြလိမ့်မယ်"
ရှဲ့ဝမ်ယွီက ဒေါသတကြီးနှင့် မြင်း ရထားပေါ်တက်ဖို့ ပြင်လိုက်သည့် ကျန်းလောအား ဆွဲထားလိုက်သည်။
"ရှင်က ရှစ်ကျင်းကို ရှင့်ယောက်ဖ ဖြစ်စေချင်တာမလား၊ ရှင်က သူ့ကို သဘောကျတာ သိပ်နှမြောစရာကောင်းတာပဲ၊ဒါပေမယ့် သူက ရှင့်ကို သဘောမတွေ့ဘူးလေ"
"ပေါက်ကရတွေ မင်း ပြောလှချည်လား" ကျန်းလော သူ့လက်ကို မြှောက်လိုက်သည်။
ရှဲ့ဝမ်ယွီက မေးစေ့ကိုမြှောက်ပြီး "ရိုက်စမ်းပါ၊ ရိုက်လိုက်..ရှင့်မှာ ကျွန်မကိုရိုက်နိုင်တဲ့ အရည်အချင်းရှိရင် ကျွန်မလည်း ဧကရာဇ်နဲ့ ဧကရီကို အရိုင်ခံရတဲ့ မျက်နှာနဲ့ပဲ သွားနှုတ်ဆက်ရဲတယ်"
"မင်းပြောတာတွေက တစ်စက်မှ ယုတ္တိမရှိဘူး!" ကျန်းလော သူ့လက်ကိုပြန်ရုတ်ကာ မြင်းရထားထဲသို့ ဝင်သွားလိုက်သည်။
"ရပါတယ်၊ ကျွန်မက ယုတ္တိမတန်ဘူးပဲထားပါ..." ထို့နောက် သူမသည် အစေခံတစ်ယောက်ကို လှည့်ကြည့်ပြီး..."ငါ့အတွက် ရထားပြင်ပေးဖို့ အိမ်တော်ကို သွားပြောပါ"
အတူလိုက်ပါလာသော နန်းတော် အစေခံများသည် ပြန်မပြောဝံ့ဘဲ ရှဲ့ဝမ်ယွီအတွက် မြင်းရထားတစ်စီးသာ ပြင်ဆင်လိုက်ကြသည်။နှစ်ဦးသား ရန်ဖြစ်နေကြတာကြောင့် သီးခြားမြင်းရထားစီးခြင်းက ပိုကောင်းသည်။
လမ်းမှာ ပန်းဟွာသည် ရုပ်သေးရောင်းသည့် လက်သမားဆရာတစ်ယောက်နှင့် တွေ့သည်။သူမလည်း အရုပ်နှစ်ရုပ်ဝယ်ပြီး အစောင့်ကို ပေးကာ အိမ်သို့ ဖြည်းညှင်းစွာ ထွက်ခွာသွားသည်။ အိမ်တံခါးပေါက်ကိုရောက်သည်နှင့် သူမ မြင်းပေါ်မှမဆင်းမီ အနောက်မှ ခပ်သုတ်သုတ် မြင်းခွာသံများကို ကြားလိုက်ရသည်။သူမ လှည့်ကြည့်လိုက်ရာ ရင်းနှီးသည့်လူတစ်ယောက်ကို တွေ့လိုက်ရ၏။
"ပန်းဟွာကျွင်းကျူး"
ရှဲ့ချီလင်းသည် မြင်းပေါ်မှ ခုန်ဆင်းပြီး ပန်းဟွာအား လေးလေးနက်နက် ဦးညွှတ်လိုက်သည်။
"သခင်လေးရှဲ့"
ပန်းဟွာ သူ့ကို သေချာကြည့်ရင်း လက်ထဲမှာ ကြာပွတ်အား ခပ်ဆဆဆော့ကစားနေမိသည်။
"ဒီနေ့ မိုးကောင်းကင်က နီရဲနေပါတယ် အောက်မေ့တာ၊ လက်စသတ်တော့ သခင်လေးရှဲ့က ကျွန်မကို ဦးညွှတ်လို့ကိုး"
ရှဲ့မိသားစု ဦးညွှတ်သာပြပြီး စကားမပြောပေ။ပန်းဟွာလည်း လေးနက်နေသူကြောင့် လှောင်ပြောင်ဖို့ စိတ်မဝင်စားတော့။သူမက ကြာပွတ်ကို အစောင့်အား ပေးလိုက်ပြီး "ကောင်းပါပြီ၊ရှင့်ရဲ့ မြင့်မြတ်တဲ့ ခြေထောက်တွေက ဘုရားကျောင်းကို မသွားဘဲ ဒီကိုဘာလို့ လာရလဲဆိုတာကို ပြောပါ၊ သခင်လေးရှဲ့ ဘာပြောချင်သလဲ"
"ကျွန်တော် ဒီအိမ်တော်က သမားတော်နှစ်ယောက်ကို အသနားခံပြီး ပင့်ဖိတ်ချင်လို့ပါ"
ပန်းဟွာက ပေါ့ပေါ့ပါးပါး ရယ်မောရင်း " စိတ်ဝင်စားစရာပဲ၊ကျွန်မတို့မိသားစုက ဆေးပေးခန်းဖွင့်နေတယ်များထင်နေလား၊ နေ့တိုင်းလိုလို လူတွေက သမားတော်တွေ လာငှားကြတယ်၊ရှင့်ရဲ့မိသားစုကလည်း ဘယ်လိုကြီးလဲ၊ရှင်တို့မှာ သမားတော်ရှားပါးနေတယ်ဆိုတာ မဖြစ်နိုင်ပါဘူး"
"ကျွန်တော့်အစ်ကိုမှာ ဒဏ်ရာအပြင်းအထန်ရနေပါတယ်၊ ဒီအိမ်တော်က သမားတော်တွေက သိပ်တော်တယ်လို့ကြားလို့ ကျွန်တော် အထူးတလည်အကူအညီတောင်းချင်ပါတယ်၊ ကျွင်းကျူး ကျေးဇူးပြုပြီးကူညီပါ"
ရှဲ့ချီလင်း ဦးညွတ်ရင်းပင် ပြောဆိုနေပေသည်။
"ကူညီရမယ်..ရှဲ့လင်း....ဒါနဲ့ဆို ကျွန်မကို ကူညီပေးဖို့ ဒုတိယအကြိမ် တောင်းဆိုခဲ့တာပဲ"
ရှဲ့မိသားစု၏ ဒုတိယသခင်လေး၏ မျိုးရိုးအမည်မှာ ရှဲ့ဖြစ်ပြီး အမည်မှာ ချီလင်းဖြစ်သည်။ပန်းဟွာက သူ့ကို ရှဲ့လင်းဟုခေါ်လိုက်တာပင်။ ရင်းနှီးတာကြောင့်မဟုတ်ဘဲ သူ့ကို လှောင်ပြောင်လိုတာကြောင့်ပင်။
ရှဲ့ချီလင်းသည် လွန်ခဲ့သော သုံးနှစ်ခန့်က သူနှင့် ယွင်နျန်းမြို့တော်မှ ထွက်ခွာသွားပြီးနောက်၊ ပန်းဟွာကို ပြန်တွေ့သောအခါကလည်း ယခုလိုပင် ရှဲ့လင်းဟု ခေါ်ခဲ့ကြောင်း သူ ရုတ်တရက် သတိရမိသည်။
အဲဒီတုန်းက သူဘာပြောခဲ့လဲ။
"သခင်မလေးပန်းဟွာ၊ကျွန်တော်နဲ့ ယွင်နျန်းက တကယ်သိပ်ချစ်ကြတာပါ၊ ကျေးဇူးပြုပြီး ကူညီပေးပါ"
"သခင်လေးရှဲ့လင်းနဲ့ ဒီမိန်းကလေးက တကယ်ချစ်မိသွားတာဆိုရင် ကျွန်မ ရှင်တို့နှစ်ယောက်ကို ကူညီမယ်၊ရှင်တို့နှစ်ယောက်က စိတ်တူကိုယ်တူနဲ့ နောင်တမရှိဘဲ နေရပါစေလို့ ကျွန်မ ဆုတောင်းပါတယ် "
ဒါပေမယ့် သူ မြန်မြန်နောင်တရသွားခဲ့တာပဲ... မေ့သွားပြီဟု ထင်ရသည့် အမှတ်တရများသည် တရေးရေးသူ့အာရုံထဲဝယ် ပေါ်လာကြ၏။
"ကျွင်းကျူး ......"
မြင်းကုန်းနှီးပေါ်မှ အမျိုးသမီးကို ကြည့်လိုက်ရာ သူ့စကားက အသုံးမဝင်ကြောင်း ရုတ်တရက် တွေ့လိုက်ရသည်။
ပန်းဟွာသည် ရှဲ့ချီလင်း ၏မျက်နှာကို မကြည့်ဘဲ အဝေးသို့ လှမ်းကြည့်လိုက်သည်။ထို့နောက် သူမ မြင်းပေါ်မှ ခုန်ဆင်းပြီး နောက်ပြန်လှည့်မကြည့်ဘဲ "ကျွန်မ သမားတော်တွေ ငှားပေးနိုင်ပေမယ့် ရှင်တို့အစ်ကိုကို မကုသနိုင်ရင် ရှင်တို့ရှဲ့မိသားစုက ကျွန်မတို့ ပန်းမိသားစုကို အပြစ်မတင်ရဘူး"
"ကျေးဇူးအများကြီးတင်ပါတယ် ကျွင်းကျူး"
ရှဲ့ချီလင်းသည် သူ့အင်္ကျီကို ရုတ်သိမ်းလိုက်ပြီး ပန်းဟွာ၏ နောက်ကျောရှေ့တွင် အမှန်တကယ် ဒူးထောက်ထိုင်လိုက်သည်။
တံခါးဝသို့ရောက်နေပြီဖြစ်သော ပန်းဟွာသည် ခေါင်းကိုလှည့်ကာ ကျောက်လှေကားထစ်များ၏ခြေရင်းတွင် ဒူးထောက်နေသော ရှဲ့ချီလင်းကို ကြည့်လိုက်သည်။ သူမ မျက်လုံးများက ဘာမှမထူးခြားသွားချေ။
"အစောင့်တု.....ဂရုစိုက်ပြန်ပါ"
တုကျိူးသည် ပန်းမိသားစု၏ တံခါးဝမှ ထွက်လာရင်း သူ့ရှေ့ရှိ မြင်ကွင်းကိုကြည့်ကာ အံ့အားသင့်သွားခဲ့သည်။
ဒါ……ဘာတွေဖြစ်နေတာလဲ…
xxxxx