Chapter 113
ဘဝဆိုသည်မှာ အဆင်မပြေမှုမျိုးစုံကြုံရမြဲပင်။ရှေ့တစ်လှမ်းတိုးကြည့်လျှင် မိုးမှောင်ကျနိုင်ပြီး နောက်တလှမ်းဆုတ်ပါက ချောက်ထဲကျသွားနိုင်သည်။
တုကျိုးသည် ရုံရှားနောက်သို့လိုက်ကာ လေထဲ၊မိုးထဲတွင် နေခဲ့ပြီး အရာများစွာကို တွေ့ကြုံခဲ့ရသည်။သို့သော်လည်း ယနေ့အခြေအနေက အတော်ဆိုးသည်။
ပန်းဟွာ တုကျိုးကို သတိထားမိပြီး ပြုံးပြလိုက်၏။
"တုကျိုး ရှင် ဘာလို့ ဒီကို ရောက်နေတာလဲ"
"ကောကုန်းက ဒီလက်အောက်ငယ်သားကို စာအုပ်တစ်အုပ် ပို့ခိုင်းလိုက်ပါတယ်"
တုကျိုး မမြင်ချင်ယောင်ဆောင်ဖို့ ကြိုးစားပြီး ခေါင်းငုံ့ကာ ထွက်ခွာရန် ပြင်ဆင်ခဲ့သော်လည်း ပန်းဟွာက သူ့ကို တားလိုက်သည်။
"ကောင်းပြီ…" ထို့နောက် သူမက မြက်ပင်နှင့်လုပ်ထားသည့် နှံကောင်ရုပ်နှစ်ကောင်ကို ထုတ်လိုက်ပြီး
"ရှင့်ရဲ့သခင်က ငယ်ငယ်တုန်းက ဒီအရာတွေနဲ့ မကစားဖူးဘူးလို့ အမြဲပြောဖူးတယ်၊ ဒါကိုယူသွားပြီး သူ့ငယ်ဘဝကို အသက်ဝင်အောင် ကျွန်မ လုပ်ပေးချင်မိတယ်"
တုကျိုး နှံကောင်ရုပ်များကို ကြောင်စီစီကြည့်ရင်း "ပန်းဟွာကျွင်းကျူး...."
ရုံရှားကည် ငယ်စဉ်က ဤအရာများနှင့် မကစားခဲ့ဖူးပေ။ ပန်းဟွာကျွင်းကျူးကရော ဒီပစ္စည်းတွေကို ဘယ်ကရခဲ့တာလဲ။ ပြောစရာမလိုအောင် လက်ရာက သေသပ်လွန်းပြီး ချစ်စရာကောင်းလှ၏။ကလေးများ သဘောကျမှာ သေချာသည်။ ဒါပေမယ့် သူတို့ရဲ့ အသစ်စက်စက် ကောကုန်းရုံရှားက ကလေးတစ်ယောက်မလို့လား...
သို့သော် ပန်းဟွာကျွင်းကျူး၏ ပြုံးနေသော မျက်လုံးများကို သူမြင်သောအခါ ခေါင်းငုံ့ထားမိကာ ဘာမှမပြောဝံ့ပေ။
"ကောင်းပြီ ရှင် ပြန်လို့ရပြီ"
ပန်းဟွာသည် ကျေနပ်စွာ ပြုံးပြီး အိမ်ရှေ့တံခါးဘက်ကို လှည့်လိုက်သည်။ ပေါ့ပေါ့ပါးပါးနှင့် ပျော်ရွှင်သည့် သူမ အမူအရာက နောက်မှာ ဒူးထောက်နေသူ တစ်ယောက်ရှိမှန်း မေ့သွားပုံပင်။
မကြာမီ အိမ်ရှေ့တံခါးက ဖြည်းညှင်းစွာ ပိတ်သွားသည်။တုကျိုးသည် ပန်းဟွာကျွင်းကျူး ၏ ယခင်ကစေ့စပ်ထားသူ ရှဲ့ချီလင်းအား တစ်ချက်ကြည့်လိုက်သည်။ထို့နောက် ဘေးဘက်သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ရှဲ့ချီလင်း မမြင်ရအောင် နေလိုက်၏။ သို့သော်လည်း ပန်းဟွာနှင့်စကားပြောနေစဉ်မှာ ရှဲ့ချီလင်းက သူ့ကို မြင်ဖူးပြီးသားပင်။
"ကိုယ်ရံတော်တု" ရှဲ့ချီလင်းသည် မြေပြင်မှထကာ လျင်မြန်စွာထွက်ခွာသွားမည့် တုကျိုးအား လှမ်းအော်လိုက်သည်။
"ကျွန်တော့်မှာ မြို့စားမင်းရုံကိုပြောစရာရှိပါတယ်..."
"သခင်လေးရှဲ့ ပြောစရာရှိရင် ကောကုန်းရှေ့မှာ ပြောလို့ရပါတယ်၊ကျွန်တော်က စကားမပြောတတ်သူမို့ အပြောအဆို မှားမှာစိုးပါတယ်၊သခင်လေးရှဲ့ကို နှုတ်ဆက်ပါတယ်"
တုကျိုး ဦးညွှတ်ပြီး လျင်မြန်စွာ ထွက်ခွာသွားလိုက်သည်။
ရှဲ့ချီလင်းသည် ကျင့်ထင်အိမ်တော်၏ ဆိုင်းဘုတ်ကို စိုက်ကြည့်ရင်း မှင်တက်စွာဖြင့် ထိုနေရာတွင် ရပ်နေသည်။ယခုထိ မရေမရာ ခံစားချက်မျိုး ရှိနေလေသည်။
ပန်းဟွာ အိပ်ဆောင်အတွင်း ပြန်ရောက်သောအခါတွင် သူမ၏ မိဘများကို တွေ့ပြီး သမားတော် ငှားပေးသည့်အကြောင်း ပြောပြသည်။
အကြောင်းစုံကြားသော် ယင်းရှစ်က ဟက်ဟက်ပက်ပက် ရယ်ရင်း
" တော်တယ်၊သမီး...ကမ္ဘာပေါ်မှာ ဒီလိုရောဂါမျိုးကို ကုသနိုင်တဲ့ သမားတော်ဆိုတာ မရှိပါဘူး၊ သမားတော်က ကုလို့ မသေနိုင်ဘူးဆိုရင် အကြီးဆုံးသခင်ေလးရှဲ့ မြုံသွားမှာတော့သေချာတယ်"
"ဟုတ်ပါတယ်၊ သမားတော် ငှားလိုက်တာ သူ့အတွက် ကောင်းပါတယ်၊ဒါပေမယ့် အကြီးဆုံးသခင်လေးရှဲ့ရဲ့ ကံတရားက တကယ်ပဲ..."
"ကံဆိုးတာလား၊ ကံကောင်းတာလားတော့ မပြောတတ်ဘူး"
"အမေ၊ အစ်မ၊ ကျွန်တော်တို့က ရှဲ့မိသားစုကို သမားတော် ငှားထားပေးပေမယ့် အကြီးဆုံးသခင်လေးရှဲ့ကို မကုသနိုင်ဘူးဆိုရင် သူတို့က ကျွန်တော်တို့ကို အပြစ်တင်မှာလား"
ပန်းဟမ်၏ထင်မြင်ချက်အရ ရှဲ့မိသားစုသည် အပ်တစ်ချောင်းထက် ပို သဘောထားသေးသိမ်သော သူများပင်။
ပန်းဟွိုက်ကလည်း လှောင်ပြောင်ရယ်မောလိုက်သည်။
"သူတို့ထင်တာကို ဘယ်သူက ဂရုမစိုက်မလဲ၊သူတို့ အရှက်မရှိရင် ဒီကိစ္စကို တစ်ကမ္ဘာလုံးက သိအောင်လုပ်နိုင်တယ်၊သူတို့သားရဲ့ဟိုဟာက ပျက်စီးသွားတာ၊ပြန်မကုနိုင်တာကိုတော့ တခြားသူတွေကို အပြစ်တင်လို့မရဘူးလေ၊ဒီကိစ္စသာ အပြင်မှာပြန့်သွားရင် သူတို့ကို အကုန်လုံးက ဝိုင်းရယ်ကြမှာ"
"ရှင် ဘာတွေပြောနေတာလဲ"
ယင်းရှစ် ပန်းဟွိုက်ကို ခပ်စူးစူး စိုက်ကြည့်နေသည်။သားသမီးတွေရှေ့မှာ ဒီလိုညစ်ပတ်တဲ့စကားတွေကို သူဘယ်လိုပြောရက်တာလဲ။
"ငါက အမှန်တိုင်းပြောနေတာ၊သူတို့သားရဲ့အသက်ကို ပြန်ရတာကတောင် ကံကောင်းနေပြီ၊ သူ့ကို ဘယ်လိုလုပ် ယောက်ျားအစစ် ဖြစ်အောင် ပြန်ပြောင်းနိုင်မှာလဲ၊ ဒီကိစ္စက ဘယ်လိုလုပ်တရားမျှတနိုင်မလဲ၊ငါတို့ကို အပြစ်တင်လို့ မရဘူး"
ယင်းရှစ် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဟုတ်တယ်၊ သူ အသက်ရှင်နေတာ ပိုကောင်းပါတယ်၊သူ့လိုလူက ကျန်တဲ့ဘဝတစ်လျှောက်လုံး ကောင်းကောင်းပဲ နေသင့်တယ်"
"သခင်မ၊ မင်းကြည့်ရတာ ရှဲ့ကျုံးကျင်းနဲ့ ပြဿနာရှိနေပုံပဲ" ပန်းဟွိုက်သည် ယင်းရှစ်၏မျက်နှာတွင် ထူးဆန်းသောအမူအရာကိုမြင်သောအခါ သတိကြီးစွာမေးလိုက်သည်။
"ရှင် အရမ်းတွေးနေပြီ၊ ကျွန်မက သူတို့မိသားစုကို တစ်နှစ်မှာမှ လေးငါးကြိမ်ပဲ တွေ့ရတာ၊ သူက ဘယ်လိုလုပ် ကျွန်မတို့နဲ့ အငြိုးရှိမှာလဲ"
ယင်းရှစ် လက်ထဲမှ ယပ်တောင်ဝိုင်းကို ဝှေ့ယမ်းလိုက်သည်။ရာသီဥတုက ပိုပူလာတာကြောင့် နည်းနည်းပင်ပန်းနေပုံရသည်။
"ဘာလို့ဒီမှာထိုင်နေတာလဲ၊ ညစာသွားစားရအောင်"
"အင်းပါ" ပန်းဟွိုက် မတ်တပ်ထရပ်ကာ အစေခံများအား ညစာပြင်ဆင်ခိုင်းရန် ထွက်သွားလေသည်။
ညစာစားပြီးသောအခါ ပန်းဟွာသည် သူမ၏ အိပ်ဆောင်သို့ ပြန်ခါနီးတွင် ယင်းရှစ်က ရုတ်တရက် သူမကို လှမ်းအော်သည်။
"ဟွာဟွာ ဒီမှာနေဦး... ဒီနေ့ လကလည်း သာလိုက်တာ၊အမေနဲ့ ပန်းခြံကို လိုက်ခဲ့"
ပန်းဟွာသည် ခြံအပြင်ဘက်ရှိ ပန်းများနှင့် အပင်များကို စိုးရိမ်တကြီး ကြည့်နေသည်။
"ဒါပေမယ့် အခု…အပြင်မှာ ခြင်တွေ မများဘူးလား"
ထိုစကားကို ယင်းရှစ် ကြားသောအခါ ခြေထောက်ကို ပြန်ဆုတ်လိုက်သည်။
"ဒါဆိုလည်း အခန်းထဲသွားပြောရအောင်"
နွေညသည် ပိုးမွှားသံများဖြင့် ပြည့်နှက်နေသည်။ပြတင်းပေါက်မှတဆင့် အေးမြသောလေနုအေးက တိုက်ခတ်လာသည်။ပန်းဟွာသည် ပြတင်းပေါက်ကို မှီ၍ ကောင်းကင်ရှိ လမင်းကို မော့ကြည့်လိုက်ပြီး ယင်းရှစ်ဘက်လှည့်လိုက်ရင်း
"အမေ၊ စိတ်ထဲမှာ တစ်ခုခုရှိနေလို့လား"
ယင်းရှစ် ပြုံးပြီး ဘာမှပြန်မပြောသေးဘဲ သက်ပြင်းတစ်ချက်အသာချလိုက်၏။
"ဟွာဟွာ့ကို မပြောသင့်တဲ့အရာတွေရှိတယ်၊ဒါပေမယ့် မြို့စားမင်းရုံဟာ ရည်မှန်းချက်ကြီးတဲ့လူဆိုတာ အမေ သိတယ်၊သမီးရဲ့ကံကြမ္မာဟာ လေးနှစ်အတွင်းမှာ ပြောင်းလဲသွားတယ်ဆိုရင် အနာဂတ်မှာ သမီးဟာ နောက်ထပ်လူတွေနဲ့ တွေ့ဆုံပြီး လုပ်ကြံမှုများစွာနဲ့ ရင်ဆိုင်ရလိမ့်မယ်"
"သမီး မကျော်ဖြတ်နိုင်မှာကို အမေ စိုးရိမ်နေတာလား"
"ဟင့်အင်း...ပန်းမိသားစုက သမီးကို မကာကွယ်နိုင်တော့မှာကို စိုးရိမ်မိတာပါ၊ သမီး မောင်လေးကလည်း တုံးတယ်၊ ဧကရာဇ်အသစ်က ဘယ်သူဖြစ်မလဲဆိုတာ အမေတို့မသိဘူး၊ သမီး ဘဝ မအေးချမ်းမှာကိုပဲ အမေ စိုးရိမ်တယ်"
ပန်းဟွာက ယင်းရှစ်၏လက်ကို ဆုပ်ကိုင်ထားလိုက်သည်။
"အမေ၊ ဘာဖြစ်နေတာလဲ၊သမီးတို့က ဘယ်လိုပဲဖြစ်လာဖြစ်လာ အတူတူရှိနေမယ်လို့ ကတိပြုထားတယ်လေ၊အနာဂါတ်မှာ ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး၊မသိတာတွေကို လိုက်ခံစားပြီး လက်ရှိကို မပျော်မရွှင်ဖြတ်သန်းဖို့ မလိုဘူးလေ"
" သမီးက မဆင်မခြင်လုတ်တတ်ပေမယ့် စဉ်းစားဉာဏ်လေးရှိတယ်၊သမီးက ဉာဏ်ကောင်းပေမယ့် တချို့ကိစ္စတွေကို လုပ်တဲ့အခါ သတိလက်လွတ်ဖြစ်သွားတတ်တယ်၊သမီးက အမေနဲ့မတူသလို၊သမီးရဲ့အဖေနဲ့လည်း မတူဘူး၊ သမီး အဖွားငယ်ငယ်ကနဲ့တူတယ်လို့ ထင်တယ်"
"သမီး အဖွားလို နေရတာ မကောင်းဘူးလား"
"သမီးရဲ့အဖွားက လူကောင်းပါ၊ သူက အရာရာကို မြင်နိုင်တယ်၊ ဒါပေမယ့် သူမသာ တချို့ဟာတွေကို မသိချင်ယောင်ဆောင်နိုင်ခဲ့ရင် ပိုကောင်းတဲ့ ဘဝ ရလိမ့်မယ်"
ယင်းရှစ် သမီးဖြစ်သူ၏ တောက်ပသော အနက်ရောင်မျက်လုံးများကို ကြည့်လိုက်မိသည်။သို့ရာတွင် တော်ဝင်မိသားစုနှင့်ပတ်သက်သည့် ထင်မြင်ယူဆချက်များကို သူမအား မပြောခဲ့ပေ။
"ဒါပါပဲ၊ သမီး အိပ်ယာဝင်တော့"
"အမေ တစ်ခုခု ဖုံးကွယ်နေတာလား၊အဖွားနဲ့ သက်ဆိုင်တာများလား"
ယင်းရှစ် ခေါင်းယမ်းလိုက်ရင်း စားပွဲပေါ်မှ သေတ္တာကိုဖွင့်ပြီး စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။
"သမီးတို့အဖေနဲ့အမေ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဒီပစ္စည်းတွေကို ပြင်ဆင်ခဲ့တာ၊အဘိုးအဘွားတွေက သမီးအတွက်ထားခဲ့တဲ့ ကိုယ်ပိုင်ပစ္စည်းတွေလည်း ထည့်ထားတယ်၊သမီးက ငယ်သေးလို့ မပေးခဲ့တာ၊အခု သမီးကို ပေးမယ်"
ပန်းဟွာက စာရွက်များကို ယူကြည့်ရင်း ဖတ်ပြီးနောက် ခေါင်းမူးလာရသည်။ သူမမှာ ပိုင်ဆိုင်မှုတွေ အများကြီးရှိတာလား?
"အမေ၊ ဘာလို့ သမီးကို ပေးတာလဲ" သူမသည် စာရွက်များကို သေတ္တာထဲ ပြန်ထည့်လိုက်ကာ "သမီး အိမ်ထောင်မပြုသေးပါဘူး"
"နောက်နှစ်ကျ ပြုမှာပဲလေ....ဒါတွေက သမီးပိုင်တဲ့အရာတွေပဲ၊ သမီး နာမည်အောက်မှာ ဘယ်နယ်ပယ်တွေရှိတယ်ဆိုတာ သိထားရမယ်၊ မဟုတ်ရင် တစ်နေ့မှာ သမီး ပိုင်ဆိုင်မှုစာရင်းအင်းတွေ စစ်ဆေးချင်တယ်ဆိုရင် ဘယ်သူ့ကိုရှာမှာလဲ"
"အဖွားရဲ့ ပစ္စည်းတွေကို ချန်မာမားက ပြုစုစောင့်ရှောက်ထားတယ်လေ၊ သူမက လူကောင်းတစ်ယောက်လို့ သမီးထင်တယ်၊ နောင်မှာလည်း သမီးရဲ့ ပိုင်ဆိုင်မှုကို သူမပဲ ထိန်းပေးပါလိမ့်မယ်၊သမီးရဲ့ အစေခံတွေက သစ္စာရှိပေမဲ့ သူတို့တွေက ငယ်လွန်းတယ်၊ ချန်မာမား လောက် အတွေ့အကြုံမရှိကြဘူး"
"တိုက်ဆိုင်လိုက်တာ၊ အမေလည်း ဒီလိုပဲလုပ်ဖို့ စီစဉ်ခဲ့တာ၊ တခြားသူဆိုရင် စိတ်ပူရလိမ့်မယ်၊ ဒါပေမယ့် ချန်မာမား ဆိုရင် ပြီးပြည့်စုံသွားတယ်၊ ဒါပေမယ် သမီးပျင်းလို့မရဘူး၊ဘာတွေ သင်ယူရမယ်ဆိုတာကို အမြဲကြည့်ပြီး အားလုံးကို သင်ယူရမယ်၊မဟုတ်ရင် အစေခံတွေက သမီးကို အရူးလုပ်လိမ့်မယ်..."
ယင်းရှစ်က စာရွက်များကို သပ်သပ်ရပ်ရပ်လုပ်ပြီး သေတ္တာကိုပိတ်ကာ ပန်းဟွာရှေ့သို့ တွန်းပေးလိုက်၏။
ပန်းဟွာက ညှိုးငယ်သော မျက်နှာဖြင့် သေတ္တာကို ယူလိုက်သည်။ မသိလျှင်၊ အကြွေးစားရင်းများအား လက်ခံရသည့်နှယ်ပင်။
မိန်းကလေးများထက် ယောက်ျားလေးများကို မျက်နှာသာပေးသော မိသားစုမျိုးတွင် ကြီးပြင်းရသူ မိန်းကလေးများသာ ဤအချင်းအရာသိပါက ပန်းဟွာအား အံကြိတ်ကာ မုန်းတီးနေပေလိမ့်မည်။ ထိုမိန်းကလေးများသည်လည်း သူမလိုပင် ပိုင်ဆိုင်မှုများ လိုချင်ရှာပေမည်။သို့သော် တခြားမိသားစုများသည် သားများကိုသာ တန်ဖိုးထားကြ၏။အိမ်ထောင်သည်သမီးကို ပေးကမ်းကြသည်ဟူ၍မရှိ။
ပန်းဟွာသည် မဟော်ဂနီသေတ္တာတစ်ခုနှင့် ယင်းရှစ်၏အခန်းထဲမှ ထွက်လာသည်ကို ရူရီ တွေ့လိုက်ရသည်။ သူမ ချက်ချင်းပင် ကျွင်းကျူး၏ သေတ္တာကို ယူလိုက်သည်။
"ကျွင်းကျူး၊ အခုပဲ ရှစ်ကျစ်က သစ်သီးတစ်ပန်းကန် ပို့လိုက်ပါတယ်၊ သူက သူငယ်ချင်းဆီက လက်ဆောင်ရထားလို့ ကျွင်းကျူး စားကြည့်စေချင်တယ်လို့ ပြောပါတယ်"
"အဲဒါ ဘာအသီးလဲ"
ရူရီက ခဏစဉ်းစားပြီး
"လိုင်ချီးသီးလား၊ဘာလား မသိပါဘူး...ကျွန်မ သိပ်မသိပါဘူး၊ပစ္စည်းကို ရေခဲထဲမှာပဲ သိမ်းထားရတယ်လို့ ပြောကြတယ်၊အဲဒါကို သယ်ယူရတာ ရေခဲတွေ အများကြီးကုန်ပြီး ဧကရာဇ်ဆီကို အမြန်ရောက်ပို့ရတာ မြင်းတွေလည်း ခရီးပန်းလို့ အတော်သေကြတယ်တဲ့၊သိပ်လည်း နူးညံ့လို့ အကြာကြီး သိမ်းထားလို့ မရဘူးတဲ့"
"ဪ လိုင်ချီးသီး ဖြစ်ရမယ်"
ပန်းဟွာ ခြံဝင်းထဲကို ပြန်ရောက်သော် စားပွဲပေါ်မှာ လိုင်ချီးသီး တစ်ပန်းကန် ရှိသည်။အသီးက မများသော်လည်း အလုံးတိုင်းမှာ အရောင်တောက်တောက်နှင့် စိုလက်နေကာ ကြီးမားလှသည်။ဂရုတစိုက်ရွေးချယ်ထားမှန်း သိသာသည်။ပန်းကန်အောက်ခြေတွင် ရေခဲများရှိနေသည်။
"ဒါကို ဘယ်သူပို့လိုက်တာလဲ"
ပန်းဟွာသည် အေးခဲထားသော လိုင်ချီးသီးကို အခွံခွာပြီး ပါးစပ်ထဲသို့ ထည့်လိုက်ရာ သူမ တစ်ကိုယ်လုံး အေးမြသွားသလို ခံစားလိုက်ရသည်။
"ရှစ်ကျစ်ရဲ့ အစေခံ ချိုးလျန့်ပါ" ရူရီက လက်ဖက်ရည်ပူပူတစ်ခွက် ယူလာပေးရင်း "ကျွင်းကျူး သူ့ကိုတွေ့ချင်လို့လား"
"အင်း၊ သူမကို ဝင်ခွင့်ပြုလိုက်ပါ"
ပန်းဟွာသည် လက်ချောင်းထိပ်များကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်၏။
"ပြီးရင် အစေခံတွေကို ရေပြင်ထားခိုင်းနော်၊ငါ ရေချိုးချင်တယ်"
"ဟုတ်ကဲ့"
ပန်းမိသားစုမှ သခင်များသည် ရေချိုးခြင်းကို နှစ်သက်ကြသည်။ထို့ကြောင့် အိမ်တော်က နေ့တိုင်း ရေနွေးပူပူကို ပြင်ဆင်ရသည်။သခင်များ လိုအပ်လျှင် မြန်မြန်မပို့နိုင်မှာကို ကြောက်ကြ၏။
သိပ်မကြာခင်မှာပင် ချိုးလျန့် ဝင်လာခဲ့၏။
" မောင်လေးဟမ်ရော စားပြီးပြီလား"
ပန်းဟွာသည် ငွေရောင်ဆံညှပ်ကို အသုံးပြု၍ ပန်းကန်အောက်ခြေရှိ ရေခဲများကို ညင်သာစွာ ထိုးဖွလိုက်သည်။ ရေခဲများက အသံများမြည်သွားရလေသည်။
"ရှစ်ကျစ် လည်း စားသုံးပြီးပါပြီ၊နေ့ခင်းဘက်တုန်းက ကျွင်းကျူး ဒီမှာမရှိလို့ ဒီလိုင်ချီးပန်းကန်ကို ချန်ထားပေးတာပါ"
ချိုးလျန့်က ရိုးရိုးသားသား ကလေးဖြစ်ပြီး သူမ မေးသမျှကို ပြန်ဖြေသည်။
"ကောင်းပါပြီ" သူမ ပြုံးရင်း မတ်တပ်ရပ်လိုက်ပြီး ချိုးလျန့်အတွက် အံဆွဲထဲမှ ငွေအနည်းငယ်ကို ယူလိုက်သည်။
"မောင်လေးဟမ်ကို ညကျရင် စောစောအိပ်ခိုင်းပါ၊သူ့ကို စာအုပ်တွေ မဖတ်စေနဲ့"
"ဟုတ်ကဲ့.."
ချိုးလျန့် အံ့သြသွားသည်။ အမွေဆက်ခံသူသည် ယခုတလော စာအုပ်များ ဖတ်နေမှန်း ကျွင်းကျူး မည်ကဲ့သို့ သိသနည်း။
ချိုးလျန့် ၏ မျက်နှာအမူအရာကိုကြည့်ရင်း ပန်းဟွာက သဘောပေါက်ကာ
"သူသွားလေ့ရှိတဲ့ စာအုပ်ဆိုင်မှာ စာအုပ်အသစ်ထွက်တယ်၊သူ မဖတ်ဘူးဆိုတာ မဖြစ်နိုင်ဘူးလေ"
ချိုးလျန့် ပြန်ရောက်သောအခါ ပန်းဟမ်အား ပြန်ပြောပြသည်။
"မဖတ်ရင် စာအုပ်အသစ်တစ်အုပ်က ကောင်းမကောင်း ဘယ်လိုသိနိုင်မှာလဲ"
ထိုသို့ ပြောပြီး ပန်းဟမ်က လက်ထဲမှ စာအုပ်ကို ချလိုက်သည်။
"ရေချိုးမယ်၊ ရေပြင်ထား"
xxxxx