အပိုင်း၁၁၄
Viewers 8k

Chapter 114


ဧကရာဇ် ယွင်ချင် အိပ်မပျော်ဖြစ်နေသည်။လမ်းမလျှောက်နိုင်ကတည်းက ညဘက်ဆိုလျှင် အိပ်မပျော်ဘူးဟု ဆိုရပါမည်။ နေ့ဘက်တွင် အလွန်အကျွံအိပ်ခြင်းကြောင့်လား သို့မဟုတ် ညတာက ရှည်လွန်းသောကြောင့်လားမသိ၊ သို့သော် သူ့စိတ်ကို အေးချမ်းစေမည့် အမွှေးဖယောင်းတိုင်များအား နန်းတော်အစေခံများက အမြဲလိုလို ထွန်းညှိပေးလေ့ရှိသည်။


 ဧကရာဇ်အစောင့်တပ်မှူး ဝင်လာသောအခါတွင် နန်းတွင်းအကူတစ်ဦးသည် ဧကရာဇ်အား ဆေးတိုက်သည်။ ပိတ်စ ကုလားကာများအားလုံးကို ကာရံထားပြီးဖယောင်းတိုင်မီးများသည်လည်း နေ့ခင်းဘက်ကဲ့သို့ ထိန်လင်းတောက်ပနေသည်။


 အစောင့်တပ်မှူး ဝင်လာသည်ကိုမြင်သော် ဧကရာဇ် လက်ကို ဝှေ့ယမ်းပြီး နန်းတော်အစေခံကို ထွက်သွားခိုင်းလိုက်၏။ နန်းတော်အစေခံသည် ဧကရာဇ်၏ပါးစပ်ထောင့်များကို လက်ကိုင်ပုဝါဖြင့် သုတ်ပေးကာ ထွက်သွား၏။

  

 "ဘာဖြစ်တာလဲ" 


 ဧကရာဇ် ယွင်ချင်၏ အသံသည် အနည်းငယ် ဩရှနေသည်။ဧကရာဇ်အစောင့်တပ်မှူးက အသံတိုးတိုးလေးဖြင့် ပြောသည်။


 "အရှင်မင်းကြီး၊ အကြီးဆုံးသခင်လေးရှဲ့ရဲ့ ခန္ဓာကိုယ်ဟာ ထိခိုက်ပျက်စီးနေပါပြီ၊သူဟာ အနာဂတ်မှာ ကလေးမွေးနိုင်တဲ့ ယောက်ျားတစ်ယောက် ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး၊နင်းဝမ် နဲ့ ဒုတိယကြင်ယာတော်မင်းသမီးတို့ဟာ ကျုံးဖျင်နယ်စားမင်း အိမ်တော်ဆီကို ဒီနေ့မွန်းလွဲပိုင်းမှာ သွားလည်ခဲ့ပါတယ်၊ ဒါပေမယ့် အိမ်တော်က ထွက်သွားတဲ့အခါမှာတော့ နှစ်ယောက်လုံး သဘောထားကွဲလွဲခဲ့ကြပါတယ်"


 "ဒီနေ့နေ့လည်က ဖြစ်ပျက်ခဲ့တာကို အခုချိန်ထိ ဘာလို့ သတင်းမပို့တာလဲ" 


ဧကရာဇ် မကျေမနပ် ဖြစ်နေသည်။ သူ့မှာ လျှို့ဝှက်သူလျှိုနှစ်ယောက်ရှိသည်။နှစ်ယောက် စလုံးက တစ်ယောက်ကိုတစ်ယောက်မသိကြ။ အရည်အချင်းအရ ရုံရှားက ပိုကောင်းသော်ငြား ရုံရှားသည် လက်ရှိတွင် ဒဏ်ရာများရထားတာကြောင့် သူ အသုံးပြုနိုင်သည့်လူမှာ သူ့ရှေ့မှ အစောင့်တပ်မှူးသာဖြစ်သည်။


 "ကျွန်တော်မျိုး အရည်အချင်းမရှိတဲ့အတွက် ခွင့်လွှတ်တော်မူပါ အရှင်မင်းကြီး"  


အစောင့်တပ်မှူးက ရှင်းပြမနေဘဲ ခွင့်လွှတ်ရန် ဒူးထောက် တောင်းပန်လိုက်သည်။


 "ရပါတယ်၊ တရားခံရှာတွေ့ပြီလား၊ ရှဲ့ကျုံးကျင်းက အာဏာ ဆုံးရှုံးသွားသူတစ်ယောက်ပါ၊ သူ့ကို ဘယ်သူက ဆန့်ကျင်တာလဲ"


ရှဲ့ကျုံးကျင်းတွင် တရားဝင်ရာထူးမရှိသော်လည်း သူ့တွင် ဖခင်တစ်ဦးနှင့် ဒုတိယကြင်ယာတော်မင်းသမီး ဖြစ်သည့် ညီမငယ်တစ်ဦးရှိသည်။ ဘာပဲဖြစ်ဖြစ် သူ့အဆင့်အတန်းက သာမာန်ထက်တော့ ထူးကဲနေသေးသည်။


 "ကျွန်တော် စုံစမ်းကြည့်ပါတယ်၊ဒီအဖြစ်အပျက်က တိုက်ဆိုင်မှုတစ်ခုပါပဲ"  


ရှဲ့ကျုံးကျင်း အရက်မူးနေချိန်တွင် ဒေသခံလူမိုက်များနှင့် ရန်ဖြစ်ပုံအကြောင်း ပြောပြသည်။ဤအဖြစ်အပျက်နှင့် ပတ်သက်ပြီး သံသယဖြစ်စရာ ဘာမှမရှိ။လူအုပ်ကို ဒေါသထွက်စေသူမှာ ရှဲ့ကျုံးကျင်းဖြစ်ပြီး ပထမတိုက်ခိုက်သူမှာလည်း ရှဲ့ကျုံးကျင်း ဖြစ်သည်။ ထိုလူမိုက်များက သူ့ကို နာကျင်အောင် လုပ်ရဲလိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။


ထို့နောက် အစောင့်တပ်မှူးက ဧကရာဇ် ယွင်ချင်အား ဤအဖြစ်အပျက်နှင့် ပတ်သက်၍ တခြားအိမ်တော်များ၏ တုံ့ပြန်မှုအမျိုးမျိုးကို ပြောပြသည်။ထိုစကားကိုကြားပြီးနောက် ဧကရာဇ်သည် သိချင်ဇောကပ်နေဟန်ဖြင့် မေးလိုက်၏။


"ပန်းမိသားစုကော ဘယ်လိုလဲ" 


" ပန်းမိသားစု...."  


အစောင့်တပ်မှူး အံ့အားသင့်သွားရသည်။ ချက်ချင်း ရှဲ့ကျုံးကျင်း ဒဏ်ရာအပေါ်  ပန်းမိသားစု၏ တုံ့ပြန်မှုနှင့်ပတ်သက်၍ ဧကရာဇ် ဘာကြောင့် အလွန်စိုးရိမ်ကြောင်း သူချက်ချင်းနားလည်ခဲ့သည်။ ယခင်က ကောကုန်းကျင့်ထင်ကို လုပ်ကြံသတ်ဖြတ်သည့် တကယ့်တရားခံမှာ ရှဲ့ကျုံးကျင်း ဖြစ်သည်။ ဧကရာဇ်သည် နောက်ဆက်တွဲဆိုးကျိုးများကို ရှင်းပေးသူဖြစ်သည်။ မဟုတ်ပါက ရှဲ့မိသားစုဆိုသည်ကို တရားရုံးချုပ်က သိရှိသွားမည်ဖြစ်သည်။


 "ပန်းမိသားစုက ဒီသတင်းကိုကြားတဲ့အခါ ဘယ်သူမှ အလည်အပတ်မသွားကြပါဘူး၊ ဒါပေမဲ့ ပန်းဟွာကျွင်းကျူးက အိမ်ပြန်ရောက်တဲ့အခါ ဒုတိယသခင်လေးရှဲ့နဲ့ တွေ့ပါတယ်၊သခင်လေးရှဲ့က ပန်းမိသားစုဆီကနေ သမားတော် ငှားချင်နေပါတယ်"


 "ပန်းမိသားစုက သမားတော် ငှားပေးလား"


 "ဟုတ်ကဲ့"


 အခန်းသည် တိတ်ဆိတ်သွားပြန်သည်။  ခဏအကြာတွင် ဧကရာဇ် ယွင်ချင်က ခေါင်းညိတ်ပြီး 


"ဒါက ပန်းမိသားစု သေချာပေါက် လုပ်မယ့် ကိစ္စပဲ"


 ယင်းမှနေ၍ ပန်းမိသားစုသည် တကယ့် တရားခံက ရှဲ့မိသားစုဖြစ်သည်ကို မသိသေးကြောင်း တွေ့မြင်နိုင်သည်။တခြားသူသာဆိုလျှင် သံသယရှိသူများကို မရေမတွက်နိုင်အောင် သံသယဝင်မိပေမည်။သို့ရာတွင် ပန်းမိသားစုကမူ သူပြောသမျှကို ယုံသည်။ထိုသို့ နာခံမှုရှိသည့် အရာရှိများကို သူ သဘောကျ၏။


 "မကြာသေးခင်က ငါကိုယ်တော့်အတွက် လိုင်ချီးသီးတွေ ရထားတယ်လို့ အိမ်တွင်းရေးရာဌာနဆီက ကြားတယ်၊ ပန်းမိသားစုဝင်တွေက လိုင်ချီးသီး သိပ်ကြိုက်တာ၊မနက်ဖြန်မနက် တစ်ယောက်ယောက်ကို တစ်ခြင်းလောက် သွားပို့ပေးပါ"


 "ဟုတ်ကဲ့" 


 ဧကရာဇ်အစောင့်တပ်မှူးသည် ဤကိစ္စက သူနှင့်မသက်ဆိုင်မှန်းသိသော်လည်း  ဧကရာဇ် အိပ်ငိုက်နေသည်ကို မြင်၍ တိတ်တဆိတ် သဘောတူလိုက်သည်။သူ ခဏရပ်ပြီး ဧကရာဇ် အိပ်ပျော်ကြောင်း သေချာအောင် ကြည့်ပြီးနောက် အတွင်းခန်းထဲက တိတ်တဆိတ် ထွက်လာခဲ့သည်။ထိုအခါ တံခါးအပြင်ဘက်မှာ စောင့်နေသည့် ဝမ်ကုန်းကုန်းကို တွေ့လိုက်၍ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ဦးညွှတ်ကြသည်။


"ဝမ်ကုန်းကုန်း၊ အိမ်တွင်းမှုရေးရာဌာနကနေ မနက်ဖြန်မနက် ကျင့်ထင်အိမ်တော်ကို လိုင်ချီးသီးတောင်းတစ်တောင်းကို ပို့ပေးပါလို့ ဧကရာဇ် ပြောခဲ့ပါတယ်"  ဧကရာဇ်အစောင့်တပ်မှူးက အတွင်းခန်းကို ကြည့်လိုက်ပြီး 


"ဧကရာဇ် အိပ်ပျော်နေပါပြီ၊ အရင်ကဆို ဧကရာဇ်က ကောင်းကောင်းမအိပ်ဘူး၊ ဝမ်ကုန်းကုန်းတော့ ပင်ပန်းနေမှာဘဲ"


ဝမ်ကုန်းကုန်း သက်ပြင်းချရင်း၊


"တပ်မှူးချမ်ကလည်း..ဧကရာဇ်ကို ပြုစုဖို့က ကျွန်တော့် တာဝန်ပါ၊ဘာပြဿနာမှ မရှိပါဘူး၊ လိုင်ချီးသီးတွေကို ဒီနေ့ နန်းဆောင်တွေအကုန်လုံးဆီကို ပေးလိုက်ပါပြီ၊အရှေ့နန်းတော်နဲ့ နင်းဝမ်ကိုသာ အပို့မလွှတ်ရသေးတာ၊ ဒါက… "


"ဧကရာဇ်က အမိန့်ချထားတာပဲ၊ ကျွန်တော်တို့ကလည်း အမိန့်အတိုင်းပဲ လုပ်နေတာပါ၊ အိမ်ရှေ့မင်းသားနဲ့ မင်းသား နင်းဝမ်က မကျေနပ်ရင် ဧကရာဇ်ရှေ့ကိုလာပြီးငြင်းခုံကြဖို့ပဲ ရှိတယ်" 


 "တပ်မှူးချမ်က ပညာရှိပဲ..."


 "ထွက်သွား! ထွက်သွား!"


 "တစ်ယောက်ယောက်လာကြစမ်း!"


 "ဧကရာဇ် အိပ်မက်ဆိုးတွေ ထပ်မက်ပြန်ပြီ"  


ဝမ်ကုန်းကုန်းနှင့် ဧကရာဇ်အစောင့်တပ်မှူးတို့သည် အခန်းထဲသို့ အမြန်ပြန်ဝင်ခဲ့ကြသော်လည်း သူတို့၏မျက်နှာထက်တွင် ထိတ်လန့်မှုများစွာမရှိခဲ့ပေ။ဧကရာဇ်သည် လေဖြတ်ခံရပြီးကတည်းက မကြာခဏ အိပ်မက်ဆိုးများ မက်လေ့ရှိသည်။ ထို့ကြောင့် သူတို့အတွက် မထူးဆန်းတော့။


 မေလကုန်တွင် မြို့တော်သည် ရုတ်တရက် အပူကဲလာသည်။  


ပန်းဟွိုက်သည် ရုံရှား ပေးလိုက်သော ကျေးဇူးတင်လွှာအား ဧကရာဇ် ယွင်ချင်ရှေ့တွင် ဖတ်ပြလေသည်။စာဆုံးသောအခါ ဧကရာဇ် မျက်နှာထက်မှာ အဆုံးမဲ့နောင်တစိတ်များ ဖြစ်နေပြီး ကြောက်ရွံ့နေဟန်လည်း ပေါ်လွင်နေသည်။


 "ပန်းဟွိုက်" 


ဧကရာဇ်၏လက်များသည် သွက်လက်မှုမရှိဘဲ တုန်တုန်ယင်ယင်ဖြင့် ကျေးဇူးတင်လွှာကိုလှမ်းယူလိုက်သည်။


 "ရုံရှားက သိပ်တော်တဲ့ကလေးပါ၊ စိတ်မပူပါနဲ့ ငါသေချာပေါက် သူ့ကို ကောင်းကောင်းဆက်ဆံပေးမှာပါ"


ပန်းဟွိုက် အလွန်စိတ်ရှုပ်ထွေးနေသော်လည်း ဧကရာဇ်မင်းမြတ်အား 


"ကျေးဇူးအများကြီးတင်ပါတယ် အရှင်မင်းကြီး၊ကျွန်တော် သူ့ဆီ သွားလည်ပြီး ပြောပြလိုက်ပါ့မယ်"


 "မလိုပါဘူး ကိုယ်တော် သူ့ဆီကို လူလွှတ်လိုက်ပါမယ်"


ဧကရာဇ်ယွင်ချင်၏ မျက်လုံးများသည် အနည်းငယ် မငြိမ်မသက်ဖြစ်နေပြီး နားမလည်နိုင်သော ရူးသွပ်မှု အရိပ်အမြွက်ပင် ရှိနေသည်။ပန်းဟွိုက် သူ့ကို မကြည့်ဝံ့ဘဲ ခေါင်းကို ငုံ့ထားသည်။


 ရာသီဥတုပူလာသည့်အခါ နေရထိုင်ရခက်လာတတ်သည်။ကံကောင်းထောက်မစွာ၊ ရုံရှား၏ဒဏ်ရာသည် အများအားဖြင့် သက်သာသွားခဲ့သည်။ သို့မဟုတ်လျှင် ယခုလို ပူအိုက်သည့် ရာသီဥတုမှာ အနာက ယားလာမှာ သေချာ၏။ရုံရှားသည် ရိုးရိုးပိတ်ပါးစ ၀တ်စုံကို ၀တ်ဆင်ထားပြီး သူ့မျက်နှာမှာ နေမကောင်းဖြစ်နေ၍ ဖြူဖျော့နေသည်။


တပ်မှူးချမ် နှင့် ရုံရှား သည် မျက်နှာချင်းဆိုင်ထိုင်နေ၏။တပ်မှူးချမ်က အားနာနေသော မျက်နှာအမူအရာဖြင့် သူ့ခရီးစဉ်၏ ရည်ရွယ်ချက်ကို ရှင်းပြသည်။


 ဧကရာဇ် ယွင်ချင်သည် မကြာသေးမီက ကောင်းကောင်းအိပ်မပျော်ခဲ့သဖြင့် သူ့အခန်းတွင် အဆောင်တစ်ခုကပ်ထားလိုသည်။ ထို့ကြောင့် ရုံရှားကို တံခါးစောင့် နတ်ဘုရားပုံအဆောင် ဆွဲခိုင်းလိုက်သည့်အကြောင်းပင်။


 "ဧကရာဇ်ရဲ့ စိုးရိမ်ပူပန်မှုတွေကို မျှဝေရတာဟာ ကျွန်တော့်ရဲ့ ဂုဏ်ယူစရာပါပဲ"  


ရုံရှား အလေးပြုရန် ထရပ်လိုက်သောအခါ သူ့မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အမြွက်ကို တွေ့လိုက်ရသည်။ဒဏ်ရာက မပျောက်သေးသဖြင့် သူလှုပ်ရှားလိုက်သည်နှင့် နာကျင်သွားခြင်းပင်။အိမ်ရှေ့စံကြောင့် ဧကရာဇ်သည် ရုံရှားကို အမျက်ထွက်ကာ ရိုက်နှက်ဆုံးမခဲ့ခြင်းဖြစ်သည်။ ယခုလည်း ရုံရှား၏ဒဏ်ရာက မပျောက်သေးဘဲနှင့်၊သူ့အတွက်  တံခါးနတ်ဘုရားပုံတူကို ကူးယူစေချင်ပြန်သည်။


ကံကောင်းထောက်မစွာ၊ ရုံရှားသည် ဧကရာဇ်အပေါ် သစ္စာစောင့်သိခဲ့သည်။တခြားသူသာဆိုလျှင် မကျေမနပ်ဖြစ်လိမ့်မည်။


အရာရှိတစ်ယောက်အနေဖြင့် ဧကရာဇ်အပေါ် သစ္စာစောင့်သိသင့်သော်လည်း ဧကရာဇ်အနေဖြင့်လည်း မိမိလက်အောက်ခံများကို စာနာနားလည်သင့်သည်။ အရာရှိများကြောင့်သာ မဟုတ်လျှင် သူလည်း နဂါးပလ္လင်ပေါ်မှာ ကြာကြာထိုင်နိုင်မှာ မဟုတ်ပေ။


တပ်မှူးချမ် ထွက်သွားပြီးနောက် တုကျိူးသည် မျက်နှာပျက်သွားကာ


 "ဧကရာဇ်က အရမ်းအနိုင်ကျင့်လွန်းတယ်"


 "ဘာတွေ ဒေါသထွက်နေတာလဲ"  ရုံရှား တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်ပြီး 


"ငါကတော့ သူ့ကို ကျန်းမာပြီး ကောင်းကောင်းနေစေချင်တယ်"


 "ကောကုန်း"


ရုံရှား၏ အသံက အေးစက်နေပြန်သည်။ 


"အနည်းဆုံးတော့ လာမယ့် မတ်လအထိပေါ့၊ မင်္ဂလာပွဲကျင်းပတဲ့အခါ  သူ့ကို ကံဆိုးမနေစေချင်ဘူး"


 “ဒါဆို ဒီ ရေးရမယ့်ကျမ်းစာတွေကို…”


 "ဆရာတော်ယွင်ဆီ အပ်ထားလိုက်ပါ...တရားထိုင်ပြီး ကျမ်းဂန်ရွတ်ဆိုဖို့သက်သက် ငါ သူ့ကိုခေါ်ထားတာမဟုတ်ဘူးလေ"

  

သူ ခေါင်းငုံ့ကာ သူ့ဘေးနားရှိ အံဆွဲထဲမှ အရုပ်နှံကောင်တစ်ကောင်ကို ထုတ်ယူရင်း လက်ထဲတွင် ဖြည်းညှင်းစွာ ကစားသည်။ထိုမှပင် သူ့မျက်နှာက လန်းဆန်းလာခဲ့သည်။


 "ဟုတ်ကဲ့" 


 "ကောကုန်း ကျင့်ထင်အိမ်တော်က ထပ်ပြီး ပစ္စည်းပို့ပေးလာပါတယ်"


"ထပ်ပြီး" ဟူသော စကားလုံးသည် ပိုမိုလေးနက်သော အဓိပ္ပါယ်ရှိပုံရသည်။   မကြာခင်မှာ ပစ္စည်းရောက်လာသည်။ယခုလက်ဆောင်က အေးခဲထားသော လိုင်ချီးသီး ခြင်းတောင်းတစ်ခုဖြစ်သည်။  တစ်ချက်ကြည့်ရုံဖြင့် အရသာရှိပုံပေါက်နေ၍ ရုံရှား အခွံခွာပြီး နှစ်လုံးစားပစ်လိုက်သည်။ထို့နောက် ကျင့်ထင်အိမ်တော်၏ အစေခံအား တုကျိူးကို လိုက်ပို့စေသည်။လိုင်ချီးသီး တစ်ခြင်းတောင်းဟု ခေါ်သော်လည်း၊ အပေါ်မှ လိုင်ချီးသီးအလွှာတစ်ခုသာ ပါပြီး ရေခဲက တောင်းတစ်ဝက်ဖြစ်သည်။ သို့သော်လည် ဂရုစိုက်ခံရသော ခံစားချက်က အတော်ကောင်းသည်။


 ရေခဲသည် အေးမြသောလေကို ထုတ်လွှတ်လျက်ရှိ၏။ရုံရှားသည် လိုင်ချီးသီး နှစ်ခုကိုယူကာ သူ့လက်ဖဝါးပေါ်တင်လိုက်သည်။  သူ့ရင်ထဲတွင် အပူများမှာလည်း သဲလွန်စမရှိဘဲ မျိုသိပ်ထားရသည်။


 ထိုညတွင် ရုံရှား၏ တံခါးနတ်ဘုရားပုံကို ဧကရာဇ် ယွင်ချင်ထံ ပေးအပ်ခဲ့သည်။ကျမ်းစာများသည် ရှည်လွန်းသောကြောင့် အချိန်တိုအတွင်း ကူးယူ၍မပြီးနိုင်ပေ။ပြီးမှသာ ပို့ပေးရပေမည်။


တံခါးနတ်ဘုရားပုံကို အပ်လိုက်သည်နှင့် တပြိုင်နက် ဧကရာဇ် ယွင်ချင် သည် တပ်မှူးချမ်အား တံခါးပေါ်တွင် ကပ်ခိုင်းလိုက်သည်။ 


 "အရှင်မင်းကြီး" 


ဝမ်ကုန်းကုန်းသည် ဗန်းတစ်လုံးနှင့် ဝင်လာသည်။  ဗန်းပေါ်တွင် အရုပ်ဆိုးသော အိတ်တစ်လုံးရှိသည်။ အိတ်ပေါ်ရှိ စကားလုံးများသည် ကွေ့ကောက်ကောက်နေသော်လည်း အိမ်တော် ဟူသော စာလုံးကိုတော့ ကောင်းစွာမြင်နေရသေး၏။ 


 "ဒါကဘာလဲ"


 "ကျင့်ထင်အိမ်တော်ကို လိုင်ချီးသီးတွေ ပို့ပေးတုန်က ပန်းဟွာကျွင်းကျူးကိုယ်တိုင် ဒီအိတ်ကို ပန်းထိုးသီထားတယ်ဆိုပြီး အစေခံတစ်ယောက်က ပေးလိုက်တာပါ" 


"ဒါဆိုလည်း ငါ့ခေါင်းအုံးအောက်မှာ မြန်မြန်ထားလိုက်"


 "ဟုတ်ကဲ့" ဝမ်ကုန်းကုန်း ပြုံးပြီး အိတ်ကို ဧကရာဇ်ယွင်ချင်၏ ခေါင်းအုံးအောက်မှာ ထားလိုက်သည်။ထို့နောက် ဧကရာဇ်ကို စိတ်ချမ်းသာစွာ ကြည့်ကာ ဦးညွှတ်၍ ထွက်သွားလိုက်သည်။


ထိုညတွင် ဧကရာဇ်ယွင်ချင်သည် အလွန်နှစ်ခြိုက်စွာ အိပ်မောကျခဲ့သည်။  အိပ်မက်ဆိုးများလည်း မမက်ဘဲ တစ်ရေးမှမနိုင်အောင် အိပ်ပျော်ခဲ့၏။သူ မျက်လုံးကိုဖွင့်ကြည့်လိုက်လျှင် ပြတင်းပေါက်အပြင်ဘက်မှာ တောက်ပနေသည့် နေရောင်ခြည်ကို မြင်လိုက်ရ၏။ယခုလို စိတ်အေးလက်အေး မခံစားရတာလည်း အချိန်ကြာမြင့်ခဲ့ပြီ။


 ထုံကျင်နေသည့် ညာခြေထောက်နှင့် ညာလက်မောင်းမှ နေ၍ ခံစားတစ်ခုခု ခံစားရလာသလိုပင်။အမွှေးနံ့သာ အိတ်ကြောင့်လား၊ ဒါမှမဟုတ် တံခါးနတ်ဘုရားပုံ ကြောင့်လား။ ဒါမှမဟုတ် နှစ်ခုလုံးကြောင့်လား..


 "တစ်ယောက်ယောက်လာကြစမ်း၊အမိန့်တော်ထုတ်လိုက်၊ ပန်းဟွာကျွင်းကျူးနဲ့ ကောကုန်းချမ်အမ်ကို ဆုလာဘ်တွေ ပေးလိုက်ကြပါ"


နောက်ရက်များတွင်လည်း ဧကရာဇ် ယွင်ချင်သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခဲ့သည်။သူသည် အိပ်ရာပေါ်မှထကာ မိန်းမစိုးများနှင့် နန်းတော်အစေခံများ၏အကူအညီဖြင့် ခြေလှမ်းအနည်းငယ်လှမ်းနိုင်ခဲ့သည်။ကောကုန်းချမ်အမ်က သူ ကူးပေးထားသော ကျမ်းဂန်များကို ပေးပို့ရန် လူလွှတ်သောအခါ၊ ဧကရာဇ်သည်အိပ်ယာပေါ်တွင် လဲလျောင်းနေရသည့် ခါးသီးသောနေ့ရက်များကို ဖယ်ရှားနိုင်မည်ဖြစ်ကြောင်း မျှော်လင့်လာမိလေသည်။


ဧကရာဇ်၏ အကောင်းစား ဆုလာဘ်များကို ပန်းမိသားစုနှင့် ရုံမိသားစုထံ ဆက်တိုက်ပေးပို့ခဲ့သဖြင့် ဧကရာဇ်ဘာဖြစ်သွားမှန်း ဘယ်သူမှ မသိကြ။


 သို့သော်လည်း ဧကရာဇ် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည့် သတင်းသည် တရားရုံးသို့ ပျံ့နှံ့သွားခဲ့သည်။ ကျန်းလောကို မကျေနပ်သော ဝန်ကြီးများစွာသည် ဧကရာဇ်ယွင်ချင် နန်းတွင်းသို့ ပြန်လည်ရောက်ရှိလာမည့်နေ့ကို မျှော်လင့်စောင့်စားနေကြသည်။


ပန်းဟွာကျွင်းကျူး နှင့် ကောကုန်းချမ်အမ်သည် ဧကရာဇ်၏ ကျန်းမာရေးအတွက် ဆုတောင်းရန် ဘုရားကျောင်းသို့ အတူတူသွားခဲ့ကြသည်ဟူ၍ ကောလာဟလများ ထွက်ပေါ်ခဲ့သည်။  ထို့ကြောင့် ဧကရာဇ် လျင်မြန်စွာ ပြန်လည်ကျန်းမာလာခဲ့သည်ဟုဆို၏။သို့သော် ကောလာဟများသည် အတည်မပြုနိုင်သေးသည့်အတွက် မှန်သလား၊ မမှန်သလား ဆိုသည်ကို ဘယ်သူမှ မသိနိုင်ပေ။


 သို့သော်လည်း မဟာရွှေလမင်းနန်းတော်၏ အတွင်းခန်းတံခါးတွင် တံခါးနတ်ဘုရား ပန်းချီကားတစ်ချပ် ရှိနေကြောင်းနှင့် ၎င်းတို့သည် ကောကုန်းချမ်အမ်၏ မူရင်းလက်ရာများဖြစ်ကြောင်း သတင်းများ မကြာမီ ပျံ့နှံ့သွားခဲ့သည်။



xxxxx