အပိုင်း၁၁၅
Viewers 9k

Chapter 115


"အဖေ၊အမေ" ပန်းဟမ်က နန်းတော်က ရောက်လာသော မိန်းမစိုးကို ပြန်လွှတ်လိုက်ပြီး ပြောသည်။


"အခုတလော ဧကရာဇ် ဘာဖြစ်နေတာလဲ၊ ကျွန်တော်တို့ မိသားစုဆီ ပစ္စည်းတွေ ဆက်တိုက်ပို့နေတယ်၊ကျွန်တော်တို့ အတွက် ကောင်းတာဟုတ်ရဲ့လား" ​​


"သမားတော်ကို ရှဲ့မိသားစုဆီကို ငှားပေးထားလို့များဖြစ်နိုင်မလား"  


ပန်းဟွိုက် သားဖြစ်သူထက်တောင် ပိုစိတ်ရှုပ်သွားရသည်။ရုံရှား ရေးသော ကျေးဇူးတင်လွှာကို ဧကရာဇ် ယွင်ချင်အား ပေးပြီးနောက်၊ ဧကရာဇ်သည် ၎င်းကိုဖတ်၍ အနည်းငယ် စိတ်လှုပ်ရှားသွားဟန်တူသော်လည်း သူ့ကိုယ်သူ မထိန်းနိုင်လောက်အောင် တုန်လှုပ်သွားတာမျိုး မဟုတ်ပေ။ စာပေးတာ နှစ်ရက်ကြာပြီးမှ သူတို့မိသားစုဆီ ပစ္စည်းတွေ ဆက်ပို့နေရတာ ဘာကြောင့်လဲ...


ထိုစဉ် ပန်းဟွိုက်၏ ကျေးကျွန်တစ်ဦးက


 " ကျွန်တော် သဘောပေါက်မိတာတစ်ခုရှိပါတယ် သခင်ကြီး…ဧကရာဇ်က ကျွန်တော်တို့ အိမ်တော်ကို ဆုချရုံမကဘူး၊ကောကုန်းချမ်အမ်ဆီကိုလည်း ဆက်တိုက်ဆုတွေပေးနေတာပါ၊အပြင်ကလူတွေကတော့ ဧကရာဇ်က ကျွန်တော်တို့မိသားစုကို မျက်သာပေးတယ်လို့ မနာလိုဖြစ်နေကြပါတယ်"


"ငါတို့မိသားစုကို ဧကရာဇ်က ဘယ်အချိန်က မျက်နှာသာမပေးဘဲ နေလို့လဲ"  


ပန်းဟွိုက် အစေခံကို အပြင်သို့‌သွားခိုင်းလိုက်သည်။ ဧကရာဇ်သည် ယခင်ကတည်းက ပန်းမိသားစုအား ကောင်းမွန်စွာ ဆက်ဆံခဲ့သော်ငြားလည်း ယခုလို နေ့တိုင်း ပစ္စည်းများ မပို့ခဲ့ပေ။ပန်းမိသားစုအပေါ် သူဘယ်လောက်ကောင်းကြောင်း ကမ္ဘာကို သက်သေပြဖို့ သူ မစောင့်နိုင်သည့်အလားပင်။


ပန်းဟမ် တစ်ချက် တုံ့ဆိုင်းသွားကာ


 "ဧကရာဇ်က ရှဲ့မိသားစုကို သိပ်တန်ဖိုးမထားဘူး၊ ရှဲ့မိသားစုအတွက် သိပ်တုန်လှုပ်နေရတဲ့ ရှဲ့ကျုံးကျင်းကိစ္စကိုလည်း ဧကရာဇ်က သိပ်ပြီးအရေးမစိုက်ဘူး၊ဧကရာဇ်က လူနာသတင်းမေးဖို့ လူလေးပဲလွှတ်ပြီး လက်ဆောင်ကလည်း ကျွန်တော်တို့ကိုပေးတဲ့ဟာရဲ့တစ်ဝက်တောင် မပေးဘူး၊အစ်မ နောက်ဆုံးအကြိမ်တုန်းက နန်းတော်ကို သွားပြီး ဧကရာဇ်ကိုပြောတုန်းက ကျွန်တော်တို့ဘက်ပါအောင် ဘာတွေများပြောခဲ့လို့လဲ"


ပန်းဟမ်က ပန်းဟွာကို ကြည့်ကာမေးလိုက်သည်။ မကြာသေးမီက ပန်းဟွာသည် အတော်ပျင်းရိလာဟန်ရှိသည်။ အိမ်တွင် ရှိသော ပန်းထိုးသမားတစ်ယောက်ထံမှ အကြောင်းတစ်ခုခုကြောင့် ပန်းထိုးခြင်းအတတ်ပညာကိုသင်ယူခဲ့သည်။


 ရက်အနည်းငယ်ကြာအောင် သင်ယူပြီးနောက်တွင် အပ်ကိုကိုင်နည်းနှင့် ချည်ကြိုးကို မည်သို့လုပ်ရမည်ကို သူမနားလည်သလောက်ဖြစ်လာ၏။သို့သော် သူမ၏ လက်ရာက ကြည့်ချင်စိတ်မရှိအောင် ဆိုးရွားလှသည်။သူမ၏လက်ရာကိုကြည့်ပြီး သူမ အတော်ပျင်းနေ၍သာ ယခုလို သင်ယူကြောင်း သိနိုင်ပေ၏။


 "ငါ ဘာမှ မပြောပါဘူး"  


ပန်းဟွာ၏ ဘယ်လက်ညိုးမှာ နာကျင်နေသဖြင့် ပန်းဟမ် ပြောသည်ကို နားထောင်ဖို့ သူမ စိတ်မ၀င်စား။ သူ့မေးခွန်းကို ကြားလိုက်ရသော် ခဏတာ အံ့အားသင့်သွားပြီး


 "အကျိုးအကြောင်းမေးဖို့ ကောကုန်းချမ်အမ်ဆီကို တစ်ယောက်ယောက်ကို လွှတ်လိုက်ရမလား၊သူက သမီးကို ဧကရာဇ်ဆီက မျက်နှာသာပေးခံရအောင် တစ်ခုခုလုပ်ခဲ့တာမျိုး ဖြစ်နိုင်တယ်"


 "ဒါ ဖြစ်နိုင်တယ်" ပန်းဟွိုက်က သဘောတူပြီး တိတ်ဆိတ်နေသော ယင်းရှစ်ကို လှည့်ကြည့်လိုက်သည်။  


"သခင်မရော ဘယ်လိုထင်လဲ"


ယင်းရှစ်က ဖြည်းညှင်းစွာ ခေါင်းညိတ်သည်။ 


 "အင်း မေးသင့်ပါတယ်"


ကောကုန်းချမ်အမ်၏ အိမ်တော် အတွင်းတွင်၊ နန်းတော်မှ ဧည့်သည်များနှင့် မိန်းမစိုးများ အဆုံးမရှိ လာရောက်လည်ပတ်ကြသည်မှာ အိမ်တော်၏ တံခါးခုံခမျာပြားသွားလုနီးပါး ဖြစ်နေသည်။ သူတို့သည် ရုံရှား ဒဏ်ရာရသွားစဥ်က မလာရောက်ခဲ့ကြပေ။ရုံရှား သူတို့ကို အပြစ်မတင်‌သော်လည်း သူတို့ကို မကြိုဆိုချင်သည်ကတော့ အမှန်ပင်။သို့သော်လည်း သူ့အပြုအမူတို့က ခါးခါးသီးမဟုတ်၍ သူ့ကို သူတော်စင်တစ်ယောက်အဖြစ် ပို၍ပင် ချီးကျူးခဲ့ကြသည်။


ပန်းမိသားစု၏ အစောင့်များ ရောက်လာသောအခါ၊ ရုံရှားသည် သူ၏ ဝမ်ချွီ နှင့် စကားပြောနေလျက် ပြောလိုက်သည်။  


"ဝမ်ချွီ မင်း ခဏ​စောင့်​ဦး"


ဝမ်ချွီသည် အမြန်ထွက်သွားသော ရုံရှား၏ နောက်ကျောကို ကြည့်လိုက်သည်။ သူ အနည်းငယ် စိတ်ပူသွားမိသည်။ ပန်းဟွာကျွင်းကျူးသည် အလွန်တော်သော မိန်းမဖြစ်ကြောင်း ဝန်ခံချင်သော်လည်း သူမအပေါ် ရုံရှား၏ သဘောထားမှာ လွန်လွန်းသည်။  အလှအပကို မြတ်နိုးသည့် အမျိုးသားတစ်ယောက်က မမှားသော်လည်း ယခုလိုအခြေအနေအထိ ရောက်မနေသင့်ပေ။


ပန်းမိသားစု၏ ကျေးကျွန်တစ်ဦး ရောက်လာခြင်းကပင် ရုံရှားကို အထူးစိတ်လှုပ်ရှားစေ၏။ပန်းမိသားစုရဲ့ ပန်းဟွာကျွင်းကျူး ရောက်လာရင် သူ ဘယ်လိုတောင် သဘောထားမလဲ...


ရုံရှားသည် အစောင့်ကိုမြင်သောအခါ သူ့အမူအရာက ပျော့ပြောင်းလာပြီး


 "ကျွင်းကျူးက မင်းကို ဘာလို့ ဒီကို ပို့လိုက်တာလဲ"


 "ဒါက ကောကုန်းချမ်အမ်ကို နှုတ်ဆက်ပါတယ်"  အစောင့်က ရုံရှားကို ဦးညွှတ်ပြီး 


"မကြာသေးမီက အဖြစ်အပျက်တွေအကြောင်း မေးဖို့ ကျွင်းကျူးက ကျွန်တော့်ကို စေလွှတ်လိုက်တာပါ" 


 "အိုး..." ရုံရှားက မျက်ခုံးပင့်လိုက်ပြီး 


"ဧကရာဇ်ရဲ့ ဆုလာဘ်အတွက် ကျွင်းကျူး စိတ်ပူနေတာလား"


 အစောင့်သည် ရုံရှား ယခုလို ခန့်မှန်းနိုင်မည်ဟု မမျှော်လင့်ထားသဖြင့် ခဏလောက် အေးခဲသွားပြီး ခေါင်းငုံ့ရင်းပြန်ဖြေသည်။


 "ဟုတ်ကဲ့ပါ ကောကုန်း၊ အတိအကျပါပဲ"


"မင်းဒီနေ့မလာရင် ငါ လူလွှတ်ပြီး‌ေပြာမလို့ပဲ၊ ကဲ အခုမင်းပြန်သွားပြီး ကျွင်းကျူးကို စိတ်မပူပါနဲ့လို့ပြော၊ပြီးတော့ ခုတလော စိတ်ဝင်စားစရာ ဝတ္ထုလေးတွေ တွေ့ထားတယ်၊ ပြန်ရင် ကျွင်းကျူးဆီယူသွားပါ"


အစောင့်သည် စာအုပ်တစ်ထုပ်အားယူကာ ရုံရှားကို ကျေးဇူးတင်စကားဆိုသည်။


ချမ်အမ်မြို့စားမင်း အိမ်တော်၏ ဂိတ်ပေါက်မှ ထွက်သွားသောအခါ ပန်းဟွာ၏ အစေခံသည် သူ ဘာမှ ကောင်းကောင်းမပြောဆိုခဲ့ရမှန်း ရုတ်တရက် သတိရမိသည်။သူ့အလုပ်ကို ကောင်းကောင်းမလုပ်နိုင်သည့်အတွက် အပြစ်ရှိသည်ဟု ခံစားရပြီး အိမ်တော်သို့ ပြန်ရောက်ပြီးနောက် ပုံပြင်များကို ကျွင်းကျူးထံ ပေးအပ်ပြီး တောင်းပန်ခဲ့သည်။


ပန်းဟွာက ပြုံးရင်း ခေါင်းခါပြပြီး


 "ဒါက အသေးအမွှားကိစ္စပဲ၊ စိတ်ထဲမထားပါနဲ့၊ရုံရှားက မဆိုးဘူးလို့ ပြောတဲ့အတွက် ကောင်းတာပဲဖြစ်မယ်၊ကဲ သွားနိုင်ပါပြီ"


 "ဟုတ်ကဲ့"  


ပန်းဟွာကျွင်းကျူးသည် ကောကုန်းရုံရှားကို ယုံကြည်ပုံပေါ်ကြောင်း အစောင့်သည် ရုတ်တရက် သဘောပေါက်သွားသည်။


 "ပန်းဟွာကျွင်းကျူး"  ရူရီသည် ရေခဲထည့်ထားသော စွပ်ပြုတ်တစ်ပန်းကန်နှင့် ဝင်လာသည်။ပန်းဟွာက စားပွဲကို လက်ညှိုးထိုးပြပြီး 


"စားပွဲပေါ်တင်ပြီး သွားလို့ရတယ်"


 "ဟုတ်ကဲ့" 


ရူရီ ဦးညွှတ်ပြီး တခြား အစေခံ ကောင်မလေးများကိုပါ ခေါ်သွားလိုက်၏။


အခန်းက တိတ်ဆိတ်သွားမှ ပန်းဟွာသည် သေတ္တာကိုဖွင့်ကာ ချည်နှောင်ထားသော စာအုပ်စည်းကို ထုတ်ယူလိုက်သည်။ထိုစဉ် ရုတ်​တရက်​ စာရွက်​တစ်​ရွက်​ ပြုတ်​ကျလာသည်​။


 [ဧကရာဇ်အတွက် ဟွာဟွာ ပန်းထိုးထားတဲ့ အိတ်က သိပ်လှတာပဲ၊ မင်းလည်း ကိုယ့်အတွက် ဘယ်တော့ ပန်းထိုးပေးမှာလဲ..... ရေးသားသူ၊ရုံရှား  ]


စကားလုံးများအပြင် အိတ်ပုံတစ်ခုလည်း ပါသည်။အိတ်က ပုံမကျပန်းမကျသည့်အပြင် ရေးထားသော စာလုံးများကလည်း မညီမညာဖြစ်နေ၏။


ပန်းဟွာ ခဏ စဉ်းစားလိုက်သည်။  ဧကရာဇ်အတွက် သူမ ဘယ်တုန်းက ပန်းထိုးတဲ့အိတ်လုပ်ပေးဖူးလို့လဲ... 


 ရုတ်​တရက်​ သူမ လက်​ထဲက စာရွက်​ကို အနည်းငယ်ဖျစ်ညှစ်မိပြီး သက်ပြင်းရှည်ကြီး ချမိသည်။ သူမ နားလည်သွားရသည်။ ဧကရာဇ် ရုတ်တရက် ပန်မိသားစုကို ကောင်းစွာ ဆက်ဆံခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် သူမသည် ဧကရာဇ်အား အိတ်တစ်လုံးကို "လက်ဆောင်" ပေးခဲ့သောကြောင့်ဖြစ်သည်။


 ရုံရှားက ဒါကို သူမ မသိအောင် တိတ်တဆိတ် လုပ်ခဲ့တာပဲ... သူဘယ်လိုလုပ်လိုက်တာလဲ...ပြီးတော့ ... ဧကရာဇ်က သူမကို အိတ်တစ်လုံးကြောင့် ဘာကြောင့် ဒီလောက် ကောင်းကောင်း ဆက်ဆံရတာလဲ...


 သူမ စာအုပ်ကို ကောက်ကိုင်ကာ အတွင်းမှ ဇာတ်လမ်းကို ဖတ်သည်။ စာအုပ်တစ်အုပ်ထဲတွင် ဇာတ်လမ်တစ်ပုဒ်အား ခေါက်သိမ်းခံထားရသည်။ ပုံပြင်လေးထဲမှာ အဘိုးအိုတစ်ယောက်သည် အပြင်းဖျားပြီး တစ်ညလုံး အိပ်မက်ဆိုး မက်နေခဲ့သည်။ ဘုရားသခင်ကို သူဘယ်လောက်ပဲ ဆုတောင်းနေပါစေ၊အသုံးမဝင်ခဲ့။  သို့သော် သူ၏ မျိုးဆက်သစ် သားမြေးမြစ်များက သူ့အတွက် ဆုတောင်းပေးမှသာ တဖြည်းဖြည်း ပိုကောင်းလာခဲ့ပြီး အိပ်မက်ဆိုးများလည်း မမက်တော့။


ပန်းဟွာ စာအုပ်ကို ပိတ်လိုက်တယ်။  ဒါက ရိုးရှင်းတဲ့ ပုံပြင်လေးပဲလား ဒါမှမဟုတ် ရုံရှားက သူမကို ဒီပုံပြင်ကတစ်ဆင့် တစ်ခုခု ပြောပြချင်ခဲ့တာလား။


 "ဟွာဟွာ" 


ထိုစဉ် ယင်းရှစ် တံခါးအပြင်ဘက်မှာ ရပ်နေပြီး "အထည်ချုပ်အလုပ်ရုံကလူတွေ ဒီကိုလာကြပြီ၊ ကိုယ်အတိုင်းအတာတွေယူကြစို့"


ပန်းဟွာက ခြံထဲကိုတစ်ချက်လှမ်းကြည့်ပြီး စာအုပ်ကို စင်ပေါ်ပြန်တင်လိုက်၏။ပြီးလျှင် စားပွဲပေါ်ရှိ ယပ်တောင်ဝိုင်းကို ကောက်ကိုင်လိုက်ပြီး တံခါးကို အမြန်ဖွင့်ကာ


 "လွန်ခဲ့တဲ့ ရက်ကပဲ ဆယ်စုံကျော်ကျော်ချုပ်ထားတယ်မလား"


 “အခုက ဆောင်းဦးအဝတ်အစားချုပ်ဖို့လေ၊ရာသီဥတုကပူတယ်၊ ပန်းထိုးတဲ့အလုပ်တွေလည်း အပ်ထည်မရှိလို့ နှေးနေကြတာ၊ အရင်ဆယ်စုံက တစ်လနှစ်လလောက်ကြာဦးမှာမဟုတ်ဘူးလား ဆောင်းဦးရာသီက ခုကတည်းက ချုပ်နေသင့်တာ"


ပန်းဟွာက လက်ထဲမှ ယပ်တောင်ဝိုင်းကို ဝှေ့ယမ်းပြီး ကောင်းကင်ထက်အဖြူရောင်ဖျော့ဖျော့နေကို မော့ကြည့်လိုက်သည်။အပူဒဏ်ကို သူမ ကြောက်သည်။ယခုနှစ်နွေရာသီကိုလည်း ခံနိုင်ရည်ရှိဖို့ အထူးခက်ခဲသလို ခံစားခဲ့ရသည်။ ဇွန်လတောင်မရောက်သေး၊ သည်းမခံနိုင်လောက်အောင် ပူနေပြီဖြစ်၏။ကံကောင်းထောက်မစွာ၊အိမ်တော်ထဲတွင် ရေခဲအလုံအလောက်ရှိနေသည်။  မဟုတ်လျှင် သူမ ရူးသွားနိုင်၏။


ယခုနှစ်မှာတော့ ဧကရာဇ်သည်  လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်သည့်အတွက် နွေရာသီခရီးစဉ် မသွားဖြစ်ပေ။ ဧကရာဇ် မြို့တော်မှ မထွက်ခွာလျှင် မှူးမတ်များနှင့် အရာရှိများသည်လည်း မြို့တော်မှ ခွင့်ပြုချက်မရှိဘဲ ထွက်ခွာဝံ့ခြင်း မရှိ။ မဟုတ်ပါက ၎င်းတို့ကို စုံစမ်းစစ်ဆေးမည်ဆိုပါက ပန်းမိသားစုပင်လျှင် အကျိုးဆက်များကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။


 အထည်ချုပ်အလုပ်ရုံမှလူများသည် ပန်းဟွာကိုတွေ့သောအခါ ယဉ်ကျေးစွာပြုံးကြသည်။ ထို့နောက်ညဝတ်ကောင်းစားလှနှင့် လှပသည့် အမျိုးသမီးနှစ်ယောက် ထွက်လာပြီး သူမကို ဦးညွှတ်ကာ 


"မင်္ဂလာပါ ကျွင်းကျူး"


 "အရမ်းယဉ်ကျေးနေဖို့ မလိုပါဘူး"  ပန်းဟွာက လက်ကာပြရင်း


 "အားလုံးပဲ အလုပ်များနေတာပဲ၊အချိန်မဖြုန်းကြပါနဲ့"


"ဟုတ်ကဲ့ ကျွင်းကျူးရဲ့အချိန်တွေကို မဖြုန်းတီးပါဘူး၊ကျွင်းကျူးက ကျွန်မတို့ရဲ့ ဂုဏ်ထူးဆောင် ဧည့်သည်ပါပဲ၊ကျွင်းကျူးအတွက် အဝတ်အစားတွေ ချုပ်ပေးတာက ကျွန်မတို့ရဲ့ အကြီးကျယ်ဆုံး ဂုဏ်ယူစရာပါပဲ" 


 မကြာသေးမီက ပန်းဟွာ၏ ကိုယ်တိုင်းကို တိုင်းတာခဲ့ကြသော်လည်း ဤ အမျိုးသမီးသည် သူမ၏ ခန္ဓာကိုယ်၏ တစ်လက်မတိုင်းကို ဂရုတစိုက် တိုင်းတာနေဆဲပင်။


ပန်းဟွာက မေးစေ့ကို မြှောက်လိုက်ပြီး လည်ပင်းအရှည်ကို တိုင်းခိုင်းသည်။


 "ဒီရာသီရဲ့ ဆောင်းဦးအဝတ်အစားတွေက အရောင်ဖျော့တာပဲ ကြိုက်တယ်၊ ခရမ်းရောင်တို့ အနီရောင်တို့လို ဟာတွေကို မသုံးချင်ဘူး"


 "ဟုတ်ကဲ့ မှတ်ထားပါ့မယ်"  


အမျိုးသမီးသည် ခဏတာ အံ့အားသင့်သွားသည်။သူမသည် တောက်ပသည့်အရောင်အသွေးကို အကြိုက်ဆုံးသူပင်။ ပြီးခဲ့သည့် ဆောင်းဦးရာသီတွင် သူမသည် သူတို့၏ဆိုင်မှ တောက်ပသောအဝတ်အစားများနှင့် လက်ဝတ်ရတနာများစွာကို မှာယူခဲ့သည်။ တခြားသူများ ဝတ်လျှင် ကြည့်ရဆိုးနိုင်သော်လည်း ကျွင်းကျူးဝတ်လိုက်ပါက လှပပြီး ဆွဲဆောင်မှုရှိသည်ဟု ခံစားရdစေမှာပင်။


သို့သော် တော်ဝင်မင်းသမီးသည် ကျွင်းကျူး၏အဖွားဖြစ်သည်ကို သူမတို့ ရုတ်တရက် သတိရမိသည်။ ယမန်နှစ်က တော်ဝင်မင်းသမီးသည် ဧကရာဇ်ကို ကယ်တင်ရန်အတွက် အသက်စွန့်သွားတာကြောင့် ကွယ်လွန်ခဲ့သည်။သို့ဖြစ်၍ ကျွင်းကျူးသည် တောက်ပသော အရောင်များကို အဘယ်ကြောင့် ရှောင်ရှားခဲ့သည်ကို နားလည်ရန် လွယ်ကူသည်။


 ခန္ဓာကိုယ် အရွယ်အစားကို တိုင်းတာရန် တစ်နာရီခန့် အချိန်ယူရသည်။  အလုပ်ရုံမှလူများ ထွက်သွားပြီးနောက် ပန်းဟွာသည် ကုလားထိုင်ပေါ်တွင် နွမ်းလျစွာ ထိုင်လိုက်၏။


"ဒီနှစ် နွေရာသီက ဘာလို့ ပူနေရတာလဲ"


မနှစ်က ဆောင်းရာသီက ထူးထူးခြားခြား အေးပြီး ယခုနှစ် နွေရာသီက အတော်ပူသည့်အတွက် အသက်ရှူရခက်စေသည်။ ကောင်းကင်ဘုံကများ သူမအတွက် ခက်ခဲသောအရာများကို တမင်တကာ ဖန်တီးနေရော့သလား။


ယင်းရှစ်က သက်ပြင်းချပြီး


 "အမေတို့ အဆင်ပြေပါတယ် ...နေပူရင်တောင် အေးမြတဲ့လေကို ခံစားဖို့ အခန်းထဲမှာ ပုန်းနေလို့ရသေးတယ်၊ တစ်တိုင်းပြည်လုံး ပူနေရင် သာမန်ပြည်သူတွေပဲ ဒုက္ခရောက်လိမ့်မယ်"


ရက်အတော်ကြာ နေပူနေသော်လည်း မိုးမရွာပေ။မိုးခေါင်ရေရှားဖြစ်မည်မှာ သေချာသည်၊ သာမန်လူများ အသက်မရှင်နိုင်တော့။သူမ၏သမီးသည် ငယ်ငယ်ကတည်းက မကောင်းတာမှန်သမျှ မခံစားရဖူးပေ။ ဤသည်ကလည်း သူမတို့သည် မြို့တော်မှာ နေထိုင်ခြင်းကြောင့်ပင်။မြို့တော်သည် ဧကရာဇ်၏ ခြေတော်အောက်တွင် ရှိသည်။လယ်သမားများတောင် တခြားနေရာက သာမန်လူများထက် အဆင့်အတန်းပိုမြင့်စွာနေထိုင်နေကြ၏။ဘေးအန္တရာယ်တစ်ခုခုကြုံခဲ့ရးလျှင် ဖြေရှင်းပေးမည့်သူရှိမည်။ သို့ရာတွင် ဝေးလံခေါင်သီသည့် နေရာတချို့မှာတော့ ဒေသဆိုင်ရာ တာဝန်ရှိသူများအပေါ်မှာ မူတည်ပေသည်။ မည်သို့ပင်ဆိုစေ ဧကရာဇ် မြင်နိုင်မှာမဟုတ်၍ ထိုနေရာများကို မည်သူမျှ မစီမံနိုင်ချေ။


ပန်းဟွာ တစ်ခုခုပြောချင်သော်လည်း ဘာမှ မပြောနိုင်ပေ။ ဤအပူအနည်းငယ်ကိုပင် သူမ မခံနိုင်။  သာမန်ပြည်သူများ ဘယ်လိုဘဝမျိုး နေထိုင်နေသည်ဆိုတာကို သူမ စိတ်ကူးမယဉ်ဝံ့ပေ။



xxxxx