Chapter 116
မြို့တော်မှာ ပိုပူလာပြီး မိုးမရွာသည်မှာလည်း ဆယ်ရက်ကျော်ပြီဖြစ်သည်။ ရာသီဥတုပူလာတာကြောင့် လမ်းများထက်မှာ လူသိပ်မရှိချေ။ကလေးများပင်လျှင် အိမ်ထဲမှာ ပုန်းပြီး အပြင်ထွက်မဆော့ကြပေ။
ဘေးအန္တရာယ်များ ဖြစ်ပွားနေကြောင်း နေရာအသီးသီးက တိုင်ကြားစာများပို့ကြသည်။ သို့သော် ဒုတိယမင်းသားသည် ဧကရာဇ်မှာ အပြင်းဖျားနေပြီး ဤအမှုများကို နှိမ်နှင်းခြင်းမပြုနိုင်ဟူသော အကြောင်းပြချက်ကိုသာ အသုံးပြုခဲ့သည်။မိုးခေါင်ရေရှားမှုကို ကိုင်တွယ်ရန် သံတမန် အနည်းငယ်မျှသာ စေလွှတ်ခဲ့သည်။
ရားရုံးမှာ မကျေနပ်သူတချို့ရှိသော်လည်း ဧကရာဇ်က အရာရှိများကို လွယ်လွယ်မတွေ့ချေ။စိတ်မရှည်သော အရာရှိအချို့သည် ဧကရာဇ်၏ မျက်နှာသာပေးသော မိသားစုအချို့ကသာ နန်းတော်ထဲသို့ ဝင်ရောက်ကာ သတင်းစကား ပေးပို့နိုင်မည်ဟု မျှော်လင့်ကြသည်။
ဒါပေမယ့် ဒီသတင်းမျိုးကို ဘယ်သူက ပေးပို့ဝံ့မလဲ။
ဒုတိယမင်းသားတောင်မှ မလုပ်ဝံ့သောကြောင့် အရာရှိများအနေနှင့် ဝင်စွက်ဖက်ဝံ့ခြင်းမရှိပေ။ထို့ကြောင့် တော်ဝင်ဆွေမျိုးများ အားလုံးသည် နေအိမ်များတွင် ပုန်းအောင်းနေလေ့ရှိကြသည်။ဘယ်သူပဲ လာလာ နေမကောင်းဘူးဟုသာ ပြောကြသည်။တချို့က နှလုံးနှင့် သွေးပြန်ကြောများကို ထိခိုက်စေသည့် အပူဒဏ်ကြောင့် အနားယူဖို့ လိုအပ်သည်ဟုသာ ရှောင်ဖယ်နေကြတော့၏။
အပူဒဏ်ကြောင့် နှလုံးနဲ့ ဘယ်လိုပတ်သက်သွားရတာလဲ… အဲဒါ အရေးမကြီးဘူး။ အရေးကြီးတာက သူတို့ မကူညီချင်ကြဘူးဆိုတာပဲ...
ထိုတော်ဝင်ဆွေမျိုးများ၏ လုပ်ရပ်ကြောင့် အရေးပါသော အရာရှိအချို့ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ပုံမှန်အားဖြင့် ဆွေတော်မျိုးတော်များသည် အရသာရှိသော အစားအစာများကို စားကြပြီး ကောင်းသောအဝတ်အစားများကို ၀တ်ဆင်ကြသည်။ သို့သော် နိုင်ငံတော်အရေးကိစ္စများတွင် မည်သူကမျှ တာဝန်ယူလိုစိတ်မရှိကြပေ။ တယဲ့မင်းဆက်ကြီးတစ်ခုလုံး ဒီလိုမျိုးဖြစ်ခဲ့ရင် သာမန်ပြည်သူတွေအတွက် ဘာမျှော်လင့်ချက်ရှိမလဲ။
သာမန်ပြည်သူလူထုကို စိတ်ပူနေသော အရာရှိအချို့သည် နန်းတော်ထဲသို့ဝင်ရန် နည်းလမ်းကို တွေးတောကြံဆဖို့ စုရုံးလာကြသည်။
"ဝမ်ကုန်းကုန်းကို လက်ဆောင်ပို့ကြည့်တာ ဘယ်လိုလဲ၊ဒီမိန်းမစိုးက ဧကရာဇ်ရဲ့ မိန်းမစိုးပါ၊ ဧကရာဇ်ရှေ့မှာ တစ်ခုခုပြောနိုင်လိမ့်မယ်ထင်တယ်"
တာဝန်ရှိသူတစ်ဦးက "မဖြစ်နိုင်ဘူး၊ မိန်းမစိုးတွေက စကားသိပ်တတ်တာ၊ ဒီအချိန်မှာ သူ အန္တရာယ်ကင်းလွတ်အောင် ပြောမှာ သေချာပါတယ်၊ နောက်ပြီး ငါတို့လက်ထဲမှာ ပိုက်ဆံအများကြီး မရှိဘူး၊ငါတို့ ပေးနိုင်တဲ့ အရာတွေက သူ လိုချင်တာတွေမဟုတ်ဘူး"
ဝမ်ကုန်းကုန်းလို ရာထူးရှိသည့် မိန်းမစိုးတစ်ယောက်ဟာ စည်းစိမ်ဥစ္စာ မျိုးစုံကို မြင်ဖူးပြီး အရေးပါသည့်လူမျိုးစုံနှင့် ထိတွေ့ဖူးထားသည်ပင်။ဝမ်ကုန်းကုန်းက သူတို့ကို မျက်လုံးထဲတောင် ထည့်မည်မဟုတ်။ ခပ်ငယ်ငယ် အရာရှိတစ်ယောက်က ဒေါသတကြီးနှင့် ပြောသည်။
"ဒါဆို ငါတို့က ဒုက္ခရောက်နေတဲ့ သာမန်ပြည်သူတွေကိုပဲ စောင့်ကြည့်နေမှာလား၊ နင်းဝမ်က သာမန်ပြည်သူတွေရဲ့ ဘဝကို လုံးဝ ဂရုမစိုက်ဘူး၊အဲဒီ ဧကရာဇ် သံတမန်တွေ အားလုံးကလည်း သူ့တပည့်တွေပဲ၊ အဲဒီနေရာတွေမှာ နေလည်း သူတို့ ပြည်သူတွေအတွက် ဘာများလုပ်နိုင်မှာလဲ"
အရာရှိများအားလုံး ခေါင်းငိုက်စိုက်ကျနေကြသည်။ဧကရာဇ်က ဂရုမစိုက်သလို ဒုတိယမင်းသားကလည်း သာမန်ပြည်သူများ၏ဘဝကို အရေးမထား။ခံစားနစ်နာရသည်က သာမန်ပြည်သူများပင်။သူတို့၏ ဆင်းရဲတွင်းနက်ကြီးထဲက ဘဝကို ကယ်သူရှိမည်မဟုတ်။
ဆယ်ရက်အကြာတွင် သတင်းတစ်ခု ရုတ်တရက် မြို့တော်သို့ ပျံ့နှံ့သွားသည်။ယန်နျိုခရိုင်သို့ မင်းသားနင်းဝမ်စေလွှတ်သော တော်ဝင်သံတမန်များသည် ဒေသခံပြည်သူများနှင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရိုက်နှက်သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သိရသည်။
သတင်းက နင်းဝမ်၏နားထဲကို ရောက်သည့်အခါမှာတော့ သူ ဒေါသထွက်ပြီး တရားရုံးသို့ ဒေါသတကြီး ထွက်ပြေးသွားခဲ့သည်။ထို့နောက် သူသည် ယန်နျိုခရိုင် အနီးတွင် တပ်စွဲထားသော တပ်ဖွဲ့များအား ဆူပူသူများကို နှိမ်နှင်းရန်နှင့် အဓိကတရားခံကို ဖမ်းရန် ချက်ချင်း အမိန့်ပေးခဲ့သည်။ နင်းဝမ်၏ အမိန့်ကို အရာရှိအချို့က ကန့်ကွက်ခဲ့ကြသော်လည်း နင်းဝမ်သည် ဤကန့်ကွက်မှုများကို လျစ်လျူရှုကာ ဤအရာရှိများကိုပင် အပြင်သို့ ဆွဲထုတ်ခိုင်းခဲ့သည်။
သို့နှင့် အချိန်အတိုင်းအတာတစ်ခုအထိ တရားရုံးမှာ တိုင်ကြားမှုများ ပြည့်နှက်နေရတော့သည်။
နင်းဝမ်ကို မကျေနပ်သူ ပိုများလာခဲ့သည်။ အရာရှိများထဲမှ တစ်ဦးသည် ဧကရာဇ်ယွင်ချင်ကို နောက်ဆုံးတွင် တွေ့ရန် နည်းလမ်းတစ်ခုကို အသုံးပြုခဲ့သည်။သို့ရာတွင် သူစကားအနည်းငယ်သာ ပြောရသေးသည်၊ ဧကရာဇ်ယွင်ချင်က မကျေမနပ် နှင်ထုတ်ခဲ့၏။
"အဓိကရုဏ်းက နည်းနည်းလေးပဲ ဖြစ်တာ၊သူတို့က အင်ပါယာသံတမန်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားနေကြတာ၊ ဒါကို ငါကိုယ်တော် ဘယ်လိုမှ လက်မခံနိုင်ဘူး.."
ဧကရာဇ်ကိုတွေ့ဖို့ တောင်းဆိုသည့်အရာရှိခမျာ ဆိုးဆိုးရွားရွား ကြိမ်းမောင်းခံရပြီး နန်းတော်မှ ထွက်လာသောအခါ ခမ်းနားလှသောနန်းတော်ကို ပြန်ကြည့်ကာ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။ ရှေးခေတ်ကတည်းက တရားရုံးသည် သာယာဝပြောနေရာမှ ပရမ်းပတာအဖြစ်မှ သာယာဝပြောမှုသို့ ဆုတ်ယုတ်သွားခဲ့သည်။ အင်ပါယာကြီးလည်း… ဒီလမ်းဟောင်းကို လျှောက်သွားနေသလား။
တိုင်းပြည်နှင့်လူမျိုးအတွက် စိတ်ပူနေသော အရာရှိအနည်းငယ်သည် စုပြီး သောက်ကြသည်။သုံးခွက်ခန့်သောက်ပြီးနောက် သူတို့ရေချိန်လည်းမှန်လာကြ၏။
"ကျွန်တော်က သာမန်လူတွေအတွက်သာ ပြောပေးချင်တာပါ!"
"အင်ပါယာကြီး၊ အင်ပါယာကြီးရယ်!"
တစ်စုံတစ်ယောက်သည် စားပွဲပေါ် မှီ၍ ရှိုက်ကြီးတငင် ငိုနေ၏။ သို့သော် သူသည် သာမန်လူများအတွက်လား သို့မဟုတ် အင်ပါယာကြီး၏ အနာဂတ်အတွက် ငိုနေသလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။လူငယ်အရာရှိတစ်ဦးက ရုတ်တရက် စိတ်လှုပ်ရှားစွာ ပြောသည်။
"ကျွန်တော်တို့မှာ အခွင့်အရေးရှိသေးတယ်၊ နောက်ထပ်တစ်ယောက်ရှိပါသေးတယ်၊သူက ကျွန်တော်တို့ကို ကူညီပေးနိုင်မယ်ထင်တယ်"
ဤလူငယ်သည် ယခုနှစ်၏ ထိပ်တန်းပညာရှင်ဖြစ်သည်။သူသည် ပန်းဟွာ၏ ယခင်က စေ့စပ်ထားသူ ရှန်းယွီနှင့် တစ်နှစ်တည်းကပင် ဖြစ်သည်။သို့သော် သူ့မိသားစုနောက်ခံမှာ သာမန်ဖြစ်၍ တရားရုံးကို စတင်ဝင်ရောက်တုန်းက ရှန်းယွီလောက် မအောင်မြင်ခဲ့ပေ။ သို့သော် ရှန်းယွီသည် သူ၏ တရားဝင်ရာထူးနှင့် ပညာတော်သင်အောင်မြင်မှုအဆင့်များအား ဖယ်ရှားခံခဲ့ရပြီးကတည်းက ဤထိပ်တန်းပညာရှင်အသစ်သည် ထင်ရှားလာခဲ့သည်။
သူသည် ရာထူးသေးငယ်သော စတုတ္ထအဆင့်အရာရှိတစ်ဦးသာဖြစ်ပြီး မြို့တော်တွင် မျက်စိကျစရာ ရာထူးမျိုးမရှိသော်လည်း ဖွံ့ဖြိုးတိုးတက်မှု ကောင်းသော အရာရှိအဖြစ်မှတ်ယူနိုင်၏။
" ဘယ်သူလဲ..." ဆံပင်ဖြူ နေပြီဖြစ်သော အရာရှိတစ်ယောက်က မေးသည်။
"ပန်းဟွာကျွင်းကျူး"
"မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူမက ကမ္ဘာကြီးရဲ့အခက်အခဲတွေကို မသိတဲ့သာမာန်အမျိုးသမီးတစ်ယောက်ပါပဲ၊ သူမက ဘာကူညီနိုင်မလဲ" အရာရှိအိုက ခေါင်းယမ်းသည်။နည်းနည်းမူးနေပြီဖြစ်၍ သူတပါးမကောင်းကြောင်းကို စတင်ပြောဆိုလာတော့သည်။
"ဒါ့ပြင် သူမလို သိပ်ကြီးကျယ်ခမ်းနားတဲ့ မိန်းမမျိုးက ဘာတတ်နိုင်မှာလဲ"
ထိပ်တန်းပညာရှင်အသစ်က ထိုသို့မထင်ပေ။ ယမန်နှစ်က ပန်းဟွာသည် မြို့ပြင်သို့ အလုပ်ကိစ္စဖြင့် ထွက်သွားပြီး ပြန်လာသောအခါ၊ မြို့ထဲသို့ဝင်လာသည့် ဖျားနေသော ကလေးတစ်ယောက်၏မိခင်အား ကူညီပေးခဲ့သူပင်။ ဤသည်ကို မည်သူမျှပင် မသိလိုက်။သူကသာ။အခွင့်အခါသင့်၍ ကြားလိုက်ရခြင်းပင်။ထို့အပြင် သူသည် လူငယ်တစ်ယောက်ဖြစ်သည်။ လက်မထပ်ရသေးသော မိန်းကလေးတစ်ယောက်အား အမွှမ်းတင်နေဖို့မသင့်တော်တာကြောင့်သာ။ဖျားနာနေသောကလေးအား သနားကြင်နာသော မိန်းကလေးမျိုးသည် စိတ်ထားအင်မတန်ကောင်း၍ စဉ်းစားဉာဏ်ရှိသည်ဟုဆိုနိုင်ပေ၏။
ထိပ်တန်းပညာရှင်အသစ်က ပြုံးကာ
"ပန်းဟွာကျွင်းကျူးကလွဲလို့ တခြားဘယ်သူမှ မကူညီနိုင်တော့ဘူး၊ မင်းမြတ်က သူမကိုသိပ်ချစ်တယ်ဆိုတာ လူတိုင်းသိပါတယ်၊သူမကို တစ်နှစ်ပတ်လုံး ဆုလာဘ်တွေ ပေးနေတာကိုး"
"ဒါပေမယ့် သူမက ကူညီဖို့ ဆန္ဒရှိပါ့မလား" အခြားလုပ်ဖော်ကိုင်ဖက်တစ်ဦးက မေးသည်။
"ကျွန်တော်တို့ကြိုးစားရမှာပဲ"
အစေခံတစ်ဦးက ရုံရှား ရှေ့မှာ လျှောက်လာရင်း "သခင်...အရာရှိတော်တော်များများက ပန်းဟွာကျွင်းကျူးကို တွေ့ဖို့ ကျင့်ထင်အိမ်တော်ကို သွားဖို့ ပြင်ဆင်နေပါတယ်၊သူမကို ဧကရာဇ် စိတ်ပြောင်းလာအောင် ကူညီပေးဖို့ ဘုရင်မင်းမြတ်ကို စည်းရုံးစေချင်ကြပါတယ်"
"သူတို့က ဘယ်သူတွေလဲ"
အစေခံသည် အရာရှိများ၏ အမည်များကို ပြောပြလိုက်၏။
ရုံရှားသည် သူ့လက်ထဲက စာအုပ်ကို စားပွဲပေါ်ပစ်ချလိုက်ပြီး အေးစက်သည့်မျက်နှာနှင့် ပြောသည်။
"သူတို့က သွေးပူပေမယ့် ဦးနှောက်မရှိကြဘူး၊ပန်းဟွာကျွင်းကျူးကို အရင်က သူတို့ သိပ်လေးစားကြတာ မဟုတ်ဘူး၊ အခုမှဘာလို့ အကူအညီတောင်းနေတာလဲ"
အစေခံသည် စကားမပြောဝံ့ဘဲ ခေါင်းငုံ့ကာ ရပ်နေ၏။
"ကောင်းပြီ" ရုံရှားက ဖြည်းညှင်းစွာ အသက်ရှုသွင်းလိုက်ပြီး သူ့မျက်လုံးထဲက ခံစားချက်များအား ငြိမ်သက်သွားအောင်လုပ်၏။
"ဒါဆို ဒီလူတွေက ကမ္ဘာကြီးကို ဂရုစိုက်နေတုန်းပဲကိုး"
"သခင်ကြီး၊ ကျွန်တော်တို့ သူတို့ကို တားသင့်လား"
ရုံရှားသည် သူ့လက်ကို နောက်သို့ပစ်ထားပြီး ခြံဝင်းအတွင်းရှိ သလဲသီးပင်တစ်ပင်ကို ကြည့်လိုက်သည်။ သလဲသီးပင်ကို လွန်ခဲ့သည့်တစ်လက စိုက်ခဲ့တာပင်။နေ့တိုင်းရေလောင်းနေသော်လည်း ရာသီဥတုက ပူ၍ ညှိုးနွမ်းနေသည်။
"မလိုပါဘူး"
"ဒီကိစ္စမှာ ပန်းဟွာကျွင်းကျူးကိုယ်စား ငါတို့မှာ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး"
"ဟုတ်ကဲ့"
“အလုပ်အကိုင် ရေးရာဝန်ကြီးဌာနနဲ့ အခွန်ဝန်ကြီးဌာနက အရာရှိတွေနဲ့ ငါ တွေ့ချင်တယ်"
ပန်းဟွာသည် မှန်ကို ချလိုက်ပြီး ပန်းဟမ်ကို လှည့်ကြည့်လိုက်ရင်း "အဖေနဲ့မဟုတ်ဘဲ ငါနဲ့ တွေ့ချင်တာ သေချာလား"
"ဟုတ်ကဲ့"
"သူတို့ကို အပြင်မှာ စောင့်နေခိုင်းလိုက်ပါ၊ ငါအဝတ်လဲပြီးရင် သွားတွေ့မယ်"
ရာသီဥတုကြောင့် အဝတ်အစားကို အိမ်မှာနေရင်း ပေါ့ပေါ့ပါးပါးသာ ဝတ်ထားသည်။ဧည့်သည်များရှေ့ဆိုလျှင် အမြင်မတော်နိုင်၍ လဲမှရပေမည်။
"ကောင်းပြီ" ပန်းဟမ်က သူမကို စိုးရိမ်တကြီးကြည့်ရင်း "ဒီကိစ္စက နည်းနည်းထူးဆန်းနေတယ်လို့ ခံစားရတယ်၊ အစ်မ သတိထားပါ"
ပန်းဟွာက ခေါင်းညိတ်သည်။
ကျင့်ထင်အိမ်တော် ပင်မခန်းမဆောင်တွင် အလုပ်အကိုင်နှင့်အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် နေမထိထိုင်မသာဖြစ်နေကြသည်။အထူးသဖြင့် ကောကုန်းကျင့်ထင်သည် ဇနီးဖြစ်သူနှင့်အတူ ဆီမီးနံ့သာ သွားပူဇော်သည်ဟု ကြားရပြီးမှသာ သူတို့စိတ်ချမ်းသာသွားရ၏။ဤကိစ္စ ပြန့်ပွားသွားလျှင် မျိုးဆက်သစ်လူငယ်များကို နန်းတော်ထဲကို တမင်တကာလှည့်စား၍ ဝင်ခိုင်းစေပြီး အသက်အန္တရာယ်ပေးသည်ဟု တခြားသူများထင်မြင်နိုင်သည်။
အခန်းထဲမှာ အတန်ကြာထိုင်နေရပြီး လက်ဖက်ရည်တောင် ပြောင်းလိုက်သော်လည်း ပန်းဟွာကျွင်းကျူး မရောက်သေးချေ။
"အရာရှိတို့ ခဏလောက်ထိုင်ပါ" ပန်းဟမ်သည် ပင်မခန်းမထဲသို့ လှမ်းဝင်ကာ လူများကို ဦးညွှတ်လိုက်ရင်း "အစ်မ မကြာခင် ဒီကို ရောက်လာပါတော့မယ်"
"ရှစ်ကျစ်က ယဉ်ကျေးလွန်းနေပါပြီ၊ ကျွန်တော်တို့ကြောင့် အနှောင့်အယှက်ဖြစ်နေကြပါမယ်"
အရာရှိသည် ကပျာကယာ ထရပ်ပြီး ဦးပြန်ညွတ်သည်။ပန်းဟမ်က ကောကုန်းကျင့်ထင်မှ ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့သော ရှစ်ကျစ်ဘွဲ့ရထားသူဖြစ်သည်။ ရာထူးအဆင့်အရ၊သူတို့အနက် မည်သူမျှ သူ့ထက် မြင့်သူမရှိချေ။
နောက်ထပ် လက်ဖက်ရည်တစ်ခွက်သောက်ပြီးနောက် ပန်းဟွာကျွင်းကျူးကျွင်းကျူး ရောက်ရှိလာခဲ့သည်။အရာရှိများခမျာ သူမကိုမြင်ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ ထို့နောက် သူတို့အားလုံး မတ်တပ်ရပ်ပြီး သူမကို ဦးညွှတ်ကြသည်။
"အရာရှိများ ကျေးဇူးပြုပြီး ထိုင်ပါ"
ပန်းဟွာ၏ အကြည့်က လူအများကို လွှမ်းခြုံကာ နောက်ဆုံးတွင် အငယ်ဆုံးနှင့် အချောဆုံးလူထံ ရောက်သွား၏။
"အားလုံးပဲ ဘာကိစ္စရှိလို့လဲ"
"ကျွန်တော်တို့ မဝံ့ရဲပါဘူး"
အရာရှိများသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စကားပြောရခက်သည်။
ထိပ်တန်းပညာရှင်အသစ်သည် ပန်းဟွာ၏အကြည့်အောက်တွင် မျက်နှာကြီး နီရဲသွားလျက် မတ်တပ်ရပ်လိုက်ပြီး သူမကို ဦးညွှတ်လိုက်၏။
"ကျွင်းကျူး၊ ကျွန်တော်တို့မှာ အရေးကြီးတဲ့ ကိစ္စတစ်ခု တောင်းဆိုစရာရှိတယ်"
"အရေးကြီးကိစ္စ၊အရာရှိတို့က ကျွန်မကိူ အထင်ကြီးနေတာပဲ၊ကျွန်မက မွေးကတည်းက ဘာမှ ကြီးကြီးကျယ်ကျယ် မလုပ်ဖူးပါဘူး"
ထိပ်တန်းပညာရှင်အသစ် ......
"ကျွင်းကျူးကလွဲလို့ တခြားဘယ်သူမှ မကူညီနိုင်ပါဘူး"
"သာမန်ဆို လူတွေက ကျွန်မကို ဒီလိုပြောတဲ့အခါ နည်းနည်းကြောက်မိတယ်" ပန်းဟွာက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ပြီး "ဘာလဲဆိုတာ အရင်ပြောပါ၊ကျွန်မ သဘောတူမယ်လို့ အာမမခံနိုင်ဘူး"
ခန်းမထဲမှာ ရေခဲသေတ္တာ အနည်းငယ်ရှိနေ၍ အခန်းက မပူပေ။သို့သော် အရာရှိများ ချွေးပျံနေကြသည်။ရေခဲသည် ဤရာသီတွင် ရှားပါးပစ္စည်းဖြစ်သည်။ပန်းမိသားစုသည် ရေခဲမည်မျှကုန်မည်ကို လုံးဝ ဂရုမစိုက်ချေ။
"အိမ်တော်ရဲ့တံခါးနောက်မှာ ဝိုင်နဲ့ အသားတွေက သိပ်များလွန်းလို့ ပူလောင်ပြီးနံနေသလောက် လမ်းမှာတော့ အရိုးတွေ အေးခဲနေအောင် လူတွေ ဒုက္ခရောက်နေကြပြီ.."
အရာရှိအိုတစ်ဦးက ပန်းမိသားစု၏ လွန်ကဲသော စည်းစိမ်ချမ်းသာများကို ကြည့်ပြီး နောက်ဆုံးတွင် မထိန်းနိုင်ဘဲ ပြောလိုက်၏။
"အရာရှိရဲ့စကားတွေက နည်းနည်းလေး မသင့်တော်သလိုပဲ"
အခြားသော အရာရှိများသည်လည်း သူတို့စိတ်ထဲတွင် ညည်းညူကြသည်။ သူက ဘယ်လိုဖြစ်လို့ စိတ်မရှည်နိုင်တာလဲ။ကျွင်းကျူးကို စော်ကားရင် သူမဆီကနေ ဘယ်လိုလုပ် အကူအညီတောင်းနိုင်မလဲ။
ရန်ထောင်သည့် အရာရှိက နည်းနည်း စိတ်တိုနေခြင်းဖြစ်၍ ကျန်သူများ အနေကျုံ့ကာနေရခက်သွားသည်။
"ခုတလော အရမ်းပူနေတာ၊ အရိုးတွေ အေးခဲမနေတာတော့အမှန်ပဲ၊အရာရှိ ကျွန်မကို နောက်နေတာလား"
ပညာရှင်အသစ်က ဝင်ပြော၏။
"ဒီလိုပါ ကျွင်းကျူး၊လမ်းမှာ အေးခဲပြီးသေတဲ့သူတွေမရှိပေမယ့် မိုးခေါင်ရေရှားမှုဒဏ်ကြောင့် အသက် မရှင်သန်နိုင်တဲ့သူတွေရှိနေဆဲပါ၊တရားရုံးကလည်း ကမောက်ကမဖြစ်နေတယ်၊ ဧကရာဇ်က ဘာကိုမှ အလေးမထားနိုင်ဘူး၊ ကျွင်းကျူး ၊ပြည်သူတွေအတွက် ကျေးဇူးပြုပြီး နန်းတော်ကို လာခဲ့ပါ"
ပန်းဟွာသည် ခဏမျှ အံ့အားသင့်သွားသည်။ "အသေးစိတ်ပြောပြပါ၊ ဘယ်နေရာတွေက ကပ်ဘေးဒဏ်ခံရတာလဲ"
ထိပ်တန်းပညာရှင်အသစ်သည် ပန်းဟွာကျွင်းကျူး၏တုံ့ပြန်မှုကိုမြင်ပြီး အလွန်ဝမ်းသာသွားသည်။သူက ကမန်းကတန်း စကားစပြောလာသည်။
တစ်ဖက်လူ၏စကားကိုကြားလျှင် ပန်းဟွာ အစက ကြောင်တောင်တောင်ဖြစ်သွားသည်။ မိုးခေါင်ခြင်းသည် သူမ၏ အိပ်မက်ထဲတွင် ပေါ်လာသော်လည်း အိပ်မက်သည် မရေရာလှပေ။ ဘယ်တုန်းက ဖြစ်သွားမှန်းတောင် သူမ မသိလိုက်။လူများစွာသေဆုံးပြီး အဓိကရုဏ်းတစ်ခုပင်ဖြစ်ခဲ့ကြောင်း မှတ်မိသည်။နောက်ဆုံးတွင် စစ်သည်များ၏ နှိမ်နှင်းခြင်းကို ပြည်သူများ ခံခဲ့ရသည်။အလောင်းကောင်များ နေရာအနှံ့ ပြန့်ကျဲနေပြီး ဝေဒနာ၏ ငိုကြွေးသံက တိမ်တိုက်သို့ ရောက်ရှိလာသည်။
အိပ်မက်ထဲက မြင်ကွင်းကို တွေးရင်း ပန်းဟွာ တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည်။ ဒီနှစ်ထဲမှာ သူမ အိမ်မက်ထဲက အဖြစ်အပျက်က ဖြစ်လာပါ့မလား။
"နေဦး၊ ဘယ်သူက အမိန့်ပေးတယ်လို့ ပြောတာလဲ"
ထိပ်တန်းပညာရှင်အသစ်က အနည်းငယ်ရှက်ရွံ့သွားပုံရသည်။
"နင်းဝမ်မင်းသားပါ၊ မင်းသားကျန်းလောက ဘုရင်ခံမို့ နင်းဝမ်ရာထူးကိုယူထားတာလေ၊ယန်နျိုခရိုင်အနီးမှာ တပ်စွဲထားတဲ့ တပ်တွေကို စည်းရုံးရအောင် သူ့မှာ နဂိုကဆို ဘာအာဏာရှိတာမှတ်လို့၊ကျွင်းကျူး အခုအချိန်မှာ တရားရုံးရဲ့အာဏာအများစုကို သူကပဲ ထိန်းချုပ်ထားပါတယ်"
ပန်းဟွာ မျက်မှောင်ကိုပိုကြုတ်ထားသည်။ "တရားရုံးက ဝန်ကြီးချုပ်နှစ်ယောက်ကော ဘယ်လိုလဲ"
ထိပ်တန်းပညာရှင်အသစ်က တုံ့ဆိုင်းသွားသော်လည်း ပန်းဟွာ၏မေးခွန်းကို ဖြေရှာသည်။
“ဝန်ကြီးချုပ်ယန်က နင်းဝမ်ကို အပေါ်ယံမှာ မထောက်ခံပေမယ့် ဝန်ကြီးချုပ်ယန်နဲ့ အိမ်ရှေ့စံတို့ ဆက်ဆံရေးပြတ်တောက်ပြီးနောက်ပိုင်း သူက နင်းဝမ်ကို တိတ်တဆိတ်ထောက်ခံနေတယ်လို့ ကောလဟာလတွေရှိနေတယ်"
"ဒါဆို ရှစ်ချုံးဟိုင် ကရော"
သူမ နိုင်ငံရေးကို စိတ်မဝင်စားပေ။ ကျန်းလောလိ လူမိုက်တစ်ယောက်က တရားရုံးကို ချုပ်ကိုင်နိုင်လိမ့်မည်မဟုတ်ဟု သူမ တွေးခဲ့ဖူးသည်။
"သူက အိမ်ရှေ့စံရဲ့ ယောက္ခမမို့ နင်းဝမ်မင်းသားကို မထောက်ခံနိုင်ဘူး မဟုတ်လား"
"ကျွင်းကျူး၊မေ့သွားပြီလား၊ ကျွင်းကျူး အဖေကို လုပ်ကြံသတ်ဖြတ်ဖို့ ရှစ်မိသားစုက လူသတ်သမားတွေကို ငှားပြီးကတည်းက ရှစ်မိသားစုကို ဧကရာဇ်က မထီမဲ့မြင်ပြုခဲ့တယ်၊အခု တရားရုံးမှာ ရှစ်မိသားစုက နင်းဝမ်မင်းသားကို ဆန့်ကျင်ဖို့ အခွင့်အာဏာ မရှိတော့ဘူး"
ဧကရာဇ်ကသာ ကောကုန်းချမ်အမ်နှင့်ဝန်ကြီးယောင်တို့ကို မတိုက်ခိုက်ပါက တရားရုံး၏ အခြေအနေသည် အလွန်ဆိုးရွားလိမ့်မည်မဟုတ်ဟု ထိပ်တန်းပညာရှင်အသစ်က တွေးမိခဲ့သည်။ အရေးပါသောသူများအား ဖယ်ထုတ်ပြီးနောက်ပိုင်း နန်းတော်သည် ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု ဧကရာဇ် မျှော်လင့်ခဲ့ဟန်မတူပေ။
တရားရုံးရဲ့ အခြေအနေက ဘယ်တုန်းက ပြောင်းလဲသွားတာလဲ။
ကောကုန်းချမ်အမ်နှင့် ဝန်ကြီးယောင်ကို ဧကရာဇ်က အပြစ်ပေးခဲ့ပြီး သူတို့နေရာတွင် နင်းဝမ်မင်းသားက တခြားသူများနှင့် အစားထိုးလိုက်ချိန်က စတင်ခဲ့တာပင်။ အကယ်၍သာ ဧကရာဇ်ဘက်မှ ထိုသို့်ပြုလုပ်ခဲ့ပါက...
ပန်းဟွာက တစ်ချက် ရယ်ပြီး
"ရှင်တို့က ကျွန်မကို နန်းတော်ထဲသွားပြီး ဧကရာဇ်ကို စည်းရုံးစေချင်တာလား၊ဧကရာဇ်က ကျွန်မစကားကို နားထောင်မယ်လို့ ရှင်တို့ ထင်နေတာလား"
xxxxx