အပိုင်း၁၁၇
Viewers 8k

Chapter 117



"ရှင်တို့အားလုံးက စာပေအရာမှာပြည့်ဝပြီးသားသူတွေပါ၊ရှင်တို့စိတ်ထဲက စကားတွေကို ဘာလို့ ထုတ်မပြောဝံ့တာလဲ၊ရှင်တို့ ကောင်းရင် ရှင်တို့နာမည်တွေက သမိုင်းမှာတင်ကျန်သွားလိမ့်မယ်၊ရှင်တို့ ကြိုက်ရင် လုပ်လိုက်ပါ" 


ပန်းဟွာ၏လက်ချောင်းထိပ်များသည် ပန်းများကဲ့သို့ နူးညံ့သည်။သူမက မေးစေ့ကို အနည်းငယ် မြှောက်ထားပြီး အလွန်မာနကြီးပုံပေါ်နေသည်။အရာရှိများကို ငုံ့ကြည့်နေသည့် သူမအကြည့်က ဒေါသစိတ်များ ပြည့်လျှံနေသလိုပင်။


 “စစ်သူကြီးတွေဟာ နိုင်ငံရပ်ခြားက ရန်သူတွေကို နှိမ်နှင်းပြီး နယ်ခြားဘက်မှာ စောင့်စည်းတော့ နာမည်ကောင်းရကြပါတယ်၊ပုံမှန်အားဖြင့် အရပ်ဘက်အရာရှိတွေဟာ တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းပြီး ပြည်သူကိုသေချာအုပ်ချုပ်တာကြောင့် နောင်လာနောက်သား တွေအတွက်လည်း ကောင်းတာလေ၊ကျွန်မလို ပျော့ညံ့တဲ့ မိန်းမတစ်ယောက်အတွက် ရှင်တို့အတွက် ဘာလို့ ခက်ခက်ခဲခဲတွေ လုပ်ရမှာလဲ"


 "ကျွန်တော်တို့ရဲ့ သေခြင်းတရားက အသုံးဝင်တယ်ဆိုရင် ဒီနေ့ ကျွင်းကျူးကို လာပြီး အနှောင့်အယှက် ပေးမှာ မဟုတ်ဘူး"


 "အခုပဲ မသေလို့ ရှင်တို့အားလုံးဒီမှာရပ်နေတာမဟုတ်လား"  ဘန်ဟန်သည် ခေါင်းကိုငုံ့ကာ စားပွဲပေါ်ရှိ ကြွေလက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သည်။ 


 "ရှင်တို့ သေလို့မှ အသုံးမဝင်ဘူးဆိုရင် ဧကရာဇ်ကိုတွေ့ဖို့ ကျွန်မ နန်းတော်ကို သွားမယ်၊အရင်ဆုံးသေကြည့်လိုက်၊ မသေကြည့်ရင် ရှင်တို့ရဲ့ အနစ်နာခံပြီး သေတာတွေက အသုံးမဝင်ဘူးဆိုတာ ဘယ်လိုသိနိုင်မှာလဲ"


 အရာရှိတစ်ဦးက ဒေါသတကြီးပြောသည်။  "တော်လိုက်တာ ကျွင်းကျူး၊ ဘာမှ မလုပ်တဲ့ ကျွင်းကျူးတို့လို လူတွေ များလွန်းတော့ ကျွန်တော်တို့လုပ်သမျှက ပျက်စီးသွားတာ၊ကမ္ဘာပေါ်က လူတွေ စားဖို့ ရိက္ခာ မလုံမလောက် နဲ့ အဝတ်အစားတွေလည်း မရှိ ဖြစ်နေတာပဲ"


ပန်းဟွာက ရယ်မောလိုက်တာ


 "ဒီက အရာရှိရဲ့ မျိုးရိုးနာမည်က ဝမ် ဟုတ်တယ် မဟုတ်လား၊ပန်းမိသားစုဟာ ရယ်စရာကောင်းပြီး အသုံးမဝင်ကြောင်း၊ ကျွန်မတို့ဟာ တရားရုံးရဲ့ ကပ်ပါးကောင်တွေလို့ ရှင် တစ်ချိန်က ပြောခဲ့ဖူးတာကို ကျွန်မ မှတ်မိပါတယ်၊သခင်ဝမ်က သိပ်ရိုးသားဖြောင့်မတ်တာပဲ၊ ဒီတော့တွေးကြည့်လိုက်လေ၊ ကျွန်မလိုလူကို ကူညီခိုင်းလိုက်ရင် ရှင်တို့လည်း နာမည်ပျက်မှာမဟုတ်ဘူးလား"


စကားဆုံးသည်နှင့် ဒေါသကြီးစွာ ပြောလာသည့် အရာရှိမှာ လေလျှော့ခံရသော ပူဖောင်းလိုဖြစ်သွားသည်။သူ ဘာမှ မပြောနိုင်အောင်ပင် ဆွံ့အနေတော့၏။ သူ့လုပ်ဖော်ကိုင်ဖက်ရှေ့မှာ ယခုလို ပြောသော်လည်း လူအများရှေ့မှာတော့ တစ်ခါမှ မပြောဖူးပေ။ ပန်းဟွာကျွင်းကျူးက ဘယ်လိုသိတာလဲ။


ပန်းမိသားစုထံမှ မျက်နှာသာရရန်အတွက် သူ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးမှ ပန်းဟွာကျွင်းကျူးထံ သူ ပြောသော မကောင်းစကားများကို တမင်တကာ သတင်းလွှင့်ခြင်းပေလား...


 "သခင်ဝမ်၊ မကြောက်ပါနဲ့" 


ပန်းဟွာ၏အကြည့်များသည် အရာရှိများကို လွှမ်းခြုံသွားသည်။ အရာရှိများသည် သူမ၏မျက်လုံးများကို တိုက်ရိုက်မကြည့်ဝံ့ဘဲ စိတ်မသက်မသာ ရှောင်ရှားခဲ့ကြသည်။


"ရှင်က ကျွန်မအကြောင်း မကောင်းပြောတတ်တဲ့ ပထမဆုံးလူတော့ မဟုတ်ဘူး၊ ဒါပေမယ့် ရှင်က နောက်ဆုံးလူဖြစ်မှာလည်း မဟုတ်ဘူး၊ ဒီလောကထဲမှာ အသက်ရှင်နေတာ၊ဒီလို မကောင်းပြောသူမရှိရင် အထီးကျန်နေလိမ့်မယ်၊ကျွန်မ ရှင့်ကို အပြစ်မတင်ပါဘူး"


 သူ၏အခြားလုပ်ဖော်ကိုင်ဖက်များက စိတ်မသက်မသာဖြစ်နေသည်ကို သခင်ဝမ် မြင်သောအခါတွင် သူလည်း စိတ်မကောင်း။အနည်းဆုံးတော့ သူကသာ ယခုလို အမှားမျိုး ကျူးလွန်ဖူးသူ တစ်ဦးတည်း မဟုတ်ဟုသာ ဖြေသိမ့်နေရ၏။



 ထိုလူများထဲတွင် ထိပ်တန်းပညာရှင်အသစ်ကသာ ပန်းဟွာ၏ရှေ့တွင်သာ တည့်တည့်နေ၍ သူမအကြည့်ကို ရင်ဆိုင်ဝံ့သူပင်။အကြောင်းမှာ သူက ပန်းဟွာအကြောင်း မကောင်းမပြောဖူးတာကြောင့်ပင်။ရှဲ့ချီလင်းသည် အခြားမိန်းမတစ်ယောက်နှင့် ခိုးယူသွားပြီးနောက်တွင်ပင်၊တခြားသူများက ပန်းဟွာကို အပြစ်တင်ကြသည်ကို သူကိုယ်တိုင် အတိုက်အခံလုပ်ခဲ့၏။သို့သော်လည်း ထိုအချိန်က သူသည် ထိပ်တန်းပညာရှင်မဟုတ်ခဲ့သဖြင့် သူပြောခဲ့သည့်စကားကို မည်သူမှ ဂရုမစိုက်ပေ။


"ကျွန်မ မကူညီနိုင်လို့ ခွင့်လွှတ်ပါ၊အရာရှိတို့ ပြန်နိုင်ပါပြီ"


အခြားတာဝန်ရှိသူများက ဆက်ပြောလိုသော်လည်း ထိပ်တန်းပညာရှင်အသစ်က ဦးညွှတ်ပြီး "ကျွန်တော်တို့ ကျွင်းကျူးကို စိတ်အနှောင့်အယှက် ပေးမိပြီပဲ၊ နှုတ်ဆက်ပါတယ်"


ထိုလူများ ထွက်သွားပြီးနောက် ပန်းဟမ်က မကျေမနပ်နှင့် ပွစိပွစိ ရွတ်နေတော့သည်။


 "အလည်လာတာကို ကြိုတင်ပြီးတော့ မချိန်းဆိုဘူး၊လက်ဆောင်တွေလည်း မယူလာမဘူး၊စည်းကမ်းကို မသိတဲ့သူတွေပဲ၊ အစ်မ သူတို့အတွက် စိတ်မပူပါနဲ့၊ အလကားနေရင်း အကျင့်စာရိတ္တတွေအကြောင်း ပြောပြီး လောကကြီးကို ဝေဖန်နေကြတာ၊ ဒါပေမယ့် အခု အရေးကြုံတော့ ဧကရာဇ်ကိုတောင် မပြောဝံ့ကြဘူး၊အစ်မကိုတော့ နားပူနားဆာလာလုပ်နေတယ်၊ တကယ်ကို အရှက်မဲ့တာပဲ”


ပန်းဟွာ တခစ်ခစ်ရယ်ပြီး ရွဲ့စောင်းကာ ပြောဆို၏။


 "သူတို့က ဒီလိုလူမှန်းသိရင် နင် ဒေါသဖြစ်မနေနဲ့၊ သူတို့ ငါ့ကို အတင်းပြောတုန်းက ဒီနေ့လို ငါ့ရှေ့မှာ ခေါင်းမထောင်တဲ့ နေရောက်လာမယ်လို့ ထင်ထားမှာမဟုတ်ဘူး၊အခု ဒီကိစ္စက ငါတို့ကို သင်ခန်းစာတစ်ခု ပေးလိုက်တာပဲ၊ဘာသင်ခန်းစာလဲဆိုတာ နင် သိလား"


"နောက်ကွယ်မှာ တခြားသူတွေကို မကောင်းပြောလို့ မရဘူး... အဲ့ဒီဟာလား"


ပန်းဟွာက ခေါင်းခါလိုက်သည်။  "မဟုတ်ဘူး၊ သူတစ်ပါးမကောင်းကြောင်းပြောတဲ့အခါ အခွင့်အခါကို ရွေးချယ်ရမယ်၊လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေက သေချာပေါက် ကိုယ့်ကို သစ္စာရှိမယ်လို့တွက်လို့မရဘူး၊ဝမ်မျိုးရိုးနဲ့လူက တခြားသူတွေကို မကောင်းကြောင်းပြောပြီး အဲဒီနေ့ခင်းမှာပဲ သူ့သူငယ်ချင်းတစ်ယောက်က ငါ့ကို လာပြန်ပြောတယ်၊ဒါကြောင့်  လောကမှာ သစ္စာရှိပြီး ဖြောင့်မတ်တဲ့ မိတ်ဆွေတွေ ရှိပေမယ့် အားလုံးက ကောင်းနေတာတော့မဟုတ်ဘူး"


"ကျွန်တော့်သူငယ်ချင်းတွေကိုတော့ စိတ်မပူပါနဲ့၊သူတို့ကို  ကျွန်တော်တို့ အိမ်က ကိစ္စတွေကို မပြောပြဘူး၊ ပြောပြလို့လည်းမရဘူးလေ၊ ကျွန်တော်က ဘာမဆို မေ့မေ့သွားတတ်တာ"


 "အဲဒါ ကောင်းတာပဲ"


ဆယ်ရက်နီးပါးကြာသော် မြို့တော်က ရာသီဥတုပူလာသည်။ ရုတ်တရက် နန်းတော်မှ အမိန့်တော် ထွက်လာပြီး ချမ်အမ်မြို့စားမင်းကို ဧကရာဇ်နှင့် တွေ့ဆုံရန် နန်းတော်သို့ ခေါ်ယူခဲ့သည်။သို့သော် လမ်းခရီးတစ်ဝက်မှာ ကောကုန်းချမ်အမ်သည် ဒဏ်ရာနှင့် ရာသီဥတုပူတာကြောင့် မြင်းရထားပေါ်မှာ မူးလဲသွားခဲ့သည်။ နောက်ဆုံးတွင်၊ ဧကရာဇ်သည် အစောင့်များအား ကောကုန်းချမ်အမ်ကို အိမ်ပြန်ခေါ်ဆောင်သွားခွင့်ပေးပြီး သူနှင့်တွေ့ဆုံရမည့်ကိစ္စကို ရွှေ့ဆိုင်းခဲ့၏။


ကောကုန်းချမ်အမ် နိုးလာပြီးနောက်တွင် သူသည် အလွန်ထိတ်လန့်သွားကာ ခွင့်လွှတ်ပေးရန် ဧကရာဇ်ထံ အသနားခံစာလွှာ နှစ်ခုတင်ခဲ့သည်။ သို့သော် ဧကရာဇ်က သူ့ကို အပြစ်မဆိုခဲ့ဘဲ ငြိမ်းချမ်းစွာ အနားယူခွင့်ပေးပြီး သူ့ခန္ဓာကိုယ်ကို အာဟာရဖြစ်စေရန်အတွက်သာ ဂရုစိုက်ခိုင်းလေသည်။


အပြင်းဖျားနေသည့် ရုံရှားသည် နန်းတော်ထဲကို မဝင်နိုင်သော်လည်း ဧကရာဇ်က သူ့ကို ဘယ်လောက်တန်ဖိုးထားမှန်း တခြားသူများ သိထားပြီးသားပင်။ အိမ်ရှေ့စံကို ထောက်ခံအားပေးခဲ့ကြသော နန်းတွင်းအမှုထမ်းများသည်ပင် သူ့အပေါ် ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ ကောင်းမွန်စွာဆက်ဆံလာကြသည်။


ဒုတိယမင်းသားနှင့် ရုံရှား အဆင်မပြေဘူးဆိုသာ်ကို လူတိုင်းသိ၏။အိမ်ရှေ့စံကမူ သူ့ကို အလွန်လေးစားပြီး "လူကြီးလူကောင်းမြို့စားမင်းရုံ" ဟုပင် လူသိရှင်ကြားပြောခဲ့ဖူးသည်။  ထို့ကြောင့် အိမ်ရှေ့စံကို ထောက်ခံသော နန်းတွင်းသအရာရှိအားလုံးက ကောကုန်းချမ်အမ်သည် အိမ်ရှေ့စံကိုယ်စား ပြစ်ဒဏ်လျှော့ပြီး ရာထူးခန့်အပ်ထားဖို့ အသနားခံရာတွင် ကူညီပေးနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။အနည်းဆုံးတော့ ဒုတိယမင်းသားကို ရာဇပလ္လင်ပေါ်မှာ ထိုင်ခွင့်မပြုနိုင်ချေ။


ကောကုန်းချမ်အမ်နှင့် ကောင်းမွန်သောဆက်ဆံရေးမရှိသော ရှစ်ချုံးဟိုင် ပင်လျှင် သူ့အား မကြာသေးမီက ချီးကျူးခဲ့သည်။


အထူးသဖြင့် မြို့စောင့်တပ်ကြောင့် ဒုက္ခသည်များစွာ သေဆုံးခဲ့ရသည့် သဘာဝဘေးဒဏ်သင့်ဒေသရှိ ခရိုင်အရာရှိများသည် ဒုတိယမင်းသားကို နန်းမတက်စေချင်ကြ။သို့နှင့် နန်းတွင်း၌ ဒုတိယမင်းသားနှင့် ပတ်သက်၍ ဝေဖန်သံများ တိုးလာသည်။


အဆုံးတွင်၊ ပန်းဟွာဆီသို့ ရောက်ရှိလာသော မင်းမှုထမ်းများသည် ဒုတိယမင်းသားအား ဂုဏ်ပြုရန် မဟာရွှေလနန်းတော်သို့ မသွားခဲ့ကြပေ။  တိုင်းပြည်နှင့် ပြည်သူများ၏ ဒေါသနှင့် ပူပန်မှုများကို အလေးထားသည့် ကဗျာများသာ ရေးကြသည်။နန်းတော်သို့ သွား၍ ဧကရာဇ်ထံ တွေ့ခွင့်တောင်းသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ ထိပ်တန်းပညာရှင် ဖြစ်သည်။ သူသည် မဟာရွှေလမင်းနန်းတော်ရှေ့တွင် လေးငါးနာရီကြာ ဒူးထောက်ထိုင်ကာ နောက်ဆုံးတွင် နေရောင်အောက်တွင် မေ့လဲသွား၍ ဧကရာဇ်ကို မတွေ့ခဲ့ရပေ။ ထိုအစား ဒုတိယမင်းသားကို ထောက်ခံသည့် နန်းတွင်းသားများ ဒေါသထွက်ခဲ့ပြီး နောက်ဆုံးတွင် သူသည် တရားဝင်ရာထူးမှ ဖယ်ရှားခံရပြီး အိမ်တွင်သာ နေရတော့၏။


ပန်းဟွာ ထိုသတင်းကြားသော် မျက်ခုံးပင့်လိုက်ပြီး "နောက်ဆုံးတော့ တကယ်ရဲရင့်တဲ့လူပဲ၊ ထိပ်တန်းပညာရှင်ရဲ့နာမည်က ဘယ်လို ခေါ်သလဲ"


အစောင့်က ပြန်ပြောသည်။


 "သူ့နာမည်က ချန်းဟယ်ယန်ပါ၊ ရွယ်ကျိုးကပါ၊အပြင်လူတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မသိနားမလည်လို့ သူ့ကို လှောင်ပြောင်ရယ်မောကြတယ်၊ အဲဒါကြောင့် သူ ဒီလိုအဆုံးသတ်သွားရတာ"


 "သူ စိတ်မြန်လက်မြန် လုပ်ခဲ့တယ်၊ ဒါပေမယ့် ကမ္ဘာကြီးက သူ့လို တရားမျှတမှုကို ထောက်ခံမယ့်သူ လိုအပ်တယ်" ပန်းဟွာ ထိုသို့ပြောပြီးနောက် လက်ထဲမှ နံ့သာဖြူယပ်တောင်ကို ချလိုက်ပြီး  "လက်ဆောင်တစ်ခုပြင်ဆင်ပြီး ထိပ်တန်းပညာရှင်ချမ်ရဲ့အိမ်တော်ကို ငါ့နာမည်နဲ့ ပို့ပေးပါ" 


 "ကျွင်းကျူး၊ သူ့မှာ အိမ်တော်ရယ်လို့ မရှိပါဘူး၊ သူ ငှားထားတဲ့ ခြံကျဉ်းလေးထဲမှာ နေနေတယ်၊အခု သူ့တရားဝင်ရာထူးက ဆုံးရှုံးသွားတော့ ခြံဝင်းသေးသေးလေးငှားဖို့တောင် မတတ်နိုင်တော့လောက်ပါဘူး"


 "ဒါဆို နောက်ထပ်ငွေ ၃၀၀ လောက်ထည့်ပြီး သူ့ဆီ ပို့ပေးပါ" သူမအတွက်ကတော့ ငွေ ၃၀၀ က ဘာမှမဟုတ်၊ ငွေ ၃၀၀၀ ကတောင် သူမအတွက် စကားလုံးလေးမျှသာဖြစ်သည်။သို့သော် ထိပ်တန်းပညာရှင်၏ စရိုက်အရ သူ့ကိုသေသည်အထိ ရိုက်နှက်ခံရသည့်တိုင် ငွေရာဂဏန်းထက် ပိုလက်ခံမည်မဟုတ်ကြောင်း သူမ ကောင်းကောင်းသိသည်။


 "ကျွင်းကျူး ဒါက နည်းနည်းတော့ မသင့်တော်ဘူး မဟုတ်လား"


ပန်းဟွာက ရယ်မောရင်းဆိုလိုက်သည်။


"ဘာမသင့်တော်တာလဲ၊ ဒုတိယမင်းသားနဲ့ ငါက တစ်ယောက်နဲ့တစ်ယောက် မကြည်ကြတာကို မြို့တော်ကလူတိုင်းသိတယ်၊သူ မကြိုက်တဲ့သူကို ငါ ကူညီပေးတာ ဘာဖြစ်နေတာလဲ၊အခုချိန်မှာ သူက နင်းဝမ်မင်းသားပဲ၊ တယဲ့မင်းဆက်ရဲ့ ဧကရာဇ်မဟုတ်ဘူး၊သူငါ့ကို ဘာလုပ်နိုင်မှာလဲ"


သူမ၏ မြင့်မြတ်သောဘွဲ့ထူးကို ဧကရာဇ် ယွင်ချင်မှ ပေးအပ်ခဲ့ခြင်းဖြစ်သည်။သူမကို ကျန်းလော မထိဝံ့ပေ။


"ဟုတ် ကျွန်တော် ချက်ချင်းလုပ်လိုက်ပါ့မယ်"


 မဟာရွှေလမင်းနန်းတော်အပြင်ဘက်တွင် အပူဒဏ်ခံစားရပြီးကတည်းက ထိပ်တန်းပညာရှင် ချမ်ဟဲယန်သည် အပြင်းဖျားနေခဲ့သည်။ အိမ်မှာ ရက်အတော်ကြာ နေထိုင်သော်လည်း လုံး၀ မသက်သာသေး။သူ့လုပ်ဖော်ကိုင်ဖက် တော်တော်များများက သူ့ကို တစ်ခါနှစ်ခါ လာတွေ့ကြသည်။သူတို့အားလုံးက သူသည် စိတ်မြန်လွန်းသူဖြစ်၍ ကိစ္စ ကြီးကြီးမားမားလုပ်သည့်အခါ သတိထားသင့်ကြောင်း ပြောကြ၏။


နောက်ပိုင်းတွင် ဤလုပ်ဖော်ကိုင်ဖက်များ တဖြည်းဖြည်း အလာ နည်းပါးလာသည်။သူ့မှာ ပိုက်ဆံမရှိတာကြောင့် ယခုနှစ်၏ အိမ်လခတစ်ဝက်အတွက်  တချို့အရာများကို အပေါင်ထားရသည်။  


တစ်နေ့ဝယ် ပန်းဟွာကျွင်းကျူး၏ သက်တော်စောင့်က သူ့ကို တွေ့ချင်သည်ဟု အစေခံမှ လာပြောသည့်အခါ သူ နားကြားမှားနေသည့်အလားပင်။လွန်ခဲ့သည့် ဆယ်ရက်က ပန်းဟွာကျွင်းကျူးကို သွားတွေ့သော်လည်း သူမက သူတို့ကို လှောင်ပြောင်ခဲ့သည်။ အခုလည်း သူ့ဆီကို လူလွှတ်ပြီး ထပ်လှောင်ရယ်ဖို့ လာတာလား ?


သံသယရှိသော်လည်း သူ မတွန့်ဆုတ်ဝံ့ဘဲ ဧည့်သည်အား အမြန်ကြိုဆိုရသည်။


ရောက်ရှိလာသူမှာ အသက် ၂၇ နှစ်၊ ၂၈ နှစ်ခန့်ရှိသည်။သူ့ရုပ်ရည်က သာမာန်ဖြစ်သော်လည်း ဂုဏ်သိက္ခာရှိသော အသွင်အပြင်ရှိသည်။ပထမအချက် သူသည် ကိုယ်ခံပညာရှင်တစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။သူ့နောက်မှာတော့ လက်ဆောင်သေတ္တာများ ထမ်းထားသည့် အစေအပါး အများအပြား ရှိနေ၏။သူတို့အားလုံး ရိုးရိုးသာ ဝတ်ဆင်ကြသည်။


 "ကျွင်းကျူးက ထိပ်တန်းပညာရှင်ချန်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေအကြောင်း ကြားပြီး ထိပ်တန်းပညာရှင်ချန်းရဲ့ စရိုက်ကို အရမ်းသဘောကျသွားပါတယ်၊ ဒီလက်ဆောင်လေးတွေက ကျွင်းကျူးရဲ့စေတနာပါ၊ ကျေးဇူးပြုပြီး မငြင်းပါနဲ့"  


ယခုအချိန်တွင် ချန်းဟယ်ယန်သည် တရားဝင်ရာထူးမရသေးသော်လည်း သူ၏ပညာရပ်ဆိုင်ရာ အောင်မြင်မှုများမှာ ရှိနေဆဲဖြစ်သည်။သူ့ကို "ထိပ်တန်းပညာရှင်ချန်း" ဟုခေါ်ခြင်းသည် အလေးစားဆုံးနည်းလမ်းဖြစ်သည်။


ချန်းဟယ်ယန်သည် လှောင်ပြောင်ခြင်းခံရမည်ဟု မျှော်လင့်ထားတာကြောင့် အတော်လေးအံ့အားသင့်ရ၏။ လက်ဆောင်ပစ္စည်းအစုံကို ကြည့်လိုက်လျှင် ဆေးဖက်ဝင်အပင်များ၊ အဝတ်အထည်များ၊ အသားများ ရှိသည်။အားလုံးက လက်တွေ့ဘဝတွင် လိုအပ်သော အရာများပင်။ကျွင်းကျူးက သူ့အခက်အခဲများကို စဉ်းစားပြီး သူ့ကို လက်ဆောင်ပို့ခြင်းပင်။


ခဏတာအတွင်း ချန်းဟယ်ယန် စိတ်ထဲမှာ ခံစားချက်များ ရောထွေးနေခဲ့သည်။သူ မတ်တပ်ထရပ်၍ အစောင့်အကြပ်ကို ဦးညွှတ်လျက်က၊ “ကျွင်းကျူး  ကရုဏာတော်ကြီးလှပါတယ်"


 "ထိပ်တန်းပညာရှင်ချန်း ဒီအရာတွေကို မယူချင်ရင် စွန့်ပစ်လိုက်လို့ရပါတယ်၊ သူမ ပေးခဲ့တဲ့ပစ္စည်းတွေကို ပြန်ပေးလိုက်တာမျိုး သူမ ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး"  အစောင့်က မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်သည်။  "ထိပ်တန်းပညာရှင်ချန်း ကျေးဇူးပြုပြီး ကျွန်တော့်ကို ကြားထဲက ဒုက္ခများအောင် မလုပ်ပါနဲ့"


 "ဒီ…"


အစောင့်သည် သူပြောမည့်စကားကို မစောင့်ဘဲ "နှုတ်ဆက်ပါတယ်" ဟု တိုက်ရိုက်ပြောကာ ထွက်သွားခဲ့သည်။


 "ဟေး ခဏစောင့်!"


သနားစရာ ချန်းဟယ်ယန်သည် နေမကောင်းဖြစ်နေ၍ ကြက်တကောင်ကိုပင် မိအောင် ဖမ်းရန် ခွန်အားမရှိပေ။သူ အစေခံထက် မြန်အောင်မပြေးနိုင်ချေ။သူ တံခါးဝရောက်သည်နှင့် အစေခံက မြင်းစီး၍ထွက်သွားပေတော့သည်။


 "ကျင့်ထင်အိမ်တော်က တကယ်ကို ကြီးကျယ်ခမ်းနားလွန်းတာပဲ၊ အစေခံကိုတောင် မြင်းပေးစီးထားတာကိုး"


ချန်းဟယ်ယန်ကို တွဲထားသော အစေခံ၏မျက်လုံးထဲမှာ အားကျစိတ်များပြည့်နေသည်။


ချန်းဟယ်ယန် မချိတင်ကဲ ပြုံးလိုက်သည်။ မြို့တော်တွင် မှူးမတ်များ အများအပြားရှိသော်လည်း ကျင့်ထင်အိမ်တော်လောက် ထင်ရှားသော မိသားစု မရှိပေ။ သူသည် သြဇာအာဏာမရှိသော ဆင်းရဲသားပညာရှင်တစ်ဦးဖြစ်သည်။ယခုတော့ သူ့မှာ ရာထူးပါမရှိတော့။အခြားသူများက သူ့ကို ပွင့်လင်းမြင်သာစွာ မကူညီဝံ့ကြသော်လည်း၊ ပန်းဟွာကျွင်းကျူးသည် သူ့ကို အားပေးကူညီရန် အစေခံများကို စေလွှတ်ထားသည်။လောကကြီးမှာ ထူးထူးဆန်းဆန်း တစ်ခုခုရှိနေပြီဆိုသည်ကို သူ ခံစားရ၏။


 စာကြည့်ခန်းသို့ ပြန်ရောက်သောအခါ ချန်းဟယ်ယန်သည် သူ စိတ်ပျက်လက်ပျက်ဖြစ်စဉ်က ရေးခဲ့သော ကဗျာကို ကြည့်မိသည်။ အချိန်အတော်ကြာပြီးနောက် သူသည် စက္ကူကို ဖြဲကာလုံးချေ၍  အမှိုက်တောင်းထဲသို့ ပစ်ချလိုက်သည်။


တစ်ကယ့်ယောက်ျားသည် မိမိ၏လုပ်ရပ်များကို နောင်တမရသင့်။


ထိုစဉ် အစေခံသည် အနက်ရောင်အ၀တ်အိတ်နှင့် အတူ ရုတ်တရက်ဝင်လာကာ "သခင် ကျွန်တော် ဒါကို တွေ့လာပါတယ်"


ချန်းဟယ်ယန် အိတ်ကိုဖွင့်ပြီး အတွင်းထဲကို ကြည့်လိုက်သည်။ငွေတုံးဆယ်ခုကျော်၊ ကြေးနီဒင်္ဂါး အနည်းငယ်နှင့် တစ်ရာတန် ငွေစက္ကူ သုံးရွက်တို့ ပါရှိသည်။ယခုအချိန်တွင် သူ့လက်ထဲတွင်ရှိသော အဝါရောင်နှင့် အဖြူရောင်အရာများသည် ရွှေအချိန်တစ်ထောင်ထက် ပိုလေးသည်ဟုပင် ခံစားမိသည်။


နောက်တစ်နေ့တွင် ပန်းဟွာသည် ချန်းဟယ်ယန်ထံမှ ကျေးဇူးတင်စာတစ်စောင်လက်ခံရရှိခဲ့သည်။ပန်းဟွာ ကြည့်ပြီးနောက် ရူရီအား စာရွက်ကိုပေးလိုက်ရင်း  "ယူထားလိုက်ပါ"


ချန်းဟယ်ယန်သည် စိတ်ဝင်စားစရာကောင်းသော လူတစ်ယောက်ဖြစ်သည်။သူသည် သူမ၏ ပစ္စည်းများကို ပြန်မပို့ခဲ့သလို ကျေးဇူးတင်စာမှာလည်း ချဲ့ကား၍မရေးထားပေ။သူမ သတ်မှတ်ထားသော ဘောင်အတွင်းဝင်သည်ဟု ဆိုနိုင်၏။သူမ အတူထိုင်နေသော ပန်းဟမ်ကိုပြောလိုက်သည်။


 "သူက ရိုးဖြောင့်ပြီး ခေါင်းမာတဲ့သူပဲ၊ ဒီလိုလူမျိုးကို လူကြီးလူကောင်းလို့ ခေါ်လို့ရတယ်"


ပန်းဟမ်က မျက်ခုံးပင့်လိုက်ပြီး "အစ်မ အစ်ကိုရုံနဲ့ အချိန်တော်တော်ကြာကြာ ကုန်ဆုံးထားတာဆိုတော့ လူကြီးလူကောင်းတစ်ယောက်ရဲ့ စံတွေက တိုးတက်လာတယ်လို့ ကျွန်တော်ထင်ခဲ့တာ"


"ငါကမှ နင့်ထက် ပိုပြီး ဘယ်ဟာက လူကြီးလူကောင်းလဲဆိုတာ သေချာခွဲခြားနိုင်တာပါ..." 


 "မထင်ပါဘူး...."

 

ပန်းဟွာက သူ့ကို ပြုံးပြုံးကြီးကြည့်ကာ ခေါင်းငုံ့ပြီး လက်ဖက်ရည်ကို တိတ်တိတ်လေး သောက်လိုက်တော့သည်။



xxxxxx