အပိုင်း၁၁၈
Viewers 8k

Chapter 118


သတ္တမလသို့ ရောက်သော် မကြာသေးမီက မိုးမရွာသေးသည်ကို ကောင်းကင်က သတိရသွားပုံရသည်။မြို့တော်အထက် ကောင်းကင်မှာ ပထမဆုံး မည်းမှောင်နေသည့် တိမ်တိုက်များ ပေါ်လာသည်။ ပန်းဟွာသည် မြင်းပေါ်မှဆင်းကာ ကောင်းကင်မှ တိမ်မည်းများကို လှမ်းကြည့်သည်။ မိုးရွာတော့မှာလား...


ရုံမိသားစု၏ တံခါးစောင့်အစေခံများသည် ပန်းဟွာကိုတွေ့သောအခါ ချက်ချင်းပင် လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြ၏။


 "ကျွင်းကျူးကို နှုတ်ဆက်ပါတယ်" 


 "ရပါတယ် အထူးတလည် နှုတ်ဆက်နေဖို့ မလိုပါဘူး"  


သူမ တံခါးဝကို ဖြတ်ဝင်လာသည်နှင့် တပြိုင်နက် ပဲတောင့်အရွယ် မိုးရေစက်များ ကျဆင်းလာသည်။သူမ ခဏလောက် ခြေလှမ်းရပ်သွားပြီး ပြုံးလိုက်မိသည်။


 "မိုးရွာလာပြီ၊မိုးရွာလာပြီ"


ရုံရှား၏ ကျေးကျွန်များသည် အလွန် အိန္ဒြေရှိသော်လည်း မိုးစက်များကျလာသောအခါတွင် လူအချို့က ဝမ်းသာအားရအော်ဟစ်ကြသည်။မိုးကို လူဘယ်နှစ်ယောက်က ဘယ်လောက်ကြာကြာ စောင့်မျှော်နေသည်ဆိုသည်က မြင်သာလှပေ၏။ သူမသည် စင်္ကြံတွင်ရပ်ကာ မျက်စိတစ်မှိတ်အတွင်း မိုးသည်းထန်စွာရွာသွန်းလာသည်ကို ကြည့်နေမိသည်။မိုးရေကြောင့် မြေပြင်မှ အပူများ တက်လာသည်ကို သူမ ခံစားရသည်။


"ပန်းဟွာကျွင်းကျူး၊ သတိထားပါ၊ဂါဝန်ကို မိုးရေမစိုစေနဲ့"  


အစေခံမိန်းကလေး နှစ်ယောက်သည် သူမရှေ့တွင်ရပ်ကာ မိုးမစိုအောင်ကာကွယ်ပေးလေသည်။ 


 "အဆင်ပြေပါတယ်" ပန်းဟွာက အစေခံ ကောင်မလေးနှစ်ယောက်အား သူမရှေ့မှ ပြန်ဆွဲထုတ်လိုက်ပြီး "နင်တို့လည်း သတိထားပါ၊ ရေမစိုပါစေနဲ့"


 “ကျွင်းကျူး…” အစေခံမိန်းကလေး နှစ်ယောက်သည် သူမကို ကြောင်တက်တက်ဖြင့် ကြည့်ကာ ကျေးဇူးတင်သော မျက်လုံးများဖြင့် ပြည့်နေသည်။


 မိုးရွာနေချိန်တွင် ရုံရှားသည် ထီးနှင့် ဖြည်းညှင်းစွာ လျှောက်လာသည်။  သူသည် လှေကားထစ်များအတိုင်း လျှောက်သွားကာ အစေခံမိန်းကလေးများနှင့် ရယ်မောပြောဆိုနေသော ပန်းဟွာကို ကြည့်ကာ “ဟွာဟွာ၊ဘာလို့ဒီကိုရောက်နေတာလဲ"  


ပန်းဟွာ ထီးကိုင်ထားသူကို ကြည့်ပြီး "အို ရှင့်ဒဏ်ရာတွေက မပျောက်သေးဘူးလေ၊ မိုးရေစိုသွားရင် ဘယ်လိုလုပ်မလဲ"


 "ဟွာဟွာ ဒီမှာရှိနေတယ်၊ ​​အပြင်မှာ မိုးရွာနေတာကို ကိုယ်က ဘယ်လိုထိုင်နေရမှာလဲ"  ရုံရှားက ပန်းဟွာ၏ ခေါင်းထက်မှာ ထီးကို မြှောက်လိုက်ပြီး  ညင်သာစွာ ပြုံးပြသည်။


"မင်း ဒီကို မရောက်တာ နှစ်ရက်ရှိပြီပဲ"


 "လွန်ခဲ့တဲ့နှစ်ရက်က နေအရမ်းပူနေတယ်လေ၊ အပြင်မထွက်ချင်ဘူး" 


ပန်းဟွာ ရေကန်ဆီသို့ သူနှင့်အတူ ဘေးချင်းကပ်လျက် လမ်းလျှောက်လာခဲ့သည်။ ထီးကို ထိသော မိုးရေစက်တို့က တပေါက်ပေါက်မြည်နေတော့သည်။


 "သတိထားပါ" ရုံရှားက သူမ ပုခုံးကို ညင်သာစွာ သိုင်းဖက်ပြီး ထီးကိုလည်း သူမဘက်ကို စောင်းပေးသည်။


"နည်းနည်း ဒီဘက်တိုး" ပန်းဟွာ သူ့ကို ပြုံးပြုံးလေး ကြည့်ပြီး ရေကန်မှာ ပွင့်နေသည့် ကြာပန်းများကို လှည့်ကြည့်လိုက်ကာ


 "မိုးထဲမှာ ဆိုတော့ ကြာပန်းတွေက အရမ်းထူးခြားသလိုမျိုးပဲ၊ ပြီးတော့ အရသာလည်းရှိပုံရတယ်"


ထိုစကားကိူကြားသော် ရုံရှား သူ့ခြေလှမ်းများကို နှေးကွေးပြီး သူမ ပန်းများအား ကြည့်စေ‌လိုက်၏။ 


 "ဟိုးရှေးရှေးတုန်းက ကြာပန်းကန်ထဲမှာ ငါးကြင်းနတ်ဘုရားမ တစ်ကောင်ရှိတယ်"  သူက ရေထဲတွင် ပျော်ရွှင်စွာ ကူးခတ်နေသော ငါးကြင်းကြီး တစ်ကောင်ကိုကြည့်ကာ "သူမက တစ်နေ့တာလုံး ကျင့်ကြံစဉ်တွေ လုပ်ပြီး နောက်ဆုံးတော့ သူမဟာ လူသားဖြစ်သွားခဲ့တယ်"


 "နောက်ဆုံးတော့ သူမက ပညာရှင်တစ်ယောက်ကို ချစ်မိသွားတာလား"


ရုံရှား ခေါင်းခါလိုက်သည်။


 "နောက်တော့ သူမဟာ မသေနိုင်တဲ့သူတစ်ယောက်ဖြစ်လာပြီး ပျံသန်းသွားတော့တယ်"


ပန်းဟွာ: "…"


"ကျွန်မ ကြောက်ဖို့ ဒီပုံပြင်ကို ပြောနေတာလား" ပန်းဟွာ သူ့ကို မျက်စောင်းထိုးလိုက်သည်။


ရုံရှားက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဟွာဟွာက အရမ်း ထက်မြက်တာပဲ၊ သိပ်တော်တယ်"


 "ရှင် ချီးကျူးတာကို ကျွန်မ ကျေးဇူးတင်ရမလား" 


ပန်းဟွာ ပြောပြီးသည်နှင့် ရုံရှား ဘာမှပြန်မပြောမီ ခြေချော်လဲကျသွားသည်သူက သူမခါးမှနေ၍ သိမ်းဖက်ထားပေး၏။


သိပ်ချောမောတဲ့သူတစ်ယောက်ရဲ့ ကယ်တင်ခြင်းခံရခြင်းရဲ့ ခံစားချက်က...နူးညံ့နွေးထွေးနေတာပဲ 


သူက သူမ၏ ပခုံးကို ညင်သာစွာ ပွတ်သပ်ပြီး ထီးကို သေချာတည့်မတ်လိုက်သည်။ 


"အဆင်ပြေရဲ့လားဟင်"


"အဆင်ပြေပါတယ်၊ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မင်းမှာ မိုးရေတွေစိုသွားရပြီ"


သူမ မျက်နှာကို လက်ဖမိုးနှင့်ပွတ်သပ်လိုက်ပြီး


 "ကံကောင်းလိုက်တာ၊ ဒီနေ့ အပြင်မထွက်ခင် မိတ်ကပ်မလိမ်းထားလို့ပဲ၊ မဟုတ်ရင် မိုးရေစိုလို့ ရုပ်ဆိုးမှာပဲ"


 "ရုပ်ရည်က အပြင်ပန်းပါပဲ၊ရေစိုရင် အဓိကက အအေးမိဖို့ လွယ်တယ်" ရုံရှား သူမ ရေထပ်မစိုစေဖို့ သူမ လက်ကို ဆုပ်ကိုင်လိုက်ပြီး ခြေလှမ်းကိုခပ်သွက်သွက်လှမ်းလိုက်၏။ 


ပင်မခြံဝင်းထဲကို ပြန်ရောက်ပြီးနောက် ရုံရှားသည် အစေခံများကို ရေနွေးကြမ်းပြင်ခိုင်းပြီး ပန်းဟွာကိုပြောသည်။ 


"ကိုယ် စာကြည့်ခန်းထဲမှာ လုပ်စရာရှိသေးတယ်၊ကိုယ် ဒီအခန်းကို အရင်က မသုံးဖူးသေးလို့ ဟွာဟွာ စိတ်မဖြောင့်မဖြစ်ပါနဲ့"


ထို့နောက် သူမ အဆင်မပြေမှာစိုး၍  အမြန်ထွက်သွားခဲ့သည်။


 ခဏအကြာတွင် ရေပူဇလားကြီးတစ်ခုယူလာသော အစေခံမိန်းကလေးတစ်ဦး ရောင်လာသည်။ထိုမိန်းကလေးက အဝတ်သန့်သန့်တစ်ထည်လည်း ယူဆောင်လာခဲ့သည်။ အမျိုးသမီး အစောင့်နှစ်ယောက်ကို တံခါးအပြင်ဘက်မှာ တစ်ယောက်၊ ခန်းဆီး၏ ဘေးဘက်မှာ တစ်ယောက်ဖြစ်၍ သူမကို ဘယ်သူမှ လာမနှောင့်ယှက်နိုင်ပေ။


 ရေချိုးပြီးနောက် ပန်းဟွာသည် ရုံရှား၏ အစေခံများပြင်ဆင်ထားသည့်အ၀တ်အစားများအား လဲဝတ်လိုက်သည်။ထိုအခါ အဝတ်အစားများသည် သူမနှင့် မထင်မှတ်ဘဲ လိုက်ဖက်မှုရှိနေသည်ကို တွေ့ရှိခဲ့သည်။ပစ္စည်းနှင့် စတိုင်လ်ကို ကြည့်လျှင် အသစ်လုပ်ထားမှန်း သိသာသည်။


သူမသည် ထိုင်ခုံပေါ်တွင် ပျင်းရိစွာထိုင်နေကာ ဆံပင်ကိုလည်း နောက်ကျောတွင် ချထားလိုက်သည်။အစေခံ မိန်းကလေးတစ်ဦးက သူမ ဆံပင်ကို ခြောက်အောင်သုတ်ပေးသည်။


 "ဒီအိမ်တော်မှာ အမျိုးသမီး ဧည့်သည် ရောက်လာတတ်သလား" သူမက အစေခံမိန်းကလေးကို မေးလိုက်၏။


 "ကျွင်းကျူး၊ အိမ်တော်မှာ အမျိုးသမီး သခင်မ မရှိလို့ ကောကုန်းကလည်း အမျိုးသမီးဧည့်သည်တွေ မခေါ်လာဖူးပေမယ့် အဘွားကြီးတစ်ယောက်တော့ ရောက်လာဖူးပါတယ်"


 "သူ့ရုပ်ရည်က အဘွားကြီးတွေကြားထဲမှာသိပ်ရေပန်းစားတယ်ထင်ပါရဲ့"ပန်းဟွာက ခန္ဓာကိုယ်ကို တည့်တည့်မတ်မတ်ထိုင်ကာ "ငါ အဝတ်အစားလဲပြီးပြီဆိုတာကို ရုံရှားကို အကြောင်းကြားခိုင်းလိုက်ပါ"


 "ဟုတ်ကဲ့"


ရုံရှား ရောက်လာသောအခါတွင် သူမသည် အဝတ်အစားအသစ် လဲထားပြီးချိန်ဖြစ်သည်။သူ ဝင်လာသည်ကိုမြင်လျှင် ပန်းဟွာက လက်ဝှေ့ယမ်းပြပြီး သူမကိုယ်ပေါ်မှ အဝတ်အစားများအား ညွှန်ပြသည်။


 "ကောကုန်းရုံ၊ ဒီအဝတ်အစားတွေကို ဘယ်ကရလာတာလဲ"


ရုံရှားက ပြုံးပြီး


 "လွန်ခဲ့တဲ့ ရက်က အိမ်တော်ရဲ့  ပန်းထိုးသမားကို ခိုင်းထားတာလေ၊ မင်းဒီကိုလာတုန်း လက်ဖက်ရည်မတော်တဆ ဖိတ်မိရင် ဒါမှမဟုတ် မင်းရဲ့ခန္ဓာကိုယ်ပေါ် ရွှံ့နွံတွေ ပေကျံမိရင်  အဝတ်အစားလဲစရာ လိုမယ်မလား၊ ဒါကြောင့် မင်းနဲ့လိုက်ဖက်မယ့် ပန်းထိုးသမားကို ရှာထားလိုက်တာ" 


ရုံရှား ဤမျှအထိ သတိထားမည်ဟု သူမ မမျှော်လင့်ထားပေ။  


"ဟုတ်လား၊ ကျေးဇူးအရမ်းတင်ပါတယ်"


သူမ၏ ဆံပင်များသည် အနက်ရောင်ဖဲသားကဲ့သို့ ပျော့ပျောင်းပြီး ချောမွေ့နေသည်။ရုံရှား၏ အကြည့်က သူမ ဆံပင်ပေါ်ကို ကျရောက်လာပြီး "ကိုယ် ဂျင်းပြုတ်ရည် ချက်ခိုင်းထားတယ်၊ မင်း နည်းနည်းလောက်သောက်လိုက်ပါလား"


 "ဟင့်အင်း၊အဲ့ဒါ စပ်တယ်"


 "ဟင်းချိုထဲမှာ သကြားထည့်ထားတယ်၊ မစပ်ပါဘူး၊ ကိုယ်လည်း အတူသောက်မယ်လေ" 


ပန်းဟွာ ဇီဇာကြောင်သည်ကို ရုံရှားသိသောကြောင့် တမင်သကြားထည့်၍ ချက်ခိုင်းထားခြင်းဖြစ်၏။


ပန်းဟွာ တံခါးကို လှည့်ကြည့်လိုက်ရာ ဂျင်းပြုတ်ရည်သယ်လာသည့် အစေခံမိန်းကလေးတစ်ယောက်ကို တွေ့ရသည်။ သူမ သက်ပြင်းချရင်း


 "အရင်က ရာသီဥတုက အရမ်းပူထားတာကို၊ဘာလို့ ခုမှရတဲ့ အအေးဓာတ်ကို မောင်းထုတ်ရတာလဲ"


ရုံရှားက စကားမပြောဘဲ သိမ်မွေ့သော အပြုံးဖြင့် သူမကို ကြည့်နေသည်။ သူ၏ မက်မွန်ပွင့်ပုံစံ မျက်လုံးတစ်စုံသည် နူးညံ့မှုအပြည့်ရှိ၍ သူမ ပြန်မချေပတော့ဘဲ ဂျင်းပြုတ်ရည်ကိုသာ နာခံစွာ သောက်မိသည်။


 ကောင်းကင်က တဖြည်းဖြည်း မှောင်လာသည်။မိုးကလည်း သည်းသည်ထက် ပိုသည်းလာ၏။လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း စုဆောင်းထားသော မိုးအားလုံးကို ဘုရားသခင်က သွန်းလောင်းလိုက်သလိုပင်။


ရုံရှားက အပြင်မှာ မိုးတဖွဲဖွဲကျနေတာကြောင့် ရံဖန်ရံခါ ထွက်လာတတ်သော  မိုးခြိမ်းသံများအား နားထောင်နေသည်။


"ဒီည မပြန်ပါနဲ့၊ ကိုယ် ကျင့်ထင်အိမ်တော်ကို လူလွှတ်ပြီး ပြောခိုင်းလိုက်မယ်၊စိတ်မပူပါနဲ့ ကိုယ်က မင်း အပြောအဆိုခံရအောင် မနေပါဘူး"


ကျင့်ဝတ်အရ ပန်းဟွာသည် ရုံမိသားစုတွင်နေရန် မသင့်လျော်သော်လည်း သူတို့နှစ်ဦးမှာ လက်ထပ်တော့မည်ဖြစ်သည်။ မိသားစုနှစ်စုစလုံး သဘောတူနေသရွေ့ တစ်ညလုံး တစ်အိမ်တည်းမှာနေဖို့က သူတို့အတွက် ပြဿနာကြီးကြီးမားမား မရှိ။ အိပ်ဆောင်ထဲမှာ သူတို့စိတ်ကြိုက် မိန်းကလေးအမှုထမ်းများ၊ ယောက်ျားလေးအမှုထမ်းများ ခေါ်ထားတတ်သော မြို့တော်ရှိ အခြားသခင်လေး၊သခင်မလေးများနှင့် ယှဉ်လျှင် သူမတို့က အတော်ဖြူစင်ရိုးသားလှပေသည်။ 

နောက်ဆုံးမှာ ပန်းဟွာ သဘောတူခဲ့သည်။


 ထမင်းစားပြီးနောက် ရုံရှားက ရုတ်တရက် ပြောလာ၏။ "မင်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချန်းဟယ်ယန်ကို လက်ဆောင်ပေးလိုက်တယ်လို့ ကိုယ် ကြားတယ်"


ချန်းဟယ်ယန် ...


ပန်းဟွာ ခဏလောက် တွေဝေသွားပြီးနောက်မှ ထိပ်တန်းပညာရှင်ကို သတိရသွားသည်။သူမက ခေါင်းညိတ်ပြီး


 "ဟုတ်တယ်၊ အဲ့ဒီလူက ရှင်နဲ့ မနှိုင်းယှဥ်နိုင်ပေမယ့်၊ တခြားပညာရှင်တွေထက် ပို စိတ်ထားကောင်းတယ်"


ရုံရှား ပြုံးပြီး ဤကိစ္စကို ထပ်မပြောတော့။ချန်းဟယ်ယန်ကို သူ အရင်က မြင်ဖူး၏။ သူ၏အသွင်အပြင်သည် ထူးချွန်သည်ဟု ယူဆနိုင်သော်လည်း ပန်းဟွာ၏ စံနှုန်းများအရ သူမသည် ဤအသွင်အပြင်မျိုးရှိသူကို စိတ်ဝင်စားမည်မဟုတ်ပေ။


ပန်းဟွာသ ထိုညက မိုးခြိမ်းသံကြောင့် ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ ရသီဥတု အေးသော်လည်း ညသန်းခေါင်မှာ နိုးနေတာကြောင့် ဆက်အိပ်လို့မရခဲ့ချေ။ သူမ အိမ်မက်မက်နေသလားမသိ၊  ရုံရှား နေထိုင်သည့် အိပ်ဆောင်ဘေးရှိ  ခြံဝင်းအတွင်း ဆူညံသံများ ဖျတ်ခနဲ ကြားလိုက်ရသည်။ သူမ ကုတင်ပေါ်မှ ခဏလောက် တုံ့ဆိုင်းစွာ ထထိုင်လိုက်ပြီး အပေါ်ထပ်အင်္ကျီကို ဝတ်ကာ ထွက်လာခဲ့သည်။


 "ကျွင်းကျူး"  


အပြင်ခန်းတွင် အိပ်နေသော အမျိုးသမီး အစောင့်နှစ်ယောက်သည် အတွင်းခန်းမှ သူမ ထွက်လာသော အသံကို ကြားသဖြင့် ကုတင်ပေါ်မှ အမြန်ထထိုင်လိုက်သည်။ပန်းဟွာက ဆံပင် ပွယောင်းယောင်းနှင့် အတွင်းခန်းထဲက ထွက်သွားသည်ကို တွေ့လိုက်ရ၍ သူမတို့ လန့်သွားသည်။  


"ကျွင်းကျူး ဘာဖြစ်တာလဲ"


 "ဘေးခြံဝင်းထဲက ဆူညံသံကို ကြားလား"


 "ကျွန်မတို့ ဘာမှ မကြားရပါဘူး"


 မိုးက သည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်ကာ လေပြင်းတိုက်သည့်ညဖြစ်တာကြောင့် ခြံဘေးမှာ ဘာဖြစ်နေလဲဆိုသည်ကို ကြားဖို့ခက်လှသည်။


  "ငါနဲ့လိုက်ခဲ့ကြ"


 "ဟုတ်ကဲ့" 


 အမျိုးသမီး အစောင့်နှစ်ယောက်က ပန်းဟွာ ဘာကြောင့် သွားချင်သလဲဟု မမေးဘဲ တံခါးအပြင်ကို တလေးတစား လိုက်သွားကြသည်။


ပန်းဟွာ အထင်မမှားပေ၊ရုံရှား၏ ခြံဝင်းထဲတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်။အနက်ရောင် ၀တ်စုံဝတ် လုပ်ကြံသတ်ဖြတ်သူ ဆယ်ဦးကျော်သည် အတွင်းခြံဝင်းထဲသို့ ၀င်ရောက်ကာ အပြင်တွင် စောင့်နေသော ကျေးကျွန်နှစ်ဦးကို သတ်ဖြတ်ခဲ့သည်။ထို့နောက် သူတို့သည် အမှောင်ထဲတွင် ပုန်းအောင်းနေသော အစောင့်အနည်းငယ်နှင့် စတင်တိုက်ခိုက်တော့သည်။


ပုံမှန်ဆိုလျှင် အစောင့်များလာနိုင်သည်။သို့သော် ယနေ့ည ရာသီဥတုက အေးနေတာကြောင့် ရက်ပေါင်းများစွာ အပူဒဏ်ခံနေရသည့် အစေခံများခမျာ ယခုမှ ကောင်းကောင်းအိပ်ရပြီဖြစ်သည်။ထို့အပြင် လေပြင်းနှင့် မိုးသံက အလွန်ကျယ်လောင်သောကြောင့် ခြံဝင်းအတွင်း ဘာဖြစ်နေသည်ကို ကြားရန် ခက်ခဲလှသည်။


တုကျိူးသည် လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားပြီး တစ်ကိုယ်လုံး  ခေါင်းမှ ခြေဖျားအထိ မိုးရေစိုရွှဲနေသည်။သူ့ဘယ်ဘက်လက်သည် ဒဏ်ရာရရှိသွားသောကြောင့် ဝင်လာသော လုပ်ကြံသတ်ဖြတ်သူများကို တားဆီးရန် ညာလက်ကိုသာ အားကိုးရသည်။


 "မင်းတို့ လုပ်ကြံသတ်ဖြတ်သူတွေကို ဘယ်သူလွှတ်လိုက်တာလဲဆိုတာ ငါဂရုမစိုက်ဘူး၊ မင်းတို့ အခုချက်ချင်းရပ်မယ်ဆိုရင် တစ်ဖက်က ပေးတဲ့ဈေးရဲ့ သုံးဆကို ငါတို့ ပေးမယ်"


တုကျိူး အမြန်ပင် လုပ်ကြံသတ်ဖြတ်သူတစ်ဦးကို ဓားဖြင့်ထိုးနိုင်ခဲ့သည်။


  "ညီအစ်ကိုတို့၊ မင်းတို့ ဒီလို မကောင်းတဲ့စီးပွားရေးလုပ်ပြီး ပိုက်ဆံရှာနေတာလား..."


 သို့သော် ဤလူသတ်သမားများသည် တုကျိုး စကားပြောနေသည့် ယခုအခိုက်အတန့်တွင်ပင် အလွန်ကျွမ်းကျင်ကြစွာဖြင့်တိုက်လျက်ရှိသည်။


 "ကောကုန်း နောက်ဆုတ်ပါ" 


တုကျိူး၏ မျက်နှာသည် နီရဲနေပြီး ယနေ့ညတွင် ပြင်းထန်သော တိုက်ပွဲဖြစ်မည်ကို သူကြောက်နေသည်။သူ၏တစ်ခုတည်းသောမျှော်လင့်ချက်မှာ သူတို့အထဲက တစ်ယောက်ယောက် ပတ်၀န်းကျင်ရှိ လုပ်ကြံသူများကို ဖြတ်ကျော်ပြီး အကူအညီတောင်းဖို့ပင်။သို့သော် လုပ်ကြံသူများသည် သေချာစွာပြင်ဆင်လာခဲ့ပြီး တံခါးကို ပိတ်ဆို့ထားသောကြောင့် အပြင်ထွက်သွားရန် အခွင့်အလမ်းမရှိပေ။


 သူ့မျက်နှာပေါ်က မိုးရေများနှင့် သွေးများအား သုတ်လိုက်သည်။ရုံရှားကို ဤအစောင့်များက ပိတ်ဆို့ထားသော်လည်း သူ အငြိမ်မနေဘဲ လေးကိုဆွဲထုတ်ကာ လူသတ်သမားနှစ်ဦးကို ပစ်သတ်လိုက်သည်။သူ၏ဓားသိုင်းကျွမ်းကျင်မှုသည် ရှိုးသက်သက်သာဖြစ်၏။တယဲ့ရှိ နာမည်ကြီးလူအများစုသည် ဓားပညာကို တတ်ကျွမ်းကြသော်လည်း အပျော်သဘောမျိုးသာဖြစ်၍ တစ်ဖက်ရန်သူအားထိခိုက်အောင်မပြုနိုင်ပေ။


 ဤလုပ်ကြံသတ်ဖြတ်သူများသည် အဆင်သင့်ပြင်ဆင်ထားပြီး သူတို့၏နည်းလမ်းများသည် ရက်စက်ကြမ်းကြုတ်သော်လည်း တိုက်ခိုက်မှုများမှာ တိကျနေသဖြင့် ကျွမ်းကျင်သော လုပ်ကြံသတ်ဖြတ်သူများဖြစ်ကြောင်း သိသာထင်ရှားသည်။


 တံခါးဝမှာ ရပ်ပြီး ဒဏ်ရာရနေသည့် အစောင့်ကို ကြည့်ရင်း ရုံရှား မျက်နှာက ထုတ်ဖော်မပြတတ်အောင် ဖြစ်နေ၏။ထိုအချိန်တွင်၊ အထူးသဖြင့် သူ့ကိုသေစေလိုသည့်သူမှာ နင်းဝမ်မင်းသာ ကျန်းလောပင်ဖြစ်သည်။


သူသာလျှင် ဤကဲ့သို့ ရဲရင့်ပြီး ရှက်ဖွယ်ကောင်းသော နည်းလမ်းကို အသုံးပြုလိမ့်မည်။နင်းဝမ်သာ နန်းတက်နိုင်လျှင် ယခင်ဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်သည့် ဧကရာဇ်အား မည်သည့်အရာရှိကမှ အာခံရဲမည်မဟုတ်။ဧကရာဇ်တစ်ပါးအနေဖြင့် နန်းတွင်းသူများနှင့်ဆက်ဆံရန် နည်းလမ်းများစွာရှိသော်လည်း ကျန်းလောသည် စက်ဆုပ်ဖွယ်အကောင်းဆုံးနည်းလမ်းကို ရွေးချယ်မည်ဖြစ်၏။


ဧကရာဇ်ဖြစ်ခွင့်ရလောက်အောင် ကံကောင်းလျှင်လည်း သူ တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းနိုင်မှာမဟုတ်ချေ။ ရုံရှား အရာအားလုံးကို တွက်ချက်ခဲ့သော်လည်း ကျန်းလော၏ ဦးနှောက်ကို မှားယွင်းစွာ တွက်ချက်ခဲ့မိသည်။ကျန်းလောက သူထင်ထားတာထက် ပိုစိတ်မြန်ပြီး မိုက်မဲသည်။သူသည် ပုံစံအမျိုးမျိုးဖြင့် သူ့ဘဝကို အဆုံးသတ်နိုင်သော်လည်း အရူးတစ်ယောက်၏လက်ထဲ၌ မသေနိုင်ပေ။


ရုံရှား၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မြှားသည် လုပ်ကြံသူ၏ ရင်ဘတ်ကို ထိုးဖောက်သွားသည်။ ပြီးလျှင် လူသတ်သမားသည် မြေပြင်ပေါ်သို့ လဲကျကာ သေဆုံးသွားသည်။


ပန်းဟွာသည် ခြံဝင်းထဲမှ ထွက်လာပြီး ရုံရှား၏ ခြံဝင်းတံခါးက တင်းတင်းကျပ်ကျပ် ပိတ်ထားသည်ကို တွေ့လိုက်ရ၏။သို့သော်လည်း အတွင်းမှ လက်နက်သံများ ထွက်ပေါ်လာသည်။ မျက်လုံးများ မှိတ်ထားကာ သူမ အသက်ပြင်းပြင်းရှူရင်း


 "လူသတ်သမား၊ လူသတ်သမားကို ဖမ်းကြစမ်း..."


 မိန်းမတစ်ယောက်၏ အသံက အရေးကြုံလျှင်ကြုံသလို တိမ်ပေါ်အထိတက်အောင်ကျယ်လောင်တတ်သည်။ 


ပန်းဟွာ၏အော်သံသည် ကောကုန်းချမ်အမ် အိမ်တော်မှ လူတိုင်း အိပ်ရာမှ နှိုးနိုင်လောက်အောင် ကျယ်လောသ်ပြီး ခြံဝင်းအတွင်းရှိ လုပ်ကြံသူများကိုလည်း ထိတ်လန့်စေခဲ့သည်။ သူမ၏ အသံဆုံးသွားသည်နှင့် တပြိုင်နက် လူသတ်သမားတစ်ဦးသည် ဓားဖြင့်ပြေးထွက်လာသည်။


ပန်းဟွာ လှည့်ကြည့်ကာ လက်နောက်ပြန်ဖြင့် လူသတ်သမားအား ဓားနှင့်ထိုးလိုက်သည်။လူသတ်သမားသည် တုံ့ပြန်ရန် အချိန်မရှိဘဲ ဗိုင်းကနဲ လဲကျသွားသည်။


 မိန်းမတစ်ယောက် … လက်ပြန်ဓားသုံးနိုင်တဲ့ မိန်းမတစ်ယောက်... တစ်လောကလုံး အမှောင်ကျသွားသည့်အခိုက် လုပ်ကြံသူ၏ မျက်လုံးများက မယုံကြည်နိုင်ဟန် အရိပ်အယောင်များ ပြည့်နှက်နေသည်။


 လုပ်ကြံသတ်ဖြတ်သူအများစုမှာ ကောင်းမွန်သော အဆုံးသတ်မရှိခဲ့သော်လည်း အမျိုးသမီးတစ်ဦးထံမှ အနိုင်ယူခြင်းခံရမည်ဟု မထင်ထားခဲ့ပေ။


ပန်းဟွာသည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူကို မကြည့်တော့။သူမ ဂါဝန်စကိုအသာမ,ကာ တစ်ဝက်တစ်ပျက်ပွင့်နေသော ဝင်းတံခါးကို ခြေဖြင့်ကန်ဖွင့်ပြီး ဓားနှင့် ပြေးဝင်လိုက်တော့၏။



xxxxx