Chapter 119
ဘန်း...
ခိုင်ခံ့သော ဝင်းတံခါးသည် နံရံကို တိုက်မိပြီး အသံမြည်သွားကာ အဆုံးတွင် အားနည်းစွာ ကျဆင်းသွားသည်။
"ဟွာဟွာ!" ရုံရှား လေးကိုချလိုက်ပြီး
"မင်းဒီမှာ ဘာလုပ်နေတာလဲ၊ ထွက်သွားပါ"
"ရှင်သာ ပါးစပ်ပိတ်ထား" ပန်းဟွာက ပြန်ဟောက်ပင် ဟောက်လိုက်သေးသည်။
မိုးက သူမ တစ်ကိုယ်လုံး စိုစွတ်စေတော့သည်။သူမက ရုံရှားကို ဂရုမစိုက်ဘဲ ကိုယ်ပေါ်ရှိ ၀တ်စုံသည် တုံ့နှေးနေသည်ဟု ခံစားမိသောကြောင့် စကတ်ကို ရုတ်သိမ်းကာ ခါးတွင် ချည်နှောင်ထားလိုက်သည်။ချက်ချင်းဆိုသလို လျှပ်တပြက် ဝင်လာသော လုပ်ကြံသတ်ဖြတ်သူနှစ်ဦး၏ တိုက်ကွက်များကိုပင် ရှောင်ရှားခဲ့သည်။
လုပ်ကြံသူများသည် အမျိုးသမီးတစ်ယောက် ယခုလို အပြေးအလွှားရောက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။ ပန်းဟွာမှန်းသိသွားလျှင် သူတို့တားဆီးသော်လည် သူမကို မသတ်ပေ။ထင်ရှားသည်မှာ ဤလူများသည် ပန်းဟွာ၏ အကြောင်းကို ကောင်းကောင်းသိ၍ သတိထားနေကြခြင်းဖြစ်သည်။
သူတို့ တုံ့ဆိုင်းသွားသည်နှင့် တပြိုင်နက် ပန်းဟွာ သူတို့ကို ကျော်ဖြတ်ကာ တုကျိုး၏ အနားသို့ ရောက်လာသည်။
"ရှင် အတော်နာနေသလား?"
သူမ မျက်နှာပေါ်က ရေများကို သုတ်လိုက်ပြီး ဓားကို လှန်လိုက်သည်။ ဓားရိုးမှ သွေးများ စီးကျလာပြီး မိုးရေနှင့်ရောကာ ထုံးကျောက်ကြမ်းပြင်ပေါ်သို့ စီးကျသွားသည်။သူမ၏ဓားသည် အလွန်ပေါ့ပါးပြီး ထက်မြက်သည်။ လှုပ်ရှားမှုတိုင်းသည် မြန်လွန်းတာကြောင့် တခြားသူများ၏ မျက်လုံးထဲတွင် ပုံရိပ်များစွဲကျန်နေသည်။
တုကျိူးသည် သူ့ဒဏ်ရာကို ဖုံးအုပ်ထားပြီး ပန်းဟွာအား မတုံ့ပြန်နိုင်ပေ။သူ သေတော့မည်ဟု ထင်နေခိုက် ကျွင်းကျူးက အမျိုးသမီး အစောင့်နှစ်ယောက်နှင့်အတူ ပြေးဝင်လာခဲ့သည်။ သူမ၏ ဓားကို ကိုင်ထားပုံနှင့် ဝတ်စုံကို ခပ်တိုတိုနှင့် လှုပ်ရှားရလွယ်အောင် ချည်နှောင်ထားပုံက စစ်မြေပြင်မှ သူရဲကောင်းတစ်ဦးကို မြင်လိုက်ရသလို ခံစားရစေသည်။
ဤမုန်တိုင်းထန်သောညတွင် တုကျိူးသည် ယခင်ကျင့်ထင်နယ်စားမင်း၏ စကားများကို ပထမဆုံးအကြိမ် ယုံကြည်ခဲ့သည်။ ပန်းဟွာကျွင်းကျူးသည် အမှန်တကယ်ပင် သူနှင့် အလွန်တူသူဖြစ်သည်။သူမ၏ ကိုယ်ခံပညာသည်ပင် အံ့မခန်းဖွယ်ရာပင်။
မြို့တော်ရှိ လူများစွာသည် ဓားပညာကျွမ်းကျင်မှုကို လေ့ကျင့်ခဲ့ကြသော်လည်း အများစုမှာ သူတို့၏ ခန္ဓာကိုယ်ကို သန်မာစေရန်သာ သင်ယူခဲ့ကြခြင်းဖြစ်သည်။ ဥပမာအားဖြင့်၊ ရုံရှားပင်။ သို့သော် ပန်းဟွာကျွင်းကျူး ကတော့ မတူပေ။ သူမ၏ လှုပ်ရှားမှုတိုင်းသည် အားလုံးကိုခြိမ်းခြောက်အောင်ပင် အစွမ်းထက်လှ၏။
သူမမှာ မရှိသည့် တစ်ခုတည်းသော အရာမှာ စစ်မြေပြင်တွင်သာ ထွက်လာနိုင်သည့် လူသတ်ရောင်ဝါပင်။
ထိုစဉ် လျှပ်စီးလက်သည့်အခိုက် လျှို့ဝှက်မြားတစ်စင်း ထွက်လာ၏။ မြား၏ပစ်မှတ်မှာ ပန်းဟွာ နှင့် တုကျိူး၏နောက်ကွယ်တွင်ရှိသောရုံရှားဖြစ်သည်။ရုံရှားသည် တိုက်ခိုက်မှုကို ရှောင်ရှားရန် ခေါင်းကို စောင်းထားလိုက်၏။တစ်ဖက်ရန်သူက ရုံရှားကို ရည်ရွယ်ခြင်းဖြစ်သည်။
"ကောကုန်း!"
တုကျိူး၏ မျက်လုံးများသည် အပြင်သို့ထွက်မတတ်ပင်။သူ ချက်ချင်း လက်ထဲမှဓားကို ပစ်ချလိုက်ပြီး လုပ်ကြံသူ၏ရင်ဘတ်ထဲသို့ ထိုးထည့်လိုက်သည်။ ထိုအချိန်တွင် မြေပြင်ပေါ်သို့ လဲကျသွားသော လုပ်ကြံသူသည် ရုံရှား ဆီသို့ သူ့လက်ကိုရွယ်လိုက်သည်။
"ကောကုန်း!"
တုကျိူး ကြောက်စိတ်ဖြင့် တုန်လှုပ်သွားကာ ကျောရိုးထဲက အေးစက်သွားသလို ခံစားလိုက်ရသည်။
"ချွင်!"
ငွေရောင်ဓားသည် မြားကို ပိတ်ဆို့ထားလိုက်ရာ ဓားသည် တုန်ခါသွားသလို၊မြားကလည်း မြေပေါ်သို့ ကျသွားသည်။ ပန်းဟွာ ရှေ့ကိုလာပြီး လူသတ်သမား၏ ရင်ဘတ်ပေါ် တက်နင်းလိုက်သည်။လုပ်ကြံသူခမျာ ပါးစပ်ထဲက အမြှုပ်များထွက်ကာ မျက်စိတို့မှိတ်ကျသွား၏။ထိုအချိန်တွင် ခြံအပြင်ဘက်မှ အစောင့်များ ပြေးလာနေသည့် အသံကို ကြားလိုက်ရသည်။
ပန်းဟွာ ဓားကို မြှောက်လိုက်ပြီး ခြံဝင်းထဲမှာ ရပ်နေဆဲဖြစ်သော လူသတ်သမား ခြောက်ယောက်၊ ခုနစ်ယောက်ကို ညွှန်ပြလိုက်သည်။မိုးရေစက်များက သူမမျက်နှာပေါ်သို့ လိမ့်ဆင်းလာသဖြင့် ကျောချမ်းစရာကောင်အောင် လှပနေလေသည်။
" နောက်ဆုတ်ကြ"
လုပ်ကြံသူများသည် အခြေအနေ မကောင်းကြောင်း သိမြင်ပြီး နောက်ဆုတ်သွားဖို့ပြင်သည်။
"ဒါက ကောကုန်းရဲ့ နေအိမ်ပါ၊နင်တို့ မုန့်လာစားတဲ့ အကြော်ဆိုင်မဟုတ်ဘူး"
ပန်းဟွာသည် လုပ်ကြံသူများရှေ့သို့ လျင်မြန်စွာ လျှောက်လာပြီး
"ဒီနေ့ နင်တို့ အသက်ရှင်လျက် ထွက်သွားဖို့ စိတ်မကူးနဲ့"
ယခု ခြံဝင်းထဲတွင် ပန်းဟွာနှင့် သူမ၏ အစောင့်နှစ်ယောက်မှလွဲ၍ အခြား အစောင့်နှစ်ဦး၊ တုကျိူးနှင့် အခြား အစောင့်များစွာ ဒဏ်ရာပြင်းထန်စွာ ရခဲ့သည်။ နေရာတွင် ရပ်နေဆဲဖြစ်သော ရုံရှား ကတော့ ထိခိုက်ဒဏ်ရာမရပါချေ။
"ကျွင်းကျူးက ပျော့ညံ့တဲ့ မိန်းမသားပါ၊ဘာလို့ ကိုယ့် အသက်ကို စတေးရတာလဲ"
လုပ်ကြံသူ ခေါင်းဆောင်က နောက်ဆုံးမှာ စကားပြောလာသည်။ သူ့အသံက နည်းနည်းကွဲအက်ပြီးခြောက်သွေ့နေသည်။
"ကောကုန်းချမ်အမ်က အရမ်းချောမောတဲ့ ယောက်ျားတစ်ယောက် ဖြစ်ပေမယ့် ကျွင်းကျူးရဲ့ အဆင့်အတန်းနဲ့ ဆိုရင်တော့ လိုချင်တဲ့ ယောက်ျား တစ်ယောက်ကို အသာလေး ရနိုင်ပါတယ်၊သူသေရင် ကျွင်းကျူးလိုချင်သလောက် ချောမောလှပတဲ့ ယောက်ျားတွေ အများကြီး ရနိုင်တယ်၊ ယောကျာ်းတစ်ယောက်အတွက် မင်းဘာကြောင့် အသက်စွန့်ရတာလဲ"
ပန်းဟွာက
"သူ့လို သိပ်ချောတဲ့သူရှေ့မှာမို့ ကျွန်မ အရှုံးမခံချင်တာ၊ ရှင်က ရေမြောင်းထဲက ခြင်တစ်ကောင်ပဲ၊ အခုအခြေအနေတွေကြားထဲမှာတောင် ကျွန်မကို ဘယ်လိုရိုင်းရိုင်းစိုင်းစိုင်းပြောရဲတာလဲ"
ပန်းဟွာ၏ ဓားရှည်သည် အလွန်ကောင်းမွန်သည်။ သူမသည် ဓားနှင့် လှံပစ်နည်းပညာတွင် အတော်ဆုံးဖြစ်သော်လည်း လေးအတတ်နှင့် လက်ဝှေ့နည်းစနစ်မှာ ပျမ်းမျှသာဖြစ်သည်။ သူမ၏ လေးပစ်စွမ်းရည်ကို ပြင်ပလူများက မြင်သောအခါ၊ အဖိုး၏ ပညာပကို အမွေဆက်ခံထားသည်ဟု ဆိုကြသော်လည်း ယင်းက သူမ၏ ဓားသိုင်းကို မမြင်ခဲ့ကြသောကြောင့် ဖြစ်သည်။
ပန်းမိသားစုသည် စစ်မြေပြင်တွင် ဒဏ်ရာရခဲ့သော မသန်စွမ်းစစ်သားများစွာကို ပြုစုစောင့်ရှောက်ထားခဲ့သည်။ သူတို့သည် အလောင်းကောင်များ နှင့် သွေးပင်လယ်များကို ဖြတ်၍ တိုက်ပွဲဝင်ခဲ့ကြသည်။ ယခင်က ကျင့်ထင်နယ်စားမင်းက သူမကို ခေါ်ကာ သက်ကြီးရွယ်အိုစစ်သည်များအား စောင့်ရှောက်စေ၏။နောက်ပိုင်းတွင် ကျင့်ထင်နယ်စားမင်းကွယ်လွန်သွားသောအခါ ပန်းမိသားစုသည် အဆိုပါ အသက်အရွယ်ကြီးရင့်သော စစ်သည်များကို ဆက်လက် စောင့်ရှောက်ခဲ့သည်။အင်ပါယာတရားရုံးကမူ ထိုစစ်သည်များကို ကြာမြင့်စွာ မေ့ထားပြီး ဂရုမစိုက်တော့ပေ။
ပန်းဟွာသည် ငယ်ငယ်ကတည်းက လှလှပပနေချင်သူပင်။ ဓားသိုင်းနှင့် လက်ဝှေ့နည်းများသည် သူမအကြိုက်မဟုတ်ပေ။သူမ အသက် 15 နှစ် မတိုင်ခင်မှာ နေ့တိုင်း ကိုယ်ခံပညာ လေ့ကျင့်ခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ကမှ သူမ အသက်ကြီးလာ၍ အပြင်ထွက်ရဖန်များလာသောကြောင့် လေ့ကျင့်ရန် လျစ်လျူရှုခဲ့ခြင်းသာဖြစ်သည်။
ထိုနှစ်တွင် အဖိုးဖြစ်သူသည် သူမ၏ ကိုယ်ခံပညာကို ကိုယ်တိုင်ကိုယ်ကျ ချီးမွမ်းခဲ့သော်လည်း ကံမကောင်းစွာဖြင့် မြို့တော်ရှိ လူအများအပြားက သူမကို မယုံကြည်ခဲ့ကြ။
လုပ်ကြံသူများသည် ပန်းဟွာက လွန်စွာ ရန်လိုနေသည်ကို မြင်သောအခါ၊ သူတို့လည်း ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်။သို့သော် သူမ၏ အမျိုးသမီး အစောင့်နှစ်ယောက်က သူမထက်တောင် ပိုသန်မာနေသည်။ ထို့အပြင် သူမတို့၏ ပြင်းထန်သော တိုက်ခိုက်မှုများအရ အသေခံတပ်သားများကဲ့သို့ ဖြစ်နေသည် ။
ပန်းမိသားစုက အသေခံ စစ်သည်တွေကို သမီးတစ်ယောက်အတွက် တကယ်မွေးထားခဲ့တာလား။
လုပ်ကြံသူများ တွေးပြီး တိတ်တဆိတ် တုန်လှုပ်သွားကြသည်။ သို့ရာတွင် သူတို့နှုတ်က ထုတ်ပြောချိန်မရလိုက်။ အကြောင်းမှာ သူတို့ သေသွားတာကြောင့်ပင်။ပန်းဟွာ၏ အစောင့် အမျိုးသမီး နှစ်ဦး၏ ဓားအောက်တွင် သူတို့ အသက်ဝိဉာဉ်သေဆုံးသွားရသည်။
အသေခံစစ်သည်များသည် အမှောင်ထဲတွင် ခိုးဝင်တိုက်ခိုက်နည်းကို သင်ယူခဲ့သည်။သို့သော်လည်း ပန်းဟွာနှင့် သူမ၏ အစောင့်နှစ်ယောက်သည် စစ်မြေပြင်တွင် သတ်ပုတ်နည်းကိုပါ သင်ယူခဲ့သည်။ သူတို့နှစ်ဖက်၏ တိုက်ခိုက်နည်းများကိုကြည့်ပါက ပန်းဟွာဘက်မှ အသာစီးရနေတော့၏။
အမျိုးသမီး အစောင့်နှစ်ယောက်၏ လှုပ်ရှားမှုများသည် အလွန်သွက်လက်သည်။ လက်က ဓားကိုမြှောက်ပြီး ခြေထောက်ကလည်း ကန်ကျောက်သေးသည်။မလိုအပ်သည့်တိုက်ကွက်များကို ထုတ်မသုံးပေ။အကြောင်းရင်းကား စစ်မြေပြင်မှာ ရန်သူက မလိုအပ်သည့် တိုက်ကွက်များထုတ်ချိန်မရအောင် ပြင်းထန်မှာကြောင့်ပင်။
" ဖောက်"
ဤသည်မှာ ချွန်ထက်သော ဓားဖြင့် ထိုးဖောက်ခံရသော အသား၏ အသံဖြစ်သည်။
ရုံရှားသည် သူ့ရှေ့မှ မိန်းကလေးကို ကြည့်လိုက်သည်။ သူမသည် ခါတိုင်းလို ချစ်စရာကောင်းပုံမပေါ်ဘဲ အနည်းငယ်အေးစက်ပြီး လျှို့ဝှက်ဆန်းကြယ်ပုံပေါက်သည်။ဆံပင်အနည်းငယ်က သူမပါးပြင်မှာ ကပ်နေပြီး မျက်နှာကလည်း ဆောင်းတွင်းမှ နှင်းဖြူဖြူလေးလို ဖြစ်နေသည်။
ပန်းဟွာ ဓားကို အမြန်ဆွဲထုတ်လိုက်ရာ သွေးများ စီးကျလာပြီး ဖိနပ်တွင် စွန်းထင်းသွားရသည်။သူမ မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။ ယခုထိ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူသတ်သမားကို မကြည့်သေး။ ယင်းအစား သူမသည် မိုးထဲသို့ အမြန်ပြေးလာသော ရုံရှားကို လှည့်ကြည့်လိုက်သည်။
"မလာနဲ့၊တုကျိုး ရှင့်ရဲ့ သခင်ကို ခေါ်ထား၊ တစ်ယောက်ယောက်က သေချင်ယောင်ဆောင်နေရင် ဘယ်လိုလုပ်မလဲ"
အဘိုးဖြစ်သူက သူမကိုပြောဖူးသည်။စစ်မြေပြင်မှာ ထိုအခြေအနေမျိုးလည်း ကြုံရတတ်၏။ ရန်သူက သေချင်ယောင်ဆောင်နိုင်သည်။တယဲ့၏ စစ်သည်များသည် စစ်မြေပြင်ကိုရှင်းလင်းရန်သွားသောအခါ၊ ထို သေချင်ယောင်ဆောင်နေသော လူများသည် ရုတ်တရက်တိုက်ခိုက်သတ်ဖြတ်သွားကြသည်။ ထိုကြောင့် စစ်သည်များ စစ်မြေပြင်ကို သန့်ရှင်းရေးလုပ်သည့်အခါမှာ အလေ့အကျင့်တစ်ခု ပေါ်ပေါက်လာခဲ့၏။ ရန်သူအလောင်းရှိနေသရွေ့ အရင်ဆုံးသတ်ပစ်ရပေမည်။
ပန်းဟွာ စကားဆုံးသည်နှင့် မြေပြင်ပေါ်ရှိ အနက်ရောင် အမျိုးသားတစ်ဦး နိုးလာသည်။သို့သော် သူ မတ်မတ်မရပ် ခင်မှာ ရုံရှားက လေးကို ဆွဲထုတ်လိုက်ပြီး လုပ်ကြံသူ၏ လည်ချောင်းထဲကို မြားတစ်စင်း ကိန်းအောင်းစေလိုက်၏။
ကောကုန်းချမ်အမ်နေအိမ်ရှိ အစောင့်များသည် တံခါးဝတွင် ရပ်နေသည်။ မြေပြင်တစ်ပြင်လုံး၌ အလောင်းများ နှင့် ခြံဝင်းအတွင်း သွေးများကို မြင်သောအခါ သူတို့ တုန်လှုပ်သွားကြသည်။ ရုံရှား မတ်တပ်ရပ်နေကာ အသက်ရှင်နေမြဲဖြစ်ကြောင်း သေချာပြီးနောက်မှသာ သူတို့ သက်ပြင်းချလိုက်သည်။
အစောင့်များ ရောက်လာတာကြောင့် ပန်းဟွာ သက်ပြင်းချလိုက်မိသည်။ ချက်ချင်းဆိုသလို သူမ၏ ခန္ဓာကိုယ်တွင်းရှိ ပြင်းထန်သော စွမ်းအင်များ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။သူမက အမျိုးသမီး အစောင့်ကို လှည့်ပြီး
“ငါ့ကို မြန်မြန် တွဲထားပေးပါ”
"ကျွင်းကျူး ဘာဖြစ်သွားတာလဲ"
"မဟုတ်ဘူး၊ ငါ ကြောက်တာ၊ ငါ့ခြေထောက်တွေ အားနည်းနေပြီ"
သူမသတ်လိုက်တဲ့ အလောင်းတွေက မြေပြင်ပေါ်မှာ ပြန့်ကျဲနေတာကို အခုမှ သူမက ကြောက်နေရသလား။
ရုံရှား အစောင့်များကို မကြည့်ဘဲ ပန်းဟွာ ရှေ့သို့လျှောက်သွားကာ ရုတ်တရက် သူမကို သူ့လက်နှစ်ဖက်ဖြင့် ပွေ့ချီလိုက်သည်။ပြီးလျှင် အိမ်ထဲသို့ ဝင်သွား၏။
ပန်းဟွာ သူ၏ရုတ်တရက် လုပ်ရပ်ကြောင့် အံ့အားသင့်သွားသည်။ သူမလက်ထဲကဓားကို အစောင့်ဆီ ပေးလိုက်ပြီး
"ရှင် ဘာလုပ်နေတာလဲ"
သူက သူမကို ငုံ့ကြည့်ကာ ဘာမှ မပြော။
"ကောကုန်း..." တုကျိုးက ရုံရှားကို တားလိုက်သည်။
ရုံရှား ရပ်လိုက်ပြီး မြေပြင်ပေါ်ရှိအစောင့်များ၏ အလောင်းများကို ကြည့်လိုက်သည်။
"သူတို့ကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်လိုက်ပါ"
ဤအစောင့်များအားလုံးသည် မိဘမရှိသူများဖြစ်သည်။ယနေ့ သူတို့သည် သူ့အတွက် အသေခံခဲ့သဖြင့် သူတို့မှာ သင်္ချိုင်း ကောင်းကောင်းမရှိ၍မဖြစ်။
"ဟုတ်ကဲ့"
"ဒီလိုလုပ်ဖို့ တခြားလူကို ပြောသာ ပြောလိုက်ပါ၊ မင်းနဲ့ တခြားဒဏ်ရာရတဲ့လူတွေက သမားတော်သွားပြပါ" ရုံရှား အမိန့်ပေးပြီး အိမ်ထဲကို လျှောက်သွားလိုက်၏။
အိမ်ထဲသို့ဝင်ပြီးနောက် ပန်းဟွာကို ကူရှင်ကုလားထိုင်ပေါ်တင်ကာ စောင်ထူထူဖြင့် ပတ်ထားလိုက်သည်။ ထို့နောက် ထိုင်ချလိုက်ပြီး သူမ၏ ခြေဖဝါးပေါ်ရှိ ညစ်ပတ်သော ချည်ထိုးဖိနပ်ကို ချွတ်လိုက်၏။သူမ ခြေဖဝါးမှာ အတော်ပင် ပူလောင်နေပြီး သူ့လက်ကိုပင် လာပူနေသည်။သူ စောင်ကို ဖယ်ပြီး ခြေဖဝါးကို အုပ်လိုက်မှ ပူလောင်သော ခံစားမှုက အနည်းငယ် လျော့ပါးသွားသည်။
ပန်းဟွာ မျက်တောင်ခတ်ပြီး ရုံရှားကို မော့ကြည့်လိုက်သည်။ ရုံရှားက သူမကို တိတ်တဆိတ်ကြည့်ကာ စကားတစ်ခွန်းမှ မပြော။
"ရှင် ဘာဖြစ်နေတာလဲ?" ပန်းဟွာက သူ့မျက်နှာရှေ့တွင် လက်ကို ဝှေ့ယမ်းကာ "ကြောက်နေတာလား"
ရုံရှား သူမ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။ သူမ၏ လက်ကောက်ဝတ်က အေးနေသော်လည်း ပြင်းထန်သည့် သွေးခုန်နှုန်းက အတော်အားပြင်းနေပေ၏။
"အခုက အရမ်းအန္တရာယ်များတယ်"
"အန္တရာယ်မရှိရင် ကျွန်မလည်း ကူညီမှာ မဟုတ်ဘူး၊ရှင်က ကျွန်မလူပဲ၊ ရှင့်ကို သူများတွေ အနိုင်ကျင့်တာကို ကျွန်မ ဘယ်လိုကြည့်ရမလဲ"
သူ့လက်များဆတ်ကနဲ တုန်ခါသွားပြီး ပန်းဟွာကို သူ့ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၏။ ရှားရှားပါးပါး ရတနာတစ်ခုကို တင်းတင်းကြပ်ကြပ် ဖက်ထားသလိုမျိုးပင်။သူ လွှတ်လိုက်ရလျှင် တစ်သက်လုံး နောင်တရလိမ့်မည့်ဟန်မျိုးဖြစ်၏။
လေထုသည် တိတ်ဆိတ်ပြီး လှပနေသည်။ ဖယောင်းတိုင်မီးမှိန်မှိန်မှိန်မှိန်သည် အိမ်၏ နွေးထွေးမှုကို အနည်းငယ်တိုးစေသည်။
ပန်းဟွာက ရုံရှား၏ နောက်ကျောကို ညင်သာစွာ ပုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ...." ရုံရှားသည် သူမ၏ စိုစွတ်နေသော ဆံပင်များကို ညင်သာစွာ တစ်ချက်နမ်းလိုက်သည်။
"ရေစိုနေပြီ၊ရှင့်မှာ အပိုအဝတ်တွေ ရှိလား"
"……"
နွေးထွေးမှုနှင့် ငြိမ်သက်မှုအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ရုံရှား ခေါင်းကိုငုံ့ကာ သူမ နားနားကိုကပ်၍ "ကိုယ် ရေနွေးပြင်ခိုင်းလိုက်မယ်"
ပန်းဟွာ ထုံကျင်နေသော နားရွက်ကို ထိလိုက်ပြီး သူ့နှုတ်ခမ်းများကို ထိကြည့်၏။သူ့နှုတ်ခမ်းများသည် သူမထင်ထားသည်ထက် ပိုနူးညံ့ပြီး သူမစိတ်ကူးထားသည့်အတိုင်း နွေးထွေးသည်။
ထိုအခါ သူက သူမ၏ လက်ချောင်းများကို ကိုက်လိုက်ပြီး ခြောက်ကပ်ငပ်အသံဖြင့် ပြောလာ၏။
"ဟွာဟွာ၊ ကိုယ်က ယောက်ျားပါ"
ပန်းဟွာ: ရှင်က ယောက်ျားဆိုရင်၊ကျွန်မက မိန်းမလေ..
သူမ၏ အပြစ်ကင်းစင်သော မျက်နှာကို ကြည့်ပြီး ရုံရှား သည်းမခံနိုင်တော့။သူ ခေါင်းငုံ့ပြီး သူမနှုတ်ခမ်းကို ညင်သာစွာ နမ်းလိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူပြီး နောက်ပြန်လှည့်မကြည့်ဘဲ တံခါးအပြင်ကို ထွက်လာခဲ့သည်။
ထိုစဉ် ပန်းဟွာ၏ စိတ်ထဲက နတ်ဆိုးက ပြောလာသည်။
"ယောက်ျားတစ်ယောက်က သိပ်အရိုင်းဆန်လာပြီဆိုရင် သူ့ကို နှစ်ခါပြန်မကြည့်ဘဲ မနေနိုင်အောင် သိပ်ဆွဲဆောင်မှုရှိတာ"
သူမ နှုတ်ခမ်းကို ထိကြည့်လိုက်ရင်း ရုတ်တရက် ရုံရှား၏အဝတ်များကို ဆုတ်ဖြဲကာ သူ ငိုသွားသည်အထိ အနိုင်ကျင့်ချင်စိတ်များ ပေါက်လာမိတော့သည်။ခဏနေမှ သူမ၏ အတွေးများသည် ညစ်ညမ်းလွန်းသည်ကို သတိပြုမိသွားကာ ကိုယ့်မျက်နှာကိုယ်ကို ခပ်ဖွဖွတစ်ချက်ရိုက်လိုက်မိသည်။
မြို့တော်၏ခြေလျင်တပ်မ၊ တရားရုံးချုပ်နှင့် အရာရှိများသည် ထိုညတွင် တုန်လှုပ်ချောက်ချားဖွယ်သတင်းကြောင့် တုန်လှုပ်သွားကြသည်။ လုပ်ကြံသတ်ဖြတ်သူ အများအပြားသည် ကောကုန်းဖြစ်လာသည့် ရုံရှား၏ အိမ်တော်ထဲသို့ ဝင်ရောက်လာကြသည်။ကောကုန်းချမ်အမ် အိမ်တော်၏ အစောင့်အများအပြား သေဆုံးခဲ့သည်။ကောကုန်းချမ်အမ်၏အယုံကြည်ရဆုံး ကိုယ်ရံတော်တောင်မှ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ယခု သမားတော်က ကုသပေးနေသည်။
xxxxx