Chapter 120
ယခုကဲ့သို့ ကြီးကြီးမားမား ဖြစ်ပျက်နေသည့်အတွက် သက်ဆိုင်ရာဌာနအားလုံးက တာဝန်ရှိသည်။ အထူးသဖြင့် တိုက်ခိုက်ခံရသူမှာ ကောကုန်းချမ်အမ် ဖြစ်သည်။ဤသည်မှာ ကမ္ဘာမြေပြိုကျစေသည်အထိ ကြီးမားလာနိုင်၏။
မိုးသည်းထန်စွာရွာသွန်းပြီးနောက် ဌာနဆိုင်ရာအားလုံးမှ အရာရှိများသည် ကောကုန်းချမ်အမ်အိမ်တော်သို့ အမြန်ပြေးသွားကြသည်။ ဧကရာဇ်၏ အစောင့်တပ်မှူးသည် ပထမဆုံးရောက်ရှိလာသူဖြစ်သည်။ ပင်မဝင်းထဲကို လှမ်းဝင်လိုက်သည်နှင့် သွေးနံ့များ သင်းပျံ့နေသည်။
"တပ်မှူးချမ် ဒီလမ်းက လာခဲ့ပါ"
ရုံမိသားစု၏ အစောင့်တစ်ယောက်က သူ့ကို ခြံဝင်းထဲသို့ ခေါ်သွားသည်။ ခြံတွင်းရှိ အလောင်းများကို ဖယ်လိုက်သော်လည်း ပြင်းထန်သော တိုက်ပွဲ ဖြစ်ကြောင်းခြံတွင်းရှိ သွေးနံ့က သူ့ကို ပြောပြသည်။
"လုပ်ကြံသူ စုစုပေါင်း ဘယ်လောက်ရှိလဲ"
"တပ်မှူးချမ်၊ စုစုပေါင်း လုပ်ကြံသူ ၂၂ ယောက် ရှိပါတယ်။ အယောက်နှစ်ဆယ် သေဆုံးပြီး နှစ်ယောက်က အသက်ရှင်နေသေးပါတယ်"
တပ်မှူးချမ်သည် ဤအမှုကို ကိုင်တွယ်ဖြေရှင်းရန် ဧကရာဇ်အမိန့်ကို ညတွင်းချင်း လက်ခံရရှိခဲ့သည်။ ဧကရာဇ်၏ သဘောထားအရ တစ်စုံတစ်ယောက်သည် ကောကုန်းချမ်အမ်ကို လုပ်ကြံသတ်ဖြတ်ရန် သတ္တိရှိ၍ အလွန်ဒေါသထွက်နေပုံရသည်။ အစက ကောကုန်းချမ်အမ် လုပ်ကြံခံရကြောင်း သူကြားသိရသောအခါ၊ ဧကရာဇ်က အမိန့်ပေးသည်ဟု သူ ထင်မှတ်ခဲ့သည်။
ခြံဝန်းကို ကြည့်လိုက်သော် တိုက်ပွဲ၏ ပြင်းထန်သည့်သဲလွန်စများ တွေ့ရသည်။ ခြံဝင်းနံရံတွင်လည်း သံချိတ်ကောက်များရှိသည်။လုပ်ကြံသတ်ဖြတ်သူများသည် အထဲသို့ဝင်ရန် နံရံကို ကျော်တက်သွားပုံရသည်။ သို့သော်လည်း ကောကုန်းချမ်အမ်အိမ်တော်သည် အလွန်ကြီးမားသည်။ မိုးသာ်းထန်စွာ ရွာသွန်းနေလျက်ကပင် အစောင့်များချထားနိုင်သေး၏။ ဤလူသတ်သမားများသည် သူလျှိုများရှိနေတာကြောင့် ဘယ်သူမှ သတိမထားမိဘဲ ခိုးဝင်သွားနိုင်ခြင်းဖြစ်သည်။
သူ အံ့အားသင့်ဆုံးအရာက လုပ်ကြံသူများသည် ကောကုန်းချမ်အမ် သတိမထားမိဘဲ ရုတ်တရက်ရောက်လာခြင်းပင်ဖြစ်သည်။ရုံရှား အနီးတဝိုက်ရှိ အစောင့်များအားလုံး သတ်ဖြတ်ခံရတာကြောင့် လုပ်ကြံသတ်ဖြတ်မှုကို အလွယ်တကူ ရပ်တန့်နိုင်ဟန်မတူပေ။ဒလုပ်ကြံသူအားလုံးကို သူဘယ်လို တားဆီးနိုင်ခဲ့သလဲ၊
သူက နောက်မှ လိုက်လာေသာ ရုံမိသားစု၏ ဘဏ္ဍာစိုးကို ကြည့်လိုက်ပြီး
"မင်း မပြောရသေးတာရှိလား"
ဘဏ္ဍာစိုးက ဦးညွှတ်ပြီး "တပ်မှူးချမ်က ဘာသိချင်သေးတာပါလဲ"
" ဒီကိစ္စကို စုံစမ်းဖို့ ဧကရာဇ်ရဲ့ အမိန့်ကို ကျွန်တော် လိုက်နာနေပါတယ်၊ တကယ်လို့ တစ်ခုခုသာ ဖုံးကွယ်ထားရင် ဧကရာဇ်ကို ရှင်းပြဖို့ ခက်သွားမှာပါ၊ကျေးဇူးပြုပြီး နားလည်ပေးပါ"
ဘဏ္ဍာစိုးက ပြုံးပြီး "စိတ်ချပါ တပ်မှူးချမ် မေးစရာတွေရှိရင် မေးပါ ကျွန်တော်သိသမျှ ပြောပြပါ့မယ်"
တပ်မှူးချမ် ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင် အစောင့်တွေ အချိန်မီရောက်မလာခင် ကောကုန်းရုံရှားဟာ လုပ်ကြံသတ်ဖြတ်သူတွေကို ဘယ်လိုတားဆီးနိုင်ခဲ့တာလဲ"
"လုပ်ကြံသူတွေရဲ့ အလောင်းတွေကို မြင်ရင် တပ်မှူးချမ် သိပါလိမ့်မယ်"
ရုံမိသားစု၏ ကျေးကျွန်များသည် လုပ်ကြံသတ်ဖြတ်သူ၏ အလောင်းများကို စုစည်းထားကြသည်။စုံစမ်းစစ်ဆေးမှု အဆင်ပြေစေရန်အတွက် လုပ်ကြံသတ်ဖြတ်သူများကို တစ်စုံတစ်ရာမှ မထိခဲ့ပေ။လုပ်ကြံသူ လေးဦးသည် ဓားဖြင့်ထိုးထားသော ဒဏ်ရာများရရှိပြီး ကျန်လေးဦးမှာ မြားတံကြောင့် သေဆုံးသွားသည်ကို တပ်မှူးချမ် မြင်ရသည်။ဓာားကြောင့်ဖြစ်ရသည့် ဒဏ်ရာများက မတူညီချေ။တစ်ခုက လေးလံသောဓားဖြစ်ပြီး နောက်တစ်ခုမှာ လက်မှုပကောင်းမွန်သော အပေါ့စားဓားဖြစ်သည်။
ယေဘူယျအားဖြင့် အစောင့်များသည် ဓားအပေါ့စား မသုံးသောကြောင့် ဤဓားဒဏ်ရာများသည် ရုံရှား ကြောင့် ဖြစ်ရခြင်း ဖြစ်မည်။ သို့သော်၊ရုံရှား၏ လေးမြားအတတ်သည် အလွန်ကောင်းမွန်ကြောင်း သူကြားသိနေရသည်။ဒါဆို ရုံရှားရဲ့ဓားပညာက ဘယ်တုန်းက အရမ်းကောင်းလာတာလဲ။
"ကောကုန်းရုံရှားရဲ့ ဓားသိုင်းက မထင်မှတ်ပဲ ကောင်းနေတာကိုး..."
ဘဏ္ဍာစိုးက ပြုံးနေရင်း
"တပ်မှူးချမ်၊ ဒီဓားဒဏ်ရာတွေက ကောကုန်းကြောင့်မဟုတ်ဘူပါး၊ဒီနေ့ မိုးကလည်း ရွာနေတယ်၊ပန်းဟွာကျွင်းကျူးက ဧည့်သည်အဖြစ် လာတော့ ပြန်ဖို့ အဆင်မပြေဘူး၊ ဒါကြောင့် အိမ်တော်မှာ တစ်ညလုံးနေခဲ့တာပါ"
"ပန်းဟွာကျွင်းကျူး လုပ်တာလား"
"မဟုတ်ပါဘူး၊ ပန်းဟွာကျွင်းကျူးရဲ့ အစောင့်နှစ်ယောက်လည်း ပါပါတယ်"
တပ်မှူးချမ်သည် ပန်းဟွာကျွင်းကျူး၏ ကိုယ်ခံပညာကို မြင်ကာ ပထမဆုံး သက်ပြင်းချသည်။ လူသတ်သမားများက ပြင်ဆင်လာသည်မှာ ထင်ရှား၏။သူတို့ မမျှော်လင့်ထားသည့် တစ်ခုတည်းသော အရာက ပန်းဟွာကျွင်းကျူးသည် နေကောကုန်းချမ်အမ်၏ နေအိမ်မှာ ရှိနေမှာပင်။ပန်းဟွာကျွင်းကျူး မရှိဘူးဆိုရင် ရုံရှား သူ့အသက်ကို ဘယ်လိုထိန်းနိုင်မလဲ။
ယခင်ကတော့ ပန်းဟွာကျွင်းကျူးသည် သူမ၏ ခင်ပွန်းလောင်းများအား ကံဆိုးစေသည်ဟု ပြောသံကြားသောအခါ သူလည်း လှောင်ပြောင်ခဲ့ဖူးသည်။ကောကုန်းရုံရှားနှင့် ပန်းဟွာကျွင်းကျူး စေ့စပ်ပြီးနောက် ပန်းဟွာသည် ရုံရှားကို ကံကောင်းအောင်ပင် လုပ်ပေးခဲ့၏။
"ကောကုန်းရုံရှားကိုတွေ့နိုင်မလား"
ဘဏ္ဍာစိုးက ပြောသည်။
"တပ်မှူးချမ် ကျေးဇူးပြုပြီး ဒီလမ်းအတိုင်း လိုက်ခဲ့ပါ၊ကောကုန်း ခဏနေထွက်လာမယ်ထင်တယ်"
တပ်မှူးချမ်သည် ရုံရှားက အရပ်ဘက်အရာရှိတစ်ဦးသာဟု ထင်ခဲ့သည်။ယခုကဲ့သို့သော အခြေအနေမျိုးနှင့် ကြုံလာရသောအခါ သပ်ရပ်အောင် ပြင်ဆင်ရန် လိုအပ်သည်မှာ သာမာန်ဖြစ်သည်။
သူ အနွေးခန်းထဲတွင် ခဏစောင့်ဂာ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ထားသည့် ရုံရှား ရောက်လာ၏။သူ့မျက်နှာက အနည်းငယ်ဖြူဖျော့နေပြီး ဆံပင်များမှာလည်း နောက်ကျောမှာ ပြန့်ကျဲနေသည်။
ရုံရှားသည် ရှေ့သို့ တိုးလာကာ တပ်မှူးချမ်နှင့် နှုတ်ဆက်သည်။
"ဒီလိုပုံစံမျိုးနဲ့ တွေ့ဆုံရတဲ့ အမူအကျင့် ပျက်ကွက်မှုအတွက် တောင်းပန်ပါတယ်"
"ရပါတယ်၊ မလိုပါဘူးခင်ဗျာ"
ရုံရှားသည် ရေချိုးပြီး အဝတ်အစားများလဲထားကြောင်း တပ်မှူးချမ် သိသည်။သွေးတစ်ခါမှမမြင်ဖူးသူများအတွက် ကြောက်စရာကောင်းသည့် မြင်ကွင်းကို ပထမဆုံးအကြိမ် မြင်လိုက်ရ၍ ရေချိုးချင်သည်မှာ သေချာ၏။
"နားလည်မှုအတွက် ကျေးဇူးတင်ပါတယ် တပ်မှူးချမ်၊ ကျွန်တော့်ကြောင့် ဧကရာဇ်ကို ပူပန်စေခဲ့တာပဲ"
"အဲဒါတွေ မပြောပါနဲ့၊ကောကုန်းကို ဧကရာဇ် ဘယ်လောက် တန်ဖိုးထားတယ်ဆိုတာ လူတိုင်းသိပါတယ်၊ ဧကရာဇ်က ကောကုန်းကို တူလေး၊သားလေးလို ဆက်ဆံတာပါ၊ ကောကုန်း တစ်ခုခုဖြစ်ခဲ့လို့ ဧကရာဇ် ဝမ်းနည်းစေခဲ့မယ်ဆိုတာကမှ တကယ့်အပြစ်ပါပဲ"
တပ်မှူးချမ်သည် သူ့စကားများက ကမောက်ကမ ဖြစ်နေသည်ဟု ခံစားရ၏။သူ ခဏ သေချာစဉ်းစားပြီးမှ ကောကုန်းရုံက အမှန်တကယ်ပဲ ဧကရာဇ်၏ တူတော်ကြောင်း သဘောပေါက်သွား၏။သို့သော်လည်း လွန်ခဲ့သည့် နှစ်များကတည်းက တင်ခဲ့သော ကြွေးမြီများကြောင့် ကျယ်လောင်စွာ မပြောရဲကြပေ။ဧကရာဇ်ကိုယ်တိုင်က ရုံရှားအား သူ့တူလေးအဖြစ်သဘောထားသည်ဟု မကြာခဏပြောခဲ့လျှင်ပင် ၎င်းက အမှန်မဟုတ်နိုင်။
သားကောင်းတစ်ယောက်သည် ဖခင်ဖြစ်သူ၏အမှားကို ထုတ်မပြောသင့်ပေ။ ဧကရာဇ်သည် ယခင်ဧကရာဇ်၏ ဆုံးဖြတ်ချက်အချို့ကို မကျေနပ်ကြောင်း လူတိုင်သိကြသည်။သူ၏ မကျေနပ်ချက်ကြောင့် ရုံရှား၏တရားဝင်ရာထူးကို မြှင့်တင်ခဲ့သော်လည်း ရုံရှား၏အဖွားကို တော်ဝင်မိသားစုထဲသို့ ပြန်မခေါ်ပေ။
တပ်မှူးချမ်က ရုံရှားကို အဖြစ်အပျက်အကြောင်း ထပ်မေးသည်။ရုံရှား ဘာမှ ဖုံးကွယ်မထားဘဲ အဖြစ်အပျက်တစ်ခုလုံးကို ပြောပြသည်။သို့သော်လည်း ပန်းဟွာန်ပါဝင်သည့် အပိုင်းကို ကျော်ရန် ကြိုးစားခဲ့သည်။
"ပန်းဟွာကျွင်းကျူး အခု အိမ်မှာရှိသေးလား"
"မင်းသမီးက မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူး ဆိုတော့ အခု အိပ်နေပါတယ်"
"အင်း" တပ်မှူးချမ် သက်ပြင်းချကာ ထရပ်ပြီး ဦးညွှတ်လိုက်သည်။
"ဒါဆို ပန်းဟွာကျွင်းကျူးကို ခေါ်ပေးဖို့ ကောကုန်းကိုပဲ ပြောချင်ပါတယ်"
ရုံရှား မျက်မှောင်ကြုတ်ပြီး အပြင်ဘက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
"ပန်းဟွာကျွင်းကျူး အိမ်တော်မှာ ရှိတယ်၊ညသန်းခေါင်မှာ မိန်းကလေးကို ခေါ်ဖို့ မသင့်တော်ပါဘူး၊နေထွက်တဲ့အထိ စောင့်ပါ"
ရုံရှားသည် ပန်းဟွာကို မနှိုးရန် စိတ်ပိုင်းဖြတ်ထားကြောင်း တပ်မှူးချမ် သိလိုက်သည်။ သူဆက်ပြောနေလျှင် အလွန်နူးညံ့ပုံပေါက်သော ရုံရှား စိတ်တိုလာနိုင်၏။ထို့ကြောင့် သူ ဤကိစ္စကို ထပ်၍ မပြောတော့ပေ။
"ကောကုန်း ပြောတာ မှန်ပါတယ်၊သေချာ မစဉ်းစားမိတဲ့ ဒီအရာရှိရဲ့ အမှားပါပဲ"
ရုံရှား၏မျက်နှာက နွမ်းလျသောအပြုံးတစ်ခုဖြစ်တည်နေ၏။
သိပ်မကြာခင်မှာပင် မြို့တော်၏ ခြေလျင်တပ်ခွဲမှ အရာရှိကြီးများ၊တရားရုံးချုပ်မှ အရာရှိများအားလုံး ရောက်လာသည်။တစ်ညလုံး မည်သူမှ အိပ်ပျော်မည်မဟုတ်တော့။
ပန်းဟွာ နိုးလာသောအခါတွင် ခေါင်းအနည်းငယ်မူးနေပြီး နှာလည်း စနေသည်။ ထို့နောင် အိမ်အကူတစ်စု၏ အကူအညီဖြင့် ပါးစပ်ကို ဆေးကြောခဲ့သည်။ယခုထိ သူမ အားနည်းနေသေး၏။
ကောကုန်းချမ်အမ်အိမ်တော်၏အစေခံများ၏အမြင်တွင် ပန်းဟွာကျွင်းကျူး သည် ရုံရှားကို ကယ်တင်ရန်အတွက်သူမ၏အားနည်းသောခန္ဓာကိုယ်ဖြင့်လူသတ်သမားများကိုရဲရင့်စွာတိုက်ခိုက်ခဲ့သူဖြစ်သည်။ယခုမှသာ သူမ ကြောက်လန့်နေရှာသည်။
ပန်းဟွာကျွင်းကျူးသည် ကြောက်လန့်နေသော်လည်း ကောကုန်းရုံရှားကို ကယ်တင်ဖို့ ကြိုးစားခဲ့သောကြောင့် အစေခံများက သူမကို ပို၍ပင် သဘောကျကြသည်။ ပန်းဟွာသည် လူတကာ ကိုးကွယ်လိုစိတ်ဖြစ်စေသည့် တောက်ပသော အလင်းရောင်တစ်ခု ခေါင်းမှခြေဖျားအထိ လင်းထိန်နေသော စစ်နတ်သမီးတစ်ပါးပင်။
ပန်းဟွာသည် အရသာရှိသော ယာဂုကိုစားရင်း စားပွဲပေါ်ရှိ အရံဟင်းအားလုံးသည် အသားများ၏ အရောင်ဖြစ်သော အနီရောင်ကိုရှောင်ရှား၍ တခြားအရောင်များအစားထိုးထားသည်ကို တွေ့ရှိခဲ့သည်။သို့သော် အစားအသောက်များက ဘယ်လောက်ပဲ အရသာရှိပါစေ သူမ စားချင်စိတ် မဖြစ်ချေ။ဂျုံယာဥကို ပန်းကန်လုံးတစ်ဝက်လောက်သာ စားလိုက်၏။
"ကျွင်းကျူး" အမျိုးသမီး အစောင့်နှစ်ယောက်က သူမကို စိုးရိမ်တကြီး ကြည့်နေကြသည်။
"အင်း......"
သူမ တစ်ခုခုပြောခါနီးတွင် ကောကုန်းချမ်အမ်အိမ်တော်၏ အစေခံများသည် တရားရုံးချုပ်၏ တပ်မှူးမှ သူမကို တွေ့လိုကြောင်း သတင်းပို့လာသည်။ မနေ့ညက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မေးချင်သည်ဟု သူမ မှန်းဆကာ ဧည့်ခန်းမသို့ လိုက်သွားခဲ့သည်။ သူမ တစ်ခုခုဖြစ်မှာစိုး၍ အစေခံများက ရှေ့ရောနောက်ပါ လိုက်ကြသည်။ ပန်းအိုးများ၊ အမွှေးတိုင်များ၊ ထီးများ ကိုင်ဆောင်ထားကြပြီး အားလုံးက သတိရှိကြသည်။
တပ်မှူးချမ်သည် ပန်းဟွာကျွင်းကျူး ကောကုန်းချမ်အမ်အိမ်တော်တွင်ပင် ယခုလိုကြီးကျယ် ခမ်းနားစွာနေထိုင်မည်ဟု မထင်ထားခဲ့ပေ။သူမ နောက်တွင် လှပသော အိမ်အကူအဖွဲ့တစ်ဖွဲ့ရှိသည်။အစိမ်းရောင်ခါးပတ်ပါသည့် အစေခံဝတ်စုံကိုဝတ်ထားခြင်းကြောင့်မဟုတ်ပါက၊ ဤအိမ်အကူများကို ပန်းဟွာကျွင်းကျူး ခေါ်ဆောင်လာသည်ဟု သူထင်မိပေလိမ့်မည်။
ပန်းဟွာ ဝင်သွားသောအခါတွင် အိမ်အကူများက ကူရှင်များခင်းကာ လက်ဖက်ရည် ငှဲ့ပေး၍ ယပ်ခပ်ပေးကြ၏။သူမ လက်မြှောက်လိုက်သည်နှင့် အိမ်အကူတစ်ယောက်ထွက်လာပြီး အသင့်ဖြစ်နေကြ၏။ ဤသည်မှာ ဧကရာဇ်သာ ရရှိနိုင်လောက်သော ကိစ္စရပ်မျိုးပင်။သို့သော် ဤအိမ်အကူများသည် စိတ်ပါလက်ပါ လုပ်ပေးနေကြခြင်းပင်။
"တပ်မှူးချမ်" ပန်းဟွာက မေးထောက်ထားရင်း"ဘာလို့ ကျွန်မကို တွေ့ချင်တာလဲ"
" ကျွင်းကျူး အနားယူတာကို နှောင့်ယှက်မိလို့ စိတ်မကောင်းပါဘူး၊ဒါပေမယ့် မနေ့ညက အမှုကို စုံစမ်းဖို့အတွက် လာတာပါ"
"ပြောပါ"
သူမ အသာတကြည့်ခေါင်းညိတ်သည်။ ဤကိစ္စက သူမ၏အကျင့်သိက္ခာကို စော်ကားသည်ဟုမထင်ပေ။
" ကျွင်းကျူးက ကောကုန်းချမ်အမ်နဲ့ အတူတူတစ်ဆောင်တည်းနေတာမဟုတ်ဘဲ ဒီဝင်းထဲက လှုပ်ရှားမှုတွေကို ဘယ်လိုကြားလိုက်တာပါလဲ"
"မနေ့ညသန်းခေါင်ကျော်တဲ့အထိ ကျွန်မ ကောင်းကောင်းအိပ်မပျော်ဘူး အသံနည်းနည်းပါးပါးကြားတော့ အပြင်ထွက်ကြည့်မယ်လုပ်လိုက်တာ....ဒီလို မုန်တိုင်းထန်တဲ့ ရာသီဥတုမှာ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်သူမှ မကြားနိုင်တော့ဘူးမလား၊ဘာပဲဖြစ်ဖြစ် သတိထားတာကတော့ အန္တရာယ်မရှိနိုင်ဘူးလေ"
"ကျွင်းကျူးရဲ့ ဓားသိုင်းက အရမ်းကောင်းတယ်၊ကျွန်တော် လေးစားမိပါတယ်"
"ကျွန်မကို ချီးကျူးစရာ မလိုပါဘူး" ပန်းဟွာက နဖူးကို ပွတ်သပ်ရင်း ပြောသည်။ မူးဝေနေသေး၍ အသံမှာလည်း အလွန်ပျင်းရိနေကာ
"တပ်မှူးချမ်က ဧကရာဇ်ရဲ့ ကိုယ်ရံတော် တပ်မှူးပါ၊ ကျွန်မရဲ့ ဓားသိုင်းက ဟာသတစ်ခုလိုပါပဲ"
ဒီလို လုပ်ကြံသတ်ဖြတ်သူ အများအပြားကို တားဆီးနိုင်တဲ့ ဓားခုတ်မှုဟာ ဟာသတစ်ခုလို့ ဘယ်သူက ထင်မှာလဲ။
"ကျွင်းကျူး ဘာဖြစ်နေလို့လဲ"
ပန်းဟွာ၏ မျက်နှာအမူအရာက မူမမှန်သည်ကို ရုံရှား သတိပြုမိသည်။သူ မတ်တပ်ထရပ်ပြီး သူမရှေ့ကို လျှောက်သွားကာ နဖူးကိုစမ်းကြည့်ရင်း "မင်းဖျားနေတယ်"
"တစ်ယောက်ယောက် လာစမ်း၊ နန်းတော်ကို သွားပြီး တော်ဝင်သမားတော်ခေါ်ပါ၊ မနေ့ညက အရမ်းမိုးစိုနေလို့ဖြစ်မယ်"
သူက အခန်းထဲမှာ ထိုင်နေသည့် လူများကို စိတ်မရှည်စွာ ကြည့်ရင်း "မေးစရာရှိရင် နောက်မှ မေးပါ"
ပန်းဟွာ ခေါင်းကို ခါယမ်းလိုက်သည်။ သူမ အဖျားရှိနေတာလား?
ရုံရှားက သူမခေါင်းကို အမြန်ထိန်းကိုင်လိုက်ရင်း စိုးရိမ်စွာပြောလေ၏။
" ခေါင်းကိုမလှုပ်နဲ့လေ"
xxxxx