အပိုင်း၁၂၁
Viewers 8k

Chapter 121


ခေါင်းကို ကိုင်ထားမိရင်း ပန်းဟွာ မူးဝေနေပြီမို့ ဘေးနားက လူဆီ ခေါင်းမှီထားလိုက်သည်။အရိုးမရှိသော မြွေတစ်ကောင်လိုမျိုး ပျော့ခွေနေကာ လှုပ်ရှားချင်စိတ်မရှိဖြစ်နေသည်။


ရောက်လာသူအချို့ကလည်း သူမကို လှမ်းကြည့်ရုံသာရှိကာ ဘာမှမတတ်နိုင်ပေ။


ရုံရှားက ပန်းဟွာကို သူ့ရင်ခွင်ထဲမှာထားလိုက်၍ ပြောလိုက်သည်။


"သတိထားပါ"


ပန်းဟွာသည် နူးညံ့သော်လည်း ငယ်ငယ်ကတည်းက နေမကောင်းဖြစ်ခဲသည်။ယခုအချိန်တွင် သူမသည် မူးဝေနေပြီး တစ်ကိုယ်လုံး ပျော့ပျောင်းနေကာ ခွန်အားမရှိသလို ခံစားလိုက်ရသည်။ရုံရှား ဘာပဲပြောပြော သူမ ပြန်ဖြေနိုင်စွမ်းမရှိတော့ပေ။ 


တရားရုံးချုပ်၏ ဒု၀န်ကြီးဖြစ်သည့် လျှိုပန်းရှန်သည် ချောင်းခြောက်တစ်ချက်နှစ်ချက်ဆိုးကာ တပ်မှူးချမ်ကို လှည့်ကြည့်လိုက်၏။ 


"တပ်မှူးချမ်၊ကျွင်းကျူး နေမကောင်းဘူး၊ ကျွန်တော်တို့ သူမကို နှောင့်ယှက်ဖို့ မသင့်တော်ဘူး"


 “ဒါက…” 


ပန်းဟွာသည် ဧကရာဇ်၏ မျက်နှာသာပေးခြင်းခံရကြောင်း တပ်မှူးချမ် သိထားသောကြောင့် သူမ နေမကောင်းဖြစ်နေစဉ် မေးခွန်းများ‌မမေးဝံ့ပေ။မနေ့ညက မိုးသည်းထန်စွာရွာပြီး လေကလည်း ပြင်းထန်သည်။ကျွင်းကျူး၏ လက်များသည် သွေးများစွန်းထင်းနေပြီး နာမကျန်းဖြစ်ရန်ပင် အစပျိုးနေတော့၏။ဤမျှအထိ သူမ ကောကုန်းချမ်အမ်ကို စွဲလန်းခဲ့ခြင်းဖြစ်သည်။  


"ဒုဝန်ကြီးလျှို မှန်ပါတယ်၊မင်းသမီး၊ ကျေးဇူးပြုပြီး အနားယူပါ၊ကျွန်တော်တို့ လုပ်ကြံသူတွေကို တတ်နိုင်သမျှ အမြန်ဆုံး ဖမ်းပါမယ်"


ရုံရှားသည် ပန်းဟွာ၏ ကျောကို ညင်သာစွာ ပွတ်သပ်ကာ တပ်မှူးချမ်အား ပြောလိုက်သည်။


"ဒုက္ခပေးမိတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တပ်မှူးချမ်"


 "ကောကုန်းကလည်း ဒါက ကျွန်တော့်တာဝန်ပါ"  


တပ်မှူးချမ်သည် ရုံရှားက ပန်းဟွာအား ကာကွယ်ခဲ့သည်ကို မြင်ပြီး ရုံရှားကို အထင်ကြီးသွားခဲ့သည်။သူသည် စစ်သူကြီးတစ်ဦးဖြစ်သော်လည်း တာဝန်များကြောင့် အရပ်ဘက်အရာရှိများစွာနှင့် ဆက်ဆံခဲ့သည်။အရပ်ဘက်အရာရှိအများစုသည် ထောက်ထားစာနာမှုရှိကာ၊ နူးညံ့သိမ်မွေ့သော အမျိုးသမီးများကိုသာ နှစ်သက်ကြသည်။ ဥပမာအားဖြင့်၊ပန်းဟွာကျွင်းကျူးသည် မြင်းကုန်းနှီးပေါ်မှ မြားများကို ပစ်နိုင်ပြီး လူလူချင်းလည်း တိုက်ခိုက်နိုင်သည်။ လူသတ်သမားကို မြင်သောအခါ ဓားသိုင်းကိုချက်ချင်းထုတ်သုံးနိုင်၏။သို့ဖြစ်၍ အရပ်ဘက်အရာရှိများက သူမကို အမြဲရှောင်နေခဲ့သည်။


မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို အပြင်လူများ အများကြီးပြောကြလိမ့်မည်။ အားလုံးကောင်းမှာမဟုတ်နိုင်တော့။ အမျိုးသမီးတစ်ယောက်က ဘယ်လောက်ပဲ လှပနေပါစေ၊ သူမမှာ ရွေးချယ်စရာမရှိလျှင်တောင် သူမ လူသတ်သည်ကို လူတိုင်းလက်ခံမှာမဟုတ်ပေ။


သနားစရာကောင်းသည့် မြို့တော်ဝန်က အစအဆုံး စကားတစ်ခွန်းမှမပြောပေ။ သူများတွေ ဘာပဲပြောပြော ခေါင်းညိတ်ပြနေ၏။မည်သို့ပင်ဆိုစေကာမူ ယခုနေရာရှိ လူတိုင်းက သူ့ထက် တန်ခိုးကြီးမားသူများဖြစ်၍ စော်ကားရန် မတတ်နိုင်ပေ။


တပ်မှူးချမ်သည် ပန်းဟွာကျွင်းကျူး အကြောင်းကို မေး၍မဖြစ်တော့ကြောင်း ကြားသောအခါ တိတ်တဆိတ် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူ ထိုင်ခုံမှ ချက်ချင်းထကာ ကောကုန်းချမ်အမ်နှင့် ပန်းဟွာကျွင်းကျူးကို နှုတ်ဆက်လိုက်သည်။သို့သော် သူ မထခင် ပိုးထည် ၀တ်ထားသော အဖြူရောင်၀တ်စုံနှင့် လူငယ်တစ်ဦး လျင်မြန်စွာ ဝင်လာသည်ကို တွေ့လိုက်ရသည်။


အိုက်ယား၊မြို့တော်က ကျော်ကြားတဲ့ ကျင့်ထင်အိမ်တော် အမွေဆက်ခံသူ မဟုတ်လား...


ပင်မခြံဝင်းမှ ထွက်သွားပြီးနောက်၊ ကျင်းကျောက်ယီသည် သက်ပြင်းကိုချလိုက်၏။ 


"ပန်းဟွာကျွင်းကျူးက တကယ်ကို သူရဲကောင်းတစ်ယောက်ပါပဲ"


လျှိုပန်းရှန်က ပြုံးပြီး "မှန်ပါတယ်"


 တပ်မှူးချမ်သည် ဤအရပ်ဘက်အရာရှိနှစ်ဦးနှင့် ဆက်ဆံရေး သိပ်မရှိ။သူက ခေါင်းတညိတ်ညိတ်နှင့် ဘာမှပြန်မပြောချေ။


လျှိုပန်းရှန်သည် တိတ်ဆိတ်နေသော တပ်မှူးချမ်ကို ကြည့်လိုက်သည်။ သူ့မျက်နှာအမူအရာက မပြောင်းလဲဘဲ ဝင်းတံတိုင်းပေါ်ကိုအကြည့်ရောက်သွား၏နံရံမှာ သွေးစွန်းနေသည့် ကြိုးတစ်ချောင်းရှိသည်။ နာရီများစွာကြာပြီးနောက်တွင် သွေးများအား မိုးရေက တိုက်စားသွားသောကြောင့် သွေးစွန်းကွက်များသည် အလွန်တောက်ပခြင်းမရှိတော့။ညစ်ပတ်သည့် ရွှံ့ရေတို့ ပေနေသည့် ကြိုးတစ်ချောင်းလိုပင်။


 သိပ်မကြာခင်မှာပင် သမားတော် ရောက်လာပြီး ပန်းဟွာ၏သွေးခုန်နှုန်းကို ယူလိုက်၏။  


"ကောကုန်းနဲ့ ရှစ်ကျစ် စိတ်ချပါ စိတ်ချပါ၊ကျွင်းကျူးက အအေးမိသွားတာပါ။ ဆေးကို အချိန်မှန်သောက်ပြီး ရက်အနည်းငယ်လောက် အနားယူပြီးမှ ပြန်ကောင်းလာလိမ့်မယ်၊ ဒါပေမယ့် ... "သူ ပန်းဟမ်၏ မျက်နှာကို သေချာကြည့်ရင်း "မသက်သာခင်မှာ အပြင်ထွက်ပြီး လှုပ်လှုပ်ရှားရှား မနေသင့်သလို လေစိမ်းလည်း အတိုက်ခံလို့မရပါဘူး"


ပန်းဟမ်သည် ပန်းဟွာကို ရုံမိသားစု၏ နေအိမ်မှာ မနေထိုင်စေချင်သော်လည်း ယခုမှတော့ မတတ်နိုင်တော့။သူ ခေါင်းညိတ်ပြပြီး ဆန့်ကျင်စကားတစ်ခွန်းမှ မဆိုမိပေ။ 


 "အစားအသောက်ကရော တားမြစ်ထားတာရှိလား"  


ပန်းဟွာသည် အစားအသောက်ကို ဇီဇာကြောင်ကြောင်း ရုံရှား သိ၍ မေးလိုက်သည်။ ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူမကို ကြည့်ကာ နဖူးကို ထိလိုက်လျှင် ကြောက်စရာကောင်းလောက်အောင် ပူနေသေးသည်။တော်ဝင် သမားတော်သည် သူ၏ မုတ်ဆိတ်ဖြူများကို ပွတ်သပ်လိုက်သည်။


"လောလောဆယ် အဆီတွေ ဘာမှမစားရဘူး၊အအေးစာတို့၊ အစပ်တို့လည်း မစားရဘူး"


 "ကျေးဇူးတင်ပါတယ်၊ ကျွန်တော်မှတ်ထားပါမယ်"

 

ရုံရှားသည် အစေခံ လိမ်ကျစ်ထားသော လက်ကိုင်ပုဝါအစိုကို ယူကာ ပန်းဟွာ၏ နဖူးပေါ် ညင်သာစွာ တင်လိုက်သည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ပန်းဟွာသည် သူမ၏ ခေါင်းပေါ်တွင် တစ်စုံတစ်ရာ ရောက်လာသည်ကို ခံစားလိုက်ရ၍ ထိုအရာကိုဖယ်ထုတ်ပစ်လိုက်ချင်မိ၏။


ရုံရှားက လက်ကိုင်ပုဝါကို လက်တစ်ဖက်ဖြင့် အမြန်ဖိလိုက်ပြီး နောက်တစ်ဖက်နှင့် စောင်ကို ပွတ်သပ်လိုက်သည်။ ကလေး ချော့သလိုပင် သူမ အိပ်ဖို့ ချော့လိုက်တော့သည်။


ပန်းဟမ်က ဝင်ပြောသည်။ 


 "အစ်မ သုံးတတ်တဲ့ အစေခံတွေကို ကျွန်တော် ပြန်သွားခေါ်မယ်၊ကောကုန်းရဲ့ နေအိမ်ကို ရက်အနည်းငယ် အနှောင့်အယှက် ပေးရမှာပဲ၊ ကောကုန်းစိတ်မရှိဘူး မဟုတ်လား"


 "ရပါတယ်"


 နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ပန်းဟွာကို ရုံရှား ကြည့်လိုက်သည်။သူမကို မကြိုဆိုဘဲ သူ မနေဝံ့ပေ။


ပန်းဟမ် ထွက်သွားပြီးနောက် ဆေးက အဆင်သင့်ဖြစ်နေပြီ။ရုံရှားက ပန်းဟွာအား အစေခံယူဆောင်​လာ​သော ​ဆေးခွက်​ကို ယူလိုက်​သည်​။သူက ဆေးကိုဇွန်းနှင့်ကော်ကာ သူမနှုတ်ခမ်းဆီတေ့၍သောက်စေလိုက်၏။ 


ခေါင်းမူး မသက်သာသေးသော ပန်းဟွာသည် အနက်ရောင်ဆေးကို ကြည့်လိုက်ရင်း အန်လုမတတ်ပင်။သူမ မျက်နှာပျက်နေသည်ကိုမြင်၍ ဆေးခွက်ကို အလျင်အမြန် ဖယ်လိုက်ပြီး 


 "ဗိုက်က မအီမသာဖြစ်နေတာလား"


 "အင်း"  


ပန်းဟွာက ရုံရှားကို အားပျော့စွာ ကြည့်နေ၏။ သူမမျက်နှာပေါ်တွင် သနားစရာကောင်းသောအကြည့်များ ရှိနေသည်။  


"အနံ့သိပ်ဆိုးတယ်"


ရုံရှား ဆေးကို မြည်းကြည့်လိုက်ရာ ခါးနေတာကြောင့် သူ မျက်မှောင်ကြုတ်လိုက်သည်။ဆေးက အနံ့ဆိုးပြီး အရသာလည်း ဆိုးပေ၏။ သူ့နောက်မှာ ရပ်နေသည့် အိမ်‌တော်ထိန်းကို ကြည့်လိုက်ရင်း


 "ဒီဆေးက ဘာလို့အရမ်းခါးရတာလဲ"


အိမ်တော်ထိန်း :…


 "ကောကုန်း၊ ဆေးကောင်းဆိုတာ ခါးတတ်ပါတယ်"


 "ဆေးပြား မရှိဘူးလား"  


ပန်းဟွာ၏ မျက်နှာသည် စက္ကူကဲ့သို့ ဖျော့တော့နေသည်ကို ရုံရှား မြင်လိုက်၍ သူမကို ပြန်ချော့ရပြန်သည်။


"ဟွာဟွာ၊ ဒီဟာလေးပဲ ကြိတ်ပြီးသောက်ပါလား"


ပန်းဟွာက သူမရှေ့မှ လူချောလေးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။ထိုအခါ သူက သူမကို ဆေးတစ်ဇွန်းခွံ့လိုက်သည်။


 "ကျွန်မကို ပန်းကန်​​ပေး​နော်​"  


ဤဆေးပန်းကန်လုံးတစ်ဝက်ကို တစ်ဇွန်းချင်းခပ်တိုက်နေခြင်းက သူမကို ညှဉ်းပန်းနှိပ်စက်ခြင်းပင်။ အကုန်သောက်လိုက်တာက ပိုကောင်းသည်။  လူချောလေးက ဆေးတိုက်၍ ကောင်းသော်လည်း သူမ ဆက်သောက်နိုင်စွမ်းမရှိတော့။


ရုံရှား အံ့အားသင့်သွားကာ ပန်းဟွာအား ဆေးတစ်ပန်းကန်လုံး ပေးလိုက်သည်။


ပန်းဟွာ ပန်းကန်ကို ကိုင်ပြီး မော့ချလိုက်၏။ သူမ လည်ချောင်းထဲမှာ အော့အန်ချင်စိတ်ကို မထိန်းနိုင်ခင် သကြားလုံးများ ကောက်ဝါးလိုက်ရတော့သည်။ အစေခံလေးက ပါးလုတ်ကျင်းဖို့ လက်​ဖက်​ရည်​တစ်ခွက်​ ယူလာခဲ့သည်။သူမ တစ်ကျိုက်သောက်ကာ ထွေးပစ်လိုက်သည်။  


"ပါးစပ်ကို မဆေးနိုင်တော့ဘူး၊မဟုတ်ရင် ဆေးတွေပါ အန်မိလိမ့်မယ်"


 "ဆေးသောက်ပြီး ကောင်းကောင်းအိပ်ပါ၊ချွေးထွက်ရင် သက်သာမှာပါ"  


ရုံရှားသည် ပန်းဟွာကို လှဲလျောင်းစေပြီး စောင်ခြုံပေးခဲ့သည်။ ထို့နောက် သူက လက်ကိုင်ပုဝါကိုထုတ်ပြီး ပါးစပ်ထောင့်များကို သုတ်ကာ  ပူလောင်နေသော သူမ နဖူးကို နမ်းလိုက်သည်။


  "ကောင်းကောင်းအိပ်ပျော်ပါစေ"


ပန်းဟွာလည်း ပူလောင်နေသော မျက်လုံးများကို မှိတ်ထားကာ အိပ်ပျော်သွားသည်။ဘေးနားက အိမ်အကူခမျာ မြင်ကွင်းကြောင့်  သူမ ခေါင်းကို အမြန်လှည့်လိုက်သည်။


ရုံရှား ထိုင်ခုံမှထလိုက်သည်။


 "ကျွင်းကျူးကို ကောင်းကောင်း ကျွေးမွေးပါ၊ခဏနေ ငါပြန်လာခဲ့မယ်"


 "ဟုတ်ကဲ့"


ရုံရှား ပင်မဝင်းထဲက ထွက်လာပြီး သူ့နောက်မှ အိမ်တော်ထိန်းကို မေးလိုက်၏။


"တပ်မှူးချမ် ထွက်သွားပြီလား"


 "ကောကုန်း၊တခြားအရာရှိတွေလည်း နေအိမ်ကနေ ထွက်သွားပြီးပါပြီ"


ရုံရှား အေးစက်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။


"ဝမ်ချွီကို စာကြည့်ခန်းထဲလာဖို့ ပြောပါ"


ဝမ်ချွီသည် ကောကုန်းကိုမြင်သောအခါ ဦးညွှတ်လိုက်၏။


 "တွေ့ပြီလား"


 "တံခါးစောင့်နှစ်ယောက်ပါ၊ တစ်ယောက်က သူတို့မိသားစုကို ခေါ်သွားပါတယ်...."


 "သူတို့ရဲ့အခက်အခဲတွေကို ငါမကြားချင်ဘူး၊သူတို့ကို စည်းမျဥ်းစည်းကမ်းနဲ့ပဲ ဆက်ဆံပါ"


  "ကျွန်တော် နားလည်ပါတယ်"


 "မနေ့ညက ပန်းဟွာကြောင့်သာမဟုတ်ရင်၊ ငါ့အိမ်တော်က ဒီနေ့ဆို အဖြူရောင် စာတန်းတွေကို ချိတ်ဆွဲထားပြီးဝမ်းနည်းဖွယ် အခမ်းအနားတောင် လုပ်နေရလောက်ပြီ၊ ငါ ကျန်းလောရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို မတန်တဆ တွက်ဆမိသွားတယ်"


 "ကောကုန်း၊ နင်းဝမ်မင်းသားတော့ တစ်ခုခုလုပ်ဦးမယ်ထင်တယ်၊ငြိမ်တော့မနေလောက်ဘူး"


နင်းဝမ်မင်းသား ၏ ပင်ကိုယ်စရိုက်မှာ စိတ်မရှည်တတ်သူဖြစ်ပြီး ကောကုန်း နှင့် မလိုက်လျောပေ။ ယခုအခါတွင် ကောကုန်းကို ဧကရာဇ်က တဖန်တန်ဖိုးထားလာသောကြောင့် နင်းဝမ်မင်းသားသည် အခြေအနေကို ဖြေရှင်းရန် အမိုက်မဲဆုံးနည်းလမ်းကို အသုံးပြုခဲ့သည်။ ရန်သူကိုရော၊သူ့ကိုယ်သူပါ  နာကျင်စေသည့်နည်းလမ်းပင်။


 "သူ ဘယ်တုန်းကမှ ထိုင်နိုင်ခဲ့တယ်ဆိုတာမရှိဘူး၊ရှဲ့ကျုံးကျင်း ပြန်ကောင်းမလာနိုင်ဘူးလို့ မင်း ထင်လား"


ဝမ်ချွီ အေးခဲသွားရသည်။ကောကုန်းသည် ရှဲ့ကျုံးကျင်းအကြောင်း ရုတ်တရက် အဘယ်ကြောင့် ပြောသည်ကို သူနားမလည်ပေ။


 "ရှဲ့မိသားစုရဲ့ အကြီးဆုံးသားက ပြန်ကောင်းနိုင်မှာ မဟုတ်တာတော့ အမှန်ပါပဲ၊ဒါပေမယ့် ဒါက နင်းဝမ်မင်းသား နဲ့ ဘယ်လိုဆိုင်တာပါလဲ"


 "အရင်တုန်းကမဟုတ်ပေမယ့် အခု ဆိုင်လာနိုင်တယ်"


ဧကရာဇ်သည် သူ့ကြောင့် ဒုတိယမင်းသားကို အပြစ်ပေးမည်ဟု သူ မယုံပေ။သူ ဧကရာဇ်ကို ကောင်းကောင်းနားလည်၏။သူသည် တစ်ကိုယ်ကောင်းဆန်ပြီး သံသယဖြစ်လွယ်သည်။လောကကြီးကသာ သူ့ကို  ဆွဲချနိုင်ပေမည်။ဘယ်တုန်းကမှ အမှားမလုပ်ဖူးသူလည်းဖြစ်၏။နင်းဝမ်မင်းသား ​​ဘယ်လောက်ပဲ ဆိုးဆိုးရွားရွား ဖြစ်နေပါစေ၊သူ့သားဖြစ်နေဆဲပင်။ဤကိစ္စကို စုံစမ်းစစ်ဆေးပြီးနောက်မှာ ဧကရာဇ်က သူ့ကို နင်းဝမ်မင်းသား၏ လက်ပါးစေတချို့ကို ဖြတ်တောက်ပြီး ဒေါသကိုသာ ဖြေဖျောက်ပေးနိုင်သည်။ သို့သော် ဒုတိယမင်းသားကို ထိပါးမည်မဟုတ်သည်မှာ သေချာသည်။


 "ကောကုန်း၊ ရှစ်ကျစ်ပန်းဟမ် လာပါပြီ"  စာကြည့်ခန်းအပြင်ဘက်မှ အိမ်တော်ထိန်း၏ အသံသည် ထွက်ပေါ်လာသည်။


ရုံရှား အပြေးထွက်လာပြီး တစ်ချက်ကြည့်လိုက်သည်။ သေတ္တာကြီးများစွာကို ကိုင်ဆောင်ထားသည့် လူတစ်စုကို သူ တွေ့လိုက်ရသည်။  ယောက်ျားမိန်းမ နှစ်ဆယ်မှ သုံးဆယ်ခန့် ရှိ၏။အချို့က အိမ်အကူအဖြစ် ၀တ်ဆင်ထားကြပြီး အချို့မှာ အစောင့်အဖြစ် ဝတ်ဆင်ထားကြသည်။ ပန်းဟမ် သည် ထိုလူများ ဝိုင်းရံ၍ လျှောက်လာသည်။ သူ့ပုံစံက လက်အောက်ငယ်သားများကို ခေါ်ဆောင်လာသော လမ်းပေါ်ရှိ လူဆိုးဂိုဏ်းခေါင်းဆောင်နှင့် တူသည်။


 "ညီလေး" ရုံရှား ဇဝေဇဝါနှင့် မြေကြီးပေါ်မှ သေတ္တာကြီးများကိုကြည့်ကာ၊ "ဒါတွေကဘာတွေပါလဲ …"


ပန်းဟမ် သက်ပြင်းချလိုက်သည်။


 "ဒါတွေက အစ်မ မကြာခဏဝတ်တဲ့ အဝတ်အစားတွေပါ၊သူမက  ဒီအိမ်တော်မှာ ခဏနေမှာဆိုတော့ အများကြီးယူလာဖို့လည်း မကောင်းဘူးလေ၊ ဒါကြောင့် အခုလောလောဆယ် အတွက်ပဲရွေးယူလာတာ"


 "ညီလေးကလည်း သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး၊တခြားအရာတွေလည်း လိုအပ်ရင် ယူလာလိုက်ပါ၊အစ်ကိုတို့က မိသားစုမို့လို့ တရားဝင်နေစရာ မလိုဘူး" ရုံရှားသည် ပန်းဟမ်ကို အတွင်းခန်းထဲသို့ ခေါ်သွားရင်း "ဟွာဟွာရဲ့ ခြံဘေးမှာ မင်းကိုထားမယ်၊မင်း မကြိုက်တာရှိရင် အစေခံတွေကို ပြောင်းခိုင်းလို့ရပါတယ်"


 "စိတ်မပူပါနဲ့ ကျွန်တော်က နေရာကို သိပ်စိတ်မ၀င်စားပါဘူး"


  ပန်းဟမ်မှာ စုစုပေါင်း ပစ္စည်း သေတ္တာတစ်ခုသာ ပါလာသည်။အစေခံများနှင့် အစောင့်အနည်းငယ်မှလွဲ၍ သူ့တွင် အစေခံတစ်ဦးမျှ မရှိ။ထို့ကြောင့် သူနှင့်အတူ လိုက်ပါလာသူ အများစုမှာ ပန်းဟွာကို အမှုထမ်းရန်ဖြစ်သည်။



xxxxxx