အပိုင်း၁၂၂
Viewers 8k

Chapter 122



ပန်းမိသားစု၏ အမွေဆက်ခံသူသည် ချေးမများသူဖြစ်ကာ အမှုထမ်းရန် အလွန်လွယ်ကူကြောင်း ရုံမိသားစု၏ ကျွန်များ သိသွားကြသည်။ အစားအသောက်နှင့်လည်း ချေးများသူမဟုတ်။ ရုံမိသားစု၏ လှပသော အိမ်အကူများကို မြင်သောအခါတွင်လည်း သူသည် သူတို့ကို တစ်ချက်မျှ မကြည့်ပေ။အစေခံများကို အနိုင်ကျင့်၍လည်း ဒုက္ခမရှာတတ်သူပင်။


သူ့လိုလူကို ဆန်ကုန်မြေလေးလို့ သူများတွေက ခေါ်ကြတာလား....မြို့တော်က ဆန်ကုန်မြေလေးရဲ့ အဆင့်အတန်းကလည်း နိမ့်ကျလိုက်တာ…


ပန်းဟွာ ဆေးသောက်ပြီး အိပ်ပျော်သွားသည်။ညဉ့်နက်သန်းခေါင်ရောက်မှ သူမ နိုးလာရ၏။အခန်းထဲတွင် ဖယောင်းတိုင်မရှိသော်လည်း ဆီမီးခွက်က အလင်းရောင်ဖျော့ဖျော့ဟာ ရှိနေသည်။


 "ဟွာဟွာ နိုးပြီလား" ရုံရှား သူမနိုးလာသည်ကိုမြင်သောအခါ ကမန်းကတန်းပြောလိုက်သည်။ 


"ပြန်မအိပ်သေးနဲ့ဦး၊ ဆေးပူပူလေး ယူလာခိုင်းလိုက်မယ်"


 "ဘာလို့ ရှင် မအိပ်သေးတာလဲ" ပန်းဟွာ၏ ခန္ဓာကိုယ်က ပျော့ခွေနေလျက်ရှိသည်။ 


 “နေ့လည်က အိပ်ထားပါတယ်”


ရုံရှား၏ အသံက အနည်းငယ် ခြောက်ကပ်သွားသည်။ သူ ပြောပြီးသည်နှင့် ထပြီး တံခါးဆီသို့ လျှောက်သွားကာ အပြင်မှ အစောင့်ကို တစ်ခုခုပြောပြီး ကုတင်အနားကို အမြန်ပြန်သွား၏။


"မင်း သက်သာရဲ့လား"


 "ကျွန်မ ချွေးတွေအရမ်းထွက်နေတယ်၊ ​​အဆင်မပြေဘူး" ပန်းဟွာက စောင်ထဲကလက်ကို ထုတ်လိုက်သော်လည်း ရုံရှားမှ ချက်ချင်းစောင်ပြန်ခြုံပေးကာ၊ 


"သမားတော်က အအေးမမိရဘူးလို့ ပြောတယ်  အဝတ်အစားလဲချင်တယ်"


 "ကိုယ် အိမ်အကူတွေကို ပြောလိုက်မယ်နော်"


ရုံရှား ထကာ တံခါးဆီသို့ လျှောက်သွားပြန်သည်။ခဏကြာတော့ အိမ်အကူနှစ်ယောက် ဝင်လာသည်။


 "ရူရီ၊ ယွီကျူး…"  ပန်းဟွာ ဇဝေဇဝါဟန်နှင့် မျက်တောင်ကိုပုတ်ခတ်လိုက်ပြီး "နင်တို့ ဒီကိုဘယ်လိုရောက်နေတာလဲ"


 "ကျွင်းကျူး၊ ကျွန်မတို့ကို ရှစ်ကျစ် ခေါ်လာခဲ့တာပါ၊ တခြားသူတွေက ကျွင်းကျူးရဲ့အကြိုက်တွေကို မသိကြဘူးလေ၊ကျွင်းကျူးကို ကောင်းကောင်းမခစားနိုင်မှာကို စိုးရိမ်နေတာကြောင့်ပါ" 


ရူရီက  ပြောရင်း ပန်းဟွာအား အဝတ်လဲပေးနေသည်။ ကောကုန်းရုံရှား အခန်းထဲမှ ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် သူမနှင့်ယွီကျူးတို့သည် ပန်းဟွာ ကို ခန်းဆီးနောက်ကွယ်တွင် ကူညီပေးခဲ့ကြသည်။ ပြီးစီးသောအခါ ပန်းဟွာက စောင်ခြုံထဲသို့ ပြန်အိပ်ပြီးပြောလိုက်၏။


 "ရှစ်ကျစ် ဒီကို ရောက်လာပြီလား"


သူမ၏မောင်ဖြစ်သူအပေါ် နားလည်သလောက်ဆိုလျှင်၊ပန်းဟမ်သည် ကောကုန်းချမ်အမ်အိမ်တော်တွင် သူမကို ဤမျှကြာအောင် တစ်ယောက်တည်း နေခွင့်မပြုနိုင်ချေ။


 "ဟုတ်ကဲ့"ရူရီသည် ပန်းဟွာ၏နဖူးပေါ်ရှိ ချွေးများကို သုတ်ပေးကာ "ရှစ်ကျစ်က ဒီခြံဘေးက အိပ်ဆောင်မှာနေတာပါ"


ပန်းဟွာက ပြုံးပြီး "ဒီကောင်ကတော့လေ..."


 ခဏအကြာတွင် ရုံရှား ဝင်လာပြန်ပြီး ပန်းဟွာ၏ နဖူးကို ထိလိုက်သည်။


"မင်း အဖျားနည်းနည်းရှိသေးတယ်"


ထို့နောက် ပန်းဟွာအား စောင်ခြုံလျက်နှင့် ငုတ်တုတ်ထထိုင်စေကာ ဆေးပန်းကန်ကို သူမ၏ပါးစပ်ဘေးမှာ ထားလိုက်ပြီး


 "သောက်ပါ၊ ကိုယ် ကိုင်ပေးထားတယ်"


ပန်းဟွာ ဆေးကို ကြိတ်မှိတ်သောက်ပြီး  ရုံရှား ပါးစပ်ထဲထည့်ပေးသော အချိုသစ်သီးတစ်လုံးကို ကိုက်လိုက်သည်နှင့် သူမ၏ဖြူဖျော့သောမျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။


"ဘာရယ်တာလဲ"  


ရုံရှားက သူမကို လက်တစ်ဖက်နှင့် ထွေးပွေ့ထားပြီး နောက်လက်တစ်ဖက်နှင့် ပါးစပ်ကို သုတ်လိုက်၏။


 "ကျွန်မရှေ့က လူချောလေးကိုကြည့်ပြီး ရယ်နေမိတာ" 


သူက ဟက်ကနဲရယ်လိုက်ပြီး


 "ကိုယ်ကလည်း မိန်းမလှ‌ တစ်ယောက်ကို ရင်ခွင်ထဲ ထည့်ထားတယ်လေ"


 “အိုး…” ပန်းဟွာ တစ်ချက်သမ်းပြီး “ကျွန်မ အိပ်ချင်သေးလို့”


 "အိပ်တော့"  


ရုံရှား ပြုံးပြသော်လည်း သူမကို လက်မလွှတ်ခဲ့ပေ။ ပန်းဟွာ မျက်လုံးကိုတစ်ဝက်သာဖွင့်ပြီး သူ့ကိုကြည့်လိုက်သည်။ ထို့ကြောင့် သူ့မေးစေ့နှင့် မျက်နှာတစ်ဝက်လောက်ကိုသာ မြင်နေရ၏။သို့သော်လည်း ချောမောနေမှုကတော့ ပြောင်း၍မရချေ။ 


 "ဟူး..." 


ဘေးမှကြည့်နေသော ရူရီက ကောကုန်းချမ်အမ်အား ကျွင်းကျူးအိပ်ဖို့သေချာလုပ်ပေးနေခြင်းထက် သူမဘာသာသူမ လှဲအိပ်ခြင်းကသာပိုကောင်းမည်ဟု ပြောချင်မိသည်။သို့သော်လည်း ကောကုန်းချမ်အမ်၏ ဂရုစိုက်ချင်စိတ်ကို ကိုယ်ချင်းစာပြီး ပြောဖို့မစဉ်းစားတော့ချေ။သူမနှင့် ယွီကျူးအခန်းထဲမှ ထွက်သွားသောအခါ၊ သူမလည်း နဖူးတွင် ချွေးများ ထွက်နေရတော့သည်။


ယွီကျူးက


 "အစ်မ၊ကောကုန်းချမ်အမ်ကို အခန်းထဲမှာထားခဲ့ဖို့ မသင့်တော်ဘူးမဟုတ်လား"


 "မလိုပါဘူး" ရူရီ အသက်ပြင်းပြင်းရှူရင်း "ကျွင်းကျူးက ငါတို့ကိုနေခွင့်ပေးချင်တယ်ဆိုရင် သူမ အိပ်ယာမဝင်ခင်ပြောခဲ့မှာပဲ"


 ထို့အပြင် ကောကုန်းချမ်အမ်၏ အကျင့်အရ သူမအား ဘာမှလုပ်မည်မဟုတ်။အပြင်မှာလည်း အမျိုးသမီးအမှုထမ်းများ၊ အစောင့်အကြပ်များရှိနေ၍ မူမမှန်သည့်လုပ်ရပ်မျိုး လုပ်မည်မဟုတ်။ 


ရုံရှားသည် ပန်းဟွာ အားနည်းသည်ကို တစ်ခါမျှ မမြင်ဖူးပေ။ ပုံမှန်ဆိုလျှင် သူမသည် စွမ်းအင်ပြည့်ဝလှသည့် မြေခွေးတစ်ကောင်လို လန်းဆန်းနေတတ်၏။သူမ ရှိလေရာနေရာတိုင်း သူမကသာ အတောက်ပဆုံးဖြစ်တည်မှုဖြစ်သည်။ သူမကို ဘယ်သူမှ  လျစ်လျူရှု၍မရနိုင်ပေ။တစ်နည်းဆိုရသော် သူမရှိသရွေ့ အခြားသူများကို အာရုံစိုက်ရန် ခက်ခဲနေမည် ဖြစ်သည်။


သူမကို ဤကဲ့သို့ ပျော့ညံ့သော အနေအထားမျိုးတွင် သူ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ သူမကို ပွတ်သပ်ကာ နှစ်သိမ့်ပေးချင်စိတ်ရှိသော်လည်း သူမ နာကျင်ရမှာကြောက်တာကြောင့် မထိရဲသလိုပင်။သူမကို လက်မလွှတ်ချင်သလို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားဖို့လည်း မဝံ့ရဲပေ။


 ကမ္ဘာပေါ်မှာ ဒီလို လှပတဲ့ မိန်းမမျိုး ဘယ်လိုလုပ် ထပ်ရှိနိုင်ပါ့မလဲ။ သူမ ရှိနေသရွေ့ ကမ္ဘာကြီးတစ်ခုလုံး မီးခိုးရောင်ဖြစ်သွားလိမ့်မည်။သူမသည် အဖြူအမည်ဇာတ်လမ်းထဲဝယ် ရောင်စုံပန်းချီကားတစ်ချပ်လို လှပစိုပြေနေသည်။သူမလို မိန်းမသားတစ်ဦးသည် ဓားမိုးများရွာနေခိုက် သူ့ရှေ့တွင် ဓားတစ်ချောင်းကို ချီကာ အပြည့်အဝ ကာငွယ်ပေးလိမ့်မည်ဟု သူ တစ်ခါမျှပင် မစဉ်းစားခဲ့ဖူး။


 သူ့အမေက အားနည်းသည်။ သူမမျက်နှာမှာ အဆုံးမဲ့ ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေတတ်ပြီး သူမ၏ နာကျင်မှုများအကြောင်း ပြောပြဖို့လည်း ဘယ်တော့မှ မငြီးငွေ့ပေ။ သူ့အမေ မသေခင်မှာ သူမ၏ သွယ်လျသည့်လက်တစ်စုံက သူ့လက်မောင်းကို သွေးထွက်သည်အထိ ဖိထားခဲ့၏။သူမ၏ ခင်ပွန်းဖြစ်သူ သူ၏ ဖခင်က တခြားမိန်းမတစ်ယောက်နှင့် လက်ထပ်ပြီး သူမအား မေ့သွားမှာကို စိုးရိမ်သည်ဟု ပြောခဲ့ဖူးသည်။သူမဘဝမှာ တွေ့ကြုံခဲ့‌ရသော အချစ်၊ အမုန်း၊ နာကျင်မှုနှင့် အမှတ်တရများက သာမာန် မိန်းကလေးတစ်ယောက်အတွက် ဝန်နှင့်အား မမျှပေ။သူမဘဝက ဘယ်တုန်းကမှ မလှပခဲ့ပေ။


 မိခင်ဖြစ်သူ၏ အကာအကွယ်မပါဘဲ သားနှစ်ယောက် ဘာဖြစ်မည်ကို သူမ မစိုးရိမ်တတ်။သူမ၏ စိတ်ပူပင်မှုများနှင့် နာကျင်မှုအကြောင်း သားဖြစ်သူအား ထပ်ခါထပ်ခါ ပြောပြခြင်းက မှားသည်ဆိုသည်ကိုလည်း ယူဆဟန်မတူ။သူမကား အရာအရာတိုင်းကို ‌ရိုးရိုးသာတွေးတတ်သူပင်။


 သူမသည် အနီရောင်နှင့် တခြားတောက်ပထင်ပေါ်သော အရာများကို မကြိုက်ပေ။ရွှေငွေ လက်ဝတ်ရတနာများ ဝတ်ဆင်ရသည်ကိုလည်း မကြိုက်။  သူမ အသက်ရှင်နေစဥ်အချိန်က ပန်းမိသားစုကိုတောင် လှောင်ပြောင်ခဲ့ဖူးသည်။


 သူမသည် အိမ်တော်တွင်ရှိသော ရွှေငွေ လက်ဝတ်ရတနာများကိုလည်း အသုံးမဝင်ဟု ခံစားသူပင်။အလှပဆုံးအမျိုးသမီးဆိုသည်မှာ လက်ဝတ်ရတနာများကို မဝတ်ဆင်သူဟု ထင်မြင်နေသူဖြစ်၏။လက်ဝတ်ရတနာများကို အစွဲအလမ်းကြီးပြီး အဝတ်အစားနှင့် ဇိမ်ခံအသုံးအဆောင်များအား ကြိုက်နှစ်သက်သည့် အမျိုးသမီးများသည် အဆင့်နိမ့်ကျပြီး အပေါ်ယံဟုမြင်သည်။သူမသည် ထိုသို့သောလူများနှင့် စကားပြောချင်စိတ်လည်းမရှိသလို၊အတူပင် ထိုင်ချင်သူမဟုတ်ပေ။


သူ ငယ်ငယ်တုန်းက ဂိုထောင်ထဲမှာသိမ်းဆည်းထားသော လက်ဝတ်ရတနာများနှင့် အမေဖြစ်သူက အလွန် ကြည့်ကောင်းမည်ဟု စိတ်ကူးယဉ်ခဲ့မိသည်။သို့သော် သူမအား ဘာမှမပြောမီ သူမက ဤအရာများကို နှစ်သက်သူများသည် အပေါ်ယံသာဖြစ်ကြောင်း ပြောပြသည်။ထို့ကြောင့် သူလည်း ထိုစိတ်ကူးကိုထုတ်ပြောခွင့်မသာခဲ့။


 သူသည် အပြောအဆိုနှင့် အပြုအမူများတွင် ယဉ်ကျေးသိမ်မွေ့သူဖြစ်သည်။ဤသည်က အမေဖြစ်သူထံမှအမွေဟုဆိုနိုင်သည်။


နောက်ပိုင်းတွင် အမေဖြစ်သူ၊အဖေဖြစ်သူလည်း ဆုံးသလို၊အစ်ကိုကြီးပါ သေဆုံးသွားသည်။သူသည် ရုံမိသားစုတွင် တစ်ဦးတည်းသာ ကျန်ပြီး ရုံမိသားစု၏ အရိုးသားဆုံး လူကြီးလူကောင်း ဖြစ်လာခဲ့သည်။


သို့သော် သူ အိမ်တော်၏ဂိုထောင်ထဲကိုသွားမိတိုင်း  လက်ဝတ်ရတနာများကို ကြည့်ချင်မိသည်။ ဒီလောက်လှပတဲ့ အရာတွေကို သူ့အမေက ဘာလို့ သဘောမကျရတာလဲ။


 ဘာလို့လဲ....


တစ်နေ့တွင် သူသည် လမ်းပေါ်တွင် မြင်းစီးလာစဉ် မတော်တဆ အသိုင်းအဝိုင်းမြင့်မြတ်သော မိန်းကလေးနှင့် တွေ့လိုက်ရသည်။ သူမသည် အနီရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး မြင်းစီးလျက်နှင့် ယောက်ျားတစ်ယောက်ကို ရန်ထောင်နေသည်။  သူ့မျက်လုံးများက ထိုမိန်းကလေးကထံမှ ခွာ၍မရနိုင်ခဲ့။ကမ္ဘာပေါ်ရှိ လူတိုင်းနှင့် အရာအားလုံးသည် မီးခိုးရောင်ဖြစ်နေကာ သူမသာလျှင် မီးတောက်ကဲ့သို့  အသက်မရှူနိုင်လောက်အောင် လှပလျက်ရှိသည်။


ရုံရှားသည် အမှတ်တရများထဲမှ သူ့ကိုယ်သူ ပြန်ဆွဲထုတ်ကာ လက်ထဲတွင် အိပ်ပျော်နေသော အမျိုးသမီးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမအား ကုတင်ပေါ်ပြန်လှဲသိပ်ကာ နှုတ်ခမ်းကို ညင်သာစွာ နမ်းလိုက်သည်။ သူမ၏ နှုတ်ခမ်းများသည် အနည်းငယ် ခါးနေပြီး ပူနေသည်။


ရုံရှားက သူမ၏ နှုတ်ခမ်းများကို နမ်းလိုက်ပြီး ခေါင်းအုံးပေါ်ပြန်ချသိပ်ပေးလိုက်သည်ကို ပန်းဟွာ သိလိုက်သည်။


တစ်ခဏတည်းနှင့် ရှန်းယွီသည် သူမနှင့် စေ့စပ်ထားသော ကိစ္စကို ဖျက်သိမ်းရန် ရောက်ရှိလာသည်ကို သူမ တွေ့လိုက်ရသည်။ရှဲ့ချီလင်း၏ မျက်လုံးများနာကျင်သွားပြီး လဲကျသွားသည်ကို သူမ မြင်လိုက်ရ၏။ထို့အပြင် ရှဲ့ဝမ်ယွီ နှင့် ကျန်းလော ထိမ်းမြားလက်ထပ်ခဲ့သည်ကို သူမတွေ့လိုက်ရသည်။ မကြာပါ၊ရှစ်ဖေးရှန့် ကြောင့် သူတို့နှစ်ဦး ကွဲကွာသွားကြပြန်သည်။


 အိပ်မက်သည် ယုတ္တိမရှိဘဲ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ နွေဦးရာသီရောက်ပြီး တစ်ခဏနှင့် နှင်းကျလာပြန်သည်။တစ်ဖန် မျက်စိတစ်မှိတ်အတွင်းမှာပဲ နှင်းများပြည့်နေသည့် ပန်းခြံတစ်ခုအားမြင်ရပြန်၏။


အိမ်ရှေ့စံကို မှောင်မိုက်သည့် ဝင်းထဲမှာ သော့ခတ်ထား၏။သူ တစ်ခုခုရေးနေပုံရသော်လည်း ပန်းဟွာ အနားမကပ်ခင်မှာ အိပ်မက်က ပြောင်းလဲသွားပြန်သည်။မဟာရွှေလမင်းနန်းတော်၏ ခန်းမဆောင်ကြီးတွင် အစောင့်များ ပြည့်နှက်နေသည်ကို သူမ မြင်လိုက်ရသည်။ ရှစ်ကျင်းနှင့် အစောင့်တပ်မှူးတို့ အတူတကွ မတ်တပ်ရပ်လိုက်ကြသည်။သူတို့မျက်နှာများက သွေးများ ဖုံးလွှမ်းနေပြီး သေပြီးသားလား၊ အသက်ရှင်သလား ဆိုသည်ကိုမသိရပေ။


 အစိမ်းရောင် ဘွတ်ဖိနပ်အထူကြီး တစ်စုံက တံခါးကို ဖြတ်လျှောက်လာသည်။ ထိုဘွတ်ဖိနပ်က ပွက်ပွက်ဆူ‌ေနသည့် သွေးများပေါ် နင်းသွားသည်။ထို့နောက် သွေးများကိုရွံရှာသလိုပုံနှင့်  ခြေထောက်ကို မြှောက်ပြီး သူ့ဘေးမှာ လဲလျောင်းနေသည့် အလောင်းထက်ကို လှမ်းနင်းလိုက်သည်။ထို့နောက် သွေးများကို ပွတ်​သုတ်ပြီး​ ​ရှေ့ဆက်​​လျှောက်​လာ၏။


 "မင်းသားချန်ချင်ဝမ်၊ခင်ဗျား ဘာလို့ဒီလိုလုပ်တာလဲ"


 "ဘာလို့လဲ....."  ထိုလူက ရယ်ပြီး သူ့လက်ထဲက ယပ်တောင်ကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။  


"ဒါက ဧကရာဇ် ငါ့ကို အကြွေးတင်နေတာပဲ"


ချန်ချင်ဝမ်.... 


ပန်းဟွာသည် သူမနောက်က ခြေသံကို ကြား၍ လှည့်ကြည့်လိုက်လျှင် ကျန်းလောက ဓားများကိုင်ဆောင်ထားသည့် အစောင့်အဖွဲ့နှင့်ဝင်လာသည်ကို သူမ တွေ့လိုက်ရ၏။သူ့မျက်နှာထက်မှာ ဂုဏ်ယူဝင့်ကြွားဟန်များနှင့် ပြည့်နေတော့သည်။


ကျန်းလော ?


လျှောက်သွားနေသော လူနှစ်ယောက်ကို သူမကြည့်လိုက်သည်။ချန်ချင်ဝမ်က ဘာလို့ ကျန်းလောနဲ့ ဆက်စပ်နေတာလဲ... 


ပန်းဟွာ ရုတ်တရက် မျက်လုံးဖွင့်လိုက်လျှင် လွင့်မျောနေသော ကန့်လန့်ကာစကို မြင်ရပြီး ရုံရှားသည်လည်း သူမကုတင်ထက်တွင် ခေါင်းကလေးမှီ၍ လဲလျောင်းနေသည်။


 "ဟွာဟွာ နိုးလာပြီလား"


ပန်းဟွာသည် ရုံရှားကို ကြောင်တက်တက်ဖြင့် ကြည့်နေရင်း  ရုတ်တရက်မေးသည်။


"ရှင် ချန်ချင်ဝမ် နဲ့ ဆက်ဆံရေးကောင်းလား"


ချန်ချင်ဝမ်က သူမ၊ရုံရှားနှင့် မောင်လေးဟမ်တို့အား ယခင်က အလည်တစ်ခါဖိတ်ဖူးလေသည်။ရုံရှားသည် ပုံမှန်မျက်နှာအမူအရာဖြင့် သူမ၏နဖူးမှချွေးများကို သုတ်လိုက်ပြီး


 "သိပ်မကောင်းဘူး၊သူက ကိုယ့်ရဲ့ လက်ရေးလှရေးနဲ့ ပန်းချီကားတွေကို ကြိုက်တယ်၊ ဒါကြောင့် ကဗျာအကြောင်းပြောဖို့ သူ့အိမ်ကို မကြာခဏ ဖိတ်တယ်၊ ဒါပေမယ့် အချိန်တိုင်းတော့ သွားဖြစ်တာမျိုးမရှိပါဘူး"


ပန်းဟွာ ခေါင်းညိတ်ပြီး တိုးတိုးပြောလိုက်၏။ "ရှင် မသွားတာ ကောင်းပါတယ်"


 "ဘာလို့လဲ...."ရုံရှားက သူမကို ပြုံးပြုံးလေး ကြည့်လိုက်သည်။


ပန်းဟွာက ခေါင်းခါလိုက်ပြီး "ဒီတိုင်းပါ၊ကျွန်မ အခု ခေါင်းနည်းနည်းမူးနေသေးတယ်"


 "ကိုယ် နှိပ်ပေးမယ်"


ရုံရှားသည် သူမ၏ နားထင်များကို နှိပ်နယ်ပေးလိုက်သည်။ သူ့လှုပ်ရှားမှုများက နူးညံ့ပြီး သူ့လက်ချောင်းများက နွေးထွေးလှသည်။ "မင်းဘာလို့ သူ့ကို ရုတ်တရက် တွေးမိတာလဲ"


 "ကျွန်မ အိပ်မက်တစ်ခု မက်တယ်"


 "မင်းက သူ့ကိုတော့ အိပ်မက်မက်ပေမဲ့ ကိုယ့်ကိုကျ မမက်ဘူးလား"


ပန်းဟွာက ပြုံးပြီး "ကျွန်မ သူ့ကို အိပ်မက်မမက်ပါဘူး၊ ဝက်တစ်ကောင်နဲ့ ပါ့ကျဲကို အိပ်မက်မက်ခဲ့တာ"


 "ဟမ်...."


 "ပါကျဲက ပျံသန်းနိုင်တဲ့ ဝက်ရဲ့နောက်ကျောမှာ ရပ်နေတာ၊ ပါ့ကျဲကိုအိမ်မက်မက်တော့ မဆီမဆိုင် ချန်ချင်ဝမ်က သူ့အိမ်တော်ကိုခေါ်ပြီး ကျွန်မကို သာလိကာခေါ်ပြတာကို အမှတ်ရသွားတာပါ၊သိပ်တော့မဟုတ်ဘူး၊အပြင်မှာ ဝက်က ဘယ်လိုလုပ်ပျံနိုင်မလဲ"


 "ဝက်ကိုမက်တာသေချာလို့လား"


 "ကဲ...မေးချင်ဦး"


ပန်းဟွာက ပြောပြောဆိုဆို သူ့လက်ဖမိုးကို ကိုက်လိုက်သည်။


 "ဟင်း....ဒီမှာကြည့် ဝက်တွေက ပျံသန်းနိုင်ရုံတင်မကဘူး၊ လူကိုလည်း ကိုက်နိုင်တယ်"


 တံခါးဝမှာရပ်နေသည့် ပန်းဟမ် ခမျာ ‌တွေးနေမိတော့သည်။


 ငါနည်းနည်းစောလာမိတာလား...


xxxxx