အပိုင်း၁၂၃
Viewers 8k

Chapter 123


ပန်းဟွာသည် ရုံရှား၏လက်ဖမိုးရှိ သူမ၏ သွားတန်းအမှတ်အသားအရာကြီးကို ကြည့်လိုက်သည်။  


"ကျွန်မက ဝက်ဆိုရင် ရှင်က ဘာလဲ" 


 "ကိုယ်က မင်းနောက်ကိုလိုက်နေတဲ့ ဝက်ကလေးပဲလေ..."


 "အဟမ်း....အဟမ်း"


သူ ရောက်ရှိနေသည်ကို ယခုလိုချောင်းဆိုး၍သာအသိ‌မပေးလျှင် အခန်းထဲက အတွဲမှာ သတိထားမိနိုင်ဖွယ်ရာပင်မရှိမှန်း ပန်းဟမ် သိလိုက်၏။ 


 "ဟမ်လေး"  


ပန်းဟွာသည် ပန်းဟမ်ကို မြင်ပြီး ကွယ်နေသော ရုံရှားကို ဘေးသို့ အသာအယာတွန်းလိုက်သည်။ 


 "အစ်မ၊ကောကုန်း"  


ပန်းဟမ် ဝင်လာပြီး ရုံရှားကို ဦးညွှတ်လိုက်သည်။ သူ့အမူအရာက မကျေမနပ်ဖြစ်မနေသော်လည်း နွေးထွေးမှုလည်း မရှိပေ။သူက ကုတင်ပေါ်တွင် လဲလျောင်းနေသော ပန်းဟွာကို ငုံ့ကြည့်လိုက်သည်။ ထို့နောကါ သူ ရုံရှားကို တစ်ခုခုပြောချင်သော်လည်း ရုံရှား ၏ မျက်လုံးတစ်ဝိုက်မှ ဒဏ်ရာများကို မြင်လိုက်ရ၍ သူ့စကားတို့အား မျိုချလိုက်ရသည်။


 "နေကောင်းရဲ့လား"  


အခန်းထဲမှာ ဆေးနံ့များ သင်းပျံ့နေသည်။ဘေးတွင် သစ်သားစားပွဲပေါ်မှာ ပန်းကန်အလွတ်တစ်လုံးရှိသဖြင့် ဆေးကို သူမ သောက်ခဲ့ခြင်းဖြစ်မည်။


ပန်းဟွာက ခေါင်းညိတ်လိုက်သည်။ သူမ၏ ဖြူဖျော့သော မျက်နှာ၊ ခွက်ဝင်သွားသော မျက်တွင်းများနှင့် ဝမ်းနည်းနေသော မျက်နှာငယ်လေးသည် ပန်းဟမ် ၏ နှလုံးသားကို ပျော့ပျောင်းစေသည်။မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို သူ မသိသေးသော်လည်း ရုံမိသားစု၏ အစေခံများအား အကဲခတ်ကြည့်ရဟလောက်၊အစ်မဖြစ်သူက ရုံရှားကို အများကြီး ကူညီပေးခဲ့ခြင်းဖြစ်မည်။


 "အဖေနဲ့အမေက အစ်မအတွက် အရမ်းစိတ်ပူနေကြတယ်၊ ဒါပေမယ့် ကောကုန်းရုံက တည်တည်ငြိမ်ငြိမ်နဲ့ သိပ်တော်တယ်ဆိုတာ သူတို့သိပါတယ်၊ ဒါကြောင့် အစ်မ ဒီမှာ နေမှာကို သူတို့ မစိုးရိမ်ကြပါဘူး"  ပန်းဟမ်က ရုံရှားကို လှည့်ကြည့်ပြီး ယဉ်ယဉ်ကျေးကျေး ပြုံးလိုက်သည်။


ရုံရှား မချိတင်ကဲ ပြုံးလိုက်သည်။  သူ စိတ်သက်သာရာရသွားပုံရှိသော်လည်း တကယ်တော့ ထိုစကားတို့က သတိပေးချက်တစ်ခုပင်။


ပန်းဟွာက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး "သူတို့ကို စိတ်ပူအောင်လုပ်လိုက်မိပြီ"


 "အဆင်ပြေပါတယ်၊ အမေက မှာလိုက်တယ်၊ အစ်မ ဘာကိုမှ အရမ်းကြီးစဉ်းစားနေဖို့ မလိုပါဘူး၊ ကောင်းကောင်းအနားယူပါတဲ့၊ကျွန်တော်နဲ့ အစ်မကို သူတို့စိတ်မပူပင်ရတဲ့နေ့ဆိုတာ မရှိတော့ အသားကျနေပြီတဲ့..." 


ဤသည်က ချီးကျူးခြင်းမဟုတ်မှန်း ပန်းဟွာ သိသည်။ မောင်နှမ နှစ်ယောက်ဘေးတွင်ရပ်နေသော ရုံရှားသည် တိတ်ဆိတ်နေသည့်ကြားမှခွိကနဲအသံထွက်အောင် ရယ်လိုက်မိ၏။ပန်းဟွာ သူ့ကိုကြည့်လာမှသာ သူ ပြန်တည်သွား၏။


  "စိတ်မရှိပါနဲ့ …"


ပန်းဟွာက ပြောသည်။ "ရယ်ချင်ရင် ရယ်ပါ၊အောင့်မထားနဲ့"


အဆုံးတွင် ရုံရှား မရယ်တော့ဘဲ အစေခံများအား ပန်းဟမ် မနက်စာစားဖို့ ပြင်ဆင်ခိုင်းသည်။ ပန်းဟမ် ထွက်သွားပြီးနောက် သူ ဆက်ရယ်ပြန်သည်။


ပန်းဟွာက ဒေါပွနေဟန်လည်းရှိကာ “ရှင်နဲ့တော့လေ..." 


ပန်းဟွာ၏အမူအရာကိုမြင်လိုက်ရသောအခါ ရုံရှား မျက်နှာပေါ်ရှိ အပြုံးသည် ပိုမိုတောက်ပပီပြင်လာသည်။


ကျုံးဖျင်နယ်စားမင်း၏နေအိမ်သို့ သမားတော်များ တစ်အုပ်ပြီးတစ်အုပ် ရောက်လာကြ၏။သို့သော် အဖြေက အတူတူပင်။  သူတို့သားကြီး၏အသက်ကို ကယ်နိုင်သော်လည်း ယောကျ်ားဘဝကိုတော့ မကယ်တင်နိုင်ခဲ့။ ကျုံးဖျင်နယ်စားမင်းတွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက်သာရှိသည်။ သူ့သားအငယ်ဆုံးက ငတုံးဖြစ်ပြီး မျက်လုံးကလည်း မကောင်းရှာ၊ယခုထက် သူသည် သူငယ်ချင်းများနှင့် ကဗျာများ၊ပန်းချီဆွဲခြင်းထက် အေးအေးဆေးဆေသာ နေတော့သည်။  သူသည် မည်သည့်ခံစားချက်ကိုမျှ စိတ်မဝင်စား။ သူ့သမီးအငယ်ဆုံးကမူ အိမ်ထောင်ရေးကံကောင်းသော်လည်း နင်းဝမ်မင်းသားက မသိကျိုးကျွန်ပြုတတ်သူပင်။သူမသည် ကြင်ယာတော် ဖြစ်‌တာကြောင့် သာမာန်ယောက်ျားနှင့် လက်ထပ်ထားသလိုမျိုး လွတ်လွတ်လပ်လပ် နေနိုင်မှာ မဟုတ်ပေ။


 အခု သူ့သားအကြီးဆုံး...


ရှဲ့မိသားစုက ဒီလို ကံမကောင်းတဲ့အရာတွေကို တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာအောင် ဘယ်လိုအပြစ်မျိုး ကျူးလွန်ခဲ့မိသလဲ....


 "နန်းတော်မှာရှိတဲ့ သမားတော်တွေမှာ ဖြေရှင်းချက်မရှိဘူးပန်းမိသားစုရဲ့ သမားတော်တွေလည်း ဖြေရှင်းချက်မရှိဘူး"  သခင်မရှဲ့က ကုလားထိုင်ပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်နေကာ "ကျွန်မတို့ ဘာလုပ်သင့်လဲ"


ထိုစဉ် အစေခံမိန်းကလေးသည် ကမန်းကတန်း ပြေးဝင်သွားကာ 


“နယ်စားမင်း၊ အကြီးဆုံးသခင်လေးနဲ့ ဇနီးဖြစ်သူတို့ ရန်ဖြစ်နေကြပါတယ်၊ အကြီးဆုံး သခင်လေးက သူ့ဇနီးကို  ထွက်သွားဖို့ ပြောနေပါတယ်"


သခင်မရှဲ့ ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်ပြီး "ဒါဆို အကြီးဆုံးသခင်မလေး(အကြီးဆုံးသခင်လေးရဲ့ ဇနီး) ဘယ်မှာလဲ"


 “သူမ အခု အခန်းထဲမှာ ငိုနေပါတယ်၊သခင်မ သွားကြည့်သင့်ပါတယ်” 


ရှဲ့ကျုံးကျင်း၏ရတနာလေး ဒဏ်ရာရရှိခဲ့ကြောင်း သာမန်လူများမသိကြသော်လည်း မြို့တော်ရှိလူအများအပြား ကြားသိခဲ့ရသည်။ နောက်ကွယ်မှာ အတင်းအဖျင်းပြောသူများလည်း အများကြီးရှိသည်။ သို့ရာတွင် ရှဲ့မိသားစုက မသိဟန်ဆောင်ထားသည်။


သခင်ကြီးရှဲ့ နှင့် သခင်မရှဲ့တို့သည် သားကြီးနှင့်ချွေးမဖြစ်သူတို့နေထိုင်သည့် ခြံဝင်းထဲသို့ လျှောက်သွားကြသည်။ အခန်းထဲမှာ သားအကြီးဆုံး၏ ရိုက်နှက်ဆူပူသံများ ကြားရသည်။ချွေးမဖြစ်သူကတော့ ငိုပြီး စကားမပြော။သားကြီးသာ ဤအတိုင်းဆက်သွားရင် ချွေးမဖြစ်စူ ဒေါသဖြစ်ကယ ထွက်သွားမှာကို သခင်မ စိုးရိမ်နေမိ၍ သူမ ဝင်သွားပြီး "ရှဲ့ကျုံးကျင်း မင်း ဘာလုပ်နေတာလဲ"


ရှဲ့ကျုံးကျင်းက သခင်မရှဲ့ကို မျက်နှာကြီးနီရဲလျက်နှင့်ကြည့်ရင်း


 "အမေ၊ တရားခံကို ဖမ်းမိပြီလား"


သခင်မရှဲ့ သားဖြစ်သူ၏ မျက်လုံးကို မကြည့်ဝံ့ချေ။


 "မြို့တော်အစိုးရက စစ်ဆေးနေတယ်၊ မင်း ကျန်းမာရေးက မကောင်းသေးဘူး၊စိတ်ဆိုးပြီး မင်း ကျန်းမာရေးကိုတော့ ထိခိုက်လို့ မရဘူး"


 "စုံစမ်းနေတာလား" ရှဲ့ကျုံးကျင်းက  ရယ်မောလိုက်ပြီး "မြို့တော်အစိုးရဟာ ရုံရှား ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပူစရာတွေ သိပ်များနေတယ် ထင်ပါတယ်၊ သူတို့ မိသားစုကိုပဲ အချိန်ပေးလွန်းနေတာ"


 "သား မင်းဘာတွေ ပြောနေတာလဲ၊ မြို့တော်မှာ အမှုအခင်းတွေ အများကြီးရှိတယ်၊မြို့တော်အစိုးရက ကောကုန်းချမ်အမ် ကိစ္စကိုပဲ အာရုံစိုက်နေတာ မဖြစ်နိုင်ဘူး"


 "ဒါက လောကကြီးရဲ့ သဘောပဲ မဟုတ်လား၊လူတွေက အစွမ်းထက်တဲ့သူကိုပဲ ပိုသဘောကျကြတာ"


သခင်မရှဲ့က သားဖြစ်သူ နေမကောင်းဖြစ်မည်ကို စိုးရိမ်သည့်အတွက် ကုတင်ပေါ်တက်ထိုင်ပြီး ပြောသည်။


 "ကောကုန်းကို ဘယ်သူက ဂရုစိုက်မှာလဲ၊ တရားရုံးရဲ့ တာဝန်ခံက နင်းဝမ်မင်းသားပဲ၊ မင်း စိတ်ဆိုးရင် မင်းအမေနဲ့ စကားပြောလို့ရတယ်၊မင်းရဲ့ ဇနီးကိုသွားပြီး ဒေါသသွားမပုံချနဲ့"


 အကြီးဆုံးအဖွားရှဲ့ ထောင့်မှာထိုင်ပြီး မျက်ရည်ကို သုတ်လိုက်သည်။ သခင်မရှဲ့၏ စကားကို သူမ သိပ်မတုံ့ပြန်မိပေ။ သို့သော် ရှဲ့ကျုံးကျင်းသည် သူ့ဇနီးနှင့် ကိုယ်လုပ်တော်များကို မြင်သရွေ့ သူ့ယောက်ျားပီသမှု ဆုံးရှုံးရသည့် ဝေဒနာကို အမှတ်ရနေမည်ဖြစ်သည်။ထိုကြောင့် ဤအမျိုးသမီးတွများကို မမြင်ချင်။သခင်မရှဲ့က သူ့ကို ဘယ်လောက်ပဲ ဆွဲဆောင်ဖို့ ကြိုးစားနေပါစေ၊ သူ့မိန်းမကို အမြင်မကြည့်နိုင်တော့ချေ။


သခင်ကြီးရှဲ့ နှင့် ဇနီးသည် အမြန်ရောက်လာပြီး လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။အကြီးဆုံးအဖွားရှဲ့လည်း ခြံဝင်းထဲမှ ထွက်လာခဲ့သည်။ရှဲ့ကျုံးကျင်းသည် ထိုနေ့က ဖြစ်ပျက်ခဲ့သည်ကို သတိရပြီး တစ်ခုတည်းသော ခွေးခြေကို ခြေဖြင့် ကန်လိုက်သည်။


လေးနာရီအကြာတွင် အစေခံအဖြစ် ၀တ်ဆင်ထားသော လူငယ်တစ်ဦးသည် ရှဲ့ကျုံးကျင်း၏ အဆောင်ခြံဝင်းအတွင်းသို့ ထိတ်လန့်တကြား ပြေးဝင်လာခဲ့သည်။


 "သခင်လေး၊လူကို တွေ့ပါပြီ၊ ဒါပေမယ့်..."


 "ဒါပေမယ့် ဘာလဲ...."  ရှဲ့ကျုံးကျင်း သည် အစေခံ၏အမူအရာမှာ ထူးဆန်းနေသည်ကိုတွေ့လိုက်ရသဖြင့် အလောတကြီးပြန်မေးသည်။


 "ရှင်းရှင်းလင်းလင်း ပြောစမ်းပါ"


 "ကျွန်တော် စုံစမ်းစစ်ဆေးဖို့ ခိုင်းထား ပါတယ်၊ အခင်းမဖြစ်ပွားခင် ရက်အနည်းငယ်အလိုမှာပဲ၊ အဲ့ဒီ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့တဲ့ ခိုးဆိုးလုယက်သူတွေက စုလန်ဆန်းအာလို့ ခေါ်တဲ့ လူတစ်ယောက်နဲ့ ဆက်သွယ်ခဲ့ပါတယ်၊ ဒီ စုလန်ဆန်းအားဟာ လမ်းဘေး ဗေဒင်ဆရာ လူလိမ်တစ်ယောက်ပါ၊ အစွမ်းအစတွေ အများကြီးမရှိပေမယ့် သူက စကားပြောတတ်တော့ တော်တော်များများက သူ့ကို ယုံကြည်ကြတယ်"  


အစေခံသည် ရှဲ့ကျုံးကျင်း၏မျက်နှာပေါ်တွင် စိတ်မရှည်သောအမူအရာကိုမြင်ပြီး လျင်မြန်စွာပင် ဆက်ပြောရှာသည်။


"စုလန်ဆန်းအာမှာ နန်းတော်ထဲမှာ အလုပ်လုပ်နေတဲ့ အစ်ကိုတစ်ယောက်ရှိတယ်၊သူ့အစ်ကိုက...နင်းဝမ်မင်းသားကို နန်းတော်ထဲမှာ အလုပ်အကျွေးပြုနေပါတယ်" 


 "နင်းဝမ်မင်းသား...."  ရှဲ့ကျုံးကျင်း မျက်လုံးများ ပြူးကျယ်သွားကာ "ဘာလို့ ဒီလို လုပ်ရတာလဲ"


 “သခင်‌လေး၊ကြည့်ရတာ နားလည်မှုလွဲနေတာ ဖြစ်နိုင်ပါတယ်…”


 "ဘာနားလည်မှုလွဲတာလဲ၊သူက တရားရုံးမှာ အရေးကြီးတဲ့ အရာရှိတစ်ယောက်ကိုတောင် မျက်နှာသာ မပေးဖူးဘူး၊သူ ဒီလိုမျိုး လုပ်တာ မထူးဆန်းပါဘူး"


နင်းဝမ်မင်းသားသည် ရှစ်မိသားစုမှ မိန်းကလေးတစ်ဦးကို နှစ်သက်ကြောင်း ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။ သို့သော်လည်း အိမ်ရှေ့စံသည် ရှစ်မိသားစု၏ အကြီးဆုံးသမီးတော်နှင့် လက်ထပ်သောကြောင့် ရှစ်မိသားစုရှိ သမီးနှစ်ဦးကို တော်ဝင်မိသားစုအဖြစ် လက်ထပ်ရန် မဖြစ်နိုင်ပေ။ထို့ကြောင့် ဧကရာဇ်သည် တရားရုံးတွင် သြဇာလွှမ်းမိုးမှု ကြီးကြီးမားမားမရှိသော ရှဲ့မိသားစုနှင့် လက်ထပ်‌လိုခဲ့သည်။စစ်ရေးသြဇာလွှမ်းမိုးမှုအရ ရှဲ့မိသားစုသည် ပန်းမိသားစုနှင့် မနှိုင်းယှဉ်နိုင်ပေ။ အရပ်ဘက်အရာရှိများနှင့်ပတ်သက်၍လည်း ရှဲ့မိသားစုသည် ရုံ၊ယောင်၊ယန် နှင့် ရှစ်မိသားစုများနှင့် မနှိုင်းယှဉ်နိုင်။ ထို့ကြောင့် ရှဲ့မိသားစုသည် နင်းဝမ်မင်းသား၏ ရည်မှန်းချက်များကို တားဆီးရန် အကောင်းဆုံး ကြားခံလူဖြစ်ခဲ့သည်။


နင်းဝမ်မင်းသားသည် သူ့ညီမငယ်ကို လက်ထပ်ပြီးနောက်တွင် စိတ်မချမ်းသာခဲ့ပေ။ ထို့ကြောင့်လည်း ရှဲ့မိသားစုကို သူ လက်စားချေချင်တာက မထူးဆန်းချေ။ တခြားသူသာဆိုလျှင်၊ ယခုလို ဦးနှောက်မဲ့သည့် လုပ်ရပ်ကို လုပ်မှမဟုတ်။သို့သော် နင်းဝမ်မင်းသား သာဆိုရင် အရာရာဟာ အဓိပ္ပါယ်ရှိမှာဖြစ်၏။


နင်းဝမ်မင်းသား၊ ကျန်းလော။


 "ကျန်းလော..."


ရှဲ့ကျုံးကျင်းသည် ဤအမည်ကို စကားလုံးတစ်လုံးချင်း ရေရွတ်လိုက်၏။သူ့သွားကြားထဲက သွေးများထွက်လာအောင် ဒေါသတကြီး အံကြိတ်ပြောသည့်လေသံမျိုးပင်။  ယောက်ျားတစ်ယောက်အနေနှင့် ဤအဖြစ်မျိုးကြုံလာသည့်အခါ ဘယ်လိုမှ ဒေါသမထွက်ဘဲ မနေနိုင်တော့။


ကျင့်ထင်အိမ်တော်တွင်၊ ယင်းရှစ် သည် အိတ်တစ်လုံးကို ပန်းထိုးရင်း ပြတင်းပေါက်တွင် ထိုင်နေသည်။သူမသည် ဤအိတ်ကို ပန်းထိုးနေသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။


 "သခင်မ" 


သူမ၏ကိုယ်ရေးကိုယ်တာ အစေခံက နှုတ်ဆက်ဆက်တာကြောင့် သူမက ငြိမ်သက်စွာနေရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် အိတ်ကို ခြင်းတောင်းတစ်ခုထဲတွင် ထည့်ကာ ဘရိုကိတ်အထည် လက်ကိုင်ပုဝါဖြင့် ဖုံးအုပ်လိုက်သည်။ ထို့နောက် သူမက ခြင်းတောင်းကို ရွှေ့လိုက်ပြီး "ဒါက ဟွာဟွာရဲ့ မင်္ဂလာဆောင်အတွက် ငါလုပ်ထားတာပဲ၊ ကံမကောင်းတဲ့ ဓာတ်တွေ စွန်းထင်းလို့မဖြစ်ဘူး"

 

အစေခံက ဦးညွတ်ပြီး တိုးတိုးလေးပြောလိုက်၏။ “ကိစ္စပြီးပါပြီ”


ယင်းရှစ်က မျက်နှာမှာ ဘာခံစားချက်မှမရှိဘဲ "အင်း..."


 "စိတ်မပူပါနဲ့၊ ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ၊ ကျွန်မတို့ကို ဘယ်သူမှ သံသယရှိမှာ မဟုတ်ဘူး"


"ငါလည်း သူတို့ရဲ့ ဆေးကို မြည်းစမ်းကြည့်တာပါ၊ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ"


 "သခင်မက စိတ်ထားအရမ်းပျော့ပျောင်းနေသေးတာပဲ" အထိန်းတော်က မကျေနပ်ချက်တစ်ချို့နှင့် ပြောသည်။ "အကြီးဆုံးသခင်လေးရှဲ့က သခင်ကြီးရဲ့ အသက်ကို သတ်ချင်နေတာ"


 "ငါက ပျော့ညံ့တယ် ဟုတ်လား၊အကြီးဆုံး သခင်လေးရှဲ့ ကတော့ အဲ့ဒီလိုမထင်လောက်ပါဘူး"


ပန်းမိသားစုသည် အရင်ကလောက် အင်အားမရှိသော်လည်း အစာငတ်နေသည့်ကုလားအုတ်က မြင်းထက်တောင် ပိုကြီးသေးသည်ဟူ၍ ဆိုရိုးရှိပေ၏။  ဧကရာဇ်သည် ပန်းမိသားစုကို တမင်တကာ ပစ်မှတ်မထားသရွေ့ သူတို့လည်း အဆင်ပြေစွာ နေထိုင်နိုင်မည်ဖြစ်သည်။ ကောကုန်းကျင့်ထင်သည် ရိုးသားသူဖြစ်၍ ဤအလှည့်အပြောင်းများကို နားမလည်ပေ။ ထို့ကြောင့် သူမကသာ ဤအရာများကို ပြုလုပ်ရပေလိမ့်မည်။ မိသားစုထဲမှာ ပင်တိုင်တစ်ယောက်ယောက်ကတော့ ဦးနှောက်ကို သုံးရပေမည်။


 "သခင်မလေး...ကျွင်းကျူးက...."


ယင်းရှစ် ခေါင်းခါလိုက်၏။


 "အရမ်းစိတ်မပူပါနဲ့၊သူမက အရှက်အကြောက်ရှိတဲ့ ကလေးတစ်ယောက်ပါ၊သူမ ဘာလုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာကို သိတယ်။ နောက်ပြီး ကောကုန်းချမ်အမ်က သိပ်တော်တာ၊သူတို့အိမ်ထောင်ပြုပြီးရင်လည်း ပြေလည်နိုင်မယ်ဆိုတာ စိတ်ချပါ"


အထိန်းတော်လည်း တခြားဘာမှ မပြောတော့။


ယင်းရှစ် ထပြီး ခြံဝင်းထဲက ထွက်သွားကာ ခြံဝင်းအတွင်းရှိ မြက်ခင်းပြင်များနှင့် သစ်ပင်များကို ကြည့်လိုက်သည်။အားလုံးကို ခင်ပွန်းဖြစ်သူက နှစ်သက်သလို စိုက်ပျိုးခဲ့တာပင်။သူမသည် ယင်းမျိုးနွယ်စုတွင် နေထိုင်စဉ်က၊ နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး နည်းအမျိုးမျိုးကို သင်ယူခဲ့သည်။  မူလက တော်ဝင်မင်းသမီး၏ သားဖြစ်သူ ပန်းဟွိုက်နှင့် လက်ထပ်ခြင်းသည် မီးတွင်းတစ်ခုမှ အခြားမီးတွင်းတစ်ခုသို့ ခုန်ဆင်းခြင်းသာဟု သူမထင်ခဲ့သည်။ သို့ပေမယ့် သူမဟာ ရေပူစမ်း နွေးနွေးလေးထဲကို ခုန်ဆင်းမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။


ယင်းမျိုးနွယ်စုမှာရှိတုန်းက သူမမှာသာ နည်းလမ်းမရှိဘူးဆိုရင် သူမ အမေထားခဲ့တဲ့ အတွင်းပစ္စည်းတွေကို ဘယ်လိုကာကွယ်ပြီး တော်ဝင်မင်းသမီးရဲ့ သားနဲ့ ဘယ်လိုလုပ် လက်ထပ်နိုင်မှာလဲ။


လူတိုင်းတွင် အားနည်းချက်တစ်ခုရှိကြပြီး သူမ၏ အဓိကအချက်မှာ သူမ၏ယောက်ျားနှင့် သူမ၏ကလေးဖြစ်သည်။


ကောကုန်းချမ်အမ်အိမ်တော်တွင်၊ပန်းဟွာသည် အဝတ်အစားဆိုလျှင်လည်း အသင့်ဝတ်ရသလို၊ အစားအသောက်ဆိုလည်း ပါးစပ်ဟပေးရုံပင်။သူမ မျက်လုံးမအိပ်စက်ခင်အချိန်အထိ  ချောမောသော အမျိုးသားတစ်ဦးသည် အိမ်မက်ထဲအထိ စွဲမက်ဖွယ်ကောင်းအောင် ကြင်နာယုယသည်။မျက်လုံးဖွင့်ကြည့်လိုက်တိုင်း ထိုလူချောလေးက သူမကိုပြုံးပြနေသည်။သူမသည် ရုံမိသားစုတွင် တရားဝင်လက်ထပ်ခြင်းမရှိသေးသော်လည်း ရုံမိသားစုမှလူတိုင်းက သူမအား အိမ်၏သခင်မအဖြစ် မှတ်ယူထားပြီးဖြစ်သည်။


 "ကျွင်းကျူး ဒါကို စမ်းကြည့်ပါ"  


လှပသော အိမ်အကူတစ်ဦးသည် အခွံခွာပြီး အစေ့ထုတ်ထားသော စပျစ်သီးကို ပန်းဟွာအား ကျွေးသည်။  တစ်ဖက်မှာတော့ သူမကို ယပ်ခပ်ပေူသူတစ်ယောက်၊ ရေနွေး ပုလင်းကိုင်ပြီး ခြေထောက်နှင့် ပခုံးကို နှိပ်နယ်ပေးသူကလည်း ရှိပေ၏။သို့သော် အိမ်အကူများသည် ပန်းဟွာအား ပြုစုရခြင်းအတွက် ဂုဏ်ယူစရာအဖြစ်သဘောထားကြသည်။ 


 တစ်ဖက်တွင်ထိုင်ရင်း ပန်းဟမ်သည် မချိုမချဉ်မျက်နှာအမူအရာဖြင့် သူ့ကိုယ်သူ စပျစ်သီးကို ခွာစားနေသည်။  သူ့နောက်က အမျိုစသားအမှုထမ်းက  အကူအညီပေးဖို့ ထွက်လာသော်လည်း သူ လက်မခံခဲ့။


မိန်းကလေး ‌အစေခံ ကျွေးရင်တော့ သူလည်းကြိုက်တာ၊ ဒါပေမယ့် ယောက်ျားလေး အစေခံကိုတော့ သူ ဘယ်လိုလုပ်လက်ခံနိုင်မလဲ...


 သူသည် ပျော့ပျောင်းသော ဆိုဖာပေါ်တွင် ပျင်းရိစွာ လဲလျောင်းနေသော ပန်းဟွာကို ငုံ့ကြည့်ကာ အမျိုးသမီး ပုံပြင်ပြောသူ၏ စကားကို နားထောင်လိုက်သည်။ အခြားအရာများထက် ကောကုန်းချမ်အမ်အိမ်တော်ရှိ ပုံပြင်ပြောသူသည် အတော်အပြောကောင်းပြီး သူမပြောပြသော ဇာတ်လမ်းများသည် အလွန်ဆန်းသစ်ပါသည်။


ကျင့်ထင်အိမ်တော်တွင် သူကြားခဲ့ရသော ဆင်းရဲသော ပညာရှိ၊ သူဌေးသမီးနှင့် လှပသော မြေခွေးနတ်ဆိုးတို့၏ ဇာတ်လမ်းကို သူ ငြီးငွေ့နေခဲ့သည်။ 


ကမ္ဘာပေါ်က သူဌေးသမီးများနဲ့မြေခွေးအားလုံး မျက်စိကန်းနေသလား။ လူကြီးလူကောင်းကို မကြိုက်ကြဘဲ ဘာလို့ ဆင်းရဲသား ပညာရှိနဲ့ လက်ထပ်ရတာလဲ...




xxxxx