Chapter 124
ကောကုန်းချမ်အမ်အိမ်တော်၏ ဇာတ်လမ်းများသည် ကွဲပြားသည်။ နောက်ဆုံးတွင် ငယ်စဉ်က ချစ်ရသူနှင့် လက်ထပ်ရန် ပြန်လာခဲ့သည့် ဆင်းရဲနွမ်းပါးသော ပညာရှိတစ်ဦး၏ ဇာတ်လမ်းတစ်ပုဒ်က နားထဲစွဲလှ၏။ ဇာတ်လိုက်နှစ်ဦးသည် တရားဝင်ရာထူးများ အတူလက်တွဲလုပ်ကိုင်ကြပြီး ချစ်စဖွယ် ကောင်းသော ဘဝဖြင့် အတူနေထိုင်သွားကြသည်။
ချမ်းသာသော မိန်းမတစ်ယောက် အလှကို မက်မောသော ဆင်းရဲနွမ်းပါးသော ပညာရှိတစ်ဦး၏ ဇာတ်လမ်းလည်း ရှိသေးသည်။ထို့မျှမကသေး၊လှပသော မြေခွေးနတ်ဆိုးမသည် ထူးချွန်သော ပညာရှိ ဇာတ်လိုက်မင်းသားနှင့် ချစ်ကွှမ်းဝင်ပြီးနောက် တောင်ပေါ်တွင် အစအနမရှိဘဲ လက်စဖျောက်သွားခဲ့သည်။ ကျင့်ထင်အိမ်တော်က ဇာတ်လမ်းလို ထိုနတ်ဆိုးမက အချစ်ကိုကိုးကွယ်၍ ဖိနပ်ချုပ်၊အဝတ်ချုပ်၍ လူသားအဖြစ်မနေထိုင်သွားပေ။မည်သို့ပင်ဆိုစေ၊ဤကောကုန်းချမ်အမ်အိမ်တော်၏ ဇာတ်လမ်းများက ဆန်းသစ်ပြီးယုတ္တိရှိလှပေ၏။
"ကောင်းပြီ၊ ဒါ တော်တော်ကောင်းတာပဲ..." ပန်းဟမ် ပေါင်ကို ပါးရိုက်လိုက်ပြီး "ဒီလိုသိပ်ညံ့တဲ့ ပညာရှိကို သင်ခန်းစာပေးသင့်တယ်၊ဒီဇာတ်လမ်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်"
ပြောရင်း သူ့အိတ်ထဲက ငွေနှစ်ကျပ်ကို ထုတ်ပြီး ပုံပြင်ပြောသူကို ပေးလိုက်သည်။ "မနက်ဖြန်လည်း နောက်ထပ်ပုံပြင်လေးတွေပြောပါဦး"
"ဟုတ်ကဲ့၊ ရှစ်ကျစ်..."
ပုံပြင်ပြောသူက သူ့ကို ကျေးဇူးတင်ပြီး ငွေများအားယူလိုက်သည်။
ပန်းဟွာသည် ပန်းဟမ်ကဲ့သို့ ကြီးမားသော တုံ့ပြန်မှုမျိုး မရှိချေ။ဇာတ်လမ်းကို နားထောင်ပြီးနောက် အခြားဇာတ်လမ်းများသည် သာမန်ရိုးရိုးများလို သူမ ခံစားခဲ့ရသည်။ ကံကောင်းထောက်မစွာ၊ ရုံရှားသည် မကြာသေးမီက အားလပ်ချိန်ရှိခဲ့သည်။ သူမမှာ ဘာမှလုပ်စရာမရှိလျှင် သူနှင့် စကားစမြည်ပြောပြီး အချိန်ကုန်သွားအောင် ဖြုန်းလေ့ရှိ၏။
သူမ တွေးနေစဉ်မှာပင် ရုံရှား ဝင်လာခဲ့သည်။ သူသည် ငွေရောင်ဖဲသားကို ၀တ်ဆင်ထားပြီး ဆံပင်ကို ကျောက်စိမ်းသရဖူဖြင့် စည်းထားသည်။
ယခုခေတ်မှာ ဆံထုဲးမထုံးပဲ ဖားလျားချထားတတ်သော လူကြီးလူကောင်းတစ်ချို့ ရှိလာသည်။သူတို့ခေတ်အမြင်အရ ရိုမန့်တစ်ဆန်သည်ဟုဆို၏။ သို့သော်လည်း ပန်းဟွာသည် ဆံပင်ကို သေသေချာချာ ချည်နှောင်ထားသော ဝတ်ကောင်းစားလှများအားဝတ်တတ်သည့် ယောက်ျားမျိုးကို သဘောကျဆဲဖြစ်သည်။
ဖားလျားချထားသော ဆံပင်များတွင် တခါတရံ ဆံပင်များရှုပ်ထွေးသွားခြင်း သို့မဟုတ် ဖုန်များစွန်းထင်းနေတတ်သည်။ ထို့ကြောင့် ရွံ့ရှာစိတ်ကြောင့် သူမ မနှစ်မြို့ခြင်းပင်။
ပန်းဟမ်သည် အစ်မဖြစ်သူက ရုံရှားအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ ခေါင်းငုံ့ပြီး စပျစ်သီးကို အခွံဆက်နွှာသည်။တော်သေးသည်က၊ပန်းဟွာက အစ်ကိုမဟုတ်ညဒ အစ်မဖြစ်နေ၍ အတော်ပျော်သွားသည်။သို့မဟုတ်ပါက၊သူမလို ရဲတင်းသော ယောက်ျားမျိုးသာဆိုလျှင် ပန်းမိသားစု၏ ဘိုးဘေးများခမျာ ခေါင်းတလာထဲမှာ အေးဆေးစွာ လှဲအိပ်နေနိုင်မည်မဟုတ်။မိန်းမများ ယူပြီး ဘိုးဘေးများ မျက်နှာပျက်အောင်လုပ်မှာသေချာသည်။
ရုံရှား ရောက်လာသည့်အခါ ပန်းဟွာ အနီးနားက လှမသော အစေခံများ ဘေးကိုခေါင်းငုံ့ကာ အမြန်ဆုတ်သွားကြသည်။
ပန်းဟွာသည် ပျော့ပျောင်းသော ဆိုဖာပေါ်တွင် လျောင်းနေ၏။ ရုံရှားကိုမြင်လိုက်ရသည်အထိ သူမ မထသေး။
"တပ်မှူးချမ်ဆီကို မသွားဘူးလား"
"သူက ဒီအမှုကို စုံစမ်းပြီးသွားပြီလို့ ပြောတယ်၊မင်း ဒီကိစ္စကို စိတ်ဝင်စားမယ်ထင်လို့ မေးဖို့ လာခဲ့တာ"
ရုံရှား၏ အကြည့်များသည် ခေါင်းငုံ့ကာ ငြိမ်သက်စွာ ရပ်နေသော အစေခံများ အပေါ် လွှမ်းသွားသည်။
" ကြည့်ရတာ၊ ဒီက အစေခံတွေနဲ့ အဆင်ပြေသွားပုံရတယ်"
"ကျွန်မက ချောတဲ့ ကောင်မလေးတွေဆို တည့်အောင်ပေါင်းတတ်ပါတယ်"
ပန်းဟွာသည် တည့်တည့်မတ်မတ်ထိုင်ကာ ပျော့ပျောင်းသော ခေါင်းအုံးအောက်မှ လက်ကိုင်မှန်တစ်ချပ်ကို ထုတ်လိုက်သည်။ထို့နောက် ဆံပင်ကို သေချာကြည့်ကာ မတ်တပ်ထရပ်ပြီး
"ရက်အနည်းငယ်ပဲ ရှိသေးတယ်၊ သူက စုံစမ်းပြီးပြီလား"
ရုံရှားက သူမ လက်ကို ဆုပ်ကိုင်လိုက်သည်။ နွေရာသီက ပူသော်လည်း သူမ၏ ခန္ဓာကိုယ်သည် ဆောင်းရာသီမှာ နွေးထွေးပြီး နွေရာသီမှာ အေးမြနေတတ်သည်။
ပန်းဟွာ၏ လက်နွေးနွေးကို ရုံရှားက ဆုပ်ကိုင်လိုက်သဖြင့် သူမ၏လက်ဖဝါးထဲသို့ အေးမြမှုအရိပ်အယောင်တစ်ခု ရောက်ရှိလာသည်။သူမ မျက်ခုံးတစ်ချက်ပင့်ကာ ရုံရှားကို တစ်ချက်ကြည့်လိုက်သည်။ သူမ ပြုံးပြီး သူ့လက်ကို မလွှတ်မိတော့။
ပန်းဟမ်က အတူလမ်းလျှောက်ထွက်သွားသော လူနှစ်ယောက်၏ ကျောကို ကြည့်လိုက်သည်။ “ကျွန်တော်လည်း လိုက်ချင်တယ်လေ...."
သူ တိုးတိုးသာရေရွတ်ပြီး ခပ်တည်တည်ပင် နောက်မှလိုက်လာတော့၏။ အချို့သောအရာများသည် အသာစကျသွားပါက သိပ်လည်းမထူးဆန်းတော့ပေ။ တစ်ခုတည်းသော ဘေးထွက်ဆိုးကျိုးမှာ သူတို့ နှစ်ယောက်အနီးမှာနေရင်း သူလည်း လက်ထပ်ချင်လာခြင်း ဖြစ်သည်။
နှစ်ယောက်သား ဧည့်ခန်းမဆီသို့ လျှောက်သွားကြသည်။ရုံရှားသည် ပန်းဟွာကို ငုံ့ကြည့်ကာ သူမ၏လက်ကို တွန့်ဆုတ်စွာ လွှတ်လိုက်သည်။ယခုသူတို့သာ လက်ထပ်ပြီးလျှင် ဟွာဟွာ၏ လက်ကို ပွင့်ပွင့်လင်းလင်း ကိုင်ထားပြီး လူတိုင်းရှေ့မှာ ရှိနေနိုင်သည်ဟု သူ ဝမ်းနည်းစွာ တွေးမိ၏။ အတင်းအဖျင်းပြောသူများအတွက် စိတ်ပူနေစရာ မလိုချေ။
"ကောကုန်း၊ ကျွင်းကျူး နဲ့ ပန်းဟမ်ရှစ်ကျစ်ကို နှုတ်ခွန်းဆက်ပါတယ်"
တပ်မှူးချမ် ဦးဆောင်သော အရာရှိများသည် မတ်တပ်ရပ်၍ဦးညွှတ်ကြသည်။
"ရပါတယ်၊ထိုင်ပါ"
ရုံရှား နှင့် ပန်းဟွာတို့ အခန်းထဲသို့ ၀င်သွားသည်။ပန်းဟမ်က သူတို့ဘေးမှာ ဝင်ထိုင်လိုက်ပြီး ဘာမှ မပြောသေး။
တပ်မှူးချမ်သည် ပန်းဟွာအား ဦးညွှတ်ရင်း ဆိုလိုက်သည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွင်းကျူးအအေးမိသွားတယ်လို့ သိထားပါတယ်၊ အဲ့ဒီတုန်းကလည်း ကျွင်းကျူးကို ကောင်းကောင်းနှုတ်ဆက်ဖို့ အခွင့်မသာဘူး၊အခုနေကောင်းပါပြီလား၊ဘုရင်မင်းမြတ်က ကျွင်းကျူးရဲ့ကျန်းမာရေးအတွက် အရမ်းစိုးရိမ်နေပါတယ်၊ကျွင်းကျူးပြန်ကောင်းလာရင် နန်းတော်ဆီ သွားသင့်ပါတယ်"
ပန်းဟွာက ပြန်ဖြေလေ၏။
"ကျွန်မ အခု ပိုကောင်းလာပါပြီ၊အရှင်မင်းကြီး စိတ်ပူအောင်လုပ်မိလို့ တောင်းပန်ပါတယ်"
တပ်မှူးချမ်စည် ပန်းဟွာကျွင်းကျူးမှာ နောက်ဆုံးအကြိမ်တွေ့ထားချိန်ကထက် အမှန်တကယ်ပင် နေကောင်းလျက်ရှိကြောင်း မြင်ရ၍ သူ စိတ်သက်သာရာ ရသွား၏။
"ဒီနေ့ လုပ်ကြံတဲ့ကိစ္စ သတင်းပို့ဖို့ ရောက်လာတာပါ"
ရုံရှားက လက်ဖက်ရည်ခွက်များကို ချလိုက်ရင်း "ကျွန်တော့်ကို အရမ်းမုန်းနေတာ ဘယ်သူလဲ"
တပ်မှူးချမ်က နာမည်တစ်ခု ပြောလိုက်သည်။အနှီပုဂ္ဂိုလ်သည် အလုပ်အကိုင်ရေးရာဝန်ကြီးဌာန၏ လက်ထောက်ဝန်ကြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူသည် ယန်မိသားစု အာဏာမဆုံးရှုံးမီက ယန်မိသားစု၏ လက်အောက်ခံတစ်ဦးဖြစ်ခဲ့သည်။
ရုံရှား မျက်မှောင်ကြုတ်လိုက်ကယ "သူလား၊အလုပ်အကိုင်ရေးရာဝန်ကြီးဌာနမှာတုန်းက သူ့ရဲ့စာရင်းစာအုပ်တချို့ မရှင်းလင်းတာတွေ့တယ်၊အဲဒါတွေကို ကျွန်တော် သေချာခွဲထုတ်ပြီးသွားတော့ သူ့ကို အပြစ်ထပ်မပြောတော့ဘူး၊သူ ကျွန်တော့်ကို မုန်းနေမယ်လို့ မမျှော်လင့်ထားဘူး"
"ကောကုန်းက လူကြီးလူကောင်းတစ်ယောက်ပါ၊ဒီလူတွေ ဘာတွေတွေးနေလဲဆိုတာ ဘယ်လိုသိနိုင်မှာလဲ၊မာကွီ၊ စိတ်မပူပါနဲ့၊အရှင်မင်းကြီးက ဒီလူကို လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ဘူး"
ရုံရှား ထိတ်လန့်တုန်လှုပ်နေဆဲပင်။ တပ်မှူးချမ် ဘာပဲပြောပြော တိတ်တိတ်လေးသာ ခေါင်းညိတ်လိုက်၏။
တပ်မှူးချမ်သည် ရုံရှား အလွန်ထိခိုက်သွားသည်ကို မြင်လိုက်ရပြီး သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဤသည်က အကြောင်းပြချက်သက်သက်ပင်။နောက်ကွယ်မှ လူကို ဆွဲမချနိုင်သည့်အတွက် စုံစမ်းစစ်ဆေးမှုများအား ထိုသူ့အပေါ် အပြစ်ပုံချလိုက်ခြင်းသာ။
ကျင်းကျောကီ နှင့် လျှိုပန်းရှန်တို့မှာလည်း ဤကိစ္စနှင့် ပတ်သက်ပြီး ဘာမှ မပြောဝံ့။တပ်မှူးချမ်က ဤအမှုအား ပိတ်လိုက်သည်ကို သူတို့အနေဖြင့် ကန့်ကွက်စရာ မရှိခဲ့။ယခုအခါတွင်၊ ဦးနှောက်ရှိသူတိုင်း ဤကိစ္စသည် ထီးနန်းတိုက်ပွဲနှင့် အလွန်ဆက်စပ်နိုင်သည်ဟု မှန်းဆနိုင်သည်။သို့မဟုတ်လျှင် ဧကရာဇ်က ဤကိစ္စကို ကိုင်တွယ်ဖို့ ယုံကြည်ရသူကို စေလွှတ်မှာ မဟုတ်ပေ။
အတိအကျပြောရလျှင် တပ်မှူးချမ်သည် ဤကိစ္စအတွက် တာဝန်မယူသင့်ပေ။ သို့သော်လည်း ဧကရာဇ်သည် ထီးနန်းတည်မြဲရေးဆိုသ့်အကြောင်းပြချက်ဖြင့် ဤကိစ္စရပ်ကို တပ်မှူးချမ် တာဝန်ယူရန် အခိုင်အမာ တောင်းဆိုခဲ့သည်။ ဒီတော့လည်း သူ ဘာပြောနိုင်မလဲ။
သနားစရာ ရုံရှားသည် ဧကရာဇ်အပေါ် သစ္စာစောင့်သိခဲ့သည်။ သူသည် လုပ်ကြံသတ်ဖြတ်သူ၏ဓားအောက်တွင် သေဆုံးသွားလုနီးပါးဖြစ်သော်လည်း တရားမျှတမှုမရခဲ့ပေ။
ကျင်းကျောက်ယီသည် ဝမ်းနည်းနေသော ရုံရှားကိုကြည့်ကာ ပို၍ပင် စာနာသနယးမိသည်။ တချို့အရာများက မသိသေးတာ ပိုကောင်းသည်။သိထားမှသာလျှင် ဒုက္ခဖြစ်စေတတ်၏။
တပ်မှူးချမ်က မေးသည်။
"ကောကုန်းရဲ့ ဒဏ်ရာတွေက ပိုကောင်းလာတယ်နော်၊ဘယ်တော့ တရားရုံးကို ပြန်မှာလဲ၊လက်ရှိ အလုပ်အကိုင်ရေးရာ ဝန်ကြီးဌာနရဲ့ ဝန်ကြီးက ယာယီပါပဲ၊ပြီးတော့ သူ့မှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေလည်း အများကြီးရှိတယ်"
"ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော့်မှာ အားအင်မရှိသေးသလို ဒဏ်ရာကလည်း မသက်သာသေးပါဘူး၊ ဧကရာဇ်ကို ခဏတဖြုတ်လောက်တော့ အမှုမထမ်းနိုင်တော့တာကို ခွင့်လွှတ်ပါ"
တပ်မှူးချမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ "စိတ်မပူပါနဲ့၊ဧကရာဇ်ဆီ ကျွန်တော် တင်ပြလိုက်မယ်"
ယခုအခါ နန်းတွင်းရှိ နင်းဝမ်မင်းသား ၏ စွမ်းအားများ ကြီးထွားလာသဖြင့် ဧကရာဇ် ငြိမ်ငြိမ်မထိုင်နိုင်တော့ပေ။ သူသည် ကောကုန်းချမ်အမ်ကို တရားရုံးသို့ ပြန်ခေါ်ကာ နင်းဝမ်မင်းသားကို ချိုးနှိမ်လိုသည်။ သို့သော်လည်း ရုံရှား၏ ဖြူဖျော့သော မျက်နှာကိုကြည့်ပါက၊သူသည် လောလောဆယ် အလုပ်မလုပ်နိုင်မှန်းသိသာသည်။
ဤလူများ ထွက်သွားပြီးနောက် ပန်းဟွာက ရယ်ရင်း ရုံရှား၏ ပခုံးကို ပုတ်လိုက်သည်။
"အဲဒါကို စိတ်ထဲမထားပါနဲ့၊ မလိုအပ်တဲ့လူတွေကြောင့် ရှင် စိတ်ဓာတ်မကျနဲ့"
သူမသည် အနည်းငယ် စိတ်ဓာတ်ကျနေပုံရသော ရုံရှားကို ကြည့်ကာ နှာခေါင်းကို လက်ညိုးဖြင့် ညှစ်လိုက်သည်။
"လာပါ လူချောလေးကလည်း၊ ပြုံးပြစမ်းပါ"
ရုံရှားကလည်း သူမကျေနပ်အောင် ပြုံးပြလိုက်သည်။
"ရှင်သိလား၊ တလောက ကြာပန်းကန်ထဲက ကြာပန်းတွေ ပွင့်နေတာ၊ သွားကြည့်ရအောင်"
"ကောင်းပါပြီ"
တပ်မှူးချမ်သည် နန်းတော်သို့ ပြန်ရောက်ပြီးနောက် ဧကရာဇ်အား အစီရင်ခံခဲ့သည်။
ရုံရှား သည် ယခုအချိန်တွင် နန်းတွင်းသို့ မပြန်နိုင်ကြောင်း ဧကရာဇ် ယွင်ချင် ကြားသောအခါ၊ သူ မျက်မှောင်ကြုတ်လိုက်သည်။
"နှစ်လနီးပါးရှိပြီ၊ သူ့ဒဏ်ရာတွေက မသက်သာသေးလို့လား၊ ဒါမှမဟုတ် ငါ့ကို အပြစ်တင်နေတာလား"
"အရှင်မင်းကြီး၊ ပြင်းထန်တဲ့ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ ရက်တစ်ရာလောက် အချိန်ယူရပါတယ်၊ကောကုန်းရုံရဲ့ အသားအရေက သိပ်ကြည့်မကောင်းဘူးလို့ ကျွန်တော်လည်း။မြင်မိပါတယ်၊ကောကုန်းရုံဟာ အရပ်ဘက်အရာရှိတစ်ဦးပါ၊ ငယ်ငယ်လေးကတည်းက ကိုယ်ခံပညာကို သင်ယူခဲ့တဲ့ ကျွန်တော်နဲ့ မတူပါဘူး၊ကျွန်တော်ကတော့ လဲကျတာတွေ၊ခိုက်မိတာတွေကို ခံနိုင်ရည်ရှိနေပါပြီ"
"မနှစ်က မင်းကို ငါက ရိုက်နှက်ခိုင်းတာ ကို အပြစ်တင်နေတာလား"
တပ်မှူးချမ် အံ့အားသင့်သွားသည်။ဧကရာဇ်က ဤကိစ္စကို စဉ်းစားဖို့ မမျှော်လင့်ထားပေ။ တော်ဝင်မင်းသမီးသဲနင် လုပ်ကြံခံရမှုကြောင့် သူနှင့် ရှစ်ကျင်းနှစ်ဦးစလုံး ရိုက်နှက်ခံခဲ့ရသည်။ ရှစ်ကျင်း မြင်းစီးနိုင်သောအခါတွင် သူသည် အိပ်ရာပေါ်တွင် လဲနေဆဲသာရှိသေးသည်။ထို့ကြောင့် သူသည် အသက်မရှင်နိုင်ဟုပင် ကောလာဟလများ ထွက်ပေါ်နေသည်။
အမှန်မှာ၊ ရက်ပေါင်းများစွာကြာပြီးနောက်တွင် ဧကရာဇ်သည် ပွင့်လင်းမြင်သာစွာ ကိုင်တွယ်ဖြေရှင်း၍မရသောအရာများကို ကူညီပေးခဲ့သည်။ ထို့ကြောင့် သူ့ကို ပြန်လည်ပေးအပ်ပြီးနောက် လူအများက သူ့ကို ချီးကျူးဂုဏ်ပြုခဲ့ကြသည်။
တပ်မှူးချမ်သည် ဧကရာဇ်၏ ရှေ့မှောက်တွင် ဒူးထောက်ကာ ခွင့်လွှတ်ရန် တောင်းပန်ခဲ့သည်။ "အရှင်မင်းကြီး၊ ကျွန်တော် အဲ့ဒါကိုပြောတာမဟုတ်ပါဘူး"
ဧကရာဇ်ယွင်ချင်က ဟက်ဟက်ပက်ပင် ရယ်မောလိုက်သည်။ "မဟုတ်ဘူးလား၊ မင်း ငါ့ကို ယုတ္တိမတန်လို့ အပြစ်တင်နေတာ ငါသိပါတယ်၊ဒီကမ္ဘာကြီးဟာ ဆင်ခြင်တုံတရားမဲ့တဲ့ နေရာတစ်ခုလို့ပဲ ဆိုရမှာပဲ"
"ထွက်သွားပါ"
ဧကရာဇ် ယွင်ချင် တစ်ခုခုကို တွေးနေပုံရသည်။ သူသည် သူ၏ နဂါးဦးခေါင်း ချိုင်းထောက်ကို ကောက်ကိုင်လိုက်ပြီး တပ်မှူးချမ်ကို ရိုက်လိုက်၏။
"အပြင်မှာ ဒူးထောက်လိုက်"
"ဟုတ်ကဲ့"
"နေဦး..မင်း လူသတ်သမားတွေကို ကိုင်တွယ်ပြီးပြီလား"
"အရှင်မင်းကြီး၊ လုပ်ကြံသူတွေက တရားရုံးချုပ်ရဲ့ ထောင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြပြီ"
တပ်မှူးချမ် ဒူးထောက်လျက်ကပင် ပြန်ဖြေနေရှာသည်။
"အိမ်ရှေ့စံရော နောင်တရပြီလား"
တပ်မှူးချမ် သူ့စိတ်ထဲမှာ လှောင်ရယ်နေမိသည်။နောင်တရတယ် ဟုတ်လား.... သားကောင်းကိုကျ သူက ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးမှ ဘာနောင်တရစေချင်တာလဲ။ ကိုယ်လုပ်တော်နဲ့ ပေါင်းသင်းမိလို့ နောင်တရစေချင်တာလား။ ဒါမှမဟုတ် အိမ်ရှေ့စံက အရမ်းနာမည်ကျော်ကြားလို့ သူ့ကို သံသယဖြစ်အောင် လုပ်ခဲ့တာကိုလား။
သို့သော် အရှေ့နန်းတော်သည် မိန်းမလှမရှားပါးပေ။အကယ်၍ မိန်းမလှရှားပါးနေလျှင်တောင် အရှေ့ နန်းတော်ထဲကို မိန်းမလှလေးများ လိုလိုလားလားပို့ပေးချင်သူများပြယးသည်။
ဒါဆို အိမ်ရှေ့စံက ကိုယ်လုပ်တော်တစ်ယောက်နဲ့ ဘာလို့ပျော်ပါးတာလဲ... ဧကရာဇ် တကယ်နားမလည်တာလား၊ ဒါမှမဟုတ် နားမလည်ဟန်ဆောင်နေတာလား။
ဧကရာဇ်သည် အသက်ကြီးလာ၍ ကြောက်လန့်နေတတ်၏။သူ့သားက သူ့ထက် ပိုအစွမ်းထက်လာမှာကို သူကြောက်လာတော့သည်။ ထို့ကြောင့် အိမ်ရှေ့စံက မကောင်းသည့်အလုပ်များအား ပြုလုပ်ခဲ့ကြောင်းကို သူ ယုံကြည်သလိုလိုနှင့် အိမ်ရှေ့စံ၏ ဂုဏ်သိက္ခာကို လူအများကြားတွင် ဖျက်ဆီးရန် အခွင့်အရေးယူခဲ့သည်။
သူ့သားကိုတောင် ဒီလိုဆက်ဆံရင် သူ့လက်အောက်ငယ်သားတွေကိုဆို ဘယ်လိုဆက်ဆံမှာလဲ။
ကောကုန်းချမ်အမ် စံအိမ်တွင် မရေမတွက်နိုင်သော လက်ဆောင်များ ရရှိခဲ့သည်။ ပညာတော်သင်များ၊ နန်းတွင်းသူများကပါ ပန်းဟွာအတွက် အထူးပြင်ဆင်ထားသော လက်ဆောင်များပင် ပို့ခဲ့သည်။ကောကုန်းချမ်အမ်အိမ်တော်တွင် သူမက ရုံရှားကို ကယ်တင်ခဲ့ကြောင်း သတင်းများ ပျံ့နှံ့သွားပုံရသည်။
ဒီလိုမှမဟုတ်ရင် မိန်းကလေးသုံး ပစ္စည်းတွေ ဘာကြောင့် ဒီလောက်များများ။ပို့ပါ့မလဲ။
"ကောကုန်း၊ ကျွင်းကျူး၊ချန်ချင်ဝမ်က လက်ဆောင်နဲ့အတူ ရောက်လာပါတယ်"
ပန်းဟွာက လက်ထဲမှ လက်ဆောင်စာရင်းကို ချလိုက်ပြီး ရုံရှားကို ပြောလိုက်သည်။
"ရှစ်ယောက်မြောက် အစ်ကိုတော်၊ ရောက်လာပြီလား"
ပန်းဟွာ၏ စကားကိုကြားသော် ရုံရှား မပြုံးဘဲ မနေနိုင်။သူ မထခင်မှာ အစေခံတစ်ယောက်ဝင်လာသည်။
"ကောကုန်း၊ နင်းဝမ်မင်းသားရဲ့ အစေခံက လက်ဆောင်တွေနဲ့အတူ အလည်အပတ်ရောက်လာပါတယ်"
ယခုတစ်ခါတော့ ပန်းဟွာက လက်ဆောင်စာရင်းကို ကြည့်ကာ ရုံရှားကို ဟန်ပါပါ ပြုံးပြလိုက်သည်။
"အဲ့ဒီ ဆန်ကုန်မြေလေးလည်း ပါတာကိုး"
xxxxx