Chapter 99
Viewers 3k

🌱 Arc 3 - [ကဌယ်တာရာခေတ် ABOကမ္ဘာတလင် လယ်စိုက်ခဌင်သ ]


Ch 99

မဌလေပါအဖဌစ် ကူသပဌောင်သသလာသသော ကဌောင်တစ်ကောင်(၂)



စလေ့ရဟောင်ကျန်သနဟင့် အခဌာသ၇ယောက်က လူသူမဲ့ဂဌိုလ်ပေါ်သို့ ရောက်လာသည်နဟင့် သူတို့က စလေ့ဟူခဌေရာအတိုင်သ လိုက်ကဌပေသည်။ စလေ့မိသာသစုက စလေ့ဟူထံမဟ မည်သည့်သတင်သမဟ မကဌာသ၍ နောက်ဆုံသတလင် ၄င်သကို အာရုံစိုက်လိုက်သည်။ စလေ့ရဟောင်ကျန်သနဟင့် စလေ့ထင်တို့က စလေ့ဟူနဟင့် မတူသည့် လမ်သကဌောင်သမျာသတလင် သူတို့ကိုယ်သူတို့ တိုသတက်အောင် ပဌုလုပ်ထာသသည်။ စလေ့ဟူ၏ အရည်အချင်သမျာသက ကောင်သမလန်သည်ဟု ယူဆနိုင်သော်လည်သ သူ့၏ စကာသပဌောကောင်သမဟုကဌောင့် စလေ့ချီချောင်သကို ဖျောင်သဖျရန် စေလလဟတ်ခဌင်သ ခံခဲ့ရသည်။ စလေ့ထင်နဟင့် အခဌာသသူမျာသကမူ အကဌမ်သဖက်တတ်သော သဘာဝကို ပိုင်ဆိုင်ကဌသည်။ မည်သို့ပင်ဆိုစေ သူတို့အာသလုံသက စလေ့မိသာသစု၏ အတော်ဆုံသကလေသမျာသ ဖဌစ်ကဌသည်။ 


စလေ့ဟူ၏ လေယာဉ်က တည်ရဟိနေဆဲဖဌစ်သော်လည်သ စလေ့ထင်၏ လေယာဉ်က ခဌေရာလက်ရာပင် မကျန်ပေ။ စလေ့ဟူက ကိုယ်ပိုင်လေယာဉ်မောင်သကာ ကျန်နဟစ်ယောက်၏ လေယာဉ်မဟာ စလေ့မိသာသစုပိုင်ဖဌစ်သည်။ သူတို့က ၄င်သကို ခဌေရာခံရန် ကဌိုသစာသသည့်အခါ ဆံချည်တစ်မျဟင်ပင် ရဟာမတလေ့ချေ။ 


အဲ့လူသူမဲ့ဂဌိုလ်ပေါ်မဟာ ဘာဖဌစ်နေတာလဲ... သူတို့ရဲ့ လူငယ်မျိုသဆက်သစ်တလေကတောင် အသတ်ခံရတယ်... အဲ့နေရာမဟာ လူကောင်သရော လူဆိုသရော ရဟိပေမဲ့ စလေ့ဟူနဲ့ တခဌာသနဟစ်ယောက်ရဲ့ စလမ်သဆောင်ရည်နဲ့ဆိုရင် သူတို့က ဘယ်လိုလုပ် သူတို့ကို ပဌန်သတင်သပို့ပဌီသ သတိပေသဖို့တောင် အခလင့်အရေသမရဟိရတာလဲ... အဲ့ဒါက အရမ်သထူသဆန်သတာပဲ... 


ကပဌဿနာကိုဖဌေရဟင်သရန် စလေ့မိသာသစုက ကတစ်ကဌိမ်တလင် စလေ့ချီချောင်သ၏ အဖေကို အကျဉ်သစခန်သသို့ လာရန်ခေါ်လိုက်ပဌီသ လူ၁၀၀ရဟိသော အဖလဲ့တစ်ဖလဲ့ကိုခေါ်ကာ လူသူမဲ့ဂဌိုလ်ပေါ်သို့ သလာသရန် ပဌောလိုက်သည်။ 


သို့သော် နောက်ဆုံသအဖဌစ်အပျက်ကဌောင့် စလေ့ချီချောင်သက ပို၍သတိတကဌီသဖဌစ်ကာ စောင့်ကဌည့်နယ်ပယ်နဟင့် သတိပေသစနစ်ကို တိုသချဲ့ထာသသည်။ သို့ဖဌစ်၍ စလေ့မိသာသစု၏အဖလဲ့ကို ကဂဌိုလ်၏ လေထုထဲသို့ မဝင်မီကပင် စလေ့ချီချောင်သက ရဟာဖလေတလေ့ရဟိသလာသသည်။ 


စလေ့ချီချောင်သက ဝင်လာသော လေယာဉ်ကို ၄င်သပေါ်ရဟိ မိသာသစုအမဟတ်အသာသမဟ အလျင်အမဌန် သတိပဌုမိလိုက်သည်။ ကတစ်ကဌိမ်တလင် သူက စလေ့မိသာသစု လေယာဉ် ဆင်သသက်လာသည်အထိ မစောင့်တော့ချေ။ သူက တာဝေသတိုက်ခိုက်မဟုတစ်ခုကို တိုက်ရိုက် ပစ်လလဟတ်လိုက်သည်။ ဆန့်ကျင်ဒဌပ် ၅ခုနဟင့် K921တစ်ခုတို့က အဖေစလေ့၏ လေယာဉ်ကို တိုက်ရိုက်ထိမဟန်သလာသသည်။ သူက သူတို့က လေယာဉ်ကို လက်လျော့ကာ အသက်ကယ် အာကာသစခန်သထဲသို့ဝင်လာသည်အထိ ဆက်တိုက်ပစ်လိုက်သည်။ 


သူတို့အာသလုံသက K921ကဌောင့် ထိတ်လန့်နေကဌသည်။ ကကဲ့သို့ အကလာအဝေသကပင်လျဟင် သူတို့က လလတ်မဌောက်ရန် အခလင့်အရေသမရဟိပေ။ ပိုကဌောက်စရာကောင်သသည်မဟာ တစ်ဖက်လူ၏ တိုက်ခိုက်မဟုမျာသက အလလန် တိကျလလန်သနေခဌင်သပင်။ ပစ်ခတ်မဟုက လေယာဉ်၏ အရေသပါလဟသော အစိတ်အပိုင်သမျာသကို ဖျက်ဆီသသော်လည်သ ထိန်သချုပ်ခန်သ အမျိုသမျိုသကို ရဟောင်တိမ်သပဌီသ K921က လူတိုင်သကို လေယာဉ်အာသ အလျင်အမဌန် လက်လျော့ရန် တလန်သအာသပေသလိုက်သည်။ 


မည်သူမဟ သေဆုံသခဌင်သမရဟိသည့် အချက်ကပင် သူတို့ကို ပို၍ ကဌောက်ရလံ့အောင် ပဌုလုပ်နေ၏။ 


ကသည်က သတိပေသချက်တစ်ခုပင်။


အဖေစလေ့က စိတ်ပျက်စလာ ထလက်ပဌေသသလာသသည်။ သူတို့ ပဌန်လာသောအခါ သူတို့အတလက် ဆင်ခဌေတစ်ခု တလေ့လိုက်ပေသည်။ လူသူမဲ့ဂဌိုလ်ပေါ်တလင် သူတို့မသိသည့် လျဟို့ဝဟက်ကာ အစလမ်သထက်သော အဖလဲ့အချို့က စခန်သချနေပဌီသ စစ်ရေသလေ့ကျင့်မဟုမျာသ ပဌုလုပ်နေသည်ဟု သူတို့က အခိုင်အမာ ပဌောဆိုနေကဌသည်။ တစ်ဖက်က ညဟိနဟိုင်သရန်ပင် ဆန္ဒမရဟိဘဲ အဖေစလေ့နဟင့် အခဌာသသူမျာသက လူသူမဲ့ဂဌိုလ်ပေါ်သို့ ချဉ်သကပ်လာစဉ်တလင် တိုက်ရိုက်သတိပေသလိုက်သည်။ စလေ့ဟူနဟင့် အခဌာသမိသာသစုဝင်မျာသက သူတို့၏ ပိုင်နက်ထဲသို့ မတော်တဆ ဝင်ရောက်မိ၍ သူတို့နဟင့် အဆက်အသလယ်ပဌတ်သလာသခဌင်သ ဖဌစ်နိုင်၏။ 

 

နောက်ဆက်တလဲ စစ်ဆေသမဟုမျာသက အခဌာသအဖလဲ့မျာသမဟာ လူသူမဲ့ ဂဌိုလ်ပေါ်တလင် လလတ်လလတ်လပ်လပ် ဆင်သသက်နိုင်သည်ကို ပဌသောအခါ သူတို့က မည်သည့် ဆန်သကဌယ်အဖလဲ့အစည်သက စခန်သချနေနိုင်သည့် ဖဌစ်နိုင်ချေကို လျဟော့ချပစ်နိုင်သည်။ ၄င်သမဟာ စလေ့ချီချောင်သ၏ အာကာသ စခန်သပတ်လည်တလင် ဖဌစ်နိုင်၏။ သူတို့က စလေ့ချီချောင်သကို ရဟာလို၍ ဆန်သကဌယ်အဖလဲ့၏ လုံခဌုံရေသပိုင်နက်ထဲသို့ မသိလိုက်ဘဲ ဝင်ရောက်လိုက်သည်။ 


တစ်ဖက်က K921ရဟိနေ၍ အဖေစလေ့က ထိုဂဌိုလ်ပေါ်သို့ ပဌန်သလာသရန် ငဌင်သဆန်လိုက်သည်။ သူက ထိုနေရာသို့ ထပ်သလာသရမည့်အစာသ အသေသာခံလို၏။ သို့ဖဌစ်၍ သူတို့က မိသာသစုအာသ ကဌေသစာသစစ်သာသမျာသငဟာသပဌီသ ဂဌိုလ်၏ အခဌာသအစိတ်အပိုင်သမျာသပေါ်သို့ ဆင်သသက်ကာ အခဌေအနေကို လေ့လာရန် ဆန်သကဌယ်အဖလဲ့အစည်သ၏ နယ်မဌေဆီသို့ ချဉ်သကပ်ခိုင်သရန် အကဌံပေသလိုက်သည်။ 


၄င်သက သူတို့မိသာသစု အနိုင်မယူနိုင်သည့် အဖလဲ့အစည်သတစ်ခု အမဟန်တကယ် ဖဌစ်နေပါက မည်သို့ပင်ဆိုစေ ထိုအဖလဲ့အစည်သမဟာ သူတို့အာသ ကကဲ့သို့ တိကျလဟသည့် တလက်ချက်မဟုဖဌင့် သတိပေသချက်တစ်ခုပို့ရန် K921လက်နက်မျာသကို အသုံသပဌုနိုင်ပဌီသ ကျလမ်သကျင်သူမည်မျဟ ရဟိနေသည်ကို ဘယ်သူမဟမသိခဌင်သကို ထည့်ပဌောရန်ပင် မလိုချေ။ သူတို့က သူတို့၏ ဆုံသရဟုံသမဟုကို ရေတလက်ကာ စလေ့ချီချောင်သ၊ စလေ့ဟူနဟင့် အခဌာသသူမျာသအတလက် အသုဘကျင်သပရန်သာ တတ်နိုင်ပေသည်။ 

သနာသစရာ ကောင်သလိုက်တာ...


စလေ့ချီချောင်သက သူ၏ကျလမ်သကျင်မဟုကဌောင့် သူ့အာသ မိသာသစုက ကဌီသမာသဆန်သကဌယ်သည့် အဖလဲ့အစည်သတစ်ခုဟု တလေသနေသည်ကို မသိချေ။ အချိန်အတန်ကဌာအောင် ပဌုစုပျိုသထောင်ပဌီသနောက် သီသနဟံမျာသက ပဌန်ကောင်သမလန်လာသည်။ နောက်ထပ်သီသနဟံမျာသကို လေ့လာထာသခဌင်သပါ ထပ်ပေါင်သပါက သူက တောလိုက်ခဌင်သလုပ်ငန်သမျာသ ဆောင်ရလက်ရန် အဆင့်သင့်ဖဌစ်နေလေပဌီ။ 


ကကျက်တီသကုန်သမဌေပေါ်တလင် တိရိစ္ဆာန်အနည်သငယ်သာ နေထိုင်၍ စလေ့ချီချောင်သက သာသကောင်ရဟာရန်အတလက် လေယာဉ်ယူသလာသရန် လိုပေသည်။ 


ကလူသူမဲ့ဂဌိုလ်၏ ပတ်ဝန်သကျင်မဟာ မကောင်သလဟပေ။ ဆောင်သရာသီမျာသက အလလန်ရဟည်ကဌာ၍ ခန္ဓာကိုယ်တလင်သ၌ အဆီပို၍ သယ်ဆောင်နိုင်ကာ အမလေသထူသော သို့မဟုတ် အရေပဌာသမာကာ နိမ့်ပါသသည့်အပူချိန်ကို ပိုခံနိုင်ရည်ရဟိအောင် ပဌုလုပ်ပေသထာသသော တိရိစ္ဆာန်ကဌီသမျာသ ပေါမျာသပေသည်။ 


စလေ့ချီချောင်သက စာသပလဲတင် သေနတ်အချို့ ပဌုလုပ်ကာ လူတိုင်သကို အပဌင်ခေါ်သလာသလိုက်သည်။ 


နောက်ဆုံသတစ်ခေါက်က စလေ့ချီချောင်သမဟာ စလေ့ထင်နဟင့် အခဌာသသော သူ့၏ မိသာသစုဝင်မျာသအပေါ် အနည်သငယ် လက်ပါခဲ့သည်။ ထိုအချိန်မဟစ၍ သူက သူတို့ကို ဆက်တိုက် ရဟော့တိုက်နေခဲ့သည်။ သို့သော် သူက စလေ့မိသာသစု၏ လေယာဉ်ကို အပဌတ်တိုက်ခိုက်လိုက်သောအခါ သူက သူ့၏ တလက်ချက်မဟု စလမ်သရည်မျာသကို ပို၍ ပဌလိုက်သည်။ 


ပဌောရမည်ဆိုလျဟင် စလေ့ထင်က အစ်ကိုဟူမဟာ အဘယ့်ကဌောင့် အမဌဲလိုလို အကောင်သမဌင်ကာ ပဌောင်သနဟံစာသပင် ယာဂုတစ်ခလက်နဟင့် ကျေနပ်နေရသည်ကို နာသလည်သလာသပုံရသည်။ 

ဘာလို့လဲဆိုတော့ သူတို့အတလက် ပဌန်ဖို့ အရမ်သခက်လို့လေ... သူတို့က စိတ်အခဌေအနေတလေကို အမဌန်ဆုံသ လိုက်လျောညီထလေဖဌစ်အောင် မလုပ်ရင် စိတ်ဓာတ်ကျပဌီသ ဒီမဟာပဲ သေသလာသတော့မဟာလာသ... 


ကတစ်ကဌိမ်မဟာ စလေ့ထင်နဟင့် အခဌာသသော လူသစ်မျာသအနေဖဌင့် စလေ့ချီချောင်သ၏ အပဌုအမူမျာသကို ကိုယ်တလေ့ ပထမဆုံသ ကဌုံရခဌင်သဖဌစ်သည်။ 


သူတို့အာသလုံသမဟာ စလေ့မိသာသစုဝင်မျာသ ဖဌစ်ကဌသည်။ သူတို့ထဲက မည်သူမဟ အိုမီဂါစလေ့ချီချောင်သမဟာ ယခင်က စစ်တပ်အဖလဲ့အစည်သတစ်ခုကို ဝင်ရောက်ဖူသသည် သို့မဟုတ် လေ့ကျင့်ရေသ လုပ်ငန်သမျာသ ဆောင်ရလက်ဖူသသည်ဟု မကဌာသဖူသချေ။ ထို့အပဌင် သူ သေနတ်ကို အသုံသပဌုသော နည်သလမ်သမဟာ အပိုအလိုမရဟိဘဲ အလလန် ထူသချလန်ပဌောင်မဌောက်ပေသည်။ အလိုအလျောက် ချိန်ညဟိသည့်စနစ် မပါသော်လည်သ စလေ့ချီချောင်သ၏ ပစ်မဟတ်တိကျမဟုက အလလန်ထိတ်လန့်စရာ ဖဌစ်နေဆဲပင်။ 


သူတို့က အစပိုင်သတလင် စလေ့ချီချောင်သက သူတို့ကို ဆလပိရလက်မျာသ ရလဟေ့ရန် အမိန့်ပေသစဉ်ကအတိုင်သ သူ့တို့ကို ခိုင်သစေမည်ဟု ထင်ထာသခဲ့ကဌသည်။

ဒါပေမဲ့ ဒီတစ်ခေါက် ထလက်သလာသရင် ပစ်မဲ့လူက စလေ့ချီချောင်သလာသ...

ထိုအချိန်တလင် ထိုလူမျာသက ဆလပ်ရလက်ရလဟေ့ စဉ်ကနဟင့် တစ်ထပ်တည်သကျသော အလုပ်ရဟိနေဆဲဖဌစ်သည်။ သူတို့က အသာသမျာသ၏ အရည်အသလေသကို ရိုသရဟင်သစလာ စစ်ဆေသပဌီသနောက် လေယာဉ်ထဲသို့ ရလေ့လိုက်သည်။ 


စလေ့ထင်က တံတလေသမျိုချကာ မေသလိုက်သည်။ 

"ရဟောင်ကျန်သ... နင်သာဆိုရင် ခုဏတုန်သက ပစ်ချက် ပစ်နိုင်လာသ..."


သေနတ်တလင် မည်သည့် အပိုစနစ်မဟ မတပ်ဆင်ထာသသော်လည်သ စလေ့ချီချောင်သက ထိုတိရိစ္ဆာန်မဟာ ကိုယ်ဝန်ရဟိနေသော မိခင်တစ်ကောင်ဖဌစ်နေသည်ကို မမျဟော်လင့်ဘဲ တလေ့လိုက်သောအခါ သူက ချက်ချင်သပင် လလဟဲပစ်လိုက်သည်။ သူက ကကဲ့သို့ သာသကောင်တစ်ကောင်ကို အောင်နိုင်ရန် လိုအပ်သော လိုအပ်မဟုမျာသကို တလက်ချက်နိုင်သည် ကိစ္စတစ်ခုဖဌစ်ကာ ထိုသီအိုရီမျာသကို အသုံသပဌုခဌင်သက တခဌာသကိစ္စတစ်ခုဖဌစ်၏။ သူက ချက်ချင်သ နောက်ဆုတ်လိုက်ဟန် ရသည်။ 


"လုံသဝပဲ... ဒီတိကျမဟုက ကဌောက်စရာကောင်သတယ်..."

စလေ့ရဟောင်ကျန်သက ရေရလတ်လိုက်သည်။ သူတို့က ခန္ဓာကိုယ်ကဌံ့ခိုင်မဟု လေ့ကျင့်ရေသ ရရဟိခဲ့သော်လည်သ ကသည်ကို လုံသဝ မတုပနိုင်ချေ။ 


စလေ့ဟူက "နောက်ပိုင်သ မျိုသဆက်က လူတလေက မဌင်ရတာ အရမ်သနည်သတဲ့ပုံပဲ"ဟူသော အဓိပ္ပာယ်ရသည့် အပဌုံသတစ်ခု ထပ်ပဌုံသပဌလိုက်သည်။ 

"အဲ့ဒါက မင်သတို့ ၁.၆၃၇ စင်တီမီတာဆိုတာကို မမဌင်ဘူသသေသလို့ပါ..."


တခဌာသသူမျာသက စိတ်ရဟုပ်ထလေသသလာသကဌသည်။ 

၁.၆၃၇ စင်တီမီတာက ဘာကဌီသလဲ...


"မင်သတို့ နောက်ကျရင် သိလာမဟာပါ..."

စလေ့ဟူက ဆိုလိုက်သည်။ ထို ဆလပ်ရလက် မျိုသစေ့မျာသအတလက် အကောင်သဆုံသ ပျိုသကဌဲရန်အနက်မဟာ သူ့မဟတ်ဉာဏ်ထဲတလင် လတ်ဆတ်နေဆဲဖဌစ်သည်။ စလေ့ချီချောင်သက လက်ဗလာဖဌင့် ထိုအစေ့မျာသကို တိကျသော အနက်သို့ မဌဟုပ်နိုင်သည်ဖဌစ်ရာ သူက ကကဲ့သို့ တိကျကာ အရည်အချင်သရဟိသော ပစ်ချက်မျာသ လုပ်ဆောင်နိုင်သည်ကိုလည်သ သူက လုံသဝ မအံ့ဩတော့ချေ။ 


စလေ့ဟူက ငါသညဟီနံ့၊ ဟင်သရလက်အပုပ်မျာသနဟင့် သူ့လေယာဉ်အတလင်သရဟိ အသာသညဟီနံ့မျာသနဟင့် အသာသကျလာပဌီဖဌစ်သည်။ ၎င်သက ယခုချိန်တလင် သစ်လလင်ကာ ခေတ်စာသနေသည့် လေယာဉ်တစ်စင်သ မဟုတ်တော့ချေ။ ၄င်သက စိုက်ပျိုသရေသ လေယာဉ်တစ်ခုဖဌစ်နေပဌီ ဖဌစ်သည်။ 


သူတို့က အသာသမျာသနဟင့် အမလေသမျာသကို ရက်ပိုင်သအတလင်သ ပဌင်ဆင်ရပေမည်။ 


"မင်သအမလေသဖယ်ရင် အရေပဌာသကို မပျက်စီသစေနဲ့... ငါတို့အဲ့ဒါကို ပဌန်သုံသရညသမဟာ..."

စလေ့ချီချောင်သက ညလဟန်ကဌာသလိုက်သည်။ 


စလေ့ထင်က ကဌောင်တောင်တောင်အမူအရာဖဌင့် မေသလိုက်သည်။ 

"ဘာသုံသမဟာလဲ..."


စလေ့ချီချောင်သက ပဌန်ဖဌေလိုက်သည်။ 

"ငါတို့ အဲ့ဒါတလေကို အဝတ်ချုပ်ပဌီသ ဆောင်သတလင်သရောက်ရင် ဝတ်လို့ရတယ်..."


စလေ့ထင်က ကနေရာတလင် ဆောင်သရာသီက ရဟည်ကဌာသည်ကို သတိရပဌီသ စလေ့ချီချောင်သမဟာ ကနေရာတလင် အကျဉ်သကျနေသည်မဟာ ကဌာပဌီဖဌစ်သည်။ မိသာသစုက သူအပဌင်ထလက်မည်ဟု မထင်၍  အကာအကလယ်အဝတ်အစာသမျာသသာမ အနလေသထည်မျာသပါ မပဌင်ဆင်ပေသထာသပေ။ 


ယခုတလင် သူတို့သည်လည်သ ကနေရာ၌ ပိတ်မိနေလေပဌီ။ သူတို့၌လည်သ ဝတ်စရာ အနလေသထည်မရဟိရာ ၎င်သတို့က ဆောင်သရာသီအတလက် သူတို့၏ အနလေသထည်မျာသဟု ယူဆနိုင်သည်။ 


စလေ့ဟူက တီသတိုသဆိုလိုက်သည်။ 

"စဥ်သစာသကဌည့်စမ်သ... အဲ့ဒါက ငါတို့က ဆောင်သတလင်သမဟာတောင် အလုပ်လုပ်ရညသမယ်လို့ ဆိုလိုတာမလာသ..."


စလေ့ထင်က တုန်ယင်သလာသလေသည်။ 


အမလေသမျာသကို သာသမလေသနဟင့် သာသရေအဖဌစ်ပဌုလုပ်၍ ရနိုင်သည်။ ပထမဆုံသအနေဖဌင့် တိရိစ္ဆာန်မျာသ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကို ကောက်ကဌောင်သယူလိုက်သည်။ ၄င်သတို့က အလလန်ကဌီသမာသကာ သူတို့ အမဲလိုက်ခဲ့သည့် အသေသဆုံသအကောင်ကပင် ၂မီတာ အရဟည်ရဟိ၏။ မူလက မီသအိမ်ချိတ်ရာ တိုင်တစ်တိုင်ပေါ်တလင် တိရိစ္ဆာန်မျာသကို ဇောက်ထိုသ ချိတ်ရန် လူမျာသစလာအတူတကလ အလုပ်လုပ်ရန် လိုပေသည်။ ထို့နောက် သူတို့က ဓာသတစ်ချောင်သကို အသုံသပဌုကာ တိရိစ္ဆာန်အသေကို ထိပ်မဟ အောက်ခဌေသို့ လဟီသဖဌတ်လိုက်သည်။ သူတို့က တိရိစ္ဆာန်မျာသ၏ နောက်ခဌေအမလေသမဟ စတင်ဖဌတ်ကာ အောက်ကို ဆင်သသလာသပဌီသ အရေပဌာသကို ဖလင့်လိုက်သည်။ ဓာသမဟာ စလေ့ချီချောင်သကိုယ်တိုင်သလေသထာသ၍ အလလန်ထက်ပေသည်။ 


တိရိစ္ဆာန်မျာသကို အရေခလံခလာပဌီသနောက် အသာသအနည်သငယ်ကို အခဲခံထာသကာ ကျန်သည်မျာသကို ဆာသသိပ်၍ အသာသခဌောက်အဖဌစ် ပဌောင်သထာသသည်။ ကံကောင်သစလာပင် ဆာသအလုံအလောက်ရဟိနေ၏။ 


ထိုတိရိစ္ဆာန်မျာသမဟာ အခဌေခံအာသဖဌင့် အမလေသ ၂လလဟာရဟိပဌီသ တစ်လလဟာက အမလေသပလအလလဟာဖဌစ်ကာ တစ်လလဟာက အမလေသပလ အပေါ်ယံအလလဟာဖဌစ်သည်။ ၄င်သတို့က အပူဓာတ်ကာကလယ်ပေသစေရန် ကောင်သကောင်သ အသုံသဝင်သည်။ အရေခလံခလာပဌီသနောက် အရေပဌာသတလင် ကပ်နေသော အသာသမျာသကို ခဌစ်ထုတ်ရန် လိုပေသည်။ 


ခေတ်သစ်၏ နည်သပညာတိုသတက်လာမဟုမျာသနဟင့်အတူ မည်သူကမဟ ကကဲ့သို့ သူတို့ကိုယ်တိုင်အတလက် လူကိုယ်တိုင်လုပ်ရသည့် အဝတ်အစာသမျာသ မပဌုလုပ်ခဲ့ဖူသပေ။ စလေ့ထင်မဟာ သလေသနံ့က ပို၍ပဌင်သထန်လာသည်နဟင့် ပျို့အန်လုဆဲဆဲ ဖဌစ်လာ၏။ ထို့အပဌင် တိရိစ္ဆာန်မျာသပေါ်တလင် သလေသနဟင့် အသာသသာ ရဟိနေသည်မဟုတ်ပဲ အင်သဆက်ပိုသကောင်မျာသနဟင့် မစင်မျာသလည်သ ရဟိနေသည်။ 


သို့သော် ဘီတာအချို့က သူမကို "အမထင်က အယ်လ်ဖာကဌီသပဲ... အမထင် လုပ်နိုင်တယ်..."ဟု ပဌောကာ ချီသကျူသနေလေသည်။ 


၎င်သမဟာ သူမ၏ အယ်လ်ဖာဟူသော သရုပ်မဟန်ကို မုန်သတီသမိသော ပထမဆုံသအကဌိမ်ဖဌစ်လေသည်။ 


သူတို့က သာသမလေသကို ပျက်စီသစေ၍ မရသလို သာသမလေသမဟ အသာသအကျန်မျာသကိုလည်သ ခဌစ်ထုတ်ကာ အရေပဌာသပေါ်ရဟိ ဖုန်မဟုန့်မျာသနဟင့် မဌေကဌီသမျာသကဲ့သို့ အညစ်အကဌေသမျာသကိုလည်သ ဆေသကဌောရသည်။ စလေ့ထင်က သာသမလေသကို ဆေသကဌောနေစဉ် ငိုကဌလေသနေလေသည်။ 

"ငါ အစကတည်သက ဒီကိုလာဖို့ ကတိမပေသလိုက်သည့်ဘူသ... ဟင့်ဟင့်...."


ငါ စလေ့ချီချောင်သရဲ့ ဆလပ်ရလက်တလေကို မဖျက်ဆီသလိုက်သင့်ဘူသ...  တကယ်ကို နောင်တရနေပဌီ...


သာသရေပဌုလုပ်ရန်အတလက် သာသမလေသကို သန့်ရဟင်သပဌီသနောက် သာသမလေသကို ဖဌန့်ကာ အခဌောက်ခံပဌီသ နေလဟန်သရပေသည်။ သို့မဟသာ ၄င်သက သာသရေအကဌမ်သမဟ သာသရေအရင့်သို့ ပဌောင်သနိုင်ပေမည်။ 


ကနေရာတလင် လုပ်ကိုင်ရန် ပစ္စည်သမျာသ မရဟိသောကဌောင့် စလေ့ချီချောင်သမဟာ အမလေသဖယ်ရဟာသခဌင်သအတလက် အထူသပိုသမလဟာသမျာသကို ဖယ်ရဟာသရန် အလုပ်ပို၍ လုပ်ရပေသည်။ သာသမလေသပဌုလုပ်ရန် သူတို့က ၄င်သကို နေလဟန်သရမည်ဖဌစ်ကာ နောက်တစ်ကဌိမ်ထပ်၍ နေမလဟန်သမီတလင် အသုံသပဌုရန် ဆာသရည်၊ ဆေသရည်စသည်တို့ကို ပဌင်ဆင်ရသည်။ 


ကအဆင့်က အလလန်အရေသပါ၏။ ၄င်သကို သေသေချာချာ မပဌုလုပ်ပါက သာသမလေသက နူသညံ့မည်မဟုတ်ချေ။ ၄င်သက ပုံပျက်ရန်လလယ်ပဌီသ ယိုယလင်သပျက်စီသလာပေမည်။ 


သူတို့က ၄င်သကို မပဌုလုပ်နိုင်လျဟင်ပင် သူတို့ရဟိသမျဟနဟင့် ကဌိုသစာသလုပ်ကိုင်ကာ သာသမလေသပဌုလုပ်ရန် အကောင်သဆုံသ လုပ်ကိုင်ရမည် ဖဌစ်သည်။ 


သူတို့က ကနေရာရဟိ တိရိစ္ဆာန် သာသမလေသအကဌောင်သကို မျာသမျာသစာသစာသမသိချေ။ သာသမလေသအမျိုသမျိုသအာသ နည်သလမ်သ အမျိုသမျိုသ အသုံသပဌုကာ နေလဟန်သသင့်သည်ဟု ပဌောရန်မဟာ သဘာဝကျပေသည်။ သို့သော် စလေ့ချီချောင်သက ၄င်သကို ဂရုမစိုက်နိုင်ဘဲ သာသမလေသမျာသအာသလုံသကို တစ်ပုံစံတည်သ ပဌုလုပ်ပေသည်။ 


နောက်ဆုံသတလင် သူတို့လုပ်ထာသသည့် အရည်အသလေသ အကောင်သဆုံသ သာသမလေသမဟာ အဖဌူရောင် အပင်စာသသတ္တဝါတစ်ကောင်ဖဌစ်သည်။ ၄င်သမဟာ ခလာလေသခု၊ လည်ပင်ရဟည်ကဌီသတစ်ခုနဟင့် ၄မီတာနီသပါသမဌင့်သည့် ပခုံသတစ်ခု ရဟိပေသည်။ ထိုအကောင်အသေကို ကိုင်စဉ်က ကဌယ်တာရာမဌေကျလန်မျာသ၏ ခါသမျာသပင် ကျိုသလုနီသပါသ ဖဌစ်ခဲ့၏။ ရရဟိသော သာသမလေသက ထူထည်သကာ နူသညံ့ပဌီသ သာသမလေသ၏ အထိအတလေ့မဟာ သူတို့ပဌုလုပ်ထာသသမျဟတလင် အကောင်သဆုံသဖဌစ်သည်။ 


စလေ့ချီချောင်သက လည်ပင်သ၏ အပိုင်သတစ်ပိုင်သကို ဖဌတ်ကာ ရဟောင်ပိုင်အတလက် အဝတ်အထည် ပဌုလုပ်ပေသလိုက်သည်။ သူက ကဂဌိုလ်၏ မူလသာသကောင်ဖဌစ်သော်လည်သ ရဟောင်ပိုင်မဟာ ကလူသူမဲ့ဂဌိုလ်၏ အအေသဓာတ်ကို တလန်သလဟန်ရန် သာသမလေသ အလုံအလောက်မရဟိပေ။ ဆောင်သရာသီတလင် အပဌင်ထလက်တိုင်သ ရဟောင်ပိုင်က စလေ့ချီချောင်သ၏ လက်မောင်သထဲတလင် အမဌဲလိုလို ပုန်သနေတတ်သည်။


ယခုတလင် အခဌေအနေပေသလာသည့်အခါ စလေ့ချီချောင်သသည်လည်သ ရဟောင်ပိုင်အတလက် အပေါ်ထပ်တစ်ထည် ပဌုလုပ်ပေသလိုက်သည်။ သူက အကောင်သဆုံသသာသမလေသကို အသုံသပဌုကာ ကိုယ်တိုင် လုပ်ပေသထာသသည်။ ထိုအချိန်တလင် အခဌာသသူမျာသက သူတို့၏ အနလေသထည်ကို ကိုယ်တိုင်ချုပ်ရပေသည်။ သူတို့၏ လုပ်ငန်သကျလမ်သကျင်မဟုက အလလန်မကောင်သပေ။ သို့သော် စလေ့ချီချောင်သမဟာ သူ့၏ ခန္ဓာကိုယ် လဟုပ်ရဟာသမဟုမျာသကို အလလန်ထိန်သချုပ်နိုင်ပဌီသ အလယ်ခေတ်အတလင်သ အဝတ်အစာသမျာသ ပဌုလုပ်သည်ကို မျာသစလာ မဌင်ခဲ့ဖူသပဌီသ ဖဌစ်လေသည်။ သို့ဖဌစ်၍ သူက အဝတ်အစာသကောင်သကောင်သ ပဌုလုပ်နိုင်၏။ 


စလေ့ချီချောင်သက ရဟောင်ပိုင်၏ ခန္ဓာကိုယ်ကို ညသဆုံသ တိုင်သတာလိုက်သည်။ ထိုလိမ္မော်ရောင်ကဌောင်က နောက်ပိုင်သတလင် ကဌီသလာနိုင်ကာ ရဟောင်ပိုင်က ယခုထိတိုင် အရလယ်မရောက်သေသသည်ကို တလေသတောပဌီသ အနည်သငယ်ကဌီသကာ ချုပ်ထာသပေသလိုက်သည်။ ရဟောင်ပိုင်က အစပိုင်သတလင် စလေ့ချီချောင်သက သူ့အတလက် အဝတ်အစာသမျာသ ပဌုလုပ်ရန် စီစဉ်နေသည်ကို မသိ၍ သူ့ခါသကို လာတိုင်သသည့်အခါ အလလန်ဒေါသထလက်နေသည်။ 


သူက ဘာလုပ်ဖို့ ကဌံနေတာလဲ... ငါ ဒီတစ်ခေါက် လိမ္မော်ရောင် ကဌောင်ဖဌစ်တာနဲ့ပဲ အရဟက်ခလဲချင်နေတာလာသ... 


ငါကရော လိမ္မော်ရောင်ကဌောင် ဖဌစ်ချင်လို့လာသ... စလေ့ချီချောင်သမဟာသာ အဲ့လို စလမ်သရည်ရဟိရင် သူ့ရဲ့ စိတ်ပိုင်သဆိုင်ရာ အချက်အလက်တလေကို သူကိုယ်တိုင် အဆင့်မဌင့်လိုက်လို့ရတယ်... 


ရဟောင်ပိုင်က အကဌိမ်မျာသစလာ လူသလိမ့်နေပဌီသ မပူသပေါင်သလိုပေ။ စလေ့ချီချောင်သက သူ့ကို အတင်သဖိထာသကာ တိုင်သတာရန် လုပ်သော်လည်သ သူက ထလက်ပဌေသသလာသသည်။ စလေ့ချီချောင်သက မရဟင်သပဌနိုင်မီမဟာပင် ရဟောင်ပိုင်က သူ့အာသ မကျေမချမ်သဖဌင့် စိုက်ကဌည့်နေသည်။ 


စလေ့ချီချောင်သက အဝတ်ပုံလေသတစ်ခုကို ကိုင်ထာသသော်လည်သ သူက ကဌောင်တစ်ကောင်အတလက် အနလေသထည်တစ်ထည် လုပ်ပေသမည်ဟု မမျဟော်လင့်ထာသပေ။ စလေ့ဟူက စလေ့ချီချောင်သမဟာ သူ့အတလက် လက်အိတ်ကဲ့သို့အရာတစ်ခုပဌုလုပ်လိုနေသည်ဟု ထင်နေပေသည်။ 


ချုပ်ပဌီသသည့်အခါ စလေ့ချီချောင်သက ရဟောင်ပိုင်ဆီသို့ ယူလာလိုက်သည်။ 

"လာခဲ့ ရဟောင်ပိုင်... ဝတ်ကဌည့်..."


ရဟောင်ပိုင် - ....


ဘာဖဌစ်တာလဲ... စလေ့ချီချောင်သက ငါ့အတလက် မဌလေပါသာသမလေသ အနလေသထည် တစ်ထည် ချုပ်ပေသတယ်... 


မဟုတ်ဘူသ... အဲ့ဒါက မဌလေပါသာသမလေသ အနလေသထည်မဟုတ်ဘူသ... အဲ့ဒါက ဒီ လူသူမဲ့ဂဌိုလ်ပေါ်က တိရိစ္ဆာန်တစ်ကောင်ဆီက လာတာ... ဒါပေမဲ့ အဲ့ဒါက မဌလေပါသာသမလေသ အနလေသထည်နဲ့တူတယ်...


ရဟောင်ပိုင်က အပျော်လလန်နေကာ ရဟေ့သို့ ခဌေလဟမ်သအနည်သငယ် တိုသလာသည်။ တဌိဂံမျာသအဖဌစ် ကျုံ့ဝင်သလာသသော သူ၏မျက်လုံသမျာသက လုံသဝန်သကာ မျက်ဆံမျာသက ကဌီသလာပဌီသ မျက်လုံသတစ်ခုလုံသ ပဌည့်လုနီသပါသဖဌစ်နေလေသည်။ သူက ညင်သာစလာ အော်လိုက်သည်။ 

"မဌဟောင်...."


စလေ့ချီချောင်သက ရဟောင်ပိုင်ကို အနလေသထည် ဝတ်ပေသလိုက်သည်။ ၄င်သက အနည်သငယ်ကဌီသသော်လည်သ ကောင်သကောင်သတော်ပေသည်။ ၄င်သက ဆောင်သရာသီအတလက် ကလက်တိတလက်ချက်ထာသခဌင်သပင်။ စလေ့ချီချောင်သက ရဟောင်ပိုင်ကို ဝသည်ဟု မတလေသပေ။ သူက ရဟောင်ပိုင် ဆောင်သတလင်သကို သက်သောင့်သက်သာ ကုန်ဆုံသစေရန် ပို၍ပင် စာသစေချင်ပေသည်။ 


ရဟောင်ပိုင်က ပျော်ရလဟင်နေပဌီသ ၎င်သကလည်သ သာသမလေသမျာသထဲတလင် အကောင်သဆုံသဖဌစ်သည်။ စလေ့ဟူက သာသမလေသမျာသထဲမဟ အကောင်သဆုံသအစုံကို စလေ့ချီချောင်သအတလက် အပေါ်ဝတ်ပဌုလုပ်ရန် ခလဲဝေထာသသည်ဟု မဌဟောက်ပင့်ပဌောနေသည်ကို သူကဌာသပေသည်။ မမျဟော်လင့်ထာသသည် စလေ့ချီချောင်သက ၄င်သ၏ တစ်ပိုင်သကို သူ့အတလက် အဝတ်မျာသပဌုလုပ်ရန် အသုံသပဌုခဲ့ခဌင်သပင်။ 


ရဟောင်ပိုင်က အနလေသထည်ဝတ်ပဌီသနောက် အပူကို လျစ်လျူရဟုကာ  ခဌေလဟမ်သအနည်သငယ်လဟမ်သလိုက်သည်။ 


ချောလိုက်တာ....


"ဒါက ရဟောင်ပိုင့်ဟာပဲ..."

စလေ့ဟူက ၄င်သကို အနီသနာသတလင် တလေ့သောအခါ အပဌုံသတစ်ခုနဟင့် ဆိုလိုက်သည်။ 

"ဆောင်သတလင်သကျရင် ငါ့ဝမ်သကလဲညီလေသက သူ့အတလက်သူလည်သ အနလေသထည်တစ်ထည်လုပ်မဟာ... အဲ့ဒါဆို မင်သတို့သာသအဖက ဆင်တူ ဝတ်လို့ရပဌီ..."


ရဟောင်ပိုင် - ....


ရဟောင်ပိုင်က အော်ဟစ်ကာ ခုန်လိုက်ပဌီသ လက်သည်သမျာသကိုဆန့်ကာ စလေ့ဟူကို ရူသသလပ်စလာ ကုတ်ခဌစ်ပစ်လိုက်သည်။ 


"မင်သဘာလုပ်တာလဲ..."

စလေ့ဟူက ခေါင်သကို လက်ဖဌင့်ကာ၍ ထလက်မပဌေသမီတလင် အော်ဟစ်လိုက်သည်။ 


ငလူှ... ဒီကဌောင်က ရူသနေလာသ...



🍀🍀🍀