အပိုင်း ၁၁၀ ( The President 10 )
Viewers 10k

ကျန်းယွင်ရှိူ့ကို ပထမဆုံး တွေ့မြင်ဖူးသည့်အချိန်မှစ၍ သူသည် ဤကမ္ဘာပေါ်ရှိ ကောင်းမွန်သော အရာအားလုံးကို ယူဆောင်၍ ကျန်းယွင်ရှိူ့ထံသို့ ပေးအပ်ချင်ခဲ့သည်။


ထိုသို့လုပ်ချင်လျှင် ပိုက်ဆံရှိရမည်ဖြစ်သည်။


ယန်ကျင်းဇီသည် မူလပိုင်ရှင် ထားရစ်ခဲ့သော မှတ်ဉာဏ်များထဲမှ အလိုအလျောက် စတင်ရှာဖွေလိုက်သည် – နှစ်နှစ်ကြာပြီးနောက် မူလပိုင်ရှင် သေဆုံးသွားသည်။ ယုတ္တိရှိစွာပင် နောက်နှစ်နှစ်အတွင်း မည့်သည့်စတော့ရှယ်ယာများနှင့် ရန်ပုံငွေများ တိုးမြင့်လာသည်ကို မူလပိုင်ရှင် သိထားသင့်သည်။ ထို့အပြင် မူလပိုင်ရှင်၏ ကုမ္ပဏီ မည်သို့ပြိုလဲသွားကြောင်းကိုလည်း မူလပိုင်ရှင် သိသင့်ပေသည်။


သို့သော် ‌မူလပိုင်ရှင်၏ နောက်နှစ်နှစ်အတွက် မှတ်ဉာဏ်များမှာ အလွန်ဝေဝါးလှသည်။


သူသည် နောက်နှစ်နှစ်အတွင်း ဖြစ်လာနိုင်သည်များကို သိရှိပြီး ကျန်းယွင်ရှိူ့နှင့်ပတ်သက်သော အကြောင်းအရာများမှာ အလွန့်အလွန် ထင်ရှားနေဆဲဖြစ်သည်။ သို့ရာတွင် တခြားအသေးစိတ်များမှာ ဝေဝါးနေပြီး ထိုမှတ်ဉာဏ်များမှတစ်ဆင့် ပိုက်ဆံရှာနိုင်ရန်မှာ မဖြစ်နိုင်ချေ။


သူသည် မြေကြီးပေါ်တွင် ခြေဖဝါးချ၍* သူ့ကုမ္ပဏီကို စနစ်တကျ စီမံနိုင်ရန်သာ တတ်နိုင်လောက်သည်။

(*လက်တွေ့ကျပြီး ဆင်ခြင်နိုင်စွမ်းရှိစွာဖြင့်။ )


ယန်ကျင်းဇီသည် နေ့လယ်နှစ်နာရီအထိ အလုပ်လုပ်ပြီးနောက် အတွင်းရေးမှူးကျိုးကို နေ့လယ်စာ ယူခိုင်းလိုက်သည်။ ထို့နောက် သူ နေ့လယ်စာ စားနေစဉ် ကျန်းယွင်ရှိူ့ကို စွန့်လွှတ်ပြီး သုံ့ချင်းလင်နှင့် ကောင်းကောင်းမွန်မွန် နေထိုင်ရန် သူ့ကို အကြံပေးနေလျက်ရှိသော လောင်ချိုက်၊ ချိုက်ဟန်က သူ့ကို တွေ့ရန် ရောက်လာသည်။


မူလပိုင်ရှင်တွင် ဤလောင်ချိုက်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်... ယန်ကျင်းဇီသည် အတွင်းရေးမှူးကျိုးအား ထိုလူကို ခေါ်လာခိုင်းလိုက်သည်။


“ ယန်ကျင်းဇီ! ” လောင်ချိုက် ဝင်လာပြီး ယန်ကျင်းဇီနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချလာသည် : “ မင်းက အရမ်းကောင်းတယ်။ ငါ့ဖုန်းကောလ်တွေကို မဖြေဘူး။ ငါ့မက်ဆေ့တွေကိုလည်း စာမပြန်ဘူး... အဲ့ကျန်းယွင်ရှိူ့ကြောင့် မင်းက သူငယ်ချင်းတွေကိုတောင် မလိုချင်တော့ဘူးလား? ”


စကားပြောနေစဉ် လောင်ချိုက်သည် ယန်ကျင်းဇီ၏စားပွဲပေါ်တွင် သူ့ဖုန်းကို ဒေါက်ခနဲ ချလိုက်သည်။


ယန်ကျင်းဇီ၏ စားပွဲသည် အလွန်ကြီးပြီး အလွန်ခိုင်မာသည်။ ထိုသေးငယ်သော လှုပ်ရှားမှုကြောင့် စားပွဲပေါ်ရှိ ဖန်ခွက်ထဲမှ ရေပင် ယိမ်းယိုင်မသွားချေ။


ယန်ကျင်းဇီသည် ထမင်းအလုတ်ကြီးတစ်လုတ်ကို အေးအေးလူလူ စားလိုက်သည်။


“ ယန်ကျင်းဇီ! ” လောင်ချိုက်က နောက်တစ်ကြိမ် ထပ်ခေါက်သည်။


“ မင်းရဲ့ဖုန်း ကွဲသွားရင် ငါ မလျော်ဘူးနော်။ ” ယန်ကျင်းဇီက ဆိုသည်။


လောင်ချိုက် : “ ... ”


“ လောင်ချိုက်၊ ငါ နားမလည်ဘူး။ မင်းက ဘာလို့ အမြဲတမ်း ငါ့ကို သုံ့ချင်းလင်နဲ့ နေဖို့ ဖျောင်းဖျနေတာလဲ? မင်း သူ့ကို အရမ်းသဘောကျနေတာလား? မင်း ကြိုက်ရင် မင်း သူ့ကို လိုက်ပိုးလို့ရတယ်။ ငါ အရမ်းအားပေးတယ်! ” ယန်ကျင်းဇီက ကူကယ်ရာမဲ့ ပြောသည်။ ဤလူက သူ့ကို သုံ့ချင်းလင်နှင့် အတူရှိရန် အမြဲဖျောင်း‌ဖျနေသည်...


“ ယန်ကျင်းဇီ၊ မင်း ရူးနေပြီ။ မင်း ငါ့ကို မင်းရဲ့လူ နောက်ကိုလိုက်ခိုင်းတယ်! ”


“ ဘယ်တုန်းက သူက ငါ့လူ ဖြစ်သွားတာလဲ? ငါ့လူက ကျန်းယွင်ရှိူ့။ ”


“ ယန်ကျင်းဇီ၊ မင်း တကယ် ရူးနေပြီ! မင်းကို မင်းရဲ့ နှလုံးနဲ့ အဆုတ်တွေကိုတောင် ထုတ်ခိုင်းနိုင်စေတဲ့ ကျန်းယွင်ရှိူ့က ဘယ်လိုသောက်ကျိုးနည်း... ” လောင်ချိုက်၏ စကားလုံးများမှာ လမ်းတစ်ဝက်တွင် ရပ်သွားသည် – ယန်ကျင်းဇီ၏ မျက်နှာက အရုပ်ဆိုးသွားလွန်း၍ပင်။


ယန်ကျင်းဇီက မျက်ခုံးပင့်ပြီး လောင်ချိုက်ကို ဖျတ်ခနဲ စိုက်ကြည့်ကာ အေးစက်သော အသံဖြင့် ဆိုသည် : “ မင်း ထပ်ပြောရင် အနာဂတ်မှာ မင်းက ငါ့ရန်သူ ဖြစ်လာလိမ့်မယ်။ ”


“ ယန်ကျင်းဇီ၊ မင်း... ” လောင်ချိုက်သည် ယန်ကျင်းဇီကို ဆွံ့အစွာ ကြည့်ကာ သူ့ဖုန်းထဲမှ ဓာတ်ပုံအချို့ကို ထုတ်ပြလာသည် : “ ယန်ကျင်းဇီ ကြည့်လိုက်၊ ဒီပုံတွေကို ကြည့်လိုက်ဦး! မနေ့ညက ထွက်လာတဲ့ ပုံအသစ်တွေ! ”


“ ငါ သိတယ်။ ငါ ပုံတွေကို ဖျက်ခိုင်းလိုက်တယ်။ ” ယန်ကျင်းဇီက ဆိုသည် : “ အဲ့ဒါ ကျန်းယွင်ရှိူ့ မဟုတ်ဘူး။ ”


“ ဒါ ကျန်းယွင်ရှိူ့ မဟုတ်ရင် ဘယ်သူလဲ? ” လောင်ချိုက်က မေးသည်။


“ သူ ဘယ်သူလဲ ငါ ဘယ်လိုလုပ် သိမှာလဲ? ” ယန်ကျင်းဇီက ဖြေသည်။ “ သုံ့ချင်းလင်လည်း ဖြစ်နိုင်တာပဲ။ ”


“ ယန်ကျင်းဇီ၊ ငါ မင်းကို ဒီလိုလူမျိုးလို့ မထင်မိဘူး။ သုံ့ချင်းလင်က မင်းနဲ့နေလာတာ နှစ်နှစ်တောင် ရှိ‌နေပြီပဲ။ မင်း သူ့အကြောင်း ဘယ်လိုပြောတာလဲ? ” လောင်ချိုက်က ပြောသည်။


“ လောင်ချိုက်၊ မင်း မှားနေတာလား? ငါ သုံ့ချင်းလင်ကို တစ်ခါမှ မထိဖူးဘူး။ ” ယန်ကျင်းဇီက ဆိုသညိ။


လောင်ချိုက် အံ့အားသင့်သွားသည်။


ယန်ကျင်းဇီသည် သူ့နေ့လယ်စာကို ဘေးဖယ်လိုက်သည် : “ ငါ့အမြင်မှာ သူက ကျန်းယွင်ရှိူ့နဲ့ အရမ်းတူပေမယ့် သွားစရာမရှိ‌ဖြစ်နေတယ်။ အဲ့တာကြောင့် ငါက သူ့ကို ကူညီပြီး ငါ့ကို ပျော်ရွှင်အောင် လုပ်ပေးဖို့ သူ့ကို ကျန်းယွင်ရှိူ့အဖြစ် ဟန်ဆောင်ခိုင်းခဲ့တယ်။ အဲ့အချိန်တုန်းက သူ့အမေမှာ ဆေးကုသစရိတ် ပေးစရာ ပိုက်ဆံမရှိဘူး။ ငါ ချက်ချင်း ယွမ် ၃၀၀,၀၀၀ ပေးလိုက်တယ်။ ပြီးတော့ ငါ သူ့ကို သတ်မှတ်လစာအဖြစ် လတိုင်း ယွမ် ၁၀၀,၀၀၀ ပေးတယ်။ ငါ သူ့ကို တစ်ခါတစ်လေလည်း နည်းနည်းပေးလေ့ရှိတယ်။ ပြီးခဲ့တဲ့နှစ်နှစ် သူ့အတွက် ကုန်တဲ့ ပိုက်ဆံက ငါးမီလီယံ မပြည့်ပေမယ့် လေးမီလီယံထက် ကျော်တာတော့ သေချာတယ်။ ငါ သူ့ကို ဘာအကြွေးမှတင်မနေဘူး။ ”


“ ဘာ? ” လောင်ချိုက် အံ့ဩသွားသည်။


“ သူ ငါ့ကို ကြိုက်တယ် ဆိုရင်တောင်... သူ ငါ့ကို ကြိုက်တာနဲ့ပဲ ငါက သူ့ကို ပြန်ကြိုက်ရမယ်လို့ မဆိုလိုဘူးလေ ဟုတ်တယ်မလား? ” ယန်ကျင်းဇီက မေးသည်။


“ မင်း ပြောတာ အမှန်လား? သူက မင်းစီက ပိုက်ဆံအများကြီး ယူသွားတာလား? ” လောင်ချိုက် ငြိမ်သက်သွားသည်။


“ ငါက မင်းကို ဘာလို့ လိမ်ရမှာလဲ? ” ယန်ကျင်းဇီ : “ တစ်နေ့နေ့မှာ ငါ ကျန်းယွင်ရှိူ့ကို မကြိုက်တော့ဘူး ဆိုရင်တောင်မှ... သေချာတာပေါ့၊ ဒါက မဖြစ်နိုင်ဘူး။ ငါ့ပိုက်ဆံအတွက် လာတဲ့လူနဲ့ ခံစားချက်တွေအကြောင်း ငါ ဆွေးနွေးစရာမလိုဘူးမလား? ”


မနေ့ညက ယန်ကျင်းဇီ ဤလူကို မဘလော့ခဲ့ရခြင်း အကြောင်းအရင်းမှာ သူ၏ သူငယ်ချင်း အသိုင်းအဝိုင်းထဲမှ လူတော်တော်များများဟာ ကျန်းယွင်ရှိူ့ထက် သုံ့ချင်းလင်အပေါ်တွင် ပိုမိုကောင်းမွန်သော သဘောထား ရှိကြောင်း သူ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။


စိတ်သဘောထား ရုတ်တရက် မပြောင်းလဲမီတွင် သုံ့ချင်းလင်သည် မူလပိုင်ရှင်ကို အလွန်နာခံတတ်ပြီး အနုပညာကျောင်းတွင်လည်း ထူးချွန်အောင်မြင်သော ကျောင်းသားတစ်ဦး ဖြစ်နေသေးသည်။ သူက စန္ဒရားကဲ့သို့သော စွမ်းရည်များစွာကိုလည်း ကျွမ်းကျင်တတ်မြောက်နိုင်သည်။ သူက ကဏ္ဍပေါင်းစုံတွင် ကျန်းယွင်ရှိူ့ကဲ့သို့ မကောင်းမွန်ပေ။ ဒါပေမယ့် မူလပိုင်ရှင်ရဲ့ ကျန်းယွင်ရှိူ့ကို ပိုးပန်းမှုက အကျိုးမဲ့ဖြစ်နေခဲ့တာပဲမလား?


ကျန်းယွင်ရှိူ့အပေါ်တွင် ပိုက်ဆံနှင့် စွမ်းအင်ကို အကျိုးမရှိ သုံးစွဲနေခြင်းနှင့်ယှဉ်လျှင် မူလပိုင်ရှင်က သုံ့ချင်းလင်နှင့် အတူရှိနေခြင်းဟာ ပိုမိုကောင်းမွန်သည်ဟု သူတို့က ထင်ကြသည်။


သေချာသည်၊ သူတို့တွင် ဤကဲ့သို့အတွေးမျိုး ရှိခြင်းမှာ အမှန်ပင် နောက်ထပ် အကြောင်းအရင်းတစ်ချက် ရှိသေးသည်။ ယင်းကား မူလပိုင်ရှင်က သုံ့ချင်းလင်နှင့် ငွေလွှဲမှုအကြောင်း ဘယ်သူ့ကိုမှ မပြောပြဖူးဘဲ သုံ့ချင်းလင်ကိုယ်တိုင်ကလည်း မပြောပြသောကြောင့် ဖြစ်သည်။


သုံ့ချင်းလင်သည် အနုပညာကို လေ့လာသင်ယူပြီး ကောင်းမွန်သော စိတ်သဘောထား ရှိသည်။ မူလပိုင်ရှင်က သူ့ကို ပိုက်ဆံအများအပြား ပေးခဲ့သည်။ ထို့အပြင် မူလပိုင်ရှင်က သူ့ကို အပြင်ခေါ်သွားသောအခါ သူ့ကို ပျိုးထောင်ထားသည်ဟု ကိုယ်တိုင်ကိုယ်ကျ မပြောခဲ့ဖူးချေ။ အပြင်လူများသည် သုံ့ချင်းလင်၌ ကောင်းမွန်သအ မိသားစုနောက်ခံ ရှိလိမ့်မည်ဟု ယူဆကြသည်။


ယခုမူ ယန်ကျင်းဇီသည် ဤကိစ္စကို ရှင်းလင်းရန် လိုအပ်နေသေးသည်ဟု ခံစားရပြီး ဤရှင်းလင်းချက်ကို စကားများများ ပြောလေ့ရှိသော လောင်ချိုက်နှင့် စတင်ရမည်ဖြစ်သည်။


ဤတစ်ယောက် ရှင်းရှင်းလင်းလင်း သိသွားလျှင် တခြားလူများသည်လည်း ရှင်းသွားကြပေလိမ့်မည်။


လောင်ချိုက်သည် သူ့အသိအာရုံများကို ပြန်လည်မရရှိနိုင်သေးပေ : “ ငါ ထင်တာက သုံ့ချင်းလင်က မင်းအတွက် နေ့တိုင်း ချက်ပြုတ်ပေးပြီး သူက မင်းအပေါ် အတော်လေး ချစ်တယ်... ”


“ ငါ့မှာ စားဖိုမှူး မရှိလို့လား? ငါ့စားဖိုမှူးရဲ့ လစာက သူ့လောက် မများတဲ့အပြင် ဟင်းချက်စွမ်းရည်လည်း သူ့ထက်သာတယ်။ ” ယန်ကျင်းဇီ ပြောလိုက်သည်။


လောင်ချိုက်တွင် ပြောစရာမရှိတော့ပေ : “ ငါ အခြေအနေကို နားမလည်သေးဘူး... ဒါပေမယ့် အဲ့ပုံတွေထဲက ကျန်းယွင်ရှိူ့... ”


“ ပုံထဲက လူက ကျန်းယွင်ရှိူ့ မဟုတ်တာ သေချာတယ်။ သူက ကျန်းချီရှန်ရဲ့သား။ ဘယ်လိုလုပ် သူက အဲ့လိုကိစ္စမျိုး လုပ်နိုင်မှာလဲ? ” ယန်ကျင်းဇီက ဆိုသည်။


“ သူက တကယ်ပဲ ကျန်းချီရှန်ရဲ့သားလား? ” လောင်ချိုက်က မေးသည်။ “ ကျန်းချီရှန်က သူ့ကို တစ်ခါမှ အသိအမှတ်မပြုခဲ့ဘူးမလား? ”


“ အမှန်ပဲ။ သူက ယောက်ျားတွေကို သဘောကျလို့ သူ့မိသားစုနဲ့ ပြတ်စဲသွားတာ။ ” ယန်ကျင်းဇီက ပြော၏ : “ ဆိုမှတော့ သူက ဘယ်လိုလုပ် မိန်းမတွေနဲ့ အတူရှိနေနိုင်မှာလဲ? ”


“ မင်း မမှားတာ သေချာလား? သူက လူတွေကို မျက်နှာလုပ်တာ အရမ်းတော်တယ်လို့ လူတွေ ပြောကြတာ ငါ ကြားဖူးတယ်... ”


“ ဘယ်သူ့စီက ကြားတာလဲ? ” ယန်ကျင်းဇီက မေးသည်။


လောင်ချိုက်၏ အမူအရာမှာ လေးနက်သွားပြီး ၎င်းကို သုံ့ချင်းလင်ထံမှ သူ ကြားသိခဲ့ရကြောင်း ရုတ်တရက် မှတ်မိသွားသည် : “ အဲ့နေ့တုန်းက ကမ္ဘာမြေပေါ်မှ ကောင်းကင်ဘုံမှာ... ”


“ တစ်ယောက်ယောက်က ငါ အဲ့ဒီမှာ ရှိနေတယ် လို့ သူ့ကို လိမ်ပြောလိုက်လို့ သူက ငါ့ကို ရှာချင်ခဲ့တာ။ ” ယန်ကျင်းဇီက ပြောသည်။ သူသည် ဤအကြောင်းကို မနေ့ညက သိခဲ့ရပြီး သိရှိပြီးနောက် သူသည် ထပ်မံ၍ စိတ်မသက်မသာ ခံစားခဲ့ရသည်။


“ ဟာ? ” လောင်ချိုက် စိတ်ရှုပ်သွားပြန်သည်။


ယန်ကျင်းဇီသည် အလွန့်အလွန် လှပသော အချစ်ဇာတ်လမ်းကို သူ့အား ပြောပြရန် ဆုံးဖြတ်လိုက်သည်။


သူသည် မည်သူ့ကိုမှ ကျန်းယွင်ရှိူ့အား အထင်လွဲမနေစေချင်ပေ။


“ တကယ်တော့ ကျန်းယွင်ရှိူ့နဲ့ ငါက အလယ်တန်းကျောင်း အတန်းဖော်တွေ။ အဲ့အချိန်တုန်းက ငါတို့မှာ အရမ်းကောင်းတဲ့ ဆက်ဆံရေး ရှိခဲ့တယ်။ ” ယန်ကျင်းဇီ ပြောလိုက်သည်။


“ မင်း အရင်က တစ်ခါမှ မပြောဖူးဘူး! ”


“ ငါ ပြောပြရမှာ ရှက်လို့။ ” ယန်ကျင်းဇီ သက်ပြင်းချလိုက်၏ : “ အရင်ကျောင်းတက်တုန်းက ငါက တကယ့်ကို အသားမည်းမည်း၊ ခပ်ဝဝ၊ ရုပ်ဆိုးပြီး ကျောင်းမှာ အနိုင်ကျင့်ခံရတယ်... ငါ့မိသားစုမှာ ငါ ကလေးတုန်းက ပုံတွေ ဘာကြောင့် မရှိတာလဲလို့ မင်း အရင်က မတွေးဖူးဘူးလား? အဲ့ဒါ ငါ့ရဲ့ အတိတ်မည်းမို့လို့ ပုံတွေအကုန်လုံးကို ငါ မီးရှို့ပစ်ခဲ့တယ်... ”


ယန်ကျင်းဇီသည် အရာအားလုံးကို ပြောပြခဲ့သည်။ ကျောင်းတွင် သူ အနိုင်ကျင့်ခံရသည်မှစ၍ ထိုအချိန်တွင် သူ့ကို ကျန်းယွင်ရှိူ့ ကူညီခဲ့ပုံနှင့် မည်သည့်ကျောင်း ဖြစ်ကြောင်းအထိ သူက အရာရာကို ရှင်းလင်းစွာ ပြောပြခဲ့၏ : “ ဘာလို့ ငါ ကျန်ဟိုင်ပင်းတို့အုပ်စုကို မုန်းတာလဲ? ဘာလို့လဲဆိုတော့ အဲ့တုန်းက ငါ့ကို အနိုင်ကျင့်ခဲ့တာ သူတို့တွေလေ။ ဒါပေမယ့် သူတို့ကတော့ သူတို့ အနိုင်ကျင့်ခဲ့တဲ့ ဝတုတ်ကောင်လေးက ငါမှန်း မသိလောက်ဘူး။ ”


“ မင်းနဲ့ ကျန်းယွင်ရှိူ့တို့က အလယ်တန်းကျောင်းတက်ကတည်းက အချင်းချင်း သိပြီးသားဆိုရင် ဘာလို့ မင်းက သူနဲ့ မတွဲပဲနဲ့ အချိန်အကြာကြီးဆွဲခဲ့တာလဲ? ”


“ နောက်တော့ ငါ ကျောင်းပြောင်းတယ်၊ နာမည်ပြောင်းတယ်၊ သူက နိုင်ငံခြားကို ထွက်သွားတယ်... သူက အရမ်းတောက်ပတယ်၊ နတ်သားလေးလိုပဲ။ ငါက သူနဲ့ မထိုက်တန်ဘူးလို့ ငါ ခံစားရတယ်။ ပြီးတော့ သူ့မှာ သူ ကြိုက်တဲ့ လူတစ်ယောက် ရှိပြီးသားလို့လည်း ငါ တစ်စွန်းတစ်စ ကြားလိုက်ရတယ်။ သူ့ကို ‌သွားတွေ့ဖို့ ပိုတောင် ကြောက်မိခဲ့တာ... သူ ကြိုက်တဲ့လူက ငါ ဖြစ်နေမှန်း ငါ မနေ့ကမှ သိလိုက်ရတယ်။ ” ယန်ကျင်းဇီက ပြောသည်။


လောင်ချိုက် : “ ... ” ဒီဇာတ်လမ်းက နည်းနည်းအန်ချင်စရာကောင်းပြီး နည်းနည်းခွေးသွေးဆန်တဲ့အပြင် နည်းနည်းလည်း အတုအယောင်ဆန်တယ်လို့ သူ တကယ် တွေးမိတယ်။


ဒါပေမယ့် ယန်ကျင်းဇီက တကယ်ပဲ ကျန်းယွင်ရှိူ့ကို နှစ်အတော်ကြာ သဘောကျခဲ့တာ... ကျန်းယွင်ရှိူ့ကရော ဘယ်လိုလဲ? သူကရော ယန်ကျင်းဇီကို တကယ် သဘောကျသလား?


“ တိုတိုပြောရရင် ကျန်းယွင်ရှိူ့ မရှိရင် အခု ငါလည်း မရှိနိုင်တော့ဘူး။ ဒီဘဝမှာ ငါ သူ့ကိုပဲ ချစ်သွားမယ်။ ”


“ ငါ ကျန်းယွင်ရှိူ့ကို တွေ့လို့ရမလား? ” လောင်ချိုက်က မေးသည်။


“ မရဘူး။ ” ယန်ကျင်းဇီက မတွန့်ဆုတ်။


ယန်ကျင်းဇီက လောင်ချိုက်ကို ငြင်းဆိုရန် မတွန့်ဆုတ်သော်ငြား လောင်ချိုက်ကတော့ ယန်ကျင်းဇီ အိမ်ပြန်သည့်နောက်သို့ တုန့်ဆိုင်းခြင်းမရှိ လိုက်ပါလာဆဲဖြစ်သည်။


အိမ်ပြန်ရောက်သောအခါ ယန်ကျင်းဇီသည် တံခါးကို တွန့်ဆုတ်စွာ ဖွင့်လိုက်ပြီး ကျန်းယွင်ရှိူ့၏ အံ့အားသင့်နေသော အသံကို ကြားလိုက်ရသည် : “ ယန်ကျင်းဇီ၊ မင်း ပြန်လာပြီ! ”


“ ပြန်လာပါပြီ။ ” ယန်ကျင်းဇီ ပြုံးလိုက်သည်။ ထို့နောက် သူသည် လောင်ချိုက်ကို ကန်ထုတ်ချင်လေသည်။


သို့သော် လောင်ချိုက်က ဝင်လာပြီးဖြစ်ကာ အေပရွန်နှင့် ရေချိူးဦးစွပ်တို့ကို ဝတ်ဆင်လျက် လက်ထဲတွင် စားစရာတစ်ပန်းကန်ကို ကိုင်ဆောင်‌ထားသော ကျန်းယွင်ရှိူ့ကို တွေ့သွားသည်။


ကျန်းယွင်ရှိူ့၏ ဝတ်စားဆင်ယင်ပုံက အနည်းငယ် သမားရိုးကျဖြစ်မနေ။ ဒါပေမယ့် ဘယ်လိုလုပ်... အရမ်းချစ်စရာကောင်းတယ်!


ဒီလိုမျိုး ချစ်စရာကောင်းလိုက်တဲ့ ကျန်းယွင်ရှိူ့၊ သူက ဘာလို့ သူများတွေကို ပြရမှာလဲ?


တစ်ချိန်တည်းတွင် ယန်ကျင်းဇီသည် လောင်ချိုက်ကို အမြင်မကြည်ဖြစ်လာမိသည်။


သံသယဖြစ်စရာမလိုစွာ လောင်ချိုက်လည်း ရှော့ခ်ရသွားသည် – ဒါ ကျန်းယွင်ရှိူ့လား?


သူနှင့် ယန်ကျင်းဇီတို့၏ ဆက်ဆံ‌ရေးကြောင့် သူသည် ကျန်းယွင်ရှိူ့နှင့်ပတ်သက်၍ သိရှိနားလည်ရန် အထူးတလည် လူလွှတ်ဖူးသည်။ ကျန်းယွင်ရှိူ့က သဘောထား မြင့်မြတ်ပြီး စိတ်ကြီးဝင်သောကြောင့် ပေါင်းသင်းရန် မလွယ်ကူဟု တခြားသူများက သူ့ကို ပြောကြသည်။


အဲ့လိုလူက လက်တွဲဖော် နေနေသာသာ သူငယ်ချင်းတွေအဖြစ်နဲ့ ပေါင်းသင်းရတာတောင် ငြီးငွေ့ဖွယ်ကောင်းမယ်လို့ သူ ထင်မိတယ်။ အဲ့ဒါကြောင့် သဘာဝကျကျပဲ သူ အဲ့လူကို သဘောမကျခဲ့ဘူး။ ဒါပေမယ့် အခု... ဒီနူးနူးညံ့ညံ့ ချစ်စရာလေးက ဘယ်သူလဲ?


“ ကျန်းယွင်ရှိူ့၊ ယန်ကျင်းဇီစီက မင်းအကြောင်း ကြားဖူးတာ အတော်ကြာပြီ။ အခု ငါတို့ နောက်ဆုံး တွေ့ရပြီ... ဟယ်လို! ” လောင်ချိုက်က လက်ဆန့်ထုတ်လိုက်သည်။


ကျန်းယွင်ရှိူ့သည် ယန်ကျင်းဇီ၏နောက်သို့ ရွှေ့သွားပြီး သူ့ခေါင်းကို နှိမ့်လိုက်သည် : “ ဟယ်လို။ ” သူသည် လူများနှင့် လက်ဆွဲမနှုတ်ဆက်ချင်ဘဲ လူများနှင့် မည်သို့ပေါင်းသင်းရမည်ကိုလည်း မသိသောကြောင့် အထူးပင် စိတ်မသက်မသာဖြစ်ရသည်။


တစ်ချိန်တည်းမှာပင် ယန်ကျင်းဇီသည် လောင်ချိုက်၏ ဆန့်တန်းထားသော လက်ကို တိုက်ရိုက်ဖိချလိုက်ပြီး ကျန်းယွင်ရှိူ့ကို ကြည့်လိုက်သည် : “ ယွင်ရှိူ့၊ မင်း ဟင်းချက်နေတာလား? ”


“ ပေါ့ပေါ့ပါးပါး တစ်ခုခုလုပ်တာ။ ” ကျန်းယွင်ရှိူ့က ဆိုသည်။ ယနေ့ မနက်စာစားပြီးနောက် သူ၏ စိတ်ကူးစိတ်သန်းများ ထွက်ပေါ်လာပြီး နှစ်နာရီအတွင်း သူ ရေးချင်သော သီချင်းကို ရေးပြီးသွားသည်။ ထို့နောက် သူသည် စတင်ရှင်းလင်းပြီး နောက်ဆုံးတွင် စတင်ချက်ပြုတ်သည်...


သူသည် အခြားသူများ လုပ်ထားသည်များကို မစားတတ်ဘဲ ယေဘုယျအားဖြင့် သူ လုပ်သော အရာကိုသာ စားလေ့ရှိပြီး သူ၏ ဟင်းချက်စွမ်းရည်မှာလည်း ကောင်းမွန်သည်။


“ မင်း သွားပြီး ဆက်ချက်နှင့်။ ကိုယ် လောင်ချိုက်နဲ့ စကားပြောလိုက်ဦးမယ်။ ” ယန်ကျင်းဇီ ပြောလိုက်သည်။


ကျန်းယွင်ရှိူ့သည် လွတ်ငြိမ်းချမ်းသာခွင့် ရသွားသကဲ့သို့ မီးဖိုချောင်သို့ ပြေးသွားလေသည်။


ထိုအခါမှသာ ယန်ကျင်းဇီက လောင်ချိုက်ကို ကြည့်သည် : “ မင်း သူ့ကို တွေ့ပြီးပြီ။ သွားရမယ့်အချိန်ရောက်ပြီ။ ”


လောင်ချိုက်က ပြန်ရန် ငြင်းဆိုသည် : “ နိုး! ငါ့ကို ထမင်းစားဖို့ နေခွင့်ပေး! “


“ မစ္စတာယန်၊ ယွင်ရှိူ့က ဟင်းတွေအများကြီး ချက်ထားတယ်။ မင်း မင်းသူငယ်ချင်းကို နေခိုင်းလို့ရတယ်။ ” ယွီယဲ့က ဆိုသည်။ ယန်ကျင်းဇီသည် လူများကို အိမ်ပြန်ခိုင်းရသည်မှာ အဓိကအားဖြင့် ကျန်းယွင်ရှိူ့ကြောင့် ဖြစ်သည်... သို့သော် ဤသို့ဆိုလျှင် ကျန်းယွင်ရှိူ့က သူ့ကိုယ်သူ အပြစ်တင်လိမ့်မည်ဖြစ်သည်။


အဆုံးတွင်တော့ လောင်ချိုက် နေဖြစ်သွားသည်။


ကျန်းယွင်ရှိူ့သည် ယနေ့ စိတ်ကောင်းဝင်နေပြီး တကယ်ပင် ဟင်းပွဲအများအပြားကို ချက်ထားသည်။ ယန်ကျင်းဇီသည် စားပွဲသို့ရောက်ရောက်ချင်း ဟင်းပွဲတစ်ပွဲစီမှ ပမာဏအများအပြားကို ခပ်ယူ၍ ပန်းကန်ပြားတစ်ချပ်ကို ယူကာ ကျန်းယွင်ရှိူ့၏ရှေ့တွင် ချလိုက်သည် : “ မင်း များများစားပါ။ ”


ကျန်းယွင်ရှိူ့သည် တခြားသူများ ထိထားသော ဟင်းလျာများကို မနှစ်သက်မည်မှာ သေချာသည်။


“ ကျင်းဇီ၊ မင်းက အရမ်းကောင်းတယ်။ ” ကျန်းယွင်ရှိူ့က ပြုံးပြီး ယန်ကျင်းဇီကို ဖျတ်ခနဲ ကြည့်ကာ သူ့ရှေ့ရှိ ပန်းကန်ပြားပေါ်မှ ဟင်းလျာများကို စားလေသည်။


သူသည် လောင်ချိုက်နှင့် စကားပြောရန် အစမပျိုးသော်လည်း လောင်ချိုက်က သူ့ကို စကားပြောလျှင် ပြန်ဖြေပေးသည်။


လောင်ချိုက်သည် သူနှင့် စကားနည်းနည်း ပြောခဲ့ပြီး သူတို့ စကားပြောလေလေ သူက ပိုပြီး ထိတ်လန့်လာလေလေ ဖြစ်သည်။


အချို့သော အနုပညာရှင်များသည် အနုပညာကို စွဲလန်းကြပြီး စိတ်ပိုင်းဆိုင်ရာ အသက်အရွယ်မှာ ငယ်ရွယ်ကာ လောကကြီးကို နားမလည်ကြကြောင်း သူ သိထားသည်။ သို့ရာတွင် သူ မတွေ့ကြုံဖူးသေးပေ... ဒီနေ့ တွေ့ရလိမ့်မယ်လို့ သူ မထင်ထားဘူး! 


ကျန်းယွင်ရှိူ့က လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ကောင်းစွာ မကျွမ်းကျင်သည်မှာ ထင်ရှားပြီး ကိစ္စများစွာကိုလည်း နားမလည်ချေ။ သူ၏ ယန်ကျင်းဇီ ယခင်က သူ့ကို ပေးထားသော ဟင်းလျာများကို စာ

းနေပုံနှင့် သူ့ကို (လောင်ချိုက်ကို) စကားပင် မပြောရဲပုံတို့ကို လောင်ချိုက် တွေ့လိုက်ရသည်။ ဘယ်လိုလုပ် ဒါရဲ့ ခံစားချက်က... ယန်ကျင်းဇီ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲလာသလိုမျိုး ဖြစ်နေတာလဲ?