အပိုင်း (၂)
Viewers 540

(၂) အမှန်အတိုင်းပြောရရင် ငါ အရင်တုန်းက လေလိုပဲ ဆက်ဆံခံရတာပါ... သူ ဘာလို့ ရုတ်တရက်ကြီး ဉာဏ်အလင်းရသွားတာလဲ။ 


ဝှီးချဲလ်ပေါ်တွင် ထိုင်နေသည့် အမျိူးသား၏ မျက်နှာက ပြီးပြည့်စုံသည့် ရွှေအချိုးအစားဖြစ်ပြီး အနက်ရောင် မျက်ခုံးများနှင့် ထက်ရှသည့် မျက်ဝန်းတို့ကို ပိုင်ဆိုင်ထားသည်။ သူက ပြုံးနေသည်ဖြစ်စေ မပြုံးသည်ဖြစ်စေ သူ့မျက်နှာသည် အကြင်နာကင်းရက်စက်ခြင်းဟူသည့် သရုပ်သကန်ကို နက်နက်ရှိုင်းရှိုင်း ဖော်ပြထား၏။ သူ့မျက်နှာထက်၌ 'ငါ့အနားကပ်ရင် သေမယ်' ဟူသော စာလုံးများ ရေးထိုးထားသလို ထင်မှတ်ရပေသည်။ 


ရှန်ယွိ၏ နှလုံးသားက တုန်ယင်သွားပြီး သူက အကြည့်တို့အား အလျင်အမြန် ဆုတ်ခွာလိုက်ကာ ယန်ရွေ့ချင်းကို တစ်ခါထပ်ကြည့်လိုက်သည်။ 


သူက မနေနိုင်ဘဲ ဤခေါင်း၌ ပြဿနာရှိနေသော အမျိုးသားဇာတ်လိုက်က အနှီကြာပန်းဖြူလေးအတွက် အလိုက်ဖက်ဆုံး ဖြစ်နေဆဲ ဖြစ်ကြောင်း တွေးမိပြီး သက်ပြင်းချလိုက်မိ၏။ သူက ထိုရွှံ့အိုင်ကို မနင်းမိလျှင် အကောင်းဆုံး ဖြစ်သည်။ 



ကွာရှင်းပြီးနောက် သူက တတ်နိုင်သမျှ ခပ်ဝေးဝေးသို့ ပြေးသွားသင့်ပေသည်။ 



ဖုန်းစစ်ရွေ့၏ သက်တော်စောင့်က သူတို့ထံ လျှောက်လာပြီး ကြာပန်းဖြူလေး ထရပ်နိုင်ရန် ကူညီပေးလိုက်သည်။ သူ၏ နူးညံ့သိမ်မွေ့သော်လည်း နေမကောင်းသဖြင့် ချောင်ကျနေသော မျက်နှာထက်၌ နစ်နာမှုတို့အပြည့်နှင့် ရှိနေခဲ့သည်။ "ရွေ့ကော ရှန်ယွိကောကို အပြစ်မတင်ပါနဲ့။ သူ တမင်လုပ်တာ မဟုတ်ပါဘူး။" 



"ကျွန်တော် သူ့ကို မတွန်းခဲ့ဘူး...." ရှန်ယွိက မျက်လုံးများကို ဖွင့်ပြီး အဓိပ္ပါယ်မရှိ လျှောက်ပြောနေကာ သူ့မျက်နှာထက်၌ ရိုးသားမှုနှင့် ဆုံးဖြတ်ချက်ခိုင်မာပြတ်သားမှုတို့ ရှိနေခဲ့၏။ သူက ဗီလိန်၏ ကောက်ကျစ်ယုတ်မာမှုနှင့် သူတော်ကောင်းယောင်ဆောင်မှု အပြည့်ကို ပြသလိုက်သည်။ "သူ့ဟာသူ လဲကျသွားပြီး ကျွန်တော့်ကို အကွက်ဆင်နေတာ။" 



ဖုန်းစစ်ရွေ့၏ ပါးစပ်ထောင့်က အေးစက်စက် ကွေးညွှတ်သွားသည်။ "ငါ့ကို ကန်းနေတယ် ထင်လို့လား။" 



"မင်း ယန်ရွေ့ချင်းကို တွန်းလိုက်တာ ငါ့ မျက်လုံးနဲ့ တပ်အပ်မြင်တယ်။ သူ အခုထိ ဖျားနေတုန်းပဲဆိုတာ မင်း မသိဘူးလား။" 



"ရွေ့ကော ကျွန်တော် ရှင်းပြတာ နားထောင်ပါဦး။ ကျ... ကျွန်တော်က ကောကို ဆုံးရှုံးရမှာ ကြောက်နေရုံပါပဲ။ ဒါကြောင့် သူနဲ့ မျက်နှာချင်းဆိုင်တွေ့လိုက်ရတော့ နည်းနည်းလေး စိတ်ရှုပ်ထွေးသွားတာပါ။" 



သူ၏ လွှမ်းမိုးနိုင်သော သဘောထားက ကြာပန်းဖြူလေးနှင့် ရင်ဆိုင်ရသည့်အခါ ပျောက်ကွယ်သွားသည်။ ထိုအချိန်၌ ရှန်ယွိက စာမျက်နှာကို လှန်လိုက်သကဲ့သိုပင် သူ၏ အလိမ်အညာများ ဖော်ထုတ်ခံရသည့်အတွက် စိုးရွံ့နေသည့် မျက်နှာထားမျိုး ထုတ်ဖော်ပြလာသည်။



ဒါ တကယ့်ကို ပြီးပြည့်စုံတဲ့ သရုပ်ဆောင်မှုပဲ။ 


—— 'ဟုတ်တယ်.. ငါ တမင်သက်သက် လုပ်လိုက်တာ။ ငါ ယန်ရွေ့ချင်းကို မတွန်းခဲ့ရင်တောင် သူက သူ့ဟာသူ လဲကျပြီး ငါ့ကို အကွက်ဆင်တော့မှာလေ။ ဒီအိုးကို နစ်နစ်နာနာနဲ့ ထမ်းထားရမယ့်အစား ငါ့ဘက်က အစပြုပြီး တိုက်ခိုက်လိုက်တာ အကောင်းဆုံးပဲ။' 


—— ‘အဲဒီလင်းသိုက်ယွီလို ခန္ဓာကိုယ်နဲ့ မြေပေါ်ကို ပြုတ်ကျတော့ တော်တော့်ကို နာသွားမှာပဲ။ ဖုန်းစစ်ရွေ့လည်း မြင်ရတာ တော်တော်လေး နာကျင်သွားရလိမ့်မယ်။ ငါ တကယ့်ကို ခံစားလို့ကောင်းနေပြီ။' 


—— ‘မင်း ဘာလို့ ပြုတ်ကျပြီး သေမသွားရတာလဲ။ အား.. မဟုတ်သေးဘူး။ ငါ အခုထိ မကွာရှင်းရသေးသလို ကွာရှင်းစရိတ် ဆယ်ဘီလီယံလည်း ငါ့လက်ထဲ မရောက်သေးဘူး။ ယန်ရွေ့ချင်း သေလို့ မဖြစ်သေးဘူး။' 


ဖုန်းစစ်ရွေ့ : “…”



ဒီအရူးကောင်ရဲ့ အသံကို သူ ဘယ်လိုပိတ်လို့ရနိုင်မလဲ။ ငါ နေမကောင်းမဖြစ်တော့ရင်တောင် ဒီအသံတွေကို နားထောင်ရင်းနဲ့ နေမကောင်းဖြစ်လာမှာ ကျိန်းသေနေပြီ။ 



အဲဒီတော့ အရင်တုန်းက ပြသခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ အကုန်လုံးက ဟန်ဆောင်နေတာပေါ့လေ။ သူ့ရဲ့ ရည်ရွယ်ချက် အစစ်အမှန်က ကွာရှင်းပြီးတော့ အမွေရဖို့အတွက်ပဲပေါ့။  



သြော... သူ့မှာ ကြီးကြီးမားမား လောဘတော့ မရှိရှာဘူးပဲ။ 



ငါက ဘီလီယံရာချီ ထိုက်တန်တာတောင် မင်းက ဆယ်ဘီလီယံပဲ လိုချင်တယ်ပေါ့။



ငါ မင်းကို ဒီအတွက် ချီးကျူးပေးဖို့ရော လိုသေးလား။ 



ဖုန်းစစ်ရွေ့၏ အတွေးများက ဟိုရောက်ဒီရောက်ဖြစ်နေသော်လည်း သူ့မျက်နှာက တည်ငြိမ်နေသည်။ သူက သက်တော်စောင့်ကို ပြောလိုက်သည်။ "ရွေ့ချင်းကို စစ်ဆေးပေးဖို့ အရင်ခေါ်သွားလိုက်။" 



"ရွေ့ကော အရမ်း ဒေါသမထွက်ပါနဲ့။ အဲဒါ ကောရဲ့ ကျန်းမာရေးအတွက် မကောင်းဘူး။" ယန်ရွေ့ချင်း၏ မျက်နှာထက်၌ စိုးရိမ်ပူပန်သည့် အကြည့်တို့ကို ပြသထားသည်။ သူက မနာလိုဖြစ်နေသည့် မျက်နှာအား လှမ်းကြည့်ကာ ကျေနပ်သည့် အပြုံးတစ်ခု လျှို့ဝှက်စွာ ထွက်ပေါ်လာသည်။ 



ထိုနှစ်ယောက် ထွက်ခွာသွားပြီးနောက် ဆေးရုံရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေသည့် စုံတွဲသာ ကျန်ရစ်ခဲ့၏။



ကံကောင်းစွာနှင့် သူတို့က ပုဂ္ဂလိကဆေးရုံ၌ ရှိနေခြင်းဖြစ်သည့်အတွက် အုတ်ရောရောကျောက်ရောရောလူများ ဝင်လာနိုင်ခြင်း မရှိပေ။ မဟုတ်လျှင် ရှန်ယွိက နာမည်သိပ်မကြီးသည့် ကြယ်ပွင့်လေး ဖြစ်နေလျှင်ပင် ပါပါရာဇီတို့၏ ဓာတ်ပုံခိုးရိုက်ခြင်းကို ခံရပေလိမ့်မည်။ အကြောင်းမှာတော့ သူ့ဘေးရှိ ဥက္ကဋ္ဌကြီးမှာ နာမည်ကျော်ကြားနေသည့် ငွေကြယ်ပွင့်များထက် ပို၍ ကျော်ကြားသောကြောင့် ဖြစ်​လေသည်။ 



"ရွေ့ကော ကျွန်တော့်မှာ ကြော်ညာတစ်ခုရိုက်စရာရှိသေးတယ်။ အရင်သွားလိုက်လို့ ရမလား။" ရှန်ယွိက သူနှင့် ရန်ဖြစ်ရန် စိတ်ကူးမရှိသောကြောင့် လစ်ပြေးရန် ကြံတော့သည်။ 


—— ‘မကောင်းဆိုးဝါးလို သရုပ်ဆောင်ပြီးတော့ ထွက်ပြေးတာက ဗီလိန်တွေရဲ့ အသက်ရှည်ဖို့ လျှို့ဝှက်ချက်ပဲ။ မဟုတ်ရင် ဒီဦးနှောက်ချောင်နေတဲ့ CEO ရဲ့ ဖမ်းမိသွားတာနဲ့ သေတဲ့အထိ ရိုက်သတ်ခံရဖို့ လွယ်ကူလိမ့်မယ်။' 


၎င်းက ဤခွေးသွေးဝတ္ထု၏ နောက်ပိုင်းအခန်းများ၌ ဖော်ပြထားခြင်း ဖြစ်သည်။ ကြာပန်းဖြူနှင့် ကောင်းမွန်သော ရလဒ်များ ရရှိနိုင်ရန်အတွက် ဖုန်းစစ်ရွေ့က ရှန်ယွိကို သူနှင့် ကွာရှင်းရန် နည်းလမ်းအမျိုးမျိုးဖြင့် ဖိအားပေးခဲ့သည်။ ပင့်ကျောင်းတစ်ယောက်၏ သဘောထားများက ထင်ထင်ရှားရှား ​ထွက်ပေါ်လာပြီး မှောင်မည်းနေသည့် အမျိုးမျိုးသော အခန်းကျဥ်းများကလည်း ဇာတ်ဝင်ပစ္စည်းအဖြစ် ပေါ်ပေါက်လာ၏။



အခြားလူများ အကျဥ်းချခံရသောအခါ ၎င်းက အချစ်အပြည့်နှင့် ဝမ်းနည်းကြေကွဲမှုတို့ စွန်းထင်းနေသည်။ သို့သော် ဗီလိန်၏ အကျဥ်းချခံရသည့် အလှည့်၌ အမုန်းတရားတို့နှင့် ရိုက်နှက်နှိပ်စက်ခြင်းတို့ဖြင့် ပြည့်နှက်နေ၏။ 



မူလပိုင်ရှင်၏ ဤလူအပေါ် ချစ်ချင်ပိုင်စိုးလိုစိတ်နှင့် သူ၏ ဝမ်းနည်းဖွယ် အဆုံးသတ်သည် ရှန်ယွိက ဤလက်ထပ်ပွဲကို ထိန်းသိမ်းထားနိုင်စွမ်းမရှိကြောင်း ဖော်ပြနေပေသည်။ 


—— ‘သစ်တောထဲမှာ လတ်ဆတ်တဲ့ အသားလေးတွေမှ အပြည့်ပဲ။ ငါက ဘာလို့ ဒီရေခဲမြစ်ထဲမှာ သေတဲ့အထိ ကိုယ့်ကိုယ်ကိုယ် အေးခဲခံနေရမှာလဲ။ ယန်ရွေ့ချင်းက ဒါကို ကြိုက်တယ်ဆိုမှတော့ သူ့ကို ပေးလိုက်ရုံပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ပင့်ကျောင်းတစ်ယောက်ရဲ့ အချစ်ဆိုတာ ဘယ်သူမဆို သည်းခံနိုင်တဲ့အရာ မဟုတ်ဘူး။' 


—— ‘ပြောရရင် ပင့်ကျောင်းနဲ့ ကြာပန်းဖြူက တကယ့်ကို ပြီးပြည့်စုံတဲ့ အတွဲပဲ!’


ရှန်ယွိက သူ့နှလုံးသားထဲမှ ပြောဆိုနေမိသော်လည်း ဖုန်းစစ်ရွေ့၏ မျက်နှာက မည်းမှောင်သထက် မည်းမှောင်လာသည်ကို မြင်သည့်အခါ တစ်ဖက်လူက ရုတ်တရက် ဒေါသထဖောက်လာသည်ဟု တွေးမိကာ သူ့ခေါင်းကို လှည့်၍ နန်နီကားထဲသို့ အမြန်ခုန်ဝင်သွားတော့သည်။ ထို့နောက် စိတ်ရှုပ်ထွေးစေသည့် အသံချိုချိုလေးနှင့် အလျင်အမြန် ပြောလိုက်၏။ "ယောက်ျား.. ကျွန်တော် နောက်ကျနေပြီ။ နောက်မှ တွေ့မယ်နော်။" 



"မွ! ချစ်တယ်!" 



သူ၏ တင်ပါးက ထိုင်ခုံပေါ် အခြေကျသွားပြီးသည်နှင့် သူ့လည်ချောင်းထဲမှ ကြမ်းရှသည့် စကားသံအနည်းငယ် ထွက်ပေါ်လာသည်။ "ဘယ်လို မျက်နှာသေနဲ့လူလဲ မသိဘူး။ မြန်မြန်လေး မောင်းတော့။" 



ကားမောင်းသူက ချက်ချင်း နားလည်သွားပြီး လီဗာကို နင်းကာ အဆင့်မြင့် ပုဂ္ဂလိကဆေးရုံမှ အမြန် မောင်းထွက်သွားခဲ့သည်။ 



တစ်ပတ်ရစ်နန်နီကားဟောင်းလေးက လျင်မြန်စွာ ပြေးထွက်သွားပြီး အမည်းရောင်အိတ်ဇောငွေ့တို့က ဖုန်းစစ်ရွေ့၏ ချောမောသော မျက်နှာထက် တည့်တည့် ဝင်ရောက်သွားခဲ့သည်။ 



ပင့်ကျောင်း? 



ဖုန်းစစ်ရွေ့က တစ်ယောက်ယောက်ကို သတ်ဖြတ်ချင်စိတ်အား ဖိနှိပ်ထားလိုက်ပြီး ထိုစကားလုံးကို ထပ်ကာတလဲလဲ ရေရွတ်ရင်း စဥ်းစားတွေးတောနေသည်။ 



အဲဒါက ဘာကို ဆိုလိုတာလဲ။ 



သူက ၎င်းကို နားမလည်ခဲ့ပေ။ 



သုံးနှစ်တာအိမ်ထောင်ရေးကာလက ရှန်ယွိကို ရူးသွပ်သွားစေတာလား။ 



သူက ကွာရှင်းပြီးတော့ ဘယ်လိုနေထိုင်ဖြတ်သန်းမယ်ဆိုတာကိုတောင် ဟိုးအရင်ကတည်းက အစီအစဥ်ကြိုဆွဲထားတာလား။ 



သူ့ ဖုန်းက ရုတ်တရက် အသံမြည်လာပြီး ဥက္ကဋ္ဌပင့်ကျောင်း၏ အတွေးများကို နှောက်ယှက်လိုက်သည်။ သူ၏ နက်မှောင်နေသော မျက်လုံးများက ဖုန်းမျက်နှာပြင်ပေါ်ကျရောက်သွားသည့်အခါ 'ရှေ့နေချန်း' ဟူသည့် အမည်ကို တွေ့လိုက်ရ၏။ 



ဖုန်းစစ်ရွေ့က ဖုန်းလက်ခံသည့် ခလုတ်ကို နှိပ်လိုက်သည်။ "ကွာရှင်းမှုသဘောတူညီချက်ကို မင်း အရင် သိမ်းထားလိုက်ဦး။ ပိုင်ဆိုင်မှုခွဲဝေဖို့အတွက် အခုထိ မဆွေးနွေးရသေးဘူး။" 



"ဘဏ်အပ်ငွေ ၂၀ ဘီလီယံ၊ အိမ်ယာသုံးလုံးနဲ့ အကန့်အသတ်ထုတ် Sports ကားတစ်စီး။ ရှန်ယွိက အဲဒါကိုတောင် စိတ်မကျေနပ်သေးဘူးလား။" 



ရှေ့နေချန်းက ထိုပိုင်ဆိုင်မှုခွဲဝေပေးသည့် အခြေအနေက အလွန် သဘောထားကြီးထားသည်ဟု တွေးခဲ့ပေသည်။ ထို ၁၈ ဆင့်သာရှိသည့် ကြယ်ပွင့်ပေါက်စလေးက သည်ထက်ပိုပြီး ဝါးမြိုချင်နေသည်လား။ 



"အဲဒါက သူ့ပြဿနာမဟုတ်ဘူး။" ဖုန်းစစ်ရွေ့၏ အသံက အနည်းငယ် မသာမယာ ဖြစ်နေသည်။ 



"နားလည်ပါပြီ။" ရှေ့နေချန်းက ထိုအသံမှနေ၍ လောကအတွင်းရှိ အရာအားလုံးကို ဖြတ်မြင်နိုင်သလို ပြောလိုက်သည်။ "ရှန်ယွိက မကွာရှင်းချင်လို့မလား။ ကွာရှင်းတာထက် ပိုပြီး ဖုန်းမိသားစုက သူ့အတွက် အကျိုးအမြတ်တွေ ရနိုင်တာမို့လို့...." 



သူ၏ ဆန်းစစ်မှုမပြီးဆုံးသေးခင် ဖုန်းစစ်ရွေ့က စိတ်မရှည်စွာ ဝင်ရောက်နှောက်ယှက်လိုက်သည်။ "ပိုက်ဆံကြောင့်မဟုတ်ဘူး။ ရှန်ယွိက ဒီအတိုင်း..... ငါ့ကို အရမ်းချစ်တာကြောင့်။ သူက ငါ့ကို ဆုံးရှုံးရမှာ ကြောက်နေတာ။" 



ရှေ့နေချန်း , “…”


"ငါ ဖုန်းချလိုက်တော့မယ်။" မည်သည့် တုန့်ပြန်မှုကိုမှ စောင့်မနေဘဲ ဖုန်းစစ်ရွေ့က ဖုန်းကို ပြတ်ပြတ်သားသား ချပစ်လိုက်သည်။ 



တစ်ချိန်တည်းတွင် သူ့နှလုံးသားထဲ၌ အပြစ်ရှိစိတ်လေးအနည်းငယ် ခံစားလိုက်ရ၏။ 



ရှန်ယွိ၏ စိတ်ထဲ၌ ကွာရှင်းပြီး ပိုင်ဆိုင်မှုခွဲဝေရန် စိတ်အားထက်သန်နေသည်ကို သိပြီးနောက် သူက ရှန်ယွိ၏ အမြဲလိုလို အချစ်မှာ ရူးရူးမိုက်မိုက် ကျရှုံးနေသည့် သရုပ်ဆောင်မှုကို ကူညီထိန်းသိမ်းပေးချင်ခဲ့သည်။ 



ဖြစ်နိုင်သည်မှာ သူက အနည်းငယ် ဆန္ဒမရှိသလို ခံစားနေရတာကြောင့်များလား။ 



ဖုန်းစစ်ရွေ့က အချိန်တစ်ခုထိ သူ၏ ကိုယ်ပိုင်အပြုအမူများအကြောင်း နားမလည်နိုင်ခဲ့ပေ။ 



နန်နီကားထဲတွင် ရှန်ယွိက တစ်ရေးအိပ်နေခဲ့သည်။ သူ့မျက်လုံးများကို ဖွင့်လိုက်သည့်အခါ အေဂျင်စီသို့ ရောက်ရှိနေပြီး ဖြစ်၏။ 


သူက ဓာတ်လှေကားထဲသို့ ဝင်လိုက်သည်။ သူ့အေးဂျင့်၏ ရုံးခန်းသို့ လျှောက်သွားခဲ့သည်နှင့် ရောက်ရောက်ချင်း အဆူအငေါက်ခံလိုက်ရလေသည်။ 



"ရှန်ယွိ နင့်ကိုယ်နင် အပုပ်အပွသတင်းတွေ လုံလုံလောက်လောက် မရှိသေးဘူးလို့ ထင်နေတာလားဟမ်။ နင်က အသစ်ကလေးကို အနိုင်ကျင့်နေတာ ထပ်ပြီး အမိခံလိုက်တာပေါ့။" ချင်းယွီဟန့်က စားပွဲပေါ်မှ ဓာတ်ပုံအစုလိုက်ကို ပစ်ပေါက်လိုက်သည်။ သူမ၏ ရင်ဘတ်က ဒေါသကြောင့် နိမ့်ချည်မြင့်ချည် လှုပ်ရှားနေ၏။ 



"ငါ့ရဲ့ ဘိုးဘေး​လေးရေ ချမ်းသာတဲ့ ယောက်ျားတစ်ယောက်ကို လက်ထပ်ထားတာနဲ့ပဲ နင့်အမြီးကို ကောင်းကင်ထိ မြှောက်ထားလို့ရမယ် ထင်မနေနဲ့။ တစ်ဖက်လူက နင့်ကို ဘယ်တော့မှ ပြဿနာတွေ ဖြေရှင်းဖို့ ကူညီပေးဖူးတာ မဟုတ်ဘူး။ မဟုတ်ရင် နင့်မှာ ဆန့်ကျင်တဲ့ဖန်တွေ ဘာလို့ ဒီလောက်များနေမှာလဲ။" 



ရှန်ယွိက အမူအရာမဲ့စွာနှင့် ဆိုဖာပေါ်ရှိ ဓာတ်ပုံများဆီ သာမန်ကာလျှံကာ ကျရောက်သွားသည်။ သူ၏ သွယ်လျသော ခြေထောက်များက ထိုင်ခုံလက်ရမ်းပေါ် တင်ထားပြီး ခြေထောက်ကို လှုပ်နေခဲ့သေးသည်။ "ချင်းကျဲ ဒေါသမထွက်ပါနဲ့။ ကျွန်တော် ဂရုမစိုက်လိုက်မိတာပါ။ နောက်တစ်ခေါက်ကျရင် သတိထားလိုက်မယ် ဟုတ်ပြီလား။" 



သူက ဘယ်လိုလုပ် သတိမထားမိဘဲ နေရမှာလဲ။ 



သူက ဇာတ်ကြောင်းအတိုင်း ကြိုးကြိုးစားစား လုပ်နေရုံလေးကို။



ဗီလိန်ကာရိုက်တာက အသေးစိတ်ကျကျ ဖွံ့ဖြိုးရန်လိုအပ်သည်။ ကြာပန်းဖြူလေးကို အနိုင်မကျင့်လျှင် အဓိပ္ပါယ်မရှိ ဖြစ်သွားရပေလိမ့်မည်။ 



ဗီလိန်တစ်ယောက်က လွှမ်းမိုးချုပ်ချယ်တတ်ပြီး မောက်မာနိုင်စွမ်း ရှိရပေမည်။ သူ့ဘဝမှာ အစွန်းအထင်းတို့နှင့် မကောင်းမှုတို့ဖြင့် လွှမ်းမိုးနေရမည် ဖြစ်သည်။ 



သို့သော် ထိုအခိုက်အတန့်များက မကြာမီပြီးဆုံးသွားတော့မည် ဖြစ်၏။ 



အကြောင်းရင်းကတော့ မကြာခင်၌ ဖုန်းစစ်ရွေ့က သူ့ကို ကွာရှင်းတော့မည် ဖြစ်သောကြောင့်ပင်။ 



"နင် အခုထိ ပြုံးနိုင်သေးတာလား။" ချင်းယွီဟန့်က စားပွဲနောက်မှ အပြေးတစ်ပိုင်း ထွက်လာပြီး ထိုရေဝင်နေသည့် ဦးနှောက်နှင့် အလှပန်းအိုးကို လည်ပင်းညှစ်သတ်ချင်နေသည်။ "နင့် ယောက်ျားရဲ့ မျက်နှာကြောင့်သာ မဟုတ်ရင် ကုမ္ပဏီက နင့်ကို အခုချက်ချင်း ပစ်ပယ်လိုက်လိမ့်မယ် သိလား။" 



အခြေအ​နေက အတော်လေး မကောင်းတာကို မြင်ပြီး ရှန်ယွိက ဆိုဖာထက်မှ ခုန်ထကာ သွက်လက်စွာ ရှောင်တိမ်းလိုက်သည်။ 



"ချင်းကျဲ ကုမ္ပဏီက ကျွန်တော့်ကို ပစ်ပယ်လိုက်မှာနဲ့ ပတ်သတ်ပြီး အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့။ ဘယ်လိုဖြစ်ဖြစ် မကြာခင် စာချုပ်ဖျက်သိမ်းပြီး ကိုယ်ပိုင်စတူဒီယို ထောင်တော့မှာလေ။ ကျဲ အိတ်တွေ ဝယ်နိုင်အောင် ကျွန်တော် ပိုက်ဆံအများကြီး ရှာပေးပါ့မယ်။" ရှန်ယွိက အသက်တစ်ရှိုက်အတွင်း စကားကို တရစပ်ပြီးဆုံးအောင် ပြောသွားလိုက်သည်။ 



ချင်းယွီဟန့်က ဒေါသတကြီး ရယ်မောလိုက်ပြီး ခါးထောက်ရင်း ပြောလိုက်သည်။ "နင်ကလား။ စတူဒီယိုဖွင့်မယ်။ စာချုပ်ဖျက်သိမ်းဖို့တောင် နင့်မှာ လျော်ကြေးရှိလို့လား။ နင့်မှာ နေထိုင်သုံးစွဲဖို့ စားရိတ်တောင် ရှိလို့လား။"



ချမ်းသာသည့် မိသားစုတစ်ခု၏ ချွေးမဖြစ်သော ရှန်ယွိက ထိုမိသားစုနှင့် တသားတည်းဖြစ်လာရန် ကျရှုံးခဲ့သည်။ သူ့တွင် အခြေခံ​နေထိုင်ရေး အာမခံချက်ပင် ရှိမနေပေ။ 


သို့သော် သူက ဆိုးဆိုးဝါးဝါး ပြုမူရသည်ကို နှစ်သက်စွဲလမ်းနေပြီး မကောင်းသည့် ဂုဏ်သတင်းရှိနေသည်။ မည်သူကမှ သူနှင့် အလုပ်မလုပ်ချင်ကြပေ။ ထိုသဘောထားမှာ သေးငယ်သည့် ရသစုံရှိုးများပင် အတူတူ ဖြစ်သည်။ 



သူ အလုပ်လက်ခံမရရင် ဘယ်နေရာကနေ ပိုက်ဆံ ဝင်လာမှာလဲ။ 



"အဲဒါက မကြာခင် ဖြစ်လာလိမ့်မယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံလိုက်ပါ။" ရှန်ယွိက အလေးအနက် ပြောလိုက်သည်။ သူ၏ တော​က်ပသော မျက်လုံး​လေးများက တဖျတ်ဖျတ်နှင့် စိတ်ဝိညာဥ်ကို ဝါးမြိုနိုင်သည့် အလင်းတို့ကို ထုတ်လွှတ်သည့်နှယ်။



ချင်းယွီဟန့်က ခဏလောက် မှင်တက်သွားပြီးနောက် စက္ကန့်အနည်းငယ်ကြာမှ သတိပြန်ဝင်လာသည်။ "နင့် xင်ကြီးကို ယုံလိုက်မယ်။" 



ရုံးခန်းအတွင်း၌ ဆူပူသံများ ထွက်ပေါ်နေစဥ် အပြင်ဘက်၌လည်း ဆွေးနွေးမှုများစွာ ဖြစ်ပေါ်နေ၏။ 



"ရှန်ယွိ တစ်ခုခု ထပ်လုပ်ပြန်ပြီလား။" 



"ဘာမှမဖြစ်ခဲ့ရင် သူ အထုအရိုက်ခံနေရပါ့မလား။" 



"ချင်းကျဲကလည်း တကယ်ပါပဲ။ ဒီအထောက်အကူမဖြစ်တဲ့ကောင်ကို ဘာလို့ ဆက်ခေါ်ထားနေသေးတာလဲ။"



"ဖုန်းစစ်ရွေ့က ဘာလို့ ဒီလိုဟာနဲ့ လက်ထပ်ခဲ့လဲဆိုတာ နားမလည်နိုင်ဘူး။" 



ရုံးခန်းအတွင်းမှ မုန်တိုင်း ပြီးဆုံးသွားသည့်အခါ ချင်းယွီဟန့်က အတော်လေး မောဟိုက်သွားလေသည်။ ထို့နောက် သူမက စာရွက်အထပ်လိုက်ကြီးကို ရှန်ယွိထံ ပစ်ပေးလိုက်၏။ "ဒါက နင့်ရဲ့ နောက်ဆုံး အခွင့်အရေးပဲ။"



"ဒါပြီးမှ နင် နာမည်ကြီးမလာရင် အေဂျင်စီက နင့်ကို စွန့်ပစ်တော့မယ်။" 



ရှန်ယွိက ကိစ္စမရှိဘူးဟု ပြောချင်သော်လည်း ထိုအမျိုးသမီး၏ ခက်ထန်သော အကြည့်တို့ကို မြင်သည့်အခါ သူ့စကားများကို ပြန်မြိုချလိုက်သည်။ 



သူ ကူးပြောင်းလာကတည်းက သူ့ဘေး၌ ချင်းယွီဟန့် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူက တိုက်ရိုက်ကြီး ငြင်းပယ်ခဲ့လျှင် သူမ၏ ခံစားချက်များကို ထိခိုက်သွားစေနိုင်သည်။ 



"ဒါက ဘာလဲ။" ရှန်ယွိက မြေပြင်မှ ထရပ်ရင်း အထဲရှိ အ​ကြောင်းအရာကို ဖတ်ရန် ကြည့်လိုက်သည်။ သူ၏ ထူးခြားလှပသော မျက်ခုံးတန်းလေးက ရုတ်တရက်

ကျုံ့သွားခဲ့၏။ "စုံတွဲတွေအတူခရီးထွက်ခြင်း? ရသစုံရှိုးလား?" 



သူက ဖိုင်ကို အလျင်စလို ပြန်ပိတ်လိုက်ပြီး ချင်းယွီဟန့်၏ လက်ထဲသို့ ထိုးထည့်လိုက်သည်။ "မရဘူး။ မရဘူး။ ကျွန်တော်က ပါဝင်ဖို့အတွက် လိုအပ်ချက်တွေ မကိုက်ညီဘူး။" 



"ဘာလို့ မကိုက်ညီတာလဲ။" ချင်းယွီဟန့်က မေးလိုက်သည်။ သူမ အပင်ပန်းခံကာ ရှာဖွေပေးထားရသည့် ထိုရှိုး၏ စာရွက်စာတမ်းများကို တစ်ခါထပ်ကာ တွန်းပို့၍ ပြောလိုက်သည်။ "နင်က လက်ထပ်ပြီးသား မဟုတ်ဘူးလား။ အဲဒါတောင် မကိုက်ညီသေးဘူးလား။"



"ကျွန်တော်တို့က လက်ထပ်တယ်လို့တောင် သတ်မှတ်နိုင်လို့လား။" 



လက်ထပ်၍ သုံးနှစ်ကြာပြီးသည့်တိုင် သူ့ယောက်ျား အိမ်ပြန်လာသည့်အကြိမ်အရေအတွက် ခြေချောင်းလေးများဖြင့်ပင် ရေတွက်၍ ရသည်။ တစ်ဖက်လူက ပင်မအခန်းအတွင်း နေရာယူရန် အမြဲတွေးနေသော ကြာပန်းဖြူတစ်ပွင့်ကိုပင် ပျိုးထောင်ထားသေးသည်။ 



"ငါ ဂရုမစိုက်ဘူး။ ဒါက ကုမ္ပဏီက ပေးတဲ့ တစ်ချက်လွှတ်အမိန့်ပဲ။ ဒီရသစုံရှိုးမှာ ပါဝင်ဖို့ နင် ဖုန်းစစ်ရွေ့ကို စည်းရုံးရမယ်။" 



ချင်းယွီဟန့်က လက်ပိုက်ကာ နည်းနည်းလေး ငြင်းရဲရင် သေမယ်ဟူသော အကြည့်နှင့် ကြည့်နေခဲ့သည်။ "ဖုန်းသွားခေါ်လိုက်။ ငါ နင့်ကို စောင့်ကြည့်နေမယ်။" 



ရှန်ယွိက ငိုချင်နေသော်လည်း သူ့မျက်နှာက ကြည့်ကောင်းနေဆဲ ဖြစ်သည်။ "ချင်းကျဲ.. ကျွန်တော့်ကို ဒီလိုလုပ်ဖို့ ဖိအားပေးပြီး သတ်ချင်နေတာ မဟုတ်ဘူးလား။" 



"ဟုတ်တယ်။ ဒီနေ့ နင်မသေရင် ငါ သေရမယ်။ အခု ဖုန်းခေါ်မှာလား မခေါ်ဘူးလား။" 



ရှန်ယွိက သူမ၏ တိုက်ခိုက်မှုကို မခုခံနိုင်သောကြောင့် အကူအညီမဲ့စွာ ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။ "အခု ဖုန်းခေါ်လိုက်ပါ့မယ်။"



သူက ဖုန်းခေါ်နေစဥ် ပြောလိုက်သေးသည်။ "ဖုန်းစစ်ရွေ့က ဘယ်တော့မှ ကျွန်တော့်ရဲ့ ဖုန်းကို မဖြေဘူး။ သူက ကျွန်တော့်ကို လေလိုပဲ ဆက်ဆံတယ်ဆိုတာ ကျဲလည်း သိ...." 



"ဘာကိစ္စလဲ။" တစ်ဖက်မှ ထွက်လာသည့် သံလိုက်ကဲ့သို့ ညှို့ငင်စွမ်းရှိသော ခပ်နိမ့်နိမ့်အသံ ရုံးခန်းတစ်ခုလုံးကို ရုတ်တရက် တိတ်ဆိတ်သွားစေခဲ့သည်။ 



ရှန်ယွိက အခုလေးတင် သရဲမြင်လိုက်ရသလို ဖြစ်သွားခဲ့၏။ သူက ဖုန်းစပီကာကို ကြည့်ပြီးနောက် ချင်းယွီဟန့်ကို မော့ကြည့်လိုက်သည်။ 


—— ‘သေစမ်း.. ဒီသောက်ရူးက တကယ်ကြီး ဖုန်းဖြေလိုက်တယ်လား?!’


“ဟမ်…” ဖုန်းစစ်ရွေ့က မျက်မှောင်ကြုတ်လိုက်ပြီး ဖုန်းအား ပစ်ခွဲချင်သည့် ဒေါသကို ထိန်းချုပ်လိုက်သည်။ "မင်းမှာ ဘာကိစ္စရှိလို့လဲ။"


ချင်းယွီဟန့်က ရှန်ယွိကို မျက်လုံးမှိတ်ပြလိုက်၏။ "မြန်မြန်ပြော!" 



"အာ... ခင်ပွန်းနဲ့ဇနီး အတူတူပါဝင်ရမယ့် ရသစုံရှိုးတစ်ခုရှိတာ။ ကုမ္ပဏီက ရွေ့ကောကို ကျွန်တော်နဲ့အတူ ပါဝင်စေချင်နေတယ်။" ရှန်ယွိက ချက်ချင်း အသိဝင်လာပြီး အမြန်ပြောလိုက်သည်။ "ရွေ့ကောက နေပြန်ကောင်းတာ မကြာသေးဘဲ အလုပ်အရမ်းများတာ ကျွန်တော် သိပါတယ်။ ဒါကြောင့် ရသစုံရှိုးမှာ ပါဖို့ အချိန်ရှိမှာ မဟုတ်ဘူး။ ကျွန်တော် ဒီရှိုးကို ပယ်ထားလိုက်မယ်။" 



ချင်းယွီဟန့်၏ သတ်ဖြတ်လိုသော အကြည့်တို့ကို လျစ်လျူရှု၍ ရှန်ယွိက ဖုန်းချရန် ပြင်လိုက်သည်။ 



သို့သော် တစ်ဖက်မှ ခပ်နိမ့်နိမ့်အသံ ထပ်မံ ထွက်ပေါ်လာသည်။ "ပရိုဂရမ်ရဲ့ စာရွက်စာတမ်းတွေ ပို့ပေးလိုက်။ တစ်ချက်လောက်ကြည့်ပြီးရင် ဆုံးဖြတ်ချက်ကို ပြန်ပြောပေးမယ်။"



ရှ​န်ယွိက လုံးဝ မှင်တက်သွားလေသည်။ သူက ပါးစပ်ကို ဖွင့်လိုက်သော်လည်း စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။


—— ‘ငါတော့ အမှားကြီး လုပ်လိုက်မိပြီပဲ။ ဒီကောင့်ကို ဘယ်လိုသရဲမျိုးက ဝင်စီးသွားတာများလဲ?!’


"မကျိန်ဆဲနဲ့!" ဖုန်းစစ်ရွေ့က သည်းမခံနိုင်တော့ဘဲ ပြောလိုက်ပေသည်။ 


==============