အပိုင်း (၃)
Viewers 551

အပိုင်း (၃) - နတ်ဆိုးလေး ကိုယ့်ကို လွမ်းနေတာလား? 


"ရွေ့ကော.. ကော ဒီရသစုံရှိုးမှာ ပါဝင်ချင်လို့လား။" ယန်ရွေ့ချင်းက ပန်းသီးအခွံခွာနေရင်း နွေးထွေးသည့် အသံနှင့် မေးလိုက်သည်။ သူ၏ သနားစဖွယ် မျက်လုံးများက ဖုန်းစစ်ရွေ့ကို ကြည့်နေပြီး အနည်းငယ်တုန့်ဆိုင်းနေသည်။ 



ဖုန်းစစ်ရွေ့က ဒေါသဖြစ်နေပြီး ဖုန်းကိုင်ထားသည့် သူ၏ လက်ဆစ်များက အနည်းငယ် ဖြူဖျော့နေ၏။ "ငါက ပရိုဂရမ်အကြောင်း တစ်ချက်လောက်ကြည့်ရုံပဲ။ ပါမယ်လို့ မပြောခဲ့ဘူး။" 



သူ့အသံက ထိုင်းမှိုင်းပြီး အရေးမစိုက်သည့် ဟန်ပင်။ သို့သော် ယန်ရွေ့ချင်းက ကျင့်သားရနေပြီ ဖြစ်သည်။ သူက လှီးထားသည့် သစ်သီးကို လှမ်းပေးလိုက်၏။ "ရွေ့ကော စားပါဦး။" 



"အဲဒီမှာထားလိုက်။ ငါ နောက်ကျ စားလိုက်မယ်။" ဖုန်းစစ်ရွေ့၏ စိတ်က ဗလာကျင်းနေဆဲ ဖြစ်သည်။ 



ခဏရပ်တန့်နေပြီးနောက် သူက ထပ်ပြောလိုက်သည်။ "အရင်ပြန်နှင့်။ ခဏနေရင် ရှန်ယွိ ဒီကို လာတော့မှာ။" 



ယန်ရွေ့ချင်းက အံ့သြမှင်တက်သွားသည်။ "ရွေ့ကောက ကျွန်တော် လာရှုပ်နေတယ်လို့ တွေးနေတာလား။" 



ရှန်ယွိ မကြာခင် လာတော့မှာမို့ ဖုန်းစစ်ရွေ့က သူ့ကို တကယ်ကြီး မောင်းထုတ်နေသည်လား။ 



ယခင်က ထိုကဲ့သို့ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးပေ။ 



ဖုန်းစစ်ရွေ့က စိတ်တိုတိုနှင့် သူ့ မျက်ခုံးတို့ကို ပွတ်ရင်း ပြောလိုက်သည်။ "ငါ အခု သန့်ရှင်းရဦးမယ်။" 


ရှန်ယွိက ပုံမှန်ဆိုလျှင် ကောင်းကောင်းမွန်မွန် ပြုမူသော်လည်း ယန်ရွေ့ချင်းကို မြင်လိုက်သည်နှင့် စက္ကန့်ပိုင်းအတွင်း ရူးသွပ်လာမည် ဖြစ်သည်။ 


သူ့ကို သတိမပြုမိသွားမှာစိုးသည့်အလား သူက ပြင်းပြင်းထန်ထန်ကို ကြိုးစားသရုပ်ဆောင်တော့သည်။ သူ့အပြုအမူများက တမင်ပြုမူနေမှန်း သိသာလှသည်။ 



သူတို့နှစ်ယောက် ထပ်မံတွေ့ဆုံပါက နောက်ထပ် ရန်ပွဲတစ်ခုဖြစ်လိမ့်မည်မှာ သေချာသလောက်ပင်။ 



"ကောင်းပြီ။ ကျွန်တော် ပြန်တော့မယ်။" ယန်ရွေ့ချင်းက တွန့်ဆုတ်နေဟန်ဖြင့် ထိုင်ခုံမှ ထရပ်လိုက်သည်။ 



သူက တံခါးလက်ကိုင်ကို ကိုင်ပြီးနောက် မျှော်လင့်ချက်တစ်စွန်းတစ်စနှင့် ခေါင်းလှည့်ကြည့်လိုက်သည်။ သူက ဖုန်းစစ်ရွေ့၏ အကြည့်များ သူ့ထံ ကျရောက်နေမည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် သူ အလွန်အမင်း တမ်းတမြတ်နိုးရသော ထိုအမျိုးသားက အတွေးများနေဟန်​ဖြင့် ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်နေသည်အား မြင်လိုက်ရပေသည်။ 



ကောင်းကင်က ပိန်းပိတ်အောင် မှောင်လာသည့် ည ခုနစ်နာရီမှ ရှန်ယွိ ရောက်လာခဲ့သည်။ 



သူ အခန်းထဲသို့ ဝင်ဝင်ချင်း ဖုန်းစစ်ရွေ့၏ မကျေမနပ်အသံကို ကြားလိုက်ရ၏။ 


"မင်း ညစာစားပြီးလို့ နောက်ဆုံးတော့ ငါ့ကို တွေးမိပြီပေါ့။" ဝှီးချဲလ်ပေါ် ထိုင်နေသည့် ဖုန်းစစ်ရွေ့က မျက်လုံးများကို ကျဥ်းမြောင်းကာ ​မေးလိုက်သည်။ 



ရှန်ယွိက ထိုစကားလုံးများကို ကြားသောအခါ အလျင်အမြန် ပြုံးလိုက်ပြီး လက်ထဲမှ အပူခံ ထမင်းဘူးကို မြှောက်ပြလိုက်သည်။ "တောင်းပန်ပါတယ် ရွေ့ကော။ စွပ်ပြုတ်ချက်ဖို့ အချိန်နည်းနည်း ယူလိုက်ရလို့ပါ။ ဗိုက်ဆာနေပြီလား။ လာပြီးစားတော့လေ။" 



-- 'ပါဆယ်ထုပ်ယူဖို့အတွက် စောင့်စရာမလိုဘူးလို့ ထင်နေတာလား။ စားသောက်ဆိုင်တွေ အားလုံးက ခင်ဗျားရဲ့ မိသားစုကနေ ဖွင့်ထားတယ်များ ထင်လို့လား။ ဒီဒုက္ခိတကတော့ ဘယ်လို သောက်ဒုက္ခပေးရမလဲပဲ သိတယ်!!'



ဖုန်းစစ်ရွေ့၏ နှုတ်ခမ်းထောင့်က တုန်ရီသွားသည်။ "မင်း ကိုယ်တိုင် ချက်လာတာလား။" 



ရှန်ယွိက ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့။" 


-- 'F*ck, ခင်ဗျားကို ခစားဖို့အတွက် ဘယ်သူက အချိန်တွေ ပေါများနေလို့လဲ။ အိမ်လုပ်လက်ရာ​လေး စားချင်နေရင် ခင်ဗျားရဲ့ ကြာပန်းဖြူလေးကို သွားရှာပြီး ချက်ခိုင်းလိုက်လေ။'


ဖုန်းစစ်ရွေ့, "..." ငါက ဘာလို့ သူ့ကို သွားချက်ခိုင်းရမှာလဲ။ 


ကားအက်စီးဒင့်ကြောင့် ငါ့ ဦးနှောက် လွတ်သွားကုန်တာလား။ 



သူက နေ့လယ်ခင်း၌ သူ့အား လာကြည့်ခဲ့သည့် ဆရာဝန်က ပြောခဲ့သော စိုးရိမ်ရသည့် အခြေအ​နေမရှိသည်မို့ အချိန်မရွေး ဆေးရုံဆင်းလို့ရသည်ဟူသော စကားကို သံသယဝင်သွားခဲ့သည်။ 



ရှန်ယွိက အပူထိန်းဘူးကို ဖွင့်လိုက်ပြီး နူးညံ့သိမ်မွေ့စွာဖြင့် အရိုးစွပ်ပြုတ်တစ်ပန်းကန်ကို ဂရုတစိုက် ထည့်ပေးလိုက်၏။ "လောင်ကုန်း အပူမလောင်အောင် သတိထားသောက်နော်။" 




-- 'အပူလောင်ပြီး သေသွားလည်း အေးတာပဲ။ အဲဒါ​ဆို လူတိုင်း ပျော်ရွှင်ရလိမ့်မယ်!'


ဖုန်းစစ်ရွေ့က သူ၏ စိတ်ထဲမှ လူသတ်ခြင်းနှင့် ပြစ်မှုကျူးလွန်ခြင်း ဥပဒေကို အထပ်ထပ်အခါခါ ရွတ်ဆိုနေပြီး သူ၏ စိတ်အခြေအနေကို တည်ငြိမ်လာအောင် အတင်းအကျပ် ကြိုးစားလိုက်ရသည်။ "ဘေးမှာထားလိုက်။ ငါ ပြီးရင် သောက်လိုက်မယ်။" 



"ရသစုံရှိုးရဲ့ ဇာတ်ညွှန်းဘယ်မှာလဲ။ မင်း ယူလာလား။"



ရှန်ယွိ လက်က တန့်သွားပြီး သူ၏ လှပသော မျက်နှာထက်၌ တွေဝေနေသည့် အရိပ်အယောင်တို့ ထွက်ပေါ်လာသည်။ "လောင်ကုန်း ကျွန်တော်တော့ ဒီရသစုံရှိုးက သင့်တော်မယ်လို့ မထင်မိဘူး။ ကျွန်တော်တို့ ဘာလို့ အဲဒါကို ဘေးဖယ်မထားလိုက်တာလဲ။" 




-- 'ဒါက ဇနီးမောင်နှံ ချစ်ခင်ကြင်နာနေတာကို တိုက်ရိုက်ထုတ်လွှင့်မယ့်ရှိုးလေ။ လူတိုင်းက သူတို့ရဲ့ အချစ်တွေကို ပြသနေတဲ့အချိန်မှာ ငါက ဘာသွားပြရမှာလဲ။ အချိန်အကြာကြီး ရခဲ့​တဲ့ အေးစက်စက် ဆက်ဆံမှုနဲ့ ငါ့ခေါင်းပေါ်က ဦးထုပ်စိမ်းကြီးကိုလား။' 


"ဘာဦးထုပ်စိမ်းလဲ။" ဖုန်းစစ်ရွေ့က သည်းမခံနိုင်တော့ဘဲ အေးစက်စွာ ပြောလိုက်သည်။ 



၎င်းက ယန်ရွေ့ချင်းကို ရည်ညွှန်းနေသည်ဆိုလျှင် မှားနေပြီ ဖြစ်သည်။ 



သူက တစ်ဖက်လူကို လက်ဖျားလေးနှင့်ပင် မထိဖူးသလို စိတ်ဝင်စားခြင်းလည်း မရှိပေ။ 



ဖုန်းစစ်ရွေ့ဆိုတဲ့ သူက အိမ်ထောင်ရေးဖောက်ပြားတတ်တဲ့ သူမျိုးမို့လို့လား။



သူက သည်လူကို မကြိုက်လျှင် ကွာရှင်းပြီးပါက နောက်တစ်ယောက် ထပ်ရှာနိုင်နေဆဲ ဖြစ်သည်။ 



ရှန်ယွိက အံ့အားသင့်သွားပြီး ဖုန်းစစ်ရွေ့က သူ့ကို ပြောနေခြင်း​ဖြစ်သည်ဟု ထင်မှတ်သွားကာ သူ၏ သစ္စာရှိမှုကို အလျင်စလို ဖော်ပြလာသည်။ "ရွေ့ကော ကျွန်တော်က ကောကို ဘယ်လိုလုပ် ဦးထုပ်စိမ်းဆောင်းပေးနိုင်မှာလဲ။ ကျွန်တော့် အသက်ကိုတောင် ပေးရဲတဲ့အထိ ကျွန်တော် ကောကို ချစ်တာပါ။ ကောက ကျွန်တော့်ကို မချစ်ဘဲ ကောရဲ့ ရင်ထဲမှာ တခြားတစ်ယောက်ရှိတာ အချိန်အတော်ကြာပြီဆိုတာ သိပေမယ့် ကျွန်တော် နောင်တမရပါဘူး။ ကျွန်တော်က ကောရဲ့ ဘေးမှာ တိတ်တိတ်လေး ရှိနေပြီး စောင့်ရှောက်ပေးချင်ရုံပါ။ တစ်နေ့မှာတော့ ကျွန်တော်က ဒီအရာတွေကို ပြောင်းလဲနိုင်စွမ်းရှိလိမ့်မယ်လို့......." 


  

"ပါးစပ်ပိတ်ထား!" ဖုန်းစစ်ရွေ့က သူ့ကို တားဆီးရန် လက်ကို မြှောက်လိုက်သည်။ 



သူက တစ်ဖက်လူ၏ စိတ်ထဲ၌ မည်သည့်အရာများ ရှိနေသည်ကို မကြားခဲ့ဖူးလျှင် သူက ထိုစကားများကို ယုံလိုက်မိလိမ့်မည် ဖြစ်သည်။ အခုတော့ သူ့ရင်ထဲမှာ ရယ်ချင်စိတ်သာ ရှိတော့သည်။ 



ရှန်ယွိက နာခံမှုရှိရှိနှင့် ပါးစပ်ပိတ်လိုက်၏။



သို့သော် သူ၏ အတွေးများက ပို၍ပင် ဗရုတ်သုတ်ခနိုင်လာသေးသည်။


-- 'ဒီနေ့တော့ ကွာရှင်းမယ့် အကြောင်း ထုတ်ပြောလိုက်ပါတော့။ မြန်​မြန်လေး ငါ့ကို ဖုန်းမိသားစုကနေ ကန်ထုတ်လိုက်တော့လေ။'


-- 'ထူးဆန်းလိုက်တာ။ ကြာပန်းဖြူလေး ဘာလို့ ပြန်သွားတာပါလိမ့်။ ဒီပင့်ကျောင်း စိတ်ပျက်သွားစေဖို့ ငါ လှည့်ကွက်လေးတချို့ လုပ်မလို့ဟာကို။ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်လိုက်ရတယ်လို့။'


-- 'သေစမ်း! တွေးမိလေ ဒေါသထွက်လေပဲ။ ဒီလူက ရသစုံရှိုးကို သွားပြီး ငါ့ရဲ့ နှိမ့်ချရိုကျိုးမှုနဲ့ အလျှော့ပေးဆက်ဆံမှုတွေကို လူတိုင်းမြင်အောင် ပြချင်နေတာလား။ အဲဒီလိုသာဆို ငါ ကွာရှင်းပြီးသွားရင် ပင်လယ်ကျယ်ကြီးထဲက ငါးတွေ ဘယ်လိုဖမ်းရတော့မှာလဲ။' 


ဖုန်းစစ်ရွေ့က အံတင်းတင်းကြိတ်လိုက်သည်။ 



တစ်​ကြိမ်၌ သူက ကွာရှင်းလျှင်ရမည့် ပိုင်ဆိုင်မှုခွဲဝေခြင်းအကြောင်း တွေးပြီး နောက်တစ်ကြိမ်၌ ကွာရှင်းပြီးနောက် အချစ်သစ်ရှာမည့်အကြောင်း တွေးသည်။ 



ရှန်ယွိ မင်း သိပ်တော်လွန်းတယ်! 



"မင်းရဲ့ အေးဂျင့်ကို ပြောလိုက်။ ငါ ဒီရသစုံရှိုးမှာ ပါဝင်မယ်လို့။" သူက သူ့စိတ်ကို အလွန်အမင်း ထိန်းချုပ်ထားရင်း ပြောလိုက်သည်။ 



ရှန်ယွိက အချိန်မီ မတုန့်ပြန်နိုင် ​ဖြစ်သွားရ၏။ "အာ?" 



"ငါ ပြောလိုက်တာကို နောက်ထပ် ပြန်ပြောပြပေးဖို့ လိုသေးလား။" ဖုန်းစစ်ရွေ့က ပြုံးလိုက်၏။ 



အဲဒီအချိန်ကျရင် မင်းမှာ ငါ မသိသေးတဲ့ မျက်နှာ ဘယ်လောက်များများ ကျန်နေသေးလဲဆိုတာ မြင်ချင်ပါသေးရဲ့။ 



"မဟုတ်သေးဘူး။ ကျ... ကျွန်တော် နားကြားမမှားဘူးမလာ" ရှန်ယွိက အံ့သြမှုကြောင့် ပြုတ်ကျလာသည့် မေးကို ပြန်တင်ရင်း ဝှီးချဲလ်ထက်က ခြေထောက်ရှည်ကြီးကို ငုံ့ကြည့်လိုက်သည်။ "ရွေ့ကော.. ကောက အခုထိ ဒုက္ခိတဖြစ်နေတုန်း... အာ မဟုတ်ဘူး.. ကော အခုထိ ပြန်မကောင်းသေးဘူးလေ။" 



သူ စကားဆုံးအောင် မပြောနိုင်ခင် ဝှီးချဲလ်ပေါ်မှ လူက ရုတ်တရက် ထရပ်လိုက်ပြီး အားကောင်းလှသည့် အရှိန်အဝါတို့နှင့် သူ့ထံ တဖြေးဖြေး ချဥ်းကပ်လာပေသည်။ 



ရှန်ယွိက ခေါင်းကို မော့လိုက်သည့်အခါ တစ်ဖက်လူ၏ နက်ရှိုင်းကာ မည်းနက်သည့် မျက်ဝန်းတို့နှင့် ဆုံတွေ့သွားခဲ့သည်။ သူက မမြင်နိုင်သည့် ပိုက်ကွန်အတွင်း ကျရောက်သွားပြီး မည်သည့်အခါမှ မလွတ်မြောက်နိုင်တော့သလို ထင်ယောင်ထင်မှား ခံစားလိုက်ရ၏။ 



နောက်တစ်နေ့တွင်.... 



ရှန်ယွိက မျက်မှောင်ကုတ်ထားသော မျက်နှာနှင့် ရုံးခန်းထဲ၌ ထိုင်နေခဲ့သည်။ သို့သော် သူ၏ အေးဂျင့်က စိတ်လှုပ်ရှားနေသော မျက်နှာနှင့် မျက်နှာချင်းဆိုင်၌ ထိုင်နေခဲ့၏။



"F*ck, မစ္စတာဖုန်းက တကယ် သဘောတူလိုက်တာလား။" ချင်းယွီဟန့်က အခုထိ မယုံကြည်နိုင်သေးဘဲ ရှန်ယွိကို သေချာ စိုက်ကြည့်နေခဲ့သည်။ "နောက်ဆုံးတော့ နင့်ရဲ့ အလှအပက အလုပ်ဖြစ်သွားတာလား။" 


"သူက ကိုယ်တိုင်တောင် လာဦးမှာလား။ ဘုရားရေ ငါ့ရဲ့ ရုံးခန်းလေးကတော့ မကြာခင် ဂုဏ်သရေအပြည့် ဖြစ်နေတော့မှာပဲ။"



ဖုန်းရှီအဖွဲ့အစည်း၏ ကျော်ကြားသော ဥက္ကဋ္ဌကို မသိတဲ့သူ ဘယ်သူရှိမှာတဲ့လဲ။ 



နိုင်ငံ့စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတဲ့ စီးပွားရေးနယ်ပယ်ထဲက ခေါင်းဆောင်တစ်ယောက်၊ သူ့နာမည်အောက်မှာ ဘီလီယံတစ်ရာထက်များပြားတဲ့ ပိုင်ဆိုင်မှုတွေ ရှိပြီး အချမ်းသာဆုံးလူငယ်လုပ်ငန်းရှင်စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့သူ။ ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်နဲ့ အေးစက်စက် ကိုယ်ရည်ကိုယ်သွေးရှိပြီး ချောမောတဲ့ ရုပ်ရည်သွင်ပြင်လည်း ရှိသေးသည်။ သူက အမှန်တကယ် ပြီးပြည့်စုံသောသူ ဖြစ်၏။ သူ၏ မကောင်းသော ဘက်ခြမ်းမှာ တစ်ခုတည်းသာ ဖြစ်သည်။



သူက အလွန် စောစီးစွာ လက်ထပ်သွားခဲ့ပေသည်။ 



ထပ်ပေါင်းပြောရလျှင် သူ၏ လက်တွဲဖော်က အရူးတစ်ယောက် ဖြစ်၏။



လက်ထပ်ပွဲတိုက်ရိုက်ထုတ်လွှင့်မှုမှလွဲ၍ အပြင်လူများ၏ မျက်လုံးရှေ့တွင် သူတို့နှစ်ဦးက မည်သည့်အခါမှ တွေ့ဆုံကြခြင်း မရှိပေ။ သူတို့၏ လက်ထပ်မှုက ဟန်ပြလက်ထပ်မှုသာ ဖြစ်သည်ဟု ခန့်မှန်းခဲ့ကြသည်။ ဖြတ်သွားဖြတ်လာများဖြစ်စေ၊ ချစ်ခင်သည့်ဖန်၊ ဆန့်ကျင်သည့်ဖန်ဖြစ်စေ ထိုလက်ထပ်ပွဲကို ယခုထိတိုင် မည်သူမှ မယုံကြည်နိုင်ခဲ့ကြပေ။ 



ဒါရိုက်တာက ထိုအချက်ကို သဘောကျပြီး လျှို့ဝှက်ဆန်းကြယ်သည့် လက်ထပ်မှုက အလွန် စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မှတ်ခဲ့သည်။ ဖုန်းစစ်ရွေ့၏ အမည်က စခရင်ပေါ်၌ ပေါ်လာရုံနှင့်ပင် ရှိုးက ထိပ်ဆုံးသို့ ရောက်ရှိသွားရန် သေချာနေပြီ ဖြစ်လေသည်။ 



သို့သော်လည်း သူက မျှော်လင့်ချက်အများကြီး မထားခဲ့ပေ။ 



"ဖုန်းစစ်ရွေ့က လှည့်ကွက်တွေ လုပ်နေတာဖြစ်ရမယ်။" ရှန်ယွိက ဆိုဖာပေါ်၌ လှဲရင်း သူ့အမူအရာက မည်းမှောင်နေသည်။ "သူက ဘာလို့ အချစ်ကို ပြသရတဲ့ရှိုးမှာ ပါဝင်မှာလဲ။" 



"သူ ဒီရှိုးမှာ ပါဝင်ချင်ရတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ငါ့ကို တစ်နိုင်ငံလုံးရှေ့မှာ အရှက်ခွဲချင်လို့ပဲဆိုတာ နောက်ဆုံးတော့ ငါ နားလည်သွားပြီ။" 



"အရမ်းကောက်ကျစ်တာပဲ။" 





သူက ခပ်တိုးတိုးရေရွတ်နေပြီး ချင်းယွီဟန့်က စိတ်လှုပ်ရှားစွာနှင့် အော်ဟစ်လိုက်သည့်တိုင်အောင် အရပ်ရှည်ရှည်ပုံရိပ်တစ်ခုက တံခါးနား၌ ရပ်နေကြောင်း သတိမပြုမိခဲ့ပေ။ "ဥက္ကဋ္ဌဖုန်း!" 



"ရှင့်ကို တွေ့ရတာ အရမ်းဝမ်းသာတာပဲ။" 



ရှန်ယွိက ဆိုဖာကနေ ခုန်ထကာ ချို​မြိန်စွာ အော်ဟစ်လိုက်သည်။ "လောင်ကုန်း ရောက်လာပြီလား။" 



သူက အမြန်ပြေးသွားပြီး ဖုန်းစစ်ရွေ့၏ လက်မောင်းကို ဆွဲကာ သူနှင့် နီးကပ်ချင်နေဟန် ပြုမူလိုက်သည်။ 


-- 'မြန်မြန် ငါ့ကို တွန်းထုတ်ပြီး ရွံရှာသလို ကြည့်လိုက်တော့! ရှိုးမှာ ချစ်ခြင်းမေတ္တာတွေ ကျိန်းသေပြသရမယ်ဆိုတာ သတိရပြီး ရသစုံရှိုးမှာ ပါဝင်ဖို့ ပြတ်ပြတ်သားသား ငြင်းဆန်လိုက်ပါတော့!' 


-- 'မြန်မြန်... မြန်မြန်.. မြန်မြန်​လေး! အခုနေ နောင်တရလည်း အရမ်းနောက်မကျသေးဘူး။' 


ဖုန်းစစ်ရွေ့က သူ၏ ဆိုးဆိုးဝါးဝါး တုန့်ပြန်မှုကို စောင့်မျှော်နေသည့် ရှန်ယွိကို ကြည့်ရင်း ဒေါသတကြီး ရယ်မိလုမတတ် ဖြစ်သွားရသည်။ ထို့ကြောင့် သူက တမင်သက်သက် လက်ကို ဆန့်ထုတ်ကာ ရှန်ယွိတင်ပါးဆီ ဆန့်ထုတ်ရင်း ခပ်နာနာလေး ညှစ်ပစ်လိုက်သည်။ "နတ်ဆိုးလေး ကိုယ့်ကို လွမ်းနေတာလား။" 



ရှန်ယွိ : "..." What the f*ck အခုလေးတင် ဘာဖြစ်သွားတာလဲ?!





ဒီကောင့် ခန္ဓာကိုယ်ထဲကို တစ်ယောက်​ယောက်ရဲ့ ဝိညာဥ်များ ကူးပြောင်းလာတာလား။ 


=============