Chapter 3
Viewers 2k

Chapter 3



ဖုယွမ်ကျိုးမှာ ရည်းစားဟောင်းက တရုတ်ပြည်ပြန်လာတော့မည့်အကြောင်းကြားလိုက်ရ၍ အင်မတန်အူမြူးနေလေသည်။ 


ပြန်စဥ်းစားကြည့်ပါကသူ၏ယခင်ဘဝကလည်း ဤအချိန်မှာပင် ရှောင်ဖေး တရုတ်ပြည်ကိုပြန်လာခဲ့သည်။ သူမက ရှဲ့လင်၏တဝမ်းကွဲဖြစ်ပြီး ယွိဖေးဟုခေါ်သည်။ ကလေးအရွယ်တည်းကသူတို့နှင့်အတူကြီးပြင်းလာခဲ့ပြီး သူမငါးနှစ်အရွယ်တွင် မိဘများကွာရှင်းလိုက်၍ သူမအမေနှင့်အတူ နိုင်ငံခြားသို့လိုက်သွားခဲ့ရသည်။ သူမအမေက ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်နေ၍ သူမအလုပ်နှင့်အိပ်မက်အရ နိုင်ငံခြားကိုထွက်ရမည်ဖြစ်ပြီး သူမလည်းလိုက်ပါသွားခဲ့သည်။ 


ဤနှစ်တွင် ယွိဖေးအမေက သူမ မိသားစုကိုလွမ်းဆွတ်နေပြီး တရုတ်ပြည်တွင် သူမ၏အဆက်အသွယ်ကောင်းများရှိနေသောကြောင့် စတူဒီယိုတစ်ခုဖွင့်ရန်စိတ်ကူးဖြင့် တရုတ်ပြည်ကိုပြန်လာခြင်းပင်။ ယွိဖေးကလည်းသူမနှင့်ပြန်လိုက်လာမည်ဖြစ်ပြီး သူတို့အားလုံးပြန်ဆုံတွေ့ခဲ့ကြသည်။ ထို့နောက် သူတို့နှစ်ယောက်၏ဇာတ်လမ်းလေးကစတင်ခဲ့သည်။ 


ဖုယွမ်ကျိုး ရှဲ့လင်နှင့်စကားဆက်မပြောတော့ဘဲ ဖုန်းနံပါတ်စာရင်းကိုကြည့်လိုက်ရာ ယွိဖေး၏ဖုန်းကိုတွေ့လိုက်ရသည်။ မသိစိတ်အလိုအတိုင်း သူမထံမက်ဆေ့ချ်တစ်စောင်ပို့လိုက်ချင်သော်လည်း တဝက်အရောက်မှာပင်ရပ်လိုက်ပြီး နောက်ပိုင်းတွင်ဖျက်ပစ်လိုက်သည်။ 


အ​ကြောင်းမှာ ပြန်မတွေ့ခင် သူ့ထံ၌ရှောင်ဖေးဖုန်းနံပါတ်ရှိနေသော်လည်း နှစ်ယောက်လုံးကလုံးဝမရင်းနှီးကြသေးပေ။ နှစ်သစ်ကူးဆုတောင်းပင် မပို့ဖူးကြသေးဘဲ လက်ဆောင်လည်းမလဲဖူးသောကြောင့် ယခုအချိန်မက်ဆေ့ချ်ပို့လိုက်လျှင် ရုတ်တရက်ဆန်သွားနိုင်သည်။ 


ယင်းတင်မက ဖုယွမ်ကျိုးမှာ ယွိဖေးအမည်ကိုပင်မှားရိုက်ထားမိသေးသည်။ အသံထွက်တူသော်လည်း အခြားလူတစ်ယောက်ဖြစ်နိုင်၏။ 


ယွိဖေးမမြင်သေး၍ ကံကောင်းသည်ဟုယူဆပြီး အမြန်နာမည်ပြောင်းလိုက်ကာ ယွိဖေး၏ Moment ထဲသို့ဝင်ကြည့်လိုက်သည်။ သူ့ချစ်သူ၏အလှများကိုလွမ်းဆွတ်လွန်း၍ ဝင်မွှေချင်သော်ငြား တစ်ပုံမျှပင်မရှိပေ။ 


ရုတ်တရက် သူသတိရသွားသည်။ ဤအချိန်တွင် ရှောင်ဖေးကတရုတ်ပြည်သို့ပြန်လာဦးမည်မဟုတ်ဘဲ သူမ၏ပုံများကို အင်စတာဂရမ်တွင်သာတင်တတ်ကာ အခြားဆိုရှယ်မီဒီယာများကိုသုံးလေ့မရှိပေ။ 


ဒါမှမဟုတ် အင်စတာဂရမ်ကိုပဲပြေးကြည့်လိုက်ရမလား? 

သူ ရှောင်ဖေးအကောင့်ကို မှတ်မိသေးသည်။ 


ဖုယွမ်ကျိုး ဖုန်းမျက်နှာပြင်ကိုဖွင့်လိုက်ပြီးကာမှ ရုတ်တရက်ရပ်သွားပြန်သည်။ 


တခဏမျှစဥ်းစားနေပြီးမှ ထိုအကြံကိုလည်းလက်လျှော့လိုက်မိပြန်သည်။ တံဆိပ်ကိုမြင်လိုက်သည်နှင့် အခြားလူတစ်ယောက်ကိုသတိရမိပြီး ထိုဆော့ဖ်ဝဲကိုဖုန်းထဲမှဖျက်ပစ်လိုက်သည်။ 


အရင်ဘဝက အထက်တန်းပထမနှစ်တွင် ထိုလူကို အင်စတာဂရမ်၌တွေ့ပြီးသည့်နောက် သူချောက်နက်ထဲသို့တစ်လှမ်းချင်းဆင်းသွားမိပြီး စက်ဆုပ်ဖွယ်ရာအဆုံးသတ်နှင့်ကြုံတွေ့ခဲ့ရသည်။ 


ပြန်လည်မွေးဖွားလာပြီးနောက် ဖုယွမ်ကျိုးက ထိုလူ၏ဖုန်းနံပါတ်ကိုဘလော့လိုက်ပြီး အင်စတာဂရမ်ကိုလည်းဖျက်ပစ်လိုက်သည်။ ဤတစ်ကြိမ်တွင် ဒေါင်းလုတ်မဆွဲတော့ပေ။ ရှောင်ဖေးက တရုတ်ပြည်ကိုလာတော့မည်ပင်။ သူအလျင်မလိုသင့်ချေ။ 


ဖုယွမ်ကျိုး နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ရှဲ့လင်ထံ OK အီမိုဂျီကိုပြန်ပို့ပေးလိုက်သည်။ 


စာပြန်နေရာမှ သူရှဲ့လင်၏ပရိုဖိုင်ပုံကို တိတ်ဆိတ်စွာကြည့်နေမိသည်။ ယခုလေးတင် သူ ထိုသူကိုစိတ်ဆိုးနေခဲ့မိသည်။ သူနှင့်ယွိဖေးတို့လမ်းခွဲလိုက်ပြီးနောက် သူစိတ်ဓာတ်ကျခဲ့ရသော်လည်း ရှဲ့လင်က ပျော်နေခဲ့သည်။ အနှီလူက သူတို့နှစ်ယောက်တွဲရန်လုပ်စဥ်ကလည်းအားမပေးခဲ့ဘဲ သူတို့ရဲ့ဆက်ဆံရေးကို ဖော်ထုတ်ခဲ့ချိန်တွင်လည်း ရက်အတန်ကြာအထိ မျက်နှာမကောင်းခဲ့ပေ။ 


"ငါဘယ်သူ့ကိုမှ မကြည့်တော့ဘူး..." 


ဖုယွမ်ကျိုး သူ့ကိုယ်သူခပ်တိုးတိုးပြောလိုက်သည်။ 


မင်းမှာ အရည်အချင်းရှိတယ်ဆိုပြီး သူများကို မနှိမ့်ချစမ်းပါနဲ့။

[ရှဲ့လင်ကို သူကAမို့ဆိုပြီး ဘဝင်မြင့်မနေနဲ့လို့ပြောချင်တာပါ အစွာလေးဟ] 


ယခုအချိန်တွင် သူ့ဘက်မှထိုသူအား အပြစ်မမြင်သော်လည်း ရှဲ့လင်ကသူ့အားခွင့်ပြုချက်မရဘဲကိုက်ခဲ့သည့်အတွက် မုန်းတီးမှုကိုအမှတ်ရနေမည်ဖြစ်ပြီး​ သေသည်အထိ မေ့မည်မဟုတ်။ 


ဤတခေါက် ယွိဖေးနှင့်ဇာတ်လမ်းပြန်ဆက်ရန်အတွက် ဖုယွမ်ကျိုး မပြင်ဆင်ရသေးပေ။ 


၎င်းက အခြေအနေပေါ်တွင်လည်းမူတည်သေးသည်။ အရေးအကြီးဆုံးမှာ ရှောင်ဖေးကအိုမီဂါဖြစ်နေရမည်ဖြစ်ပြီး အနည်းဆုံးအနေဖြင့်ဘီတာဖြစ်ရမည်။ သူမသာ အယ်လ်ဖာဖြစ်နေပါက...စဥ်းစားနေရန်ပင်မလိုတော့ပေ။ သူမအတွက် ကလေးကိုသူကမွေးပေးရမလိုဖြစ်နေတော့မည်မဟုတ်ပါလား။ 


****

နွေရာသီအားလပ်ရက်များက အလျင်အမြန်ကုန်ဆုံးသွားခဲ့ပြီး မျက်စိတမှိတ်အတွင်း ကျောင်းပြန်တက်ရမည့်အချိန်ကိုရောက်လာလေပြီ။ ဖုယွမ်ကျိုးမှာ လိင်အမျိုးအစားကွာခြားချက်ကို အမြန်လက်ခံလိုက်ရပြီး အခြားရှုထောင့်မှကြည့်လျှင်လည်း ယခင်ကနှင့်မတူတော့ပေ။ 


မသင့်လျော်သည့် နေရာအချို့ရှိနေ၍ အချိန်မီတားဆေးသုံးရန်လိုပြီး ထိန်းသိမ်းရေးလည်ပတ်ကိုဝတ်ထားသင့်သည်။


ဖုယွမ်ကျိုး လည်ပတ်ကိုဝတ်လိုက်တိုင်း သူကအိုမီဂါတစ်ယောက်ဖြစ်ကြောင်း သတိရမိတတ်၍ ၎င်းကိုမဝတ်ချင်ပေ။ သို့သော်လည်း နောက်ဆုံးတခေါက် ရှဲ့လင်ထံမှအကိုက်ခံလိုက်ရသည့်အချိန်ကစ၍ စိတ်ပိုင်းဆိုင်ရာအရိပ်မည်းကြီးကျန်ရစ်ခဲ့သည်။ ကလေးမမွေးရစေရန်၊ ဤဘဝတွင်စင်ဂယ်ခွေးဖြစ်သွားလျှင်ပင် လည်ပတ်ဝတ်ထားသင့်ကြောင်း နားလည်ထားလိုက်၏။ 


အသက်နှစ်ဆယ်အရွယ်ရောက်လျှင် ထိုဂလင်းကိုအမြန်ဖယ်ထုတ်ပစ်ရမည်။ ထိုနောက်တွင် ၎င်းနှင့်ပတ်သတ်ပြီး စိတ်ပူစရာမလိုအပ်တော့ပေ။ 


ကျောင်းပြန်တက်ရမည့်နေ့မနက်ခင်းတွင် ဖုယွမ်ကျိုးတစ်ယောက် မျက်နှာသစ်နေရင်း မှန်ထဲကိုကြည့်မိလိုက်ပြီး လည်ပင်းတဝိုက်မှလည်ပတ်ကိုကိုင်ကြည့်နေရင်း စဥ်းစားကြည့်လိုက်သည်။ 


ဒီအတိုင်းဆိုရင် စည်းမျဥ်းက တော်တော်လေးမသင့်တော်တာပဲမလား? ဘာလို့ အသက်နှစ်ဆယ်မှလဲ? 


အသက်လိုအပ်ချက်သာမရှိလျှင် သူ ထိုဂလင်းကို တတ်နိုင်သမျှအမြန်ဖယ်ထုတ်ပစ်လိုက်မည်။ 


ဖုယွမ်ကျိုးသည် သူ၏ဖယ်ရိုမုန်းရနံ့က မက်မွန်ပန်းနံ့ဖြစ်နေရခြင်းကိုမနှစ်သက်ပေ။ ၎င်းက နူးညံ့ပြီးမွှေးလွန်းသည်။ ထိုအနံ့ရလိုက်တိုင်း သူဒေါသထွက်လာရပြီး အနံ့သာအပြင်ထွက်လာပါက သူ့မျက်နှာကိုဘယ်နားထားရမှန်းပင်သိတော့မည်မဟုတ်ပေ။ 


ဆေးကြောသန့်စင်ပြီးနောက် အောက်ဆင်းပြီးနံနက်စာစားလိုက်သည်။ ဒရိုင်ဘာက သူ့အား ကျောင်းသို့လိုက်ပို့ပေးလေ၏။ သူကားပေါ်တက်လိုက်သည်နှင့် ရှဲ့လင်က ကားနောက်ခုံပေါ်တွင်ထိုင်နေခဲ့သည်။ နှစ်ယောက်သားဘေးချင်းကပ်ထိုင်နေခဲ့ကြ၏။ ရှဲ့လင်က တစ်ယောက်တည်းနေသူဖြစ်၍ ကျောင်းသွားတိုင်း သူ့ကားနှင့်အတူသွားကြရသည်။ 


"မောနင်း.." တခဏမျှတွေဝေနေပြီးနောက် ဖုယွမ်ကျိုးက ရှေ့ခုံတွင်ထိုင်မည့်အစား ရှဲ့လင်နှင့်အတူထိုင်ရန်ရွေးချယ်လိုက်၏။ 


ဤအကြိမ်က ထိုနေ့နောက်ပိုင်း သူတို့နှစ်ယောက်ပထမဆုံးပြန်တွေ့ကြခြင်းဖြစ်သည်။ ဖုယွမ်ကျိုးမှာရှက်နေဆဲဖြစ်သည့်တိုင် ရှဲ့လင်၏တည်ငြိမ်နေသောမျက်နှာထားကြောင့် သူလည်နေမြဲအတိုင်းနေလိုက်သည်။ မဟုတ်ပါက ဒရိုင်ဘာကသူတို့နှစ်ယောက်ကြားမှကိစ္စကို သတိထားမိသွားလျှင် ပိုဆိုးကုန်လိမ့်မည်။ 


ရှဲ့လင်က သာသာလေးခေါင်းညိတ်ပြီး ဖုယွမ်ကျိုး၏မျက်နှာကိုကြည့်လာသည်။ 


"မင်းအားလပ်ရက်မှာပေးလိုက်တဲ့အိမ်စာတွေပြီးပြီလား..." 


"အင်း...ပြီးသွားပြီ..." 


ဖုယွမ်ကျိုး တုံ့ပြန်လိုက်သော်ငြား သမိုင်းနှင့်ပထဝီဘာသာများတွင် အများစုကို ကော်ပီကူးလာခဲ့ခြင်းဖြစ်သည်။ ရေးပြီးသည့်နောက် သူ့လက်များကျိုးသွားသလိုပင်ခံစားလိုက်ရသေးသည်။ သူယခင်က စာရေးစာဖတ်မလုပ်ခဲ့၍ ယခုမူဖြည်းဖြည်းချင်းပြန်ကျင့်ယူနေရလေပြီ။ 


ရက်အနည်းငယ်ခန့်ပြန်လှန်လေ့ကျင့်ပြီးသည့်အခါ သူ၏လုပ်ဆောင်ရည်က ကျဆင်းနေသလိုပင်။ ပြန်လည်ပြင်ဆင်ရန် လုပ်စရာအများအပြားရှိနေ၍ တစ်ယောက်ယောက်ကသူ့အား ဂိုက်ပြပေးလျှင်ပိုကောင်းလောက်မည်။ 


သူ့အားဂိုက်ပြပေးရန် ရှဲ့လင်ထံအကူအညီတောင်းနိုင်သော်လည်း ထိုနေ့ကအဖြစ်အပျက်များကိုအာရုံရောက်မိနေဆဲ။ သည့်အပြင် ရှဲ့လင်က သူ့ထက်ကြီးသည်။ ထိုသူက စီနီယာအထက်တန်းကျောင်းသားဖြစ်နေပြီး ကျောင်းတက်ရက်ကသူ့ထက်စောခဲ့သည်။ သူ့ဘက်မှရှဲ့လင်ကို မလေးမစားမလုပ်ချင်ပေ။ ရှဲ့လင်က သူ၏ပြန်လှန်လေ့ကျင့်ခန်းများလုပ်ရန် အရည်အချင်းအပြည့်မီဆုံးဖြစ်နေလျှင်ပင် လက်မခံနိုင်။ 


ထားလိုက်တော့...ကျောင်းတက်ပြီးရက်နည်းနည်းကြာမှ ဆရာတစ်ယောက်ရှာလိုက်မယ်.... 


ဖုယွမ်ကျိုး စဥ်းစားတွေးတောနေရာမှ သူ့အရှေ့တွင် တစ်ခုခုယမ်းသွားသလိုခံစားလိုက်ရသည်။ အနီးကပ်ကြည့်လိုက်သည့်အခါ ယင်းကလက်တစ်ဖက်ဖြစ်နေပြီး သူ၏လည်ပင်းမှလည်ပတ်ကိုပြင်ပေးလာခြင်းဖြစ်ကြောင်းသိလိုက်ရ၏။ အကွာအဝေးကအင်မတန်နီးကပ်လွန်းနေ၍ ၎င်း၏လက်ချောင်းထိပ်ဖျားမှ ဝိုင်ရနံ့ဖျော့ဖျော့ကိုပင်ရနေလေသည်။ 


သူ့နှလုံးက တစ်ချက်ခန့်ဆောင့်ခုန်သွားကာ မသိစိတ်အရ အလိုလိုဘေးဘက်သို့ရှောင်လိုက်မိသည်။ သူ၏တုံ့ပြန်မှုကြောင့် ရှဲ့လင်က အမြန်လက်ပြန်ရုတ်သွားပြီး သူ့အားမျက်လွှာပင့်ကြည့်လာရင်း အချိန်အနည်းငယ်ကြာမှ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။ 


"ဆောရီး...ငါမင်းကိုလန့်အောင်လုပ်မိသွားပြီ..." 


"အော်...ရပါတယ်..." 


ဖုယွမ်ကျိုး မသဲမကွဲပြန်ဖြေလိုက်ပြီးမှနောင်တရလာလေသည်။ သူ၏တုံ့ပြန်မှုက အနည်းငယ်လွန်ကဲသွားသလိုပင်။ ရှဲ့လင်က သူ့အပေါ်တွင်ဂရုစိုက်ပေးခဲ့သည်။ သူရှဲ့လင်ကိုထိခိုက်အောင်လုပ်မိသွားလျှင် မည်သို့များဖြစ်သွားလိမ့်မည်နည်း။ သူသည် ယခင်ဘဝက မကောင်းမှုများစွာကိုကျုးလွန်ခဲ့ပြီး ထိုသူကိုထပ်ခါတလဲလဲနာကျင်စေခဲ့သည်။ ဤတကြိမ်တွင်မူ ထိုသူကိုနောက်တကြိမ်ဝမ်းမနည်းစေချင်တော့ပေ။ 


တစ်လမ်းလုံး တိတ်ဆိတ်နေခဲ့ကြပြီး ကားက ကျောင်းဂိတ်ရှေ့တွင်ရပ်သွားခဲ့သည်။ နှစ်ယောက်လုံး ကားပေါ်မှဆင်းလိုက်ကြပြီးနောက် စာသင်ဆောင်ရှိရာအထိ အတူလျှောက်လာခဲ့ကြ၏။ သက်ဆိုင်ရာအထပ်သို့ကိုယ်စီသွားရမည့်အချိန်ရောက်သည့်အခါ ဖုယွမ်ကျိုး ရုတ်တရက်လက်ဆန့်လိုက်ပြီး ရှဲ့လင်၏အဝတ်အစားပေါ်မှ ခေါက်ရာများကိုပြန့်အောင်ပြင်ပေးလိုက်သည်။ 


ရှဲ့လင်ကရပ်ပြီး သူ့ကိုလှည့်ကြည့်လာသည်။ ဖုယွမ်ကျိုးက ထိုသူမျက်နှာကိုကြည့်ရန်ရှက်နေမိ၍ ခေါင်းငုံ့ထားပြီးအသံနိမ့်နိမ့်ဖြင့်ပြောလိုက်၏။ 


"တောင်းပန်ပါတယ်...ငါလည်း ငါ့ပြဿနာနဲ့မလို့ပါ..နောက်ကျထပ်မဖြစ်စေရပါဘူး...မင်းစိတ်မဆိုးပါနဲ့.." 


"ငါစိတ်မဆိုးပါဘူး..."


ရှဲ့လင်က ဖွဖွလေးပြုံးပြလိုက်သည်။ သူပြုံးလိုက်ချိန်တွင် ရေခဲနှင့်နှင်းများ အရည်ပျော်သွားသလိုပင်၊။ အေးစက်သည့်မျက်ခုံးများက ပိုထင်ရှားပြီးလှပလာခဲ့သည်။ 


သူကလက်ဆန့်ထုတ်ပြီး ဖုယွမ်ကျိုး၏ဆံပင်များကိုပွတ်သပ်ပေးလာ၏။

"ငါမင်းကိုစိတ်မဆိုးပါဘူး..." 


ဖုယွမ်ကျိုးက ပျော်သွားပြီး ရှဲ့လင်လက်ကိုကိုင်ထားရင်း မျက်လုံးလေးများက တဖျတ်ဖျတ်လက်လာသည်။ 


"ငါတို့တစ်သက်လုံး ညီအစ်ကိုကောင်းနဲ့သူငယ်ချင်းကောင်းတွေဖြစ်သွားကြမယ်နော်!" 


"....." 


ရှဲ့လင်မှာ နှုတ်ဆိတ်နေပြီးနောက်မှ လှေကားပေါ်တက်သွားခဲ့သည်။ 


သေစမ်း...ဘာကောင်လဲဟ...သူဒီလောက်စိတ်လှုပ်ရှားတဲ့ပုံစံကတွေ့ရခဲတာကို..ဒီလူကငါ့ကိုစကားတစ်ခွန်းလေးတောင်မပြောသွားဘူး... 


ဖုယွမ်ကျိုး ဒေါသထွက်သွားရပြီး ရှဲ့လင်၏နောက်ကျောကို လက်ခလယ်ထောင်ပြလိုက်ကာ အတန်း(၁) ကိုဝင်လာခဲ့သည်။ 


သူတို့အတန်းတွင် အခန်း ဆယ့်ခြောက်ခန်းခွဲထားသည်။ တန်းခွဲ ၁ နှင့် ၂ က သိပ္ပံစမ်းသပ်ခန်းများဖြစ်ပြီး တန်းခွဲ ၃ မှ ၁၄ အထိကသာမန်စာသင်ခန်းများသာဖြစ်သည်။ တန်းခွဲ ၁၅ နှင့် ၁၆ က အနုပညာတန်းခွဲများဖြစ်ပြီး သိပ္ပံနှင့်အနုပညာခန်းများအကြားတွင် တစ်ခန်းစီခွဲထားသည်။ 


သို့တစေ ဖုယွမ်ကျိုးက ပထမဆုံးအတန်းကိုရီပို့မတင်ခဲ့ပေ။ အတန်းဖော်များကို ဟယ်လိုဟုသာနှုတ်ဆက်ပြီး ပြန်ထွက်သွားခဲ့ခြင်းပင်။ သူတို့ကျောင်းတွင် နှစ်တိုင်း သိပ္ပံအတန်းများကို ပြန်လည်စီစဥ်တတ်၏။ သူအထက်တန်းပထမနှစ်တက်နေရသည့်အချိန်က စာသေချာမလေ့လာခဲ့ဘဲ အဆင့်များလည်းမကောင်းခဲ့ပေ။ ထို့ကြောင့် အထက်တန်းဒုတိယနှစ်တွင် လက်တွေ့တန်းများကိုမဝင်ရတော့ဘဲ အတန်း ၇ မှာပင် လေ့ကျင့်ခန်းစာအုပ်ကိုထပ်ရတော့သည်။ 


အထက်တန်းပထမနှစ်တွင် ဖုယွမ်ကျိုး၏အဆင့်များက အောက်ဆုံးအထိထိုးကျနေခဲ့သော်လည်း ကံကြမ္မာ၏မျက်နှာသာပေးပုံက မနာလိုဖွယ်ရာကောင်းစွာပင် သူ့အားနာမည်ကြီးစေခဲ့သည်။ သူသည် တန်းခွဲအများစုနှင့်ရင်းနှီးပြီး အတန်းဖော်ဟောင်းများနှင့်လည်း ခင်မင်ခဲ့သည်။ လူတိုင်းကသူ့အားသဘောကျကြသည်။ 


ထျန်းချန် အမှတ် ၁ အလယ်တန်းကျောင်းသည် မြို့ထဲတွင် အကောင်းဆုံးကျောင်းအဖြစ်သတ်မှတ်ခံထားရသည်။ အဆင့်များက ကျောင်းသားတိုင်းအတွက် အလွန်အရေးကြီးသည်။ ကျောင်းက ကျောင်းသားအများစုက သဘောကောင်းကြပြီး အဆင့်မကောင်း၍လည်းမနှိမ်ကြပေ။ 


ထို့အပြင် ဖုယွမ်ကျိုးမှာ စာမလိုက်နိုင်သလို အဆင့်လည်းမကောင်းပေ။ သို့ပေသိ အခြားနေရာများတွင်မူ ထူးချွန်ခဲ့သည်။ သူ့ပုံစံနှင့်မိသားစုနောက်ခံကိုအသာထား၊ လူနည်းစုကသာ သူနှင့်ယှဥ်ပြိုင်နိုင်လေ၏။ သူစိတ်ဝင်စားသည့်နေရာက ကျယ်ပြန့်ပြီး အားကစားတွင်လည်းတော်သည်။ အမြင့်ခုန်ကစားနည်းတွင် အတန်း၏ကိုယ်စားပြုဖြစ်ကာ တာဝေးအပြေးပြိုင်ပွဲများတွင်လည်း အမြဲပထမနေရာတွင်ရှိခဲ့သည်။ 


မည်သူကမှ ဖုယွမ်ကျိုးကိုကျောင်းမထွက်စေချင်ကြပေ။ အချို့မိန်းကလေးများဆိုလျှင် သူ့အားလက်ဆောင်ပင်ပေးကြသေးသည်။ ဖုယွမ်ကျိုးက ပြုံးပြုံးလေးယူတတ်ပြီး အထက်တန်းတတိယနှစ်ကျောင်းသူများထံသို့ အင်မတန်နှိမ့်ချကျိုးနွံသော အမူအရာဖြင့် ပြန်ပေးတတ်သည်။ 


အခြားသူများက ရယ်ရယ်မောမောနှင့်နှုတ်ဆက်ကြပြီး ပူဆွေးသောကများကိုလျှော့ချလိုက်ကြကာ လေထုကပျော်စရာများဖြင့်ပြည့်နေခဲ့သည်။ သူတို့နှင့်ကွဲထွက်နေသည့် လူတစ်ယောက်ကသာ နေရာတွင် အမူအရာမဲ့စွာထိုင်နေပြီး စားပွဲပေါ်မှစာအုပ်ကိုလှန်လှောနေရင်း တဖက်မှအရာများကို စိတ်မဝင်စားသလိုလျစ်လျုရှုနေခဲ့သည်။ 


ဖုယွမ်ကျိုးက ထိုကောင်လေးကိုတချက်ကြည့်ပြီး ပုခုံးသာတွန့်လိုက်သည်။ 


သူ့အားသဘောကျသူများရှိသလို မုန်းသူများလည်းရှိလိမ်မည်ပင်။ ထိုသူသည် ၎င်းတို့အနက်မှတစ်ယောက်ပင်။ ရန်ရှူးထန်။ အတန်းထဲမှထိပ်ဆုံးကျောင်းသား။ တခါမှအဆင့်မကျဖူးခဲ့ဖူးပေ။ ဒုတိယနေရာမှလူက သူနှင့်ယှဥ်လျှင်အမြဲ အမှတ်နှစ်ဆယ်သုံးဆယ်ခန့်ကွာနေတတ်သည်။ 


ပိုကြောက်စရာကောင်းသည့်အချက်မှာ ရန်ရှူးထန်က အတန်းကျော်တက်လာသည့်သူဖြစ်နေပြီး သူ့ထက်နှစ်နှစ်ငယ်သည်။ သို့သော်လည်း ဆုအများအပြားကိုရခဲ့လေ၏။ ထိုသူသည် ဆရာများ၏အချစ်တော်ဖြစ်ပြီး အတန်းဖော်များ၏မျက်လုံးထဲတွင်မူ နတ်ဘုရားဟူသောဂုဏ်ပုဒ်နှင့်ထိုက်တန်နေခဲ့သည်။ 


သူနှင့်ရန်ရှူးထန်တို့အကြားမှ အငြိုးအကြောင်းပြောရလျှင် ဖုယွမ်ကျိုးလည်း သေချာမမှတ်မိတော့ပေ။ သူ့အား ရန်ရှူးထန်က ဖော်မပြတတ်လောက်အောင်မုန်းတီးနေသည်ကိုသာ ခံစားမိခဲ့သည်။ သူ့အမြင်တွင် ရန်ရှူးထန်ကသူ့အားတစ်ခါမှပြုံးမပြဖူးဘဲ အမြဲအေးစက်စက်သာ ဆက်ဆံတတ်သည်။ 


ဖုယွမ်ကျိုးကလည်း သူ့အားမမြင်ချင်သူကို သူငယ်ချင်းဖြစ်ချင်လွန်း၍ လိုက်ကပ်နေလောက်သည်အထိ သဘောထားမကြီးပေ။ အနှီပြန်လည်မွေးဖွားလာခြင်းက မျှော်လင့်ရလျှင် ရန်ရှူးထန်၏လိင်က အိုမီဂါတစ်ယောက်ဖြစ်နေလောက်သည်မဟုတ်လား။ ထိုသို့ဆိုပါက လုံးလုံးပြည့်စုံသွားပေလိမ့်မည်။ 


ရန်ရှူးထန်က လည်ပတ်မဝတ်ထားသော်လည်း အချို့အိုမီဂါများလည်း လည်ပတ်မဝတ်ကြပေ။ 


ဒီကောင်လေး ဒီလောက်နူးညံ့တာ။ အိုမီဂါမှမဟုတ်ရင် ဘာများဖြစ်နိုင်သေးလို့လဲ။


ထိုအတိုင်းတွေးကြည့်လျှင် ရန်ရှူးထန်က အိုမီဂါဖြစ်နိုင်ချေရှိသည်။ ဖုယွမ်ကျိုးမှာ ပြုံးချင်စိတ်ကိုမထိန်းထားနိုင်တော့ပေ။ ထိုအချိန်မှာပင် အချိန်ပြည့်လုနီးပါးဖြစ်လာမှန်းရိပ်မိလိုက်ပြီး အားလုံးအပေါ်သနားညှာတာသောအားဖြင့် ကျောပိုးအိတ်ကိုလွယ်ကာ အတန်းအပြင်သို့ထွက်ပြီး အတန်းသစ်အတွက်ရီပို့သွားတင်ရန်ပြင်လိုက်သည်။ 


"ဟေး...ယွမ်ကျိုး..မင်းဖုန်းမေ့ကျန်ခဲ့တယ်!" 


ရုတ်တရက် သူ့နာမည်ကိုခေါ်လိုက်သံကြောင့် ဖုယွမ်ကျိုး တမဟုတ်ချင်းလှည့်ကြည့်လိုက်သည်။ တခန်းလုံးကိုဝေ့ကြည့်လိုက်သော်လည်း မထင်မှတ်ဘဲ ရန်ရှူးထန်က စာအုပ်ဖတ်မနေတော့ဘဲ တံခါးဝကိုလှမ်းကြည့်နေခဲ့သည်။ 


အခု....အခုလေးတင်...သူ ငါ့ကို အနောက်ကနေကြည့်နေခဲ့တာလား.... 


သူလှည့်ကြည့်လာလိမ့်မည်ဟု အနှီသူကထင်မထားခဲ့ပုံပင်။ ရန်ရှူးထန်၏မျက်လုံးများက တခဏမျှရွေ့လျားသွားပြီး လှပပြီးအေးစက်သည့်မျက်နှာပေါ်တွင် လှိုင်းဂယက်လေးများဖြတ်သန်းသွားခဲ့သည်။ ထိုသူက မျက်လွှာချကာ သူ့ကိုကြည့်နေရာမှမျက်လုံးလွှဲသွားခဲ့ပြီး စာအုပ်ပေါ်သို့ အာရုံပြန်ရောက်သွားလေ၏။ 


သို့သော်လည်း အမြင်စူးရှလှသည့်ဖုယွမ်ကျိုးမှာ ရန်ရှူးထန်၏နားရွက်များက နီရဲနေသည်ကို သတိထားမိသွားလေသည်။