Chapter 4
Viewers 1k

Chapter 4



ရန်ရှူးထန်၏နားရွက်များ နီရဲနေသည်ကို သူသတိထားမိလိုက်သည်။ 


မတိုင်ခင်က ဖုယွမ်ကျိုးမှာ အမြင်မှားသွားခြင်းဖြစ်မည်ဟုထင်ခဲ့၏။ သူမနေနိုင်၍ နောက်တခါထပ်ကြည့်လိုက်သည့်အခါ သူမှားမြင်ခြင်းမဟုတ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ ရန်ရှူးထန်ကအသားဖြူလေရာ အလွန်သိသာ၍နေ၏။ 


ဖုယွမ်ကျိုးမှာ ဝတ္ထုထဲရောက်သွားသလိုခံစားလိုက်ရသည်။ အထက်တန်းကျောင်းပြီးသည်နှင့် သူနှင့်ရန်ရှူးထန်တို့မဆက်သွယ်ဖြစ်ကြတော့သော်လည်း အထက်တန်းတက်ခဲ့သည့်သုံးနှစ်အတွင်း ထိုသူအပေါ်တွင်လေးစားသမှုရှိခဲ့၏။ ရန်ရှူးထန်ယခုလိုဖြစ်နေသည်ကို သူမမြင်ဖူးသေးပေ။ 


ဘာလဲဟ? သဘောမကျတဲ့လူတစ်ယောက်ကိုချောင်းကြည့်ပြီးမှရှက်သွားတာလား? တော်တော်အရေပါးတာပဲ။ 


ရန်ရှူးထန် သူ့အားကြည့်ရသည့်အကြောင်းအရင်းကို နားလည်နိုင်ပါ၏။ သူထွက်သွားသည်ကို ကြည့်ရသည်ထက် ပို၍ပျော်စရာကောင်းသည့်အရာ မရှိတော့၍ဖြစ်မည်။ သူသည်လည်း ယခင်ဘဝ၌ ရန်ရှူးထန်ထွက်သွားသည်ကို မြင်လျှင် ခုန်ပေါက်ကာပင် ပျော်မြူးတတ်သေးသည်။ရန်ရှူးထန်၏ တုန့်ပြန်မှုက အနည်းငယ် မရေမရာဖြစ်နေရုံသာ။ 


အထက်တန်းကျောင်းတွင် နှစ်အတန်ကြာနေခဲ့ပြီးမှ ကျောင်းပြီးခဲ့ရသောကြောင့် ရန်ရှူးထန်အပေါ် ဖုယွမ်ကျိုး၏ မနှစ်မြို့မှုအများအပြားမှာ မှိန်ဖျော့သွားပြီဖြစ်ပြီး ကျောင်းတက်နှစ်အစပိုင်းတွင်ရှိခဲ့ဖူးသော ပျော်စရာမကောင်းသည့်အမှတ်တရများကိုလည်း မေ့ပျောက်သွားခဲ့သည်၊၊ သို့သော် ယခုတော့ အထက်တန်းကျောင်းမှ သူ့ပြိုင်ဘက်ကို စနောက်ရန် နောက်တကြိမ်အခွင့်အရေးပင်ဖြစ်ကြောင်း ရုတ်တရက်နားလည်သွားလေ၏။ သူအလွန့်အလွန်ပျော်ရွှင်နေဆဲပင်။ 


ထို့ကြောင့် ဖုယွမ်ကျိုးက ဖုန်းကိုယူပြီး ရန်ရှူးထန်၏စားပွဲခုံသို့တိုက်ရိုက်လျှောက်သွားလိုက်သည်။ 


သူ၏ရုတ်တရက်ဆန်သောလှုပ်ရှားမှုက အတန်းထဲရှိလူအများအပြားကို တမဟုတ်ချင်းအာရုံစိုက်လာစေခဲ့သည်။ သူတို့ကအချင်းချင်းရင်းနှီးမှုမရှိသေးမှန်း အားလုံးသိကြသည်။ စကားပြောကြတိုင်း ကောင်းသည့်အရာဟူ၍ရှိမလာခဲ့ဖူးပေ။ ယခုမူ ထိုနှစ်ယောက်က နောက်တကြိမ်ထိုးကြိတ်ကြမည်ကိုစိုးရိမ်ပြီး ၎င်းတို့အားလုံးမှာစိတ်လှုပ်ရှားနေခဲ့ကြရလေ၏။ 


ဖုယွမ်ကျိုး လက်ကိုဆန့်ထုတ်လိုက်သည့်အခါ အနီးမှလူများကသူ့အားတားရန် ပြေးလာကြသည်။ ဖုယွမ်ကျိုးက ရန်ရူထန်ကိုထိုးလိုက်လျှင် ဘယ်လိုလုပ်ကြမည်နည်း။ သူကအိုမီဂါတစ်ယောက်ဖြစ်လင့်ကစား သူ၏တိုက်ရည်ခိုက်ရည်ကို အထင်သေးရဲသူမရှိပေ။ ရန်ရှူးထန်၏ခန္ဓာကိုယ်အခြေအနေက မကောင်းသောကြောင့် ဖုယွမ်ကျိုး၏လက်သီးတစ်ချက်တည်းနှင့်ပင် ထိုသူမှာ မှောက်သွားနိုင်ချေရှိသည်။ 


သူတို့ထက်စာလျှင် ရန်ရှူးထန်ကပိုတည်ငြိမ်သည်။ မျက်နှာထားမှာ ယခင်ထက် ကြီးကြီးမားမားပြောင်းလဲသွားခြင်းမရှိ။ သူက ထိုင်ခုံတွင်တည်ငြိမ်စွာထိုင်နေပြီး ဖုယွမ်ကျိုးအား ဘာလုပ်ချင်လဲဟူသောအေးတိအေးစက်မျက်လုံးဖြင့်သာကြည့်နေလေသည်။ 


သို့ထိတိုင် အားလုံး၏ခန့်မှန်းချက်နှင့်ကွဲလွဲစွာဖြင့် ဖုယွမ်ကျိုးမှ ရန်ရှူးထန်ကိုမထိုးခဲ့သလို အင်္ကျီကော်လာကိုလည်းမဆွဲခဲ့ပေ။ သူက ရန်ရှူးထန်အရှေ့တွင်သာရပ်နေခဲ့ပြီး သူ့လက်ကိုဆုပ်ကိုင်ထားရင်း တွန့်ဆုတ်ဆုတ်အမူအရာဖြင့်ပြောလိုက်လေသည်။ 


"ငါမင်းကိုတကယ်မုန်းတယ်..." 


လူတိုင်း: "???" 


ရန်ရှူးထန်မှာ ဘာပြောရမှန်းပင်မသိတော့။ ဖုယွမ်ကျိုးက သူ၏လက်ချောင်းများကိုဆုပ်ထွေးပြီး ဆွဲညှစ်ထားခဲ့သည်။ စိတ်မကောင်းဖြစ်နေသည့်မျက်နှာဖြင့် သူ့အားကြည့်နေပြီး ရန်ရှူးထန်၏နားရွက်အနားကိုကပ်ကာ တီးတိုးပြောလိုက်လေသည်။ 


"အခုတော့ ငါအတန်းပြောင်းရတော့မယ်...ပြောစရာရှိတာကို တည့်တည့်ပြောလိုက်တာကပိုကောင်းလိမ့်မယ်...တကယ်တော့ ငါမင်းကိုပြောချင်တာက...ထားလိုက်ပါတော့...မပြောချင်တော့ဘူး...နှုတ်ဆက်ပါတယ်ကွာ..." 


သူကစကားကို တဝက်တပျက်ဖြင့်ရပ်လိုက်ပြီး တဖက်ကိုအမြန်လှည့်ကာ ကျောင်းလွယ်အိတ်ကိုကိုင်လျက် အခန်းအပြင်ဘက်သို့ပြေးထွက်သွားလေသည်။ 


နောက်ထပ်စက္ကန့်အနည်းငယ်အကြာ၌ ဖုယွမ်ကျိုးသည် အခန်းထဲမှ စားပွဲနှင့်ထိုင်ခုံများတွန်းတိုက်သွားသည့်အသံကိုကြားလိုက်ရသည်။ ရန်ရှူးထန်က သူ့အနောက်သိူ့လိုက်လာခြင်းလည်းဖြစ်နိုင်သည်။ ဘယ်လိုပင်ဖြစ်ပါစေ၊ သူယခုသွားရတော့မည်။ အတန်းခွဲ ၇ က အပေါ်ထပ်တွင်ရှိနေ၍ သူအပေါ်ထပ်သို့သာတက်လာလိုက်ရ၏။ 


တကယ်တမ်းတွင် သူရန်ရှူးထန်ကိုပြောစရာစကားမရှိပေ။ အနှီသူကို ဟိုတွေးသည်တွေးဖြင့်ခန့်မှန်းနေစေရန် ဒုက္ခပေးခဲ့ခြင်းသာဖြစ်သည်။ ရန်ရှူးထန်၏စရိုက်က အရူးလုပ်ရခက်ခဲသော်လည်း ဖုယွမ်ကျိုးဘက်တွင်လည်း အရှုံးမရှိပေ။ ရန်ရှူးထန်ကိုသာ အမှန်တကယ်ဒုက္ခပေးချင်လျှင် အားစိုက်စရာပင်မလိုဘဲ ပိုက်ဆံနှင့်ဖြေရှင်းလိုက်ရုံသာ။ 


ပြိုင်ဘက်ဟောင်းကို ကိုယ်ထိလက်ရောက်စော်ကားလိုက်ပြီးသည့်အခါ ဖုယွမ်ကျိုးသည်ကား လန်းဆန်းသွားလေ၏။ သူတန်းခွဲ ၇ ရှိရာသို့လျှောက်လာခဲ့ပြီး ကော်ရစ်ဒါတလျှောက်တွင် လူအချို့နှင့်လည်းတွေ့ခဲ့ရလေသည်။ 


အရှေ့မှလမ်းလျှောက်လာသူမှာ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပင်။ အထက်တန်းဒုတိယနှစ်မှ ဒါရိုက်တာဖြစ်ပြီး ၎င်း၏အနောက်တွင် ကျောင်းသားအချို့လိုက်လာနေသည်။ အားလုံးက ကျောင်းပြောင်းလာသောကျောင်းသားအသစ်များသာ။ ဖုယွမ်ကျိုး ရုတ်တရက်ရပ်လိုက်ပြီး မျက်လုံးမျာကတောက်ပသွားခဲ့သည်။


သူတင်မက၊ ကော်ရစ်ဒါကကျောင်းသားများလည်း အင်မတန်အရပ်ရှည်သောကောင်လေးကို ကြည့်နေခဲ့ကြသည်၊။အနှီသူသည် ၁.၉ မီတာမြင့်ပြီး လူတိုင်းအာရုံစိုက်စရာဖြစ်နေခဲ့သည်။ အနက်ရောင်နားကပ်တပ်ထားကာ ဆံပင်သည်ကား ကြက်သွေးအရောင်နှင့်ပုံသွင်းခံထားရ၏၊ အနက်ရောင်တီရှပ်၊ အပေါက်အပြဲပါသောဂျင်းဘောင်းဘီနှင့် ဘယ်လိုပင်ကြည့်ပါစေ၊ ထျန်းချန်အမှတ်(၁) ကျောင်း၏စည်းမျဥ်းနှင့်မကိုက်ပေ။ 


အနှီသူကချောမောသော်လည်း ပုံမှန်သာဖြစ်ပြီး လက်ကိုဘောင်းဘီအိတ်ကပ်ထဲထည့်ကာလျှောက်နေလေသည်။ လူအများစုကသူ့အားကြည့်နေသော်လည်း သူကမူ ဂရုစိုက်ဘဲဆက်သွားနေခဲ့သည်။ 


ဖုယွမ်ကျိုးသည်ကား အနှီကျောင်းသားအသစ်ကိုအင်မတန်ရင်းနှီးနေခဲ့သည်။ ကျောင်းသားသစ်၏အမည်က ယွမ်ယဲ့ဖြစ်ပြီး အနာဂတ်တွင် သူနှင့်အရင်းနှီးဆုံးညီအစ်ကိုဖြစ်လာမည့်သူပင်။ 


ပြောရလျှင် သူတို့နှစ်ယောက်က ရန်ဖြစ်ကြရာမှ ခင်မင်ခဲ့ကြပြီး ကျောင်းဖွင့်ဖွင့်ချင်းမှာလည်း နပမ်းလုံးခဲ့ကြသေးသော်လည်း ယွမ်ယဲ့ကရှုံးသွားခဲ့သည်။ ထိုနောက်ပိုင်း အနှီသူကသူ့အပေါ်ရိုကျိုးလာပြီး သူ့အား "အစ်ကိုယွမ်" ဟုပင်ခေါ်လာခဲ့သည်။ 


ထိုနောက်တွင်မူ.... 


ဖုယွမ်ကျိုး ခဏတဖြုတ်ခန့် ငေးငိုင်နေမိစဥ် ယွမ်ယဲ့ကသူ့အရှေ့သို့ရောက်နေခဲ့ပြီ။ နှစ်ယောက်ဖြတ်သွားကြသည့်အခါ ယွမ်ယဲ့၏မျက်လုံးက စက္ကန့်အနည်းငယ်ခန့် ဖုယွမ်ကျိုးအပေါ်သို့ ကျလာခဲ့သည်။ သူတို့အချင်းချင်းမသိကြသေးသော်လည်း ဖုယွမ်ကျိုးက ညီအစ်ကိုကောင်းဟူသောသဘောဖြင့် ယွမ်ယဲ့ကိုအလိုလိုပြုံးပြလိုက်မိသည်။ 


ယွမ်ယဲ့က နောက်ရင်းပြန်လျှောက်လာပြီး မျက်ခုံးများကိုဆန့်တန်းလိုက်ပြီး ဖုယွမ်ကျိုးကိုပြန်ပြုံးပြလာ၏။ 


"မင်းဘယ်အတန်းကလဲ..." 


"အတန်းခွဲခုနစ်..." 

သူကလည်း အမှန်အတိုင်းသာဖြေလိုက်သည်။ 


"ငါတို့အတန်းတူတာပေါ့..တိုက်ဆိုင်လိုက်တာ.." 

ယွမ်ယဲ့က ရယ်ပြီး သူ့အားလက်ဝှေ့ယမ်းပြသည်။ "နောက်မှတွေ့မယ်..." 


"နောက်မှတွေ့မယ်..." 


ဖုယွမ်ကျိုး မျက်တောင်လေးခတ်ပြပြီး အတန်းဒါရိုက်တာက ဦးဆောင်ကာ ၎င်းတို့အားရုံးခန်းသို့ခေါ်သွားသည်ကိုကြည့်နေလိုက်သည်။ 


ယွမ်ယဲ့က သူနှင့်အတန်းဖော်ဖြစ်လာမည်မှန်း သူသိထားပြီးသားပင်။ ယွမ်ယဲ့၏ယဥ်ကျေးပျုငှာမှုကို အသားမကျသေးရုံသာ။ အရင်ဘဝက သူတို့နှစ်ယောက်စတွေ့ချိန်တွင် ချက်ချင်း သဘောထားတိုက်ဆိုင်မှုမရှိခဲ့ကြဘဲ ရန်ဖြစ်ပြီးမှညီအစ်ကိုကောင်းများဖြစ်လာခဲ့ကြခြင်းသာ။ 


သို့သော်လည်း ဤတကြိမ်တွင် ရန်မဖြစ်ရပါဘဲ ညီအစ်ကိုကောင်းများဖြစ်လာခဲ့ကြသည်။ မဆိုးလှပါချေ။ ဖုယွမ်ကျိုးသည်လည်း စိတ်အခြေအနေကောင်းနေခဲ့သည်။ သူသည်တန်းခွဲ ၇ ကိုဝင်ခဲ့ပြီး အတန်းဖော်များကိုနှုတ်ဆက်လိုက်၏။ ယင်းက သူ့အတွက်အတန်းသစ်ဖြစ်သော်လည်း ကျောင်းသားများကမူ သူ့အားသိထားကြပြီးသားပင်။ 


ခဏအကြာတွင် အတန်းပိုင်ကအခန်းထဲသို့ဝင်လာလေသည်။ အစပိုင်းက ပွက်ပွက်ညံနေခဲ့သောအခန်းမှာ ငြိမ်သက်သွားခဲ့သော်ငြား ယနေ့က ကျောင်းစဖွင့်သည့်ပထမဆုံးရက်ပင်။ လူတိုင်းကစိတ်အေးလက်အေးရှိနေပြီး ထိုင်နေကျအတိုင်းထိုင်ကြသည်။ သို့သော် ကျောင်းစဖွင့်ချိန်တွင် ထိုင်ခုံများကို ပြန်လည်စီစဥ်ထားခဲ့၏။ 


ဆရာသည်ကား ယန်မျိုးရိုးဖြစ်ပြီး သင်္ချာဆရာတစ်ယောက်ပင်။ အရပ်ရှည်ပြီး ပိန်ပါးသောခန္ဓာကိုယ်ရှိသည်။ အသက်လေးဆယ်အရွယ်ဖြစ်၍မငယ်တော့သည့်တိုင် ရယ်စရာကောင်းပြီးဟာသဉာဏ်ရှိသည်။ ကျောင်းသားများကသူ့အားချစ်ကြ၍ ကျောင်းပြင်ပတွင် "တာ့ယန်" ဟုခေါ်ကြသည်။ 


တာ့ယန်သည် အခန်းထဲသို့တစ်ယောက်တည်းဝင်လာခြင်းမဟုတ်ပေ။ သူ့အနောက်တွင် ကျောင်းသားနှစ်ယောက်ပါလာခဲ့သည်။ ကျောင်းသားအသစ်များက ယောကျ်ားလေးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်။ ယောကျ်ားလေးကယွမ်ယဲ့ဖြစ်ပြီး မိန်းကလေးကိုမူ ဖုယွမ်ကျိုးမမှတ်မိတော့ပေ၊ သို့သော်လည်း ထိုမိန်းကလေးက တစ်ယောက်တည်းနေတတ်သူဖြစ်သည်ကိုသာ မှတ်မိလေသည်။ 


အတန်းထဲဝင်လာပြီးသည့်နောက် တာ့ယန်က သူ့ကိုယ်သူအရင်မိတ်ဆက်လာသည်။ အတန်းထဲမှ ကျောင်းသားဦးရေကများပြားလေ၏။ ဖုယွမ်ကျိုးအပါအဝင် ကျောင်းပြောင်းလာသည့်ကျောင်းသားသစ်နှစ်ယောက်နှင့်ဆိုပါက ကျောင်းသားသစ်ဦးရေမှာ ဆယ်ယောက်ကျော်သွားလေပြီ။ တန်းခွဲ ၁၅ နှင့် ၁၆ သည်ကား အနုပညာတန်းများဖြစ်နေ၍ ရှိပြီးသားအတန်းများကိုပြန်ခွဲထားရသည်။ 


လူသစ်များမှာ အစပိုင်းမှာ စိတ်ကျဥ်းကျပ်နေကြသော်လည်း တာ့ယန်၏အရွှမ်းဖောက်မှုများကြောင့် ပေါ့ပါးလာကြသည်။ တာ့ယန်က ကျောင်းသားအသစ်များကိုမိတ်ဆက်ခိုင်းလိုက်၍ အချင်းချင်းသိရှိသွားကြလေ၏။ 


ဖုယွမ်ကျိုးမိတ်ဆက်လာချိန်တွင် သူ့အားသိရှိကြသူများလွန်း၍ လက်ခုပ်တီးပေးသူလည်းအများအပြားရှိခဲ့သည်။ 


အတန်းဖော်ငယ်လေးများနှင့် ရင်ဆိုင်ရသည့်အခါတိုင်း ဖုယွမ်ကျိုး၏ အမြဲသဘာဝကျပြီးအပြုသဘောဆောင်သည့် အမူအရာကိုသာထုတ်ပြတတ်သည်။ သူ့ကိုယ်သူမိတ်ဆက်နေချိန်တွင် အခြားသူများ၏အမူအရာက ပေါ့ပါးနေခဲ့ကြ၏။ 


သူယွမ်ယဲ့ကိုလှမ်းကြည့်လိုက်သည့်အခါ ယွမ်ယဲ့ကသူ့အားပြုံးပြနေပြီး အလေးအနက်ဖြင့်နားထောင်နေခဲ့သည်။ အခြားသူများမိတ်ဆက်နေချိန်တွင်မူ နားမထောင်နေပေ။ အနှီသူ၏အာရုံက အခြားနေရာသို့ရောက်နေခဲ့သည်မှာသေချာပြီး အာရုံလည်းမစိုက်နေပေ။


အဆိုပါကွဲပြားသည့်ဆက်ဆံပုံက ဖုယွမ်ကျိုးအား မဆိုသလောက်ပျော်ရွှင်သွားစေခဲ့သည်။ မမျှော်လင့်ထားဘဲ ဤတခေါက်တွင် သူသည် ဖုယွမ်ကျိုး၏အော်ရာနှင့် ပုံသေကားကျဖြစ်သွားခဲ့၏။ မကြာမီ သူတို့နှစ်ယောက်က ညီအစ်ကိုများဖြစ်လာကြတော့မည်ထင်သည်။ 


အကြောင်းပြချက်ကဘာလဲ? ABO ကမ္ဘာမှာ အခြားလိင်တွေရှိသေးလို့လား? ယွမ်ယဲ့ကအိုမီဂါဖြစ်နေလို့များလား? ဒါဆိုလည်း သူနဲ့အခုလိုအဆင်ပြေနေတာ ဘာကြောင့်လဲ? 


ဖြစ်နိုင်ချေမှာ ဖုယွမ်ကျိုး၏ ယွမ်ယဲ့အပေါ်အမြင်က မတူ၍ဖြစ်နိုင်သည်။ ယွမ်ယဲ့ ထိန်းသိမ်းရေးကော်လံကိုမဝတ်ထားလျှင်ပင် သူ၏လိင်အမျိုးအစားကို သူ့နည်းသူ့ဟန်ဖြင့် အမြန်ဆုံးခွဲခြားနိုင်သည် ။ အခြားအကြောင်းပြချက်မရှိနိုင်တော့ပေ။ ယွမ်ယဲ့လည်းအိုမီဂါဖြစ်နိုင်သည်။ 


ဒါမှ ညီအစ်ကိုအရင်းတွေ! ဘော်ဒါအရင်းတွေ! ရှဲ့လင်လို အယ်လ်ဖာဖြစ်သွားပြီး သူ့ရဲ့ဂလင်းကိုကိုက်ချင်နေတဲ့ သစ္စာဖောက်ကောင်မဟုတ်ဘူး။ လူကျင့်ဝတ်မရှိတဲ့ကောင်၊ ညီအစ်ကိုတွေဆိုရင် အဲဒီကောင်ကလည်း သူ့လိုပဲအိုမီဂါဖြစ်သင့်တာ! 


အပြင်းအထန်ပြစ်တင်ဝေဖန်ပြီးနောက် ဖုယွမ်ကျိုးမှာ ယွမ်ယဲ့အပေါ်ပိုပြီးစိတ်ဝင်စားလာခဲ့သည်။ အနားယူချိန်ရောက်သည့်အခါ ကျောင်းလွယ်အိတ်ကိုယူကာ ယွမ်ယဲ့အနားတွင်သွားထိုင်ပြီး ထိုသူနှင့်စကားပြောဖြစ်ခဲ့ကြသည်။ 


နှစ်ယောက်လုံးက ရောက်ရာပေါက်ရာလျှောက်ပြောဖြစ်ခဲ့ကြ၏၊ အထူးသဖြင့် ဂိမ်းအမျိုးအစားများအကြောင်း။ ဖုယွမ်ကျိုးက ဂိမ်းကစားရခြင်းကိုနှစ်သက်ပြီး ယွမ်ယဲ့ကလည်း ဂိမ်းနှင့်ပတ်သတ်လာလျှင်ဆရာတစ်ဆူပင်။ အနာဂတ်တွင် အနှီသူသည် ပရော်ဖက်ရှင်နယ်ကလပ်များတွင် ဖရိန်နင်ကလပ်များတွင် ပါဝင်ကစားနိုင်တော့မည်။ ယွမ်ယဲ့က ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ်လာတော့မည့်အချိန်တွင် ယခင်ဘဝတွင် အကြောင်းအရင်းတချို့ကြောင့် လက်လျှော့ခဲ့ပြီး ဖုယွမ်ကျိုးလည်း သူ့အတွက် အလွန်စိတ်မကောင်းဖြစ်ခဲ့ရသည်။ 


ဖြစ်နိုင်လျှင် ဤဘဝ၌ ယွမ်ယဲ့ သူ့အိပ်မက်များကိုနားလည်လာအောင်ကူညီပေးချင်သည်။ 


ဖုယွမ်ကျိုး စိတ်ထဲတွင်ဆုံးဖြတ်ချက်ချလိုက်၏။ အနားယူရန်ပြန်သွားသည့်တာ့ယန်က အတန်းကိုပြန်ရောက်လာကာ ကျောင်းသားအချို့ကိုအောက်ထပ်ဆင်းပြီးစာအုပ်ယူလာခိုင်းခဲ့သည်။ 


အရပ် ၁.၈ မီတာရှည်သောကျောင်းသား ဖုယွမ်ကျိုးက မသိစိတ်အလျောက်မတ်တပ်ရပ်လိုက်မိသော်လည်း တာ့ယန်က ရုတ်တရက်ပြောလာခဲ့သည်။ 


"ဖုယွမ်ကျိုး မင်းမသွားနဲ့တော့..တုမန်နဲ့ တခြားလူတွေသွားကြလိမ့်မယ်..." 


တုမန်သည်ကား တန်းခွဲ ၇ ၏အတန်းခေါင်းဆောင်။ ကိုယ်လုံးကိုယ်ပေါက်သေးပြီး အရပ်မှာ ၁.၆ မီတာပင်မရှိပေ။ ဖုယွမ်ကျောက်မှာ နားကြားလွဲသွားသည်ဟုထင်လိုက်သော်ငြား ကောင်မလေးက မတ်တပ်ရပ်လိုက်ကာ အခြားကောင်လေးများနှင့်အခန်းအပြင်သို့ထွက်သွားခဲ့သည်။ သူမကား လှည့်ကြည့်လာကာ ဖုယွမ်ကျိုးအား ချစ်စရာကောင်းစွာပြုံးပြလာလေသည်။ 


"ဟုတ်တယ်...နင်နေခဲ့ပါ...ငါတို့အယ်လ်ဖာတွေနဲ့တင်ရပြီ..." 


ဖုယွမ်ကျိုး: "...." 


ဖုယွမ်ကျိုးမှာ စိတ်နာသွားမိလေ၏။ 


အိုမီဂါဖြစ်တော့ရော ဘာဖြစ်လဲ? ယောကျ်ားပဲမဟုတ်ဘူးလား? အိုမီဂါက ယောကျ်ားလေးဖြစ်လည်း ၁.၅ မီတာလောက်ပဲရှိတဲ့မိန်းကလေးတစ်ယောက်ကြောင့်တော့ ယောကျ်ားသိက္ခာအကျမခံနိုင်ဘူး!! 


ဖုယွမ်ကျိုးက လက်မလျှော့ဘဲ သူသွားမည်ဆိုပြီး အခိုင်အမာပြောနေခဲ့သည်။ သူခေါင်းမာပြလိုက်၍ နောက်ဆုံးတွင် တာ့ယန်ကသဘောတူလိုက်ရတော့၏။ အယ်လ်ဖာနှင်အိုမီဂါတွင် ရုပ်ပိုင်းဆိုင်ရာကွာခြားချက်ရှိသော်လည်း အတည်သတ်မှတ်၍မရပေ။ ရုပ်ပိုင်းဆိုင်ရာအရဆိုပါက ဖုယွမ်ကျိုးကဲ့သို့အိုမီဂါများက တစ်ချို့အယ်လ်ဖာများထက်ပို၍သာသေး၏။ 


"ဒါဆို ကျွန်တော် သူနဲ့သွားလိုက်မယ်..." 


ယွမ်ယဲ့က မတ်တပ်ရပ်လိုက်ပြီး ဖုယွမ်ကျိုးနှင့်အတူ အပြင်လိုက်ထွက်လာသည်။ 


မတိုင်ခင်က အတန်းထဲတွင်ထိုင်နေချိန်တွင် ဖုယွမ်ကျိုးမှာ ယွမ်ယဲ့ဘေးတွင်ထိုင်ခဲ့သော်လည်း နှစ်ယောက်ကြားတွင် လျှောက်လမ်းတစ်လမ်းခြားထားခဲ့သည်။ ယခုလို ဘေးချင်းကပ်လျှောက်နေချိန်တွင်မူ နှစ်ယောက်လုံးကနီးကပ်နေခဲ့သည်။ ဖုယွမ်ကျိုးအနေဖြင့် လတ်ဆတ်အေးမြသည့် အနံ့ဖျော့ဖျော့လေးတစ်ခုကိုရနေ၏။ 


ယင်းမှာ ယွမ်ယဲ့ထံမှ ပျံ့လာသည့် ပူရှိန်းအနံလေးပင်။ ဖုယွမ်ကျိုး ထိုအနံ့လေးကိုကြိုက်လွန်း၍ ဘေးသို့ကပ်လာပြီးရှူကြည့်လိုက်မိသည်။ 


ယွမ်ယဲ့ကမရှောင်ပေ။ သူ့အနားကိုပိုကပ်လာပြီး ပြုံး၍မေးလိုက်သည်။ 


"မင်းအနံ့ရတာလား...ကြိုက်လား..." 


"အရမ်းကြိုက်တယ်..." 


ဖုယွမ်ကျိုး တဝက်တပျက်နှင့်ရပ်လိုက်ပြီး ပါးစပ်ပိတ်လိုက်သည်။ အစတည်းက တစ်ခုခုမှားနေပြီမှန်း သူသိသင့်ခဲ့သည်။ အစက ပူရှိန်းအနံ့လေးဟုထင်ထားသော်လည်း အနံ့ရလာတည်းက အနည်းငယ်မူးဝေလာသည်ကိုခံစားလိုက်ရ၏။ 


......ဒါဖယ်ရိုမုန်းအနံ့လား? အိုမီဂါရဲ့ဖယ်ရိုမုန်းတွေက ခေါင်မူးနိုင်လား? မဖြစ်နိုင်လိုက်တာ..ယွမ်ယဲ့က တကယ်တော့ အ... 


ဖုယွမ်ကျိုးမှာ ခြေချော်ပြီး လေထဲလွင့်တော့မည့်နီးပါးဖြစ်သွားလေ၏။ ယွမ်ယဲ့ကအမြန်ပင် တုံ့ပြန်လာပြီး သူ့ခါးကို ချက်ချင်းဆွဲကာထိန်းပေးလိုက်သောကြောင့် လှေကားပေါ်မှပြုတ်ကျမသွားခဲ့ပေ။ 


"ရရဲ့လား..."


ယွမ်ယဲ့က ငုံ့ကြည့်ပြီးမေးလာ၏။ ဖုယွမ်ကျိုးမှာ မြဲမြဲရပ်သွားနိုင်ပြီဖြစ်သော်လည်း အနှီသူကသူ့အားထိန်းပေးထားဆဲ။ ထိုသူသည်ဖြည်းဖြည်းချင်းခေါင်းငုံ့လိုက်ပြီး ဖုယွမ်ကျိုး၏လည်ကုပ်ကိုညှစ်ကိုင်ထားရင်း နှုတ်ခမ်းထောင့်များကတွန့်ကွေးသွားလျက်ပြောလိုက်လေ၏။ 


"ငါလည်းမင်းရဲ့အနံ့လေးကိုရတယ်..မက်မွန်သီးရနံ့လေး...ငါအရမ်းကြိုက်တယ်.." 


"ဒါပေါ့...အိုမီဂါတွေရဲ့ဖယ်ရိုမုန်းကမွှေးတယ်လေ..." 


"......" 


ယွမ်ယဲ့၏ ရဲတင်းလှသည့်အမူအရာကြောင့် ဖုယွမ်ကျိုး ချက်ချင်းနားလည်သွားခဲ့သည်။ ၎င်းတို့၏အော်ရာက အပြန်အလှန်လိုက်ဖက်ညီနေလေ၏။ နှစ်ယောက်လုံးက အိုမီဂါများဖြစ်နေ၍မဟုတ်ပါချေ၊၊ ယွမ်ယဲ့က အယ်လ်ဖာဖြစ်ပြီး သူကအိုမီဂါဖြစ်နေ၍ပင်။  ယွမ်ယဲ့ကသူ့အားအိုမီဂါအနေနှင့်ဆက်ဆံနေသောကြောင့် သူ့အပေါ်တွင်ယဥ်ကျေးနေခဲ့ခြင်းဖြစ်သည်။ 


သေစမ်း...ဒီကောင်လေးက ငါနဲ့အိပ်ဖို့ကြံစည်နေတာပဲ! 


ဖုယွမ်ကျိုး ဆွံ့အသွားရ၏။ ထိုအချိန်တွင် လှေကားမှ အပေါ်ထပ်သို့တက်လာသည့်အသံများကိုကြားလိုက်ရသည်။ ယွမ်ယဲ့ကငုံ့ပြီး သူ့လည်ပင်းကို အနံ့ခံနေခဲ့သည်။ သူ၏ မြင်ကွင်းကရှင်းလင်းနေ၍ အပေါ်မှနေပြီး တချက်ကြည့်ရုံနှင့် ရှဲ့လင်၏ရင်းနှီးနေသောမျက်နှာကိုမြင်နိုင်၏။ 


ဖုယွမ်ကျိုး အခြားသူနှင့် နီးနီးကပ်ကပ်ရှိနေသည်ကိုမြင်လိုက်ရပြီး ရှဲ့လင်၏မျက်လုံးများက ဖြည်းဖြည်းချင်းမှောင်မိုက်လာကာ လည်ချောင်းထဲမှအသံဖြင့်မေးလိုက်သည်။ 


"ယွမ်ကျိုး... မင်းဘာလုပ်နေတာလဲ..."