Chapter 5
ရှဲ့လင်အသံကိုကြားလိုက်ရသည့်အခါ ယွမ်ယဲ့ကလှည့်ကြည့်သည်။ တဖက်လူက လှေကားအောက်သို့ဆင်းလာပြီး ဖုယွမ်ကျိုးဘက်သို့လှည့်မေးလာ၏။
"မင်းနဲ့သူနဲ့သိကြလား..."
"အင်း..."
ဖုယွမ်ကျိုးကခေါင်းညိတ်ပြပြီး ရှဲ့လင်၏အေးစက်နေသည့် မျက်ခုံးများကိုမြင်လိုက်ရသည့်အခါ အန္တရာယ်တစ်ခုကနီးကပ်လာသလိုခံစားလိုက်ရတော့သည်။
မဟုတ်သေးပါဘူး။ သူတို့အခုလေးတင် ဘာမှလည်းမလုပ်ရသေးပဲနဲ့။ ဘာလို့အပြစ်ရှိသလိုခံစားနေရတာလဲ ။
ထိုသို့တွေးလိုက်မိသည့်တိုင် ဖုယွမ်ကျိုးမှာ ယွမ်ယဲ့ဘေးမှအမြန်ခွာလိုက်ပြီး ရှဲ့လင်အားပြုံးပြလိုက်ချေသည်။
"တိုက်ဆိုင်လိုက်တာ...မင်းဘယ်လိုလုပ်ပြီးဒီနေရာကိုရောက်လာရတာလဲ..."
"ကျောင်းသားသမ္မဂကို ကျောင်းသားတစ်ယောက်နှစ်ယောက်သွားအပ်ရမှာမလို့..."
ရှဲ့လင်က စကားပြောနေရင်း ယွမ်ယဲ့ဘက်သို့ အပြုံးမမည်သောအပြုံးဖြင့် လှမ်းကြည့်လိုက်ပြီး ယွမ်ယဲ့ကလည်းသူ့အားပြန်ကြည့်နေလေသည်။
နှစ်ယောက်လုံးကိုယှဥ်ကြည့်ရလျှင် ရှဲ့လင်သည်ကား ခပ်မတ်မတ်ကိုယ်ဟန်အနေအထားနှင့် သပ်ရပ်နေလေသည်။ ရှပ်အဖြူကိုပင် ထိပ်ဆုံးအထိကြယ်သီးတပ်ထားပြီး အေးစက်ကြော့ရှင်းနေသည့်ကျောင်းသားတစ်ယောက်အသွင်ဖြစ်နေလေ၏။
ယွမ်ယဲ့ကမူ လက်ပိုက်ပြီး နံရံကိုမှီထားသည်။ ခြေထောက်နှစ်ချောင်းကို ပျင်းရိပျင်းတွဲဖြင့်ကွေးထားကာ ခေါင်းလှည့်လိုက်ချိန်တွင် အနက်ရောင်နားကပ်လေးက ထင်ရှားလာ၏၊ သူ၏အုန်းခွံရောင်ခေါင်းက နေရောင်အောက်တွင် တဖျတ်ဖျတ်လက်နေခဲ့သည်။ ရှဲ့လင်နှင့်ယှဥ်ကြည့်လိုက်ပါက ထိုသူသည်ကားတကယ်ကို ကျောင်းသားဆိုးတစ်ယောက်ပုံစံပင်။
ရှဲ့လင် အကြည့်ပြန်ရုတ်ပြီး ဖုယွမ်ကျိုးကိုမေးလိုက်သည်။
"မင်းရဲ့အတန်းဖော်လား..."
"အေး...အတန်းထဲကိုအသစ်ရောက်လာတာလေ...ယွမ်ယဲ့တဲ့.."
ဖုယွမ်ကျိုး ခပ်သွက်သွက်ခေါင်းညိတ်ပြီးရှင်းပြလိုက်ရသည်။
"ငါတို့အတူတူစာအုပ်တွေသွားယူကြမလို့...အခုလေးတင် ခြေချော်ကျမလိုတောင်ဖြစ်သွားသေးတယ်...ယွမ်ယဲ့ငါ့ကိုဆွဲထားလိုက်လို့တော်သေးတာပေါ့..."
သည့်နောက် သူသည် ယွမ်ယဲ့ကို ရှဲ့လင်နှင့်မိတ်ဆက်ပေးလိုက်ရပြန်၏။
"ရှဲ့လင်က ငါ့ထက်တစ်နှစ်ကြီးတယ်..သူကအထက်တန်းတတိယနှစ်လေ..."
"ဒါဆိုစီနီယာပေါ့..."
ယွမ်ယဲ့ကား ဖြောင့်တန်းနေအောင်ရပ်လိုက်ကာ ရှဲ့လင်ကိုပြုံးပြလာသည်။
"မင်္ဂလာပါ...စီနီယာရှဲ့လင်..."
"ဟယ်လို..."
ရှဲ့လင်ကလည်း အသာခေါင်းညိတ်ပြလာ၏။
ယွမ်ယဲ့: "စီနီယာရှဲ့ကကျောင်းသားကောင်စီမှာပါတာလား...အခုလေးတင်ကျောင်းသားသမ္မဂကို ပစ္စည်းသွားပေးမယ်လို့ပြောလိုက်သလားလို့..."
ဖုယွမ်ကျိုး အနည်းငယ်ဂုဏ်ဆာနေသည့်အသံဖြင့်ပြောလိုက်သည်။
"ဒါပေါ့..ရှဲ့လင်က ကျောင်းသားသမ္မဂဥက္ကဌလေ...အတန်းထဲမှာလည်း ထိပ်တန်းကျောင်းသားပေါ့...သူကဒုတိယဆိုတာဘာမှန်းတောင်မသိဘူး..."
ယွမ်ယဲ့ကပြုံးလိုက်သည်။
"အိုး..အံ့ဩစရာပဲ...ဒါဆို စီနီယာရှဲ့က ကျောင်းစည်းကမ်းတွေကိုသေချာသိမှာပေါ့..ကျွန်တော်က ကျောင်းသားအသစ်ဆိုတော့..အများကြီးမသိသေးဘူး...ကျောင်းမှာ ရည်းစားထားလို့ရလား..."
ဖုယွမ်ကျိုး ထိတ်လန့်သွားရပြီး ယွမ်ယဲ့ကိုလှမ်းကြည့်လိုက်မိ၏။ အနှီသူနှင့်စတွေ့ချိန်က သူထိုအချက်ကိုမေ့သွားမိသည်ပင်။ ထိုလူ ယခင်ဘဝက ရည်းစားထားသည့်နေရာတွင် စန်းပွင့်ခဲ့လွန်းသည်ကို သူသတိမရမိခဲ့ပေ။
ရှဲ့လင်ကယွမ်ယဲ့ကိုလှမ်းကြည့်ပြီး ပြန်ဖြေလိုက်သည်။
"စည်းကမ်းလို့တော့မသတ်မှတ်ထားဘူး..."
"ပြောရရင်...ရည်းစားထားလို့မရတာမဟုတ်ဘူးပေါ့?"
ယွမ်ယဲ့က ဆက်ပြောလာသည်။
"ဒါဆို မင်းတို့နှစ်ယောက် ခိုးပြီးတွေ့နေစရာမလိုတော့ဘူး...သူငယ်ချင်းလိုပဲနေကြတာပေါ့?"
"ဒါပေါ့..."
ဖုယွမ်ကျိုး ပြန်ဖြေလိုက်သည်။ သူနှင့်ရှဲ့လင်တို့က ဘယ်လိုလုပ် ချစ်သူများဖြစ်နိုင်ပါမည်နည်း။ တချိန်တည်းမှာပင် ယွမ်ယဲ့ပြောချင်သည့်အဓိပ္ပါယ်ကိုလည်း နားမလည်နိုင်ဖြစ်သွားခဲ့သည်။
ယွမ်ယဲ့ကရယ်လေ၏။
"အစ်ကိုကြီးကငါ့ကို အခုလေးတင် ဝါးစားတော့မယ့်မျက်လုံးနဲ့ကြည့်နေခဲ့တာ...မင်းတို့နှစ်ယောက်က ရည်းစားတွေမဟုတ်ရင် ဘာဖြစ်နိုင်သေးလို့လဲ..."
ထိုသူသည်မျက်ခုံးပင့်လိုက်ပြီး နှုတ်ခမ်းထောင့်များက နတ်ဆိုးဆန်စွာတွန့်ကွေးသွားလေသည်။
"မဟုတ်ရင် ဖုယွမ်ကျိုးကို ဘာလို့ဂရုစိုက်နေမှာလဲ...ဟုတ်တယ်မလား..."
ရှဲ့လင်၏မျက်လုံးများက အေးစက်သွားရလေ၏။ ဖုယွမ်ကျိုးက မှားယွင်းနေသည့်အဓိပ္ပါယ်ကိုသိလိုက်ပြီး ပြန်ပြင်ဖို့ကြိုးစားရင်း လက်ဝှေ့ယမ်းပြလိုက်သည်။
"ရှဲ့လင်ကမင်းကိုရန်မရှာပါဘူး..ဟုတ်တယ်...သူကမရင်းနှီးတဲ့လူတွေနဲ့ဆို နည်းနည်းအေးစက်စက်နိုင်ပေမယ့် ရင်းနှီးသွားရင်တော့ သဘောကောင်းပါတယ်...နောက်ပိုင်း သူငယ်ချင်းတွေဖြစ်လာရင်သိလိမ့်မယ်...."
"အိုကေ...စီနီယာရဲ့သဘောပါပဲ..."
ယွမ်ယဲ့က သာမန်အတိုင်းတုံ့ပြန်လိုက်ပြီး ရှဲ့လင်ကလည်း မတုံ့ပြန်ပေ။ ဖုယွမ်ကျိုးကိုသာလှမ်းကြည့်ပြီးမေးလာသည်။
"အတန်းကဘယ်အချိန်ပြီးမှာလဲ..."
ဖုယွမ်ကျိုး အနည်းငယ်မျှအကူအညီမဲ့သလိုခံစားလိုက်ရသည့်တိုင် လက်ရှိ လေထုကိုလျော့သွားစေရန် ခေါင်းစဥ်ပြောင်းရတော့မည်။ထို့ကြောင့် အမှန်အတိုင်းဖြေလိုက်၏။
"သိပ်မလိုတော့ပါဘူး...စာအုပ်တွေသွားသယ်ပြီးပြန်လာရင် ပြီးပါပြီ..."
ရှဲ့လင်: "ငါကလိုသေးတယ်..ခဏလောက်စောင့်နေပေးဦး..."
"ကိစ္စမရှိဘူး...မင်းသွားလိုက်လေ..ပြီးမှပြန်လာခဲ့ပေါ့..."
ယနေ့ တတိယနှစ်အတန်းများ၏ကျောင်းလွှတ်ချိန်ကစောမည်ဖြစ်ပြီး သူတို့နှစ်ယောက်အတူအိမ်ပြန်နိုင်သည်။ ဖုယွမ်ကျိုးက ရှဲ့လင်ကိုစောင့်နေရလျှင်ပင် ကိစ္စမရှိ၍ ပုံမှန်လိုပင်တုံ့ပြန်လိုက်၏။
"ကောင်းပြီ..."
ရှဲ့လင်က သူ့ဆံပင်ကိုဖွပြီးမှ အောက်ထပ်သို့ပြန်ဆင်းသွားလေသည်။
ဖုယွမ်ကျိုးက မထင်ထားမိသလို မျက်တောင်လေးများကိုခတ်လိုက်မိသည်။ သူ့ဘက်မှကြည့်ပါက ထိုသူသည် အခြားသူများအရှေ့တွင် ယခုလိုလုပ်တတ်လေ့မရှိပေ။
ယွမ်ယဲ့က ရှဲ့လင်၏ကျောကို ပေါက်ထွက်တော့မတတ် စိုက်ကြည့်နေပြီမှ ဖုယွမ်ကျိုးကိုမေးလိုက်သည်။
"မင်းတို့ကအိမ်အတူပြန်ကြမှာလား..."
ဖုယွမ်ကျိုး: "အင်း...ငါတို့က တရပ်ကွက်တည်းလေ...သူ့အိမ်ကိုလမ်းလျှောက်သွားရင်ငါးမိနစ်ပဲကြာမှာ...ငါ့ကိုကူညီပေးတာကျေးဇူးပဲကွာ..ရှဲ့လင်ကမင်းကိုရန်စမယ့်လူမဟုတ်ပါဘူး...သူ့ကြောင့် မင်းစိတ်အနှောင့်အယှက်ဖြစ်သွားရရင် ငါကပဲသူ့အစားတောင်းပန်ပါတယ်..."
"ငါကဘာမှမဖြစ်ပါဘူး..."
ယွမ်ယဲ့က ရယ်လိုက်၏။
"ပြီးတော့ သူငါ့ကိုသဘောမကျလည်းငါ့ကိစ္စမဟုတ်ဘူး...ငါနဲ့မင်းနဲ့ကသူငယ်ချင်းတွေဖြစ်နေပြီလေ..ဒီလောက်ဆိုရပြီ..."
ဖုယွမ်ကျိုး: "ဒါပေါ့..ငါတို့က..."
ယွမ်ယဲ့ကသူ့အား အိုမီဂါဟုသတ်မှတ်ထားခဲ့သည်ကို မေ့သွားမိ၍ ပြောနေသည့်စကားကို အမြန်ရပ်လိုက်ရသည်။ နောက်ပိုင်း စကားပြောလျှင်သတိထားရတော့မည်ပင်။
ဖုယွမ်ကျိုး: "ဒါပေါ့...ငါမင်းကိုအရမ်းသဘောကျတယ်...ငါတို့က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာမှာ!"
ယွမ်ယဲ့က ခပ်ဟဟရယ်ပြီး ဆက်မပြောလာတော့ဘဲ စာအုပ်ယူရန် နှစ်ယောက်အတူအောက်ဆင်းသွားကြသည်။
သူတို့အချိန်ပုပ်သွားခဲ့၍ အတန်းထဲရှိလူများမှာ စာအုပ်အများစုကိုယူသွားခဲ့ကြပြီ။ ဖုယွမ်ကျိုးက မယူရသေးသည့်စာအုပ်များကိုမေးပြီး ယူလာခဲ့ကြသည်။
တိုက်တိုက်ဆိုင်ဆိုင် တန်းခွဲ ၁ သည်လည်း ထိုအချိန်မှ စာအုပ်လာယူကြလေ၏။ ၎င်းတို့က ဖုယွမ်ကျိုးကိုမြင်သည်နှင့် ချက်ချင်းဝိုင်းအုံလာပြီး တက်ကြွစွာဖြင့်အော်ဟစ်လာကြသည်။
"အစ်ကိုယွမ်!"
ဖုယွမ်ကျိုးသည်ကား သူတို့ကိုပြုံးပြကာ သူ့အား ထိုသို့ခေါ်ရန်မလိုတော့သည့်အကြောင်းပြောချင်သော်လည်း အတိတ်ကိုစမြုံပြန်ချင်သည့်လူအုပ်ကြီးက သူ့အားပိတ်ဆို့ထားခဲ့သည်။
"တွေ့တာအတော်ပဲ...အစ်ကိုယွမ်...ကျွန်တော်တို့က နောက်မှမက်ဆေ့ချ်ပို့ဖို့စီစဥ်ထားခဲ့တာ...အခုလေးတင် ရှူးထန်ကိုဘာပြောလိုက်တာလဲဟင်..."
အချို့က သူ့အားမျှော်လင့်ချက်အပြည့်ဖြင့်ကြည့်နေကြပြီး ဖုယွမ်ကျိုးက ထိုစကားကိုကြားလိုက်ရသည့်အခါ အူမြူးသွားခဲ့သည်။
"မင်းတို့ကလည်း စပ်စုလိုက်တာ..."
"သိချင်လွန်းလို့သေတော့မယ်! မင်းလမ်းလျှောက်တာအရမ်းမြန်လွန်းလို့ ရှူးထန်ဆို ရုတ်တရက်ကြီးထရပ်လိုက်တာ...ထိုင်ခုံတောင်လဲတယ်...မျက်နှာကလည်းနီရဲနေတာပဲ...ပြီးတော့ သူလည်းချက်ချင်းကြီးထွက်သွားတာ...မင်းကိုသွားရှာတယ်လို့ထင်တော့လည်း မဟုတ်ပြန်ဘူး...မင်းသူ့ကိုဘယ်လိုစကားမျိုးပြောလိုက်တာလဲ..."
ဖုယွမ်ကျိုး: "အာ...."
သူအပြင်ထွက်လာချိန်တွင် စားပွဲခုံနှင့်ထိုင်ခုံ တိုက်မိသွားသည့်အသံကိုကြားခဲ့ရပြီး ၎င်းက ရှူးထန် သူ့အနောက်ကိုတကယ်လိုက်လာခဲ့ခြင်းဖြစ်လိမ့်မည်။
တုံ့ပြန်ချက်ကကြီးလိုက်တာ..သူတဝက်တပျက်ပြောသွားတဲ့စကားကို တကယ်ကြီးအရေးစိုက်နေတာများလား?
သို့သော်လည်း သူဘာစကားမှမပြောခဲ့မိပေ။ သူပြောလိုက်သည့်စကားက "တကယ်တော့...ငါ...?" ဟူ၍သာ။ ရန်ရှူးထန်က မည်သည့်အတွေးများကိုတွေးနေပြီး အဘယ်ကြောင့် ရှက်သွေးဖြာသွားခဲ့ပါသနည်း။ ဒေါသထွက်သွား၍လား? သူနှင့်အသေအကြေ ရန်ဖြစ်ချင်နေ၍ပေလား?
ဖုယွမ်ကျိုးကလည်း သိချင်စိတ်ဖြစ်သွားရသည်။ ရန်ရှူးထန်၏ စိတ်ထဲမှအတွေးမျာကိုသိချင်နေသော်လည်း တိုက်ရိုက်မေးရန်မှာလည်း မဖြစ်နိုင်ပေ။
သူတန်းခွဲ ၁ မှလူများကိုပြောလိုက်မိသည်။
"မင်းတို့က ငါသူ့ကိုပြောလိုက်တဲ့စကားကို တကယ်သိချင်နေကြတာလား..."
လူအုပ်ကြီးက ခေါင်းညိတ်ပြလာသည်။
"သိချင်တယ်!"
ဖုယွမ်ကျောက်၏နှုတ်ခမ်းထောင့်များက အပေါ်တက်သွားခဲ့သည်။ ၎င်း၏မျက်နှာချောချောလေးပေါ်တွင် ညစ်တီးညစ်ပတ်အပြုံးတစ်မျိုးပေါ်လာလေ၏။
"မပြောပြဘူး..မင်းတို့ဘာသာမှန်းကြည့်ကြ..သွားမယ်!"
နံဘေးတွင်စာအုပ်များကိုင်ထားရင်း သူ့အားရပ်စောင့်နေသောယွမ်ယဲ့ကိုခေါ်ပြီး ထိုနေရာမှထွက်လာလေ၏ ။ သူသိချင်နေလျှင် အခြားသူများလည်းသိချင်နေရမည်၊ လူတိုင်းက အတူတကွ စိတ်သောကရောက်သင့်၏။
ယွမ်ယဲ့က စာအုပ်များကိုင်ထားရင်း သူ့ဘေးမှလိုက်လာကာမေးလေ၏။
"သူတို့က တန်းခွဲ ၁ ကမင်းရဲ့သူငယ်ချင်းတွေလား..."
"ဟုတ်တယ်..."
ဖုယွမ်ကျိုး ခေါင်းညိတ်ပြလိုက်သည်။ သူ့ကိုယ်သူမိတ်ဆက်ခဲ့စဥ်ကလည်း သူကတန်းခွဲ ၁ မှပြောင်းလာခြင်းဖြစ်ကြောင်းပြောခဲ့ပြီး ယွမ်ယဲ့လည်းကြားခဲ့ရသည်။
ယွမ်ယဲ့က ဖုယွမ်ကျိုးလက်ထဲမှစာအုပ်အထပ်လိုက်ကိုကြည့်ပြီးပြောလိုက်၏။
"ငါထပ်ယူပေးရဦးမလား..."
"မလိုဘူး.."
ဖုယွမ်ကျိုး ခဏမျှစဥ်းစားနေပြီးမှ ကြုံကြိုက်လာ၍ပြောလိုက်ရလေသည်။
"မင်းငါ့ကိုအိုမီဂါလိုသဘောထားစရာမလိုဘူး..ငါ့ကိုယ်ကအိုမီဂါဖြစ်ပေမယ့် စိတ်ကတော့အယ်လ်ဖာပဲ...ပြီးတော့ နောက်ပိုင်းကျရင် ငါအိုမီဂါမိန်းကလေးတစ်ယောက်နဲ့လက်ထပ်မှာ..."
"အိုး..."
ယွမ်ယဲ့က သူ့စကားအတိုင်းလိုက်လာပြီး
"မင်းက ဒီလောက်ချောတာကို 'နောက်ပိုင်းကျရင်' ဆိုတော့...အခုထိ စင်ဂယ်ဖြစ်နေတုန်းပေါ့..."
ဖုယွမ်ကျိုး: "....."
ယွမ်ယဲ့: "အမြဲတမ်းစင်ဂယ်ဖြစ်နေခဲ့တာလား"
ဖုယွမ်ကျိုး: "....."
သူ "ဟုတ်တယ်" ဟုမပြောနိုင်ပေ။အနည်းဆုံးတော့ ယခင်ဘဝက ယွိဖေးနှင့်စကားပြောခဲ့ဖူးသည်။
ယွမ်ယဲ့က ခဏကြာသည်အထိရယ်နေပြီး ဖုယွမ်ကျိုး သူ့အားစိုက်ကြည့်နေလိုက်မှ အနှီသူကအရယ်ရပ်ပြီးရှင်းပြလာ၏။
"မရယ်တော့ပါဘူးကွာ...ဒါပေမဲ့ စိတ်ဝင်စားစရာပဲ...ငါလည်းအခုထိစင်ဂယ်ဖြစ်နေတော့ မင်းကိုရယ်လို့ဘယ်ရပါ့မလဲ..."
ဖုယွမ်ကျိုးက နှာမှုတ်လိုက်သည်။
ယွမ်ယဲ့ကဖြည်းဖြည်းချင်းပြောလာ၏။
"ငါကအရမ်းဇီဇာကြောင်တာ...တော်ရုံလူဆိုမကြိုက်တတ်ဘူး..အဲဒီတော့ ငါ့အကြိုက်တွေ့ရင်လည်း လက်မလျှော့တတ်ဘူး...အဲဒီလူကပြန်မကြိုက်မချင်း ငါကတော့ သူ့နောက်ကိုဆက်လိုက်မှာပဲ..."
စကားပြောနေစဥ်မှာပင် အနှီသူက ဖုယွမ်ကျိုး၏ကိုယ်ကို ခြေဆုံးခေါင်းဆုံးကြည့်နေပြီး စည်းမရှိကမ်းမရှိပုံစံကပျောက်သွားခဲ့သည်။ ၎င်း၏မျက်လုံးများကနက်မှောင်လာပြီး အင်မတန်ထိတ်လန့်ဖွယ်ကောင်းလာခဲ့၏။
အနှီသူကို ယခုလိုပုံစံဖြင့်မြင်လိုက်ရ၍ ဖုယွမ်ကျိုးမှာ အတော်လေးရင်တုန်သွားရသော်လည်း နောက်စက္ကန့်အနည်းငယ်အကြာမှာပင် ယွမ်ယဲ့ကရယ်လာပြီး ဟိုဟိုသည်သည်ကြည့်နေရင်းပြောလိုက်သည်။
"အိုကေ...အတန်းပြန်ရအောင်.."
နှစ်ယောက်က အတန်းကိုအတူပြန်ကြပြီး စာအုပ်များကိုဝေပေးလိုက်ကြသည်။ မကြာခင် ဆရာတာ့ယန်က ယနေ့အတွက် အတန်းချိန်ပြီးဆုံးပြီဖြစ်၍ပြန်နိုင်ပြီဖြစ်ကြောင်း ကြေညာလာလေ၏။
ကျောင်းသားများမှာ ပျော်ရွှင်သွားကြသည်။ အိမ်ပြန်သူကပြန်ပြီး ညစာအတွက်စီစဥ်နေသူများလည်းရှိသည်။ ၎င်းတို့က ဖုယွမ်ကျိုးကို အတူပြန်မလားဟုမေးလာကြသေးသည်။ ဖုယွမ်ကျိုးက ခေါင်းယမ်းကာငြင်းလိုက်၏။ သူအတန်းတွင်နေခဲ့ပြီး ရှဲ့လင်ကိုစောင့်ရဦးမည်ဖြစ်ကြောင်းပြောပြလိုက်သည်။
"ငါမင်းနဲ့အတူစောင့်ပေးချင်ပါတယ်...ဒါပေမဲ့ ငါအိမ်မှာလုပ်စရာရှိသေးလို့ အရင်ပြန်နှင့်တော့မယ်..."
ယွမ်ယဲ့က ကျောပိုးအိတ်ကိုကောက်လွယ်ကာ သူ့အားလက်ပြနှုတ်ဆက်သွားခဲ့သည်။
"မနက်ဖြန်မှတွေ့မယ်..."
"မနက်ဖြန်မှတွေ့မယ်..."
ဖုယွမ်ကျိုးက ယွမ်ယဲ့ကိုနှုတ်ဆက်ပြီး အတန်းထဲတွင်ဂိမ်းကစားရင်း ရှဲ့လင်ကိုစောင့်နေလိုက်သည်။
အကြာကြီးမစောင့်လိုက်ရပေ။ မိနစ်နှစ်ဆယ်အကြာ၌ ရှဲ့လင်က တန်းခွဲ ၇ တံခါးဝတွင်ပေါ်လာပြီး သူ့အားခေါင်းညိတ်ပြလာသည်။
"သွားရအောင်..."
ဖုယွမ်ကျိုး လွယ်အိတ်ကိုကောက်လွယ်ပြီး ရှဲ့လင်ကကျောင်းအပြင်ကိုထွက်လာကာ အငှားယာဥ်ခေါ်သည့်ဆော့ဖ်ဝဲနှင့် တက္ကစီတစ်စီးခေါ်လိုက်၏။ ယနေ့တွင် ကျောင်းဆင်းချိန်ကမမှန်လိုက်၍ ဒရိုင်ဘာကိုလည်းမစောင့်စေချင်သလို သူတို့လည်း ဒရိုင်ဘာလာသည်အထိမစောင့်နေတော့ဘဲ ကိုယ့်အစီအစဥ်နှင့်ကိုယ်ပြန်ရန်စီစဥ်လိုက်ကြသည်။
တက္ကစီကိုဖုန်းခေါ်လိုက်ပြီးသည့်နောက် ဖုယွမ်ကျိုးက သူတို့၏အမှာနံပါတ်က အနောက်သို့အတော်လေးရောက်နေသည်ကိုတွေ့လိုက်ရပြီး အချိန်အတန်ကြာအောင်စောင့်ရမည့်ပုံရှိသည်။ ကျောင်းဝင်ပေါက်တွင်လည်း တက္ကစီများမရှိတတ်ဘဲ လာသည့်တက္ကစီများမှာလည်း လူပြည့်နေတတ်သည်။
ရှဲ့လင်စစ်ဆေးကြည့်လိုက်သည့်အခါ အနီးနားရှိတက္ကသိုလ်က ပွဲတစ်ပွဲကျင်းပနေကြောင်းသိလိုက်ရ၏။ တက္ကသိုလ်ကနှစ်ခုရှိပြီး တစ်ခုကပွဲလုပ်နေလေသည်။ သို့ဖြစ်၍ ကျောင်းသားများက တက္ကသိုလ်တစ်ခုမှအခြားတစ်ခုကိုသွားကြသောကြောင့် တက္ကစီအော်ဒါများကပြည့်နေခြင်းဖြစ်သည်။
ဖုယွမ်ကျိုးမှာ ငြိမ်သက်သွားပြီး ရှဲ့လင်ကိုပြန်မေးလိုက်သည်။
"ဘယ်လိုလုပ်မလဲ..."
ရှဲ့လင်: "မစောင့်ချင်ရင်...ဘက်စ်ကား ဒါမှမဟုတ် ရထားနဲ့ပြန်ကြမယ်လေ..."
သူ၏မိသားစုအခြေအနေကအတော်လေးကောင်းသည့်တိုင် ဘက်စ်ကားနှင့်ရထားကိုမူ တစ်ခါမှမစီးဖူးသေးပေ။ ယခုလိုအချိန်တွင် သူမငြင်းခုန်ချင်သော်လည်း သူရထားမစီးရခြင်းမှာ ရထားပေါ်တွင်အိပ်ပျော်သွားတတ်သောကြောင့်ဖြစ်သည်။ ထိုင်ခုံမရှိလျှင် ပိုပြီးဒုက္ခများတတ်၏။
တက္ကစီစီးသည့်အပြင် ရထားစီးခြင်းကလည်း လွယ်ကူမြန်ဆန်သည့်ဆက်သွယ်ရေးတစ်ခုပင်။ သူ၏ဗီလာက မြို့လယ်ခေါင်နှင့်ဝေးသည်။ ဘက်စ်ကားနှင့်သွားလျှင် နှစ်ခါပြောင်းစီးရနိုင်၍ ဒရိုင်ဘာမှသူတို့အားလာခေါ်မည်ကို စောင့်နေလိုက်လျှင်ပိုကောင်းလိမ့်မည်။
ရှဲ့လင်က ခေါင်းညိတ်ပြ၍ နှစ်ယောက်သား ရထားဘူတာရုံကိုဦးတည်ကြသည်။ ဖုယွမ်ကျိုးပြောသည်အား ရှဲ့လင်ကနားထောင်နေရာမှ ပြောလာသည်မှာ
"မင်း ယွမ်ယဲ့နဲ့သိပ်မပေါင်းတာပိုကောင်းမယ်ထင်တယ်..."
ယခင်ဘဝက ဖုယွမ်ကျိုးနှင့်ယွမ်ယဲ့တို့ ရန်သူအဖြစ်မှမိတ်ဆွေဘဝသို့ရောက်သွားကြသည့်အခါ ရှဲ့လင်က ယွမ်ယဲ့ကိုမကြိုက်သည့်အကြောင်း သူ့အားပြောပြခဲ့ဖူးသည်။ အထူးသဖြင့် အနှီသူ၏ခံယူချက်က အနှီသူ၏တန်ဖိုးကို ခန့်မှန်းရခက်စေသည်။
ဖုယွမ်ကျိုးမှာ ထိုစဥ်က ဒေါသထွက်ခဲ့ရပြီး ယခုတော့ စိတ်ဓာတ်ကျနေရသည့်တိုင် ရှဲ့လင်က သူပြန်ပေးဆွဲခံရပြီး အန္တရာယ်ပေးခံရမည်ကိုစိတ်ပူနေမှန်း သူသိနေလေသည်။
အထက်တန်းပထမနှစ်တွင် သူ၏အဆင့်များကထိုးကျသွားခဲ့သည်။ ရှဲ့လင်က သူ၏စာလေ့လာမှုကိုစောင့်ကြည့်နေခဲ့သော်လည်း အခြေအနေကမထူးခြားလာခဲ့ပေ။ ထိုအချိန်မှာပင် သူသည်အင်စတာဂရမ်ပေါ်မှလူတစ်ယောက်နှင့်တွေ့ခဲ့ပြီး ထိုသူနှင့်တနေကုန်စကားပြောနေကာ စာလည်းမလုပ်ဖြစ်တော့ပေ။
ထိုအချိန်ကိုပြန်တွေးမိလျှင် ဖုယွမ်ကျိုးမှာ သူ့ကိုယ်သူပြန်ထိုးချင်စိတ်ဖြစ်လာပြီး ခေါင်းကိုရေထဲတွင်နှစ်ထားပစ်လိုက်ချင်သည်။ ယခုတော့ သူလုံးဝကိုအသိဉာဏ်ပွင့်သွားပြီဖြစ်၍ သူအသေခံရမည်ဆိုလျှင်ပင် ထိုလူကိုနောက်တကြိမ်ပြန်ဆက်သွယ်တော့မည်မဟုတ်။
"မစိုးရိမ်ပါနဲ့...သူကအဲဒီလိုမဟုတ်ပါဘူး...သူ့အဆင့်တွေကကောင်းပါတယ်..."
သူရှဲ့လင်ကိုရှင်းပြလိုက်သည်။
"သူကကျောင်းမပြောင်းခင်ကဆို ထိပ်တန်းကျောင်းသားဖြစ်ခဲ့တာ...လက်တွေ့ခန်းတွေထဲဝင်တော့လည်းဘာမှမဖြစ်ဘူး...ဒါပေမဲ့ သူ့ဆံပင်ကိုအရောင်ပြောင်းဆိုးပြီး နားကပ်တွေလည်းမဝတ်တော့ပါဘူး...အတန်းထဲရောက်မှ ခဏလောက်လေးဝတ်တာပါ..."
"ဆရာတောင် သူ့ဆံပင်စတိုင်နဲ့နားကပ်ကြောင့် မျက်လုံးတွေပြာသွားတာလေ...ငါတို့အတန်းပိုင်ကသူ့ကို ပြန်ပြောင်းဖို့တစ်လုံးမှမပြောဘူး...သူအဆင့်ကောင်းနေလို့တော့မဟုတ်ဘူး...အိုး..မင်းကငါတို့အတန်းကမဟုတ်တော့ တွေ့မှာမဟုတ်ဘူး..."
ရှဲ့လင်က တစ်လုံးမှပြန်မပြောဘဲ သူပြောသမျှကိုနားထောင်နေခဲ့သည်။၊ ရထားလက်မှတ်နှစ်စောင်ဝယ်လိုက်ပြီးနောက် တစ်စောင်ကို ဖုယွမ်ကျိုးထံလှမ်းပေးလိုက်၏။
"အဲဒါကြောင့်မဟုတ်ဘူး..."
သူက ဖုယွမ်ကျိုးကိုဖြည်းဖြည်းချင်းမော့ကြည့်ပြီး တုံ့ပြန်လိုက်၏။
"သူကအယ်လ်ဖာလေ..."
လာပြန်ပြီ...အယ်လ်ဖာဖြစ်ဖြစ်...အိုမီဂါဖြစ်ဖြစ် အရေးကြီးတာလည်းမဟုတ်ဘူး...
ဖုယွမ်ကျိုးကား မခံချင်စိတ်လေးပေါ်လာခဲ့၏။
"အဲဒီတော့ ဘာဖြစ်လဲ...မင်းလည်းအယ်လ်ဖာပဲလေ...မင်းနဲ့အချိန်ဖြုန်းတာကိုပါလျှော့လိုက်ရမလား.."
ရှဲ့လင်ကပြန်မပြောသလို ဖုယွမ်ကျိုးကလည်းထပ်မပြောတော့ပေ။ ဘူတာရုံတွင် လက်မှတ်များလဲပြီးသည့်နောက် အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
သူတို့သည် စီးရမည့်ရုံအထိလျှောက်လာခဲ့ကြ၏။ တားပေးထားသည့်ဖန်တံခါးအရှေ့တွင် ရပ်နေသူအများအပြားမရှိပေ။ တဝက်က အမှတ်(၁) အထက်တန်းကျောင်းမှကျောင်းသားများသာဖြစ်သည်။
ဖုယွမ်ကျိုး ထိုလူအုပ်ကိုဖျတ်ခနဲကြည့်လိုက်သည့်အခါ မိတ်ဆွေဟောင်းကြီးရန်ရှူးထန်က ရထားလမ်းတွင်တစ်ယောက်တည်းရပ်နေသည်ကိုမြင်လိုက်ရလေ၏။