Chapter 6
Viewers 2k

Chapter 6



ရန်ရှူးထန်မှာ လက်ထဲတွင်စာအုပ်လေးတစ်အုပ်ကိုကိုင်ထားရင်း ခေါင်းငုံ့လျက် ရပ်နေလေ၏။ ကျောပိုးအိတ်လွယ်ထားသည့်တိုင် ဖြောင့်တန်းစွာဖြင့်ရပ်နေပြီး မိုးမခပင်ပမာ ငြိမ်သက်လှပနေလေသည်။ သူ၏သန့်ရှင်းဖွေးစွတ်နေသော ကျောင်းယူနီဖောင်းမှာ မျက်စိအေးစရာဖြစ်နေ၏။


အနှီသူမှာ စာအုပ်ကိုစိတ်ဝင်တစားဖတ်နေပြီး ဆယ်မီတာအကွာတွင်ရပ်နေသော ဖုယွမ်ကျိုးကိုသတိမထားမိပေ။ ဖုယွမ်ကျိုးသည်လည်း ထိုသူနှင့်စကားမပြောရလေ စိတ်ချမ်းသာလေဟုယူဆထားသည်။ ရန်ရှူးထန်ကို ကျောင်းတွင်စနောက်နေရလျှင် လုံလောက်ပြီ။ ကျောင်းပြင်ပတွင် အဆက်အဆံလုပ်ရန်မလိုပေ။


ရန်ရှူးထန်က သူ၏မပြီးပြတ်သွားသောစကားကို အရေးတယူဖြစ်နေရသည့်အတွက် အကြောင်းအရင်းကို တဖက်လူက​ပြောပြမည်မဟုတ်သည်ကို သိသော်ငြားလည်း ဖုယွမ်ကျိုးမှာအကြောင်းအရင်းအားသိချင်နေမိ၏။


သူကြည့်နေရာမှ မျက်လုံးလွှဲရန်ပြုစဥ် ရန်ရှူးထန်က ကျောင်းယူနီဖောင်း၏အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်လိုက်ကာ ရထားစီးကတ်ကလေးကပါပြုတ်ကျသွားခဲ့သည်။ ရန်ရှူးထန်က ၎င်းကိုသတိထားမိပုံမရဘဲ မက်ဆေ့ချ်ကိုစာပြန်ပြီးနောက် ဖုန်းကိုအိတ်ထဲပြန်ထည့်လိုက်ကာ လက်ထဲမှစာအုပ်ကိုသာဆက်ဖတ်နေလေသည်။


ရန်ရှူးထန်ကစီးရမည့်ရထားကို ဆက်လက်စောင့်နေခဲ့သည်။ အနီးအနားရှိ မည်သူကမှ သူ့အားကတ်ကိုပြန်ကောက်ရန်သတိမပေးကြချေ။ နောက် ခရီးသည်အချို့ရောက်လာပြီး ရထားစီးကတ်အားမည်သူကမှသတိမထားမိကြတော့ပေ။


ဖုယွမ်ကျိုး ချီတုံချတုံဖြစ်နေခဲ့သည်။ လက်မှတ်ပြုတ်ကျသွားသည်ကိုတွေ့လိုက်သော်လည်း သူရန်ရှူးထန်ကိုသတိမပေးမိပါက သူ့ကိုယ်သူ အလွန်အမင်းရက်စက်သူပမာ ခံစားလိုက်ရသည်။ သူ ပြိုင်ဘက်ဖြစ်သူကိုနားမလည်နိုင်သော်လည်း တစ်စုံတစ်ခုကိုဆုံးရှုံးလိုက်ရသူအပေါ် မလှောင်ချင်ပေ။ အဆိုပါပျော်ရွှင်မှုက အဆင့်နိမ့်လွန်းသည်။


နောက်ဆုံး ရထားရောက်လာချိန်အထိ လက်မှတ်ကိုဂရုစိုက်မည့်သူမရှိတော့ပေ။ ဖုယွမ်ကျိုးကအမြန်လျှောက်သွားပြီး ရထားလက်မှတ်ကိုကောက်လိုက်ရင်း ရန်ရှူးထန်၏ပုခုံးကိုပုတ်လိုက်သည်။


"မင်းကတ်ကျသွားတယ်..."


ရထားပေါ်တက်ရမည့် ရန်ရှူးထန်၏ခြေထောက်များကရပ်သွားပြီး သူ့ဘက်သို့ခေါင်းလှည့်လာချိန်တွင် အနှီသူ၏မျက်လုံးထဲ၌ ထူးဆန်းသည့်ခံစားချက်များရှိနေလေ၏။ သူ လှည့်မကြည့်မှီ သူ့အားစကားပြောလာသူက ဖုယွမ်ကျိုးဖြစ်ကြောင်း အသေအချာသိနေသည့်အလားပင်။


သူက ရထားအပေါက်ဝရှေ့တွင် မှင်သေသေဖြင့်ရပ်နေရင်း သူ့အနောက်မှခရီးသည်များထံမှ စကားသံများထွက်လာသည်အထိ ဖုယွမ်ကျိုးအားကြည့်နေခဲ့သည်။ ထို့နောက် အကြည့်လွှဲလိုက်ပြီး ရထားပေါ်သို့အမြန်တက်သွားလေ၏။


ဖုယွမ်ကျိုး ကတ်ကိုမပေးရသေးမှီ ရန်ရှူးထန် ရထားထဲဝင်သွားသည်ကိုတွေ့လိုက်ရသည်။ သူ ရထားစီးကတ်ကို တစ်ယောက်ယောက်နှင့်ထည့်ပေးလိုက်ချင်၍ ရန်ရှူးထန်ကိုရှောင်ပြီး နောက်တစ်တွဲပေါ်တက်လိုက်သည်။


ထိုအချိန်မှာပင် ရှဲ့လင်ရောက်လာပြီး ဖုယွမ်ကျိုးကိုတချက်ကြည့်ကာ ရထားပေါ်လိုက်တက်လာ၏။ ဖုယွမ်ကျိုးမှာ အနှီသူက အခြားတစ်တွဲအပေါ်တွင်မစီးချင်မှန်းသိလိုက်၍ ရထားတွဲပေါ်အတူစီးရန်ဆုံးဖြတ်လိုက်ပြီး ရန်ရှူးထန်၏ဘေးသို့လျှောက်သွားကာ လက်မှတ်ကမ်းပေးလိုက်သည်။ 


"မင်းရဲ့ကတ်..."


"ကျေးဇူးပဲ..."


ရန်ရှူးထန်က မျက်လွှာလေးချကာ လက်မှတ်ကိုပြန်ယူလာသည်။ အနှီသူသည် သတိရှိစွာဖြင့် ဖုယွမ်ကျိုး၏လက်ချောင်းများကိုမထိမိစေရန် ရှောင်ကွင်းနေလေ၏။ သူ၏ တစ်ခါသေပြီးသားပြိုင်ဘက်ကိုကျေးဇူးမတင်ချင်၍ဖြစ်နိုင်သော်လည်း ဖုယွမ်ကျိုးကမူ အနှီသူ၏နားရွက်များက ပါးပါးလေးနီမြန်းနေသည်ကိုတွေ့လိုက်ရသည်။


ဖုယွမ်ကျိုးမှာ နောက်တကြိမ်စိတ်ပျော်သွားပြန်ပြီး ရန်ရှူးထန်ကိုအပေါ်အောက်ကြည့်လိုက်မိသည်။


 သူအိုမီဂါပဲဖြစ်ရမယ်၊ ဘယ်လိုလုပ် ဒီလောက်ထိ ပိန်နိုင်ရတာလဲ။


ဖြစ်နိုင်ချေကိုတွေးမိသွားသည့်အခါ ဖုယွမ်ကျိုး စိတ်ရောကိုယ်ပါ ပေါ့ပါးသွားပြီး မျက်လုံးလေးများပင်ပြုံးရောင်သန်းလာခဲ့၏။ 


"မင်းငါ့ကိုကျေးဇူးတင်တာ ရှားတယ်..."


"....."


ရန်ရှူးထန် မျက်လုံးပင့်ကြည့်လိုက်သည့်အခါ ဖုယွမ်ကျိုးက  သူ၏ကျေးဇူးတင်စကားကြောင့် ပျော်ရွှင်ကာ စိတ်လိုလက်ရပြုံးနေသည်အား တေွ့လိုက်ရသည်။ သူကလက်မှတ်ကိုကျစ်နေအောင်ကိုင်ထားလိုက်ရင်း အသံတိမ်တိမ်ဖြင့်ပြောလိုက်သည်။ 


"အတန်းထဲမှာတုန်းက မင်းဘာပြောလိုက်တာလဲ..."


"ဟမ်?...ဘာလဲ.." 

ဖုယွမ်ကျိုးက ပြောလိုက်လေ၏။ 

"မင်းကျယ်ကျယ်ပြောလို့ရလား...ငါမကြားရလို့..."


ရန်ရှူးထန်ထံမှ အသံထွက်မလာတော့ပေ။ ဖုယွမ်ကျိုးဘေးမှ ရှဲ့လင်ကိုလှမ်းကြည့်ပြီးခေါင်းယမ်းပြလိုက်သည်။ 


"ဘာမှမဟုတ်ဘူး..."


ဖုယွမ်ကျိုး အင်းဟုသာတုံ့ပြန်ပြီး မျက်နှာပြန်တည်လိုက်သည်။ တကယ်တမ်းတွင် ရန်ရှူးထန်ပြောလိုက်သည့်စကားကို သူကြားလိုက်ရသော်လည်း ပြန်မဖြေချင်ခဲ့ပေ။ ရန်ရှူးထန်၏ မေးချင်နေသည့်တိုင် မေးဖို့ရာ အရှက်သည်းနေသည့်ပုံက သူ့အတွက် ပျော်စရာကောင်းနေလေသည်၊၊ သူ့ဘက်မှလည်း ရန်ရှူးထန်၏အတွေးများကိုသိချင်နေသဖြင့် ရှူတည်တည်ဖြင့် ခန့်မှန်းနေခဲ့ရ၏။


"အတန်းဖော်တွေလား.." 


ရှဲ့လင်က သူတို့နှစ်ယောက်အပြန်အလှန်စကားပြောနေသည်ကိုကြည့်ပြီး ဖုယွမ်ကျိုးကိုမေးလာသည်။


ဖုယွမ်ကျိုးမှာ ယွမ်ယဲ့နှင့်ဆက်သွယ်နေသည်ကို ရှဲ့လင်က ချုပ်ချယ်နေ၍ မပျော်မရွှင်ဖြစ်နေမိသည်။ ကလေးအရွယ်တည်းက သူတို့နှစ်ယောက်စကားပြောတိုင်း ကို့ရို့ကားယားဖြစ်ခဲ့ရသည်။ တစ်ယောက်ကစကားစပြောလျှင် တောင်းပန်ရခြင်းဖြင့် အဆုံးသတ်ရလေ့ရှိ၏၊၊  ရှဲ့လင်ကစကားစပြောလာသည့်အတွက် သူ၏စိတ်မကြည်ဖြစ်နေခဲ့ရမှုများကို ချိုးနှိမ်ပစ်လိုက်ရသည်။


"သူကရန်ရှူးထန်...ငါမင်းကိုအရင်ကပြောဖူးပါတယ်..."


ထိုသို့ပြောလိုက်ချိန်တွင် ဖုယွမ်ကျိုးသည် ရှဲ့လင်အားစကားမများရန် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်၏။ ယခင်က ရန်ရှူးထန်အကြောင်းကို ရှဲ့လင်အားမကြာခဏပြောခဲ့ဖူးသော်လည်း အများစုကခန့်မှန်းပြောခဲ့ခြင်းသာ။


ရှဲ့လင်က စကားများသူမဟုတ်၍ ရန်ရှူးထန်ကိုခေါင်းညိတ်ပြလိုက်ပြီးနောက် တိတ်ဆိတ်သွားတော့၏။


ရန်ရှူးထန်ကလည်း ရှဲ့လင်ကိုပြန်နှုတ်ဆက်လိုက်သည်။ သူ ရှဲ့လင်ကိုသိသည်။ ကျောင်းသားကောင်စီဥက္ကဌရှဲ့လင်က ကျောင်း၏အလံတင်အခမ်းအနားများတွင် မကြာခဏဆိုသလို မိန့်ခွန်းပြောပေးတတ်၏။ ကျောင်းကိစ္စများအပေါ် သိပ်မဝင်စားသူများပင် သူ့ကိုသိရှိကြသည်။


ရန်ရှူးထန်သည်လည်း ကျောင်းတွင် ဂုဏ်သတင်းမွှေးသူတစ်ယောက်ပင်။ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး အတန်းများကိုကျော်တက်ခဲ့သည်။ သို့သော်လည်း သိုဝှက်နေတတ်၍ လူများက လူနှင့်အမည်ကိုမတွဲမိကြပေ။


ရထားတံခါးက ပိတ်သွားခဲ့ပြီး နောက်ဘူတာတစ်ခုထံဆက်လက်ထွက်ခွာလာသည်။ ရထားပေါ်တွင် လူမများသော်လည်း ထိုင်ခုံများကပြည့်နေခဲ့သည်။ ကျောင်းမှအိမ်ကို နာရီဝက်ကြာနိုင်ပြီး အကွာအဝေးကမနည်းလှပေ။


ဖုယွမ်ကျိုးမှာ မှေးကနဲ အိပ်ပျော်သွားခဲ့သေး၏။ ရထားစီးတိုင်း အိပ်ချင်စိတ်ဖြစ်ရသည့်အကြောင်းအရင်းကိုသေချာမသိသော်လည်း သူကျန်းမာရေးမကောင်းခြင်းမျိုးမရှိပေ။ သူအိပ်ငိုက်လာသည့်အခါ ချက်ချင်းပင် ရှဲ့လင်၏လက်မောင်းအပေါ်ကိုမှီလိုက်တော့၏။ 


"ငါအိပ်ချင်တယ်...မင်းရဲ့လက်မောင်းလေးခဏငှား.."


"မအိပ်နဲ့...လဲသွားလိမ့်မယ်..."


ရှဲ့လင်က သူအိပ်ပျော်သွားမည်စိုး၍ လက်မောင်းကိုထိန်းကိုင်ပေးလာသည်။ ဖုယွမ်ကျိုးမှာ အိပ်ငိုက်လွန်းနေပြီး အိပ်ချင်မူးတူးဖြင့် ဘာမှမသိတော့ပေ၊၊ ရှဲ့လင် သတိရှိနေမှန်းသိ၍ သူ၏နားတွင်းသို့ကပ်ပြောလာသည်။


 "မရဘူး..မင်းရှိနေတာပဲကို ဘယ်လိုလုပ်ပြုတ်ကျမလဲ..."


"....."


သူ့အားဟန့်တားလာသည့်အားတစ်ခုက ရုတ်တရက်လျော့ရဲသွားပြီး ဖုယွမ်ကျိုးမှာ သူ့ခေါင်းအားဖွဖွလေးပုတ်လိုက်သည့်လက်တစ်ဖက်ကို ခံစားလိုက်ရသည်။


သူသည်ကား ရှဲ့လင်ကို အပြည့်အဝမှီထားလိုက်ပြီး အသက်ရှူလိုက်တိုင်း ဝိုင်နံ့ခပ်ပါးပါးလေးက သူ၏နှာဖျားဝသို့တိုးဝင်နေ၍ သူ့အား အတော်လေးစိတ်သက်သာစေခဲ့သည်။ နောက်တစ်စက္ကန့်၌ သူအိပ်ပျော်တော့မည့်ဆဲဆဲတွင် ရုတ်တရက်စကားသံကြားလိုက်ရ၏။


"ထိုင်ခုံလွတ်သွားပြီ..."


ဖုယွမ်ကျိုး အိပ်ပျော်တော့မည့်အချိန်တွင် အဆိုပါရှင်းလင်းပြတ်သားလှသောအသံ​က သူ၏နားထဲတွင်ပဲ့တင်ထပ်သွားခဲ့သည်။ စက္ကန့်အနည်းငယ်ကြာမှ သူ၏မျက်လုံးများကိုဖြည်းဖြည်းချင်းဖွင့်လိုက်နိုင်၏။ သူသည်ကား ရှဲ့လင်၏လက်မောင်းထဲမှထလာပြီး လှည့်ကြည့်လိုက်သည်။ အနည်းငယ်ဝါးနေသောအမြင်အာရုံတွင် ရန်ရှူးထန်၏မျက်နှာက ပေါ်လာခဲ့သည်၊၊ ၎င်းသည် အလွန်တရာဖြူဖျော့အားနည်းစွာဖြင့်ဖုယွမ်ကျိုးကိုကြည့်နေပြီး ပျော်ရွှင်နေပုံမရချေ။


သို့တစေ ဖုယွမ်ကျိုးက ရန်ရှူးထန်၏အေးစက်စက်မျက်နှာကိုမြင်ဖူးနေကျဖြစ်၍ အိပ်ချင်နေသည့်အလျောက် အထွေအထူးစဥ်းစားနိုင်သည့်အရာမရှိတော့။ထိုင်ခုံအလွတ်ရှိရာသို့သွားပြီး အိပ်ချင်မူးတူးဖြင့် ထိုင်ချလိုက်သည်။


ဤဘူတာက အဆင်းများသောကြောင့် ဆင်းသွားသည့်ခရီးသည်များ အများအပြားရှိသည်။ သူထိုင်နေသည့်ခုံတန်းလည်း လွတ်သွားခဲ့၏။ ဖုယွမ်ကျိုး သူ့ဘေးတွင် လူတစ်ယောက်လာထိုင်လိုက်သည်ကို ဝိုးတဝါးမျှသိလိုက်သည်။ သူက ရှဲ့လင်ဟုထင်လိုက်ပြီး မျက်လုံးစုံမှိတ်လျက်သားဖြင့် တဖက်လူအပေါ်မှီချလိုက်သည်။ သူမှီလိုက်သည်နှင့် တဖက်ကိုယ်က အလိုအလျောက်ပင်ခေါင်းအုံးဖြစ်သွားလေတော့၏။


နွေးထွေးသောကိုယ်ငွေ့က နွေရာသီကျောင်းဝတ်စုံ၏ အထည်သားကိုထိုးဖောက်လာသည်။ ဖုယွမ်ကျောက်အတွက် ထိုရနံ့ကမွှေးပျံ့လွန်းနေ၏၊ မိုးရွာပြီးစ အပင်များ၏အနံ့လေးလိုပင်၊ သန့်စင်လတ်ဆတ်ပြီး အသက်ရှူလိုက်တိုင်း သိမ်မွေ့စွာဖြင့်ပျံဝဲနေတတ်သည်။


ဖယ်ရိုမုန်းအနံ့များလား၊ ဒါပေမဲ့ ရှဲ့လင်က ဝိုင်နီပါ။


ဖုယွမ်ကျိုး တစ်ခုခုမှားနေပြီမှန်းသိလိုက်ပြီး ချက်ချင်းမျက်လုံးဖွင့်ကြည့်လိုက်သည်။ ထင်ထားသည့်အတိုင်း ရန်ရှူးထန်၏မျက်နှာက သူ၏မြင်ကွင်းအတွင်းသို့ဝင်လာခဲ့လေ၏။


ရန်ရှူးထန်ကသူ့အားငုံ့ကြည့်လာပြီး ယခင်ကအတိုင်း မျက်နှာအမူအရာကတည်ငြိမ်မနေပေ။ ဤတကြိမ်တွင်မူ သူ့မျက်နှာက နီရဲနေခြင်းမရှိသော်လည်း ဖြူဝင်းနေသည့်မျက်နှာက ရှက်သွေးဖြာနေခဲ့သည်။ ဖုယွမ်ကျိုး မျက်လုံးဖွင့်လ်ုက်ပြီး သူ့အားစိုက်ကြည့်လာသည်နှင့် ထိုသူက ချက်ချင်းပင် တဖက်သိူ့မျက်နှာလွှဲသွားခဲ့သည်။ ထို့နောက် လက်ဖြင့်သူ့မျက်နှာတဝက်ကိုအုပ်ထားလိုက်၏။


မိုးနံ့လေးက ပိုမိုပြင်းထန်လာခဲ့ပြီး ဖုယွမ်ကျိုးမှာ ထိုအနံ့ကြောင့် မူးဝေနေခြင်းက ပိုမိုတိုးပွားလာကာ သူ့ကိုယ်သူမထိန်းချုပ်ထားနိုင်တော့ဘဲ ဖြည်းဖြည်းချင်းစီမျက်လုံးဖွင့်ကြည့်လိုက်သည်။


မဟုတ်တော့ဘူး...ရန်ရှူးထန်ကပါ အယ်လ်ဖာဖြစ်နေတာလား။


ဖုယွမ်ကျိုးမှာ မယုံကြည်ချင်သည့်တိုင် ဖယ်ရိုမုန်းအနံ့များက လူကိုမလိမ်ပေ။


အယ်လ်ဖာနှင့်အိုမီဂါတို့၏ ဖယ်ရိုမုန်းများက လုံးဝကွဲပြားသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်က ABO အကြောင်းကိုလေ့လာပြီးသည့်အခါ ဖုယွမ်ကျိုးမှာ အဆိုပါကွဲပြားချက်များကိုသိရှိနေလေသည်။ အယ်လ်ဖယ်ဖယ်ရိုမုန်းများ၏ အရိုးရှင်းဆုံးနှင့်အရက်စက်ဆုံးနည်းလမ်းမှာ အိုမီဂါများကို မူးဝေစေခြင်းဖြစ်ပြီး အိုမီဂါဖယ်ရိုမုန်းများနှင့် တုံ့ပြန်ခြင်းမရှိတတ်ပေ။


ရန်ရှူးထန်ကအယ်လ်ဖာဖြစ်နေတယ်၊၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူကအမြဲတမ်းရှက်နေပြီး ဒီလောက်ပိန်ပါးနေတာကို အယ်လ်ဖာဆိုတာဟုတ်ပါ့မလား။


ဖုယွမ်ကျိုး၏နှလုံးသားလေး ကွဲကြေသွားရပြီး ရန်ရှူးထန်၏ပေါင်ပေါ်တွင်အိပ်နေမိသည်ကိုပင်မေ့သွား၏။ ရုတ်တရက် လူတစ်ယောက်က သူ၏လက်ကောက်ဝတ်ကိုလာဆွဲပြီး အတင်းထိုင်စေခဲ့သည်။ လာဆွဲသူမှာ ရှဲ့လင်ပင်။


သူ့ခမျာ ရန်ရှူးထန်က အယ်လ်ဖာဖြစ်နေသည်ဆိုသောအမှန်တရားကြောင့် ထိတ်လန့်နေဆဲဖြစ်သည့်တိုင် ရှဲ့လင်က သူ့လက်ကောက်ဝတ်ကိုဆွဲသည့်အချိန်မှ ရန်ရှူးထန်၏ကိုယ်ပေါ်တွင်အိပ်နေမိသည်ကိုသတိရပြီး ခုန်ထလိုက်ရသည်။


သို့သော်လည်း ယင်းကသူ့အပြစ်မဟုတ်။ရထားပေါ်တွင် ခုံအလွတ်အများကြီးရှိသည်။ ရန်ရှူးထန်ကသူ့ဘေးမှခုံပေါ်တွင်လာထိုင်လိမ့်မည်ဟု မည်သူကထင်ထားပါမည်နည်း။ သူသာဆိုလျှင် ရှစ်ပေအကွာတွင်သာသွားထိုင်နေလိုက်မည်။ယခုလိုလူမှားသွား၍လည်း စိတ်ရှုပ်စရာမလိုပေ။


"အားနာလိုက်တာကွာ..."


သူက ရန်ရှူးထန်ကို အလျဥ်းသင့်သလိုတောင်းပန်လိုက်လေ၏။ ပြိုင်ဘက်ကိုတောင်းပန်လိုက်ရသည်ထက် စိတ်နာစရာကောင်းသည့်ကိစ္စမရှိတော့ပေ။ ရန်ရှူးထန်က အိုမီဂါမဟုတ်သလို ဘီတာလည်းမဟုတ်ပဲ ရေမရောသည့် အယ်လ်ဖာစစ်စစ်ကြီးဖြစ်နေသည်လေ။


ဖုယွမ်ကျိုးကား စိတ်ဓာတ်ကျသွားရ၍ ပြန်ထိုင်လိုက်ပြီးနောက် ရှဲ့လင်၏ တင်းမာနေသောမျက်နှာကို ဂရုမစိုက်တော့ပေ။


ရန်ရှူးထန်၏မျက်နှာပေါ်ရှိ ရှက်သွေးဖြန်းနေမှုမှာလျော့သွားခဲ့ပြီး ဖုယွမ်ကျိုးကို စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လာသေးသည်။သို့ထိတိုင် နောက်ဆုံး၌ စကားမပြောလာတော့ဘဲ ခေါင်းယမ်းပြီးတုံ့ပြန်လိုက်သည်။


 "ရပါတယ်..."


ထို့နောက် သုံးယောက်သားငြိမ်သက်သွားခဲ့ကြသည်။ မှတ်တိုင်အနည်းငယ်ကိုကျော်လာပြီးနောက် ရန်ရှူးထန် ရထားပေါ်မှဆင်းရတော့မည်ဖြစ်၏။ သူက ဖုယွမ်ကျိုးကိုကြည့်ကာတီးတိုးပြောလိုက်လေ၏။ 


"နှုတ်ဆက်ပါတယ်..."


ဖုယွမ်ကျိုးမှာ မှေးကနဲအိပ်ပျော်သွားပြီးနောက် ထပ်မံအိပ်ချင်လာပြန်၍ ခေါင်းကနည်းနည်းချင်းစီ အောက်ဘက်သို့ငိုက်နေခဲ့လေ၏။ ဤတကြိမ်တွင်မူ ရန်ရှူးထန်​ပြောလိုက်သည့်စကားကို လုံးဝမကြားလိုက်ပေ။ သူသည်ကား အနှီသူကို အိပ်ချင်မူးတူးဖြင့်ကြည့်လိုက်လေသည်။


ရန်ရှူးထန်မှာ စကားဆက်မပြောမိဘဲရပ်သွားခဲ့၏။ ရထားတံခါးပိတ်တော့မည့်အချိန်တွင် အသိပေးချက်အသံထွက်ပေါ်လာခဲ့သည့်အခါမှ အပေါက်ဝသို့ထွက်သွားခဲ့သည်။ သူပလက်ဖောင်းပေါ်တွင်ရပ်လိုက်သည့်အချိန်မှ ဖုယွမ်ကျိုးက ရုတ်တရက်လှည့်ကြည့်လာပြီး နှုတ်ဆက်လာလေ၏။ 


"တာ့တာ..."


'ချောက်' ဟူသောအသံဖြင့် ရထားတံခါးမှာပိတ်သွားခဲ့ပြီ။ 


ဖုယွမ်ကျိုးသည်ကား အံ့အားသင့်သွားသည့်ပုံစံဖြစ်နေခဲ့၏။


သေစမ်း...ရန်ရှူးထန်ကသူ့ကိုနှုတ်ဆက်သွားတယ်ပေါ့? သူ့ကို ရထားစီးကတ်ပြန်ပေးလိုက်လို့များလား? သေလိုက်ပါတော့...ငါမနေတတ်တော့ဘူး....


ဖုယွမ်ကျိုးမှာ ပျော်ရွှင်ခြင်းထက်ပိုသည့် လက်တွေ့မဆန်သည့်ခံစားချက်ကိုရနေလေသည်။ ရုတ်တရက် ဖုန်းကတုန်ခါလာကာ လူတစ်ယောက်က မက်ဆေ့ချ်ပို့လာခဲ့ခြင်းပင်။ အနှီသူကိုစာပြန်ပို့လိုက်ပြီးသည့်အခါ နောက်ထပ်အသိပေးသံတစ်ခုထွက်ပေါ်လာသည်။ အကောင့်လက်ခံရန် အသိပေးချက်ပင်။ 


အတန်းစကားပြောအဖွဲ့မှဖြစ်ပြီး အမည်မှာ ရန်ရှူးထန်....


"ရန်ရှူးထန်...?"


ဖုယွမ်ကိုး မျက်လုံးကျယ်သွားခဲ့ပြီး အာမေဋိတ်သံကအလိုလိုထွက်လာသည်။ ရန်ရှူးထန်ကသူ့အား သူငယ်ချင်းဖွဲ့ရန်တောင်းဆိုနေသည်။ မယုံနိုင်စရာပင်။၎င်းသည်ကား အနှီသူကအယ်လ်ဖာတစ်ယောက်ဖြစ်ကြောင်းသိလိုက်ရစဥ်ကထက်ပင် သူ့အားထိတ်လန့်သွားစေလေ၏။


ထိုအကြောင်းကိုသိလိုက်ရစဥ်က သူဒေါသထွက်သွားခဲ့သည်။ အနှီသူကို သူငယ်ချင်းအဖြစ်လက်မခံနိုင်ပါချေ။ ရန်ရှူးထန်သာအိုမီဂါဖြစ်နေလျှင် သူ့ဘက်မှစဥ်းစားပေးနေဦးမည်။ ယခုမှ ထိုသူကိုသူငယ်ချင်းအဖြစ်လက်ခံလိုက်လျှင် အရွဲ့တိုက်သလိုဖြစ်သွားနိုင်သည်။ အယ်လ်ဖာဖြစ်နေသည့်အချက်ကိုပါထပ်ပေါင်းလိုက်ပါက ရန်ရှူးထန်ကို သရော်ခွင့်ပေးလိုက်ခြင်းနှင့်တူသွားလိမ့်မည်။


သူမက်ဆေ့ချ်ကိုဖျက်ပစ်တော့မည့်အချိန် သူ၏လက်ကောက်ဝတ်မှာ တင်းကျပ်စွာဖြင့်ကိုင်ဆွဲခံလိုက်ရ၏။ သူ့ထံတွင် ခွန်အားအများအပြားမရှိ၍ မရုန်းနိုင်လေရာ ဖုန်းပေါ်မှမက်ဆေ့ချ်ကို ဆက်မကြည့်နိုင်တော့ပေ။


သူ့လက်ကို ကိုင်ထားသူမှာ ရှဲ့လင်မှလွဲပြီးအခြားသူမရှိတော့ပေ။ ဖုယွမ်ကျိုး သူ့အားကြည့်လိုက်ပြီး ရုတ်တရက်ရင်ခုန်သွားရ၏ ။ ရှဲ့လင်၏မျက်နှာက အေးစက်နေပြီးအကြည့်များကမှောင်မိုက်နေကာ ဒေါသထွက်နေသည်မှာသေချာသည်။ သူ့ကိုမည်သူကများရန်စလိုက်သည်မသိ။


"ကျေးဇူး...."


သူပြောရန်ပြုစဥ် တစ်ဖက်လူက သူ့အားရင်ခွင်ထဲသို့ဆွဲသွင်းလိုက်၏။


ရှဲ့လင်က သူ၏အူတိအူကြောင်မျက်နှာကို လျစ်လျုရှုထားပြီး သူ၏ကျောကိုဖက်ထားလိုက်သည်။


 "မင်းအိပ်မလို့မလား...အိပ်တော့..."


"မင်းကငါ့ကို ဒီလိုပုံစံနဲ့အိပ်ခိုင်းနေတာလား" 


သူတို့အား ချောင်းကြည့်နေသည့် ခရီးများမရှိသည့်တိုင် ဖုယွမ်ကျိုးကား အနည်းငယ်ရှက်မိလေ၏။


 "မင်းကိုမှီထားလို့ရရင်တော်ပြီ.." 


ရှဲ့လင်ကမလှုပ်ပေ။ 

"မင်းက တခြားသူတွေအပေါ်မှာလည်း ဒီလိုပဲအိပ်တာပဲလေ..."


"မဟုတ်တာ..." 

ဖုယွမ်ကျိုးက ရေရွတ်လိုက်သည်။ သူ၏မျက်နှာကိုပြန်ဆယ်ချင်သေးသော်လည်း အခြားသူများရှေ့တွင်ဆိုလျှင် အလွယ်တကူရှက်တတ်သည်။ မိဘများအရှေ့မှအပ သူ၏အရှက်မရှိသည့်ပုံစံကို ရှဲ့လင်အရှေ့တွင်သာလုပ်ပြတတ်ပြီး ယွမ်ယဲ့အပေါ်တွင်ပင် ယခုလိုမပွင့်လင်းပေ။


ရှဲ့လင်: "ဒီတော့...မင်းနားလည်သွားပြီလား..."


"ဘာလဲ..." ဖုယွမ်ကျိုးက အနှီသူပြောနေသမျှကို လုံးဝနားမလည်သေးပေ။


ရှဲ့လင်က ဖြည်းဖြည်းချင်းပြောပြလာသည်။


 "မင်းကို အယ်လ်ဖာတွေနဲ့ အရောမဝင်ဖို့​ပြောခဲ့ဖူးတယ်လေ...ငါကလည်း အယ်လ်ဖာဆိုတော့ ငါနဲ့လည်းအဆက်အသွယ်အရမ်းမလုပ်သင့်ဘူး..."


"ငါမင်းကိုဖြေလိုက်မယ်...ဟုတ်တယ်..မင်းငါနဲ့အဆက်အဆံမလုပ်သင့်ဘူး..."


သူက ခေါင်းငုံ့လိုက်ကာ မျက်လုံးများက ညကောင်းကင်ယံပမာ တောက်ပနေလျက် ဖုယွမ်ကျိုး၏မျက်နှာကိုကြည့်နေခဲ့သည်။


"ငါမင်းကိုဂရုစိုက်ပေးတာမကြိုက်ရင် ငါ့ကိုလျစ်လျုရှုထားလို့ရတယ်..ငါ့ကိုပစ်ထားလို့ရတယ်..သာမန်သူငယ်ချင်းလိုမျိုးပဲဆက်ဆံလို့ရတယ်.."


"ဖုယွမ်ကျိုး...မင်းတကယ်ဒီလိုပဲလုပ်စေချင်တာလား..."