Chapter 7
Viewers 1k

Chapter 7



ဖုန်းမှအသိပေးသံက အချိန်အတိအကျနှင့်မြည်လာခဲ့သည်။ ဖုယွမ်ကျိုးအိပ်ပျော်နေရာမှ လေးလံနေသည့်မျက်လုံးများကိုဖွင့်လိုက်ပြီး အလန်းကိုပိတ်လိုက်သည်။ ထို့နောက် အိပ်ရာထဲတွင်အိပ်ချင်မူးတူးဖြင့်ထိုင်နေလိုက်သေး၏။ သူ၏အသိစိတ်ကဖြည်းဖြည်းချင်းပြန်လည်လာပြီးသည့်နောက် အိပ်ရာမှထပြီးကိုယ်လက်သန့်စင်ကာ အဝတ်အစားဝတ်လိုက်သည်။ 


အခန်းထဲမှထွက်ပြီးအောက်ထပ်သို့ဆင်းလာသည့်အခါ အိမ်တွင် အနှစ်တန်ကြာအလုပ်လုပ်နေခဲ့သောအန်တီကြီးက စားပွဲပေါ်တွင် ကြက်ဥကြော်ပန်းကန်ကိုအဆင်သင့်ချထားလေသည်။ သူအိပ်ရာမှထလာသည်ကိုမြင်သည်နှင့် အံ့အားသင့်နေသည့်မျက်နှာကိုပင်မထိန်းထားနိုင်တော့ဘဲပြောလာသည်။ 


"ယွမ်ကျိုး နိုးလာပြီလား..အန်တီအခုလေးတင် အပေါ်ထပ်တက်ပြီး မင်းကိုလာနှိုးတော့မလို့..." 


ဖုယွမ်ကျိုး သမ်းဝေလိုက်ပြီး ထမင်းစားစားပွဲတွင်ဝင်ထိုင်လိုက်သည်။ 


"ဒီနေ့က ကျောင်းစတက်ရမယ့်ပထမဆုံးရက်လေ...ကျွန်တော်နောက်မကျချင်ဘူး..." 


အန်တီကြီးကခေါင်းညိတ်ပြုံးပြပြီး သူ၏မိဘများကလည်း ကုမ္ပဏီသွားရန် အောက်ထပ်သို့အသီးသီးဆင်းလာကြလေ၏။ မိသားစုတစ်စုလုံးပျော်ရွှင်နေကြသည်။ မနက်စာစားပြီးသည့်နောက် သူကအပြင်ထွက်လာကာ ကားပေါ်တက်လိုက်သည်။ ရှဲ့လင်ကမူ ကားပေါ်တွင်ထိုင်ရင်း သူ့အားအသင့်စောင့်နေလေသည်။ 


"မောနင်း..." 


သူသည်ရှဲ့လင်ဘေးတွင်ဝင်ထိုင်လိုက်ပြီး အိပ်ချင်နေသေးသည့်ပုံစံဖြင့် မျက်လုံးကိုကောင်းကောင်းမဖွင့်နိုင်ပေ။ ရှဲ့လင်က လက်ဆန့်ထုတ်ကာ သူ၏လည်ပတ်ကိုပြင်ပေးလေသည်၊၊ သူ၏လည်ပတ်ကအမြဲရှုပ်ပွနေတတ်ပြီး ကလေးအရွယ်ထဲက ရှဲ့လင်ကသာ ပြင်ပေးသူဖြစ်သည်။ သူအမှတ်အသားပေးခံလိုက်ရတည်းက အနည်းငယ်သက်သောင့်သက်သာမဖြစ်တော့သည်မှလွဲပြီး ဖုယွမ်ကျိုးသည် ရှဲ့လင်၏အပြုအမူများနှင့်ပတ်သက်၍ အလိုက်အထိုက်ဖြစ်နေလေပြီ။ 


လည်ပတ်ကိုပြုပြင်လိုက်ပြီးနောက် ဖုယွမ်ကျိုးက ရှဲ့လင်၏လက်မောင်းအပေါ်တွင် မှီအိပ်လိုက်သည်။ ရှဲ့လင်ကသူ့အား တချက်ကြည့်ပြီးမေးလိုက်၏။ 


"မင်းမနေ့ကအိပ်ရာဝင်တာ နောက်ကျသွားလို့လား..." 


"မဟုတ်ဘူး..." 


ဖုယွမ်ကျိုး မျက်လုံးမှိတ်လျက်သားဖြင့်တုံ့ပြန်လိုက်သည်။ တကယ်တော့ သူမနေ့ညကကောင်းကောင်းအိပ်ပျော်ခဲ့ပါသည်။ မဆိုသလောက်လေး နောက်ကျသွားရုံဖြစ်ပြီး ယင်းမှာလည်း ယွမ်ယဲ့ကအွန်လိုင်းဂိမ်းကစားရန်လာခေါ်နေသောကြောင့်ပင်။ 


ကျောင်းမှပြန်လာပြီးသည့်အခါ ၎င်းတို့က ဖုန်းနံပါတ်များကိုလဲလှယ်ခဲ့ကြသည်။ ထို့နောက် အတူတူ အွန်လိုင်းဂိမ်းကစားကြသည်။ ဖုယွမ်ကျိုးမှာ ရှဲ့လင်ကိုပေးမသိရဲပေ။ မဟုတ်လျှင် ရှဲ့လင်က မပျော်မရွှင်ဖြင့် သူ၏မိုဘိုင်းဖုန်းကိုသိမ်းသွားလိမ့်မည်။ 


ဖုယွမ်ကျိုးဆိုသည်မှာ အခြားသူများကသူ့အားဂရုစိုက်ပေးလျှင်မကြိုက်ပေ။ ယခင်အချိန်ကဆိုလျှင် နှင်ထုတ်တတ်သော်လည်း ရှဲ့လင်ကမူကွဲပြားသည်။ ဖုယွမ်ကျိုးကထိုသူ၏အကျင့်များနှင့် လိုက်လျောညီထွေဖြစ်နေလေပြီ။ သူရှဲ့လင်ကိုထားခဲ့လိုက်မိပါက ဆုံးရှုံးမှုကြီးဖြစ်သွားလိမ့်မည်။ 


သို့ဖြစ်၍ ထိုနေ့က ရထားပေါ်တွင် ရှဲ့လင်ကဖုယွမ်ကျိုးအပေါ် အတင်းဖိအားမပေးတော့ဘဲ သာမန်သူငယ်ချင်းများကဲ့သို နေကြမည်ဟုပြောသဖြင့် ဖုယွမ်ကျိုးမှာ ချက်ချင်းဆိုသလို ရှဲ့လင်အပေါ်နူးညံ့လိုက်ရခြင်းပင်။ 


ယခင်ဘဝကအတိုင်းသာဆိုလျှင် သူဒေါသထွက်နိုင်သည်။ အနည်းဆုံး ရက်အနည်းငယ်ကြာသည်အထိ ရှဲ့လင်နှင့်စစ်အေးတိုက်ပွဲဖြစ်နေနိုင်သော်လည်း ဤတစ်ကြိမ်တွင်မူ သူထိုသို့မလုပ်နိုင်ခဲ့ပေ။ ရှဲ့လင်ကား သူ၏ပုံစံက အနည်းငယ်ပျာယာခတ်နေခဲ့သည်ဟုဆိုလာ၏။ ထိုစဥ်အချိန်က အမှတ်တရများကိုသူပြန်မတွေးချင်တော့ပေ။ 


"တောင်းပန်ပါတယ်..." 


ထိုသူသည်မျက်ခုံးပင့်လိုက်ပြီး ရှဲ့လင်ကိုတောင်းပန်လာ၏။ ရှဲ့လင်က စကားတစ်လုံးမှမပြောဘဲ သူ့အားတိတ်တဆိတ်ဖြင့်သာကြည့်နေခဲ့၏။ ရှဲ့လင်အ​ကြောင်းကောင်းကောင်းသိနေသော ဖုယွမ်ကျိုးအနေဖြင့် သူ၏ ကန့်သတ်ချက်ကိုသိသည်။ ရှဲ့လင်က သူ့အားပို​ကတိတည်စေချင်နေ၏။ 


"မင်းကတခြားသူတွေနဲ့မတူဘူးလေ..." 


ဖုယွမ်ကျိုး တိုးတိုးလေးပြောလိုက်ပြီးမှ ရုတ်တရက်ရှက်သွားမိသည်။ ရှဲ့လင်၏မေးခွန်းက ခြိမ်းခြောက်ရာကျနေ၏။ သာမန်သူငယ်ချင်းတစ်ယောက်အနေဖြင့် ခြိမ်းခြောက်ခြင်းမဟုတ်မှန်းသိသော်လည်း ထိုသို့ပြောနိုင်သည်ပင်။ ရှဲ့လင်က သူ့အတွက်အရေးကြီးသည့်အကြောင်းကိုသာ ဝန်ခံရန် အနှီသူကရိုးရှင်းသောနည်းလမ်းဖြင့်ဖိအားပေးနေခြင်းသာ။ 


"ဘယ်လောက်ကွာတာလဲ..." 


ရှဲ့လင်ကား မေးလာလေပြီ။ 


ထိုမေးခွန်းက ပိုပြီးပင်ကြောက်စရာကောင်းသွားလေပြီ။ ဖုယွမ်ကျိုးက မဖြေချင်သည့်တိုင် ဖိအားပေးခံနေရလေ၏။ သူသည်ကား ရွေးချယ်စရာမရှိတော့ဘဲဖြေလိုက်ရတော့သည်။ 


"မင်းကငါ့နှလုံးသားထဲမှာ အကောင်းဆုံးပဲ..မင်းကငါနဲ့အရင်းနှီးဆုံးပဲ...မင်းကငါ့အတွက် အရမ်းအရေးကြီးတယ်...မင်းကအယ်လ်ဖာဖြစ်နေလည်း ငါမင်းမရှိဘဲမနေနိုင်ဘူး...."


သူသည်ကား ရှက်လွန်း၍နီရဲနေသည့်မျက်နှာဖြင့်သာပြောလိုက်ရပြီး ရှဲ့လင်ကိုမျက်ခုံးပင့်ပြလိုက်သည်။ 


"ဟုတ်ပြီလား"


သူ့အဖြေကိုကြားလိုက်ရမှ ရှဲ့လင်၏မည်းမှောင်နေသည့်မျက်လုံးများအတွင်း အလင်းစက်လေးတစ်စက်က မှိန်မှိန်လေးထွန်းလင်းလာခဲ့သည်၊၊ ၎င်းက နက်နဲပြီးပူနွေးနေကာ သူ၏မျက်ခုံးနှင့်မျက်လုံးများအကြားမှအေးစက်မှုများကိုပင် အရည်ပျော်ကျသွားစေနိုင်သည်၊၊ အဆိုပါ ရေခဲနှင့်နှင်းစက်များက နွေဦးရေကန်လေးအဖြစ်ပြောင်းလဲသွားပြီး ဖျော့တော့သည့်အပြုံးလေးပင် လူတိုင်းကိုမလှုပ်ရှားနိုင်အောင်ထိန်းချုပ်ပစ်လိုက်နိုင်သည်။ 


သူသည်ကား ဖုယွမ်ကျိုးကိုဖက်ထားခဲ့ပြီး ဖုယွမ်ကျိုးကလည်း သူ့အားတင်းတင်းကြပ်ကြပ်ဖြင့်ပြန်ဖက်ထားခဲ့သည်။ 


"အခုကစပြီး ကိုယ့်အပေါ် သူစိမ်းဆန်တဲ့စကားတွေမပြောပါနဲ့..." 


"ဒါဆို မင်းလည်းမပြောနဲ့.." 


ဖုယွမ်ကျိုးက မှင်သေသေဖြင့်တုံ့ပြန်လိုက်သည်။ 

"နောက်ကျရင် မင်းငါ့ကိုခွဲမသွားရဘူး...မင်းကငါ့ရဲ့သာမန်သူငယ်ချင်းလည်းမဟုတ်ဘူး..ဖြစ်လို့လည်းမရဘူး.." 


"ကိုယ်မခွဲသွားပါဘူး.." 


ရှဲ့လင်အသံကတိုးလျညင်သာနေ၏။ 

"အများကြီးမတွေးပါနဲ့...အိပ်တော့..." 


ယခုတော့ သူတို့နှစ်ယောက်လုံး ကိုယ်ပိုင်ကားထဲတွင်အတူထိုင်နေခဲ့ပြီး သူကရှဲ့လင်၏ကိုယ်ပေါ်တွင်အိပ်နေခဲ့သည်။ အခြေအနေများကအတူတူပင်ဖြစ်ပြီး ဖုယွမ်ကျိုးကို စိတ်အေးသွားစေသည်။ သူကရှဲ့လင်၏လက်ကိုပွတ်သပ်နေရင်း ဝိုင်နီ၏ရနံ့ဖျော့ဖျော့လေးကိုအနံ့ခံနေရင်း ဇိမ်ကျကျဖြင့်အိပ်ပျော်သွားခဲ့လေ၏။ 


ယနေ့သည်ကား ကျောင်းစတက်ရသည့်ပထမဆုံးနေ့ဖြစ်ပြီး တနင်္လာနေ့လည်းဖြစ်နေသေးသည်။ မနက်ပိုင်းက ကိုယ်ပိုင်လေ့လာချိန်ဖြစ်ပြီး ပထမဆုံးအတန်းချိန်နှစ်ချိန်က ဆရာတာ့ယန်၏ သင်္ချာအချိန်ဖြစ်နေသည်။ သို့ဖြစ်၍ သူသည်အရင်ဆုံး အတန်းထဲတွင်ထိုင်ကာ စာဖတ်နေရတော့မည်။ 


ဖုယွမ်ကျိုးက အရပ်ရှည်၍ နောက်ဆုံးတန်းတွင်ထိုင်ရသည်။ ယွမ်ယဲ့ကညာဘက်ခြမ်းတွင်ထိုင်ပြီး ခုံများ၏ အလယ်တွင် လမ်းတစ်လမ်းခြားထား၏။ ယွမ်ယဲ့က မရောက်လာသေး၍ ကျောင်းတက်သည့်ပထမဆုံးရက်တွင် နောက်ကျနေနိုင်၏။ 


အတန်းချိန်နှစ်ချိန်ပြီးသည့်နောက် အလံတင်အခမ်းအနားအတွက် အတန်းသားများအားလုံး ကစားကွင်းတွင်လူစုကြပြီး ဖုယွမ်ကျိုးကအတန်း ၇ ၏အနောက်ဆုံးတွင်ရပ်နေခဲ့သည်။ ထို့ကြောင့်ပင် ယွမ်ယဲ့က ကျောပိုးအိတ်ကိုပူခုံးတစ်ဖက်တွင်လွယ်ပြီး အေးအေးလူလူ ကျောင်းထဲဝင်လာသည်ကိုမြင်လိုက်ရ၏။ 


ယွမ်ယဲ့က ကွင်းပြင်ကိုဖြတ်လျှောက်လာပြီး အတန်း ၇ ရှိရာကိုလာနေချိန်တွင် ကျောင်းသားသမ္မဂ ဥက္ကဌဖြစ်သည့်ရှဲ့လင်က ထိုအချိန်တွင်မိန့်ခွန်းပြောနေလေသည်။ ယွမ်ယဲ့က ပုံမှန်ဝတ်နေကျအဝတ်အစားများကိုဝတ်ထားပြီး ဆောင်းတွင်းဝတ်ယူနီဖောင်းကုတ်ကို အပြင်မှထပ်ဝတ်ထားသည်။ အနှီသူ၏ပုံစံက အနည်းငယ်မျှ ဂျစ်ကန်ကန်နိုင်သလိုပင်။ 


ကျောင်းသားအများစုက သူ့အားချောင်းကြည့်နေကြသည့်တိုင် ယွမ်ယဲ့ကမူကွဲပြားနေ၏။ တာ့ယန်က သူ့ထံအမြန်ပြေးသွားပြီး လူအုပ်၏အဆုံးမှဆွဲထုတ်သွားသည်။ သူခိုးတစ်ယောက်နှယ် အားကစားကွင်းကို ပတ်ပြေးနေပြီး အတန်း ၇ ထဲကို ခိုးကြောင်ခိုးဝှက်ဖြင့်တွန်းထည့်ပေးလိုက်သည်။ 


"အစ်ကိုကြီး..." 


တာ့ယန် မျက်မှောင်ကြုတ်လိုက်ပြီး အသက်လေးဆယ်အရွယ်လူတစ်ယောက်က ယွမ်ယဲ့ကိုတိုးတိုးကပ်ပြောလိုက်သည်။ 


"မင်းသိပ်ပြီးအာကျယ်မနေနဲ့..နောက်တခါကျောင်းထဲလာရင် အသံမထွက်ဘဲလာ..တကျောင်းလုံးကလူတွေကဒီရောက်နေတာ...မင်းရဲ့ဒီပုံစံကို ကျောင်းသားခေါင်းဆောင်မြင်သွားရင် မင်းရောငါရောကံကောင်းမှာမဟုတ်ဘူး..." 


"အိုကေ..." 


ယွမ်ယဲ့ရယ်လိုက်သည်။ 


"နောက်တခါ အလံတင်အခမ်းအနားရောက်လို့ ကျွန်တော်အမြန်ပြေးလာရရင် ကျောင်းထဲမဝင်တော့ဘူး...အတန်းစာရင်းကောက်ရင် ဆေးခွင့်ရေးပေးပေါ့..." 


တာ့ယန်: "......" 


ဖုယွမ်ကျိုးမှာ ရယ်မိတော့မလိုဖြစ်သွားရ၏၊ ယွမ်ယဲ့ကသူ့အားမြင်သည့်အခါ မျက်လုံးလေးများကအရောင်လက်လာပြီး နှုတ်ခမ်းထောင့်လေးများကိုတွန့်ကွေးကာသူ့အားပြုံးပြလာလေသည်။ 


မကြာခင်မှာပင် အလံတင်အခမ်းအနားပြီးစီးသွားပြီး လူတိုင်း ကိုယ့်အတန်းသို့အသီးသီးပြန်ရမည့်အချိန်ရောက်လာခဲ့သည်။ ဖုယွမ်ကျိုးနှင့်ယွမ်ယဲ့တို့က အတူလျှောက်လာခဲ့ကြပြီး ဖုယွမ်ကျိုးကသူ့အားစနောက်လိုက်သည်။ 


"ကျောင်းတက်တဲ့ပထမဆုံးနေ့မှာလည်း နောက်ကျတာပဲလား" 


"အိပ်ရာကမထနိုင်လို့လေ..." 

ယွမ်ယဲ့ လက်နှစ်ဖက်ကိုပွတ်သပ်နေရင်းပြန်ဖြေလာသည်။

"မနေ့ညက ဂိမ်းဆော့ရာကနေ အိပ်ရာထတာနောက်ကျသွားတာ..." 


"ငါအိပ်သွားပြီးတဲ့နောက်ပိုင်း မင်းကဆက်ဆော့နေတာလား" 


"မဟုတ်ဘူး..မင်းလိုင်းပေါ်ကဆင်းသွားပြီးတဲ့နောက်ပိုင်း ငါလည်းအိပ်ပျော်သွားတာ.." 

ယွမ်ယဲ့ကရယ်လိုက်သည်။


"ငါမင်းကိုတကယ်လေးစားသွားပြီ..မင်းကကျောင်းကိုအချိန်မီလာနိုင်တယ်လေ..." 


ဖုယွမ်ကျိုး: "....." 


သူသည်ကား ယွမ်ယဲ့နှင့်စကားလုမပြောရန် သူ့ကိုယ်သူသတိပေးလိုက်ပြီး ထိုသူကိုဂရုမစိုက်တော့ပေ။ သူမျက်လုံးလွှဲတော့မည့်အချိန်တွင် ယွမ်ယဲ့၏ဆံပင်အရောင်က ယခင်တနေ့ကနှင့်မတူတော့ဘဲ အနည်းငယ်ဖျော့နေသည်ကို ရုတ်တရက်မြင်လိုက်ရလေ၏။ 


"မင်းဆံပင်ကို အရောင်ထပ်ဆိုးလိုက်ပြန်ပြီလား..." 


"မင်းတွေ့ရတာလား?" 


ယွမ်ယဲ့က ဆံပင်ကိုသပ်တင်လိုက်သည့်အခါ ၎င်း၏နားကပ်က နေရောင်အောက်တွင် ဖိတ်ဖိတ်တောက်နေလေသည်။ 


"ဒါရောကြည့်ကောင်းလား..." 


"ကြည့်ကောင်းတယ်...ကြည့်ကောင်းတယ်..." 


ဖုယွမ်ကျိုးက ထိုသူကို ခဏကြာအောင်ကြည့်နေပြီးမှပြောလိုက်သည်။


"ဒါပေမဲ့ မင်းကဆံပင်အနက်ရောင်နဲ့ဆိုအလိုက်ဆုံးပဲ.." 


ယွမ်ယဲ့က တုံ့ကနဲရပ်သွားခဲ့သည်။ 


"တကယ်လား" 


ဖုယွမ်ကျိုး ခေါင်းသာညိတ်ပြလိုက်သည်။ ယခင်ဘဝက ဖုယွမ်ကျိုးလည်း မကြာခဏဆံပင်ဆိုးတတ်ပြီး နောက်ဆုံးတွင် ဆံပင်အနက်သာပြန်ဖြစ်သွားရသည်။ ဖုယွမ်ကျိုး၏အလှအပစံနှုန်းအရသာဆိုလျှင် ထိုသူကဆံပင်အနက်နှင့် အလိုက်ဖက်ဆုံးပင်။ 


"အိုကေ..." 


ယွမ်ယဲ့ကခေါင်းညိတ်ပြလိုက်ပြီး တိတ်ဆိတ်သွားတော့သည်။ ဖုယွမ်ကျိုးကသာထပ်ပြောလိုက်၏။ 


"ဒါနဲ့...ငါတို့ခုံတွေကိုပြန်ထားလိုက်ပြီ..ငါတို့ဘေးချင်းကပ်ထိုင်ရမှာ..ဆိုတော့ စားပွဲတစ်လုံးတည်းထိုင်ရမှာလို့ပြောရမှာပဲ..." 


ABO လိင်ခွဲခြားမှုအရ စားပွဲတစ်လုံးတည်းတွင် အတူထိုင်ရသည့် ထိုင်ခုံဖက်မျိုးမရှိပေ။ သူတို့အားလုံးသီးခြားခွဲထိုင်ရသော်လည်း ဘယ်နှင့်ညာကမူ အမြဲကပ်နေတတ်သည်။ 


"အိုကေ..." 


ယွမ်ယဲ့ကရယ်မောလာသည်။ 


အတန်းထဲသို့နှစ်ယောက်အတူပြန်လာကြပြီး ကျန်နေသေးသောအတန်းချိန်များကိုဆက်တက်ကြသည်။ ဖုယွမ်ကျိုးက သူ့ကိုယ်သူပြောင်းလဲရန် စိတ်ကိုအသင့်ပြင်ထားပြီး အတန်းသင်နေချိန်တွင် အားစိုက်ပြီနားထောင်နေခဲ့သည်။ 


ပုံမှန်အတိုင်း သူယွမ်ယဲ့ကိုလှည့်ကြည့်လိုက်သည့်အခါ ယွမ်ယဲ့က အိပ်လည်းမအိပ် ဂိမ်းလည်းမကစားသလို စာသင်နေသည်ကိုလည်း နားမထောင်နေပေ။ 


အနှီသူသည် ကျောင်းတက်သည့်ပထမရက်တွင်ပင် လေးလံထိုင်းမှိုင်းလွန်းနေ၍ အတန်းဝင်သည့်ဆရာတိုင်းလိုလိုထံမှ နာမည်အခေါ်ခံရတတ်သည်။ 


၎င်းတို့အားလုံးက ယွမ်ယဲ့ကို မေးခွန်းမေးကြပြီး သူ့အကျင့်ကိုပြင်စေချင်ကြသော်လည်း ယွမ်ယဲ့ကသာ တပတ်ပြန်ရိုက်သွားတတ်သည်။ ကျောက်သင်ပုန်းပေါ်တွင်ပင် ၎င်း၏လက်ရေးက ဆရာများထက်လှနေတတ်၏။ သူသည်ဆရာ၏စကားကိုဖြတ်ပြောတတ်ကာ ဆရာမှာ သူ့ကိုသာ စကားမပြောဘဲကြည့်နေရသည်။ အဖြေရေးပြီးသည့်နောက် ယွမ်ယဲ့က မြေဖြူကိုချပြီး နေရာတွင်သွားပြန်ထိုင်နေလေ၏။ 


ယွမ်ယဲ့သည်ကား သူ၏ပုံစံအတိုင်း ချောမောပြီးစမတ်ကျသော်လည်း ယခုမူ ကျောင်းစာကိုပင်သေချာမလုပ်တော့ပေ။ အတန်းပြီးသည့်နောက် အတန်းဖော်များကသူ့အနားတွင် ဝိုင်းနေပြီး သူ၏ထက်မြက်မှုအတွက် ထောမနာပြုကြသည်။ 


"မင်းရောဘယ်လိုထင်လဲ..." 


လူအုပ်ကြီးရှဲသွားသည့်အခါ ယွမ်ယဲ့က ဖုယွမ်ကျိုးဘေးသို့ ထိုင်ခုံကိုဆွဲသွားပြီး စားပွဲပေါ်တွင်လက်ထောက်ရင်း ပြီတီတီဖြင့်မေးလာသည်။ 


"ငါတော်လား...." 


"စောက်ရမ်းတော်တယ်..." 


ဖုယွမ်ကျိုး ဝတ်ကြေတမ်းကြေသာပြန်ဖြေလိုက်သည်။ ယခင်ဘဝကလည်းမြင်ဖူးထား၍ မအံ့ဩတော့ပေ။ ထိုအချိန်က သူနှင့်ယွမ်ယဲ့နှင့်ဆက်ဆံရေးမှာဆိုးရွားနေခဲ့ပြီး ယွမ်ယဲ့ကကြွားလာသည့်အချိန်တွင် သူဒေါသထွက်သွားခဲ့သည်။ 


"အကုန်လုံးတော့မဟုတ်ပါဘူး..."

ယွမ်ယဲ့ကရယ်လိုက်၏။


"မင်းငါ့ကိုပိုပြီးကောင်းကောင်းလေးပြောပေးရင် ငါမင်းကို

အရေးကြီးတာသင်ပေးမယ်.." 


"အရေးကြီးတာလား..." 


ဖုယွမ်ကျိုး အနည်းငယ်စိတ်ဝင်စားသွားခဲ့သည်။ သူ၏စွမ်းဆောင်ရည်အကဲဖြတ်မှတ်တမ်းကိုမရခင် ဆရာတစ်ယောက်ကိုခေါ်ရန်စီစဥ်ထားခဲ့သည့်တိုင် လွန်ခဲ့သည့်ရက်အနည်းငယ်ကအထိ သင့်တော်သည့်ဆရာတစ်ယောက်ကိုရှာမတွေ့နိုင်သေးပေ။ ယွမ်ယဲ့သာကူညီမည်ဆိုလျှင် ပိုကောင်းသွားနိုင်သည်။ 


"ငါမင်းကိုသင်ပေးမယ်..." 

ယွမ်ယဲ့က ပိုနီးကပ်သွားသသည်အထိ ခုံကိုဆွဲလိုက်ပြီး စားပွဲပေါ်မှမေးခွန်းစာရွက်အစုံလိုက်ကိုငုံ့ကြည့်လိုက်သည်။ 


"မင်းမရတာဘယ်ဟာလဲ..."