Chapter 8
Viewers 1k

Chapter 8



သုံးမိနစ်အကြာတွင် ဖုယွမ်ကျိုး မေးခွန်းအစုံလိုက်ကို ခံစားချက်မဲ့စွာပိတ်လိုက်၏။ 


"အဲဒီအကြောင်းကိုမပြောနဲ့တော့..." 


ယွမ်ယဲ့က ခပ်ဖွဖွချောင်းဟန့်လိုက်သည်။ အမှန်တကယ်ပင် သူ့အနေဖြင့် အခြားသူကိုသင်ပြပေးရန် မသင့်တော်ပါချေ။ သူက ဖုယွမ်ကျိုးအား နောက်တီးနောက်တောက် လုပ်နေရုံသာဖြစ်၏။ အကြောင်းမှာ သူ၏ ပြဿနာဖြေရှင်းနည်းမှာ အလွန်ထူးဆန်းပြီး သာမန်လူများအနေဖြင့် နားလည်ရန်အတော်လေးခက်လိမ့်မည်။ 


ဖုယွမ်ကျိုးက မှတ်ဥာဏ်ကောင်း၍နားလည်နိုင်သော်လည်း ထိုသို့ဖြစ်ရန် အချိန်အတော်လေးယူလိုက်ရသည်။ မူလရည်ရွယ်ချက်မှာ သူ၏စွမ်းဆောင်ရည်ကိုမြှင့်တင်ချင်၍ဖြစ်ပြီး ၎င်းက နှောင့်နှေးကြန့်ကြာစေခဲ့သည်။ 


ရှဲ့လင် သူ့အားသင်ပြပေးရန်မှာလည်းမဖြစ်နိုင်ပေ။ ထိုသူကအထက်တန်းတတိယနှစ်ဖြစ်ပြီး ကျောင်းသားသမ္မဂတွင်လည်း လုပ်ရမည့်ကိစ္စများကတပုံတပင်ရှိနေနိုင်သည်။ ဖုယွမ်ကျိုးက တခဏမျှစဥ်းစားကြည့်ပြီးနောက် ရုတ်တရက် တန်းခွဲ ၁ မှ အတန်းဖော်များကို အကူအညီတောင်းရန် သတိရလိုက်လေသည်။ သူတို့အားလုံးက ရူးသွပ်နေကြသူများပင်။ သူတို့ကစာဂျပိုးများဖြစ်ပြီး သင့်တော်မည့်ဆရာတစ်ယောက်ကိုသိနိုင်လိမ့်မည်။ 


သူသည် တန်းခွဲ ၁ မှ လူများထံ မက်ဆေ့ချ်ပို့လိုက်၏။ ယွမ်ယဲ့က လှမ်းကြည့်ပြီးရုတ်ချည်းပြောလာသည်။ 


"ငါမင်းကိုညစာလိုက်ကျွေးမယ်.." 


"?" 

ဖုယွမ်ကျိုးမှာ သူ့အတွေးများကိုနားမလည်နိုင်တော့ပေ။ အဘယ်ကြောင့် ဗြုန်းစားကြီး ညစာကျွေးချင်လာရပါသနည်း။ 


ယွမ်ယဲ့: "တောင်းပန်ညစာပေါ့ကွာ...မင်းကစာတွေအရမ်းကြိုးစားနေပေမဲ့ ငါကတော့မင်းကိုဂိမ်းဆော့ဖို့ နေ့တိုင်းလိုက်ခေါ်နေခဲ့တယ်လေ...ငါတကယ်ရှက်မိတယ်..." 


"ဘာတောင်းပန်စရာရှိလို့လဲ...ငါလည်းဂိမ်းဆော့ရတာကိုကြိုက်တာပဲ.." 


ဖုယွမ်ကျိုး နှစ်သိမ့်ပေးလိုက်သည်။ သူသာဂိမ်းကစားရခြင်းကိုမနှစ်သက်ပါမူ ယွမ်ယဲ့ဆယ်ယောက်ကဆွဲခေါ်လျှင်ပင် ရမည်မဟုတ်ပေ။ 


"အိုကေ...နောက်ထပ်အကြောင်းအရင်းတစ်ခုရှိသေးတယ်..ငါမင်းနဲ့ဆုံရလို့အရမ်းပျော်တယ်...မင်းကိုငါ့ရဲ့သူငယ်ချင်းသစ်တွေထဲကတစ်ယောက်အနေနဲ့ညစာကျွေးမယ်လေ...အဆင်ပြေလား..." 


ထို့နောက် ယွမ်ယဲ့ကပြုံးကာဆက်ပြောလိုက်သည်။ 

"ဒါပေါ့...ငါ့ကိုသူငယ်ချင်းအနေနဲ့မယူဆချင်ရင်လည်း ငြင်းလိုက်လို့ရတယ်..." 


"....." 


တဖက်ကယခုလိုပြောလာပြီဖြစ်ရာ ဖုယွမ်ကျိုးမှာပြောစရာမရှိတော့ပေ။ 


"အိုကေ...ဒါဆိုလည်းကျေးဇူးပါပဲကွာ..ငါတို့ဘယ်မှာသွားစားကြမှာလဲ..." 


ယွမ်ယဲ့: "ငါလည်း အမှတ် ၁ အလယ်တန်းကျောင်းနားက စားသောက်ဆိုင်တွေကိုမသိဘူး...အတန်းပြီးမှ ထျန်းချန်အလယ်တန်းကျောင်းနားကိုသွားကြည့်ကြမယ်လေ...ငါစားနေကျစတိုးဆိုင်တစ်ဆိုင်ကိုခေါ်သွားပေးမယ်.." 


ထျန်းချန်အလယ်တန်းကျောင်းနှင့် အမှတ် ၁ အလယ်တန်းကျောင်းက နီးနီးလေးမဟုတ်ပေ။ ဖုယွမ်ကျိုူမှာ ထိုမျှဝေးသည့်နေရာအထိသွားရလိမ့်မည်ဟု မတွေးထားခဲ့မိသော်လည်း ရှဲ့လင်က အထက်တန်းတတိယနှစ်တွင် စာသင်နေလောက်ပြီး အတန်းပြီးရန် နောက်ထပ်နှစ်နာရီပင်ကြာဦးမည်၊၊ ရှဲ့လင်ကို အိမ်စာရေးနေရင်းစောင့်ရန် စဥ်းစားလိုက်၏။ နှစ်နာရီက သူတို့နှစ်ယောက်လည်ပတ်ရန် လုံလောက်နိုင်ပါသည်။ 


"အိုကေ...မင်းလိုက်ပြပေးပေါ့..." 


နောက်ဆုံးတွင် ဖုယွမ်ကျိုး သဘောတူလိုက်လေ၏။ 


ယွမ်ယဲ့က ပြုံးသာပြုံးပြလာသည်။ 


အတန်းပြီးသည့်နောက် သူဖုယွမ်ကျိုးကိုစားသောက်ဆိုင်တစ်ဆိုင်သို့ခေါ်သွားခဲ့၏။ ဆိုင်က မကြီးသည့်တိုင် အပြင်အဆင်ကား အထက်တန်းကျသည်။ ဆိုင်ရှင်က ယွမ်ယဲ့နှင့်ရင်းနှီးပြီး စကားနည်းနည်းပြောလိုက်ရုံဖြင့် စားချင်သည့်ဟင်းမှန်သမျှ မှာ၍ရသည်ဟုဆိုလာသည်။ 


ဖုယွမ်ကျိုးက ယွမ်ယဲ့နှင့်မျက်နှာချင်းဆိုင်ထိုင်လိုက်ပြီး ဂိမ်းကစားရင်းစောင့်နေလိုက်သည်။ ရုတ်တရက်ပင် ဆိုင်တံခါးမှ ခေါင်းလောင်းသံနှင့်အတူ လေတချက်တိုးဝင်လာပြီး ခြေသံခပ်စိပ်စိပ်ထွက်လာခဲ့ကာ လူအများအပြားက ဆိုင်ထဲသို့ဝင်လာကြလေ၏။ 


"ဘော့စ်..." 


တစ်ယောက်က ဘော့စ်ကိုခေါ်လိုက်လင့်ကစား ဘာပြောရမှန်းမသိ၍ရပ်သွားပြီး ​ကောက်ကာငင်ကာဖြင့် အသံကိုမြှင့်လိုက်သည်။ 


"ယွမ်ယဲ့....ချီးတဲ့မှ...မင်းကဘယ်လိုလုပ်ပြီးဒီနေရာကိုရောက်နေရတာလဲ...အမြှီးကုပ်ပြီးထွက်မသွားသေးဘူးလား...ဘယ်လိုလုပ် ဒီနေရာမှာထပ်ပေါ်လာရတာလဲ...သိပြီ...ထွက်သွားပြီးမှပြန်ရောက်လာတာလား!" 


စားသောက်ဆိုင်ငယ်လေးအတွင်း ဝါးလုံးကွဲရယ်သံများနှင့်ဖုံးလွှမ်းသွားသည်။ ဖုယွမ်ကျိုးမှာ ချက်ချင်းမျက်မှောင်ကြုတ်လိုက်မိပြီး ခေါင်းမော့လိုက်၏။ သူမြင်လိုက်ရသည်က ကျောင်းဝတ်စုံများဝတ်ထားသည့် ကျောင်းသားများ။ ၎င်းတို့ကိုမမှတ်မိသော်လည်း ထျန်းချန်အလယ်တန်းကျောင်းက မဟုတ်သည်မှာသေချာသည်။ 


ထိုလူများနှင့်ပတ်သတ်၍ ခံစားချက်မကောင်းလှသည့်တိုင် ၎င်းတို့က ယွမ်ယဲ့နှင့် ကိုယ်ရေးကိုယ်တာရန်ငြိုးရှိနေသည်မှာသေချာပြီး လူတိုင်းကလည်း ယွမ်ယဲ့ကျောင်းပြောင်းလာရသည့် အကြောင်းအရင်းက မရိုးရှင်းသည့်အကြောင်း ပြောခဲ့ကြဖူးသည်။ သို့တစေ ဖုယွမ်ကျိုးမှာ တစ်ခါမှမကြားခဲ့ဖူးသောကြောင့် ယွမ်ယဲ့ကို သာမန်ကျောင်းပြောင်းကျောင်းသားဟုသာထင်ခဲ့၏။ 


"တိုက်ဆိုင်တာပဲ..."


အလှောင်ခံနေရသည့်တိုင် ယွမ်ယဲ့၏ပုံစံက ဂရုမစိုက်ပုံရပြီး ခြေတံသွယ်များကိုချိတ်ထားရင်း ဂိမ်းဆက်ကစားနေခဲ့သည်။ ပြီးနောက် ပုံမှန်အတိုင်းပင် ၎င်းတို့အားလုံးကို ပျင်းတွဲတွဲဖြင့် ကြည့်လာလေ၏။ 


"ဘာလဲ...ငါရိုက်တာခံပြီး နောက်တစ်ခါဆေးရုံမှာ တစ်လလောက်နေချင်လို့လား..." 


သူ့အသံကမကျယ်သော်လည်း ပုံစံကမူ အနည်းငယ်မျှပြောင်းလဲသွားသည်။ ထိုစကားကိုကြားလိုက်ရပြီးနောက် ဖုယွမ်ကျိုးပင်အံ့ဩသွားရလေ၏။ ယွမ်ယဲ့က လူများကိုဆေးရုံရောက်သည်အထိ ရိုက်နိုင်မှန်းသူမသိခဲ့ပေ။ 


မိးဖိုချောင်ထဲတွင် ချက်ပြုတ်နေသောဘော့စ်က အသံဗလံကြားရ၍ အပြင်ထွက်လာသည်။ ကျောင်းသားအုပ်စုကိုမြင်သည့်အခါ ခေါင်းညိတ်ပြပြီးပြောလိုက်၏။ 


"တောင်းပန်ပါတယ်...နောက်မှပြန်လာခဲ့ကြပါ...ဒီနေ့တော့ စားပွဲတွေအကုန်လုံးကအမှာပြည့်သွားပါပြီ..ထိုင်ခုံမရှိတော့ပါဘူး...နောက်နေ့မှပြန်လာခဲ့ကြပါ..." 


"ရတယ်...ဒီမှာပဲထိုင်ပြီးစောင့်နေလိုက်မယ်...." 


တစ်ယောက်ကပြုံးပြပြီး ဖုယွမ်ကျိုးထံတည့်တည့်သွားကာ ထိုင်ချလိုက်လေသည်။ 


ဖုယွမ်ကျိုးသည်ကား အနှီလူကယခုလိုလုပ်လာလိမ့်မည်ဟုထင်မထားခဲ့သောကြောင့် အချိန်အနည်းငယ်ကြာသည်အထိ ကြက်သေသေနေခဲ့သည်။ ထိုလူက ဖုယွမ်ကျိုးကို အထင်အောက်ပြန်လှန်ကြည့်ပြီးနောက် လည်ပင်းမှ ထိန်းသိမ်းသည့်ကော်လံကိုမြင်တွေ့သွားကာ ချက်ချင်းစိတ်ဝင်စားသွားတော့၏။ 


"မင်းကအိုမီဂါပဲ...အ!" 


သူစကားကိုပြီးအောင်မပြောရသေးခင်မှာပင် ယွမ်ယဲ့က ရုတ်တရက်သူ့လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်သောကြောင့် ညည်းညူသံထွက်လာလေသည်။ 


ယွမ်ယဲ့က ထိုသူ၏လက်ကောက်ဝတ်ကိုလိမ်ချိုးပစ်တော့မည့်အတိုင်း ညှစ်ထားလေရာ ၎င်း၏မျက်နှာပေါ်တွင် အသည်းခိုက်မတတ်နာကျင်မှုက ပေါ်လွင်နေလေသည်။ 


ယခုလေးတင် ပျင်းရိနေခဲ့ပုံရသောအယ်လ်ဖာက ထိုင်ရာမှရုတ်ချည်းခုန်ထလာလေ၏။ ၎င်း၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုတို့ကအပြည့်။ 


"မင်းသူ့ကိုထိရဲတယ်?"


ထိုသူက သူ၏ထိန်းသိမ်းရေးလည်ပတ်ကိုထိတော့မည့်အချိန်တွင် ဖုယွမ်ကျိုးမှ တားဆီးရန်လုပ်လိုက်သော်လည်းမမီလိုက်ပေ၊၊ ယွမ်ယဲ့က အနှီသူ၏လက်ကောက်ဝတ်ကို လိမ်ချိုးပစ်တော့မည့်အတိုင်း အားဖြင့်ဆွဲထားခဲ့သည်။ 


ယွမ်ယဲ့၏မျက်ခုံးများက ခက်ထန်နေသည်။ သူ၏စိတ်ပါဝင်စားမှုမရှိသော ပုံစံကိုခွာချလိုက်သည့်အခါ အရပ်အမောင်းနှင့်အော်ရာကိုပေါင်းစပ်လိုက်ပြီး တဖက်သားကိုဖိနှိပ်ထားနိုင်သည့် အသွင်တစ်မျိုးဖြစ်ပေါ်လာကာ နေရာတွင်ရှိနေသည့်လူတိုင်းကို မှင်သက်သွားစေခဲ့သည်။ 


အခန်းငယ်သည်ကား တခဏမျှကြာအောင်တိတ်ဆိတ်သွားခဲ့သည်။ ဖုယွမ်ကျိုးကား ခနဲ့ပြုံးဖြင့်မတ်တပ်ရပ်လိုက်၏။ 


သူက အိုမီဂါတစ်ယောက်ဖြစ်နေခြင်းကြောင့် စော်ကားခံလိုက်ရသလိုပင်။ ကလေးဘဝတည်းက သူ့အားယခုလိုဆက်ဆံခဲ့ဖူးသူမရှိပေ။ 


ရန်ဖြစ်တာလေးပဲမလား။ လည်ပတ်ကိုဆွဲရုံလောက်နဲ့ အနိုင်ကျင့်လို့ရမယ်ထင်နေတာလား။ 


သို့သော်လည်း ကျောင်းတွင်းရန်ပွဲများတွင် နှစ်အတန်ကြာအတွေ့အကြုံရှိလာခဲ့ပြီးသည့်အခါ ဖုယွမ်ကျိုးအနေဖြင့် ရန်ဖြစ်နည်းကို သဘောပေါက်လာခဲ့၏။ သူသာထိုးချင်စိတ်ရှိပါက မျက်လုံးမှိတ်ပြီးပင်ထိုးနိုင်သည်။ သို့တစေ သူရန်ဖြစ်သည့်အချိန်တိုင်း စည်းမျဥ်းတစ်ခုကို ချမှတ်ထားသည်။ တဖက်သူအရင်လှုပ်ရှားလာမှ သူလည်းတဖက်ကိုဖိအားပေးပြီး ပြန်လည်တိုက်ခိုက်မည်။ ထိုသို့ဆိုလျှင် သူ့အမှားမဟုတ်တော့ပေ။ 


ယခုအချိန်တွင် သူ့ဘက်မှအရင်တိုက်ခိုက်လိုက်မိပါက တာဝန်အားလုံးမှာ ယွမ်ယဲ့ပုခုံးပေါ်သို့ကျသွားနိုင်သည်။ ကိုင်ထားသည့်ပုံစံအရ တဖက်လူ၏လက်ကောက်ဝတ်မှာ ရက်အနည်းငယ်ခန့် အသုံးပြု၍ရမည်မဟုတ်ပေ။ လူနည်းနည်းလောက်လေးကို အဘယ်ကြောင့်အားကုန်ခံနေပါမည်နည်း။ 


ထိုအခိုက်အတန့်တွင် ဖုယွမ်ကျိုးဦးနှောက်၏အလုပ်လုပ်ပုံမှာ မြန်ဆန်နေခဲ့သည်။ သူကအိုမီဂါဖြစ်ကြောင်း အရှက်မရှိစွာဖြင့်ထုတ်ပြချင်လျှင်ပင် အရိုင်းအစိုင်းတစ်ယောက်ထံမှ ကိုယ်ထိလက်ရောက်စော်ကားခံလိုက်ရသည့် အားနည်းသောသနားစရာအိုမီဂါအနေဖြင့် ဟန်ဆောင်ပြရဦးမည်။ ထို့အပြင် ယွမ်ယဲ့က သူ၏ရပ်တည်မှုအပေါ်တွင် ဝမ်းသာနေမည့်လူကောင်းတစ်ယောက်သာ။ 


သို့တစေ သူ၏လည်ပတ်မှာ ယခုလေးတင် အကိုင်ခံလိုက်ရသည်မှာအမှန်ပင်။ သူ၏ ၁.၈ မီတာမြင့်သောအရပ်အမောင်းဖြင့် လူရိုက်နိုင်ပြီး အနှီအားနည်းသောအိုမီဂါကလည်း ဤလူအားလုံးကိုကျိုးကန်းသွားသည်အထိ ရိုက်နိုင်ပါသေးသည်။ 


မျက်စိတမှိတ်အတွင်း ဖုယွမ်ကျိုးမှာ အခြေအနေကိုသဘောပေါက်သွားရသည်။ ထိုလူများက ယွမ်ယဲ့နှင့်သူ၏ပတ်လည်တွင် ဝိုင်းလာမည့်အချိန်အထိစောင့်နေပြီး သူတို့ကို ခြေတလှမ်းပင်နောက်ဆုတ်ခွင့်မပေးချင်ပေ။ 


သို့ထိတိုင် လူတစ်ယောက်က မိုဘိုင်းဖုန်းကိုထုတ်ကာအော်လိုက်၏။ 


"ယွမ်ယဲ့ကချတော့မယ်..ငါဒီလူရိုက်နေတဲ့ဗီဒီယိုကို အမှတ် ၁ အလယ်တန်းကျောင်းက ကျောင်းအုပ်ဆီပို့လိုက်မယ်! သူ့ကိုတိုင်လိုက်ကြ!" 


ချီးပဲ..သူတို့ကဒီလိုညစ်ပတ်တဲ့နည်းလမ်းသုံးတယ်...အရှက်မရှိလိုက်ကြတာ! 


ဖုယွမ်ကျိုး ထိတ်ပျာသွားရသည်။ ယွမ်ယဲ့ကအမြန်ဆုံးတုံ့ပြန်ပြီး နောက်မဆုတ်တမ်းလှုပ်ရှားလိုက်၏။ သူဦးတည်ပြေးသွားသည့်လူက အနောက်သို့ပြေးသွားပြီး နီရဲနေသည့်လက်ကောက်ဝတ်ကိုမြှောက်ကာ ကင်မရာဘက်သို့လှည့်ပြလိုက်သည်။ 


"အမြန်...ငါ့အတွက်မှတ်တမ်းတင်ပေးထားပါ..ယွမ်ယဲ့ကငါ့ကိုတိုက်ခိုက်ခဲ့တယ်...ဒါကသက်သေပဲ!" 


"ဘာသက်သေလဲ..." 

ယွမ်ယဲ့ကမေးလိုက်သည်။ 

"မင်းလက်လား.." 


ကောင်လေးကစိတ်လှုပ်ရှားသွားသည်။

"မင်းငါ့လက်ကိုချိုးတော့မယ့်အထိကိုင်ခဲ့တာကို ဝန်မခံသေးဘူးလား..." 


"ငါပြောပြီးသား...အဲဒါကငါနဲ့ဘာမှမဆိုင်ဘူး..." 

ယွမ်ယဲ့က ဟက်ခနဲရယ်လိုက်၏။


"အိုကေ...လာစမ်းပါ..ရိုက်မနေနဲ့တော့...သူအကုန်မြင်ပြီးသား...ငါဘာမှမလုပ်ခဲ့ဘူး...နော်? ဘော့စ်...." 


သူတို့ စားသောက်ဆိုင်ပိုင်ရှင်ကိုလှည့်ကြည့်လိုက်သည့်အခါ ဘော့စ်ကလည်းခေါင်းညိတ်ပြနေသည်။ ဘော့စ်က ထိုလူအုပ်ကြီးကိုပြန်ပြောလိုက်၏။ 


"ကျောင်းသားတို့...ငါတို့ဘက်က မင်းတို့ကိုထွက်သွားပေးဖို့မေတ္တာရပ်ခံပါတယ်..မဟုတ်ရင်တော့ ရဲကိုအကြောင်းကြားရပါလိမ့်မယ်.." 


"...ဖာ့ခ်..." 


လူများစွာ၏မျက်နှာကပြာနှမ်းသွားပြီး ယွမ်ယဲ့ကို အတန်ကြာသည်အထိ ကြောင်တောင်တောင်ဖြင့်ကြည့်နေကြပြီးမှ တံခါးကိုတွန်းဖွင့်ပြီးထွက်သွားကြရန်ပြင်သည်။ 


"နေဦး..." 

ယွမ်ယဲ့က သူတို့အားတားလိုက်သည်။ ထိုင်ခုံကိုမှီကာ ခြေတံသွယ်နှစ်ဖက်ကိုချိတ်ထားရင်း မေးလာ၏။

"မင်းတို့ကိုဘယ်သူကသွားလို့ရပြီလို့ပြောလဲ..." 


"မင်းတို့ကဘာလိုချင်သေးလို့လဲ..." 


ယွမ်ယဲ့: "ငါ့သူငယ်ချင်းရဲ့လည်ပတ်ကို ဘယ်သူထိခိုင်းတာလဲ...သူ့ကိုပြန်တောင်းပန်လိုက်..." 


ထိုလူက နှာခေါင်းရှုံ့လာ၏။ 

"တောင်းပန်ရမယ်...? မင်းငါ့ကိုဒူးထောက်ပြီးတောင်းပန်မယ်ဆိုရင် စဥ်းစားပေးမယ်လေ.." 


ယွမ်ယဲ့က ဖြည်းဖြည်းချင်းသာတုံ့ပြန်လိုက်သည်။ "မရဘူး..ဒါပေမဲ့ မင်းရဲ့အကျင့်တွေကိုမပြင်ပေးနိုင်ဘူးလို့ထင်နေတာလား..." 


သူ့စကားဆုံးသွားသည်နှင့် ရေခဲတမျှအေးစက်သည့်ဖယ်ရိုမုန်းရနံ့ဖျော့ဖျော့က ဆိုင်ခန်းငယ်လေးတခွင်ကို ရုတ်ချည်းဖြန့်ကျက်သွားခဲ့သည်။ ခရမ်းရောင်အငွေ့များလိုပင် လူတိုင်း၏အရေပြားများအတွင်းသို့ဖောက်ထွင်းသွားချင်နေသည့်နှယ် ထောင့်တိုင်းတွင်ပုန်းခိုနေခဲ့သည်။


ထိုရနံ့က အင်မတန်ပြင်းထန်နေခဲ့သည်။ လူများစွာ၏မျက်နှာများက ဖြူဖျော့လာပြီး ချွေးအေးများစိမ့်ထွက်လာကာ ဓားတစ်ချောင်းက သူတို့၏အဆုတ်ကိုထိုးခွဲနေသလိုပင် အသက်ရှူလိုက်တိုင်း စူးအောင့်နေစေလေသည်။ ၎င်းတို့မှာ ဆိုင်ထဲမှမလွတ်ရုံမက ယွမ်ယဲ့ရှေ့တွင်ပင်ဒူးထောက်လိုက်ကြရတော့၏။ 


"တောင်းပန်စမ်း..." 


ယွမ်ယဲ့က လျှောက်လာပြီး ၎င်းတို့အားအထင်သေးသည့်မျက်လုံးများဖြင့်ကြည့်လိုက်၏။ 


"ဟုတ်ကဲ့...မှားသွားပါတယ်!" 


သူလည်ပတ်ကို အရင်ကိုင်ခဲ့သူက နာကျင်မှုကိုဦးစွာခံစားလိုက်ရသူဖြစ်ပြီး သည်းမခံနိုင်တော့ပေ။ ထိုသူသည်ကား အတုန်တုန်အယင်ယင်ဖြင့်တောင်းပန်နေရပြီး နောက်ဆုံးမှ အေးစက်သည့်ဖယ်ရိုမုန်းများမှာ ပျောက်သွားခဲ့သည်။ 


ယွမ်ယဲ့၏ဖယ်ရိုမုန်းကို သိလိုက်ရသူများမှာ သေမတတ်ကြောက်ရွံ့သွားကြလေ၏။ ၎င်းတို့အရှေ့မှလူကိုမော့ပင်မကြည့်ရဲကြတော့ဘဲ ဆိုင်ထဲမှအပြေးအလွှားထွက်သွားကြလေတော့သည်။ 


ယွမ်ယဲ့က နှာမှုတ်လိုက်သည်။ သို့သော်လည်း နောက်တစ်စက္ကန့်မှာပင် ၎င်း၏ ခက်ထန်နေသည့်ပုံစံက ညည်းညူသံတစ်ချက်ကြောင့် ပျောက်ကွယ်သွားခဲ့သည်။ 


"အ..!" 


ဖုယွမ်ကျိုး ဆိုဖာပေါ်သို့လဲကျသွားခဲ့သည်၊၊ မျက်နှာလေးကသွေးရောင်သန်းနေကာ တကိုယ်လုံးကိုကွေးထားသည်၊၊ ခိုက်ခိုက်တုန်နေရင်း သူ့ပါးစပ်ကိုအုပ်ထားပြီး တစ်ချက်တစ်ချက် ညည်းနေလေ၏၊၊ သို့သော်လည်း ပူရှိန်းအနံ့ကိုရှူနေမိဆဲပင်။ အယ်လ်ဖာဖယ်ရိုမုန်းများက သူ့ထံရောက်လာနေပြီး သူ၏တကိုယ်လုံးမှနာ့ဗ်ကြောများက ထိုအနံ့အားတုံ့ပြန်နေခဲ့သည်။ 


သူ၏ကိုယ်ထဲတွင် မီးစတစ်ခုကတောက်လောင်နေသယောင်။ မြင့်တက်နေသည့်အပူချိန်က သူနှင့်ရင်းနှီးကျွမ်းဝင်နေသည်။ ရှဲ့လင်နှင့်တွေ့ခဲ့ရသည့်နေ့က ခံစားချက်အတိုင်းပင်။ ယင်းက သူမုန်းတီးသည့်အရာလည်းဖြစ်နေသည်။ ပြင်းပြနေသည့်ခံစားချက်ကို မတွန်းလှန်နိုင်၍ သူအလွန်တရာမှကိုမုန်းတီးနေမိသည်။ 


သူ၏ခန္ဓာကိုယ်က စကားနားမထောင်တော့ပေ၊ သို့ဖြစ်၍ ၎င်းကိုအာရုံမရောက်စေရန် အရေးမပါသည့်ကိစ္စများကိုလျှောက်တွေးနေလိုက်ရသည်။ ဥပမာ ဖယ်ရိုမုန်းများက ရန်ပွဲတွင်အသုံးဝင်သည်၊၊ သူ ယွမ်ယဲ့ကိုတိုက်ခိုက်လိုက်မိလျှင် ယွမ်ယဲ့ကအယ်လ်ဖာဖယ်ရိုမုန်းများနှင့် သူ့အားထိန်းချုပ်လိမ့်မည်၊၊ သူက ထိုသူကိုအရှုံးပေးရလိမ့်မည်၊၊ သူ နောက်တကြိမ်အယ်လ်ဖာဖြစ်ခွင့်မရ၍ နောင်တရမိလာ၏။ 


ဖုယွမ်ကျိုးမှာ ယွမ်ယဲ့ကိုခက်ခက်ခဲခဲကြည့်လိုက်ရသည်၊၊ မျက်လုံးများကနီမြန်းနေပြီး မျက်ရည်ငွေ့များနှင့်စိုစွတ်နေသောကြောင့် အင်မတန်သနားစရာကောင်းပြီး ဆွဲဆောင်မှုရှိသည့်ပုံစံပေါ်နေခဲ့သည်။ 


"......." 


ယွမ်ယဲ့ကသူ့အား တခဏမျှကြည့်နေပြီး လည်စလုတ်ကသာသာလေးလှုပ်သွားသည်၊၊ နောက်တကြိမ်စကားပြောလာချိန်တွင် အနှီသူ၏အသံက ခပ်အက်အက်ဖြစ်နေ၏။ 


"ဆောရီး...ငါ့အမှားပါ..ငါမင်းရှိနေတာကိုမေ့သွားတယ်...မင်းအတွက် ဘော့စ်ဆီကနေဆေးတောင်းပေးမယ်..." 


လေးအေးပေးစက်ဖွင့်ထားသောကြောင့် ပြတင်းပေါက်များကိုပိတ်ထားရသည်၊၊ ထို့ကြောင့် ယွမ်ယဲ့မှာ ပြတင်းပေါက်များကိုလိုက်ဖွင့်ရပြီး မီးဖိုချောင်ထဲမှဘော့စ်ကိုသွားရှာရ၏။ ဘော့စ်သည်ကား ယခုလေးတင် မီးဖိုချောင်ထဲသို့ဝင်ပုန်းနေလိုက်ရသောကြောင့် ဖယ်ရိုမုန်းအနံ့မရလိုက်ပေ။ 


"ငါမင်းကိုတားဆေးပေးမယ်..." 


ဘော့စ်က ဆေးသေတ္တာကိုယူကာ ဆေးပြားများကိုထုတ်လိုက်သည်။ ယွမ်ယဲ့လက်ထဲကိုထည့်ပေးလိုက်ပြီး စပရေးပုလင်းကိုပါပေးလိုက်၏။ 


"ဒါကဖယ်ရိုမုန်းဖြန်းဆေး...သူ့အဝတ်တွေပေါ်ဖြန်းပေးလိုက်...မဟုတ်ရင် မင်းအနံ့တွေထပ်ရနေလိမ်မယ်..." 


ယွမ်ယဲ့က ပစ္စည်းနှစ်ခုကိုကြောင်ကြည့်နေပြီး စက္ကန့်အနည်းငယ်အကြာတွင် စပရေးအစား ဆေးပြားကိုသာယူလိုက်သည်။ 


"ပူရှိန်းအနံ့ကမကောင်းလို့လား..မက်မွန်ပွင့်အနံ့လေးတွေရောနေတာမျိုးလေ..." 


ဘော့စ်က အူကြောင်ကြောင်ဖြစ်သွားလေသည်။ "ရောနေတာ..?" 


ယွမ်ယဲ့က သူ့ကိုစကားဆက်မပြောတော့ဘဲ ဆေးပြားများကိုယူလိုက်ပြီး ရေနွေးလေးတစ်ခွက်နှင့် မီးဖိုချောင်အပြင်သို့ထွက်သွားကာ ဖုယွမ်ကျိုးအနားတွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ 


"လာ...ဆေးသောက်လိုက်..." 


ဖုယွမ်ကျိုးက ရေငွေ့လေးများဖြင့်ဝေ့သီနေသော မျက်လုံးတို့ကိုဖွင့်လိုက်ကာ တုန်ယင်နေသောလက်ဖြင့် ရေခွက်ကိုလှမ်းယူလိုက်သည်၊၊ သို့သော်လည်း သူသည်ကားအားနည်းနေလေရာ ရေခွက်ကိုပင် သေချာမကိုင်နိုင်ပေ၊၊ ယွမ်ယဲ့ကထိုင်ချလိုက်ပြီး အနှီသူရေသောက်ရန်ကူညီပေးလိုက်ရသည်။ ထိုသူကိုသူ၏လက်မောင်းပေါ်တွင်မှီစေပြီး ဆေးသောက်ရန် ကိုယ်တိုင်ကိုယ်ကျတိုက်ကျွေးလိုက်ရလေ၏။