Chapter 9
Viewers 1k

Chapter 9



ဖုယွမ်ကျိုး၏လည်ပင်းထက်မှ ချိုမြိန်သည့်မက်မွန်သီးရနံ့လေးက လွင့်မြောလာခဲ့ပြီး လည်ပတ်ကပင်မဖုံးကာပေးထားနိုင်တော့ချေ။ 


ယွမ်ယဲ့က ၎င်း၏လှပသောလည်ပင်းကိုဘေးတိုက်ကြည့်ရင်း ရုတ်ချည်းပြောလိုက်မိလေသည်။


 "တောင်းပန်ပါတယ်ကွာ..." 


"နောက်တစ်ခါဒါမျိုးမလုပ်ပဲနေရအောင်..." 


ဖုယွမ်ကျိုး ဆေးသောက်လိုက်ပြီးသည်နှင့် ချက်ချင်းပေါ့ပါးသွားပြီး အနည်းငယ်ရှက်သလိုခံစားမိ၍ တဖက်လူကိုဒေါသတကြီးဖြင့် ဆတ်ကနဲလှမ်းကြည့်လိုက်မိသည်။ 


ယွမ်ယဲ့က ခေါင်းယမ်းပြလိုက်သည်။ 

"ငါအခု​ပြောလိုက်တဲ့'တောင်းပန်ပါတယ်' ဆိုတာ ငါဖယ်ရိုမုန်းထုတ်မိလို့ပြောတာမဟုတ်ဘူး...ငါအရင်ကလည်းပြောခဲ့ဖူးတယ်..." 


"ဒါဆိုအခုဘာလို့ပြောတာလဲ..." 

ဖုယွမ်ကျိုးကလည်းပြန်မေးလိုက်သည်။ 


အခုလေးတင်တွေ့လိုက်ရသည့်လူစုကြောင့်မလား? သို့သော်လည်း ယခုအချိန်မှ ယွမ်ယဲ့ကို မည်သို့များအပြစ်တင်ရပါမည်နည်း၊၊ ယွမ်ယဲ့က မည်သို့များပြောထွက်ပါသနည်း။ 


"မင်းရဲ့ဖယ်ရိုမုန်းအနံ့ကအရမ်းမွှေးတာပဲ..." 

ယွမ်ယဲ့သည်ကား ကောက်ကျစ်မည့်အပြုံးဖြင့်နှုတ်ခမ်းသပ်ပြလာသည်။ 


"ငါလေ အဲဒီလို မက်မွန်နံ့လေးမွှေးနေတဲ့အသားကို တစ်ကိုက်လောက်ကိုက်ကြည့်ချင်တယ်..." 


"ဖယ်စမ်းကွာ!" 

ဖုယွမ်ကျိုးကား ချက်ချင်းပင် ထိုသူကိုဆိုဖာပေါ်မှကန်ချလိုက်သည်။ 


ယွမ်ယဲ့ကမူ စိတ်ဆိုးပုံပင်မရဘဲ ရယ်ကျဲကျဲဖြင့်ကြမ်းပြင်ပေါ်တွင်ထိုင်ချလိုက်၏။ 

"မက်မွန်သီးက မာလိုက်တာကွာ..." 


ဖုယွမ်ကျိုး၏မျက်လုံးများက စူးရဲလာကာ အနှီသူကိုရိုက်နှက်ရန် ဆိုဖာပေါ်မှ ထပြီးထိုင်လျက်အနေအထားကိုပြောင်းလိုက်သည်။ ယွမ်ယဲ့ကအနောက်ဆုတ်ပြီး အထိုးမခံရစေရန်ရှောင်လိုက်ရင်း ယဥ်ယဥ်ကျေးကျေးဖြင့်တောင်းပန်လိုက်ရလေ၏။


 "ငါမှားသွားပါတယ်..." 


ဤကလေးကား သင်ပြရလွယ်သည်ပင်။ ဖုယွမ်ကျိုးက နှာမှုတ်ပြပြီး မေးလိုက်သည်။ 

"မင်းနဲ့အဲဒီလူတွေကြားမှာဘာကိစ္စရှိထားလို့လဲ..." 


ထိုသူတို့၏ပြောစကားအရ ယွမ်ယဲ့က ၎င်းတို့ကိုဆေးရုံရောက်သည်အထိ ရိုက်နှက်ခဲ့ဖူးပုံရသည်။ ထိုအကြောင်းအရင်းပင် သူကျောင်းပြောင်းလာရခြင်း​ဖြစ်လိမ့်မည်။ ယခင်က ယွမ်ယဲ့မှ ထိုအကြောင်းကိုတစ်ခါမှမပြောဖူးသော်လည်း ယွမ်ယဲ့က လူများကိုစိတ်ရှိတိုင်းမရိုက်တတ်သည်မှာ အသေအချာပင်။ ထိုကိစ္စနောက်ကွယ်တွင် ဖုံးကွယ်ထားသည့်အရာတစ်ခုရှိရမည်။ 


သူတို့နှစ်ယောက်၏ခင်မင်မှုက ထိုအဆင့်အထိမရောက်သေး၍ ကိုယ်ရေးကိုယ်တာမေးခွန်းများကိုမမေးမြန်းသင့်သောကြောင့် ပုံမှန်အတိုင်းသာမေးလိုက်လေ၏။ 


"အသေးအဖွဲလေးပါ...ပြောဖို့တောင်မတန်ပါဘူး..." 

ယွမ်ယဲ့က ပြုံးလျက်ပင် ခေါင်းစဥ်ပြောင်းလိုက်တော့သည်။ 


"စားကြမယ်လေ..ငါဘော့စ်ကိုယူလာခိုင်းလိုက်တော့မယ်..." 


"ဒီနေ့တော့ထားလိုက်တော့..နောက်နေ့မှစားကြမယ်..." 


ဖုယွမ်ကျိုးသည်ကား ယွမ်ယဲ့ကထိုအကြောင်းကို ပြောပြမည်မဟုတ်မှန်း မျှော်လင့်ထားပြီးဖြစ်၍ စိတ်ပျက်မသွားဘဲ နောက်မှထပ်မေးရန်တွေးထားလိုက်သည်။ သူသည် ဖုန်းကိုယူပြီး တစ်ချက်ကြည့်လိုက်၏။ နောက်ကျနေပြီ။ ထိုလူများက သူတို့အချိန်ကိုဖြုန်းတီးပစ်လိုက်၍ စားသောက်ရန်ပင်နောက်ကျသွားလေပြီ။ 


"အချိန်ရောက်ပြီ...ငါကျောင်းကိုပြန်ပြီးရှဲ့လင်ကိုခေါ်ရဦးမယ်..." 


"သူနဲ့အတူပြန်ဖို့က လိုလို့လား.." 

ယွမ်ယဲ့ကသူ့အားကြည့်ကာ ဖွဖွလေးပြုံးပြလာသည်။ 

"ငါလည်းမင်းကို ပြန်ပို့ပေးလို့ရပါတယ်..." 


"မရဘူး...ယောကျ်ားဆိုတာ ကတိတည်ရတယ်လေ..." 

ဖုယွမ်ကျိုးက ကျောပိုးအိတ်ကိုလွယ်ကာ လက်ယမ်းပြလိုက်၏။


"မင်းကျောင်းကိုမပြန်တော့ဘူးလား...ဒါဆိုလည်း ငါအရင်ပြန်တော့မယ်..." 


ယွမ်ယဲ့က ပြန်မပြောလာဘဲ ငုတ်တုတ်မေ့နေလေသည်။ 


"အို့...ဟုတ်သားပဲ..." 

ဖုယွမ်ကျိုးက တွေးနေမိသည့်ကိစ္စကိုရပ်လိုက်ပြီး ယွမ်ယဲ့ကိုပြောလိုက်သည်။

"အဲဒီလူတွေ နောက်တစ်ခါမင်းကိုလာရှာရင် ငါ့ကိုခေါ်လိုက်...ငါမင်းအစားဆုံးမပေးမယ်..." 


ယွမ်ယဲ့က သံယောင်လိုက်ကာမေးလိုက်ချေသည်။


 "မင်းကငါ့အစား လူရိုက်ပေးမှာလား..." 


"ဘာဖြစ်လဲ...ငါလည်းရန်ဖြစ်တတ်ပါတယ်..မယုံရင်..အခွင့်အရေးရတဲ့တနေ့ကျ စမ်းကြည့်ပေါ့..." 

ဖုယွမ်ကျောက် ပြောပြီးမှ အမြန်ပင်ထပ်ဖြည့်ပြောလိုက်သည်။ 


"မင်းရဲ့ဖယ်ရိုမုန်းတွေနဲ့ ငါ့ကိုအနိုင်ရမယ်လို့လည်းထင်မနေနဲ့..." 


"အိုကေ...ကျေးဇူးပဲ.." 

ယွမ်ယဲ့က သူ့ကိုသာကြည့်နေပြီးမှ ဗြန်းစားကြီးထရယ်ပြန်သည်။ 

"ဒါပေမဲ့ ဒီလိုယှဥ်တာကစိတ်ဝင်စားစရာမကောင်းဘူးနော်..တစ်ခုခုကိုပဲလောင်းလိုက်ပါလား..." 


"မင်းကဘာလောင်းချင်လို့လဲ..." 

မထင်မှတ်ဘဲ ဖုယွမ်ကျိုးက ယွမ်ယဲ့ကိုပြန်ကြည့်လာသည်။ ရုတ်တရက် စိတ်ဝင်စားသွားသလိုပင်။ 


အရင်ဘဝကနဲ့ တထပ်တည်းပါလား? သူသာယွမ်ယဲ့ကိုရှုံးသွားခဲ့လျှင် အနှီသူကို နောင်၌ "အစ်ကိုယွမ်" ဟုခေါ်ရလိမ့်မည်။ 


"မင်းကတော့အချိန်ရပေမဲ့...ငါကတော့...."

ယွမ်ယဲ့က ဖြည်းဖြည်းချင်းပြောလိုက်သည်။ 

"ပိတ်ရက်ကျရင် အပြင်ထွက်ကြမလား...ငါတို့နှစ်ယောက်တည်းလေ..." 


"ဒါပဲလား..." 


"ဒါပဲလေ...သဘောတူလိုက်ပြီနော်?" 


"ဒါပေါ့..." 

ဖုယွမ်ကျိုးမှာ ယွမ်ယဲ့ကိုရှုံးလိမ့်မည်ဟုထင်ခဲ့သော်လည်း အလောင်းအစားမလုပ်လျှင်ပင် ယွမ်ယဲ့နှင့် အပြင်ထွက်ပြီးကစားနိုင်သေးသည်။ သို့ထိတိုင် ယွမ်ယဲ့ကို တမင်သတိမပေးတော့ပေ။


"အခု...ငါ့အခြေအနေကိုလျို့ဝှက်ထားရတယ်..." 

သူသည် ယွမ်ယဲ့ကိုပြောပြလိုက်လေ၏။

"ဒါပေမဲ့ မပူပါနဲ့...မင်းအတွက်တော့မခက်ခဲလောက်ပါဘူး..." 


ယွမ်ယဲ့သည်ကား ပြုံးပြလိုက်လေသည်။ 

"ငါတော့ သိခွင့်မရတော့မှာစိုးရိမ်တယ်..." 


"ယုံကြည်ချက်အရမ်းရှိနေတာ ကောင်းတာတော့မဟုတ်ပါဘူး..." 

ဖုယွမ်ကျိုးပါ လိုက်ရယ်မိချေ၏။ 

"ငါသွားပြီနော်..." 


"အိုကေ...နောက်နေ့မှတွေ့မယ်..." 


ယွမ်ယဲ့: "မနက်ဖြန်ရောက်ရင် ငါမင်းကိုလက်ဆောင်တစ်ခုပေးမယ်..." 


"မင်းကဘာလို့ငါ့ကိုပေးချင်ရတာလဲ..."

ဖုယွမ်ကျိုးကား အံ့အားသင့်သွားရချေသည်။ 


ယွမ်ယဲ့က ရယ်လိုက်၏။ 

"လျို့ဝှက်ချက်..." 


ဖုယွမ်ကျိုးသည် ယွမ်ယဲ့၏အတုခိုးတတ်သည့်အကျင့်ကို မသိကျေးကျွန်ပြုလိုက်​ပြီး ကားဖြင့် ကျောင်းသို့ပြန်ရောက်လာသည်။ သူရောက်လာသည်က အချိန်မီလေးပင်။ အထက်တန်းတတိယနှစ်များ၏ ကျောင်းဆင်းချိန်ရောက်နေပြီ။ သူသည် ကော်ရစ်တာတွင်မတ်တပ်ရပ်စောင့်နေပြီး နှစ်မိနစ်အကြာတွင် ရှဲ့လင်က ကျောင်းခန်းအပြင်ကိုထွက်လာခဲ့သည်။ 


"နောက်ကျရင် မင်းငါ့ကိုတံခါးမှာ စောင့်နေစရာမလိုဘူး..." 


သူ့အားစောင့်နေခဲ့သည့် ဖုယွမ်ကျိုးကိုကြည့်ပြီး ရှဲ့လင်သည် အမြန်ပင် ခပ်ခွာခွာရပ်လိုက်သည်။ 

"ငါ့ကိုနေရာပဲပြော...ငါမင်းဆီလာခဲ့မယ်..." 


ဖုယွမ်ကျိုးကရယ်လိုက်သည်။ ရှဲ့လင်ကိုစောင့်ရလည်း သူ့အတွက်ကိစ္စမရှိပေ။ သို့သော်လည်း ရှဲ့လင်အနားကပ်လာသည့်အခါ ရုတ်ချည်း နဖူးကြောများထောင်လာပြီး သူ၏လက်ကောက်ဝတ်ကိုကိုင်ပြီး အရှေ့သို့လှမ်းဆွဲကာ အက်ရှရှအသံဖြင့်မေးလိုက်လေ၏။ 


"မင်းကိုယ်ပေါ်က ဘယ်သူ့ဖယ်ရိုမုန်းတွေလဲ..." 


"ဟမ်?" 


ဖုယွမ်ကျိုး မှင်သေသွားပြီး ခေါင်းငုံ့ကာ သူ့ကိုယ်သူနမ်းကြည့်နေသည်။ အဆုံး၌ သူ့ကိုယ်ပေါ်တွင်ဖယ်ရိုမုန်းအနံ့ဖျော့ဖျော့လေးရှိနေ၏။ 


မကြာသေးခင်က ဖယ်ရိုမုန်းကြောင့် သူထိတ်လန့်ခဲ့ရပြီး ဖယ်ရိုမုန်းအနံ့ကျန်နေသေးသည်ကို သတိမထားမိလိုက်ပေ။ ရှဲ့လင်သာမပြောလျှင် သူသတိထားမိမည်မဟုတ်။ 


"ဒါက...ယွမ်ယဲ့ဆီက..." 


ဖုယွမ်ကျိုးမျက်နှာပေါ်တွင် ရှက်ရွံ့မှုအချို့ပေါ်လာသည်။ သူ့ဘက်မှ ရှဲ့လင်ကို စားသောက်ဆိုင်သွားခဲ့သည့်အကြောင်းပြောပြရန်မစီစဥ်ထားသော်လည်း ထိုသူသိသွားပြီဖြစ်ရာ ရှဲ့လင်ကိုမလိမ်ချင်ပေ။သို့ဖြစ်၍ ရိုးရိုးသားသားပင်ဝန်ခံလိုက်သည်။ 


"ငါရှင်းပြပါ့မယ်..." 


ယခုလေးတင် ရှဲ့လင်ကို အပေါ်ယံမျှရှင်းပြလိုက်သည့်တိုင် ယွမ်ယဲ့၏ဖယ်ရိုမုန်းကြောင့် အရှက်ကွဲခဲ့ရသည့်အပိုင်းကိုမူ ဖယ်ထားခဲ့လိုက်သည်။ သို့သော်လည်း ထိုစဥ်က သူ့အခြေအနေက မကောင်းနေခဲ့မှန်း စိတ်ကူးကြည့်၍ပင်ရ၏။ 


ရှဲ့လင်က သူနှင့်အတူကျောင်းအပြင်ဘက်သို့လျှောက်လာရင်း စကားတစ်လုံးမှမပြောဘဲ နားထောင်နေခဲ့သည်။ ဖုယွမ်ကျိုးမှာ အနည်းငယ်မျှ ပျာယာခတ်သွားခဲ့၏။ ရှဲ့လင်က ယွမ်ယဲ့နှင့်စိတ်ပေါင်းကိုယ်ခွာနေရန် သူ့အားသတိပေးထားခဲ့လင့်ကစား သူမလုပ်နိုင်ပေ။ ယွမ်ယဲ့ကသူ၏ညီအစ်ကိုပင်။ သူ၏လိင်အမျိုးအစားကြောင့်နှင့်တော့ ပြောင်းလဲသွားမည့်အရာမရှိနိုင်လောက်ပေ။ သူတို့ကိုဘယ်လိုများ ပစ်ထားရက်ပါ့မည်နည်း။ 


အိမ်ကားတစ်စီးက ကျောင်းအပြင်တွင်စောင့်နေသည်။ ဤတကြိမ်တွင်မူ မှောင်နေလေပြီ။ ဖုယွမ်ကျိုး ကားကိုတွေ့သည်နှင့် ကားတံခါးကိုအရင်သွားဖွင့်လိုက်၏။ 


ကားတံခါးနှင့်သူ၏လက်ချောင်းထိပ်ဖျားများ ထိရုံရှိသေးစဥ် ပြင်းပြလှသည့်ဖိအားတစ်ခုက သူ့ကိုယ်ပေါ်သို့ရောက်လာခဲ့၏၊ ၎င်းကသူ့အား တံခါးတွင်ဖိကာ လှုပ်ရှား၍မရအောင်ထိန်းချုပ်ထားခဲ့သည်။ 


"ရှဲ့လင်..." 


ဖုယွမ်ကျိုးက အူကြောင်ကြောင်နှင့် ကားပြတင်းမှန်ပေါ်မှ မြင်နေရသည့် သူ့အနောက်မှလူကိုကြည့်နေမိသည်။ ၎င်းကသူ့ခြေထောက်များကိုဖိထားပြီး လက်တစ်ဖက်က သူ၏ဂုတ်ကိုကိုင်ထားခဲ့သည်၊၊ ပူနွေးသည့်လေထုများဝန်းရံထားပြီး သူ heat တက်နေခဲ့သောထိုနေ့က အကိုက်ခံထားရသည့်အရာမှာ ထိန်းသိမ်းရေးကော်လာအောက်တွင် ခပ်မှိန်မှိန်မြင်နေရသေး၏။ 


ရှဲ့လင်က ၎င်းအပေါ်ကို လက်ညိုးဖြင့်ပွတ်လိုက်၏၊ မျက်ခုံးများက အေးစက်နေပြီး ၎င်းမျက်လုံးကို မှောင်မိုက်မှုများကဝါးမြိုထားခဲ့၏။ 


သူသည်ခေါင်းငုံ့ကာ ဖုယွမ်ကျိုး၏လည်ဂုတ်ကို အနီးကပ်ကြည့်လိုက်ပြီး လေငွေ့နွေးနွေးက ၎င်းအပေါ်တွင် ဖြတ်သန်းသွားခဲ့သည်၊ ၎င်း၏နှုတ်ခမ်းပါးများမှ ထွက်ပေါ်လာသည့်စကားများက ဖုယွမ်ကျိုး၏နားစည်အိမ်ကိုရိုက်ခတ်သွားခဲ့၏။ 


"ငါမင်းကိုအဲဒီနေ့က ကိုက်လိုက်တာမှန်သွားတာပဲ..."


ကားတံခါးတွင် ရှဲ့လင်ဖိထားခြင်းကိုခံနေရပြီး ပါးလွှာသော နွေရာသီကျောင်းဝတ်စုံအောက်မှ ဖုယွမ်ကျိုး၏ကိုယ်လုံးလေးသည်ကား အေးစက်လာရချေ၏၊ သို့တစေ လည်ဂုတ်ပေါ်မှ အေးစက်သည့်အထိအတွေ့ကိုမမီပါချေ။ 


ရှဲ့လင်၏လက်ချောင်းထိပ်လေးများက ပျောက်နေပြီးဖြစ်သည့်ကိုက်ရာအနားတွင် ရစ်သီနေလေ၏။ ထိုသူက တလျှောက်လုံးစကားမပြောခဲ့ဘဲ ခဏအကြာတွင်လွှတ်ပေးလိုက်သည်။ ဖုယွမ်ကျိုးကိုကားထဲသို့တွန်းထည့်ပြီး အိမ်ရောက်သည်အထိ ဖုယွမ်ကျိုး၏လက်ကောက်ဝတ်ကိုလွှတ်မပေးခဲ့ပေ။ 


အစမှအဆုံးအထိ ဖုယွမ်ကျိုးမှာ မိန်းမောနေခဲ့သည်။ ယခုလေးတင် ရှဲ့လင်ပြောလိုက်သည့်စကားမှာ ထိတ်လန့်စရာကောင်းလွန်းနေ၍ ယုံပင်မယုံနိုင်ပေ။ 


သူသည် ရှဲ့လင်နှင့်ဒရိုင်ဘာတို့စကားပြောနေသည်ကို သတိမထားမိသလို ကားက သူ့အိမ်ရှေ့တွင်မရပ်ဘဲ ရှဲ့လင်အိမ်ရှေ့တွင်ရပ်သွားသည်ကိုလည်းသတိမထားမိပေ။ 


ရှဲ့လင်က သူ့အားကားထဲမှဆွဲထုတ်သွားခဲ့သည်။ ရှဲ့လင်အနောက်သို့ ငေးငိုင်လျက်လိုက်ပါလာပြီး အိမ်ထဲဝင်လာခဲ့သည်။ မျက်နှာပေါ်ကို အေးစက်စက်ရေမှုန်ရေမွှားများကျလာမှ ရုတ်တရက် သတိပြန်ဝင်လာခဲ့၏။ 


"အေးလိုက်တာ! ဘာတွေလဲဟ...." 


သူသည် မသိစိတ်အရ ရှောင်တိမ်းလိုက်မိလေသည်။ ရှဲ့လင်က သူမလှုပ်နိုင်အောင် ပုခုံးပေါ်မှချုပ်ထားပြီး ခေါင်းမှခြေအထိ စပရေးဖြင့်ဖြန်းနေခဲ့သည်။ ဖြန်းပေးပြီးသည်အထိ မရပ်သေးပေ။ အားလုံးပြီးမှ ပုလင်းကိုဘေးချကာ ​ပြန်ဖြေလိုက်သည်။ 


"ဖယ်ရိုမုန်းအနံ့ဖယ်ပေးတဲ့ဆေး..." 


ကိုယ်ပေါ်တွင်ကပ်ကျန်နေခဲ့သည့် ယွမ်ယဲ့၏ပူရှိန်းအနံ့များမှာ လုဲးဝပျောက်သွားခဲ့သော်လည်း ရှဲ့လင်၏မျက်နှာထားက တင်းမာနေဆဲပင်။ 


ဖုယွမ်ကျိုး၏အသည်းနှလုံးက အေးကနဲဖြစ်သွားလေသည်။ ပြန်လည်မွေးဖွားလာပြီးသည့်နောက် ABO လိင်အမျိုးအစားနှင့်ပတ်သတ်ပြီး အသိပညာသိပ်မရှိသည့်တိုင် အမှတ်သညာပြုခြင်းက အယ်လ်ဖာတစ်ယောက်သည် သူ၏လက်တွဲဖော်ကိုပိုင်ဆိုင်ကြောင်းပြသရာရောက်သည်ကိုမူ သိထားခဲ့သည်။ သို့ဖြစ်၍ ရှဲ့လင်ဆိုလိုချင်သည့်အဓိပ္ပါယ်မှာ..... 


ရှဲ့လင်က ဆိုဖာပေါ်တွင်ထိုင်ကာ ကျောကိုဆန့်ထားပြီး တည်ကြည်ခံ့ညားနေသည့်ပုံစံဖြင့် ရပ်နေဆဲဖုယွမ်ကျိုးကိုကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။ 


"ဒီကိုလာခဲ့..." 


ယခင်ကလည်း ရှဲ့လင်ကသူ့အား ယခုလိုခေါ်ခဲ့ဖူးသည်။ ဖုယွမ်ကျိုးက ၎င်းကိုဂရုမစိုက်ခဲ့သော်လည်း ဤတကြိမ်တွင်မူ ရှဲ့လင်ကထူးဆန်းပြီးအန္တရာယ်ရှိနေသလိုခံစားရသည်။ အနှီသူကိုလည်း လျစ်လျုရှုပြီးမနေရဲပေ။ သူနောက်ကိုခြေတလှမ်းဆုတ်ပြီးပြောလိုက်၏။ 


"နောက်မှပြောရအောင်...အိမ်ကညစာစားချိန်ရောက်တော့မယ်...." 


ထို့နောက် သူပြေးထွက်သွားလိုက်သည်။ အခန်းကကြီးလွန်းနေ၍ ရှဲ့လင်လက်ထဲမှပြေးမလွတ်နိုင်ပေ။ သူတံခါးရှိရာကိုပင်မရောက်သေးခင် ဆွဲခေါ်ခံလိုက်ရသည်။ ရှဲ့လင်က သူ့အားအနောက်မှသိမ်းကြုံးဖက်လိုက်၏။ မွှေးပျံ့လှသည့်ဝိုင်နီရနံ့က နောက်တကြိမ်ပျံ့လွင့်လာပြန်သည်။ 


ရနံ့ရလိုက်သည့်အခါ ဖုယွမ်ကျိုး စတင်မူးဝေပြီးအားနည်းလာကာ အသံကပါတုန်ယင်လာခဲ့၏။ 


"ရှဲ့လင်..မလုပ်ပါနဲ့ကွာ..မင်းပြောစရာရှိရင်ပြောလိုက်ပါ..." 


"ကိုယ်လည်းမင်းနဲ့စကားကောင်းကောင်းပြောချင်ပါတယ်..ဒါပေမဲ့ မင်းကရောနားထောင်မှာလား.." 


"ငါနားထောင်ပါ့မယ်...နားထောင်ပါ့မယ်...အဲဒါကြောင့် အရင်လွှတ်ပေးလေနော်..." 


ဖုယွမ်ကျိုးမှာအသနားခံနေရသည့်တိုင် လွှတ်ပေးသည်နှင့် ချက်ချင်းထွက်ပြေးရန်စဥ်းစားထားခဲ့သည်။ ယင်းကိုလည်း ရှဲ့လင်ကသိနေ၏။ သူပြောလိုက်သည်နှင့် လက်များကလျော့သွားရမည့်အစား ပိုပြီးပင်တင်းလာပြီး နားရွက်ထဲသို့တီးတိုးပြောနေသည့်စကားလုံးများကပါ ပိုများလာသည်။ 


"မင်းမိဘတွေပြောတာကိုကြားချင်လား...." 


ဖုယွမ်ကျိုး ချက်ချင်းလိမ္မာသွားလေသည်။ 


ဧည့်ခန်းထဲအထိ ရှဲ့လင်အနောက်မှ လိမ်လိမ်မာမာဖြင့်လိုက်လာပြီး ဆိုဖာပေါ်တွင်ထိုင်ချလိုက်သည်။ ရှဲ့လင်ကသူနှင့်မျက်နှာချင်းတိုင်တွင်ထိုင်ကာ သူ့အား ခဏကြာအောင်ကြည့်နေပြီးမှပြောလိုက်၏။ 


"ကိုယ်ပြောမယ့်စကားကိုမင်းသိပါတယ်..." 


ဖုယွမ်ကျိုး ကြက်သီးထသွားပြီး ယခင်ကဖြစ်ခဲ့သည့်အကြောင်းများကိုပြန်တွေးမိပြီ စိတ်ထဲတွင်ခန့်မှန်းကြည့်လိုက်သည်။ သူ့အနေဖြင့် အချစ်ရေးကိုမူ လျစ်လျူရှုထား၍မရပေ။ 


ရှဲ့လင်သာမိန်းကလေးဖြစ်နေပြီး သူနှင့်ဒိတ်ချင်သည်ဟုပြောလာခဲ့ပါက heat တက်နေ၍ ခဏတာစိတ်လွတ်သွားရုံလောက်ပင်ဟုတွေးမိနိုင်သည့်တိုင် ရှဲ့လင်က မိန်းကလေးမဟုတ်။ သူ၏သူငယ်ချင်းဖြစ်သလို အစ်ကိုတစ်ယောက်ပမာလည်းဖြစ်နေ၏။ ယင်းကြောင့်ပင် အခြားတဖက်မှမစဥ်းစားခဲ့ခြင်းဖြစ်သည်။ ယခုတော့ သူတို့နှစ်ယောက်လုံး ယစ်မူးနေလေပြီ။ 


ရှဲ့လင်ကသူပြောမည့်စကားကိုသိနေပြီး သူကလည်းထိုသူပြောသမျှကိုနားထောင်နေခဲ့ရသည်။ 


"ကိုယ်မင်းကိုယ်ပေါ်မှာ အခြားလူအနံ့တွေစွဲလာတာကိုမကြိုက်ဘူး...မင်းအခြားလူတွေနဲ့ရင်းနှီးနေတာလည်းမကြိုက်ဘူး..." 


ရှဲ့လင်၏အသံက တိုးတိမ်နှေးကွေးနေသည်။ မျက်လုံးများကနက်ရှိုင်းကာ မည်းနက်နေပြီး အသားအရည်အရောင်မှာလည်း အသင့်အတင့်ပင်။အရယ်အပြုံးသိပ်မရှိ၍ မျက်ခုံးများကအေးစက်နေသလိုထင်ရသော်လည်း ထိုအခိုက်အတန့်တွင် အလင်းစက်လေးကတောက်ပနေပြီး ဖုယွမ်ကျိုး၏နှလုံးသားလေးက ပူနွေးလာရတော့သည်။ 


"ဘာလိင်ပဲဖြစ်ပါစေ...ဘယ်သူပဲဖြစ်ပါစေ...မင်းကိုစိတ်ဝင်စားစေခဲ့ရင် အဲဒီလူကိုမင်းနဲ့မဆက်သွယ်စေချင်တော့ဘူး..."


"ကိုယ်အလိုရှိတာက မင်းနှလုံးသားထဲကအရေးကြီးဆုံးနေရာလေး တစ်နေရာတည်းပါ.." 


ဖုယွမ်ကျိုးတိုးတိုးလေးပြန်မေးမိသည်။

"မင်းက...." 


"မလုံလောက်သေးဘူး..." 

ရှဲ့လင်က သူ့ကိုသာငေးကြည့်နေလေသည်။

"ကိုယ့်ကိုပိုပြီးတန်ဖိုးထားလာစေချင်တယ်...ပိုချစ်လာစေချင်တယ်...ဘာလို့လဲဆိုတော့...ကိုယ်...." 


ရုတ်တရက် ဖုန်းဝင်လာသည့်အသံက ရှဲ့လင်၏စကားကိုဖြတ်တောက်လိုက်သည်။ ဗွီဒီယိုကောလ်ဖြစ်ပြီး နိုင်ငံခြားရောက်နေသည့် အဝေးရှိမိဘများထံမှပင်။