Chapter 10
ခဏကြာသည်အထိတိတ်ဆိတ်နေပြီးမှ ရှဲ့လင် ဖုန်းကိုင်ရန် လက်လှမ်းလိုက်သည့်တိုင် ဖုယွမ်ကျိုးက အရင်ဖုန်းကိုလှမ်းဆွဲလိုက်ပြီး ဗီဒီယိုကောလ်ကိုချိတ်လိုက်သည်၊၊ ချိုသာလှသည့်အပြုံးမျက်နှာဖြင့် ကင်မရာထဲမှ ဇနီးမောင်နှံနှစ်ယောက်ကိုနှုတ်ဆက်လိုက်၏။
"မင်္ဂလာညနေခင်းပါ..အန်ကယ်နဲ့အန်တီ..အို့...အဲဒီမှာဆိုနေ့လည်ပေါ့နော်..ကောင်းသောနေ့လည်ခင်းပါ..."
"ဟယ်လို...ရှောင်ကျိုး...ရက်နည်းနည်းလေးမတွေ့လိုက်ရတာနဲ့ ပိုချောလာပါလားကွယ်..."
ရှဲ့လင်၏မိဘများက သူ့ကိုအင်မတန်သဘောကျကြ၍ ရယ်မောနေကြလေ၏။ သူ့ကိုမြင်ရလျှင် ၎င်းတို့ကပိုပြီးပျော်တတ်ကြသည်။ ဖုယွမ်ကျိုး ဖုန်းကိုင်ထားပြီး ရှဲ့လင်က ကင်မရာထဲဝင်လာလေသည်။ ရှဲ့လင်က သူတို့ကိုတချက်ကြည့်ပြီး သူ့မိဘများကိုခေါင်းညိတ်ပြလိုက်၏။
"အဖေ..အမေ..."
"မင်းတို့နှစ်ယောက် ညစာစားပြီးကြပြီလား...ဒီနေ့က ကျောင်းတက်ရမယ့်ရက်နော်..? အဆင်မပြေတာမျိုးဖြစ်သေးလား...."
လူကြီးနှစ်ယောက်က ကလေးများ၏ဘဝရှေ့ရေးနှင့်ပတ်သက်ပြီး ဂရုတစိုက်မေးမြန်းကြသည်။ ဖုယွမ်ကျိုးက မေးခွန်းတစ်ခုပြီးတစ်ခုပြန်ဖြေနေရ၏။ အားလုံးကပုံမှန်ဖြစ်နေပုံရသော်ငြား လက်ချောင်းထိပ်ဖျားလေးများက အနည်းငယ်တုန်ယင်နေလေသည်။
ထိုအတောအတွင်း သူအတော်လေးစိတ်လှုပ်ရှားနေရသည်။ ရှဲ့လင်က သူ့အားဖွင့်ပြောလာသည့်အတွက် ကြောက်ရွံ့နေခဲ့လင့်ကစား ရှဲ့လင်၏မိဘများက ကြားဖြတ်လိုက်၍ကံကောင်းသွားခဲ့ရ၏။
လေထုက ဖွင့်ဟပြောလိုက်ခြင်းနှင့်ဆင်တူသလောက်ရှိသော်လည်း "ကြိုက်သည်" ဆိုသောစကားလုံးကိုမပြောရသေး၍ ခံစားချက်က ကွဲပြားနေသေးသည်။ ရှဲ့လင်သာထိုသို့ပြောလိုက်လျှင် အနာဂတ်၌ အနှီသူကို ဘယ်လိုမျက်နှာချင်းဆိုင်သင့်မှန်း သူမသိတော့ပေ။
နေက်ဆုံးတော့ သူကယ်တင်ခံလိုက်ရပါသည်။
ဖုယွမ်ကျိုး၏စိတ်ထဲတွင် ထိုအတွေးစက ဖျတ်ကနဲဝင်လာသော်ငြား သူ၏ကိုယ်ကမတ်သွားပြီး ရှဲ့လင်ကို မယုံကြည်နိုင်သည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်။
ရှဲ့လင်၏ပုံစံက မသင်္ကာစရာကောင်းသည့်ပုံစံမရှိသည့်တိုင် ထိုသူ၏လက်က ကျောမှတဆင့်ခါးပေါ်သို့ရွေ့လာခဲ့၏။
မိဘများက အရှေ့တွင်ရှိနေသည်လေ။
ခဏတွင်းချင်း ဖုယွမ်ကျိုးလက်က တုန်ယင်လာပြီး ဖုန်းပင်လွတ်ကျတော့မည့်နီးပါး။ ရှဲ့လင်က သူ့လက်ကိုဆွဲပြီး ဖုန်းကိုငြိမ်အောင်ထိန်းပေးလိုက်သည်။ ဝိုင်နီရနံ့ဖယ်ရိုမုန်းများကပါ လေထုထဲတွင်လွင့်မျောလာပြန်၏။
ဒီကျက်သတုံးကောင်တော့။
ဖုယွမ်ကျိုးမှာ ဒေါသတကြီးခေါင်းငုံ့လိုက်ရသည်။ ရုတ်တရက်နီရဲလာသည့်မျက်နှာကို လူကြီးများမြင်သွား၍မဖြစ်ပေ။ သူရှဲ့လင်ကိုလျှော့တွက်ခဲ့မိလေရာ ယခုလို ဗီဒီယိုကောလ်ပြောနေစဥ်မှာပင် အရှက်မရှိသည့်နည်းလမ်းကိုသုံးလိုက်သည့်တိုင် ဘာမှလုပ်မရဖြစ်သွားခဲ့ရသည်။
သူသည်ကား အသံမထွက်ဘဲ ရှဲ့လင်၏ပေါင်ကိုဆွဲဆိတ်လိုက်သော်လည်း ရှဲ့လင်က မလှုပ်ရှားပေ။ လက်များက ကျောပေါ်မှဖယ်သွားသည့်တိုင် အယ်လ်ဖာ၏ဖယ်ရိုမုန်းရနံ့များက ပို၍ပိုကာပြင်းထန်လာပြီး လေထုကိုတင်းကျပ်လာစေခဲ့သည်။ ဖုယွမ်ကျိုးခမျာ နဖူးတွင်ချွေးများစို့လာပြီး အသက်ရှူမြန်လာကာ ပေါက်ကွဲလိုက်ချင်တော့၏။
"ရှောင်ကျိုးက ဘာလို့ခေါင်းငုံ့ထားရတာလဲ..."
ရှဲ့လင်၏မိဘများက ကင်မရာမှတဆင့် ဖုယွမ်ကျိုးခေါင်းငုံ့ထားသည်ကိုမြင်သွားပြီး မေးလာကြသည်။ ရှဲ့လင်က သူ့အားငုံ့ကြည့်လာကာ တည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်ပါ၏။
"သူ့ဖိနပ်ကြိုးကပြေနေလို့..."
ဖာ့ခ်
ဖုယွမ်ကျိုး ပိုငုံ့သွားပြီး စိတ်တိုလွန်း၍ ရှဲ့လင်ခြေထောက်ကိုဆွဲဆိတ်လိုက်ပြန်၏။ ရှဲ့လင်က သူ၏လက်ခုံလေးကိုကိုင်ထားပြီး လက်ချောင်းလေးများကိုတွယ်ချိတ်ထားရင်း သူ့လက်လေးကိုပွတ်သပ်နေလေသည်။
လူကြီးနှစ်ယောက်ကမူ သူတို့၏လက်များထပ်နေပုံကို ကင်မရာထဲမှမမြင်ရရှာပေ။၎င်းတို့ကပြုံးပြရင်းဖြင့် ကလေးနှစ်ယောက်ကိုပြောလိုက်သည်။
"ငါတို့သန်ဘက်ခါပြန်လာပြီ..မင်းအဒေါ်နဲ့ယွိဖေးလည်း ပိတ်ရက်မှာပြန်လာကြတော့မှာ..အဲဒီအခါကျ တို့တွေအတူဖြစ်သွားပြီပေါ့.."
ရှောင်ဖေးကအိမ်ပြန်လာတော့မှာလား?
အဆိုပါသတင်းကိုကြားလိုက်ရသည့်အခါ ဖုယွမ်ကျိုးမှာ လက်ရှိအခြေအနေကိုပင်မေ့လျော့သွားပြီး ခေါင်းမော့လိုက်မိလင့်ကစား သူ့ကိုယ်သူအချိန်မှီလေး အရှိန်ထိန်းလိုက်နိုင်သည်။
စိတ်ထဲတွင် မီးပန်းများပေါက်ကွဲသွားပြီး သူ၏ရည်းစားဟောင်းကိုမကြာခင်တွေ့ရတော့မည်ဖြစ်၍ စိတ်လှုပ်ရှားနေမိသည်။ မနက်ဖြန်ကိုပင် ပိတ်ရက်ဖြစ်သွားစေချင်ပြီး လေယာဥ်ဖြင့်ပင်အပြေးသွားကြိုလိုက်ချင်သေး၏။
ရှဲ့လင်ကမူ စိတ်မဝင်စားသည့်အပြုံးကိုသာဖော်ပြလာပြီး မိဘများကိုကျန်းမာရေးဂရုစိုက်ရန်ပြောကာ ဖုန်းချလိုက်ပြီး ဖုယွမ်ကျိုးကိုချက်ချင်းငုံ့ကြည့်လိုက်သည်။
"မင်းကိုယ်ပြောမယ့်စကားကိုနားမထောင်ချင်ဘူးမလား..."
ဖုယွမ်ကျိုး၏နှလုံးသားလေးမှာလှုပ်ခတ်သွားရပြီး ရှဲ့လင်၏မျက်နှာကလည်း ပြုံးရွှင်မနေတော့ပေ၊၊ သူခေါင်းမော့လိုက်ချိန်တွင် မျက်နှာလေးက အနီရောင်သန်းနေပြီး ချွေးများကနဖူးမှစီးကျနေလေသည်။
"မင်းကငါ့အတွက် အရေးကြီးတဲ့လူတစ်ယောက်ပါ..မင်းကငါ့ရဲ့အကောင်းဆုံးညီအစ်ကိုပဲလေကွာ.."
သူသည်ကား ဖြည်းဖြည်းချင်းရှင်းပြလိုက်ရ၏။ "ဒါပေမဲ့...ညီအစ်ကိုလေ...ဟိုလိုမဟုတ်..."
သူသည်ကား တွန့်ဆုတ်နေသော်လည်း ထိုစကားကိုဆက်ပြောလိုက်ရသည်။
"မင်းကငါကြိုက်တဲ့ပုံစံမဟုတ်ဘူး..."
ရှဲ့လင်၏မျက်နှာကမပြောင်းလဲသေးဘဲ တိုးလျသည့်လေသံဖြင့်မေးလာ၏။
"မင်းကဘယ်လိုပုံစံကြိုက်တာလဲ..."
အစကတော့ မိန်းကလေးတွေပေါ့! သူသာအိုမီဂါဖြစ်ရင်တော့အကောင်းဆုံးပဲ၊ ဒါပေမဲ့ ဘီတာဖြစ်နေရင်တော့ ဆိုးပြီပဲ။
ဖုယွမ်ကျိုး တွေးနေလိုက်သည်။
မထင်မှတ်ဘဲ ဖွင့်ဟပြောလိုက်ချိန်တွင် သူအတော်လေးစိတ်လှုပ်ရှားမိနေသည်။ သူနှင့်ရှဲ့လင်တို့နှစ်ယောက်လုံး မျက်နှာပျက်ရမည်ကိုစိုးရိမ်နေမိပြီး ရှဲ့လင်ဝမ်းနည်းမည်ကိုစိုးရိမ်မိသည်။သို့သော်လည်း ရှဲ့လင်၏တုံ့ပြန်မှုကကြီးမားလွန်းနေခဲ့၏။
အဲဒီလူကသူ့ကိုဒီလောက်တောင်ကြိုက်တာလား..?
မသေချာသော်လည်း သူ့ဘက်မှ ယောကျ်ားတစ်ယောက်ကိုမချစ်နိုင်ပေ။ တနေ့တွင် ယောကျ်ားတစ်ယောက်နှင့်စေ့စပ်ရမည်ကိုတွေးကြည့်ရုံနှင့်ပင် ရှေ့ဆုံးမှနေပြီး စာရင်းမှအထုတ်ခံနိုင်သူမှာ သူသာဖြစ်လိမ့်မည်။ ယုန်က တွင်းနားကမြက်ကိုမစားတတ်ပေ၊၊ ယခင်ဘဝက သူနှင့်ရှောင်ဖေးတို့ချစ်ကြိုက်ခဲ့ကြသည်ကိုထား ယခု သူမအစ်ကိုနှင့်စေ့စပ်လိုက်လျှင် အနာဂတ်တွင် ရှောင်ဖေးကိုဘယ်လိုမျက်နှာပြရပါမည်နည်း။
ရှဲ့လင်ကဆက်မေးလိုက်သည်။
"မင်း..ယွမ်ယဲ့ကိုကြိုက်လား...ရှူးထန်ရော...တခြားလူ?"
"မင်းဟာကဝေးပြီးရင်းဝေးသွားပြီ..တစ်ယောက်မှမဟုတ်ဘူး...ငါကမိန်းမတွေပဲကြိုက်တာ..."
ဖုယွမ်ကျိုး နည်းနည်းလေးစိတ်ဆိုးလာသည်။ သူမိန်းမတွေကိုပဲကြိုက်လိမ့်မယ်လို့ ရှဲ့လင်ကတစ်ခါလေးတောင် မတွေးခဲ့ဖူးဘူးလား။ ပြောသွားတာများ ယောကျ်ားလေးတွေချည်းပဲ။ ရန်ရှူးထန်တောင်ပါလိုက်သေးတယ်။ သူဘာတွေတွေးနေတာလဲ?
"မင်းအခုလေးတင် ငါ့ကိုထိလိုက်ပြီး ဖယ်ရိုမုန်းတွေနဲ့ငါ့ကိုချုပ်ထားခဲ့တယ်...ငါအဲဒီကိစ္စမရှင်းရသေးဘူး..."
သူသည်ကား အေးတိအေးစက်မျက်နှာဖြင့် ရှဲ့လင်ကိုစိုက်ကြည့်လိုက်သည်။
"ငါ့ကိုအခုချက်ချင်းတောင်းပန်..."
ရှဲ့လင်က တုံဏှိဘာဝေပင်။ ဖုယွမ်ကျိုးကသာ ပိုပြီးဒေါသထွက်လာရသည်။ သူကောင်းကင်ဘုံကိုတိုင်တည်ပြီးပြောရဲသည်၊၊ ရှဲ့လင်သာ သူ့ကိုထပ်ပြီးအနိုင်ကျင့်လာလျှင် သူရှဲ့လင်နှင့်အဆက်အသွယ်ဖြတ်ပစ်လိုက်မည်။
လက်တွေ့တွင် သူမလုပ်နိုင်ပေ၊၊ သူ၏ပုံစံက အလွန်အမင်းယောကျ်ားဆန်မှုမျိုးမရှိသည့်တိုင်....
.သေရောဟေ့...ပိုပြီးတောင် ဒုက္ခများပြီ။
သူသည်ကား စိတ်မရှည်တော့သည်ဖြစ်ရာ ကျောင်းလွယ်အိတ်ကိုကောက်လွယ်ပြီး တံခါးထံသို့လျှောက်သွားလိုက်၏။ ဤတခေါက်တွင် ရှဲ့လင်ကသူ့အားမတားတော့သည့်တိုင် သူ၏နောက်ကျောကိုကြည့်ပြီးပြောလာသည်။
"ကိုယ်နောင်တရပါပြီ..."
ထိုနေရာတွင် စကားခဏရပ်လိုက်ပြီး ဖုယွမ်ကျိုးမတုံ့ပြန်နိုင်ခင် နောက်တကြိမ်ထပ်ပြောလိုက်သည်။
"မင်းကို ကိုယ့်မိဘတွေရှေ့မှာ မနမ်းလိုက်မိတာကို နောင်တရမိတယ်..."
နားထောင်ကြပါဦး..သူလူမှဟုတ်သေးရဲ့လား.. သူ့ကိုကယ်တင်လို့မရတော့ဘူး။ ဒီတိရစ္ဆာန်ကောင်မှာ မျှော်လင့်ချက်မရှိတော့ဘူး။
ဖုယွမ်ကျိုးမှာ မေ့လဲတော့မတတ်ပင်၊၊ စိတ်ဆိုးမာန်ဆိုးဖြင့် ရှဲ့လင်ကိုလက်ခလယ်ထောင်ပြလိုက်ပြီး ရှက်ရှက်ဖြင့်ပင်အိမ်ပြန်ပြေးလာရတော့သည်။
ထိုနေ့ညတွင် ဖုယွမ်ကျိုး အိပ်မက်တစ်ခုမက်ခဲ့၏။ အိပ်မက်ထဲတွင် ယွိဖေးရှိနေခဲ့သည်။ သူမသည်ကား အင်မတန်လှပကျော့ရှင်းနေ၍ လူနည်းစုလေးသာသူမထံရောက်နိုင်ကြသည်။ သူမကသူ့အရှေ့တွင်ရပ်လာပြီး ရယ်မောရင်းနာမည်ခေါ်လာ၏။
"ကျိုးအာ..."
သူအမြဲ ငြင်းဆန်ခဲ့လင့်ကစား သူမကား ချစ်စရာကောင်းသည်ဟုဆိုကာ ထိုအတိုင်းသာခေါ်နေခဲ့သည်။
အိပ်မက်ထဲတွင် သူသည်ယွိဖေးနှင့် ဇာတ်လမ်းဆက်ချင်နေခဲ့၏။ ယွိဖေးကသူ့အားပြုံးပြရင်း ပြောလိုက်သည်။
"အိုကေ...ကျိုးအာ..ဒါပေမယ့် ငါကအယ်လ်ဖာလေ...နင်ကအိုမီဂါဆိုတော့ နောက်ပိုင်းကျရင် ငါ့အစားကလေးမွေးပေးရမယ်နော်..."
ထို့နောက် ရှဲ့လင်ရောက်လာသည်။ သူတို့နှစ်ယောက် ဒိတ်လုပ်နေသည့်ကြားကိုဝင်လာပြီး မောင်နှမနှစ်ယောက်လုံးက သူ့အားဖွင့်ပြောလာကြသည်။ သူဒိတ်လုပ်ချင်သည့်လူနှင့်ကလေးမွေးပေးချင်သူတစ်ယောက်ကိုအတင်းရွေးခိုင်းခဲ့ကြသည်။ သူကကြောက်လွန်း၍ထွက်ပြေးနေမိသော်လည်း ထိုနှစ်ယောက်က သူ့အားပြန်ဖမ်းမိသွားသည်။ အဖြေမပေးမချင်း သူသည်ကား ချောင်ပိတ်ခံနေရလေတော့၏။
"!"
ဖုယွမ်ကျိုးမှာ ချက်ချင်းပင် အိပ်မက်မှလန့်နိုးလာရသည်။ အလန်းသံမြည်လာချိန်တွင် သူ့မျက်နှာကိုပွတ်သပ်ကာ အိပ်ရာမှထကာဆေးကြောရင်း အိပ်မက်ကိုနောက်ထပ်မစဥ်းစားနေတော့ပေ။
မဖြစ်နိုင်ဘူး...ရှောင်ဖေးက အိုမီဂါပဲဖြစ်မှာပါ..
အိပ်ခန်းအပြင်သို့ထွက်လာချိန်တွင် ဖုယွမ်ကျိုးမှာ ရှက်နေမိပြီး ရှဲ့လင်နှင့်အတူ ဘယ်လိုကျောင်းသွားရမှန်းမသိတော့ပေ။ သို့သော် ကားပေါ်တက်လိုက်ချိန်တွင် ရှဲ့လင်ကကားပေါ်၌ရှိမနေခဲ့ပေ။ ဒရိုင်ဘာမှ ရှဲ့လင်က မနက်ပိုင်းတွင်လုပ်စရာရှိနေ၍ ကျောင်းကိုအရင်သွားနှင့်သည်ဟုပြောလာ၏။ ထို့ကြောင့် အနှီသူက ကားခေါ်ပြီးသူ့အားထားခဲ့လိုက်ခြင်းပင်။
တစ်ခုခုပဲ။ ဖုယွမ်ကျိုး ငိုင်သွားပြီး ဖုန်းထဲမှမက်ဆေ့ချ်အချို့ကိုစစ်ကြည့်လိုက်သည်။ WeChat တွင်တော့ ထုံးစံအတိုင်း ရှဲ့လင်ကသူ့အား 'ဂွတ်မောနင်း'ဟုသာစာပို့ထား၏။ အရင်သွားနှင့်မည့်အကြောင်းရော ကိစ္စရှိသည့်အကြောင်းပါမပြောထားပေ။ ဆင်ခြေပေးတာများလား၊ ဒါပေမဲ့ သူကတကယ်ကြီးသူ့ကိုရှောင်ချင်နေတာလား။
ဖုယွမ်ကျိုးမှာ စိတ်တိုသွားခဲ့၏။ သူပင်ရှဲ့လင်ကို မရှောင်နေခဲ့။ ရှဲ့လင်ကသူ့အားရှောင်နေသတဲ့လား။ အမှားလုပ်ထားခြင်းလည်းမဟုတ်။ ဆယ်နှစ်ကျော်ခန့်ပေါင်းသင်းလာခဲ့သည့် ညီအစ်ကိုအရင်းကြီးက ရုတ်တရက်ဖွင့်ပြောလာသည့်အခါ မည်သူကများလက်ခံနိုင်ပါမည်နည်း။
ဒေါသများကိုမြိုသိပ်ရင်း ဖုယွမ်ကျိုး ကျောင်းရောက်လာခဲ့ရသည်။ အတန်းချိန်နှစ်ချိန်ပြီးမှ ယွမ်ယဲ့တစ်ယောက်အတန်းထဲသို့ဝင်လာခဲ့သည်။ ဖုယွမ်ကျိုး ထိုသူကိုစကားပြောရန်လုပ်လိုက်သည့်အခါ သူချက်ချင်းအေးခဲသွားပြီး ပြောမည့်စကားကိုပင်မေ့သွားခဲ့၏။
"မင်းဘာလို့ဆံပင်အရောင်ကိုထပ်ပြောင်းလိုက်ပြန်တာလဲ..."
ဖုယွမ်ကျိုး ယွမ်ယဲ့၏အနက်ရောင်ခေါင်းကို မယုံကြည်ဟန်ဖြင့်ကြည့်လိုက်သည်။ လွန်ခဲ့ရက်ကမှ ဆံပင်ကအနီရောင်ဖြစ်နေသေးသည်။ ဘာကြောင့်ရုတ်တရက်အနက်ရောင်ပြောင်းသွားပါသနည်း။
"မင်းပဲ ငါ့ဆံပင်ကအနက်ရောင်ဆိုရင်ကြည့်ကောင်းတယ်ဆို.."
ယွမ်ယဲ့ သူ၏ဆံပင်ရှည်များကိုထိုးဖွပြီး လူမိုက်ဆန်ဆန်ပြုံးပြလာသည်။
"အဲဒါကြောင့် ပြောင်းလိုက်တာလေ...ဘာလို့လဲ.."
"မင်းက တကယ်ငါ့စကားကိုနားထောင်တာပဲ...ငါကြိုက်လို့ကွာ...ဘာဖြစ်လဲ.."
ယွမ်ယဲ့: "ကိစ္စမရှိဘူး...မင်းကိုငါဦးဆုံးပြတာ...မင်းသဘောကျတယ်မလား..."
"ကြည့်ကောင်းတယ်..."
ဖုယွမ်ကျိုးခေါင်းညိတ်ပြလိုက်သည်။ သူယွမ်ယဲ့ကို မကြိုက်ဘူးဟု ဘယ်လိုများပြောနိုင်ပါမည်နည်း။ တကယ်လည်း ယွမ်ယဲ့ကဆံပင်အနက်နှင့်ဆိုကြည့်ကောင်းသည်မလား။
"မင်းကြိုက်လား..."
ယွမ်ယဲ့က ဖုယွမ်ကျိုး၏လက်ကိုဆွဲကာ လက်ချောင်းလေးများကိုပွတ်သပ်ပြီး လက်ဖဝါးထဲတွင်ဆုပ်ထွေးထားလေသည်။
"ဒါဆို မင်းကိုပဲယုံလိုက်တော့မယ်..."
"?"
ဖုယွမ်ကျိုးကနားမလည်သေးပါချေ။
"ငါပြောတာက လက်ဆောင်ပေးမယ်လို့..."
ယွမ်ယဲ့က အသံကိုအဆုံးနားလေးတွင်ဆွဲဆန့်လိုက်၏။
"ငါ့ကိုမင်းဆီပေးမယ်လေ..ငါ့ကိုလိုချင်လား..."
ဖုယွမ်ကျိုး ဂရုမစိုက်တော့သည့်ပုံစံဖြင့် သူ့လက်ကိုခါထုတ်ပစ်လိုက်သည်။
ယွမ်ယဲ့က မျက်ခုံးပင့်ကာ စကားပြောတော့မည့်အချိန်။ ဖုယွမ်ကျိုးဖုန်းကတုန်ခါလာခဲ့သည်။ သတင်းကိုမြင်လိုက်ရသည်နှင့် ဖုန်းကိုကောက်ကိုင်ပြီးတစ်ချက်ခန့်ကြည့်ကာ ရုတ်တရက်ရပ်သွားလေ၏။
သူ့အားစာပို့လာသူက ယွိဖေးပင်။