Chapter 11
Viewers 2k

Chapter 11



မက်ဆေ့ချ်ဝင်လာချိန်တွင် ဖုယွမ်ကျိုးမှာ ဖုန်းဖွင့်ထားမိ၏။ ပေးပို့သူအမည်မှာ ယွိဖေးဖြစ်နေကြောင်းတွေ့လိုက်ရရုံသာဖြစ်ပြီး စာကိုပင်သေချာမဖတ်ရသေးပေ။ 


ရုတ်တရက်ပင် သူ၏စိတ်အခြေအနေကကောင်းသွားပြန်ပြီး Wechat ထဲသို့ဝင်ကာ ယွိဖေးနှင့်စကားပြောရန်ပြင်လိုက်၏။ သို့သော်ငြား ထိုအချိန်မှာပင် ယွိဖေးကပို့ထားသည့်မက်ဆေ့ချ်ကိုဖျက်ပစ်လိုက်သည်။ 


စက္ကန့်အနည်းငယ်ကြာပြီးနောက် တဖက်လူကသူ့အား မက်ဆေ့ချ်အသစ်ပေးပို့လာသည်။ 


"ဆောရီး..ငါ WeChat သုံးတာမကြာသေးဘူး...လက်ချော်ပြီး မက်ဆေ့ချ်မှားပို့မိသွားတယ်..." 


မက်ဆေ့ချ်သည်ကား မှားယွင်းပြီးရောက်လာသည်ပင်။ ထူးဆန်းသည်။ ဘာကြောင့် ယွိဖေးက ရုတ်တရက်ကြီး သူ့အားဆက်သွယ်လာရသနည်း။ 


ယွိဖေးအသံကလည်းထူးဆန်းနေသည်။ ငယ်စဥ်တည်းက အတူကစားခဲ့ကြဖူး၍ အကြောင်းသိနေခဲ့ကြလင့်ကစား အဆက်အသွယ်ပြတ်နေခဲ့ကြသည်မှာ နှစ်အတန်ကြာခဲ့ပြီ။ ယခင်ဘဝကပင် ပြန်ဆက်သွယ်ရန်ခဲယဥ်းခဲ့ကြ၏။ 


စိတ်ထဲမှ ပါးလျသော နှမြောတသဖြစ်မှုကိုဖယ်ရှားလိုက်ရင်း ဖုယွမ်ကျိုးစာပြန်လိုက်သည်။ 


"ရပါတယ်" 


ယွိဖေးမရှက်သွားစေရန် သူ့ဘက်မှ တမင်ရည်ရွယ်ပြီး ချစ်စရာကောင်းသည့်အီမိုဂျီလေးပို့လိုက်ကာ လေထုကိုထိန်းသိမ်းထားလိုက်သည်။ 


တဖက်ကလည်းသူ့အား အီမိုဂျီပြန်ပို့လာခဲ့သည်။ ဖုယွမ်ကျိုးက သူတို့နှစ်ယောက်၏အပြန်အလှန်စကားပြောမှုမှာ သည်နေရာတွင်ပင်အဆုံးသတ်သွားပြီဟုတွေးခဲ့သည့်တိုင် ယွိဖေးကနောက်ထပ်မက်ဆေ့ချ်တစ်စောင်ကိုထပ်ပို့လာခဲ့သည်။ 


"ဆောရီး...အတင့်ရဲသလိုဖြစ်သွားမယ်ထင်တယ်...နင်ငါ့ကိုမှတ်မိလားဟင်...ငါကယွိဖေးလေ...ငယ်ငယ်ကအတူကစားနေကျ...ငါနိုင်ငံခြားကိုထွက်သွားပြီး ​မကြာသေးခင်ကမှပြန်လာခဲ့တာ..." 


ဒါပေါ့...သူဘယ်လိုလုပ်မမှတ်မိဘဲနေမလဲ... 


ဖုယွမ်ကျိုး အလိုလိုပြုံးလိုက်မိ၏။ ရှောင်ဖေးကသူနှင့် စကားထပ်ပြောချင်နေသေးမှန်းသိလိုက်ရ၍ သူအင်မတန်စိတ်ပျော်နေလေသည်။ 


အရင်ဘဝကအတိုင်း ရှောင်ဖေးဘက်မှ သူ့ထံသို့အရင်ချဥ်းကပ်ခဲ့ပြီး သူ့နောက်ကိုလိုက်ခဲ့သည်။ယခုပြန်တွေးကြည့်မှ ရည်းစားဟောင်းတစ်ယောက်အနေဖြင့် တာဝန်မကျေသလိုပင်။ ဤတကြိမ်တော့ သူ့ဘက်မှအရင်စသင့်သည်မလား။ 


စိတ်ထဲမှသာ ထိုသို့တွေးလိုက်သည့်တိုင် ရှဲ့လင်အကြောင်းတွေးလိုက်မိသည်နှင့် စိတ်လှုပ်ရှားမှုမရှိလာတော့ပေ။ 


အရင်ဘဝက ရှဲ့လင်သည် သူ့အားသဘောမကျခဲ့ဘဲ ရှောင်ဖေးနှင့်တွဲနေစဥ်ကလည်း မပျော်ခဲ့ပေ။ ဤဘဝတွင်မူ ရှဲ့လင်ကသူ့အားသဘောကျနေခဲ့သည်။ သူတို့သာ နောက်တကြိမ်အတူပြန်ဖြစ်သွားခဲ့ပါက ရှဲ့လင်ဘယ်လိုတုံပြန်မည်နည်း။ မနေ့ညက အိပ်မက်က အနှီဥပေက္ခာပြုထားမှု၏ လက္ခဏာပင်မလား။ 


ဖုယွမ်ကျိုးမှာ တွေးပင်မတွေးရဲတော့။ သူရှဲ့လင်ကိုအပြစ်မတင်ချင်သော်လည်း ဤဘဝတွင် ABO လိင်အမျိုးအစားတစ်ခုဖြစ်လာရခြင်းကိုမူ ရွံမုန်းနေမိသည်။ တစ်ယောက်က အယ်လ်ဖာဖြစ်ပြီး တစ်ယောက်ကအိုမီဂါဖြစ်နေသည့်အပြင် ရှဲ့လင်က သူ့အပေါ်စိတ်ဝင်စားနေသေးသည်။ အရင်ဘဝက ရှဲ့လင်၏ပုံစံကိုကြည့်ပြီး ထိုသူကရှဲ့လင်ကိုစိတ်ဝင်စားနေသည်ဟု မပြောနိုင်ခဲ့ပေ။ 


အားလုံးက ဖယ်ရိုမုန်းကြောင့်ပင်။ 


သူရှဲ့လင်ကိုစိတ်ဆိုးနေမိသော်လည်း ထိုသူအကြောင်းတွေးလိုက်မိရုံဖြင့် စိတ်မလှုပ်ရှားရဲတော့ဘဲ စာပြန်လိုက်ရသည်။ 


"ဒါပေါ့...မှတ်မိတာပေါ့..ငယ်ငယ်တုန်းက နင်ရယ်ငါရယ် နင့်အစ်ကိုရှဲ့လင်ရယ်က အမြဲတတွဲတွဲပဲလေ..နင့်အစ်ကိုက တခါတလေနင့်အကြောင်းပြောတတ်တယ်" 


ထိုအခိုက် ယွိဖေးကနာမည်ပြောင်းထားကြောင်းတွေ့လိုက်ရသည်၊၊ အရင်က WeChat အကောင့်မှန်သော်လည်း ယခုသူမ၏အမည်က "ယွိဖေး" ဖြစ်နေပြီ။ 


ဘာလို့ နာမည်ပြောင်းလိုက်တာလဲ။ ဖုယွမ်ကျိုးနားမလည်နိုင်သော်လည်း ယင်းကသူ့အားဖုံးကွယ်ထားခြင်းမရှိကြောင်းကိုပြသပြီး လက်ရှိယွိဖေးကိုမတွေ့ဖူးသေးသလို သူမဘက်မှ သူ့အပေါ်ထင်မြင်ချက်ကိုလည်းမသိရသေးပေ။ 


"ကောင်းလိုက်တာ...ယွမ်ကျိုး..နင်ငါ့ကိုမှတ်မိသေးတာပေါ့..." 


ယွိဖေးကား အတော်လေးပျော်နေပုံပင်။ 


"ဒီရက်ထဲမှာ ငါနင့်ကိုတကယ်မက်ဆေ့ချ်ပို့ချင်နေတာ၊ ငါပြောမလို့လုပ်ပေမဲ့ နင်ငါ့ကိုမေ့နေမှာစိုးလို့..အခုလေးတင် မတော်တဆမှားနှိပ်မိမှ...မဟုတ်ရင် ငါနင့်ကိုဘာမှပို့မိမှာမဟုတ်ဘူး" 


ဖုယွမ်ကျိုးသည် ယွိဖေးဘက်မှလည်းစိတ်ရှိနေလိမ့်မည်ဟုမျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် ချက်ချင်းမက်ဆေ့ပြန်ပို့လိုက်ပြီး သူမကိုမမေ့သေးကြောင်းပြောလိုက်ရသည်။ 


သူသည် ယွိဖေးနှင့်စကားပြောရာတွင်စိတ်ရောက်နေပြီး ဒူးနှင့်ခုံစောင်တိုက်မိလိုက်သည့်တိုင် မျက်နှာကပြုံးရွှင်နေသေး၏။ 


"မင်းနဲ့ဘယ်သူစကားပြောချင်နေတာလဲ.." 


ယွမ်ယဲ့က ထိုင်ခုံနောက်ကျောတွင် လက်တင်ထားပြီး သူ့ဘေးတွင်မတ်တပ်ရပ်နေလေသည်။ မိုးထိုးနေသည့်အရပ်ကြောင့် အရှိန်အဝါကြီးနေသယောင်ပင်။ 


"ဒီလောက်တောင်ရယ်နေတာ...ငါ့ကိုပါမေ့သွားပြီလား..." 


ထိုအခါမှ ယွမ်ယဲ့ကသူ့ဘေးတွင်ရှိနေမှန်းသတိရသွားခဲ့သည်။ဖုယွမ်ကျိုးမှာ ချက်ချင်းပင် ဖုန်းကိုချလိုက်ပြီး အနှီသူကိုချော့မော့လိုက်၏။ 


"ဆောရီးကွာ..ငါ့ရဲ့ငယ်သူငယ်ချင်းတစ်ယောက်ကဆက်သွယ်လာလို့ပါ..သူနဲ့ငါနဲ့စကားမပြောဖြစ်တာ နှစ်တွေကြာပြီဆိုတော့ စကားနည်းနည်းပြောနေကြတာ.." 


"နောက်တစ်ယောက်လား..." 

ယွမ်ယဲ့ကပါးနပ်သည်။ 

"စီနီယာရှဲ့လင်တင်မကပဲ မင်းမှာ ငယ်ချစ်ဦးတွေအများကြီးရှိနေတာလား..."


"သူ့ကိုပါထည့်တွက်ရင် နှစ်ယောက်တည်းပါ...သူကရှဲ့လင်ရဲ့ဝမ်းကွဲလေ..." 


"သူလည်းအိုမီဂါပဲလား..." 


"မသိရသေးဘူး..." 


ယွမ်ယဲ့: "တချို့ကိစ္စတွေက ရှင်းအောင်မေးသင့်တယ်..မင်းရဲ့အိပ်မက်က အိုမီဂါတစ်ယောက်ကိုလက်ထပ်နိုင်ဖို့ပဲ..ဒါပေမဲ့ သတိလည်းထားဦး...အယ်လ်ဖာဖြစ်နေဦးမယ်.." 

ထို့နောက် အနှီသူကခဏရပ်သွားကာ 

"ငါ့လိုအယ်လ်ဖာလေ.." 


ခွေးပါးစပ်နဲ့ 


ဖုယွမ်ကျိုးမှာ ထိုသို့ပြောတော့မည့်စဲစဲ မှားနေသည့်အရာတစ်ခုရှိနေသလိုပင်။ ယွမ်ယဲ့ရဲ့လေသံက ဘာလိုထူးဆန်းနေတာလဲ။ 


"မင်းကဘာလို့ အဲဒီလိုထင်ရတာလဲ.." 

သူက အသာချောင်းဟန့်လိုက်၏။ 

"ငါတို့ကစကားပြောနေရုံပဲ..သူကအိုမီဂါဖြစ်နေလည်း မေးစရာမလိုပါဘူး.." 


ထို့နောက် မှားနေသေးသလိုခံစားရပြန်သည်။ သူဘာလို့ယွမ်ယဲ့ကို ဖြစ်ကြောင်းကုန်စင်ရှင်းပြနေမိတာလဲ။ 


"ဒါဆိုလည်းမင်းပဲပြောတော့.." 


ယွမ်ယဲ့ကပြုံးလိုက်ကာ ထိုင်ခုံတွင်ထိုင်နေကျအတိုင်းဝင်ထိုင်ပြီး စကားမပြောတော့ဘဲ ဖုန်းနှင့်ဂိမ်းကစားနေခဲ့သည်၊၊ ထို့နောက် နားကြပ်ပါတပ်ထားလိုက်လေရာ မည်သူကမှသူ့အားအနှောင့်အယှက်မပေးနိုင်တော့ပေ။ 


ဖုယွမ်ကျိုး အတွေးမလွန်နေတော့ဘဲ ယွိဖေးနှင့်သာစကားဆက်ပြောနေလိုက်ပြီး နောက်အတန်းမစခင်အထိ ဖုန်းကိုလက်ထဲမှမချတော့ပေ။ 


နောက်အတန်းချိန်က တာ့ယန်၏သင်္ချာအချိန်။ အစပိုင်းကတော့ ထိုသူကစာမသင်သေးဘဲ အခြားအကြောင်းအရာများကိုသာအလေးအနက်ထားပြီးပြောနေခဲ့သည်။ 


နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်း၏အနီးအနားတွင် ကြောင်များကိုညှင်းပန်းနှိပ်စက်သည့်မတော်ဆမှုတစ်ခုဖြစ်ခဲ့သည်။ ကြောင်သေများကို လူနေအိမ်တံခါးဝများအရှေ့တွင်ပစ်ချထားခဲ့ကြပြီး အနားမှနေထိုင်သူများကလည်း ထိုကိစ္စအပေါ်ပြစ်တင်ဝေဖန်ခဲ့ကြသည်။ အချို့ကရဲတိုင်ခဲ့ကြသော်လည်း တရားခံကိုမဖမ်းမိခဲ့ကြပေ။ 


မနေ့ညကမူ တရားခံက အမှတ်တစ်အထက်တန်းကျောင်းသို့ရောက်လာပြီး ကျောင်းအပြင်ရှိလေလွင့်ကြောင်လေးတစ်ကောင်ကို နှိပ်စက်ခဲ့သည်။ သူက တစ်ယောက်တည်းစာကျက်နေခဲ့သော စီနီယာအထက်တန်းကျောင်းသားတစ်ယောက်အား ရိုက်နှက်တော့မည်အထိဖြစ်ခဲ့၏။ ကျောင်းသားလေးကသူ့အားတားဆီးရန်ကြိုးစားရင်း ဒဏ်ရာရခဲ့သည်။ တရားခံကိုမူ ညစောင့်တာဝန်ကျသူများကဖမ်းခေါ်သွားကြပြီး ရဲလက်သို့အပ်လိုက်ကြလေသည်။ 


တရားခံကိုဖမ်းဆီးလိုက်နိုင်ပြီဆိုသော်ငြား ကျောင်းသားများကို လုံခြုံရေးအသိသတိရှိကြရန်ကျောင်းကနှိုးဆော်ထားကာ ရာဇဝတ်မှုကျုးလွန်သူများနှင့်ရန်မဖြစ်ရန်နှင့် မတော်တဆမှုတစ်ခုဖြစ်ခဲ့လျှင် ကျောင်းကိုအချိန်မီလာပြီး ရဲကိုဆက်သွယ်ရန်မှာကြားထားခဲ့သည်။ 


ဖုယွမ်ကျိုး ထိုအကြောင်းကိုကြားလိုက်ရသည့်အခါ အနည်းငယ်မျှအံ့အားသင့်သွားခဲ့သည်။ ယခင်ဘဝကလည်း ထိုကိစ္စရှိခဲ့ဖူးသည်ကို ဝိုးတဝါးမျှမှတ်မိနေခဲ့၏။ထိုသို့မှတ်မိနေရခြင်းမှာလည်း ထိုအချိန်က ဒဏ်ရာရသွားသူမှာ ရန်ရှူးထန်ဖြစ်နေသောကြောင့်ပင်။ ရန်ရှူးထန်ကကြောင်ချစ်တတ်ပြီး ကျောင်းအပြင်က လေလွင့်ကြောင်လေးများကိုပါအစာကျွေးတတ်သည်ဟု သူကြားဖူးခဲ့သည်၊၊ ကြောင်များအတွက် ဂိုဏ်းစတားများနှင့်တိုက်ခိုက်ရလျှင်လည်း ဝန်မလေးသူပင်။ 


ထို့ကြောင့် စီနီယာအထက်တန်းတွင် ဒဏ်ရာရသူက ရန်ရှူးထန်ဖြစ်လောက်သည်။ မနက်ပိုင်းက ရှဲ့လင်ပြောသွားသည့် ကိစ္စရှိသည်ဟူသည့်စကားမှာ ၎င်းပေလား။ ဆင်ခြေပေးသွားခြင်းမဟုတ်ဘဲ ထိုကျောင်းသားနှင့်ပတ်သတ်နေသည်လား။ 


ရှဲ့လင်အပေါ် အထင်လွဲသွားမိသည်ဟုတွေးမိသည့်အခါ ဖုယွမ်ကျိုး စိတ်မဆိုးနေတော့ဘဲ ရှဲ့လင်ကိုသွားမေးချင်ခဲ့သည်၊၊ သို့ထိတိုင် သူအတန်းထဲတွင်ရှိနေ၍ ဖုန်းခေါ်၍မရဘဲ ထိုသူကသူ့အားမက်ဆေ့ချ်မပို့ရန်ပင် ပြောသွားခဲ့သည်။ သို့တစေ အနှီသူက ထိုအကြောင်းကိုပင်မပြောပြဘဲ အရင်ထွက်သွားခဲ့၍ သူရှဲ့လင်ကိုမေးမြန်းချင်နေခဲ့သည်။ 


အတန်းပြီးသွားသည့်အခါ ရှဲ့လင်က ကျောင်းသားသမ္မဂနှင့်အတန်းကိုယ်စား အတန်းခေါင်းဆောင်နှင့်ဆရာများကိုခေါ်ကာ ဒဏ်ရာရကျောင်းသားကိုဆေးရုံပို့ပေးနေ၍ ဖုယွမ်ကျိုးကိုအရင်ပြန်နှင့်ရန် မက်ဆေ့ချ်ပို့လာခဲ့သည်။ 


ဖုယွမ်ကျိုးက နားလည်ကြောင်းအီမိုဂျီလေးပြန်ပို့လိုက်သည်။ အတန်းပြီးသည့်နောက် ရှဲ့လင်က ယနေ့အတော်လေးအလုပ်များနေ၍ ရှဲ့လင်ကိုမဆက်သွယ်နိုင်ခဲ့သည့်အကြောင်း အသံမက်ဆေချ့်ပေးပို့လာခဲ့သည်။ တမင်လုပ်ခြင်းမျိုးမဟုတ်၍ သူ့အားစိတ်မဆိုးရန်လည်းချော့မော့ပြောနေခဲ့သည်။ 


"ဘယ်သူကစိတ်ဆိုးလို့လဲ...ငါမဆိုးပါဘူး..." 


ဖုယွမ်ကျိုးနားရွက်များက နီရဲနေလျက်သားဖြင့် ငြင်းလိုက်သည်။ ရှဲ့လင်က သူ့အပေါ်ဂရုစိုက်သလိုလုပ်ပြနေပြန်ပြီ။ 


ရှဲ့လင်: "မင်းကစာတောင်ပြန်မပို့တော့ စိတ်ဆိုးနေတယ်ပဲထင်တာပေါ့...ကိုယ့်ကြောင့်ဖြစ်မယ်လို့တောင်ထင်လိုက်တာ.." 


"လျှောက်တွေးမနေနဲ့...မင်းကြောင့်မဟုတ်ဘူး..." 

ဖုယွမ်ကျိုး စိတ်ရှုပ်နေသောအီမိုဂျီအတန်းလိုက်ကြီးကိုပို့လိုက်သော်လည်း ပို့လိုက်ပြီးမှ သူဖုံးကွယ်နေမိသည်ကိုသဘောပေါက်သွားမိ၏။ 


"အတွေးလွန်နေတာမဟုတ်ဘူး..."

ရှဲ့လင် အသံမက်ဆေ့ချ်ပြန်ပို့လိုက်ပြီး ခဏရပ်သွားသည်။ ထို့နောက်ပြန်ပေါ်လာပြန်၏။

"မင်းက ကိုယ်သဘောကျနေရတဲ့သူလေ..ကိုယ့်ကြောင့်နဲ့မပျော်မရွှင်ဖြစ်နေရတာတော့ မမြင်ချင်ပါဘူး..." 


သေစမ်း...


ဖုယွမ်ကျိုး နားကြပ်မတပ်ထားဘဲ သည်အတိုင်းနားထောင်နေခဲ့ခြင်းဖြစ်သည်၊၊ ထိုစကားကြားလိုက်ရသည့်အခါ သူ့လက်ထဲမှဖုန်းပင် လွတ်ကျတော့မလိုဖြစ်သွားခဲ့၏။ 


သူသည် မလုံမလဲဖြင့်ဘေးဘီကိုလှည့်ကြည့်လိုက်၏။ အတန်းကဆူနေ၍ သူ့အနားတွင်မည်သူမှမရှိနေသော်လည်း ရှဲ့လင်အသံကိုကြားသွားမည့်သူရှိနေမည်ကို စိုးရိမ်နေမိသည်။ 


သူဘယ်လိုများရှင်းပြရပါ့မလဲ... 


သူသည်ကား ပူကြွပ်နေသည့်နားရွက်များကိုလှမ်းကိုင်လိုက်ပြီး ဖုန်းကိုအိတ်ထဲထည့်လိုက်သည်။ ရှဲ့လင်ကသူနှင့်အတူမပြန်နိုင်၍ ထိုသူကိုဖုန်းပြန်ခေါ်ချင်နေပြီး ဒရိုင်ဘာကိုလည်း သူ့အားစောစောလာခေါ်စေချင်နေခဲ့သည်။