Chapter 12
Viewers 2k

Chapter 12





အိမ်မပြန်မှီ ဖုယွမ်ကျိုးက ကျောင်းအနားမှစာရေးကိရိယာဆိုင်တစ်ဆိုင်ကိုသွားပြီး ကျောင်းသုံးစာအုပ်အနည်းငယ်ဝယ်ခဲ့သည်။ စာအုပ်ဆိုင်တွင်လည်း ကျောင်းသားအချို့က နှိပ်စက်ခံရသည့်ကြောင်များအကြောင်းကိုပြောနေခဲ့ကြ၏။ ကျောင်းသူလေးတစ်ယောက်က ကျောင်းအနားမှကြောင်အုပ်ကိုတွေ့ချင်သော်လည်း တွားသွားမှရပေမည်။ လူတစ်ယောက်ဒဏ်ရာရသွားပြီးသည့်နောက် ကြောင်အမေကြီးက အလွန်အကျွံသတိရှိနေပြီး ကြောင်ပေါက်လေးများနှင့်ထွက်ပြေးသွားတတ်၍ တစ်ကောင်ပင်မတွေ့ရတော့ပေ။ 


ဖုယွမ်ကျိုး စာအုပ်များကိုပိုက်ကာ ဆိုင်အပြင်ထွက်လာပြီး အငှားယာဥ်ခေါ်တော့မည့်အချိန်တွင် လမ်းဆုံနားမှ ခပ်သေးသေးလူတစ်ယောက်ထံပြေးသွားလိုက်ပြီး လက်ထဲမှစာအုပ်များပင် ပြုတ်ကျတော့မယောင်ဖြစ်သွားခဲ့သည်။ 


"....ရန်ရှူးထန်...?" 


ဖုယွမ်ကျိုးမှာ ခပ်ချောချောမျက်နှာကိုတွေ့လိုက်ရ၍ အံ့အားသင့်သွားခဲ့သည်။ သူလည်း ရန်ရှူးထန်ကို သည်နေရာတွင်တွေ့ရလိမ့်မည်ဟုမျှော်လင့်မထားခဲ့ပေ။ 


ရန်ရှူးထန်ကလည်း လှည့်ကြည့်လာပြီး သူ့အား အေးဆေးစွာဖြင့်ခေါင်းညိတ်ပြလာသည်၊ ဖုယွမ်ကျိုးမျက်လုံးများက ရန်ရှူးထန်၏လက်ပေါ်ရောက်သွားခဲ့သည်။ ၎င်းက ကြောင်စာအိတ်တစ်အိတ်ကိုကိုင်ထား၍ နားလည်လွယ်မည့်မေးခွန်းတစ်ခုကိုမေးလာခဲ့သည်။ 


"မင်းဒီကိုကြောင်စာလာကျွေးတာလား..." 


"ဒါပေမဲ့ တစ်ကောင်မှမရှိဘူး..." 


ရန်ရှူးထန်က လမ်းကြားလေး၏ဟိုဘက်သည်ဘက်ကိုလှည့်ကြည့်သည်။ 

"ငါသူတို့ကိုရှာမတွေ့ဘူး..." 


"ကြည့်ရတာ သူတို့အရမ်းလန့်သွားတော့ နောက်ထပ်နှစ်ရက်လောက်နေမှထွက်လာမယ်ထင်တယ်..." 


သူကိုယ်တိုင်လည်း တိရစ္ဆာန်ငယ်လေးများကိုအနိုင့်ကျင့်တတ်သူဆိုလျှင် မုန်းတီးနေမိ၍ဖြစ်နိုင်သည်။ ဖုယွမ်ကျိုးက ရန်ရှူးထန်ကိုရှားရှားပါးပါးပြောလိုက်မိ၏။ 


"အဲဒီလူသတ်သမားက အရမ်းမုန်းစရာကောင်းတာပဲ..ကြောင်တွေကိုသတ်တဲ့အပြင် လူတွေကိုပါဒဏ်ရာရအောင်လုပ်သေးတယ်...ဖမ်းမိသွားလို့တော်သေးတာပေါ့..ဒါပေမဲ့ ကြောင်တွေကတော့..." 


ရန်ရှူးထန်ကား နှုတ်ခမ်းများကိုဖိလိုက်ပြီး အိတ်ကို ခပ်တင်းတင်းဆုပ်ထားမိသည်။ ခဏကြာမှ ဖုယွမ်ကျိုးက သက်ပြင်းချပြီးပြောလိုက်သည်။ 


"အဲဒီကြောင်လေးတွေမွေးစားခံရင်ကောင်းမှာပဲ..ငါဒီနေ့ Moment တစ်ခုတွေ့လိုက်တယ်...လေလွင့်ကြောင်လေးတွေကိုမွေးစားချင်လို့တဲ့...သူကအရမ်းသဘောကောင်းတာပဲ...သူသာကြောင်လေးတွေကိုမွေးစားလိုက်ရင်ကောင်းပေမဲ့ အခုထွက်ပြေးသွားတော့ ရှာမတွေ့နိုင်တော့ဘူး... 


"ငါသူတို့ကိုရှာတွေ့ရင်..." 

ရန်ရှူးထန်ကသူ့အားကြည့်လာခဲ့သည်။ 

"မင်းသူငယ်ချင်းတွေကိုဆက်သွယ်ပေးပါလား.." 


"အိုကေ...ရတယ်လေ..." 

ဖုယွမ်ကျိုးလည်း ပြန်ပြောလိုက်သည်။ 

"ဒါပေမဲ့ မင်းရောသူတို့ကိုရှာနိုင်လား..." 


ရန်ရူထန်ကခေါင်းညိတ်ပြီး ဖုယွမ်ကျိုးက ထိုသူအား ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။ သည့်နောက် သူထပ်မေးလိုက်၏။ 

"မင်းကြောင်ကိုအဲဒီလောက်ချစ်တာလား...ဘာလို့ကိုယ်ဟာကိုယ်အိမ်မှာမမွေးတာလဲ..." 


"ငါကကြောင်မွှေးနဲ့အလာဂျစ်ရှိတယ်..." 

ရန်ရှူးထန်က ခဏမျှတိတ်ဆိတ်နေပြီးနောက် ခေါင်းယမ်းပြလိုက်သည်။ 


"စိတ်မကောင်းစရာပဲ..."

ဖုယွမ်ကျိုးပျော်နေမိသည်။ သူရယ်ချင်နေ၍မဟုတ်သော်လည်း မတတ်နိုင်ပေ။ ရန်ရှူးထန်ကကြောင်ချစ်သော်ငြား ကြောင်များနှင့်မကစားနိုင်ပေ။ ဤမျှလောက်စိတ်ဝင်စားဖွယ်ကောင်းသည့်အရာမရှိတော့။ သူတကယ်ပင် အနှီသူ၏ကံဆိုးမှုကို မျက်တောင်မခတ်ဘဲကြည့်လိုက်ချင်သည်။ 


ယခင်ဘဝက သူသည် အနှီသူကိုလှောင်မိတိုင်း ရန်ရှူးထန်ကသူ့အား အေးတိအေးစက်ဖြင့်ကြည့်တတ်သော်ငြား ဤတစ်ကြိမ်တွင်မူ ဖုယွမ်ကျိုးကို ကျေးဇူးတင်ကြောင်းပင်ပြောလိုက်သေးသည်။ 


ရန်ရှူးထန်က တစ်ခုခုကိုရှာနေသလိုလှည့်ပတ်ကြည့်လိုက်၏။ 


"စီနီယာရှဲ့လင်ရော" 


ဖုယွမ်ကျိုး: "သူကအတန်းဖော်နဲ့တွေ့ဖို့ ဆေးရုံလိုက်သွားတယ်...ငါကတစ်ယောက်တည်းပြန်ရမှာ...မင်းကဘာလို့သူ့ကိုလိုက်ရှာနေတာလဲ.." 


ရန်ရှူးထန်ခေါင်းယမ်းပြလိုက်ပြီး ခေတ္တမျှအသံတိတ်နေပြီးမှပြန်မေးလာသည်။

"အတူပြန်ချင်လား...ရထားနဲ့ပြန်မှာ.." 


"ရတယ်...ငါချိန်းထားတာရှိသေးလို့..." 


ဖုယွမ်ကျိုးလည်း အံ့ဩသွားခဲ့သည်။ ရန်ရှူးထန်က သူနှင့်အတူအိမ်ပြန်ရန် အရင်ပြောလာလိမ့်မည်ဟုထင်မထားခဲ့ပေ။ ရန်ရှူးထန်နှင့်သူက ရန်သူအဖြစ်မှမိတ်ဆွေအဖြစ်ရောက်လာရခြင်းမှာ ကြောင်မွေးစားမည့်ကိစ္စတွင်ကူညီပေးလိုက်၍ပေလား။ 


အငြင်းခံလိုက်ရသည့်တိုင် ရန်ရှူးထန်က ထိုအကြောင်းဆက်မပြောတော့ပေ။ 


"ငါမကြာခင်ရက်ပိုင်းက မင်းရဲ့ WeChat အကောင့်ကိုအပ်ထားသေးတယ်...မင်းမမြင်သေးဘူးထင်တယ်..မင်းစစ်ကြည့်လိုက်ဦး..ငါမင်းကိုကြောင်ပုံပို့ပေးမယ်..မင်းသူငယ်ချင်းတွေကိုပြလိုက်ပြီးရင် မွေးစားဖို့မေးကြည့်လိုက်ပေါ့..." 


"အိုကေ...ငါမေးလိုက်မယ်..." 


ဖုယွမ်ကျိုး ဆောက်တည်ရာမရဖြစ်နေသည်။ တကယ်တမ်းတွင် သူသည်အသိပေးချက်ကိုတွေ့ထားခဲ့သော်လည်း ထိုအချိန်က ရန်ရှူးထန်၏ friend requset ကိုလက်မခံချင်ခဲ့သောကြောင့် လျစ်လျူရှုထားခဲ့မိခြင်းဖြစ်သည်။ နောက်ဆုံး သည်ဘူတာကိုပင်ပြန်ဆိုက်လာရမည်ဟု စိတ်ကူးထဲပင်မတွေးမိခဲ့ချေ။ 


"ကျေးဇူးပါပဲ..." 

ရန်ရှူးထန် ကျေးဇူးတင်လိုက်၏။ 

"ငါမင်းကိုအကြွေးတင်သွားပြီ..မင်းလိုတာရှိရင် ငါ့ကိုလာရှာလှည့်ချေ..."


ဖုယွမ်ကျိုး တမဟုတ်ချင်းပျော်ရွှင်သွားရသည်။ ရန်ရှူးထန်က တကယ်ကြီးသည်စကားကိုပြောလာခဲ့သည်လေ။ ယင်းက လက်စားပြန်ချေနိုင်သည်ဟု ဆိုလိုလိုက်ခြင်းပင်မဟုတ်လား။ 


"ဒါဆိုငါပြန်ပြီး စဥ်းစားကြည့်လိုက်ဦးမယ်..." 


သူသည် ဉာဥ်ဆိုးများကိုထိန်းသိမ်းထားလိုက်ပြီး အိမ်ပြန်သည့်လမ်းတလျှောက် ကားပေါ်တွင်ထိုင်လိုက်လာရင်း အတွေးနွံနစ်နေခဲ့သည်။ သူထင်ထားသည်ထက်ပိုသည့် စိတ်ကျေနပ်မှုကိုမခံစားရသောကြောင့် ထိုအကြောင်းကိုဆက်တွေးမိနေခဲ့သည်။ သို့သော်လည်း မည်သည့်အရာက ရန်ရှူးထန်ကိုယခုလိုဖြစ်သွားစေခဲ့မှန်း သူလည်းမတွေးတတ်တော့ပေ။ 


ပိတ်ရက်ရောက်လာမှ လေလွင့်ကြောင်လေးများမှာ ကျောင်းသို့ပြန်ရောက်လာကြ၏။ ဖုယွမ်ကျိုး သူငယ်ချင်းတစ်ယောက်ကိုဆက်သွယ်ပြီး ကြောင်မွေးစားမည့်အစီအစဥ်ကိုရှင်းပြလိုက်၏။ ရှဲ့လင်ပေးသည့်ဒုက္ခနှင့် နည်းပြမရှာနိုင်သည့်ကိစ္စမှလွဲလျှင် အရာအားလုံးအဆင်ပြေခဲ့၏။ 


သို့ထိတိုင် ယင်းဒုက္ခများက ယွိဖေးနှင့်တွေ့လိုက်ချိန်တွင် ခေါင်းထဲတွင်ထည့်တွေးစရာပင်မဟုတ်တော့ပေ။ 


ထိုအချိန်တွင် ဖုယွမ်ကျိုးက ရှဲ့မိသားစုနှင့်အတူ လေဆိပ်ကိုလိုက်လာပြီး နားနေခုံတွင်ထိုင်စောင့်နေခဲ့သည်၊၊ ဆိုက်ရောက်လာမည့်လေယာဥ်ကို အူထဲအသည်းထဲမှမျှော်လင့်နေ၍ လက်ဖဝါးမှာချွေးများဖြင့်စိုနေလေ၏။ 


မတိုင်ခင်ရက်က သူနှင့်ယွိဖေးတို့ မကြာခဏစကားပြောဖြစ်ခဲ့ကြပြီး မကြာမီအချိန်၌ မိတ်ဆွေများဖြစ်ကြတော့မည်။ 


သူယွိဖေးကိုလွမ်းချိန်တိုင်းကြည့်နိုင်ရန် သူမထံမှဓာတ်ပုံတောင်းခဲ့သော်လည်း ယွိဖေးက သူ့အားလျို့ဝှက်ထားပြီး လူချင်းတွေ့မည့်အချိန်မှသာ ကြည့်ရန်ပြောလာသောကြောင့် ထပ်ပြီးမတောင်းဆိုနေတော့ပေ။ ယွိဖေးပြောသည့်စကားကမှန်နေပြီး ၎င်းကမဆိုးလှပေ။ တစ်ရက်နှစ်ရက်လေးသာကြာမည်မဟုတ်လား။ 


ရှောင်ဖေးရဲ့လေယာဥ်က မဆိုက်သေးဘူးလား။ သူ့ကိုဘာလို့မတွေ့ရသေးတာလဲ။ 


ဖုယွမ်ကျိုး ဖုန်းကိုတစ်ချက်ကြည့်ပြီး ပျင်းစရာကောင်းသည်ဟုခံစားလိုက်ရသည်။ တချိန်တည်းမှာပင် ယွိဖေးနှင့်ကုန်ဆုံးခဲ့ရသည့်အချိန်ကောင်းလေးများကို ပြန်လည်အောက်မေ့နေလိုက်၏။ 


ယွိဖေးသည် နူးညံ့သိမ်မွေ့သည့်စရိုက်မျိုးရှိပြီး အနည်းငယ်လူဆိုးဆန်သည့်စရိုက်လည်းရှိသည်။ တခါတရံ သူမ၏ချစ်သူကိုလည်းစနောက်တတ်၏။ မကြာခဏဆိုသလို အနောက်မှနေကာ လက်နှစ်ဖက်နှင့်မျက်လုံးကိုအုပ်ပြီး သူမကိုမှန်းခိုင်းတတ်သည်။ 


ရုတ်တရက် နွေးထွေးသည့်အထိအတွေ့လေးက ဖုယွမ်ကျိုးအနောက်ဘက်မှပေါ်လာခဲ့သည်။ သူဆတ်ကနဲပင် ကျောမတ်လိုက်မိ၏။ သူအနောက်ပင်မလှည့်ရသေးခင် သူ့မျက်လုံးတို့ကို သူ့အနောက်မှချဥ်းကပ်လာသူကဖုံးအုပ်ထားခဲ့၏။ 


သူ့အားပွေ့ဖက်ထားသူက ယောကျ်ားလေးတစ်ယောက်ဖြစ်ပုံရသည်။ အရပ်က သူ့နည်းပါးရှည်သည်။ လက်ချောင်းများကရှည်လွန်းသောကြောင့် သူ့မျက်လုံးများကိုဖုံးထားနိုင်သည်၊၊ အသက်ရှူလိုက်တိုင်း ပူနွေးသည့်လေများက သူ့နားရွက်ကိုပွတ်သပ်သွားပြီး အသံကဆွဲဆောင်မှုရှိပြီး နူးညံ့နေကာ သူ့နားရွက်ထဲသို့တီးတိုးပြောလိုက်တိုင်း ပြုံးနေသလိုပင်။ 


"ကျိုးအာ...ကိုယ့်ကိုမှန်းကြည့်..."


ရုတ်တရက်ပင် လူတစ်ယောက်က သူ့မျက်လုံးများကိုအုပ်လာပြီး ပွေ့ဖက်လာခဲ့သည်။ ဖုယွမ်ကျိုး တောင့်တင်းသွားပြီး အနောက်မှလူကိုမသိနိုင်တော့ပေ။ 


ရှဲ့လင်မဟုတ်သည်မှာသေချာ၏။ ရှဲ့လင်ကသူ့အား ဘယ်တော့မှ "ကျိုးအာ" ဟုမခေါ်ခဲ့ဖူးဘဲ ယွိဖေးတစ်ယောက်တည်းသာ ထိုသို့ခေါ်ခဲ့သည်။ WeChat တွင်စကားပြောသည့်နေ့တည်းက ယွိဖေးက သူနှင့်သူငယ်ချင်းဖြစ်လာပြီး နောင်တွင်လည်းထိုအတိုင်းခေါ်မည်ဟုပင်ပြောခဲ့သေးသည်။ 


ထိုအခိုက်အတန့်တွင် ဖုယွမ်ကျိုးမှာ ပျော်ရွှင်နေသည့်တိုင် အံ့အားသင့်မှုတစ်ခုတည်းသာရှိနေခဲ့၏။ သူ့အား ထိုအတိုင်းအခေါ်အပြောလုပ်တတ်သည့် အခြားသူကိုမစဥ်းစားမိပေ။ အနှီပုဂ္ဂိုလ်၏အပြုအမူက ယွိဖေးနှင့်အင်မတန်ဆင်တူသော်လည်း တဖက်က ယောကျ်ားတစ်ယောက်ဖြစ်နေ၍ ယွိဖေးမဟုတ်သည်မှာအသေအချာပင်။ သူမက ယခုလူကိုသူ့ထံလွှတ်ပြီး နောက်ပြောင်လိုက်ခြင်းပေလား။ 


ဖုယွမ်ကျိုး သူ့အနောက်မှလူ၏လက်ကိုခွာချလိုက်သည်။ သို့သော်လည်း အနှီသူကသူ့အားဖိအားမပေးဘဲ သူ့သဘောအတိုင်း လက်ကိုအောက်ချပေးလိုက်၏။ 


သူအနောက်သို့လှည့်လိုက်ချိန်တွင် အလွန်အမင်းနီးကပ်လွန်းနေသောကြောင့် ဖုယွမ်ကျိုးမှာ ထိုသူ၏ကိုယ်ပေါ်မှ နှင်းဆီရနံ့ဖျော့ဖျော့လေးကိုရနေခဲ့ပြီး ၎င်းကား ဖယ်ရိုမုန်းပင်။ 


အယ်လ်ဖာတစ်ယောက်.... 


ဖုယွမ်ကျိုး အသာတကြည် မျက်လုံးပင့်ကြည့်လိုက်သော်လည်း ထိုသူကိုတွေ့ကြည့်လိုက်ရသည့်အခါ တကိုယ်လုံးတောင့်တင်းသွားခဲ့ရသည်။ 


"အားကျိုး..." 


တဖက်လူက သူ့အားပြုံးပြနေခဲ့သည်။ အင်မတန် လှရက်လွန်းသူလေးပါပေ။ ကျော့ရှင်းတောက်ပနေခဲ့သည့် နက်မှောင်သည့်ဆံနွယ်၊ ဖြူဖွေးသည့်အသားအရေနှင့် နှင်းဆီရောင်နှုတ်ခမ်းပါးများက စိုပြည်နေကာ ဘယ်ဘက်မျက်လုံးအောက်တွင်လည်း မှဲ့နီလေးတစ်လုံးကနေရာယူထားလေသည်။ အလွန်တရာ ဆွဲဆောင်မှုရှိပြီး ညို့အားပြင်းထန်လွန်းသည်။ ကြာကြာကြည့်မိလေ၊ ထိုသူ၏အလှတရားအောက်တွင် ကျဆုံးရလေပင်။ 


သည်အချိန်မှာပင် ဖုယွမ်ကျိုးမှာ ယခင်ဘဝက အဖြစ်အပျက်တစ်ခုကိုမှတ်မိလိုက်လေသည်။ ယွိဖေးက အနုပညာလောကသို့ဝင်ခဲ့သည်။ အစပိုင်းတွင် သူမ၏ဂုဏ်သတင်းကမကောင်းလှချေ။ လှလွန်းသောကြောင့် အလွယ်တကူအမုန်းခံခဲ့ရသည်။ သူမမျက်နှာလေးက လှပပြီးအန္တရာယ်များမည့်ပုံပေါ်ကာ အချို့ယောကျ်ားသားများက သူမကိုစွဲလန်းသွားခဲ့ကြပြီး အိန္ဒြေမရသည်အထိသူမအနောက်ကိုလိုက်ခဲ့ကြသည်။ 


ဤမျက်နှာကား ယွိဖေးမျက်နှာပင်။ 


ယခုတော့ ယောကျ်ားတစ်ယောက်ဖြစ်သွားလေပြီ။ 


ဖုယွမ်ကျိုးမှာ အထိုးခံလိုက်ရသလိုပင်။ ခေါင်းတစ်ခုလုံးမူးဝေသွားရပြီး ဗိုက်နာလာ၍ ခြေထောက်တွင်ပင်အားရှိတော့ပေ။ ကံကောင်းစွာဖြင့် ဤတခေါက်တွင် ရန်သူတော်ကြီးကသူ့အား ထိန်းပေးထားလေသည်။ သူ့အားထိန်းကိုင်ပေးထားသည့်လက်များက လှပသွယ်လျပြီး တောင့်တင်းသန်မာသည်။ သို့သော်လည်း ယင်းကယောကျ်ားတစ်ယောက်၏လက်များသာ။ 


"ယွိ...." 

ဖုယွမ်ကျိုးအသံသည်ကား ကတုန်ကယင်။ 


"မင်းကယွိ...." 


"အေး...ငါလေ...ယွိဖေး...မတွေ့ရတာအတော်လေးကြာပြီပဲ..မင်းက ကျိုးအာမလား.." 


ယွိဖေးက သူ့အားရီဝေနေသည့်မျက်လုံးများဖြင့် ပြုံးပြလာ၏။ 


ထိုသူက သူ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်လိုက်ချိန် ဖုယွမ်ကျိုးမှာ အပူလောင်သွားသလိုပင်။ အမြန်ဆုံးနည်းဖြင့် လက်ကိုပြန်ရုတ်လိုက်သည်။ သူ့မျက်နှာကဖြူဖတ်ဖြူလျော်ဖြစ်နေပြီး အသက်ရှူမြန်နေကာ အသံမှာလည်းတုန်ယင်နေလေ၏။ ယွိဖေးက ရယ်မောနေရင်းဖြင့်ထိန်းသိမ်းလိုက်ပြီး သူ့အားစိုးရိမ်တကြီးကြည့်လာသည်။ 


"ဘာဖြစ်နေတာလဲ..နေမကောင်းဘူးလား..." 


"သူမနက်စာမစားလာဘူး...သကြားဓာတ်အားနည်းသွားတာဖြစ််မယ်..." 


ရှဲ့လင်က ဖုယွမ်ကျိုးအားကူညီပေးရန် ရှေ့တိုးလာသည်။ အိတ်ကပ်ထဲမှ ချောကလက်တစ်တောင့်ကိုထုတ်ကာ သူ့နှုတ်ခမ်းအနားသို့တေ့ပေးလာ၏။ ဖုယွမ်ကျိုးက ပါးစပ်အပြည့်ကိုက်ကာ မြိုချလိုက်ပြီးနောက် နေထိုင်ရသက်သာလာသည်။ သို့ထိတိုင် ခေါင်းမူးနေဆဲဖြစ်လေရာ ခေါင်းကိုငုံ့ထားရင်း ယွိဖေးကိုမကြည့်ရဲတော့ပေ။ 


"ရှောင်ဖေး...မင်းအမေရော" 


ရှဲ့လင်၏အဖေနှင့်အမေက ဟိုသည်ကြည့်နေကြသည်။ 


"အမေကသန့်စင်ခန်းဝင်နေလို့...လာပါလိမ့်မယ်..." 


ယွိဖေး၏စကားမဆုံးသေးခင် သူ၏အမေကရောက်လာပြီး ညီမဖြစ်သူကိုပွေ့ဖက်နှုတ်ဆက်လာသည်။ ညီအစ်မနှစ်ယောက်၏မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့်တဖိတ်ဖိတ်လက်နေလေ၏။ 


လူကြီးသုံးယောက်က အတိတ်အကြောင်း စာမြုံပြန်နေစဥ် ရှဲ့လင်က ဖုယွမ်ကျိုး၏ကျောကိုပုတ်ပေးနေသည်။ ယွိဖေးကမူ ဘေးတွင်မတ်တပ်ရပ်နေလေ၏။ သူတို့နှစ်ယောက်ကိုကြည့်နေပြီး ခဏအကြာတွင် အနှီသူကရုတ်တရက်ပြောလာလေသည်။ 


"ငယ်ငယ်တည်းက မင်းတို့နှစ်ယောက်ကအရမ်းခင်ကြတာ..ငါကတော့ မင်းတို့နောက်ကိုလူပိုကြီးလိုလိုက်ခဲ့ရတာလေ.." 


ရှဲ့လင်ကသူ့ကိုလှမ်းကြည့်လာ၏။ 


"မဟုတ်ပါဘူး...ပြန်လာတာကြိုဆိုပါတယ်ကွာ..." 


"ဟုတ်ပါပြီ...အစ်ကိုကြီးရယ်..." 

ယွိဖေးက ခေါင်းယမ်းပြီးပြုံးသည်။ 

"ကျိုးအာ..မင်းနေမကောင်းရင် နားနေဆောင်ကိုလိုက်ပို့ပေးမယ်လေ.." 


"နေပါစေ...ရပြီ.." 

လူကြီးများက အပြင်ကိုလမ်းလျှောက်ထွက်သွားကြပြီဖြစ်၍ ရှဲ့လင်က ဖုယွမ်ကျိုးလမ်းလျှောက်ရန်ကူညီပေးလာသည်။ 


"သူ့ကိုကားထဲပဲပို့ပေးလိုက်မယ်..."