Chapter 13
လူခြောက်ယောက်ကိုကားနှစ်စီးခွဲလိုက်ကြသည်။ တစ်စီးကို လူကြီးများစီးပြီး ကျန်တစ်စီးမှာကလေးများအတွက်ပင်။ ကားပေါ်တွင်ထိုင်လိုက်လာစဥ်အတွင်း ဖုယွမ်ကျိုးက မျက်လုံးမှိတ်ကာ ရှဲ့လင်ကိုမှီထားခဲ့သည်။ သူ့ပုံစံကမူးဝေနေပြီး အားအင်ကုန်ခမ်းနေသလိုပင်။ ခရီးသည်ခုံတွင်ထိုင်နေသည့်ယွိဖေးကမူ သူတို့နှစ်ယောက်ကို မှန်ထဲမှလှမ်းကြည့်ပြီးမေးလာသည်။
"တကယ်ကြီး သကြားဓာတ်နည်းနေတာလား...ဆေးရုံသွားဖို့လိုသေးလား..."
"ငါအဆင်ပြေပါပြီ..."
ယွိဖေးကသူ့အား "ကျိုးအာ" ဟုခေါ်လိုက်တိုင်း ဖုယွမ်ကျိုးမှာ ရင်တုန်သွားရသည်။ သူနေမကောင်းဖြစ်နေသော်လည်း ယွိဖေးကိုမကြည့်မိစေရန် မျက်လုံးမှိတ်ထားရသည်။
အဆိုပါ ညို့နိုင်စွမ်းကောင်းသောမျက်နှာကိုမြင်သည်နှင့် သူ၏အသည်းနှလုံးက မြေကြီးပေါ်ပြုတ်ကျပြီး အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားခဲ့သည်။ တစ်ပိုင်းက သူ၏ရည်းစားဟောင်းနှင့် ပြန်ပေါင်းထုပ်ရန်ကြိုးစားမှုကို လှောင်ရယ်နေကာ ကျန်တစ်ပိုင်းကမူသောကရောက်၍ ငိုကြွေးနေရသည်၊၊ ဟိုးအဝေးမှလာသည့် "ယွိဖေးက အယ်လ်ဖာ" ဆိုသောစကားသံက နားထဲတွင်တိုးလိုက်ကျယ်လိုက်နှင့်ကျန်နေဆဲ။
အယ်လ်ဖာဖြစ်နေရုံမက မူလလိင်ပင်ပြောင်းသွားသေးသည်။ သူကယခုယောကျ်ားတစ်ယောက်ဖြစ်နေပြီ။
ယောကျ်ားတစ်ယောက်ဖြစ်လာသည့်အခါ ယွိဖေးက သူ့ထက်အရပ်ပိုရှည်လာသည်။ မျက်နှာလေးက ပိုကြည့်ကောင်းလာသော်ငြား အဆိုပါလိင်ပြောင်းသွားသည့်အလှလေးက ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ ယွိဖေး၏မူလပုံစံနှင့်လုံးဝမပတ်သက်ပါချေ။
သို့တစေ ယင်းကအခြားသူများအတွက်သာဖြစ်ပြီး ဖုယွမ်ကျိုးအတွက်မဟုတ်ပေ။
သူ၏ရည်းစားဟောင်းက ရန်လိုတတ်သည့်ယောကျ်ားလေးအယ်လ်ဖာတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ပြီ။ ထိုအချိန်မှာပင် သူသာနေမကောင်းမဖြစ်နေပါက ဖုယွမ်ကျိုးမှာ လေဆိပ်အပြင်ကိုထွက်ပြေးသွားပြီး နောက်တကြိမ်ယွိဖေးကိုမတွေ့ရလေ သူ့အတွက်ပိုကောင်းလေပင်။
သို့သော်လည်း သူ့ခန္ဓာကိုယ်ကိုဂရုစိုက်နေရပြီး ယွိဖေးအကြောင်းတွေးမိတိုင်း အနှီသူကို လျစ်လျူမရှုထားနိုင်၍ ဖုယွမ်ကျိုးမှာ ထိုသူကိုစကားပြောနေရဆဲ။ အထူးသဖြင့် ယွိဖေးကသူ့ကိုယ်သူ လူပိုတစ်ယောက်ဟုပြောလာချိန်၌ သူပိုပြီးသတိထားရနေရတော့သည်။
သို့သော်လည်း စကားပြောပြီးသည်နှင့် တိတ်ဆိတ်သွားပြန်ပြီး ယွိဖေးက သူ့ကိုယ်သူ *ယွိဖေး (C စာလုံးအရ မတူတာထင်တယ်)ဟုပြောင်းလိုက်ရသည့်အကြောင်းအရင်းကိုနားလည်သွားသည့်အခါ သူ့ပါးသူရိုက်ချင်သွားရသည်။ ထိုသူကနာမည်ပြောင်းလိုက်ပြီး သူ၏ရည်းစားဟောင်းလည်းမဟုတ်တော့၍ ဘာဆက်လုပ်ရမှန်းပင်မသိတော့ချေ။
အိပ်မက်မက်မနေနဲ့တော့။ ယွိဖေးက ယောကျ်ားတစ်ယောက်ဖြစ်နေပြီ။ပြီးတော့ ရှဲ့လင်နှင့်ဝမ်းကွဲ။ ထိုအတွေးစလေးများက ခဏတဖြုတ်အချိန်လေးအတွင်း ပြေးလွှားသွားခဲ့သည်။ သူထပ်ပြီးစိတ်ပူနေရန်မသင့်တော့ပေ။
ဗီလာအရောက်တွင် ကားနှစ်စီးက အရှေ့နှင့်အနောက်စီပြီးရပ်လိုက်ကြသည်။ ရှဲ့လင်က သူအနားယူနိုင်ရန် အိမ်ပြန်ပို့ပေးခဲ့၏။ ဖုယွမ်ကျိုး အိပ်ရာပေါ်တက်လိုက်သည်နှင့် ပင်ပန်းလွန်း၍ အိပ်ပျော်သွားခဲ့၏။ မနေ့ညက ယွိဖေးနှင့်တွေ့ရတော့မည်ဖြစ်၍ အပျော်လွန်နေခဲ့လေရာ အိပ်ရာဝင်နောက်ကျခဲ့ရသည်။
အိပ်ပျော်နေချိန်အတွင်း ဖုယွမ်ကျိုးမှာ အိပ်မက်တစ်ခုပြီးတစ်ခုမက်နေခဲ့သည်။ အများစု၌ ယွိဖေးနှစ်ယောက်ပါနေခဲ့လေ၏။ အရင်ဘဝကသူနှင့်လမ်းခွဲခဲ့ချိန်တွင် ယွိဖေး၏နာကျင်ပြိုလဲနေပြီး ငိုကြွေးနေခဲ့သည့်ယွိဖေးမျက်လုံးများနှင့် သူနှင့်တွဲရန်အနောက်မှလိုက်နေသည့် ယောကျ်ားသားယွိဖေးတို့ကိုအိပ်မက်မက်နေခဲ့သည်။
ဖုယွမ်ကျိုး မျက်လုံးပွင့်လာသည်နှင့် ယွိဖေး၏မျက်နှာက သူ၏အမြင်အာရုံထဲတွင်ပေါ်နေခဲ့သည်။ သူမနိုးသေး၍ အိပ်မက်မက်နေခြင်းပင်ဖြစ်ရမည်။
"ကျိုးအာ..."
ယွိဖေးက သူ၏အိပ်ရာအစွန်းတွင်ထိုင်နေရင်း သူ့အားငုံ့ကြည့်နေကာ အလွန်တရာနူးညံ့သောအသံလေးနှင့်သူ့အားခေါ်နေခဲ့၏။ မှဲ့နီလေးသည်ကား တောက်ပနေပြီး လူများကိုနူးညံ့စွာကြည့်လိုက်သည့်အခါတိုင်း အသည်းနှလုံးကိုအရည်ပျော်သွားစေနိုင်သည်။
ငေးမောရင်းဖြင့် ဖုယွမ်ကျိုးသည်ကား ယွိဖေးကိုတွေ့မြင်နေရလေသည်။ သူဝေဝါးစွာဖြင့် ပိုနီးကပ်စေချင်သည့်အတိုင်း ယွိဖေးအားဖက်ကာတီးတိုးပြောလိုက်လေသည်။
"ရှောင်ဖေး..."
ယွိဖေးက မငြင်းခဲ့ပေ။ သူ့အားပြန်လည်ပွေ့ဖက်လာရင်း ဖုယွမ်ကျိုး၏ခါးကို လက်များနှင့်တွယ်ချိတ်ကာ သူ့ဆံပင်များကိုညင်သာစွာနမ်းရှိုက်ရင်း နှင်းဆီဖျော့ဖျော့ရနံ့တို့ကိုထုတ်လွှတ်လာခဲ့၏။
သူကပဲရှောင်ဖေးကိုဖက်ထားသင့်တာမလား? ဘာလို့ရှောင်ဖေးကသူ့ကိုဖက်ထားရတာလဲ?
ယွိဖေး၏ရင်ခွင်ထဲတွင်လှဲနေပြီး ခဏကြာမှ ဖုယွမ်ကျိုးမှာ မှားနေသည့်အရာတစ်ခုကိုသတိထားမိသွားခဲ့၏။ တချိန်တည်းမှာပင် အိပ်ခန်းတံခါးကပွင့်လာခဲ့သည်။ ရှဲ့လင်သည် တံခါးနားတွင်ရပ်နေရင်း အပြန်အလှန်ပွေ့ဖက်ထားသည့်လူနှစ်ယောက်ကို နက်မှောင်သည့်မျက်လုံးများဖြင့်ကြည့်နေလေ၏။
ရှဲ့လင်၏ရေခဲရိုက်အကြည့်ကိုကြည့်နေရာမှ ဖုယွမ်ကျိုးတစ်ယောက် ချက်ချင်းမျက်လုံးကျယ်သွားပြီး သူအိပ်မက်မက်နေခြင်းမဟုတ်ဘဲ ယွိဖေးကိုဖက်ထားမိနေခြင်းပင်ဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ သူ့ခမျာ ရုန်းကန်နေမိသည်မှာ အိပ်ရာပေါ်မှပြုတ်ကျတော့မည်အထိ။ သူသည် ယွိဖေးကိုဝေးရာတွန်းထုတ်လိုက်ပြီး အိပ်ရာ၏အတွင်းပိုင်းနေရာအထိလှိမ့်သွားလိုက်သည်။
"မင်းဘယ်လိုလုပ်ဝင်လာတာလဲ..."
ရှဲ့လင်က နေရာမှမရွေ့။ ယွိဖေးအားအပြင်မှကြည့်နေလေသည်။
"သူ့အခန်းထဲကိုဝင်ချင်သလိုမဝင်နဲ့...သူကအိုမီဂါ..."
"ကျိုးအာက အိုမီဂါလား..."
ယွိဖေးက တစ်ခုခုကိုနားလည်သဘောပေါက်သွားသလို မျက်တောင်လေးကိုပုတ်ခတ်ပုတ်ခတ်လုပ်သည်။
"တောင်းပန်ပါတယ်..ငါ့ရဲ့ဖယ်ရိုမုန်းအာရုံခံနိုင်စွမ်းက နည်းနည်းနိမ့်တယ်..သူအိုမီဂါမှန်းမသိလိုက်လို့ပါ..တောင်းပန်ပါတယ်...ကျိုးအာ...ငါနောက်မလုပ်တော့ပါဘူး.."
"ရပါတယ်...ကိစ္စမရှိဘူး..."
ဖုယွမ်ကျိုး ခြောက်ကပ်ကပ်သာတုံ့ပြန်လိုက်သည်။ ရှဲ့လင်က ထိုအတိုင်းပြောလိုက်သည့်တိုင် အနှီသူကိုယ်တိုင်ကလည်းယခင်ကလုပ်ခဲ့ဖူးသည်ပင်။ ထိုသူက သူ့အိပ်ခန်းထဲကိုညတိုင်းလာပြီး သူအိမ်စာလုပ်နေလျှင် ထိုင်ကြည့်နေတတ်သည်။ အချိန်အကြာကြီးနေတတ်ပြီး တခါတရံအိပ်ရာထက်တွင်ထိုင်နေတတ်ကာ ဝိုင်နီအနံ့များကိုထုတ်နေတတ်၏၊၊ ၎င်းကြောင့်ပင် သူ့အတွက် အိပ်ပျော်ရန်ခက်ခဲနေတတ်သည်။
သူမနာလိုဖြစ်နေတာလား...
ဖုယွမ်ကျိုး အချိန်ခဏယူပြီး ပြန်လည်စဥ်းစားနေလိုက်သည်။ သူ့အနေဖြင့် ရှဲ့လင်၏ရည်ရွယ်ချက်ကိုသိပြီးသားဖြစ်ပြီး ခန့်မှန်းရန်လည်းမခက်ခဲတော့ပေ။
ရှဲ့လင်က မပြောင်းလဲသည့်မျက်နှာထားဖြင့် လှည့်ထွက်သွားခဲ့၏။ ယွိဖေးကထရပ်လိုက်ကာ အိပ်ရာထဲမှဖုယွမ်ကျိုးကိုပြုံးပြလိုက်သည်။
"ငပျင်းလေး..ငါနဲ့ငါ့အစ်ကိုက မင်းကိုလာနှိုးတာ..ငါတို့အပြင်ကိုညစာထွက်စားမှာမလို့..ဒါကြောင့် ငါတို့မင်းကိုအသင့်ပြင်ထားလို့ရအောင်လာပြောတာ.."
"အိုကေ..ငါသိပြီ..."
ယွိဖေးမျက်နှာကိုကြည့်ပြီး ဖုယွမ်ကျိုးမှာ ခေါင်းကိုက်ရုံမကဗိုက်ပါနာလာ၍ အမြန်အကြည့်လွှဲလိုက်ရ၏။
သူသာအနှီသူ၏မျက်နှာကိုမကြည့်သရွေ့ ယွိဖေးကိုအခြားတစ်ယောက်လိုဆက်ဆံနိုင်သေးသည်။ သို့သော်လည်း ကြည့်မိသည်နှင့် ယွိဖေးက ယောကျ်ားတစ်ယောက်ဖြစ်နေသည့်အချက်ကို ပြန်သတိရမိစေသည်။
လိင်အမျိုးအစားပြောင်းသွားပြီး မျက်နှာကျမပြောင်းဘူး။ သူယွိဖေးကို ကြည့်ကောင်းသည်ဟု အမြဲတွေးမိတတ်သည့်တိုင် ယခုတော့ ယွိဖေးက အင်မတန်ချောလွန်းနေ၍ သူရင်နာလာမိသည်။
"ကျိုးအာ..."
အခန်းက အချိန်ခဏကြာတိတ်ဆိတ်သွားခဲ့သည်။ ရုတ်တရက် ယွိဖေးကသူ့အားခေါ်လာသည့်တိုင် ပြုံးမနေတော့ဘဲ ဒေါသထွက်နေသလိုပင်။
"ငါ့ကိုရုပ်ဆိုးတယ်လို့ထင်လား.."
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
ဖုယွမ်ကျိုး မဖြေနိုင်သလိုဖြစ်သွားပြီး ယွိဖေးကထိုသို့မေးလာရသည့်အကြောင်းအရင်းကိုလည်း နားမလည်နိုင်တော့ပေ။
အကယ်၍ အရင်ဘဝကယွိဖေး ပထမဆုံးပွဲဦးထွက်ချိန်တွင် ကမ္ဘာ၏အခြားတဖက်က သူမကိုနှောင့်ယှက်ခဲ့လျှင် သူမကို နှောင့်ယှက်သူများက နည်းလမ်းပေါင်းစုံအသုံးပြုခဲ့မည်မှာသေချာသည်။ သို့သော်လည်း သူမကိုမည်သူကမှ ရုပ်ဆိုးသည်ဟုမပြောခဲ့သလို ဝမ်းနည်းစရာကောင်းစွာလည်းမသေခဲ့ကြပေ။ မျက်နှာကိုပြုပြင်ခဲ့သည့်အကြောင်းကိုပင် ပြောခဲကြသည်။ သူမက ဆာဂျရီလုပ်လျှင်ပင် ဤမျှလှပသည့်မျက်နှာလေးကိုရရန်မဖြစ်နိုင်ကြောင်း လူတိုင်းသိကြ၏။
"ဒါဆို ဘာလို့ငါ့ကိုမကြည့်တာလဲ..."
ယွိဖေးက မကျေမနပ်နှင့်ဆက်ပြောလာ၏။
"လူတိုင်းကငါ့ကိုကြည့်ကောင်းတယ်လို့ပြောနေကြတာ..မင်းလည်းအဲဒီလိုပဲထင်မှာပဲလို့ငါကတွေးထားတာကို..ဒါကြောင့်မင်းကို suprise မလုပ်ခင်ကတောင် ငါကယုံကြည်ချက်တွေအပြည့်ရှိနေခဲ့တာ..မင်းငါ့ကိုရုပ်ဆိုးတယ်လို့ထင်ရင်...ငါပြန်သွားလိုက်တာကပိုကောင်းမယ်ထင်တယ်..."
"မဟုတ်ပါဘူး!"
ဖုယွမ်ကျိုးမှာ လေသံကိုမထိန်းထားနိုင်တော့ဘဲ ယွိဖေးကိုမော့ကြည့်လိုက်သည်။ ယွိဖေးကမူ သူ့အား အတော်လေးဝမ်းနည်းနေသည့်မျက်နှာဖြင့်ငုံ့ကြည့်နေလေ၏။
ထိုမျက်နှာမျိုးကိုမြင်လျှင် ဖုယွမ်ကျိုးမှာ ခံစားချက်မကောင်းတတ်တော့ပေ။ သူ့မှာ ယွိဖေး၏ယခုလိုအကြည့်ကိုဥပေက္ခာမပြုထားနိုင်တော့၍ ချော့မော့ပြောလိုက်ရသည်။
"မင်းကအရမ်းကြည့်ကောင်းပါတယ်..ငါလည်းမတတ်နိုင်လို့ပါ..."
"မင်းကဘာကိုမတတ်နိုင်တာလဲ..."
ယွိဖေးက သူ့အားချက်ချင်းပြန်ကြည့်လာသည်။
"မတတ်နိုင်တာက..."
ဖုယွမ်ကျိုးချောင်ပိတ်မိသွားပြီ။ မသင့်တော်သည့်စကားပြောမိမည်စိုး၍ ခေါင်းကိုက်လာရပြန်၏။
"မတတ်နိုင်တာက..."
ယွိဖေး နှုတ်ခမ်းထောင့်လေးများက တွန့်ကွေးသွားပြန်ပြီး နူးညံ့စွာဖြင့်ပြောလာလေသည်။
"ရင်ခုန်လာတာဆိုရင်တော့ ငါလည်းမတတ်နိုင်ဘူးနော်...မင်းကိုသဘောကျအောင်လုပ်မိသွားရင်တော့..."
ထိုသူသည် စကားအဆုံးတွင်အသံတိုးသွားသောကြောင့် ဖုယွမ်ကျိုးလည်းသေချာမကြားလိုက်ရပေ။
"မဟုတ်ဘူး..."
ဖုယွမ်ကျိုးငြင်းလိုက်သည်။ ထိုအတိုင်းဖြစ်ခဲ့လျှင်ပင် လက်ရှိတွင်တော့ သူငြင်းရလိမ့်မည်။
"ငါ့စိတ်ထဲမှာတော့ မင်းထက်ကြည့်ကောင်းတဲ့လူမရှိလောက်တော့ဘူး..."
"....သေချာတာပေါ့..ငါဒီနေရာကိုမရောက်တာ နှစ်တွေအရမ်းကြာနေပြီ..မင်းကငါ့ကိုအခုထိစိမ်းကားနေတုန်း..."
ယွိဖေး သက်ပြင်းချပြီး ဖုယွမ်ကျိုးအရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူ့အားကြည့်လာပြီး သူ့လက်ကိုပါကိုင်ထား၏။
"ဒါဆို...ကျိုးအာ..မင်းငါ့ကိုပိုကြည့်ရမယ်နော်..ဒါမှငါ့ကိုမြန်မြန်လက်ခံနိုင်မှာ..."
သူသည်ကား ခွင့်ပင်မတောင်းဘဲ ဖုယွမ်ကျိုးလက်ကိုလှမ်းကိုင်လာပြီး နှုတ်ခမ်းများကို သူ့လက်ချောင်းလေးများဖြင့်ပွတ်သပ်စေကာ သူ့မျက်နှာကိုကိုင်ထားစေခဲ့သည်။
"ငါ့ကိုမမုန်းပါနဲ့...ငါ့ကိုမထားခဲ့ပါနဲ့...အိုကေ...? ငါမင်းကိုတကယ်လွမ်းနေခဲ့ရတာပါ...နိုင်ငံခြားမှာနေတုန်းကဆိုရင်...ငါတို့အတူကစားခဲ့တာတွေကို အမြဲအိပ်မက်မက်နေတတ်တယ်..ဒါပေမဲ့ အဲဒီတုန်းကတော့ မင်းကငါ့အစ်ကိုနဲ့ပဲအမြဲရှိနေခဲ့တာလေ..မင်းကငါ့ကိုသိပ်ဂရုမစိုက်ပါဘူး..."
"ငါမင်းကိုဂရုစိုက်ပါတယ်.."
သူဘယ်လိုလုပ် ယွိဖေးနှင့်အတူ ကလေးဆန်နိုင်ပါမည်နည်း ။ ထိုသူကလိင်ပြောင်းသွားသည့်တိုင် အနှီသူကယွိဖေးသာဖြစ်ပြီး တူညီသည့်မျက်နှာရှိနေသေးသည်။ သူ၏သတ်မှတ်ချက်နှင့်နောက်ဆုံးသည်းခံနိုင်စွမ်းကို သူမအတွက် အချိန်မရွေးချိန်ညှိနိုင်ခဲ့၏။
ယွိဖေး မျက်လုံးများမှိတ်သွားတော့မည်အထိပြုံးလိုက်ပြီး ဖုယွမ်ကျိုးကို အိပ်ရာပေါ်တွင်ထားခဲ့ကာ ရေချိုးခန်းထဲသို့ထွက်သွားလေ၏။ ဖုယွမ်ကျိုးမှာ အိပ်ရာပေါ်တွင်ထိုင်နေပြီး မျက်နှာကြတ်ကို မျက်လုံးပြူးရင်းစိုက်ကြည့်နေမိသည်။ ထိုအတိုင်း အချိန်အကြာကြီးငေးငိုင်နေပြီးနောက် သူ့အမေက အခန်းတံခါးလာခေါက်က သက်ပြင်းရှည်ကြီးချလိုက်မိသည်။ ထို့နောက် အိပ်ရာမှထကာ ဆေးကြောသန့်စင်၍အဝတ်အစားလဲပြီးအခြားသူများနှင့်အတူအပြင်ထွက်လာခဲ့သည်။
ယနေ့ သူတို့ညစာသွားစားမည့်စားသောက်ဆိုင်က ဥယျာဥ်စားသောက်ဆိုင်ပင်။ ခြံအကျယ်ကြီးထဲတွင် ဧည့်သည်များအတွက် စားပွဲတစ်လုံးသာရှိသည်။ ထိုနေ့ည၏လေပြည်က အေးမြနေပြီး တယောသံကလည်းငြိမ့်ညောင်းနေလေသည်။ နူးညံ့သည့်ကြယ်ရောင်အောက်တွင် မိသားစုနှစ်စုသည် အတိတ်အကြောင်းအရာများကိုပြန်ပြောင်းပြောကြရင်း ရယ်မောနေကြကာ လေထုမှာလည်းပျော်စရာအတိဖြစ်နေခဲ့၏။
ဖုယွမ်ကျိုးက ယွိဖေးနှင့်ရှဲ့လင်အကြားတွင်ထိုင်နေပြီး အနေခက်သလိုခံစားနေရသည်။ ရှဲ့လင်နှင့် ယွိဖေးတို့က စကားပြောမည့်အစီအစဥ်ရှိပုံမရပေ။ ၎င်းတို့၏ညီအစ်ကိုသံယောဇဥ်ကအားနည်းသော်လည်း သူ့အပေါ်တွင်ပိုအာရုံစိုက်နေကြလေသည်။
တစ်ယောက်က ယောကျ်ားဖြစ်သွားသည့် သူ၏ရည်းစားဟောင်းဖြစ်နေပြီး ကျန်တစ်ယောက်က အရှက်မရှိသူ့အားဖွင့်ပြောထားသူဖြစ်နေသည်။ နှစ်ယောက်လုံးက ညီအစ်ကိုများသာ။ သူတစ်ယောက်တည်းကသာ ယခုလိုကြဥ်းကြပ်သည့်အခြေအနေကြားတွင် ထိုင်နေခြင်းကိုရှောင်လွှဲနိုင်လိမ့်မည်...
"ဆောရီး...ခဏလောက်..."
ရုတ်တရက် ယွိဖေးဖုန်းထဲသို့ မက်ဆေ့ချ်ဝင်လာသည်၊၊ သူကအသံတိုးတိုးဖြင့်တောင်းပန်ပြီး ထိုင်ခုံမှထသွားခဲ့သည်။ အဆိုပါ တိုတောင်းသည့်ထွက်ခွာသွားမှုကြောင့် ဖုယွမ်ကျိုးမှာ စိတ်သက်သာသွားပြီး အခွင့်အရေးကိုအမိအရယူကာ ပါးစပ်ထဲသို့နှစ်လုတ်ခန့် သွတ်ထည့်လိုက်သည်။ သူဘာမှမစားရသေးပေ။
ယွိဖေးက ဖုန်းတစ်လုံးဖြင့်အပြင်ထွက်လာသည်။ စားသောက်ဆိုင်၏ဝန်ဆောင်မှုက ကောင်းမွန်ပါ၏။ ၎င်းတို့ကသူ့အားပြုံးပြီးနှုတ်ဆက်လာသော်လည်း ဖြတ်သွားတိုင်း သမင်လည်ပြန်ကြည့်ကြသည်။ တစ်ယောက်မှခြွင်းချက်မရှိပေ။
သူ့အား ဘယ်သူမှမတွေ့သည့်နေရာရောက်မှ ယွိဖေး ဘောင်းဘီအိတ်ကပ်ထဲသို့လက်နှိုက်ကာ တစ်ခုခုကိုရှာဖွေနေသော်လည်း လုံးဝရှာမတွေ့ပေ။ သူငြိမ်နေပြီး ရယ်ရင်းခေါင်းယမ်းလိုက်ကာ တိုးလျစွာပြောလိုက်၏။
"ထားလိုက်တော့..ကျိုးအာက ငါဆေးလိပ်သောက်တာမကြိုက်ဘူး...ဖြတ်လိုက်တော့မယ်..."
သူဖုန်းဖွင့်လိုက်သည့်အခါ ဝင်လာသည်က အသံမက်ဆေ့ချ်ဖြစ်နေလေသည်။ ဖွင့်ကြည့်လိုက်သည့်အခါ အင်္ဂလိပ်စကားပြောသံထွက်လာလေ၏။
"မင်းအနားမှာခေါ်ထားချင်တဲ့လူကိုပို့ပေးဖို့ ငါနည်းလမ်းရှာပေးမယ်..."
"ကျေးဇူးပဲ..ငါမင်းကိုပိုက်ဆံပေးမှာပါ..."
ယွိဖေး စာပြန်လိုက်ပြီး နှုတ်ခမ်းထောင့်များကတွန့်ကွေးသွားခဲ့သည်။ခပ်မှိန်မှိန်မီးအလင်းရောင်အောက်၌ ပန်းနုရောင်မှဲ့လေးသည် စကားလုံးများဖြင့်ဖော်ပြမရနိုင်သည့် ဆန်းကြယ်မှုတစ်မျိုးကိုဆောင်ကြဥ်းထားလေသည်။
"ငါမင်းကို နောက်တစ်ခါ ဘယ်သူ့လက်ထဲမှမထည့်ပေးနိုင်တော့ဘူး..."