Chapter 14
ညစာစားသောက်ကြပြီးနောက် မိသားစုသုံးစုတို့သည် ဗီလာသို့ပြန်ရောက်လာခဲ့ကြ၏။ သို့သော်လည်း လူကြီးများက အိမ်ထဲမဝင်ကြသေးဘဲ ခြံအပြင်ဘက်တွင်လမ်းလျှောက်နေကြသေး၏။ ဖုယွမ်ကျိုးကလည်း ထိုအတိုင်းဖြစ်စေချင်နေခဲ့သည်ပင်။ ညစာစားနေသည့်တလျှောက်လုံး သူစိတ်ညစ်ခဲ့ရလေရာ စကားနည်းနည်းပြောပြီး အစားများများစားသည့်စည်းမျဥ်းကို လိုက်နာခဲ့ရသည်။ ထို့ကြောင့် ယခု မတော်တဆအစားများသွား၍ အစာကြေအောင်လုပ်ရန်လိုအပ်နေခဲ့သည်။
ရှဲ့လင်နှင့်ယွိဖေးတို့ အတူရှိနေခဲ့ကြသော်လည်း တစ်ယောက်နှင့်တစ်ယောက်စကားသိပ်မပြောခဲ့ကြပေ။ ယွိဖေးက ဖုယွမ်ကျိုးနှင့်စကားပြောရခြင်းကိုပိုနှစ်သက်သောကြောင့် ဖုယွမ်ကျိုးမှာ စိတ်ပေါ့ပါးသွားခဲ့ရသည်။
"ရှောင်ဖေးက နောက်တစ်ပတ်မှ အမှတ် ၁ အလယ်တန်းကျောင်းမှာစတက်ရမှာ..ရှောင်လင်နဲ့ယွမ်ကျိုးတို့ကပဲ သူ့ကိုအဖော်လုပ်ပေးကြဦး.."
ယွိဖေးအမေက ပြုံးနေလေ၏။
"ငါကပဲ အမြဲသူ့ကိုဂရုစိုက်လာခဲ့ရတာ..သူတို့နဲ့သာရှိနေရင် ငါစိတ်ချပါပြီ..."
"ယွိဖေးက ယွမ်ကျိုးထက်တစ်နှစ်ငယ်တယ်မလား...အထက်တန်းပထမနှစ်မှာပဲတက်သင့်တာပေါ့..."
ဖုယွမ်ကျိုးအဖေကပြောလာခြင်းပင်။
"ဟုတ်တယ်..ငါကျောင်းကိုကြိုပြီးဆက်သွယ်ထားလိုက်တာ..."
မာမားယွိကပြုံးကာဆိုလာသည်။
"သူကတစ်ပတ်နောက်ကျသွားပေမဲ့ ကိစ္စမရှိပါဘူး..."
"လောင်ဖု..မင်းနဲ့မင်းမရီးကတော့ တချိန်တည်းမှာပဲ ကလေးနှစ်ယောက်ကိုပျိုးထောင်ရတော့မယ်ထင်တယ်..."
ပါပါးရှဲ့: "ကျွန်တော်တို့ တစ်ပတ်အတွင်းပြန်ဖို့လိုတယ်...ရှောင်လီကလည်း စတူဒီယိုတစ်ခုထောင်ဖို့ပြင်နေတာဆိုတော့ သန့်ရှင်းရေးလုပ်ဖို့လိုတယ်လေ...အဲဒါကြောင့် ညီအစ်ကိုနှစ်ယောက်တည်းအိမ်မှာနေရင် လူကြီးတွေမရှိတော့ခက်နေမှာ..."
"မပူပါနဲ့..ကလေးတွေက ထိန်းရလွယ်ပါတယ်..ဘာမှလုပ်စရာမလိုဘူး..အိမ်က ကလေးလို မကပ်တတ်ပါဘူး...အဲဒီကလေးက ပြောဆိုရသိပ်ခက်တာ...ဘယ်သူမှကြည့်မနေရင် မိုးပေါ်တောင်ပျံသွားလောက်တယ်..."
"အဖေ!" ဖုယွမ်ကျိုး စိတ်ဓာတ်ကျသွားရလေသည်။ သူအရင်ကနဲ့မတူတော့ပါဘူး။ ဟုတ်တယ်မလား။
လူကြီးတစ်စုကရယ်မောလိုက်ကြပြီး ယွိဖေးကမျက်တောင်လေးတဖျတ်ဖျတ်နှင့်မေးခွန်းမေးလာသည်။
"ကျွန်တော် ဒီနေ့ညကို အန်ကယ်ဖုအိမ်မှာနေချင်တယ်...ယွမ်ယွမ်နဲ့စကားတွေပြောချင်သေးလို့...ရတယ်မလားဟင်..."
"ရတာပေါ့...အိမ်မှာ အခန်းလွတ်နေတာတွေများပါတယ်...ရက်နည်းနည်းလောက်လာနေလို့လည်းရတယ်.."
ယွိဖေးကပြုံးပြီး ပါပါးယွိကိုကျေးဇူးတင်စကားပြောနေချိန် ဖုယွမ်ကျိုးမှာ တုန်လှုပ်နေရပြီ။ ယွိဖေးက သူ့အိမ်တွင်လာနေပြီးသူနှင့်စကားပြောချင်နေသည်။ ဆိုလိုသည်က သူယွိဖေးမျက်နှာကိုကြည့်နေရတော့မည်။
တွေးရုံနှင့်ပင် ဖုယွမ်ကျိုးတစ်ယောက် အစာအိမ်နာလာလေ၏။ ယခုအခြေအနေက ပိုပြီးပင်မသက်မသာဖြစ်စေသည်။ သူသည်ကား အကြောင်းပြချက်ကိုအမြန်ရှာကာ အိမ်ပြန်လာပြီး အိပ်ရာပေါ်ရောက်မှသက်ပြင်းမောဖြင့်ထိုင်ချလိုက်ရသည်။
ထိုအချိန်မှာပင် အခန်းတံခါးပွင့်လာလေ၏။ သူကယွိဖေးထင်လိုက်၍ ကိုယ်ရို့မိသွားသော်လည်း ဝင်လာသူကရှဲ့လင်ဖြစ်နေပြီး ထိုသူလက်ထဲတွင်ဆေးသေတ္တာတစ်ဘူးလည်းပါလာခဲ့သည်။
"အစာကြေဆေးလေးသောက်လိုက်ဦး..."
ထိုသူသည် ဆေးပြားကိုခေါက်ချပြီး ဖုယွမ်ကျိုးလက်ထဲသို့ထည့်ပေးလာ၏။ ဖုယွမ်ကျိုးက ဝါးစားပြီးမြိုချလိုက်ရင်း အံ့ဩနေသည့်မျက်နှာဖြင့်ပြောလိုက်သည်။
"ငါနေမကောင်းတာကိုမင်းသိနေတာလား.."
"အင်း..."
ရှဲ့လင်က အေးစက်စက်ဖြင့်ပင်တုံ့ပြန်လာပြီး သူ့ဘေးတွင်ဝင်ထိုင်ကာ ဗိုက်အပေါ်သို့လက်တင်လာ၏။
"ငါမင်းကိုနှိပ်ပေးမယ်..."
"မလိုတော့ဘူး...ငါအစာကြေဆေးစားထားပြီးပြီ..!"
ရှဲ့လင်၏လက်က သူ့ဗိုက်ပေါ်ရောက်လာသည်နှင့် ဖုယွမ်ကျိုးယားယံလာသည်။ သူ၏ဗိုက်မှာ ကလိထိုးခံရသလိုဖြစ်နေပြီး အထိမခံနိုင်ပေ။ သူအိပ်ရာအတွင်းပိုင်းထဲအထိတိုးဝင်သွားသော်လည်း ရှဲ့လင်ကလွှတ်မပေးပေ။ လက်ကောက်ဝတ်ကိုဆွဲကာ သူ့ရင်ဘတ်တွင်ဖိထားပြီး ဖွဖွလေးနှိပ်နယ်ပေးနေကာ ရုန်းကန်ခွင့်မပေး။
"ငြိမ်ငြိမ်နေ..."
ဖုယွမ်ကျိုးကား ရယ်နေမိရင်း တလက်စတည်းရုန်းကန်နေပြန်၏။
"ရှဲ့လင်..ငါ့ကိုအရင်လွှတ်ပေး...အမြန်လွှတ်..မင်းပဲ အိုမီဂါတွေအခန်းကိုဝင်ချင်သလိုမဝင်ရဘူးဆို..ဘာလို့ဝင်လာတာလဲ"
ရှဲ့လင်၏လှုပ်ရှားနေခဲ့သောလက်များကရပ်တန့်သွားကာ သူ့အားငုံ့ကြည့်လာလေသည်။ ထိုသူ၏မျက်နှာကအေးစက်ပြီးချောမောနေကာ မျက်လုံးများမှာလည်း အတွင်းဘက်သို့မမြင်ရသည်အထိနက်မှောင်နေလေ၏။
"ငါတခြားအိုမီဂါတွေအခန်းကိုမဝင်တတ်ပါဘူး..."
ထိုသူက အခြားအိုမီဂါများကိုထည့်မတွက်ဘဲ သူ့အခန်းကိုသာ စိတ်ရှိတိုင်းဝင်ထွက်မည်ဟုဆိုလိုပုံရသည်။ရှဲ့လင်က သူ့အားယခုလိုကြည့်လာသည့်အခါ ဖုယွမ်ကျိုး၏မျက်နှာကပူလာ၍ မျက်နှာလွှဲလိုက်ရ၏။ တစ်ခုခုကိုဆုံးရှုံးသွားသလိုခံစားရပြီး ပျော်နေခြင်းလည်းမရှိသလို စိတ်ဆိုးသွားခြင်းလည်းမဟုတ်ပေ။
ထိုအချိန်မှာပင် ရှဲ့လင်ကသူ့အားကိုင်ထားသည့်လက်ကိုလွှတ်ပေးလိုက်သည်။ ထင်မထားသောကြောင့် သူသည်ကား ကိုယ်ကိုမထိန်းနိုင်ဘဲ နောက်ပြန်လန်ကျသွားခဲ့၏။ ရှဲ့လင်က သူ၏ကိုယ်ကိုဖိထားပြီး လေပူများက ဖုယွမ်ကျိုး၏မျက်နှာအပေါ်တွင်ဝေ့ဝဲနေလေသည်။ အင်မတန်နီးကပ်လွန်းနေလေရာ နောက်တစ်စက္ကန့်အတွင်း နမ်းလာတော့မည့်အတိုင်း။
ဖုယွမ်ကျိုးမှာ ထိတ်ပျာသွားရ၍ အနှီသူကိုတွန်းထုတ်လိုက်သော်ငြား ထိုသူကသူ့လက်ချောင်းများကိုဖမ်းကိုင်ထားခဲ့သည်။
"ကိုယ့်ကိုကြည့်..."
"မင်းလုပ်နေတာကိုအရင်ကြည့်လိုက်...."
ဖုယွမ်ကျိုး၏ပါးစပ်က တောင့်တင်းသွားသော်လည်း မျက်လုံးမဖွင့်ရဲ၍ အတင်းမှိတ်ထားခဲ့သည်။
"မင်းကောင်းတာဘာရှိလို့လဲ..."
"ကိုယ်ကမင်းကို ကြည့်စေရုံချင်ရုံလေးပါ..."
ရှဲ့လင်၏အသံကအင်မတန်တည်ငြိမ်နေလေ၏။
"ကိုယ့်ကို နည်းနည်းလောက်ပဲထပ်ကြည့်လိုက်...မင်းကိုယ့်ကိုသဘောကျလာလောက်ပါတယ်..."
သူဘာလို့ဒီလောက်တောင် အရှက်မရှိဖြစ်လာရတာလဲ။
ရှဲ့လင်နှင့် နှစ်အတန်ကြာသူငယ်ချင်းများဖြစ်လာခဲ့ပြီး ပြန်လည်မွေးဖွားခြင်းကိုမကြုံရခင်အထိ ရှဲ့လင်ထံတွင် ယခုလို ရှက်ကြောပြတ်နေသည့်ပုံစံရှိလိမ့်မည်ဟု ဖုယွမ်ကျိုးမထင်ထားမိခဲ့ပေ။
အဲဒီကောင်က သူနဲ့အဆက်အသွယ်မပြတ်ချင်လို့ အရှက်မရှိသလိုလုပ်နေတာလား။သူ့ကိုဘာမှမလုပ်နိုင်ဘူးလို့များထင်နေတာလား။သေစမ်း! သူရှဲ့လင်အောက်မှာပိမိနေပြီ၊ လှုပ်လို့မရဘူး။
ဖုယွမ်ကျိုး၏လည်ပင်းကနီရဲလာပြီး ခြေထောက်ဖြင့်ကန်ပစ်တော့မည့်အချိန်တွင် အခန်းတံခါးခေါက်သံထွက်လာခဲ့၏။
"ကျိုးအာ...မင်းအထဲမှာလား.."
ယွိဖေးက အပြင်မှတကြော်ကြော်ခေါ်နေပြီး ဖုယွမ်ကျိုးမှာ ထိုအသံကြောင့် ထိတ်လန့်သွားရသည်။ရှဲ့လင်ကိုစူးကနဲလှမ်းကြည့်ပြီး သူ့အပေါ်မှဖယ်ရန်အချက်ပြလိုက်၏။
ထိုအတိုင်းနေကြပြီး စက္ကန့်အနည်းငယ်အကြာမှ ရှဲ့လင်က သူ့အပေါ်မှထသွားလေသည်။ ဖုယွမ်ကျိုးမှာ အိပ်ရာပေါ်မှကုန်းရုန်းထလိုက်ရင်း ယုန်လေးလိုတဟုန်ထိုးပြေးသွားကာ ယွိဖေးကိုတံခါးဖွင့်ပေးလိုက်၏။
"ကျိုးအာ..."
ယွိဖေးက လည်ပင်းပေါ်နေသည့် ဆီးနှင်းဖြူရောင် ရေချိုးဝတ်ရုံဖြင့်အပြင်တွင်မတ်တပ်ရပ်နေသည်၊ သူ၏ညှပ်ရိုးနှင့် ရင်ဘတ်၏အစိတ်အပိုင်းနည်းနည်းကိုထုတ်ပြထားသည်၊၊ သွယ်လျသည့်လည်တံရှည်မှာ ဝတ်ရုံအောက်မှထွက်ပြူနေလေ၏။
မည်းနက်သည့်ဆံနွယ်များမှာ ရေတစက်စက်ကျကာ ရွှဲစိုနေပြီး ပါးပေါ်တွင် ကပ်ငြိနေသည်။လှပပြီး ခန့်ညားသည့်မျက်နှာမှာ အနီရောင်ဖျော့ဖျော့သန်းနေလေ၏။ ထိုသူသည် ဖုယွမ်ကျိုးကိုငုံ့ကြည့်နေပြီး ပန်းနုရောင်တောက်ပသည့်မှဲ့မှာ မျက်စိဖမ်းစရာဖြစ်နေကာ သူ့အားကိုင်ထားရင်း အသံတိုးတိုးဖြင့်ညီးညူလာလေသည်။
ဖုယွမ်ကျိုးမှာ တံခါးဖွင့်လိုက်သည်နှင့် ယခုလိုမြင်ကွင်းမျိုးမြင်ရလိမ့်မည်ဟု ထင်မထားပေ။ အနှီသေလောက်သည့်အလှလေးကြောင့် သူ့ခမျာမိန်းမောနေရင်း စကားသံများပင်လေးလံသွားရသည်။
"မင်း...."
"ငါအခုလေးတင် ရေချိုးပြီးတာ...ပြီးတာနဲ့မင်းဆီလာခဲ့တာပဲ..."
ယွိဖေးကပြောလာခဲ့သည်။
"ဒါပေမဲ့ ချိုးနေရာက ရေနွေးမလာတော့လို့...ဒါကြောင့် ငါမင်းကိုအကူအညီလာတောင်းတာ...အဆင်ပြေလား..."
"အဆင်ပြေပါတယ်.."
ဖုယွမ်ကျိုးက ခဲရာခဲဆစ်ခေါင်းညိတ်ပြလိုက်ပြီး ယွိဖေးကသူ့ကိုပြုံးပြလာသည်။ ထိုသူ၏အပြုံးက သူ့အားတုန်လှုပ်သွားစေခဲ့၏။ တဝက်မှာ ယွိဖေးကကြည့်ကောင်းနေ၍ဖြစ်ပြီး ကျန်တစ်ဝက်မှာ အနှီသူကယောကျ်ားတစ်ယောက်ဖြစ်နေသောကြောင့်ပင်။
ရှဲ့လင်က အိပ်ရာပေါ်မှထလာပြီး သူ့ထံလမ်းလျှောက်လာသည်။ ယွိဖေးက သူရှိနေသည်ကိုသိထားပြီး နှုတ်ဆက်လာ၏။
"အစ်ကိုလည်းဒီမှာရှိနေတာလား.."
ရှဲ့လင်: "သူ့ကိုဆေးလာတိုက်တာ.."
"မင်းနေမကောင်းဖြစ်နေလို့လား..."
ထိုစကားကြားလိုက်ရသည်နှင့် ယွိဖေးက ဖုယွမ်ကျိုးကိုချက်ချင်းမေးလာ၏။
"ရပါတယ်..ငါညကစားတာအရမ်းများသွားလို့ပါ..အစာကြေဆေးစားပြီးသွားပြီ..."
ဖုယွမ်ကျိုးက ခေါင်းညိတ်ပြပြီး ထိုသူကိုမျက်လုံးပင့်မကြည့်ရဲပေ။ ယွိဖေးအခန်းထဲမှရေချိုးခန်းကိုလိုက်သွားပြီး ရေခလုတ်ကိုစမ်းကြည့်ကာ ရေနွေးမလာရသည့်အကြောင်းအရင်းကိုစစ်ဆေးကြည့်လိုက်သည်။
ရေချိုးခန်းက ပုံမှန်သုံးနေကျမဟုတ်၍ ပျက်စီးသွားပြီဟု သူထင်ခဲ့မိသည်။ သို့သော် အခြားပြဿနာမရှိပေ။ ခလုတ်ကရှုပ်ထွေးနေ၍ လှည့်ပိတ်မိရုံသာ။ ယွိဖေးက ရေပိုက်ခေါင်းကိုမသုံးတတ်၍ မတော်တဆပိတ်လိုက်မိပုံရသည်။
ဖုယွမ်ကျိုး ခလုတ်ကိုနောက်တကြိမ်ဖွင့်လိုက်သည့်အခါ ရေပူများကထပ်ထွက်လာသည်။ သူ့လက်မှရေများကိုသုတ်ပစ်ပြီး ပြောလိုက်၏။
"အိုကေသွားပြီ..."
"ကျေးဇူးပဲကွာ..."
ယွိဖေးက သူ့အားပြုံးပြရင်းထပ်မေးလာလေ၏။
"မင်းငါ့ကိုနောက်တခေါက်လောက်သင်ပေးပါလား..."
"ဒါပေါ့.."
ဖုယွမ်ကျိုးခေါင်းညိတ်ပြလိုက်သည့်အခါ ယွိဖေးကအနားရောက်လာပြီး ဖြည်းဖြည်းချင်းကိုယ်ကိုကိုင်းလိုက်၏။ လုပ်ပြနေရင်းမှ ဖုယွမ်ကျိုးက ထိုသူကိုအမှတ်တမဲ့ကြည့်မိလိုက်သည့်အခါ အလွန်တရာမှလှပသည့် မြင်ကွင်းတစ်ခုကိုမြင်လိုက်ရသည်၊၊ ယင်းမှာ လည်တံတလျှောက် ချောမွေ့ဖြူဝင်းနေသည့်အသားအရေလေးပင်။
ယွိဖေးက ယောကျ်ားတစ်ယောက်ဖြစ်ကြောင်သိနေလင့်ကစား ဖုယွမ်ကျိုးက အနည်းငယ်မျှရှက်ရွံ့နေမိပြီး ယွိဖေးကိုသင်ပေးပြီးသည်နှင့် အမြန်ထွက်ပြေးလာခဲ့လေ၏။ ထိုအချိန်မှာပင် ရေအိုင်နေသည်ကိုသတိမမူမိဘဲ မတော်တဆခြေထောက်ချော်သွားခဲ့သည်။
ဖိနပ်အောက်ခံပြားက ချောနေသောကြောင့် သူ၏ကိုယ်နေဟန်ထားက ခဏတွင်းချင်းပျက်ယွင်းသွားလေသည်။ သူအမြန်ပြန်ထိန်းလိုက်နိုင်သည့်တိုင် ယွိဖေးကသူ့အား ခါးမှပွေ့လာပြီး တိုးလျသည့်အသံဖြင့်မေးလာ၏။
"အိုကေလား...အဆင်ပြေရဲ့လား.."
နှင်းဆီရနံ့ဖျော့ဖျော့က ဖုယွမ်ကျိုးနှာခေါင်းထဲသို့တိုးဝင်လာပြန်သည်။ အယ်လ်ဖာဖယ်ရိုမုန်းရနံ့ကြောင့် သူ့မျက်နှာကနီလာပြီး နွေးထွေးသောရေချိုးငယ်လေးအတွင်း ဖယ်ရိုမုန်းအနံ့များက သူ့နှလုံးခုန်နှုန်းကိုပိုမြန်လာစေချင်သည့်အလား တက်ကြွလှုပ်ရှားနေလေသည်။
"ကျိုးအာ..."
ယွိဖေးသည်ကား သူ့နားထဲသို့တီးတိုးခေါ်လိုက်ပြီး ထိုသူ၏နှုတ်ခမ်းများက နားရွက်ကိုထိလုနီးပါးပင်။
"ရေအပူချိန်ကိုညှိပေးတဲ့အတွက် ကျေးဇူးနော်..."
"ကျေးဇူးမတင်ပါနဲ့..ငါအခုက ကောင်းကောင်းရပ်လို့ရပြီ..မင်းငါ့ကိုလွှတ်ပေးတော့..."
ဖုယွမ်ကျိုးမှာ ရှက်လွန်းအားကြီးပြီး တမျက်နှာလုံး ပူကြွပ်နေပြီ။ သူ၏ရည်းစားဟောင်းက သူ့ထက်အရပ်ရှည်သည့်အပြင် သူ့ကိုပါဖက်ထားသေးသည်လေ။ သူရှက်လွန်း၍ တွင်းတစ်တွင်းရှာပြီးပျောက်ကွယ်သွားလိုက်ချင်သည်။
"မင်းမျက်နှာကရဲနေတာပဲ..."
ယွိဖေးက သူ့အားလွှတ်ပေးပြီး သူ့မျက်နှာကိုထိရန် ပြုံးရင်း လက်ဆန့်ထုတ်လာသည်။
"ရေချိုးခန်းက ပူလွန်းနေလို့များလား..ဒါမှမဟုတ်.."
"ကလစ်..."
ရုတ်တရက် ရေချိုးခန်းတံခါးမှာ အပြင်မှတွန်းဖွင့်ခံလိုက်ရသည်။ ရှဲ့လင်သည် ရေချိုးခန်းတံခါးဝတွင်ပေါ်လာပြီး သူတို့နှစ်ယောက်ကို အေးစက်စွာကြည့်လာသည်။
"မပြီးကြသေးဘူးလား..."
အသံကား မျက်နှာထားနှင့်မလိုက်ဖက်လောက်အောင်တည်ငြိမ်နေစေကာမူ ဖုယွမ်ကျိုးမှာ ကျောချမ်းသွားရပြီး အပြစ်ရှိစိတ်ကိုပါခံစားလိုက်ရသေးသည်။ သူ့မှာအမြန်ဖြည့်စွက်ပြောလိုက်ရ၏။
"ပြီးပါပြီ..ငါကရှောင်ဖေးကို ရေဘယ်လိုသုံးရမလဲသင်ပေးနေတာ..ငါအခုထွက်တော့မှာပါ.."
ယွိဖေးကပြုံးကာခနဲ့လာ၏။
"အစ်ကိုက စိတ်ပူနေတာလား...ကျွန်တော် ကျိုးအာကို တစ်ခုခုလုပ်လိုက်မယ်ထင်လို့လား.."
ရှဲ့လင်ကသူ့အားကြည့်လာသည်။ အသံမပြောင်းသွားသေးသော်လည်း နားထောင်မိသူတိုင်း ဒူးများပင်ညွတ်ကျသွားနိုင်လောက်၏။
"လိင်ကွဲသွားတည်းက ငါတို့သူနဲ့ဝေးဝေးနေရမယ်...မင်းထုတ်လိုက်တဲ့ဖယ်ရိုမုန်းတွေက အနံ့ပြင်းလွန်းတယ်လေ..."
"တကယ်လား..."
ယွိဖေးကလည်းတုံ့ပြန်လိုက်ပါ၏။
"ကျွန်တော်က လိင်ခွဲတာနောက်ကျတော့ ဖယ်ရိုမုန်းအာရုံခံတာအားနည်းတယ်..အဲဒါကြောင့် ကျိုးအာမျက်နှာကနီနေတာကိုး...ဆောရီးကွာကျိုးအာ...ငါတကယ်တောင်းပန်ပါတယ်.."
"ရပါတယ်...ငါကပူနေလို့ပါ.."
ဖုယွမ်ကျိုး ဝန်ခံရမည်ကိုရှက်နေ၍ မျက်နှာလေးကနီမြန်းနေလေသည်။
ရှဲ့လင်: "မင်းဖယ်ရိုမုန်း အာရုံခံတာမကောင်းရင် အချိန်မီကုသင့်တယ်..ဆေးရုံသွားပြီးမစစ်ကြည့်ဘူးလား..."
ယွိဖေး: "ငါတရုတ်ပြည်ပြန်မလာခင်က အခက်အခဲရှိနေခဲ့တာ..ငါနောက်မှဆေးရုံသွားပြီးစစ်ကြည့်လိုက်ပါ့မယ်..."
ရှဲ့လင်က ဖုယွမ်ကျိုးကိုသူ့ဘက်လှမ်းဆွဲပြီး ဖယ်ရိုမုန်းရနံကို ရုတ်တရက်ထုတ်လိုက်သည်။ ဝိုင်နီအနံ့ထွက်လာသည်နှင့် ဖုယွမ်ကျိုး၏မျက်နှာမှာ သွေးရောင်တောက်လာကာ ရေချိုးခန်းထဲမှထွက်ပြေးသွားလေတော့၏။
နေရာကျဥ်းကျဥ်းလေးတွင် အယ်လ်ဖာဖယ်ရိုမုန်းအနံ့နှစ်ခုက တိုက်ပွဲဖြစ်နေပြီး ရုတ်တရက် ဝိုင်နီအနံ့ကပြင်းရှကြမ်းတမ်းလာသည်။ နှင်းဆီအနံ့ကိုဖိနှိပ်ထားသော်လည်း ယွိဖေးကသတိထားမိပုံမပြဘဲ ဖွဖွလေးပြုံးလာသည်။
"အစ်ကို...အခြားပြောစရာရှိသေးလား..."
ရှဲ့လင်က သူ့အား ဖျတ်ကနဲကြည့်လိုက်ပြီး ဖယ်ရိုမုန်းအနံများကိုဖယ်ရှားကာ ခေါင်းယမ်းပြလိုက်သည်။
"ဒီနေ့ညတော့ ကောင်းကောင်းအနားယူလိုက်ပါ.."
"အိုကေ..."
ယွိဖေးက အပြုံးလေးနှင့်ပင်တုံ့ပြန်လိုက်သည်။ ရှဲ့လင် လှည့်ထွက်သွားသည်နှင့် ရေချိုးကန်ထဲတွင်လှဲချလိုက်ပြီး ရေစိမ်နေလိုက်၏။ မျက်လုံးများမှိတ်ထားရင်းဖြင့် နှုတ်ခမ်းထောင့်များသည်ကား တွန့်ကွေးနေခဲ့သည်။
"ငါ့ကိုသတိပေးတာပဲ..."
သူသည်ကား ယခုလေးတင် ဖုယွမ်ကျိုးမျက်နှာကိုကိုင်ခဲ့သည့်လက်ကိုမြှောက်လိုက်သည်။
နူးညံ့သည့်အထိအတွေ့က လက်ဖဝါးအပေါ်တွင်ကျန်ရစ်နေဆဲ။ သူသည်ကား လက်ချောင်းထိပ်လေးများကိုဖွဖွလေးနမ်းလိုက်ရင်း တိုးလျညင်သာစွာရေရွတ်လိုက်လေ၏။
"ကျိုးအာ..."
.......
ဖုယွမ်ကျိုး. ယွိဖေးနှင့်ရှဲ့လင်တို့မလာခင် အိပ်ခန်းထဲပြန်ဝင်လာပြီး မီးပိတ်ကာအိပ်ပျော်နေသလိုဟန်ဆောင်လိုက်သည်။ သူမီးပိတ်လိုက်သည်နှင့် အထဲဝင်လာသည့်ခြေသံတစ်စုံထွက်လာ၏။ နောက်ဆုံးတွင် ၎င်းကသူ့အားမနှောက်ယှက်ဘဲ ထွက်ခွာသွားခဲ့သည်။
သူသည်ကား စိတ်အေးသွားသလိုသက်ပြင်းချလိုက်ကာ အိပ်ရာပေါ်တွင် အေးအေးချမ်းချမ်းဖြင့်လှဲလိုက်ပြီး ဖုန်းနှင့်ဂိမ်းဆော့နေလိုက်သည်။ WeChat ကိုမွှေနေရင်း လေလွင့်ကြောင်လေးများကိုမွေးစားထားသည့်သူငယ်ချင်းတစ်ယောက်က Friend Circle တွင် ကြောင်ပေါက်လေးများ၏ပုံကိုတင်ထားခဲ့သည်ကို ရုတ်တရက်မြင်လိုက်ရသည်၊ အားလုံးကနွေးထွေးသည့် သားမွှေးခင်းထားသောခြင်းတောင်းတစ်လုံးထဲတွင် တိုးဝှေ့အိပ်နေကြလေ၏။
"ကောင်းကောင်းဂရုစိုက်ထားတာပဲ"
ဖုယွမ်ကျိုးက ပုံမှန်အတိုင်း မှတ်ချက်ဝင်ရေးလိုက်သည်။ ဤသူငယ်ချင်းက သူနှင့်ရှဲ့လင်တို့ဖြင့်ရင်းနှီးသူမဟုတ်။ ရှဲ့လင်မှတ်ချက်ရေးထားသည်ကိုမြင်ရမည်မဟုတ်ဘဲ သူမအိပ်သေးသည်ကိုလည်းသိမည်မဟုတ်ပေ။
"ဒါပေါ့..."
သူငယ်ချင်းက သွက်သွက်လက်လက်ပြန်စာရေးလာသည်။
"မင်းရဲ့အတန်းဖော်ကိုစိတ်ချဖို့ပြောလိုက်ဦး..ဓာတ်ပုံလည်းပို့ပေးလိုက်ချေ..နောက်ဆုံးတခါက မင်းငါ့ကို သူ့ဖုန်းနံပါတ်တော့ပေးထားပေမဲ့ ငါတို့က WeChat မှာသူငယ်ချင်းတွေမဟုတ်ဘူး...မင်းတို့ကတော့သူငယ်ချင်းတွေမလား..."
လွန်ခဲ့သည့်ရက်အနည်းငယ်ကအထိ ဖုယွမ်ကျိုး၏သူငယ်ချင်းစာရင်းထဲတွင် ရန်ရှူးထန်မရှိသေးသော်လည်း မကြာသေးခင်က စာရင်းထဲထည့်ပေးထားသည်။
သူ့ဘက်မှစပြီး ရန်ရှူးထန်ကိုစကားပြောရန်ရှက်နေမိသည့်တိုင် သူငယ်ချင်းဖြစ်လာပြီးနောက် ရန်ရှူးထန်ကလည်း ကြောင်ပေါက်လေးများကိုဂရုစိုက်တတ်ကြောင်း သူသိလာခဲ့သည်။ နောက်ဆုံး၌ ရန်ရှူးထန်ကြည့်နိုင်ရန် ဓာတ်ပုံပို့ပေးလိုက်သည်။
"ငါ့သူငယ်ချင်းကပုံတင်ပေးထားတယ်...အားလုံးအဆင်ပြေကြပါတယ်...မင်းသူတို့ကိုပေးလိုက်တာ တကယ်ကောင်းတဲ့ဆုံးဖြတ်ချက်ပဲ..."
"ကျေးဇူးပါပဲ..."
ရန်ရှူးထန်က စက္ကန့်ပိုင်းအတွင်းစာပြန်လာလေသည်။
အို့...ကြည့်ရတာ....ထိပ်တန်းကျောင်းသားလည်း သူတော်ကောင်းကြီးမဟုတ်ဘူးပဲ။သူလည်းဂိမ်းကစားနေတာဖြစ်ရမယ်။ မက်ဆေ့ချ်ရောက်လာသည်နှင့် ချက်ချင်းစာပြန်လာတယ်။
ဖုယွမ်ကျိုးက အီမိုဂျီလေးပို့ပေးပြီး ဖုန်းပိတ်လိုက်သည်။ ထိုအခိုက်မှာပင် ရန်ရှူးထန်ကသူ့အားနောက်ထပ်မက်ဆေ့ချ်တစ်ခုပို့လာခဲ့သည်။
"မင်း...စာပြပေးဖို့လူရှာနေတာဆို..."
"ဟုတ်တယ်...မင်းဘယ်လိုသိတာလဲ..."
ဖုယွမ်ကျိုးက အနည်းငယ်အံ့အားသင့်သွားပြီး စာရိုက်လိုက်သည်။
"ငါ့ကိုနည်းနည်း ညွှန်ပေးပါလား..."
ရန်ရှူးထန်ကလည်းစာပြန်ရိုက်သည်။
"ငါသိတဲ့သူမရှိဘူး..ဒါပေမဲ့ မင်းလက်ခံမယ်ဆိုရင် ငါမင်းကိုစာပြပေးနိုင်တယ်..ပြီးတော့ မင်းကူညီပေးခဲ့တာကိုပြန်ဆပ်တာလို့ပဲသဘောထားပေါ့..."