Chapter 16
Viewers 2k

Chapter 16



ယွမ်ယဲ့သည် ဖုယွမ်ကျိုးကိုရေကာမျက်မှန်တပ်ပေးလိုက်ပြီးသည့်တိုင် သူ့လက်ကိုချက်ချင်းပြန်မရုတ်ပေ။ ထိုအစား ဖုယွမ်ကျိုး၏မျက်နှာတလျှောက် လက်ကိုအသာလျှောသွားပြီး ထိုသူ၏ပါးပေါ်မှရေစက်တို့ကိုသုတ်ပေးလိုက်သည်။ ၎င်း၏လက်ချောင်းထိပ်ဖျားမှ ပုံမှန်မဟုတ်သည့်အပူဓာတ်တို့မှာ ပါးပြင်တလျှောက်ကျန်ရစ်ခဲ့လေ၏။ 


ဖုယွမ်ကျိုးမှာ ထိုအချိန်လေးအတွင်းဖြစ်ပျက်သွားသော ယွမ်ယဲ့ခေါင်းထဲမှအတွေးများကို မခန့်မှန်းနိုင်တော့ပေ။ သူအနည်းငယ်ယားယံသလိုခံစားလိုက်ရ၍ နောက်ဆုတ်ကာ ယွမ်ယဲ့လက်ချောင်းများကိုရှောင်လိုက်ပြီး အပြုံးလေးဖြင့်ပြောလိုက်လေသည်။ 


"အခုမှနောင်တရဖို့တော့နောက်ကျသွားပြီ... မီတာနှစ်ရာရေကူးပြိုင်မယ်..." 


"အိုကေ..." 


ယွမ်ယဲ့ကသူ့အား နင့်နင့်နဲနဲကြည့်လိုက်ပြီး သူ့မျက်မှန်သူပြန်တပ်လိုက်သည်။ ဖုယွမ်ကျိုးက ရေကန်အစွန်းကိုအရင်သွားလိုက်ပြီး ထိုသူမီတာနှစ်ရာရေကူးရန်အတွက် သွေးပူလေ့ကျင့်ခန်းလုပ်နေသည်ကို ထိုင်ကြည့်နေလိုက်သည်။ 


လေ့ကျင့်ရုံဖြစ်၍ ယွမ်ယဲ့ကအားကုန်မသုံးထားပေ။ သို့သော်လည်း အတော်လေးလျင်မြန်ပြီး အရင်ပြိုင်သွားသည့်ထက် ဖုယွမ်ကျိုးထက်မနှေးပေ။ 


ပြိုင်ဖက်ဖုယွမ်ကျိုးသည်လည်း စိတ်လှုပ်ရှားနေရလေရာ သူ၏ခြေဆစ်လက်ဆစ်တို့ကို အတိုချုံးလှုပ်ရှားနေမိသည်။ နည်းပြကိုပြိုင်ပွဲအကြောင်းပြောပြလိုက်ပြီး ဆရာကလည်းစိတ်ဝင်စားစရာကောင်းသည်ဟု ပြောလာသည်။ သူ၏တောင်းဆိုချက်ကိုလိုက်လျောပေးပြီး ဒိုင်လူကြီးအဖြစ်ဆောင်ရွက်ပေးမည်ဟုပင်ပြောလာခဲ့သေးသည်။ စိတ်ဝင်စားနေသောအခြားကျောင်းသားများကလည်း ရေကူးကန်ဘေးတွင်ရပ်ကာ အားပေးနေကြလေ၏။ 


သွေးပူလေ့ကျင့်ခန်းလုပ်ပြီးသည့်အခါ နှစ်ယောက်သားညှိနှိုင်းကြပြီး ကန်ဘောင်ပေါ်တွင်နေရာယူကြသည်။ ပြိုင်ပွဲဝင်ရန်အကွာအဝေးမှာ မီတာနှစ်ရာ။ စတိုင်(ရေကူးပုံစံ)သတ်မှတ်ချက်မရှိပေ။ ပိုပြီးလျင်မြန်စွာကူးခတ်နိုင်သူက အနိုင်ရလိမ့်မည်။ 


"ရွှီ...!" 


နည်းပြဆရာကဝီစီမှုတ်လိုက်သည်နှင့် ကစားသမားနှစ်ယောက်တို့သည် ရေကန်ထဲသို့ပြိုင်တူဆင်းသွားကြပြီး ရေထဲတွင်အားကုန်ကူးခတ်ကြတော့သည်။ 


ဖုယွမ်ကျိုးသည် ဖရီးစတိုင်ကူးခတ်ရာတွင် အတော်ဆုံးပင်။ အသက်ရှူရန် ရေပေါ်တက်လာသည်နှင့် ယွမ်ယဲ့ဘက်ကိုမျက်နှာလှည့်လိုက်သည်၊ ရေကာမျက်မှန်က ရေစက်လေးများနှင့်ဖုံးနေသည့်တိုင် ယွမ်ယဲ့ကသူ့ထက်ကိုယ်တဝက်မျှရှေ့ရောက်နေသည်ကို မြင်နိုင်သည်၊ သို့ဖြစ်၍ သူချက်ချင်းအရှိန်တင်လိုက်၏။ သူ၏ရေငုပ်သွားလိုက်ပြန်ပေါ်လာလိုက်အရှိန်က ပိုပြီးမြန်ဆန်လာခဲ့သည်။ 


"လုပ်ထား...အစ်ကိုယွမ်!" 


"ကူးထား...ယွမ်ယဲ့" 


အတန်းဖော်များက ကန်ဘောင်တွင်ရပ်နေရင်း သူတို့အား အားပေးနေခဲ့ကြသည်။ တချိန်တည်းမှာပင် နှစ်ယောက်လုံး၏ရေကူးသည့်အရှိန်ကမြန်ဆန်လွန်းလှ၍ အံ့အားသင့်နေကြလေ၏။ သူတို့ရေကူးတတ်သော်လည်း ထိုနှစ်ယောက်ကငါးနှစ်ကောင်ဆိုလျှင် သူတို့ကကြက်အုပ်သာဖြစ်ပြီး ဘဲများပင်သူတို့ကဲ့သို့ ရေကူးနိုင်မည်မဟုတ်ပေ။ 


နောက်ဆုံးတွင် တခေါက်တည်းသာကျန်တော့သည်။ နောက်တွင် မသိမသာကျန်နေခဲ့သောဖုယွမ်ကျိုးမှာ အဆုံး၌ ယွမ်ယဲ့ကိုကျော်သွားခဲ့၏။ နှစ်ယောက်လုံးက ကန်ဘောင်ကိုတပြိုင်တည်းထိလာခဲ့သော်လည်း ဖုယွမ်ကျိုးက အရင်ရောက်ခဲ့သည်။ 


"အစ်ကိုယွမ်နိုင်တော့မှာကိုကွာ!" 


နှစ်ယောက်လုံး ရေထဲမှပေါ်လာသည်နှင့် လူတိုင်းလက်ခုပ်တီးပြီးအားပေးလာကြသည်။ ဖုယွမ်ကျိုးက အသက်ကိုဝအောင်ရှူကာ ပြုံးပြလိုက်သော်လည်းစကားမပြောနိုင်ပေ။ သူ၏အဆုတ်နှစ်ခုလုံးက မီးကျွမ်းထားသလိုပူနေခဲ့သည်။ နောက်ဆုံးတွင် သူအသက်မရှူနိုင်တော့၍ ကန်ဘောင်ပေါ်သို့တက်သွားပြီး မေ့လဲတော့မည်အထိဖြစ်နေလေ၏။ 


"ဟုတ်ပြီ..မင်းတို့နှစ်ယောက်..." 


ဆရာက အချိန်မှတ်စက်ကိုကြည့်ပြီး ကန်ဘေးတွင်ဆောင့်ကြောင့်ထိုင်ကာ စိတ်ဝင်တစားဖြင့်မေးလိုက်သည်။ 


"ငါ့ရဲ့ရေကူးအသင်းထဲဝင်ချင်လား..မင်းတို့ ပရော်ဖက်ရှင်နယ်ကစားသမားအဆင့်မီသွားရင် ကောလိပ်ဝင်ခွင့်ဖြေတဲ့အခါ အမှတ်ပိုရမှာ.." 


"ကျေးဇူးတင်ပါတယ်ဆရာ...ဒါပေမဲ့ ရပါတယ်...မဟုတ်ရင် ကျွန်တော်ထရိန်န​င်ကနေ ထွက်ပြေးမိနေမှာ..." 


ယွမ်ယဲ့ မျက်မှန်ကိုအပေါ်တွန်းတင်လိုက်ရင်း ပြုံးကာဖြေလိုက်လေ၏။ သူအလျင်စလိုဖြစ်သွားသော်ငြား ရှုံးသွားသည့်တိုင် ဖုယွမ်ကျိုးထက် အများကြီးပိုတော်ခဲ့သည်။ ဝမ်းနည်းဖွယ်ပင်။ ပြိုင်နေခဲ့သည့်တလျှောက်တွင်လည်း သူအင်မတန်ပျော်နေခဲ့ရသည်။ 


"မင်းနိုင်သွားပြီ...ဂုဏ်ယူပါတယ်..." 


သူသည် ရေကူးကန်ထဲမှ ဖော့တန်းများကိုဖြတ်လာရင်း ခေါင်းငုံ့ကာအမောဖြေနေသည့် ဖုယွမ်ကျိုးအနားသို့ချဥ်းကပ်လာလေသည်။ 


"မင်းဘာလုပ်နေတာလဲ...ငါပြောနေတာလေးတောင်နားမထောင်နိုင်ဘူး..." 


"မင်း..." 

ဖုယွမ်ကျိုး မောဟိုက်နေရင်းဖြင့် ထိုသူအားလှမ်းခေါ်လိုက်လေ၏။ 

"ဒီကိုလာဦး..." 


ယွမ်ယဲ့ မျက်ခုံးပင့်လိုက်မိသည်။ 


"လွယ်လိုက်တာ..." 


"မဟုတ်..." 


ဖုယွမ်ကျိုး နာကျင်နေသည့်မျက်နှာဖြင့် မော့ကြည့်လိုက်သည်။ သူရှက်နေလင့်ကစား ရိုးရိုးသားသားပင်ဝန်ခံလိုက်ပါ၏။ 


"ငါလမ်းမလျှောက်နိုင်တော့ဘူး...မင်းငါ့ကိုထူပေး..." 


ယွမ်ယဲ့က နောက်ဆုတ်သွားပြီး နှုတ်ခမ်းထောင့်များက ဂျိတ်တစ်ချောင်းနှယ်ကွေးသွားခဲ့သည်။ သို့သော် ဖုယွမ်ကျိုးကသူရယ်တော့မည်ကိုမြင်လိုက်သည်နှင့် လူသတ်တော့မည့်မျက်လုံးဖြင့်သတိပေးလိုက်လေသည်။ 


"အိုကေ...မရယ်တော့ပါဘူး..."


ယွမ်ယဲ့က ဖော့တန်းကိုမြှောက်ပြီးအနားတိုးသွားလိုက်သည်။ ဖုယွမ်ကျိုးက သူ့ကိုယ်သူအားစိုက်ပြီး မတ်တပ်ရပ်ရန်ကြိုးစားကြည့်သည်။ ယွမ်ယဲ့က သူ့ခြေထောက်ကိုကိုင်ပြီး ရေထဲမှတင်ပေးလိုက်ကာ ထိုသူလမ်းလျှောက်နိုင်ရန်ကူညီပေးလိုက်၏။ 


"မင်းတို့နှစ်ယောက်ကတကယ်သန်မာကြတာပဲ!" 


အတန်းဖော်များကဝိုင်းအုံလာပြီး သူတို့အားချီးကျုးလာကြသည်။ ဖုယွမ်ကျိုးကရယ်ပြချင်သော်လည်း သူ့ခြေထောက်များက ဆိုးဆိုးရွားရွားနာကျင်နေ၍ မရယ်ပြနိုင်ပေ။ သူ့ခမျာ မတ်တပ်ရပ်ရန်ပင် အနိုင်နိုင်အားထုတ်နေရရှာသည်။ 


"ငါတို့လိုဖြစ်ချင်တယ်မလား...အမြန်ရေကူးကျင့်ကြတော့လေ..." 


ယွမ်ယဲ့ကလူအုပ်ကြီးကို ကန်ရှိရာသို့မောင်းထုတ်လိုက်ပြီး ဖုယွမ်ကျိုးလက်ကိုကိုင်ကာ ရေကန်ဘေးမှသစ်သားခုံတွင်ထိုင်ခိုင်းလိုက်သည်။ ထို့နောက်ခြေသလုံးကိုဆန့်ခိုင်းထားလိုက်၏။ 


"ဘာဖြစ်တာလဲ..." 

ဆရာကလျှောက်လာရင်းမေးလိုက်ပြီး ယွမ်ယဲ့က ပြုံးရင်းပင်ပြန်ဖြေလိုက်သည်။ 

"အိုကေပါတယ်...​ခြေထောက်ကြွက်သားတွေနာသွားလို့ အနားယူနေရုံပါ..." 


"အိုကေ...မင်းတို့နားလိုက်ကြတော့...မင်းတို့အခုလေးတင်ပင်ပန်းသွားကြပြီ..နောက်တခါကျရင်သတိထား...သွေးပူလေ့ကျင့်ခန်းကိုပိုလုပ်ကြ...အဲဒါဆိုကြွက်မတက်တော့ဘူး..." 


နည်းပြကခေါင်းညိတ်ပြီး အခြားကျောင်းသားများကိုလှမ်းကြည့်လိုက်သည်။ ယွမ်ယဲ့က အနောက်သို့ပြန်လျှောက်လာပြီး ထိုင်ခုံဘေးတွင်ဝင်ထိုင်လိုက်ရင်း ဖုယွမ်ကျိုးကိုရယ်ကာမေးလိုက်သည်။ 


"ငါမင်းကိုနှိပ်ပေးရဦးမလား..." 


"အေး...အေး...လုပ်စမ်းပါဦး..!" 


သူ့ကိုတစ်ယောက်ယောက်က ကူညီပေးလာရင်တော့အကောင်းဆုံးပင်။ ဖုယွမ်ကျိုး သက်ပြင်းရှိုက်ရင်းခေါင်းညိတ်ပြကာ သဘောတူလိုက်သည်။ 


အနှီသူက သူ၏ခြေကျင်းဝတ်နှစ်ဖက်ကိုကိုင်ကာ ခြေထောက်ကိုမြှောက်ရင်း ထိုင်ခုံတွင်မှီချလိုက်သည်၊ ထို့နောက်ဖုယွမ်ကျိုးခြေထောက်ကို သူ့ပေါင်ပေါ်တွင်တင်ကာ ဖွဖွလေးတင်ထားလိုက်၏။ 


"ဘယ်ဘက်လဲ..." 


"ညာဘက်..." 


ဖုယွမ်ကျိုး တွန့်ဆုတ်နေဆဲမှာပင် ယွမ်ယဲ့ သူ့ခြေထောက်အားကိုင်လာသည့် အထိအတွေ့ကိုခံစားလိုက်ရသည်။ ယွမ်ယဲ့ကအရပ်ရှည်ပြီး လက်များကလည်းသွယ်လျကာ လက်ဖဝါးများကလည်းနွေးထွေးသည်။ ကြီးမားသည့်လက်ဖဝါးပြင်က သူ၏အေးစက်စက်ခြေသလုံးသားကို ကိုင်ထားပြီး တောင့်တင်းနေသည့်ခြေသလုံးကြောများကိုညင်သာစွာ နှိပ်နယ်ပေးနေခဲ့သည်။ တမဟုတ်ချင်း နာကျင်နေမှုကပြေလျော့သွားကာ ဖုယွမ်ကျိုးမှာ သက်ပြင်းဖွဖွချမိပြီး သူ၏တင်းကြပ်နေသောပေါင်သားများလည်း သက်သောင့်သက်သာဖြစ်လာ၍ နောက်မှီထိုင်ခုံပေါ်ကိုလှဲချလိုက်သည်။ 


ဖုယွမ်ကျိုး၏ခြေတံများက အင်မတန်လှပလွန်းပါ၏၊ ဖြောင့်စင်းရှည်သွယ်ပြီး ခြေဖျားလေးများကလည်းကြည့်ကောင်းသည်။ ယွမ်ယဲ့ကိုင်ထားသည့် ခြေချောင်းလေးများကလည်း ပန်းရောင်ဖျော့ဖျော့သန်းနေပြီး နေ၏အလင်းတန်းများအောက်တွင် တောက်ပနေလေသည်။ 


သူ၏လည်စလုတ်လေး နိမ့်လိုက်မြင့်လိုက်ဖြစ်သွားပြီး ဖုယွမ်ကျိုးကို အသံခပ်အုပ်အုပ်ဖြင့်မေးလိုက်သည်။ 


"သက်သာလား..." 


"သက်သာတယ်..." 


လူတစ်ယောက်ကသူ့အားပြုစုပေးနေသည့်အခါ ဖုယွမ်ကျိုး ဘယ်လိုလုပ်မသက်သာပဲနေမည်နည်း။ စကားနှင့်ပင်ပြောရန်မလိုအပ်ပေ။ ယခင်ဘဝကအတိုင်း ယွမ်ယဲ့၏အစ်ကိုကြီးပြန်ဖြစ်လာသလိုပင်။ ထိုအချိန်က ယွမ်ယဲ့သည် ယခုလိုမျိုး သူ့စကားကိုနားထောင်ခဲ့ခြင်းမရှိပေ။ 


ဖုယွမ်ကျိုး: "အခုလေးတင်...​ငါမင်းကို​ငါလုပ်ချင်​တာရှိတယ်လို့ပြောခဲ့တယ်လေ...ငါအဲဒါကိုစဥ်းစားနေတာ..." 


"ဟမ်?" ယွမ်ယဲ့ကမျက်လွှာချပြီး ခြေထောက်ကိုနှိပ်ပေးနေရင်း ပုံမှန်အတိုင်းအသံပေးလိုက်သည်။ 


"နောင်ကျရင် မင်းငါ့ကိုအစ်ကိုကြီးလို့ခေါ်ရမယ်...လက်ခံလား..." 


အနှီသူ ရုတ်တရက်ရပ်သွားသည်ကို ဖုယွမ်ကျိုးမြင်လိုက်သည့်အခါ သူ့ခြေထောက်ကိုမြှောက်လိုက်သည်၊ ထိုသူက သူ၏ခြေချောင်းများကိုဆုပ်ကိုင်ထားပြီး မျက်လုံးများကနက်မှောင်လာကာ နောက်လက်တစ်ဖက်နှင့်ပြောင်းကိုင်လိုက်လေ၏။ 


သူနည်းနည်းရေငတ်လာသလိုပင်။ မသိစိတ်အရ နှုတ်ခမ်းကိုသပ်လိုက်မိပြီး နောက်ဆုံးတွင်ခေါင်းမော့ကာ ဖုယွမ်ကျိုးအားကြည့်လာလေသည်။ 


"မင်းကိုအစ်ကိုကြီးလို့ခေါ်ရမယ်?" 

ထိုသူကရယ်လာသော်လည်း စိတ်ဆိုးနေပုံမရပေ။ သူ့စကားကို မသိမသာလျစ်လျူရှုလိုက်သည်။ 


"မင်းအသက်ကဘယ်လောက်လဲ...ငါကအစ်ကိုကြီးခေါ်ရအောင်" 


"ငါ့မွေးနေ့က ဧပရယ် ၂၀..." 

ဖုယွမ်ကျိုးက လှည့်ကြည့်ပြီး တည်ငြိမ်သည့်ဟန်ပန်နှင့်ပြုံးပြလာသည်။ 


"မင်းကရော...?" 


ယွမ်ယဲ့ ခဏတာမျှနှုတ်ဆိတ်သွားခဲ့သည ဖုယွမ်ကျိုးက သူစကားပြန်လာအောင် ခြေထောက်ကိုလှုပ်လိုက်ပြန်၏။ ထိုအခါမှ သူပြန်ဖြေလိုက်ရသည်။


"ငါကဧပရယ် ၂၁...ဒါပေမဲ့ အမေ့ကိုမွေးရက်ပေးထားတာက ၁၉ ရက်နေ့..." 


"မင်းနှစ်ရက်လောက်စောင့်ပြီးမှ အန်တီ့ကိုဗိုက်နာအောင်လုပ်လိုက်သင့်တယ်..." 

ဖုယွမ်ကျိုးက ဂုဏ်ဆာနေသည့်အသံဖြင့်တုံ့ပြန်လိုက်သည်။ သူယွမ်ယဲ့မွေ့နေ့ကို သိထားခဲ့သည်မှာကြာခဲ့ပြီ။ သည့်အပြင် သူကယွမ်ယဲ့ထက်တစ်ရက်ပိုကြီးမှန်းလည်း သိထားပြီးသားပင်။ 


"မြန်မြန်ခေါ်...မင်းလောင်းတာရှုံးသွားပြီလေ...ငါ့ကိုအစ်ကိုကြီးလို့ခေါ်တော့..."


ယွမ်ယဲ့က သူ့အား ခဏကြာအောင်ငေးကြည့်နေပြီး ဘာတွေးမိသွားမှန်းမသိပေ။ ရုတ်တရက်ပြုံးပြလာပြီး သူပြောသည့်သည့်အတိုင်းလိုက်ခေါ်လာသည်။ 


"အစ်ကိုယွမ်..." 


"ညီလေးယဲ့..." 


ဖုယွမ်ကျိုးတစ်ယောက် အပျော်ကြီးပျော်နေသည်။ ပျော်လွန်း၍ မျက်ရည်ပင်ကျနိုင်လောက်၏။ နောက်ဆုံးတော့ ယွမ်ယဲ့ကသူ့အား အစ်ကိုဟုခေါ်လာသည်ကို နောက်တစ်ကြိမ်ကြားရပြီ။ နောက်ဆုံးတော့ သူ၏အရင်ဘဝက ခံစားချက်ကို နောက်တကြိမ်ပြန်ရလာခဲ့ပြီ။ ရှဲ့လင် သူ့ကိုကြိုက်လည်းရှိစေတော့။ ယွိဖေးက မိန်းမတစ်ယောက်မဖြစ်လည်း အရေးမကြီး။ ဤအခိုက်အတန့်လေးကို ဘာနှင့်မှမလဲနိုင်ပါချေ။ 


သူသည် မနာကျင်တော့သည့် ခြေထောက်ကိုပြန်ရုတ်လိုက်ပြီး ယွမ်ယဲ့လက်ကိုဆုပ်ကိုင်ကာ ကြုံတောင့်ကြုံခဲကတိကိုပေးလိုက်သည်။ 


"အခုကစပြီး...ငါမင်းကိုကာကွယ်ပေးမယ်...ငါတို့အတူပျော်ရွှင်ပြီး အတူတိုက်ခိုက်ကြမယ်..." 


ပြောတော့မှ မတိုင်ခင်က ယွမ်ယဲ့နှင့်လုပ်ထားသည့်အလောင်းအစားကိုသတိရလိုက်ပြီး စိတ်အခြေအနေကောင်းနေ၍ ထပ်ဖြည့်ပြောလိုက်၏။ 


"တကယ်တော့...မင်းငါနဲ့အပြင်ထွက်ဖို့လောက်နဲ့ အလောင်းအစားလုပ်စရာမလိုပါဘူး...မင်းငါ့ကိုခွင့်မတောင်းလည်း သူငယ်ချင်းအနေနဲ့...ငါ့မှာအချိန်ရရင် ငါမင်းနဲ့ဘယ်အချိန်ဖြစ်ဖြစ် အပြင်ထွက်လို့ရပါတယ်..." 


သူ့ထံတွင် အားအင်များပြည့်နေပြီး မျက်လုံးထဲတွင် အလင်းစက်လေးတစ်စက်ကိုပင်မြင်နေရသည်။ ၎င်းက မူးဝေရလောက်အောင် တောက်ပနေခဲ့၏။ ယွမ်ယဲ့ကသူ့အားတိုက်ရိုက်ကြည့်ကာ ရုတ်တရက်ဟက်ကနဲရယ်ပြီးတုံ့ပြန်လာ၏။ 


"အိုကေ..." 


"မင်းဘယ်ကိုသွားချင်..." 


ဖုယွမ်ကျိုး မေးတော့မည့်အချိန်မှာပင် ရုတ်တရက် လူတစ်ယောက်ကသူ့ကိုပုခုံးမှတွန်းကာ ထိုင်ခုံပေါ်သို့သာသာလေးလှဲချလိုက်သည်ကိုခံစားလိုက်ရသည်။ ဘာအတွက်ကြောင့် ယွမ်ယဲ့ကသူ့အားယခုလိုလုပ်လာမှန်း နားမလည်နိုင်သေးပေ။ ယွမ်ယဲ့က လက်တစ်ဖက်ကိုသူ၏ပုခုံးတွင်ထားကာ ကျန်တစ်ဖက်ကို ခုံတွင်ထောက်ထားပြီး သူ့အားထူးဆန်းသည့်မျက်လုံးဖြင့်ကြည့်လာလေသည်။ 


အင်မတန်နီးကပ်သည့်အကွာအဝေးတွင် ဖုယွမ်ကျိုးသည် ယွမ်ယဲ့ထံမှ အပူရှိန်ကိုခံစားမိနေပြီး ပူရှိန်းအနံ့ဖျော့ဖျော့ကိုလည်းရလာခဲ့သည်။ ထိုအခိုက်အတန့်လေးတွင် ပူရှိန်းအနံ့ကမပြင်းထန်သေးဘဲ မြင့်တက်နေသည့်အပူချိန်တွင်ပျော်ဝင်ချင်နေပြီး ဖုယွမ်ကျိုး၏အသိစိတ်ကို ကမောက်ကမဖြစ်လာစေလေသည်။ 


ပူရှိန်းအနံ့ဖျော့ဖျော့ကိုရလိုက်သည်နှင့် ဖုယွမ်ကျိုးမျက်နှာက ထပ်ပြီးနီရဲလာပြန်သည်။ ယွမ်ယဲ့ကသူ့အား ပြင်းပြစွာဖြင့်ကြည့်လာပြီး ခေါင်းငုံ့ကာ အက်ကွဲနေသည့်အသံဖြင့်ပြောလာ၏။ 


"ငါမထိန်းထားနိုင်တော့ဘူး...ငါမင်းကိုနမ်းချင်တယ်.." 


ထိုသူ၏အနမ်းများက ဖုယွမ်ကျိုးမျက်နှာပေါ်ကိုကျလာခဲ့သည်။ 


ညင်သာလှသည့်အနမ်းလေးပင်ဖြစ်လင့်ကစား ဖုယွမ်ကျိုးမှာထိတ်လန့်သွားရပြီး ခုံပေါ်မှပြုတ်ကျလုနီးပါးဖြစ်သွားကာ ဦးနှောက်ထဲတွင်အခေါင်းပေါက်ဖြစ်သွားရပါသယောင်။ 


"မင်းဘာလုပ်တာလဲ..." 


နှစ်ယောက်လုံး၏ အလွန်အမင်းနီးကပ်နေမှုကြောင့် ဆရာက အဝေးမှလှမ်းအော်လာသည်။ ယွမ်ယဲ့ကခုံမှထကာ ပြုံးလိုက်ရင်း ဆရာကိုဆင်ခြေပေးလိုက်၏။ 


"ဖုယွမ်ကျိုးက ရေကန်ထဲကနေတက်လာရတော့ သူ့မျက်လုံးတွေအောင့်တယ်လို့ပြောနေလို့...သူပြန်ကောင်းအောင်ကူညီပေးနေတာပါ..." 


"ယွမ်ယဲ့!" 


ဖုယွမ်ကျိုးက ယွမ်ယဲ့အမည်ကိုအံကြိတ်ခေါ်လိုက်သော်လည်း အခြားသူများကြားသွားသည်အထိ အသံမထွက်ရဲပေ။ သူ့အသံကတိုးလွန်းအားကြီး၍ လည်ပင်းကနီရဲနေပြီး မျက်လုံးများကမူ ခက်ထန်စူးရဲနေ၏။ 


သေစမ်း...ဒီကလေး အသက်မရှင်ချင်တော့ဘူးလား။ သူတကယ်လုပ်ရဲတယ်။ 


"အစ်ကိုကြီး...နာတယ်..." 

ယွမ်ယဲ့ကလူဆိုးအပြုံးလေးဖြင့်ဆိုလာ၏။ 


"ငါသည်းခံထားခဲ့ရတာအရမ်းကြာနေပြီ..ငါမင်းကိုစတွေ့တည်းကနမ်းချင်နေတာ...ငါတကယ်အဆင်မပြေဘူး..." 


"မင်းရောသူရော...သေလိုက်ကြ" 


ဖုယွမ်ကျိုး ရေကာမျက်မှန်ကိုကောက်ပြီး ယွမ်ယဲ့ထံပစ်ပေါက်လိုက်သည်။ ယွမ်ယဲ့ကရှောင်လိုက်လေရာ ရေကာမျက်မှန်က ရေထဲပြုတ်ကျသွားလေ၏၊ ချက်ချင်းမဆိုင်း သူသည်လည်း ရေကန်ထဲသို့ခုန်ချသွားလေသည်။ 


"ဟေ့...စိတ်မဆိုးပါနဲ့...ငါပြန်ကောက်ပေးပါ့မယ်..." 


ဖုယွမ်ကျိုးက စိတ်ဆိုးနေခြင်းမဟုတ်။ သူသိချင်စိတ်ဖြစ်မိရုံသာ။ ယွမ်ယဲ့ကသူ့ကို အစ်ကိုကြီးဟုခေါ်ခဲ့ခြင်းက သူနှင့်ဒိတ်ခွင့်ရရန်အတွက်ပင်။ သေစမ်း။ 


ယွမ်ယဲ့က သူတကယ်စိတ်ဆိုးသွားခြင်းဖြစ်ကြောင်း သိလိုက်၍ သူ့အမှားသူအမြန်ဝန်ခံပြီး ချော့မော့ရတော့သဘ်။ သူလူတစ်ယောက်ကို စိတ်ရှည်လက်ရှည်ချော့မော့သည့်အခါတိုင်း စကားအများအပြားပြောတတ်၏။ ကျောင်းဆင်းပြီးသည့်နောက်တွင်လည်း ဖုယွမ်ကျိုးကိုချော့ရန် မက်ဆေ့ချ်အမြောက်အများပို့ခဲ့သေးသည်။ ဖုယွမ်ကျိုးမှာ ဒေါသထွက်နေဆဲဖြစ်သော်လည်း အနည်းငယ်တော့စိတ်ပြေသွားပြီဖြစ်သောကြောင့် တွန့်ဆုတ်ဆုတ်ဖြင့်ခွင့်လွှတ်ပေးလိုက်ရသည်။ 


တဖြည်းဖြည်းစိတ်ပြေသွားသည့်အခါ ဖုယွမ်ကျိုးမှာ နောက်တကြိမ် ရှော့ခ်ရသွားရပြန်၏။ သူ့အပေါ်ရှိ ယွမ်ယဲ့အတွေးက ပြောင်းသွားခဲ့ပြီ။ သူ့ဘက်မှ အမြဲယွမ်ယဲ့ကိုသူငယ်ချင်းတစ်ယောက်အနေဖြင့်သဘောထားခဲ့သော်လည်း တကယ်တမ်းတွင် ယွမ်ယဲ့ကသူ့ကိုအိုမီဂါတစ်ယောက်လိုသာဆက်ဆံချင်ခဲ့သည်။ 


ဒီတိရစ္ဆာန်ကောင်။ 


ဘယ်လိုလုပ်များ ရှဲ့လင်နဲ့တပုံစံတည်းဖြစ်နေရတာလဲ။