Chapter 17
Viewers 1k

Chapter 17




ဖုယွမ်ကျိုးတစ်ယောက် အတန်းထဲတွင်ထိုင်ကာ ရှဲ့လင်အလာကိုစောင်နေခဲ့သည်။ သူပိုတွေးလေ ပိုပြီးစိတ်ဓာတ်ကျလာရလေပင်။ ခဏအကြာတွင် ယွိဖေးကသူအကြိုက်ဆုံး သရေစာမုန့်ထုပ်နှင့်ရောက်လာလေသည်။ သူစိတ်ဆိုးနေသည့်ပုံစံကိုမြင်ရသည့်အခါ မေးခွန်းထုတ်လာ၏။ 


"ကျိုးအာ...ဘာဖြစ်နေတာလဲ..မင်းကိုကြည့်ရတာမပျော်သလိုပဲ..." 


"အိုကေပါတယ်..." 


ဖုယွမ်ကျိုးက အုံ့မှိုင်းနေသည့်မျက်နှာဖြင့်ပြန်ဖြေလိုက်သည်။ ယွိဖေးကိုမူ ဖြစ်ခဲ့သမျှတို့ကို မပြောပြနိုင်ပေ။ အခြားသူများကိုလုံးဝပြောပြ၍မဖြစ်။ 


"ဒါပေမဲ့...မင်းကိုကြည့်ရတာအိုကေပုံမရဘူးနော်..." 

ယွိဖေးကသူ့ဆံပင်များကိုဖွလိုက်သည်။

"ငါတို့အပြင်ထွက်ပြီးမုန့်စားကြမယ်...ပြီးမှပြောပြလေ..." 


"သွားမယ်..." 


ဖုယွမ်ကျိုး ခေါင်းညိတ်လက်ခံလိုက်သည လမ်းတွင် ရှဲ့လင်အတွက် မုန့်ဝယ်သွားရန်လည်းတွေးထားလိုက်၏။ သူတို့အခန်းအပြင်သို့ထွက်မည်အပြုတွင် မထင်မှတ်ဘဲ အထဲဝင်လာသူကိုမြင်လိုက်ရသည်။


 ရန်ရှူးထန်။ 


"မင်းခဏလောက်..." 


ရန်ရှူးထန်က ဖုယွမ်ကျိုးကိုတားလာသည်။ သူယွိဖေးကိုမြင်လိုက်ရသည့်အခါ ခြေလှမ်းများကရပ်သွားပြီးနောက် ခဏအတွင်း ပုံမှန်ပြန်ဖြစ်လာ၏။ လက်ထဲတွင် ပစ္စည်းများကိုင်ထားရင်း ဖုယွမ်ကျိုးအားကြည့်လာလေသည်။ 


"ငါမင်းအတွက်ရှာလာခဲ့ပေးတာတွေ...အိမ်ယူသွားပြီးကြည့်လိုက်ဦး..." 


"ပစ္စည်းတွေက ဈေးကြီးတယ်မလား?" 


ဖုယွမ်ကျိုးကယူကြည့်ပြီး အံ့အားသင့်သွားသည်။ 


"ကျေးဇူးပဲ..." 


ရန်ရှူးထန်: "ငါမင်းကိုကတိပေးထားပြီးမှတော့...ကောင်းကောင်းလုပ်ပေးရမှာပေါ့...မနက်ဖြန်မှတွေ့မယ်..." 


"အိုကေ...မနက်ဖြန်မှတွေ့မယ်..." 


ရန်ရှူးထန်က ပြောပြီးသည်နှင့်ထွက်သွားသောကြောင့် ဖုယွမ်ကျိုးကသူ့အားနှုတ်ဆက်လိုက်သည်။ သူသည် ပြိုင်ဘက်ဖြစ်သူကို အေးအေးဆေးဆေးပြောလေ့မရှိခဲ့ပေ။ အတူရှိလာခဲ့သည့်အချိန်ကြာလာသည့်အခါ သူ၏စိတ်ထဲတွင် ရန်ရှူးထန်က အတော်လေးသဘောကောင်းသည်ဟုခံစားလာမိသည်။ သူတို့ဘာကြောင့်များ ပြိုင်ဘက်များဖြစ်လာရပါသနည်း။ 


ရန်ရှူးထန်ကသူ့ကိုအရင်မုန်းခဲ့တာလေ။ သူဘာလုပ်မိလို့လဲ။ 


ဖုယွမ်ကျိုး စိတ်ရှုပ်ထွေးနေပြီး အဖြေကိုပင်မစဥ်းစားတတ်တော့ပေ၊။ထိုအခိုက် ယွိဖေးကသူ့အားမေးလာခဲ့သည်။ 


"ဘာတွေလဲ..." 


ဖုယွမ်ကျိုး: "ငါ့အတွက်ရှာထားတဲ့မေးခွန်းတွေ...ငါအရင်ပြန်သိမ်းလိုက်ဦးမယ်..." 


သူသည် ထိုင်ခုံကိုပြန်သွားပြီး စာရွက်များကိုချကာ ဂရုတစိုက်သိမ်းဆည်းလိုက်သည်။ ရုတ်ချည်းပင် အသစ်မဟုတ်တော့သည့် မှတ်စုစာအုပ်လေးကိုမြင်လိုက်ရသည်။ ၎င်း၏သားရေအဖုံးကအတော်လေးထူ၏။ 


ဒါရန်ရှူးထန်စာအုပ်မဟုတ်လား? 


ဖုယွမ်ကျိုး လှန်လှောကြည့်လိုက်သည်။ စာပါအကြောင်းအရာကိုသေချာမမြင်ရသေးခင် စာရွက်လေးတစ်ရွက်က ထွက်ကျလာ၏။ သူကောက်ယူကြည့်လိုက်သည့်အခါ ဓာတ်ပုံတစ်ပုံဖြစ်နေခဲ့သည်။ 


ရန်ရှူးထန်ကသူ့အား စာအုပ်မှားပေးလိုက်ခြင်းဖြစ်မည်။ မူလက အခြားသူ၏ကိုယ်ရေးကိုယ်တာကို ချောင်းကြည့်ရန်မရည်ရွယ်ခဲ့သော်လည်း ဓာတ်ပုံထဲမှလူနှစ်ယောက်ကြောင့် သူချက်ချင်းရပ်လိုက်သည်။ သူ့မျက်နှာပေါ်မှ အံ့အားသင့်နေမှုကိုဖုံးကွယ်ထား၍ပင်မရပေ။ 


အကြောင်းမှာ ဓာတ်ပုံထဲမှလူကသူဖြစ်နေပြီး သူ့ဘေးမှကောင်လေးကိုလည်းရင်းနှီးနေသည်။ 


ရုတ်တရက် သူနားလည်သွားခဲ့သည်။ ထိုကောင်လေးကရန်ရှူးထန်ပင်။



ဒီဓာတ်ပုံကိုဘယ်တုန်းကရိုက်ထားတာလဲ။ သူအရင်က ရန်ရှူးထန်နဲ့ရင်းနှီးခဲ့ဖူးလို့လား။


ဓာတ်ပုံကိုကိုင်ထားရင်း ဖုယွမ်ကျိုးတစ်ယောက် ပြန်လည်တွေးတောမိနေသော်လည်း သူနှင့်ရန်ရှူးထန်ကြားရှိ ရင်းနှီးမှုတစုံတရာမျှပင်မမှတ်မိတော့ပေ။ ဓာတ်ပုံထဲတွင် သူကဆယ်နှစ်အရွယ်သာရှိသေးပြီး သူပြန်လည်မမွေးဖွားလာခင် လွန်ခဲ့သောဆယ်နှစ်ကဖြစ်နိုင်လိမ့်မည်။ သူဘာကိုမှမတွေးတတ်တော့ပေ။


မှတ်မိလာသည့်အရာမရှိ၍ ဖုယွမ်ကျိုးသည် ဓာတ်ပုံကိုအကြိမ်ရေအနည်းငယ်မျှပြန်ကြည့်ပြီး အသေးစိတ်ထပ်မံရှာဖွေရန်ကြိုးစားကြည့်နေသည်။


ဓာတ်ပုံထဲတွင် သူ့အသက်ကမကြီးသေးသော်လည်း ရန်ရှူးထန်မှာသူ့ထက်ပိုသေးပြီး အရပ်လည်းပုနေလေသည်။ နှစ်ယောက်သားကင်မရာရှေ့တွင်မတ်တပ်ရပ်နေရင်း သူက ရန်ရှူးထန်ကိုလည်ပင်းဖက်ထားကာ တောက်ပစွာပြုံးရယ်နေလေ၏။


ထိုအချိန်က ရန်ရှူးထန်မှာ ချစ်စရာကောင်းသည်။ အသားအရေမှာ ဖွေးဥလွန်းနေ၍နှင်းရုပ်လေးလိုပင်။ ထိုသူမှာ တည်ငြိမ်ချင်ပုံရသည့်တိုင် ဖုယွမ်ကျိုးလည်ပင်းညှစ်ထား၍ မျက်နှာလေးက ခပ်ဖျော့ဖျော့နီရဲနေခဲ့သည်။


သူတို့အနောက်တွင် သန့်ရှင်းခမ်းနားသည့် အဆောက်အဦကြီးတစ်လုံးရှိသည်။ ၎င်းကအလွန်မြင့်မားပြီး အလင်းပြန်မှန်များဖြင့်ကာရံထား၏၊၊ အပင်နှင့်ပန်းခြင်းလေးများကို အစီအရီတပ်ဆင်ထားကာ "အမှတ် ၄ 'ချင်းမင်ပွဲတော်နေ့' အမျိုးသားစစ်တုရင် အငယ်တန်းပြိုင်ပွဲနှင့်ဖွင့်ပွဲအခမ်းအနား" ဟူသည့်စာတန်းကိုလည်းချိတ်ဆွဲထားလေသည်။


စစ်တုရင်ပြိုင်ပွဲ။


ထိုစာတန်းကိုမြင်မှ ဖုယွမ်ကျိုး ခပ်ရေးရေးသတိရမိသွားသည့်အရာတစ်ခုရှိသည်။


သူမူလတန်းကျောင်းသားအရွယ်တွင် ရှဲ့လင်ကစစ်တုရင်ကစားနည်းကိုသင်နေခဲ့သည်။ တစ်ယောက်တည်းဝင်မကစားချင်သည့်အခါ သူကရှဲ့လင်အနောက်မှလိုက်ကာ စာရင်းသွင်းပေးခဲ့ရသည်။ သို့ဖြစ်၍ ထိုနှစ်က 'ချင်းမင်ပွဲတော်နေ့ဖလား' ပြိုင်ပွဲတွင် ရိုက်ထားခြင်းဖြစ်လိမ့်မည်။


ထိုနှစ်က သူအတော်လေးကံဆိုးခဲ့သည်။ သူ ရှဲ့လင်ကိုနိုင်ချင်၍ ပြိုင်ပွဲဝင်ခဲ့ပြီး နောက်ပိုင်းမှ သူနှင့်ရှဲ့လင်က အသက်အရွယ်မတူမှန်းသိလိုက်ရသည်။ သူတို့နှစ်ယောက်က တစ်နှစ်သာကွာလင့်ကစား ပြိုင်ပွဲကို အုပ်စုနှစ်စုခွဲထားခဲ့၏။


သူက အစပိုင်းတွင်စိတ်ဓာတ်ကျပြီး ညနေပိုင်း၌မိုးမိသွား၍ အပြင်းဖျားခဲ့သေးသည်။ အလယ်တန်းအတန်းချိန်တွင် အဖျားကြီးသွားပြီး ကျောင်းမတက်လိုက်ရပေ။ သူ၏စိတ်ဓာတ်တက်ကြွမှုမှာလည်း ကောက်ရိုးမီးတောက်လိုပင်။ အဖျားဝင်ရာမှသက်သာလာသည့်အခါ စစ်တုရင်ကစားနည်းတွင် စိတ်မပါတော့ပေ။ ရှဲ့လင်အိမ်ကိုလည်း သွားပြီးမကစားတော့ဘဲ အချို့စည်းမျဥ်းများကိုပင် ယခုအချိန်အထိ မမှတ်မိဘဲရှိနေခဲ့သည်။


ထို့နောက် ဓာတ်ပုံတွင် သူရောရန်ရှူးထန်ပါ လည်ပင်း၌ ပြိုင်ပွဲဝင်ကတ်ပြားများကို ချိတ်ဆက်ထားကြောင်း သတိထားမိလိုက်သည်။ထို့အပြင် ဤမှတ်စုစာအုပ်မှာလည် စစ်တုရင်ကစားနည်းနှင့်ဆက်နွယ်နေလိမ့်မည်။


ထိုအချိန်က ရန်ရှူးထန်လည်းဝင်ပြိုင်ခဲ့လိမ့်မည်။ထိုအချိန်တည်းက သူတို့နှစ်ယောက်ကပြိုင်ဖက်ဖြစ်ခဲ့ပုံရ၏။


သူစိတ်ထဲမှသာခန့်မှန်းကြည့်လိုက်သည်။ယခင်က ရန်ရှူးထန် သူ့အားရှုံးခဲ့ဖူးလျှင်ဖြင့် စိုးရိမ်စရာပင်။ နှစ်များကြာပြီးနောက်တွင် သူတို့ထပ်တွေ့ကြပြန်ပြီ။ ရန်ရှူးထန်က သူ့အားမှတ်မိနေ၍ တမင်တကာပစ်မှတ်ထားနေခဲ့သည်လား။


ရန်ရှူးထန်က ယခုကဲ့သို့သဘောထားသေးသိမ်တတ်သူ မဖြစ်နိုင်လောက်ပါချေချေ။


ဓာတ်ပုံကိုကြည့်နေရာမှ ဖုယွမ်ကျိုးဇဝေဇဝါဖြစ်သွားခဲ့သည်။ ထိုအချိန် အခန်းတံခါးကရုတ်တရက် 'ဘန်း' ခနဲပွင့်သွား၍ သူ့အတွေးစများပြတ်တောက်သွားလေ၏။


ဖုယွမ်ကျိုးလှမ်းကြည့်လိုက်သည့်အခါ ရန်ရှူးထန်က တံခါးနားတွင်ရပ်နေလေသည်။ ထိုသူက ရေကြီးသုတ်ပျာဝင်လာရာမှ တံခါးဘောင်ကိုတိုက်မိသွားပုံပင်။ သူ၏မျက်နှာအမူအရာမှာ ယခင်ကနှင့်မတူတော့ဘဲ ထိတ်လန့်နေပုံရသည်။ ဖုယွမ်ကျိုးလက်ထဲမှဓာတ်ပုံကိုမြင်သွားသည့်အခါ သူ့ခမျာ ကြက်သေသေသွားလေ၏။


"ငါတမင်ယူကြည့်တာမဟုတ်ပါဘူး..." 

ဖုယွမ်ကျိုး ခပ်ဖွဖွချောင်းဟန့်လိုက်သည်။ 


"ဓာတ်ပုံထဲကနှစ်ယောက်က ငါတို့တွေလား..ဘာလို့ ဒီဓာတ်ပုံကိုဒီနေ့အထိသိမ်းထားသေးတာလဲ..."


"...."


ရန်ရှူးထန်၏မျက်နှာက တမဟုတ်ချင်းနီရဲလာသည်၊ လည်ပင်းမှစပြီးနားရွက်ဖျားအထိ။ စာသင်ခန်းထဲသို့ဝင်လာမည့်အစား ခြေလှမ်းအနည်းငယ်မျှနောက်ဆုတ်လိုက်ပြီး ချက်ချင်းလှည့်ပြေးရန်ပြင်သည်။


"မပြေးနဲ့..."


 ဖုယွမ်ကျိုးတံခါးရှိရာသို့ပြေးသွားပြီး ထိုသူကိုဟန့်တားလိုက်ကာ စိတ်ဝင်စားစရာအပြုံးလေးဖြင့်ပြောလိုက်၏။


 "အဲဒီအချိန်က ဘာတွေဖြစ်ခဲ့တာလဲ...ငါတို့ပြိုင်ပွဲမှာတွေ့ခဲ့တာလား...ငါမမှတ်မိတော့ဘူး...ငါ့ကိုပြန်ပြောပြဦး..."


သူပြန်လည်မွေးဖွားလာပြီးတည်းက ရန်ရှူးထန်နှင့်သူ့ကြားမှ ရင်းနှီးခင်မင်မှုမှာ အမျိုးမျိုးသောပြောင်းလဲမှုနှင့်တိုက်ဆိုင်မှုများကြောင့်တိုးတက်လာခဲ့သည်။ ယခုဆိုလျှင် ရန်ရှူးထန်ကသူ့အား စာပင်ပြပေးတော့မည်။ ဖုယွမ်ကျိုးမှာ ယခင်ကအပြုအမူများအတွက် အရှက်ရမိပြီး တာဝန်ယူချင်နေ၏။


သူတို့နှစ်ယောက် သူငယ်ချင်းဖြစ်လာလိမ့်မည်ဟုမထင်ထားခဲ့သော်လည်း အနည်ဆုံး ရန်ရှူးထန် သူ့အားမုန်းတီးရသည့်အကြောင်းအရင်းကို အလွန်အမင်းသိချင်နေမိသည်၊၊ သို့မှသာ အနာဂတ်တွင် သူ့အကျင့်များကိုပြင်နိုင်လိမ့်မည်။


ထိုသူသည် သဘောကောင်းသည့်တိုင် သူပြောလိုက်သည့်စကားကြောင့် ရန်ရှူးထန်၏မျက်နှာက တမဟုတ်ချင်းအေးစက်သွားခဲ့သည်။ ဆီးနှင်းများ သိပ်သည်းစွာကျဆင်းလာသလိုပင်။ စကားတစ်ခွန်းမှမပြောတော့ဘဲ အေးစက်သည့်မျက်လုံးများဖြင့် သူ့အားကြည့်နေခဲ့၏။


သူဘာလို့ ဒီလိုကြီးကြည့်နေရတာလဲ။


ဖုယွမ်ကျိုး စိတ်ရှုပ်ထွေးသွားခဲ့သည်။ ရန်ရှူးထန်က သူ့လက်ထဲမှစာအုပ်နှင့်ဓာတ်ပုံကိုဆွဲယူပြီးလှည့်ထွက်သွားသည်။သူသည်ကား ထိုသူအနောက်ကိုလိုက်ရပြန်ပြီး ရန်ရှူးထန်၏ပုခုံးကိုပုတ်ကာပြောလိုက်၏။


 "ဟေ့...နေဦးလေ...ငါ့ကိုပြောသွားဦးလို့"


"မင်းဟာမင်းစဥ်းစားလေ..." 


ရန်ရှူးထန်ကလှည့်ပင်မကြည့်ဘဲ သူ့လက်ကိုပုတ်ထုတ်ပြီး အရှေ့ကိုသာခပ်သုတ်သုတ်ဦးတည်သွားတော့သည်။


ဖုယွမ်ကျိုး စိတ်ဆိုးလာရ၏။


 "ငါသာမှတ်မိနေရင် မင်းကိုမေးနေတော့မလား..."


ရုတ်ချည်းပင် ရန်ရှူးထန်ကရပ်သွားပြီး သူ့အားစူးစူးရဲရဲပြန်ကြည့်လာသည်။


"မင်းမမှတ်မိရင်လည်း မစဥ်းစားနဲ့တော့ပေါ့ကွာ..မင်းအလွယ်လေးမေ့သွားရလောက်တဲ့အထိ အရေးကြီးတာမှမဟုတ်တာ..."


သို့သော်လည်း သူ့အတွက်ကအရေးကြီးနေပုံရသည်။ မဟုတ်လျှင် ထိုဓာတ်ပုံကို ဤမျှနှစ်ကြာသည်အထိသိမ်းထားစရာမလိုပေ။


ဖုယွမ်ကျိုး ကော်ရစ်တာတွင်ရပ်ကျန်နေခဲ့ပြီး ရန်ရှူးထန်အောက်ဆင်းသွားသည်ကိုကြည့်နေလိုက်ရသည်။ နောက်ဆုံးတွင်သူမပြောလိုက်မိပေ။ သူသာပြောလိုက်ပါက ရန်ရှူးထန်ကသူ့ကိုချက်ချင်းတွန်းချလိမ့်မည်ဟု တွေးမိသွားခဲ့သည်။


ဘာကပြဿနာလဲ။ ယင်းက နှစ်ယောက်တွဲဓာတ်ပုံဖြစ်ပြီး ရန်ရှူးထန်လက်ထဲတွင် ကူးထားသည့်ပုံရှိလျှင် သူ့လက်ထဲတွင်လည်းရှိနေသင့်သည်။ အယ်လ်ဘမ်ဟောင်းထဲတွင်ထည့်ထားမိခြင်းလည်းဖြစ်နိုင်ပြီး အိမ်ပြန်ရောက်မှ ရှာကြည့်ရတော့မည်။


ဖုယွမ်ကျိုး သက်ပြင်းချပြီးပြန်လှည့်လာခဲ့သည်။ စိတ်ဓာတ်ကျကာဒေါသထွက်နေရင်း နှလုံးသားထဲတွင် ရေရွတ်နေမိ၏၊၊ ရန်ရှူးထန်က တကယ်စိတ်ဆိုးသွားခဲ့ပြီ၊၊ သူ့ကိုအိမ်စာကူလုပ်ပေးမည်မဟုတ်တော့ပေ၊၊ သူနောက်ဆရာတစ်ယောက်ကို ရှာရတော့မည်ထင်၏။


"ကျိုးအာ....!"


ယွိဖေးက အတန်းထဲမှထွက်ကာ သူ့အနောက်ကိုလိုက်လာခဲ့သည်။ ဖုယွမ်ကျိုးထံလက်ဝှေ့ယမ်းပြလိုက်ရင်း သူ့ထံသို့အမြန်လျှောက်လာလေ၏။


 "ဘာလို့ပြေးထွက်သွားတာလဲ..."


ဖုယွမ်ကျိုး: "သူ...သူစိတ်ဆိုးသွားပြီ...သူဘာလို့စိတ်ဆိုးသွားတာလဲငါလည်းမသိဘူး..."


"သူ့မှာကိစ္စတစ်ခုခုရှိလို့ဖြစ်မှာပါ..." 

ယွိဖေးက ပြုံးကာ ဖုယွမ်ကျိုး၏ဆံပင်များကိုဖွလိုက်၏။ 


"မင်းကြောင့်စိတ်ဆိုးသွားတာမဟုတ်ပါဘူး..."


ဖုယွမ်ကျိုး မျက်နှာပူလာသည်။ မိဘများသာသိသွားလျှင် သူ့အားရိုက်ချင်လွန်း၍ လက်ဖဝါးများပင်ယားလာလောက်၏၊ သို့ထိတိုင် ယွိဖေးကမပြောင်းသေးပေ။ ယခင်ဘဝကအတိုင်း သူ့ကိုနှစ်သိမ့်ပေးသည့်အခါ ပရမ်းပတာဖြစ်နေတတ်သော်လည်း သူ၏မကောင်းကြောင်းများကို အခြားသူများ၏ပါးစပ်ဖျားမှကြားရလေ့မရှိပေ။


"သူသွားပြီလေ..ထားလိုက်တော့..." 

ယွိဖေးက ပုံမှန်အတိုင်း သူ့လက်ကိုလှမ်းကိုင်လာသည်။ 

"အပြင်ထွက်ပြီးသွားစားရအောင်..."


"အိုကေ..."


ဖုယွမ်ကျိုးမှာ ယခင်ဘဝမှအကြောင်းအရာများကိုပြန်တွေးနေပြီး ယွိဖေး၏ မျက်နှာလှလှလေးအားမြင်လိုက်ရသည့်အခါ တခဏမျှမလှုပ်ရှားနိုင်ဖြစ်သွားရပြန်သည်။ သူ့ကိုယ်သူ ယွိဖေးနှင့်တွဲနေသလိုထင်လိုက်မိပြီး ထိုသူ၏အနောက်မှ ကျောင်းအပြင်ကိုလိုက်ထွက်လာခဲ့လေသည်။


နှစ်ယောက်သား ကျောင်းအပြင်မှ မုန့်ဆိုင်ကိုထွက်လာကြပြီး မျက်နှာချင်းတိုင်ထိုင်ကာ အမှာကိုစောင့်နေကြစဥ် ယွိဖေးကမေးလာပါ၏။


"ငါဓာတ်ပုံမြင်လိုက်တယ်...ငယ်ငယ်ကရိုက်ထားတဲ့နှစ်ယောက်တွဲပုံလေးနဲ့တူတယ်...မင်းတို့သိလာတာကြာပြီလား..."


ဖုယွမ်ကျိုး: "မပြောတတ်ဘူး..ငါသူ့ကိုအရင်ကတွေ့ခဲ့ဖူးတယ်...အတူဓာတ်ပုံတွဲရိုက်ခဲ့ဖူးလောက်ရုံပဲနဲ့တူတယ်...အဲဒီနောက်ပိုင်း ငါလည်းသူ့ကိုတစ်ခါမှမဆက်သွယ်မိဘူးလေ...ငါသာဓာတ်ပုံမတွေ့ခဲ့ရင် အရင်ကပြိုင်ပွဲမှာတွေ့ခဲ့ဖူးတာတောင်မှတ်မိမှာမဟုတ်ဘူး..."


"အဲဒီတော့...သူ့ဘက်ကပဲမင်းကိုမှတ်မိနေတာပေါ့..."


ယွိဖေးကပြုံးလိုက်သော်လည်း တစ်ခုခုကိုတွေးမိပုံဖြင့် မျက်နှာလေးညှိုးလျော်သွားခဲ့သည်။


"ငါရောသူ့လိုပဲလား..ငါလည်းမင်းကိုတဖက်သတ်ပဲမှတ်မိနေခဲ့တာများလား...ကျိုးအာ...ငါမင်းကိုနှစ်တွေအကြာကြီးလွမ်းနေခဲ့ရတာလေ..ငါမင်းကိုဘယ်တုန်းကမှမမေ့ခဲ့ဘူး...မင်းကရော...ငါ့ကိုတစ်ခါလေးတောင်သတိရရဲ့လား..."


ဖုယွမ်ကျိုးမှာ တခဏမျှစွံ့အသွားလေ၏။ ယွိဖေး တရုတ်ပြည်ကိုပြန်မလာခင်အထိ သူ့ဘက်မှအနှီသူကိုသတိမရမိပါဟု​ပြောလျှင် မမှန်နိုင်ပေ။ ထိုသို့တွေးမိသော်လည်း ထိုသူအ​ကြောင်းကိုအများကြီးတွေးမိနေခြင်းလည်းမဟုတ်။ ယင်းက လူသားသဘာဝဖြစ်သော်လည်း ကလေးဘဝက အတူကစားလာသည့်ကစားဖော်ကို နှစ်အတန်ကြာသည်အထိမတွေခဲ့ရပါက မည်သူကမှမှတ်မိတော့မည်မဟုတ်ပေ။


ရုတ်တရက်ပင် ယွိဖေး၏စကားက သူ့အားအမြဲသတိရနေသည့်သဘောသက်ရောက်နေသည့်အခါ အံ့အားသင့်သွားခဲ့ရသည်။ 


"မင်းငါ့အကြောင်းကိုအမြဲတွေးနေတတ်တာလား..."


"ဒါပေါ့..."


ယွိဖေးက မေးထောက်ကာ သူ့အားခေါင်းညိတ်ပြလာသည်။ အနှီသူ၏မျက်လုံးများကနူးညံ့နေကာ မျက်လုံးအောက်မှအနီရောင်မှဲ့လေးက သူ့အားစိတ်လှုပ်ရှားနေစေ၏။


"ငါကနိုင်ငံခြားမှာအထီးကျန်နေခဲ့ရတာ..အမေကအမြဲတမ်းအလုပ်များနေတာပဲ..ငါ့ကိုဂရုစိုက်ဖို့တောင်အချိန်မပေးနိုင်ဘူးလေ..ငါ့မှာသူငယ်ချင်းလည်းမရှိဘူး..အဲဒါကြောင့် ငါမင်းကိုပိုလွမ်းတာပေါ့..ငါတို့အတူကစားတယ်လို့အိပ်မက်မက်လိုက်တဲ့နေ့က ငါအပျော်ဆုံးနေ့ပဲ..."


"ငါလည်းဘာလုပ်လုပ်မင်းကိုတွေးမိပါတယ်...ငါသဘောကျတာတွေ့တဲ့အခါ မင်းလည်းသဘောကျမှာပဲလို့တွေးမိတယ်...မင်းမကြိုက်ရင်လည်း လက်လျှော့လိုက်တာပေါ့...ငါ့ကိုတော့အမုန်းမခံနိုင်ဘူးလေ.."


ဖုယွမ်ကျိုးက အဆိုပါသနားစဖွယ်မျက်နှာကိုမြင်လိုက်ရသည့်အခါ နှစ်ခါပင်မတွေးဘဲပြောလိုက်မိသည်။


 "ငါမင်းကိုမုန်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး..."


"ငါလည်းအဲဒီလိုပဲမျှော်လင့်ပါတယ်..." 

ယွိဖေးအပြုံးက ခါးသက်သက်။ 


"အဲဒါက....ငါတို့နှစ်တွေအကြာကြီးကွဲသွားတော့...ငါမင်းကိုနားမလည်နိုင်တော့ဘူး...မင်းဘာတွေလုပ်နေလဲဆိုတာဘယ်သူသိမှာလဲ...ငါလည်းမသိရဘူးလေ...ငါကမင်းဘဝထဲမှာ ထပ်မရှိနေတော့မှာကိုပဲကြောက်မိတာ..."


"ဘယ်ဟုတ်ပါ့မလဲ..." 

ဖုယွမ်ကျိုး တွန့်ဆုတ်မနေဘဲ ကတိပေးလိုက်လေ၏။ ​

"မင်းသိချင်တာမှန်သမျှပြောပြမှာပေါ့..."


စိတ်ခံစားချက်အပြည့်ဖြင့် သူသည်ကား ယွိဖေးလက်ကိုပင်ကိုင်လိုက်ပါသေး၏။ 


"မင်းတစ်ယောက်တည်းမဟုတ်ပါဘူး...ငါလည်းမင်းဘဝထဲကိုဝင်လာကြည့်မယ်...မင်းတစ်ယောက်တည်းမလုပ်စေရပါဘူး..."


"ကျိုးအာ..."


ယွိဖေးက သူ့ကိုကြည့်ပြီးမှင်သက်နေခဲ့သည်၊၊ ညိုးနွမ်းနေသည့်မျက်နှာက ရုတ်ချည်းလွင့်ပြယ်သွားကာ တောက်ပလှသည့်ထိုအပြုံးလေးကြောင့် ထိုအခိုက်အတန့်လေးအတွင်း ရင်သပ်ရှုမောဖွယ် အလှတရားတစ်ခုပေါ်လာပြီး တစ်ယောက်တည်းဖြေရှင်းနေသော ဖုယွမ်ကျိုးပင် ဖျတ်ကနဲလှမ်းကြည့်မိရာမှ ပန်းကန်ပြားပေါ်မျက်နှာအပ်ပြီး ကျတော့မလိုဖြစ်သွားခဲ့လေ၏။


"မင်းကအရမ်းသဘောကောင်းတာပဲ..." 

ယွိဖေးက ဖုယွမ်ကျိုးဘေးတွင်ထိုင်ကာ ဖုန်းထုတ်ပြီး နှစ်ယောက်ရှေ့တွင်ချိန်ထားလိုက်၏။ 

"ငါတို့ဆဲလ်ဖီနည်းနည်းလောက်ရိုက်ကြမလား...မင်းအတန်းဖော်နဲ့ကျရိုက်ထားပေမဲ့ ငါတို့နှစ်ယောက်..."


ဖုယွမ်ကျိုး: "အေးပါ...ပုံရေများများရိုက်ကြမယ်...!"


သူ့ဦးနှောက်က အလုပ်မလုပ်တော့ပေ။ အခုအချိန်တွင် ယွိဖေးပြောမည့်စကားတိုင်းအနောက်တွင် သူလိုက်ပြောမည်က "ကောင်းတယ်...ချသာချ..."။


ယွိဖေး: "ငါလည်းမင်းကိုဖက်ချင်တယ်...အဲဒီဓာတ်ပုံထဲမှာ...မင်းကသူ့ကိုဖက်ထားတာလေ..ငါသူ့ကိုမရှုံးချင်ဘူး..."


ဖုယွမ်ကျိုး: "လာဖက်ချေ...မင်းသဘော!"


ယွိဖေး: "ဒါဆို...မင်းကိုနမ်းလို့ရောရလား..."


ဖုယွမ်ကျိုး: "အိုကေ..ကြိုက်သလောက်နမ်း...ခဏလေး...မလုပ်...!"


.....OK


သူငြင်းသည့်တိုင် အချိန်နှောင်းသွားခဲ့ပြီ။ ယွိဖေး၏ စိုစွတ်နူးညံ့သည့်နှုတ်ခမ်းများက သူ့ပါးပြင်ရှိရာသို့ကျလာခဲ့ပြီး တချိန်တည်းမှာပင် ကင်မရာခလုတ်ကိုနှိပ်လိုက်လေရာ ဖုယွမ်ကျိုးအားနမ်းနေသည့်ပုံလေးတစ်ပုံထွက်လာလေ၏။


"ကျေးဇူးပဲ...ကျိုးအာ...ငါအရမ်းပျော်သွားပြီ..."


ယွိဖေး၏မျက်ခုံးမျက်လုံးများက အပြုံးများဖြင့်ပြည့်နေလေ၏။ ဓာတ်ပုံကိုကျေနပ်သွားသည့်အခါ ဖုန်းကိုဘေးဖယ်ထုတ်လိုက်သည်။


ထိုအခိုက် သူတို့၏စားပွဲခုံနံပါတ်နှင့်အစားအသောက်လာယူနိုင်ကြောင်း ဆိုင်၏အလိုအလျောက်ကြေညာသံထွက်ပေါ်လာ၏။ ယွိဖေးကအရင်ထကာ ဖုယွမ်ကျိုးကိုခုံတွင်ကျန်နေစေခဲ့သည်။


 "ငါသွားယူလိုက်မယ်.."


"......"


ဖုယွမ်ကျိုး တုန်ရီနေသည့်လက်များဖြင့် သူ့ပါးသူထိကိုင်လိုက်သည်။


.....နှင်းဆီရနံ့ဖျော့ဖျော့ကစွဲနေဆဲ။