♎️Chapter 18
ဖုယွမ်ကျိုးခမျာ "ငါ့ကိုယွိဖေးကနမ်းသွားတယ်" "ငါနည်းနည်းပျော်သလိုပဲ" "ယီးမလို့ ပျော်နေရမှာလား..ရှောင်ဖေးကယောကျ်ားကြီးဟ"....အစရှိသည့် ကသောင်းကနင်းအတွေးများဖြင့် အစားကိုအလွန်အကျွံစားလိုက်မိချေသည်။
ယင်းက သူ့ကိုချဥ်းကပ်ရန်သုံးသည့် ရှောင်ဖေး၏နည်းလမ်းပင်။
ဖုယွမ်ကျိုး သူ့ကိုယ်သူစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားလိုက်သည်။
တိုင်းတပါးတွင် ပါးကိုနမ်းရှိုက်ခြင်းက အလေ့အထတစ်ခုပင်။ ရှောင်ဖေးက နိုင်ငံခြားတွင် အချိန်အတန်ကြာနေလာခဲ့၍ မလွဲမသွေ အသားကျနေခြင်းဖြစ်လိမ့်မည်။ ဒါကပုံမှန်ပဲ....ချီးပဲ...ဒါကတကယ်ကိုပုံမှန်ပဲဟ။
အရင်က သူယွမ်ယဲ့ထံမှလည်း အနမ်းခံခဲ့ရဖူးသည်။ ယခု ယွိဖေးထံမှ ထပ်ပြီးအနမ်းခံရပြန်ပြီ။ မနေနိုင်မထိုင်နိုင် တွေးမိတိုင်း သူတုန်လှုပ်ချောက်ခြားနေရပြီး ယွိဖေးမျက်နှာထားကိုသတိထားကြည့်နေရသည်။
ယွိဖေးက သူ့အားမချိုမချဥ်ပြုံးပြလာ၏။
"ဘာလို့လဲ...အားကျိုး...အစားအသောက်တွေကမကောင်းလို့လား..."
"ကောင်းပါတယ်..."
ယွိဖေးကပုံမှန်ဖြစ်နေမှ ဖုယွမ်ကျိုးမှာ ဖြည်းဖြည်းစိတ်လျှော့လိုက်ရပြီး ဆက်လက်စားသောက်နေလိုက်၏။
သူအတွေးလွန်နေခြင်းပင်၊၊ ရှောင်ဖေးက ရင်းနှီးကြောင်းပြရုံလေးသာ။ နောက်တစ်ခါ ယခုလိုထပ်မလုပ်ရန် အနှီသူကိုသတိပေးရမည်ဖြစ်ပြီး ဓာတ်ပုံကိုပါဖျက်ခိုင်းရမည်။
သူသည်ကား စားသောက်ရင်းတွေးနေမိလေရာ ယွိဖေး၏ယောင်ယောင်လေးတွန့်ကွေးနေသောနှုတ်ခမ်းများကိုမမြင်လိုက်ပေ။
ညစာစားပြီးသည့်နောက် ဖုယွမ်ကျိုးသည် ရှဲ့လင်အတွက် မုန့်ဝယ်ပြီး ရှဲ့လင်အတန်းပြီးသည်အထိထိုင်စောင့်နေခဲ့သည်။ ခဏအကြာတွင် သူ့ဖုန်းကအသံမြည်လာ၏။ ရှဲ့လင်က သူရှိနေသည့်နေရာကိုမေးနေပြီး ဖုယွမ်ကျိုးက ယွိဖေးနှင့်ကျောင်းဂိတ်ပေါက်တွင်ရှိနေသည့်အကြောင်းပြောပြလိုက်သည်။ မကြာမီ သုံးယောက်သား ကျောင်းဂိတ်ဝတွင်ဆုံခဲ့ကြသည်။
"ဗိုက်ဆာနေပြီလား...ဒီမှာ..အကုန်လုံးမင်းကြိုက်တာတွေချည်းပဲ..."
ရှဲ့လင်ကိုမြင်လိုက်သည်နှင့် ဖုယွမ်ကျိုးမျက်နှာက ချက်ချင်းပြုံးလာလေသည်။ ယွိဖေးသူ့အားနမ်းထားသည့်သဲလွန်စမရှိနေသလိုပင် ပြုံးပြနေလိုက်၏။ သူရှဲ့လင်ကို နောက်တကြိမ်တွေ့လိုက်ရသည့်အခါ ဘာကြောင့်မှန်းမသိဘဲ အပြစ်ရှိနေသလိုခံစားမိနေပြန်သည်။
ရှဲ့လင်က သူပေးလာသည့်ဘူးကိုလှမ်းယူပြီး သူ့ခေါင်းကိုကိုင်လာသည်။ ဖုယွမ်ကျိုးက ပုံမှန်အချိန်ဆိုလျှင် သည်းမခံတတ်သော်လည်း ယနေ့တွင်တော့ ကားနားရောက်သည်အထိ ရှဲ့လင်ကို ကိုင်ခွင့်ပေးထားခဲ့သည်။
ကားကသူတို့လာကြိုသည့်အခါ ဖုယွမ်ကျိုးက ရှေ့တွင်ဝင်ထိုင်ပြီး ရှဲ့လင်က ကားနောက်ခုံတွင်ဦးအောင်ဝင်ထိုင်သည်။ ယွိဖေးက ကားအပြင်တွင် ခဏကြာအောင်မတ်တပ်ရပ်နေပြီးနောက် ပြုံးလိုက်ပြီး ကားအနောက်ခုံတွင်ဝင်ထိုင်လိုက်သည်။
ကားစထွက်သည်နှင့် ယွိဖေးကဖုန်းကိုထုတ်ဆော့နေပြီး ခဏအကြာတွင်ဖုန်းကိုရှဲ့လင်ထံပေးကာ ရုတ်တရက်လှည့်မေးလိုက်သည်။
"အစ်ကို...ဒါဘာလဲမှန်းကြည့်..."
ရှဲ့လင်က တစ်စက္ကန့်ခန့်ငုံ့ကြည့်ပြီး ဖုန်းမျက်နှာပြင်မှဓာတ်ပုံကိုမြင်လိုက်သည့်အချိန်တွင် ချက်ချင်းအေးခဲသွားလေ၏။
ဖုန်းပေါ်မှဓာတ်ပုံမှာ ယွိဖေး ဖုယွမ်ကျိုးကို နမ်းနေသည့်ပုံမှလွဲပြီးအခြားမရှိတော့ပေ။
"အိုး...တောင်းပန်ပါတယ်...ပြတာမှားသွားပြီ...."
ယွိဖေးကတောင်းပန်လိုက်သော်လည်း ယောင်ယောင်လေးပြုံးနေခဲ့လေ၏။
အိမ်ပြန်ရောက်သည်နှင့် ဖုယွမ်ကျိုး အပေါ်ထပ်တက်သွားပြီး အိပ်ရာထဲတန်းဝင်လိုက်သည်။ သည်နေ့ ရေကူးသည့်အတန်းချိန်ကိုတက်လိုက်ရ၍ သူ့ခန္ဓာကိုယ်မှာ မလှုပ်ချင်လောက်အောင် ပင်ပန်းနေလေပြီ။ ထပ်လောင်းပြောရပါက သူ့အားစိတ်ဓာတ်ကျစေခဲ့သည့်ကိစ္စအများအပြားလည်းဖြစ်ပျက်ခဲ့၍ သူအခုချိန်တွင် အနားယူရန်လိုအပ်နေသည်။
ယွမ်ယဲ့နှင့်ယွိဖေးထံမှ အနမ်းခံခဲ့ရပုံတို့ကိုပြန်လည်မြင်ယောင်လာမိသည့်အခါ သူ့ခေါင်းတစ်ခုလုံးမှာ ပေါက်ထွက်မတတ် ကိုက်ခဲလာရလေ၏။ ယွိဖေးကို နိုင်ငံခြားတွင်နေခဲ့သည့်အကြောင်းပြချက်ကြောင့် ခွင့်လွှတ်ပေးနိုင်လင့်ကစား ယွမ်ယဲ့ကမူ ကိုးပုံပုံလျှင်ရှစ်ပုံခန့်က သူ့ကိုဆန့်ကျင်ချင်သည့်ပုံစံဖြစ်နေခဲ့သည်။ ထိုသူက သူ့အားအညှာလွယ်သူဟုထင်နေပုံရပြီး သူကအိုမီဂါတစ်ယောက်ဖြစ်၍ အလွယ်အနိုင်ကျင့်၍ရမည်ဟုယူဆထားပုံပေါ်သည်။
ယွမ်ယဲ့၏ကောင်းကွက်လေးများကြောင့်သာမဟုတ်လျှင် ဖုယွမ်ကျိုးသည် လွန်ခဲ့ပြီးသောအချိန်များတည်းက ထိုသူကို ရိုက်နှက်ဆုံးမခဲ့မည်ပင်၊၊ သို့ထိတိုင် ယွမ်ယဲ့က သူ့အား ဂိမ်းကစားရန်လာခေါ်လျှင် ငြင်းဆန်ပြီး သည်တပတ်အတွင်း အနှီသူနှင့်မကစားရန် စိတ်ပိုင်းဖြတ်ထားလိုက်သည်။
ယွမ်ယဲ့ကမူ မကျေနပ်နိုင်သေးဘဲ သူ့အားဆွဲခေါ်နေပြန်၏။ ဖုယွမ်ကျိုးက စာလုပ်ချင်သည့်အကြောင်းပြချက်ပေးကာ ကြုံသလိုငြင်းပယ်လိုက်သည်။ ယင်းကအလိမ်အညာမဟုတ်ပေ။ သူအိပ်ရာထဲတွင်လှဲနေသော်လည်း ရန်ရှူးထန်ပေးထားသည့် စာအုပ်များကိုလှန်လှောပြီးလေ့လာနေခဲ့သည်။
စာအုပ်များကိုဖွင့်လိုက်မှ ရန်ရှူးထန်၏အသေးစိတ်စီစဥ်ထားပုံကို ဖုယွမ်ကျိုးမြင်တွေ့လိုက်ရသည်။ ဘာသာရပ်အလိုက် အဓိကအချက်များကို ရောင်စုံသုံးကာမှတ်သားပေးထားပြီး သူမှတ်မိစေရန်ဇယားဆွဲပေးထားသည်။ အမှတ်အသားလည်းလုပ်ပေးထားပြီး မှတ်စုထုတ်ထားသည့်လက်ရေးမှာလည်း သပ်ရပ်နေ၍ ဖတ်ရှုလေ့လာသည့်အခါတွင်စိတ်ဝင်စားစရာကောင်းနေလေ၏။
ရန်ရှူးထန် မည်မျှပင်စာတော်ပါစေ စာလေ့လာရန်မှတ်သားရသည့် လုပ်ငန်းစဥ်များက အချိန်ပေးရသလို လူကိုလည်းပင်ပန်းစေသည်။ ဖုယွမ်ကျိုးက တစ်ချက်ကြည့်လိုက်ပြီသည့်နောက် အိပ်ရာမှထထိုင်လိုက်ကာ ဖုန်းထုတ်ပြီး ရန်ရှူးထန်ကို WeChat မှ မက်ဆေ့ချ်ပို့လိုက်သည်။
"ငါဘာမှားသွားလို့လဲ...ငါ့ကိုပြောစမ်းပါ..ငါပြင်ပါ့မယ်...ငါပြောင်းလဲနိုင်ပါတယ်!"
ရန်ရှူးထန်က သူ့အားစာမပြန်လာပေ။
"ငါမေ့သွားမိလို့တောင်းပန်ပါတယ်...ငါနောက်ကျထပ်မမေ့တော့ပါဘူး..ငါ့မိဘတွေကိုပြောပြီးတဲ့အထိစောင့်နေပေးပါ...ငါ့မှာလည်းကော်ပီတစ်ပုံရှိလောက်တယ်...ငါချက်ချင်းသွားရှာလိုက်မယ်"
သူ့ဘက်မှ အီမိုဂျီအပုံလိုက်ပို့နေသော်လည်း ရန်ရှူးထန်ကစာမပြန်လာပေ။ အနှီသူကတကယ်ကိုအလုပ်များနေ၍လား။ သူ့အားစာမပြန်ချင်၍လားတော့မသိပေ။
ဖုယွမ်ကျိုး ရွေးချယ်စရာမရှိတော့ဘဲဖုန်းချလိုက်ရပြီး အိမ်စီးဖိနပ်ကိုစီးကာ အောက်ထပ်သို့ပြေးဆင်းသွားလိုက်သည်။ ထို့နောက် Mask တပ်ထားပြီး တီဗွီကြည့်နေသည့်သူ့အမေကိုမေးလိုက်၏။
"အမေ...ကျွန်တော်ငယ်ငယ်တုန်းက စစ်တုရင်ပြိုင်ပွဲကိုဝင်ပြိုင်တာလေ...မှတ်မိသေးလား..."
"မှတ်မိတယ်လေ....ဘာဖြစ်လို့လဲ..."
သူ့အမေက Mask ကိုခပ်ဖွဖွပုတ်ပြီး သူ့အားမော့ကြည့်လာသည်။
"အဲဒီတုန်းကဓာတ်ပုံတွေရိုက်ခဲ့သေးလား...အိမ်မှာရှိသေးလား..."
"ရှိတယ်လေ...မင်းအမေကဘာလို့ဖျောက်ပစ်မှာလဲ...အယ်လ်ဘမ်ထဲမှာထည့်ထားတယ်...ဟိုတစ်ခါကမင်းရဲ့အဘွား ဓာတ်ပုံအဟောင်းတွေကြည့်ချင်တယ်ပြောလို့ပြလိုက်ရသေးတယ်...လိုချင်ရင်တော့ ဒီတစ်ပတ်ပိတ်ရက်ကျ အဘွားအိမ်ကိုသွားပြီး ပြန်လာရင်တစ်ခါတည်းပြန်ယူလာခဲ့လိုက်..."
"အိုကေ....ကျေးဇူးပဲအမေ..."
ဖုယွမ်ကျိုး ခေါင်းညိတ်ပြလိုက်သည်။ သူတကယ် အဘွားဖြစ်သူကိုလွမ်းနေခဲ့ခြင်းပင်။ သူ့အမေ၏မျက်လုံးထဲတွင် အပြုံးရိပ်ရှိနေသော်လည်း ရုတ်တရက် တံခါးဘဲလ်သံပေါ်လာပြီး ဧည့်သည်တစ်ယောက် အိမ်ကိုရောက်လာခဲ့၏။
အဒေါ်က အင်တာကွန်ကိုဖွင့်ပြီး လူကိုဝင်လာခိုင်းလိုက်သည်။ ရောက်လာသူကရှဲ့လင်ပင်။ သူရောက်လာ၍ ဖုယွမ်ကျိုးအမေကပြုံးလိုက်ပြီး ချက်ချင်းပင် မတ်တပ်ရပ်လိုက်၏။
"ရှောင်လင်ရောက်လာတာကိုး.."
"ဟယ်လို...အန်တီ.."
ရှဲ့လင်ကလည်း ယဥ်ကျေးစွာဖြင့်ပြန်လည်နှုတ်ဆက်လာသည်။
"ရှောင်ကျိုးကိုလာတွေ့တာလား...ရှောင်ဖေးရော.. သူလည်းအိမ်ကိုလာမလည်ဘူးနော်"
ရှဲ့လင်: "သူကရေချိုးနေလို့ပါ...ကျွန်တော်လာတာက ယွမ်ကျိုးကိုပြောစရာလေးရှိလို့ပါ..."
"အိုး...ဒါဆိုလည်းအပေါ်တက်ပြောကြလေ...အန်တီ့ကိုလွှတ်ပေးလိုက်မယ်...သူအသီးတွေဆေးနေတာ..အန်တီ Mask ချွတ်လိုက်ဦးမယ်..."
ရှဲ့လင်က အပြင်လူမဟုတ်၍ အဒေါ်ကသူ့အား အရေးတယူနှုတ်ဆက်ခြင်းမရှိပေ။ စကားတစ်ခွန်းနှစ်ခွန်းပြောပြီးနောက် သူတို့ကိုထားခဲ့လေသည်။ ရှဲ့လင်က သူ့အားလာရှာရသည့်အကြောင်းအရင်းကို ဖုယွမ်ကျိုးလည်းသေချာမသိပေ။ အိပ်ခန်းထဲသို့ဝင်သွားလိုက်ပြီး မေးမြန်းလိုက်သည်။
"ဘာကိစ္စလဲ..."
ရှဲ့လင်က သူ့အနောက်မှလိုက်လာပြီး တံခါးဆွဲပိတ်လိုက်သည်။ 'ကလစ်' ဆိုသည့်အသံကြောင့် ဖုယွမ်ကျိုး၏နှလုံးက တစ်ချက်ဆောင့်ခုန်သွားရ၏။ သူအခု တံခါးကိုလော့ခ်ချလိုက်တာလား။
ဖုယွမ်ကျိုး နေရခက်လာပြီး ရှဲ့လင်ကိုလှည့်ကြည့်လိုက်ရာ ထိုသူ၏အေးစက်နေသည့်မျက်နှာကိုမြင်လိုက်ရလေ၏။
"ဘာဖြစ်နေတာလဲ...စိတ်ဆိုးနေတာလား..."
ရှဲ့လင်ကမေးလာသည်။
"သူမင်းကိုနမ်းလိုက်လား..."
သူဘယ်လိုသိသွားတာလဲ။ ဘယ်သူပြောလိုက်တာလဲ။
ဖုယွမ်ကျိုးမျက်နှာက တောင့်တင်းနေပြီး သူ့အားနမ်းလိုက်သူက နှစ်ယောက်ဖြစ်နေ၍ ဘာပြောရမှန်းမသိပေ။ ရှဲ့လင်ဆိုလိုချင်နေသည့်လူကိုလည်း မသိ၍ခက်နေပြန်သည်။
ရှဲ့လင်: "ငါဓာတ်ပုံမြင်လိုက်တယ်..."
ဖုယွမ်ကျိုးမှာ ရှဲ့လင်ဆိုလိုချင်နေသည့်ဓာတ်ပုံကို ချက်ချင်းသဘောပေါက်လိုက်သည်။ ရှောင်ဖေးကို အခြားသူများထံဓာတ်ပုံလျှောက်မပြရန် မမှာလိုက်ရ၍ သူ့ကိုယ်သူပိတ်ရိုက်ပစ်ချင်သွား၏။ အထူးသဖြင့်ရှဲ့လင်ကိုပင်။
အစက အပြစ်ရှိစိတ်ဝင်သွားသယောင်သာရှိသော်လည်း ရှဲ့လင်ပါးစပ်က ကိုယ်တိုင်ထုတ်ပြောလာသည့်အခါ အပြစ်ရှိစိတ်ကိုဆတိုးခံစားလိုက်ရလေ၏။
သူသည်ကား ငယ်စဥ်တည်းက ရှဲ့လင်၏ထိန်းချုပ်မှုအောက်တွင်ရှိနေခဲ့ရ၏။ သူအမှားတစ်ခုလုပ်မိသလိုက်သလိုခံစားနေရ၍ ရှဲ့လင်အရှေ့တွင် ခေါင်းငုံ့နေမိသည်။ ယခင်ဘဝကလည်း သူနှင့်ယွိဖေးတို့အတူရှိနေလျှင် ရှဲ့လင်ကသဘောမကျတတ်ပေ။ ထိုအကြောင်းကြောင့် ရံဖန်ရံခါတွင် နှစ်ယောက်လုံး ရှဲ့လင်ကိုရှောင်ခဲ့ကြသော်လည်း ယခုတော့ ရှဲ့လင်ကသူ့အပေါ်တွင်ခံစားချက်ရှိနေလေပြီ။
"အဲဒီဓာတ်ပုံကဘာဖြစ်နေလို့လဲ...."
ဖုယွမ်ကျိုးက ရှဲ့လင်ကို ပေါ့ပေါ့ပါးပါး ပြောကြည့်ရန်ကြိုးစားလိုက်၏။
"ရှောင်ဖေးက နိုင်ငံခြားကပြန်ရောက်ကာစရှိသေးတယ်လေ...သူငယ်ချင်းတွေနဲ့ပတ်သက်လာရင် စိတ်အားထက်သန်နေတော့ ဒီလိုပဲခင်မင်ကြောင်းပြတာပေါ့...မဟုတ်ဘူးလား..."
သူ့စကားက အခြေအနေအချိန်အခါသင့်မှန်းယုံကြည်ထားပြီး ရှဲ့လင်ကလည်း ပုံမှန်မဟုတ်သလိုခံစားရမည်မဟုတ်ပေ။ အခြားအဓိပ္ပါယ်လည်းမရှိသလို သူတတ်နိုင်သည့်ရှင်းပြချက်လည်းမရှိတော့စေကာမူ ရှဲ့လင်က ဒေါသထွက်နေဆဲ...သူသဝန်တိုနေတာလား
ဖုယွမ်ကျိုးသည် သူ့ကိုယ်သူနှင့်ရှဲ့လင်ကို 'သဝန်တိုနေသည်' ဆိုသည့်စကားလုံးနှင့်ဖော်ပြလိုက်သည့်အခါ စိတ်မသက်မသာဖြစ်သွားလေ၏။
"ဟုတ်လား..."
ရှဲ့လင်က သူ့အားထူးဆန်းနေသည့်မျက်နှာဖြင့်ငုံ့ကြည့်လာ၏။
"ကိုယ်ရောသူ့လိုလုပ်လို့ရလား..."
ဖုယွမ်ကျိုး ထိုသူ၏ဆိုလိုရင်းကိုသဘောပေါက်သွားသည့်အခါ ထခုန်မိမတတ်လန့်ဖျပ်သွားရသည်။
"မရဘူး...လုံးဝမရဘူး!"
"ဘာလို့မရတာလဲ..."
ရှဲ့လင်ကမေးလေပြီ။
"ကိုယ်တို့အားလုံးက တရုတ်ပြည်သူပြည်သားတွေပဲလေ...စကားနဲ့ပြောလို့ရတာကို ဘယ်သူကမျက်နှာပြနေလို့လဲ..."
"မင်းအရင်တုန်းကပြောဖူးတဲ့စကားကိုမှတ်မိသေးလား..."
ရှဲ့လင်က ဖုယွမ်ကျိုးပြန်ဖြေလာမည်ကိုမစောင့်ဘဲ ဆက်ပြောလိုက်၏။
"မင်းနှလုံးသားထဲမှာကိုယ်ကအကောင်းဆုံးပါဆို...ကိုယ်ကမင်းနဲ့အရင်းနှီးဆုံးပါဆို...ကိုယ်ကမင်းအတွက်အရေးအကြီးဆုံးပါဆို...ကိုယ်ကအယ်လ်ဖာဖြစ်နေပေမဲ့ ကိုယ်မရှိဘဲမင်းမနေနိုင်ပါဘူးဆို..."
ထိုစကားများက ဖုယွမ်ကျိုး ရှဲ့လင်နှင့်အတူ ကျောင်းမှပြန်လာသည့်နေ့က သူကိုယ်တိုင်ပြောခဲ့သည့်စကားများပင်။ ပက်ကာစီကုံးပြောပြသွားသည်မှာ တစ်လုံးပင်မလွဲသွားပေ။ ဖုယွမ်ကျိုးမှာ နောက်တကြိမ်ရှက်မိသွားပြန်ပြီး ရှဲ့လင်ကမူ အေးတိအေးစက်မျက်နှာဖြင့်သူ့အား ထပ်မေးလာပြန်သည်။
"အဲဒါကိုအခုထိ စိတ်ရင်းအမှန်ပဲလို့ တွေးလို့ရသေးလား..."
"ဒါပေါ့..."
ဖုယွမ်ကျိုး ရှက်နေသေးသော်လည်း ရိုးရိုးသားသားဝန်ခံပါသေးသည်။
"ဘာလို့ဗြုန်းစားကြီးမေးတာလဲ..."
ရှဲ့လင်တွင် အခြားရည်ရွယ်ချက်ရှိနေမည်စိုး၍ သူရုတ်တရက်သတိချပ်လိုက်ရသည်။
ကျွမ်းကျင်သူရှဲ့: "ကိုယ့်ကိုသက်သေပြ...ကိုယ်ကမင်းအတွက်ဘယ်လောက်အရေးကြီးလဲဆိုတာ..."
ဖုယွမ်ကျိုးက ထစ်ငေါ့စွာဖြင့်ပြန်ဖြေလိုက်၏။
"မင်းကငါ့ကိုဘယ်လိုသက်သေပြစေချင်နေတာလဲ..ငါ့ကိုနမ်းစေချင်နေတာတော့မဟုတ်ပါဘူးနော်..."
စကားနှင့်တုံ့ပြန်စရာပင်မလိုပေ။ ရှဲ့လင်မျက်နှာကိုကြည့်ရုံပင် သဘောထားကိုသိနိုင်နေပြီ။
"မဖြစ်နိုင်ဘူး...လုံးဝပဲနော်...ငါတို့ကအချစ်ဆုံးသူငယ်ချင်းတွေလေ...ငါကမင်းအပေါ်ခံစားချက်မှမရှိတာ...ငါတို့ကညီအစ်ကိုတွေပဲဟာ..."
အစပိုင်းတွင် ဖုယွမ်ကျိုးက အကြောက်အကန်ငြင်းနေသော်လည်း ရှဲ့လင်၏အကြည့်အောက်တွင် တဖြည်းဖြည်းပျော့ပြီးရင်းပျော့လာပြီး အသံကတိမ်ဝင်သွားသည်။တိမ်ဝင်သွား၍သူ့ကိုယ်သူပင်မကြားနိုင်ပေ။
"ပုံမှန်ဆို သူငယ်ချင်းကောင်းတွေကမနမ်းကြဘူးလေ..."
ရှဲ့လင်က ခဏကြာအထိတိတ်ဆိတ်သွားပြီး သူ့နှုတ်ခမ်းများကပွင့်ဟလာခဲ့သည်။
"နမ်းတာမှမဟုတ်ရင် မင်းဘာမှမလုပ်တတ်တော့ဘူးလား..."
"ဂလင်းကိုတော့မကိုက်နဲ့နော်..."
ဖုယွမ်ကျိုးလက်က အလိုလိုပင် ဂုတ်ပိုးကိုကာမိလျက်သားဖြစ်သွားလေသည်။
"မင်းဘာပဲဖြစ်ဖြစ်တောင်းဆိုလို့ရတယ်...မင်းအတွက်ဘာပဲဖြစ်ဖြစ်ဝယ်ပေးလို့ရတယ်...မင်းအတွက် တစ်ခုခုလုပ်ပေးလို့လည်းရတယ်...အိုကေ..."
"အိုကေ..."
ရှဲ့လင်ကတုံ့ပြန်ပြီး ထိုင်ခုံပေါ်တွင်ဝင်ထိုင်သည်။ ထို့နောက် သူ့ပေါင်ကိုပုတ်ပြလာ၏။
"ဒီမှာလာထိုင်..."