Chapter 19
Viewers 2k

♎️Chapter 19




"ဘာလို့လဲ..." 

ဖုယွမ်ကျိုး ခေါင်းပြုတ်မတတ်ခါပြလိုက်သည်။

"မထိုင်ချင်ပါဘူး!" 


ဘာလို့ရှဲ့လင်ပေါင်ပေါ်ထိုင်ရမှာလဲ...အဆန်းကြီးပဲ။ 


"မထိုင်ဘူးလား..." 


"မထိုင်ဘူး" 


ဖုယွမ်ကျိုးတစ်ယောက် တံခါးကိုတွန်းဖွင့်ပြီးထွက်ပြေးသွားလေသည်။ ရှဲ့လင်က ထိုအတိုင်းထိုင်နေပြီးမှ တံခါးကပြန်ပွင့်လာပြီး ဖုယွမ်ကျိုး၏ကိုယ်တဝက်က ပေါ်လာခဲ့သည်။ 


"မင်းနောက်တစ်ခုလုပ်ခိုင်းလို့မရဘူးလား..." 


ရှဲ့လင်ကသူ့ကိုတစ်ချက်ပင်မကြည့်ပေ။ ဖုယွမ်ကျိုးက အနားကိုအသာလေးကပ်လာပြီး ရှဲ့လင်ပေါင်ပေါ်တွင် ဖြည်းဖြည်းချင်းဝင်ထိုင်လိုက်သည်။ 


"ငါအရှုံးပေးလိုက်တာလို့မထင်နဲ့..." 


ရှဲ့လင်: "လှည့်ပြီး ကိုယ်နဲ့မျက်နှာချင်းဆိုင်ထိုင်..." 


သေစမ်း၊ ဘယ်လိုတွေတောင်ထိုင်ခိုင်းနေတာလဲ။ 


ဖုယွမ်ကျိုးက အမြန်မတ်တပ်ထရပ်လိုက်ပြီး သွေးများက မျက်နှာပေါ်ကိုဆောင့်တက်လာသည်။ ဘာလို့လုပ်ရမှာလဲ။ရှဲ့လင်ပေါင်ပေါ်မှာထိုင်ရမှကိုဖြစ်မှာလား။ဘယ်လိုကြီးလဲ။ 


"မင်းဒီလိုထိုင်ခိုင်းတာလား..." 

သူမနေနိုင်တော့၍ ရှဲ့လင်ကိုမေးလိုက်မိပြီ။ 

"မင်းပြောင်းတာက..." 


ရှဲ့လင်: "သက်သေပြရမှာက မင်းလား...ကိုယ်လား...မင်းမလုပ်ချင်ရင် မလုပ်နဲ့ပေါ့..." 


ဒါဆိုလည်း သက်သေပြနေစရာမလိုတော့ဘူး။ မင်းကအမှန်အတိုင်းမှမပြောတာ။ 


ဖုယွမ်ကျိုးက လေသံနားထောင်ကြည့်ရုံဖြင့်အဓိပ္ပါယ်ကိုခန့်မှန်းနိုင်သည်။ ရှဲ့လင်က အင်မတန်စိတ်ဓာတ်တက်ကြွနေ၍ သူရှဲ့လင်ကိုထိုးချင်စိတ်ပေါက်လာလေ၏။ သို့သော်လည်း ထိုင်ရုံသာဖြစ်ပြီး နမ်းခိုင်းနေခြင်းမဟုတ်၍ သူမလုပ်လျှင် ရှဲ့လင်တကယ်စိတ်ဆိုးသွားလိမ့်မည်။ 


သူသည်လက်ဖြင့်မျက်နှာကိုကာထားမိပြီး ရှဲ့လင်ပေါင်ပေါ်ကိုဆောင့်ကြီးအောင့်ကြီးဝင်ထိုင်ကာ ထိုသူ၏ပေါင်နှစ်ဖက်ကို သူ၏ခြေထောက်နှစ်ချောင်းဖြင့်ဟစေလိုက်၏။ 


"ကိုယ့်ကိုကိုင်ထား..." 


ရှဲ့လင်အသံကတည်ငြိမ်နေသော်လည်း ငြင်းဆန်ခြင်းမရှိပေ။ ဖုယွမ်ကျိုးက လက်ဆန့်ကာအင်္ကျီလက်ကိုပင့်တင်လိုက်သည်။ ရှဲ့လင်က ဖုယွမ်ကျိုး၏လက်ကောက်ဝတ်ကိုကိုင်ထားပြီး လည်ဂုတ်ကိုဖက်ကာ ဖုယွမ်ကျိုးကိုသူ့အားဖက်ထားစေလေသည်။ ဖုယွမ်ကျိုး၏ခါးကိုလည်းဖက်ထားသေး၏။ 


လေအေးပေးစက်ဖွင့်ထားလျှင်ပင် လူ၏အပူချိန်ကိုကာကွယ်ပေးထားနိုင်ခြင်းမရှိပေ။ သူတို့ကြားမှ ဝင်သက်ထွက်သက်ကို အလွယ်တကူခံစားမိနိုင်သည်။ 


သူခေါင်းငုံ့လိုက်သည်နှင့် ဖုယွမ်ကျိုးက ရှဲ့လင်၏မျက်နှာကို အတိုင်းသားမြင်နေရသည်။ ထိုသူသည် ချောမောပြီး အေးစက်နေ၍ လူတိုင်းက ဖျော့တော့သည့်လရောင် သို့မဟုတ် ည၏အမှောင်ယံအောက်တွင် ပွင့်လန်းလာသည့်ညနေခင်းပန်းပွင့်လေးကို အမှတ်ရစေနိုင်သည်။ 


သို့သော်လည်း သူ၏ဖယ်ရိုမုန်းက ပြင်းပြသည့် ဝိုင်နီနံ့ဖြစ်ပြီး စိတ်တက်ကြွနေချိန်တွင် ပိုပြင်းထန်နေသည်။ အနံ့လေးနည်းနည်းရလိုက်သည်နှင့် သူ့အားမူးဝေလာစေပြီး တရိပ်ရိပ်တိုးလာသည့်အပူဓာတ်ကြောင့် သူ၏ကိုယ်လုံးလေးက ကျုံ့ဝင်သွားခဲ့သည်။ 


သူ့မျက်နှာက ရုတ်ချည်းပူပြင်းလာပြီး ရှဲ့လင်ကိုဆက်မကြည့်တော့ဘဲ မျက်နှာလွှဲလိုက်မိသည်၊ သို့တစေ ရုတ်တရက်ရှဲ့လင်ကသူ့ခေါင်းကိုလှမ်းကိုင်လာပြီး သူနှင့်ပိုကပ်လာအောင်ဆွဲလိုက်သည်။ 


"ရှဲ့လင်!" 


မင်းပဲမနမ်းဘူးဆို။ 


ဖုယွမ်ကျိုး အထိတ်တလန့်ဖြင့် ထရပ်ရန်ကြိုစားသော်ငြား အနေအထားက အဆင်မပြေချေ။ ကမ္ဘာကြီး၏ဗဟိုချက်မက မငြိမ်သက်၍ ထရပ်လိုက်သည့်တိုင် ရှဲ့လင်၏ကိုယ်ပေါ်ကိုသာပြုတ်ကျသွားရပြီး လှပသည့်နှုတ်ခမ်းများနှင့်သူ့မျက်နှာက ထိလုနီးပါးနီးကပ်သွားခဲ့သည်။ 


"ငြိမ်ငြိမ်နေလေ.." 


ရှဲ့လင်ကတိုးညှင်းသည့်အသံဖြင့်ပြောလာပြီး ၎င်း၏နှုတ်ခမ်းက ဖုယွမ်ကျိုး၏ပါးပြင်နှင့် စင်တီမီတာအနည်းငယ်လေးသာလိုတော့သည့်တိုင် မနမ်းခဲ့ပေ။ 


ဖုယွမ်ကျိုးနားရွက်များက ပူကြွပ်လာရပြီး တစ်ကိုယ်လုံးရှိသွေးများက အပေါ်ပိုင်းကိုတဟုန်ထိုးတက်လာသလိုပင်။ သူသည် မျက်လုံးကိုတင်းတင်းမှိတ်၍ ရှဲ့လင်ကိုမကြည့်တော့သည့်တိုင် နှုတ်ခမ်းများကသူ၏ပါးပေါ်သို့ထိကပ်နေမှုကိုခံစားနေရပြီး နှာခေါင်းထိပ်ဖျားလေးက သာသာလေးထိခတ်သွားသည်ကိုပင်ခံစားလိုက်ရသည်။ သူသာအနည်းငယ်ကွာဝေးသည့်အနေအထားမှကာကွယ်လိုက်လျှင် ပိုပြီးပင် ကို့ရို့ကားယားဖြစ်သွားနိုင်သည်။ 


ထိုသူကတကယ်မနမ်းခဲ့သော်လည်း နမ်းလိုက်သည်နှင့်မခြားပေ။ရှဲ့လင်က တမျက်နှာလုံးကိုတစ်ချိန်တည်းမှာပင် ပွတ်သပ်သွားခဲ့သည်။ 


ဖုယွမ်ကျိုးနှလုံးမှာ ပေါက်ထွက်လုနီးပါးခုန်လှုပ်နေ၏။ ရှဲ့လင်၏နှုတ်ခမ်းက သူ့နှုတ်ခမ်းအနားကိုရောက်လာသည့်အခါ သူလုံးဝသည်းမခံနိုင်တော့ဘဲတိတ်တိတ်လေးတောင်းပန်လိုက်ရ၏။ 


"မလုပ်နဲ့...ရှဲ့လင်...မလုပ်ပါနဲ့...." 


သူလုံးဝမလှုပ်ရဲပေ။ အခြေအနေပိုဆိုးလာမည်ကိုကြောက်နေမိပြီး ရှဲ့လင်ကလည်း ထိုအတိုင်းအတာအထိရောက်လာနီးပါးဖြစ်နေပြီ။ မျက်နှာကတော့ထားပါတော့...ဒါကတော့။ 


"ဒေါက် ဒေါက်" 


ရုတ်တရက် တံခါးခေါက်သံထွက်လာပြီး အန်တီကအပြင်ဘက်မှလှမ်းမေးလာ၏။ 


"ရှောင်ကျိုး...ရှောင်လင်...စာလုပ်နေကြတာလား...အန်တီအသီးတွေဆေးပေးပြီးသွားပြီ...မင်းတို့ကိုယူလာပေးရမလား..."


သူမကစကားပြောနေရင်း တံခါးကိုခေါက်နေသေးသည်။ သူမ ဖုယွမ်ကျိုးအိမ်တွင်နေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်၍ ကောင်းကောင်းသိနေ၏။ 


ကလေးနှစ်ယောက်တည်းရှိသည့်အချိန် အသီးများယူလာပေးခြင်းက မသင့်လျော်သည်မှာမဟုတ်သော်လည်း လက်ရှိတွင် ဖုယွမ်ကျိုးက ရှဲ့လင်နှင့်ဖြစ်ပျက်နေသည့်ပုံစံကြောင့် သူမကိုဝင်မလာစေချင်ပေ။ 


အန်တီတံခါးဖွင့်လိုက်ချိန်တွင် အခန်းထဲမှ ဝုန်းကနဲမြည်သံက သူမကိုထိတ်လန့်သွားစေခဲ့သည်။ 


သူမသည်ကား အံ့ဩနေသည့်မျက်လုံးများဖြင့် အိပ်ခန်းထဲမှထိုင်ခုံလဲကျနေသည်ကို ကြည့်နေမိသည်။ ဖုယွမ်ကျိုးလည်းကြမ်းပြင်ပေါ်ရောက်နေပြီး ရှဲ့လင်က ဒူးထောက်လျက်သားဖြင့် ဖုယွမ်ကျိုးခေါင်းကိုအုပ်ကိုင်ထားသည်။ နှစ်ယောက်လုံး၏အဝတ်များကရှုပ်ပွနေကာ ဖုယွမ်ကျိုး၏မျက်နှာမှာလည်းနီရဲနေပြီး နဖူးတွင်လည်းချွေးများရွှဲနေကြသေး၏။ 


"မင်းတို့ရန်ဖြစ်နေတာလား..." 


အန်တီက ပန်းကန်ပြားကိုဘေးချပြီး သူတို့နှစ်ယောက်ကိုဆွဲထူလိုက်၏။ 


"မဟုတ်ပါဘူး...ရန်ဖြစ်နေတာမဟုတ်ပါဘူး..." 


ဖုယွမ်ကျိုးက ထိုစကားခေါင်းစဥ်ကိုရှောင်နိုင်ရန်ကြိုးစားနေ၏။ 


"အန်တီ...စိတ်မပူနဲ့...ကျွန်တော်တို့စာကျက်နေကြရုံပဲ..." 


ဒီလိုစာကျက်တဲ့လူမျိုးရှိလို့လား။ 


အန်တီကစကားပြောနေသည်ကိုရပ်လိုက်ပြီး သူတို့ကိုအကြိမ်ရေအနည်းငယ်မျှကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။ 


"ဒါဆိုလည်း စာဆက်လုပ်နေကြပါ...အန်တီအရင်သွားနှင့်မယ်...တစ်ခုခုဆိုခေါ်လိုက်ပေါ့..." 


"အိုကေ...အန်တီအနားယူပါ..." 


ဖုယွမ်ကျိုး အန်တီကိုအမြန်မောင်းထုတ်ပြီး တံခါးပိတ်လိုက်သည်။ အစက ရှဲ့လင်လော့ခ်ချထားသော်လည်း သူထွက်ပြေးလိုက်ချိန်က တံခါးဖွင့်လိုက်မိ၍ သော့ပွင့်သွားလေရာ ယခုမူ သူကိုယ်တိုင်နောက်တကြိမ်သော့ခတ်လိုက်ရပြန်သည်။ 


မသိစိတ်အရ သော့ခတ်လိုက်ပြီးမှ သူနားလည်သွားခဲ့သည်။ သူ့ဘက်မှအပြစ်ရှိသလိုခံစားနေရပြီး တံခါးကိုသော့ခတ်နေစရာလည်းမလိုပေ။ ယင်းက ရှဲ့လင်ကိုနောက်တကြိမ်အခွင့်အရေးပေးမိသလိုဖြစ်သွားမည်မဟုတ်လား။ 


သူတံခါးလက်ကိုင်ကိုကိုင်ထားစဥ် ရှဲ့လင်ကသူ့အားအနောက်မှပွေ့ဖက်ကာ သူ့အပေါ်မှီလာသည်။ သူ့လက်အပေါ်တွင်ဖိထားရင်း နားထဲသို့တီးတိုးပြောလိုက်လေ၏။ 


"မင်း လွတ်သွားပြီလို့ထင်နေတာလား..."


ဖုယွမ်ကျိုး၏လည်ပင်းတလျှောက် ချွေးများစီးကျလာပြီး သူသည်ကား ရှဲ့လင်၏လက်ကိုကိုင်ထားရလေ၏။ ရှက်လွန်း၍ သူ့မျက်နှာကနီရဲနေပြီး တံခါးလက်ကိုင်ပေါ်မှလက်ချောင်းထိပ်လေးများပင် တုန်ယင်နေလေသည်။ 


“မင်းဘာထပ်လုပ်ချင်သေးလို့လဲ” 


အသံကမူ မာကျောခက်ထန်​နေသော်လည်း စိတ်ထဲတွင်မူကြောက်ရွံ့နေမိလေ၏။ ရှဲ့လင် နောက်ဆက်တွဲလုပ်လာမည့်အရာကိုသူမသိပေ။ ယခုအချိန်တွင် သူအင်မတန်ရှက်ရွံ့မိပြီး ဒေါသထွက်နေရသည်။ 

"မင်းမပြီးတော့ဘူးလား.." 


“မင်းဘယ်လိုထင်လဲ” 


သူ့အသံနှင့်နှိုင်းယှဥ်လိုက်လျှင် ရှဲ့လင်အသံကပိုတည်ငြိမ်နေသော်လည်း နက်ရှိုင်းလှသည့်ခံစားချက်တို့ဖြင့်ရောထွေးနေလေ၏။ 


“ကိုယ်ကမင်းအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို သက်သေပြပေး” 


ငါ မင်းကိုအခုမသတ်ပစ်တာနဲ့တင် မင်းဘယ်လောက်အရေးကြီးတယ်ဆိုတာသိသင့်နေပြီ။ 


ဖုယွမ်ကျိုး အံကြိတ်လိုက်မိသည်၊၊ ရှဲ့လင်က သူနှင့်ပတ်သတ်လာလျှင် တွန့်ဆုတ်နေမည့်အရာမရှိ၍ ဘာကိုမှကြောက်နေမည်မဟုတ်ပေ။ သူထပ်ပြီးသည်းမခံနိုင်တော့၍ နောက်တခေါက် ထွက်ပြေးမှရတော့မည်။ 


သူသည်ကား အခုလေးတင်လော့ခ်ချလိုက်သည့်တံခါးကိုဖွင့်လိုက်သော်လည်း လက်တွင်ချွေးထွက်နေပြီး လက်ချောင်းများမှာလည်းစိုနေလေရာ တံခါး၏သတ္တုလက်ကိုင်က ငါးတစ်ကောင်ပမာချောနေခဲ့သည်။ သူတံခါးမဖွင့်နိုင်သေးခင်မှာပင် ရှဲ့လင်ကသူ့လက်ကိုဆုပ်ကိုင်လာပြီး တံခါးပေါ်မှသူ့လက်ကိုဆွဲချလိုက်သည်။ 


“မင်းကသူတို့ကိုတွေ့သွားစေချင်လို့လား...” 


ရှဲ့လင်က သူ့အားတံခါးနှင့်သူ့ရင်ဘတ်အကြားတွင် ညှပ်ထားပြီး လက်ကောက်ဝတ်နှစ်ဖက်ကိုဆုပ်ကိုင်ထားသည်။


ရုတ်ချည်းပင် ဝိုင်နီရနံ့ခပ်ပြင်းပြင်းက ထွက်ပေါ်လာပြီး ၎င်းကသန့်စင်ကာမွှေးအီလွန်းသောကြောင့် ဖုယွမ်ကျိုး၏ခြေထောက်များကိုပင်ပျော့ခွေသွားစေခဲ့သည်၊၊ သူသည်ကား လည်ချောင်းထဲမှခပ်တိုးတိုးညည်းလိုက်မိပြီး တံခါးကိုမှီရင်း ကြမ်းပြင်ပေါ်သိူ့လျှောကျသွားလေ၏။ 


အယ်လ်ဖာ၏ ပြင်းပြသောဖယ်ရိုမုန်းများအောက်တွင် ဖုယွမ်ကျိုးမှာ ခဏတွင်းချင်းဝိုင်နီပင်လယ်အတွင်းသို့ပြုတ်ကျသွားသလိုခံစားလိုက်ရပြီး အသက်ပင်မရှူနိုင်တော့ပေ။ 


သူ့ကိုယ်ထဲမှသွေးများက ဆူပွက်ကာ အရှိန်အဟုန်ဖြင့်စီးဆင်းနေပြီး နှလုံးမှာဆုပ်ညှစ်ကိုင်ခံထားရသယောင်။ သူသည်ကားတုန်ယင်နေကာ ရှဲ့လင်ကသူ့လက်ကိုဆုပ်ကိုင်လိုက်ပြီး ရှဲ့လင်ကသူ့အားတံခါးတွင်ဖိထားလေသည်။ သူ့မျက်နှာနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းက တံခါးတွင်အကပ်ခံထားရပြီး မျက်နှာပေါ်မှအပူချိန်က တံခါးကိုပင်လောင်ကျွမ်းသွားစေနိုင်လောက်သည်။ 


အခန်းထဲမှလေအေးပေးစက်သည် အအေးဓာတ်တို့ကိုထုတ်လွှင့်နေသော်လည်း ဖုယွမ်ကျိုးကိုယ်ပေါ်မှအပူဓာတ်က ပျောက်မသွားပေ။ သူ့ခမျာ ဖယ်ရိုမုန်းနံ့တို့ကိုလည်းထပ်ပြီးရှူမသွင်းရဲဘဲ အသက်ပြင်းပြင်းမရှူမိစေရန် ပါးစပ်မှသာလေကိုရှိုက်သွင်းနေရလေသည်။ 


ဒီအရှက်မရှိတဲ့ တိရစ္ဆာန်ကောင်၊ သူ့ကိုဖယ်ရိုမုန်းနဲ့နှိပ်စက်ပြန်ပြီ။ 


ဖုယွမ်ကျိုး ရှဲ့လင်ကိုစိတ်ထဲမှဆဲရေးနေသော်လည်း အသံကလည်ချောင်းထဲတွင်ပင် အရည်ပျော်သွားပုံရသည်။ သူစကားမပြောနိုင်သော်လည်း စိတ်လှုပ်ရှားနေပြီးရှက်ရွံ့နေသော်လည်း စကားထပ်ပြောလိုက်ချိန်တွင် အသံလေးက သနားစရာကောင်းလောက်အောင်တိုးညှင်းနေခဲ့လေ၏။ 


“ရှဲ့လင်..ရှဲ့——” 


သူ့အသံက ရုတ်တရက်ပြောင်းသွားပြီး နောက်ကျောကတောင့်ခနဲဖြစ်သွားခဲ့သည်၊၊ အကြောင်းမှာ ရှဲ့လင်က သူ့ဂုတ်ပေါ်မှဆံပင်တို့ကိုဖယ်လိုက်ပြီး အနက်ရောင်လည်ပတ်ကိုကြည့်လာသောကြောင့်ပင်။ ပူနွေးသည့်လေများက သူ၏အသားအရေအပေါ်တွင် ပက်ဖြန်းနေပြီး ရှဲ့လင်၏ခေါင်းကသူ၏ဂုတ်နှင့် နီးသည်အထိတိုးကပ်လာခဲ့သည်။ 


“ရှဲ့လင်..ဘာလုပ်တာလဲ” 


ဖုယွမ်ကျိုး အသည်းအသန်ရုန်းကန်မိပြီ။ သူပဲဂလင်းကိုမကိုက်ဘူးလို့ပြောပြီးတော့။ ရှဲ့လင် နောင်တရနေပြီမလား။ 


ရှဲ့လင်ကသူ့အားနှစ်သိမ့်ပေးလာ၏။ 

"ကိုယ်ဘာမှမလုပ်ပါဘူး..." 


သူသည်ဖုယွမ်ကျိုးကိုဖက်လိုက်ပြီး နှုတ်ခမ်းတို့ကို သားရေလည်ပတ်အပေါ် ဖိကပ်ထားခဲ့သည်။ ဤအခိုက်အတန့်လေးမှာပင် ဖုယွမ်ကျိုး၏နှလုံးခုန်နှုန်းက အမြင့်ဆုံးအထိရောက်သွားသော်လည်း ရှဲ့လင်က လည်ပတ်ကိုမဖြုတ်ခဲ့ပေ၊၊ လည်ပတ်ကိုဖြတ်ကာ ၎င်းအောက်မှဂလင်းကို နမ်းရှိုက်လိုက်သည်။ 


ရှဲ့လင်က စကားမပြောပေ။ ထိုသူခေါင်းငုံ့လိုက်သည့်အခါ ဆံပင်ထိပ်ဖျားများက လည်ဂုတ်ကိုပွတ်သပ်မိသွားပြီး ဖုယွမ်ကျိုးကိုယားယံလာစေ၏။ 


သူရှဲ့လင်၏မျက်နှာကိုမမြင်ရပေ။ ထိုသူကိုစိတ်တိုင်းကျလုပ်ခိုင်းထားခဲ့သော်လည်း နှာတံထိပ်နှင့်ဆံပင်အဖျားလေးများ၏ အသာအယာထိတွေ့မှုအပြင် လည်ပတ်ကိုကိုက်ခဲနေသည့်ရှဲ့လင်၏နူးညံ့လှသည့်နှုတ်ခမ်းလေးများကိုလည်း မရေမရာထိတွေ့ခံစားနေရသည်။ 


ရှဲ့လင်သည် ကတိပေးထားသည့်အတိုင်း ဖုယွမ်ကျိုးကိုမနမ်းခဲ့သော်လည်း ဖုယွမ်ကျိုးမှာ အနမ်းခံရသည်ထက် အဆတစ်ရာမျှနှိပ်စက်ခံလိုက်ရလေ၏။ အပိုဆောင်းအရှက်ရခြင်းကြောင့် မျက်ရည်များပင်ဝေ့သီလာပြီး မျက်လုံးများကနီရဲလာရသည်။ 


ရတယ်။ခဏလောက်သည်းခံလိုက်။ 


သူသည်ကား စိတ်ထဲမှ သူ့ကိုယ်သူအားပေးနေရပြီး ရှဲ့လင်၏နီးနီးကပ်ကပ်ထွေးပွေ့ထားမှုကိုအသံတိတ်ခံယူနေရသည်။ ဝိုင်နီရနံ့သည်ကား ယစ်မူးဖွယ်ပင်၊၊ 


သူသည်ကား အမြန်အဆုံးသတ်သွားရန်မျှော်လင့်ပြီး ရှဲ့လင် သူ့အားလွှတ်ပေးလာရန် ဆုတောင်းနေရတော့သည်။