♎️Chapter 20
ရုတ်တရက် သူ၏လည်ဂုတ်ပေါ်မှ တိုးညှင်းလှသည့်အသံလေးထွက်လာခဲ့၏။ ဖုယွမ်ကျိုးမှာ တဖြည်းဖြည်းအသက်ရှူကျပ်လာသလိုခံစားလိုက်ရပြီး လည်ပတ်ကလျော့ရဲလာခဲ့သည်။ ယင်းမှာ သူ၏လည်ပတ်ကိုကိုက်ထားပြီး ညင်သာစွာချွတ်နေသောရှဲ့လင်က သူ့ဂလင်းကိုကိုက်တော့မည့်အတိုင်း လည်ဂုတ်ကိုနှုတ်ခမ်းဖြင့်ပွတ်သပ်နေသောကြောင့် ဖုယွမ်ကျိုး၏ကိုယ်လေးမှာ တဆတ်ဆတ်တုန်လာရလေ၏။
ဂလင်းမှာပေါ်ထွက်လာခဲ့ပြီး ချိုမြိန်သည့်မက်မွန်ပွင့်ရနံ့က ဝိုင်နီရနံ့နှင့်ရောထွေးယှက်တင်နေခဲ့သည်။ ရှဲ့လင်က ခဏမျှရပ်သွားပြီးမှ ဖုယွမ်ကျိုးလက်ကိုလွှတ်ပေးလိုက်၏။
“ဟင်း…”
ဖုယွမ်ကျိုး၏ပါးပြင်ကနီရဲနေပြီး ချွေးစိုနေခဲ့ကာ တကိုယ်လုံးကတုန်ယင်နေလေသည်။ သူသည်ကား နှုတ်ခမ်းနှစ်လွှာမှပွင့်အံကျလာတော့မည့် ညည်းညူသံတို့ကို လက်ဖြင့်ဖုံးအုပ်ထားလိုက်ရ၏။
ထိုအချိန်အတွင်းမှာပင် သူအတော်လေးနောင်တရနေခဲ့ပြီ။ ရှဲ့လင်က သူ့အားယခုလိုနှိပ်စက်မည်မှန်းသိခဲ့ပါက တိုက်ရိုက်နမ်းခိုင်းလိုက်သည်ကပင် ပိုကောင်းဦးမည်။
သူသည်ကား တံခါးကိုနဖူးဖြင့်ထောက်ထားရင်း ကိုယ်လေးကိုကွေးထားကာ မျက်နှာမှာလည်းချွေးနှင့်မျက်ရည်များဖြင့် ပေပွနေလေသည်။ သူရှက်နေသော်လည်း ရှဲ့လင်ကသူ့အားလွှတ်ပေးမည့်ပုံမပေါ်။ ထိုသူကသူ့အားဆွဲလှည့်ကာ မျက်နှာချင်းဆိုင်စေပြန်၏။
နောက်တခေါက်လား။
ဖုယွမ်ကျိုးမှာ မေ့လဲတော့မတတ်ပင်။ သူတကယ်ကြီးရှဲ့လင်ကိုကြောက်သွားပြီ။ ယခင်ဘဝက သူရှဲ့လင်ကိုမနိုင်ခဲ့ပေ၊၊ သည်ဘဝတွင် ပိုပင်ဆိုးသွားသေးသည်။ ရှဲ့လင်ကသူ့အားအပိုင်ရရန် အကြီးအကျယ်အားစိုက်ထုတ်နေစရာမလိုပေ။
သူသည်ကား ရှဲ့လင်၏လက်ကိုချက်ချင်းဖက်တွယ်လိုက်မိချေ၏။ ထိုအချိန်တွင် သူရှဲ့လင်မျက်နှာကိုမြင်ရပြီ။ ရှဲ့လင်မျက်နှာက အင်မတန်ဖြူရော်နေပြီး အနည်းငယ်နီမြန်းနေ၏။ သူ့လက်များက ဖုယွမ်ကျိုးလက်ကိုချိုးပစ်တော့မည်အထိ ဆုပ်ကိုင်ထားပြီး အခြားကိစ္စမရှိပါက လွှတ်ပေးမည့်အစီအစဥ်မရှိပုံပင်။
ဖုယွမ်ကျိုးမှာ တောင်းပန်ရတော့သည်။
"မလုပ်နဲ့...မလုပ်ပါနဲ့တော့...ဒီလောက်ဆိုရပြီလေ..."
ရှဲ့လင်က စကားမပြန်လာပေ။
"အခုလေးတင် ငါ့ကိုလူတစ်ယောက်ကနမ်းလိုက်လို့...မင်းစိတ်ဆိုးနေတာမလား..."
ဖုယွမ်ကျိုး သူ၏နီရဲနေသည့်မျက်နှာကိုလက်ညိုးထိုးပြလိုက်သည်။
"လာနမ်းလှည့်...မင်းပုံမှန်ပဲနမ်းလို့မရဘူးလား!"
ရှဲ့လင်ကသူ့ကိုကြည့်ကာ နောက်ဆုံးတွင်ပြောလာလေသည်။
"မင်းကကိုယ့်ကိုသူငယ်ချင်းလိုသဘောထားတာလေ...သူငယ်ချင်းတွေကအချင်းချင်းမနမ်းကြဘူး..."
"သူငယ်ချင်းတွေက မနမ်းရဘူးလို့ဘယ်သူပြောလဲ..."
ဖုယွမ်ကျိုးမှာငိုချင်လျက်လက်တို့။
"ဒါကခင်မင်မှုကိုပြတာ...ငါမင်းကိုအရမ်းတန်ဖိုးထားတယ်ဆိုတာကိုပြတာ..."
ရှဲ့လင်ကမျက်လွှာချကာ စိတ်မဝင်စားတော့ပုံဖြင့် မညီမညာဖြစ်နေသောအဝတ်အစားကိုပြန့်အောင်လုပ်လိုက်သည်။
သူ၏သွယ်လျသည့်လက်ချောင်းများက ရင်ဘတ်ပေါ်တွင်ကူးခတ်နေပြီး အနည်းငယ်မျှသော ဆွဲဆောင်မှုကိုဖော်ထုတ်နေသလိုပင်။ အဆိုပါဆွဲဆောင်မှုသည် ပို၍ပိုကာကြမ်းတမ်းလာရာမှ ကျန်လက်တစ်ဖက်မှာ သူ၏မေးရိုးကိုပွတ်သပ်လာ၏။
ဖုယွမ်ကျိုးမှာ ရှဲ့လင်၏လည်ပတ်မှတဆင့်ဆွဲရာနောက်ကိုပါသွားရပြီး အနမ်းခံလိုက်ရချေ၏။ ထို့နောက် ထိုသူကလွှတ်ပေးလိုက်သည်။ သူသည်ကား မျက်လုံးကိုတင်းတင်းမှိတ်ထားရင်းမေးလိုက်ချေသည်။
"ဒါပဲလား.."
ရှဲ့လင်က ကောက်ကာငင်ကာဖြင့်
"နေ့တိုင်းနော်..."
"ဟမ်...?" ဖုယွမ်ကျိုးကလည်း မျက်လုံးကိုပြန်ဖွင့်လိုက်ရင်း သံသယရှိသည့် အသံဖြင့်ပြန်မေးလိုက်သည်။
ရှဲ့လင်ကသူ့ကိုဆွဲထူပြီး နှစ်ယောက်လုံးမတ်တပ်ရပ်လိုက်ကြသည်။
"တစ်နေ့တစ်ကြိမ်...နံနက်ခင်းအနမ်းပေးရမယ်.."
ဖုယွမ်ကျိုးမျက်နှာကနီရဲသွားပြီး ထိုသူကိုလက်ညိုးတထိုးထိုးဖြင့်အော်ဟစ်လိုက်သည်။
"လွန်မလာနဲ့နော်!"
"ဒါကလည်း နံနက်ခင်းအနမ်းပေးတာပဲ..."
ရှဲ့လင်မျက်လုံးက နက်မှောင်လွန်းနေသောကြောင့် ဖုယွမ်ကျိုးမှာရင်တုန်သွားရသည်။
ထိုသူသည်ကား စကားတစ်လုံးပင်မပြောဘဲ ဖုယွမ်ကျိုး၏ ချွေးစိုနေသည့်နဖူးပြင်ကိုပွတ်သပ်ပေးပြီး အင်္ကျီကော်လာကိုလည်းပြင်ပေးလိုက်သည်၊၊ လေအဝင်အထွက်ကောင်းရန် ပြတင်းပေါက်များကိုဖွင့်လိုက်သည့်အခါ အခန်းထဲတွင်ပျံ့နေခဲ့သည့် ဖယ်ရိုမုန်းအနံ့များကပြယ်သွားခဲ့သည်။
အရာအားလုံး အေးအေးချမ်းချမ်းပြီးဆုံးသွားသလိုထင်ရသော်လည်း ဖုယွမ်ကျိုးသည်ကား ထိုသူ ယခင်ကမပြောခဲ့ဖူးသော စကားတစ်ခွန်းရှိကြောင်း သတိရသွားလေ၏။
ကိုယ်မင်းကိုဒီထက်ပိုလိုချင်တယ်၊ အသင့်ပြင်ထား။
ဖုယွမ်ကျိုးမှာ တိုင်နှင့်ခေါင်းသာပြေးတိုက်လိုက်ချင်တော့သည်။
ချီးပဲ...ဘယ်လိုလုပ်ဒီလူကိုငြင်းလိုက်မိရတာလဲ။ ငါလိင်ပြောင်းရင်မီနိုင်ဦးမလား။ ခွဲစိတ်တာတွေဘာတွေများလုပ်လို့ရသေးလား။
အားလုံးကိုရှင်းလင်းကြပြီးသည့်အခါ အပြင်ဘက်ကော်ရစ်တာမှ လူနှစ်ယောက်ထက်ပိုသောခြေသံများ ထွက်ပေါ်လာသည်။ ထို့နောက် ဖုယွမ်ကျိုး၏အမေက တံခါးခေါက်လာ၏။
"ရှောင်ကျိုး...ရှောင်လင်..ရှောင်ဖေးက ကစားမလို့ရောက်လာတယ်...တံခါးဖွင့်လိုက်ရမလား..."
"အာ...ဟုတ်ကဲ့..."
ဖုယွမ်ကျိုးမှာ အကြောက်မပြေသေးဘဲ ယွိဖေးရောက်လာခြင်းကို ကံကောင်းသည်ဟုယူဆလိုက်မိ၏။ သူသာ ယခုထက်ပိုစောပြီးရောက်လာပါက တံခါးဖွင့်နိုင်ဦးမည်မဟုတ်ပေ။
အမေဖြစ်သူတံခါးဖွင့်လိုက်သည့်အခါ သူမအနောက်မှလှပသည့်မျက်နှာလေးပေါ်လာခဲ့၏။ ထိုသူကအစပိုင်းတွင်ပြုံးပြသော်လည်း ရုတ်တရက် အနောက်ကိုခြေတလှမ်းဆုတ်သွားပြီး မျက်နှာအမူအရာက မသိမသာပြောင်းလဲသွားလေသည်။
"ဘာဖြစ်တာလဲ..."
ရှဲ့လင်က သူ့အားတချက်သာလှမ်းကြည့်လာ၏။
"....ဘာမှမဖြစ်ပါဘူး..."
ယွိဖေးက မျက်လုံးမှေးလိုက်သည်။ ပန်းနုရောင်မှဲ့ကြောင့် မျက်ခုံးမျက်လုံးများက ကလူကျီစယ်နေသည့်နှယ်ဆွဲဆောင်မှုရှိနေပြီး အသံမှာလည်းအက်ရှနေလေသည်။
"ဘာလို့ရှောင်လင်ရဲ့ ဖယ်ရိုမုန်းအနံ့ရနေတာလဲ...ရှောင်ကျိုးရဲ့အနံ့ရောပဲ..."
ဖုယွမ်ကျိုးအမေက အိုမီဂါဖြစ်နေ၍ ဖယ်ရိုမုန်းအနံ့အကြွင်းအကျန်တို့ကိုရနိုင်သည်။ သူမသည်ကား နောက်ပြန်ဆုတ်သွားပြီး နှစ်ယောက်လုံးကိုမေးခွန်းထုတ်လာလေ၏။
"အန်တီအခုလေးတင် ထိုင်ခုံလဲသွားတဲ့အသံကြားလိုက်တယ်..မင်းတို့နှစ်ယောက် ရန်ဖြစ်နေကြတာလား...ဒါမှမဟုတ်...."
"မဟုတ်ပါဘူး...မဟုတ်ပါဘူး..."
ဖုယွမ်ကျိုးတွင် လိမ်ရုံမှလွဲပြီးရွေးစရာမရှိတော့ပါချေ။
"ကျွန်တော်တို့အခုလေးတင် စကားများကြတာ...ကျွန်တော်နည်းနည်းဒေါသထွက်သွားမိရုံပါပဲ...အဆင်ပြေပါတယ်..."
"မင်းလည်းအိပ်ခန်းထဲက ဖယ်ရိုမုန်းအနံ့ကိုမရဘူးမလား..."
ရှဲ့လင်က ယွိဖေးကိုလှမ်းမေးလိုက်သည်။
"အင်း..."
ယွိဖေးက ပြုံးလိုက်ချေ၏။
"ငါအရင်ကပြောဖူးပါတယ်...ငါဖယ်ရိုမုန်းအနံ့ကိုသိပ်အာရုံမခံနိုင်ဘူးလို့..."
"ရှောင်ဖေး...ဖယ်ရိုမုန်းအနံ့တွေမရတတ်ဘူးလား..."
ယွိဖေးအမေက အံ့ဩသွား၍ ယွိဖေး၏လက်ကိုလှမ်းကိုင်လိုက်၏။
"ဘယ်အချိန်တည်းကလဲ...မွေးရာပါလား...လုပ်ယူထားတာလား...မင်းအမေရောသိလား..."
"လွန်ခဲ့တဲ့လပိုင်းလောက်ကမှပါ...ကျွန်တော်အပြင်းဖျားပြီးနောက်ပိုင်း ပုံမှန်မဟုတ်တော့ဘဲဖြစ်သွားတာ..."
ယွိဖေးကပြုံးလျက်ပင်ရှင်းပြလာလေ၏။
"သူမသိပါဘူး...သူကအရမ်းအလုပ်များနေတော့..ကျွန်တော့်ကိုစိတ်မပူစေချင်လို့ပါ..."
"ဒီကလေးတော့...လူကြီးတွေကိုဘာလို့မပြောရတာလဲ...မင်းအခုလေးတင်သာမပြောလိုက်ရင် ငါတို့သိရတော့မှာမဟုတ်ဘူး..."
မာမားဖုက စိုးရိမ်ကြောင့်ကြနေပြီး ကရုဏာဒေါသောဖြင့်ထပ်ဖြည့်ပြောလာသည်။
"မင်းရဲ့အာရုံခံစနစ်ကချို့ယွင်းလာတဲ့ဟာကို..နောင်ကျရင်အကုန်လုံးပျက်စီးသွားလိမ့်မယ်...မင်းအမေကအားတာမဟုတ်ပေမဲ့ အန်တီတို့ကအားပါတယ်...မနက်ဖြန်ကျရင်ကျောင်းကိုခွင့်တင်လိုက်..အန်တီဆေးရုံကိုခေါ်သွားပေးမယ်...အချိန်ဆွဲမနေနဲ့တော့..."
"မနက်ဖြန်လား..."
ယွိဖေးက မျက်တောင်လေးခတ်ကာ ဖြည်းဖြည်းချင်းပြန်ပြောလာ၏။
"အိုကေ..ကျေးဇူးပါပဲအန်တီ...ကျွန်တော်ဆရာမကို ခွင့်တောင်းလိုက်ပါ့မယ်..."
သူ့စကားကိုကြားလိုက်ရသည့်အခါ ဖုယွမ်ကျိုး အနည်းငယ်စိုးရိမ်သွားမိသည်။ သူ ABO ၏အာရုံခံစနစ်များအကြောင်း သေချာမသိထားရသေးပေ။ ဖယ်ရိုမုန်းအနံ့မရခြင်းက ပြဿနာကြီးဖြစ်လိမ့်မည်ဟုမထင်ထားခဲ့မိပေ။ ယွိဖေးနှင့်ရှဲ့လင်တို့က သူ့အား ယခင်ကမပြောခဲ့ဖူးကြဖူးလေရာ သူသတိလက်လွတ်နေခဲ့မိသည်။
ဘာလို့ရှဲ့လင်က မပြောပြခဲ့တာလဲ။
သူရှဲ့လင်ကို မသိစိတ်အရလှမ်းကြည့်မိသည့်အခါ ရှဲ့လင်ကလည်းအတွေးလွန်နေပုံရပြီး စိတ်ပူနေပုံမရပေ။
"မင်းကဒီကိုအရင်ရောက်တာပဲ..."
မာမားဖုက ယွိဖေးကိုဆွဲလိုက်ပြီး ရှဲ့လင်နှင့်ဖုယွမ်ကျိုးကိုခေါင်းညိတ်ပြလိုက်သည်။
"အခုမင်းတို့နှစ်ယောက် အလုပ်ဆက်ရှုပ်နေလိုက်ကြတော့...ငါရှောင်ဖေးကိုပြောစရာရှိသေးတယ်..."
ရှဲ့လင်က မနေခဲ့ပေ။ သူ့ထံတွင် လုပ်စရာအများအပြားရှိနေသေးသည်။ မထွက်သွားခင် ဖုယွမ်ကျိုးကိုပြန်လှည့်ကြည့်ပြီး ပြောလာသေးသည်။
"မင်းကတိကိုမမေ့နဲ့နော်..."
ဖုယွမ်ကျိုးက အိပ်ရာပေါ်တွင်ထိုင်နေရင်းမှ တခဏမျှအေးခဲသွားကာ အော်ဟစ်လိုက်လေသည်။
"မဖြစ်နိုင်တာပဲ!"
သူကမနက်ခင်းနှုတ်ဆက်အနမ်းပေးဖို့တောင် သဘောမတူရသေးဘူး။
ရှဲ့လင်က ဖွဖွလေးပြုံးကာ ဖုယွမ်ကျိုးအခန်းမှထွက်သွားခဲ့သည်။ ထိုရက်သတ္တပတ်မှာ အေးအေးချမ်းချမ်းကုန်လွန်သွားပြီး ဖုယွမ်ကျိုးမှာ ခြေတလှမ်းမှမဆုတ်ပဲတင်းခံထားခဲ့သည်။ သူအနှီသူကို နေ့တိုင်းမနမ်းနိုင်ပါချေ။ယွိဖေးကလည်း ထိုနေရာတွင်ရှိနေမည်ဖြစ်၍ ရှဲ့လင်တစ်ယောက်တည်းရှိနေမည့်အချိန်က ရှားပါးလိမ့်မည်။
ပိတ်ရက်တွင် ယွိဖေး၏ဆေးစစ်ချက်ရလဒ်ထွက်လာလေ၏။ သူသည် ဖယ်ရိုမုန်းအာရုံခံမှုချို့ယွင်းခြင်းလက္ခဏာကိုခံစားနေရသော်လည်း မပြင်းထန်ပေ။ ဆေးသောက်ပြီး ဆရာဝန်နှင့်ပြသလိုက်လျှင် ကုသ၍ရနိုင်လောက်သည်။
ယခင်ကပြောခဲ့ဖူးသည့်အတိုင်း ဖုယွမ်ကျိုးသည် အမေဖြစ်သူနှင့်အဘွားအိမ်ကိုသွားခဲ့ပြီး ရှဲ့လင်နှင့်ယွိဖေးတို့လည်း လိုက်လာခဲ့ကြသည်။ အဘွားက ကလေးချစ်တတ်ပြီး အထူးသဖြင့် ရှဲ့လင်ကိုပိုချစ်တတ်သောကြောင့် နေ့တိုင်းလာကစားရန်ဖိတ်ခေါ်နေခဲ့သည်။
ယွိဖေးကိုတွေ့လိုက်ရချိန်တွင် သူမသည် အလွန်အမင်းပျော်ရွှင်သွားခဲ့ပြီး မတွေ့ရသည်မှာကြာပြီဖြစ်၍ ယွိဖေးအားချီးမွမ်းပြောဆိုနေခဲ့၏။ သူနှင့်ရှဲ့လင်တို့က အရည်အချင်းရှိကြပြီး မိဘများလည်းကံကောင်းကြသည့်အကြောင်းကို ပြောခဲ့သည်။
"အဘွား...သူတို့ကျတော့ချောလို့ဆိုပြီးမြှောက်ပေးတယ်..ကျွန်တော်ကရောမချောဘူးလား..."
ဖုယွမ်ကျိုးက အမျိုးသမီးကြီးအနားတွင်ထိုင်ပြီး သူမလက်ကိုကိုင်ကာပြုံးပြလိုက်သည်။
"ကျွန်တော်ကအဘွားမြေးလေ...ကျွန်တော့်ကိုကျမချစ်ဘူးလား..."
"ချစ်တာပေါ့ရှင်...ချစ်တာပေါ့..."
သူမမြေးလေးက သူမနှင့်အတူရှိနေချိန်ဆိုလျှင် ကလေးလေးတစ်ယောက်လိုလုပ်နေတတ်သည်။ အဘွားဖြစ်သူကပြုံးလိုက်မိပြီး သူ့အားချစ်ခင်စွာဖြင့်ပြောလိုက်ပေ၏။
"အဘွားရဲ့ရှောင်ကျိုးကလည်းအရမ်းကြည့်ကောင်းပါတယ်...နောင်ကျရင် ကလေးတွေလည်းပိုပြီးကြည့်ကောင်းလာလိမ့်မယ်...အဘွားကိုပြောပါဦး..ကောင်လေးရနေပြီလား...ပြောစရာတောင်မလိုဘူး...ရှောင်လင်နဲ့ရှောင်ဖေးနှစ်ယောက်လုံးအဆင်ပြေတယ်...သူတို့နှစ်ယောက်တည်းမှာ မင်းဘယ်သူ့ကိုပိုသဘောကျလဲ...."
အဘွားအိုစကားကြောင့် ရှဲ့လင်နှင့်ယွိဖေးတို့က လုပ်လက်စကိုရပ်လိုက်ကြပြီး ဖုယွမ်ကျိုးကိုပြိုင်တူလှည့်ကြည့်လာကြလေသည်။
နေရာပေါင်းစုံမှ မျက်လုံးပေါင်းစုံဖြင့်အကြည့်ခံနေရလေရာ ဖုယွမ်ကျိုးမှာ တမဟုတ်ချင်း ရင်တုန်ပန်းတုန်ဖြစ်လာရတော့သည်။
အဘွားက ယခုလိုမေးခွန်းမျိုးထုတ်မေးလာလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့မိပေ။ ဘယ်လိုဖြေရပါ့မလဲ။ သဘောအကျဆုံးလူ။ ရှဲ့လင်မဟုတ်သည်မှာသေချာပြီး ယွိဖေးကိုလည်းမေ့ထား၍မရ။ သည့်အပြင် ရှဲ့လင်ကဤနေရာတွင်ရှိနေသည်။ အခြားနာမည်ထုတ်ပြောလိုက်လျှင် ရှဲ့လင်ကသူ့အားထပ်နှိပ်စက်ဦးမည်။ သူနောက်တကြိမ် အနှိပ်စက်မခံနိုင်ပေ။
ဖုယွမ်ကျိုးမှာ မျက်ရည်မထွက်ဘဲ ငိုချင်လာရပြီ။ ယခင်ဘဝက ယခုလိုအတွေ့အကြုံမျိုးကို မည်သည့်နေရာတွင်ကြုံခဲ့ဖူးပါသနည်း။ ထိုအချိန်က ABO လိင်အမျိုးအစားများ ပေါ်မလာသေးပေ။ အလွန်ဆုံးရှိမှ အဘွားကသူ့ကို ရှောင်ဖေးနှင့်ပတ်သတ်သည့်ထင်မြင်ချက်ကိုသာမေးခဲ့သည်။ ရွေးခိုင်းခြင်းမဟုတ်ပေ။
"အဘွား!"
သူသည်ကား ရှက်ကိုးရှက်ကန်းနှင့်ပင် အဘွားအို၏လက်ကိုဆုပ်ကိုင်လိုက်လေ၏။
"ကျွန်တော်နဲ့သူတို့က သူငယ်ချင်းတွေလေဗျာ....ကျွန်တော်အခုမှ အထက်တန်းဒုတိယနှစ်ပဲရှိသေးတာ..ကျွန်တော်စာထဲပဲစိတ်နှစ်ထားချင်တယ်...အခြားဟာတွေမတွေးချင်သေးပါဘူး..."
အဘွားက ရယ်နေ၏။
"မင်းအသက်ကမငယ်တော့ဘူးလေ...ငါဆိုမင်းအရွယ်တည်းက မင်းအဘိုးနဲ့သိနေပြီ..."
သူမမြေးက ရှက်နေမှန်းသိလိုက်၍ သူမကမြေးဖြစ်သူ၏ကျောကိုပုတ်ပေးလိုက်ပြီး ကျန်နှစ်ယောက်ကို သိမ်မွေ့စွာဖြင့်ကြည့်လိုက်၏။
"ရှောင်လင်နှင့်ရှောင်ဖေးရော သဘောကျနေတဲ့သူတွေမရှိဘူးလား..."
"ရှိပါတယ်...."
ရှဲ့လင်က အသာခေါင်းညိတ်ပြသည်။
"ကျွန်တော်ကသာ သူ့ကိုတဖက်သက်သဘောကျနေရတာပါ..."
ထိုသူက ဖုယွမ်ကျိုးကိုတည်တည်ငြိမ်ငြိမ်ကြည့်လာသည်။ ဖုယွမ်ကျိုးမှာ နှစ်ဆမျှဝန်ပိသွားပြီး သူတို့ပြောနေသည့်စကားများကိုနားမလည်သလို မျက်နှာလွှဲနေလိုက်သည်။
သူ့ပုံစံကြောင့် ယွိဖေးမျက်လုံးများက ချက်ချင်းမည်းမှောင်သွားလင့်ကစား အမြန်ပြုံးလိုက်၍ မျက်ခုံးများကကွေးညွတ်သွားလေ၏၊ ကောင်းသည်လည်းမဟုတ် ဆိုးသည့်သဘောလည်းမရောက်စေရဘဲ မေးခွန်းထုတ်လာသည်။
"ကျွန်တော်ရောပြောရမလား..."
"မင်းလည်းပြော..."
အဘွားကပြုံးနေဆဲပင်။
"ဒီလိုလူချောလေးကို ဘယ်သူကသဘောမကျဘဲနေမှာလဲ...ရှောင်လင်ကရောဘယ်လိုဖြစ်တာလဲ...သူကမင်းကိုငြင်းနေလို့လား...မင်းကိုငြင်းတဲ့လူရှိသေးတာလား..."
"အဘွား...အသေးစိတ်မမေးနဲ့လေ..."
ဖုယွမ်ကျိုး စိတ်ရှုပ်နေရပြီ။ ရှဲ့လင်က သူ့နာမည်ကိုတိုက်ရိုက်ထုတ်ပြောမည်စိုး၍ ချက်ချင်းကြားဝင်လိုက်လေ၏။
"ရှဲ့လင်က ကျွန်တော့်ကိုတောင်ပြောပြတာမဟုတ်ဘူး...ဒါကသူ့ရဲ့ကိုယ်ရေးကိုယ်တာလေ...လေးစားပေးလိုက်ပါ..."
အမျိုးသမီးက ခေါင်းညိတ်ပြီး အိုကေဟုသာပြောလာသည်။ ရှဲ့လင်ကသူ့ကိုလှမ်းကြည့်ပြီး ဖုန်းထုတ်ကာစာရိုက်လိုက်သည်၊ ထို့နောက် ဖုယွမ်ကျိုး၏ဖုန်းက နှစ်ကြိမ်ခန့်တုန်ခါလာ၏။ သူထုတ်ကြည့်လိုက်သည့်အခါ ရှဲ့လင်က သူ့အား WeChat မှတဆင့် စာပို့ထားခဲ့သည်။
"ကိုယ်မင်းကိုပြောထားပြီးသားနော်...မရှင်းသေးဘူးလား..."
"ကျွန်တော်တောင်းပန်ပါတယ် အစ်ကိုကြီးရယ် ပါးစပ်လေးပိတ်ထားပေးပါ"
ဖုယွမ်ကျိုး ပျာယာခတ်နေပြီး အသနားခံနေသည့်အီမိုဂျီတသီကြီးကို ပြန်ပို့ပေးလိုက်သည်။
အတန်ကြာသည်အထိ ရှဲ့လင်ဖုန်းမှ တတောင်တောင်အသံများထွက်နေခဲ့သည်။ သူသည်ဖုန်းကိုတစ်ချက်ကြည့်ပြီး ဘာကိုတွေးမိသည်မသိဘဲ ဖုန်းကိုချက်ချင်းဘေးချထားလိုက်ပြီး ဖုယွမ်ကျိုးကိုစကားမပြန်လာတော့ပေ။
ဖုယွမ်ကျိုး စိတ်အေးသွားပြီးသက်ပြင်းချလိုက်သည်။ ရုတ်တရက် သူ့ကျောပြင်ကဖိခံလိုက်ရပြီး နှင်းဆီရနံ့ဖျော့ဖျော့ရလိုက်သည်။ ယွိဖေးကပြုံးကာ သူ့မျက်နှာနှင့်ပါးကိုပွတ်သပ်နေပြီး ပုခုံးမှတဆင့်ဖက်ထားကာမေးလိုက်သည်။
"မင်းဘာကြည့်နေတာလဲ...ပျော်စရာကောင်းတဲ့ဟာလား..."
"ဘာမှမဟုတ်ဘူး..."
ဖုယွမ်ကျိုး အမြန်ဖုန်းပိတ်လိုက်ပြီး ခေါင်းယမ်းပြလိုက်သည်။ သူဘယ်လိုများပျော်နိုင်မည်နည်း။ ယခုလေးတင် နှလုံးဖောက်တော့မည်အထိ ကြောက်လန့်သွားရသည်လေ။
"ငါကြည့်လို့မရဘူးလား...."
ယွိဖေးက အနည်းငယ်စိတ်ပျက်သွားသလိုပင်။ ဖုယွမ်ကျိုးမှာ ကြိတ်မှိတ်မနေနိုင်တော့။ Weibo မှ ပျော်စရာကောင်းသည့်အရာတစ်ခုကိုရှာပြီး ထိုသူကိုစိတ်ဝင်စားအောင်လုပ်ပေးလိုက်ရသည်၊ ထိုအချိန်မှာပင် သူ့အမေက ဓာတ်ပုံအထပ်လိုက်ပါသည့် အယ်လ်ဘမ်ကိုကိုင်ရင်း အခန်းထဲမှထွက်လာခဲ့သည်။
"လာ...ရှောင်ကျိုး...ဓာတ်ပုံအယ်လ်ဘမ်တွေ့ပြီ...မင်းလိုချင်တာကိုလာရှာလှည့်တော့...."
"ကျွန်တော်ကလေးတုန်းကပုံတွေလား..."
ယွိဖေးက အင်မတန်စိတ်ဝင်စားနေပုံရပြီး တစ်ပုံကိုကောက်ကြည့်လိုက်သည်။
"ကျွန်တော်လည်းကြည့်မယ်..."
"ဒါပေါ့...မင်းတို့ငယ်ငယ်ကရိုက်ထားတဲ့အုပ်စုလိုက်ပုံတွေလေ..."
ယွိဖေးက အယ်လ်ဘမ်ကိုဖွင့်လိုက်သည့်အခါ ဖုယွမ်ကျိုးအသေးလေးကိုတွေ့လိုက်ရ၏။ ကောင်လေး၏ပါးကို လက်ချောင်းထိပ်လေးများဖြင့်ပွတ်သပ်နေရင်း ထိုသူ၏မျက်လုံးများက နူးညံ့သွားခဲ့သည်။
"ကျိုးအာက အရမ်းချစ်ဖို့ကောင်းတာပဲ..."
ယွိဖေးက ထိုဓာတ်ပုံကို အသေအချာကြည့်နေ၍ ဖုယွမ်ကျိုးမှာ ပုံမှန်မဟုတ်သလိုခံစားရပြီး နားရွက်များပင် ပူလာလေ၏။
"ဒါကျိုးအာ မူလတန်းတုန်းကပုံဖြစ်မယ်..."
"ဟုတ်တယ်....ဘယ်ဘက်ကပုံက သူမူလတန်းတုန်းက ပြိုင်ပွဲဝင်ပြိုင်ခဲ့တာလေ...ပထမရခဲ့တာထင်တယ်..."